Main menu

Background

၀င်ငွေတိုးစေဖို့ ငှက်ပျောစိုက်ကြစို့

Thu, 01/19/2023 - 13:38 -- journal_editor

ပြည်ခရိုင်တွင် ငှက်ပျောကို စီးပွားဖြစ် စိုက်ပျိုးကြသည်။ ငှက်ပျောသီးမှာ ကျန်းမာရေးအရ သင့်လျော်သလို လူကြိုက်လည်းများသဖြင့် အများအပြားစိုက်ပျိုးကြသည်။ ပြည်ခရိုင်အနေဖြင့် ငှက်ပျောစိုက်ဧကမှာ ၂၀၂၈ ဧကရှိပြီး ပြည်မြို့နယ်တွင် ၇၅၅ ဧက၊ ပေါက်ခေါင်းမြို့နယ်တွင် ၃၉၂ဧက၊ ပန်းတောင်းမြို့နယ်တွင် ၇၂၈ ဧကနှင့် ရွှေတောင်မြို့နယ်တွင် ၁၅၃ဧက စိုက်ပျိုးကြသည်။

မြန်မာနိုင်ငံတွင် ထင်ရှားသော ငှက်ပျောမျိုးမှာ ထောပတ်ငှက်ပျော၊ ရခိုင်ငှက်ပျော၊ နံသာပုငှက်ပျော၊ သီးမွှေးငှက်ပျော၊ ဖီးကြမ်းငှက်ပျော၊ သူငယ်စာငှက်ပျော၊ ပျားရည်ဆမ်းငှက်ပျော၊ ငှက်ပျောချဉ်၊ ရွှေနီငှက်ပျောနှင့် ဝက်မလွတ်ငှက်ပျော တို့ဖြစ်သည်။

ပြည်ခရိုင်အတွင်းရှိ ပြည်မြို့နယ်တွင် သစ်ချီတင်ကျေးရွာ၊ ရှမ်းစုကျေးရွာတို့တွင် ငှက်ပျောပင်ကို အများအပြား စိုက်ပျိုးကြသည်။ စိုက်ပျိုးသည့် မျိုးများမှာ ဖီးကြမ်းငှက်ပျောသီး၊ ရခိုင်ငှက်ပျောသီးနှင့် ပြည်မြို့နယ် ပေါင်းတလည်မြို့ရှိ ကျေးရွာအချို့တွင် ဗျပ်ပြည့်ငှက်ပျော (သို့) မောင်ကြီးပင့်ပါ ငှက်ပျောမျိုးကိုလည်း စိုက်ပျိုးကြသည်။ ဖီးကြမ်းငှက်ပျောသီးသည် အကြမ်းခံ၍ စိုက်ပျိုးပြီး ၁၀-၁၁ လအကြာတွင် ငှက်ပျောခိုင်ထွက်ရှိသည်။ နောက်ထပ်၍ ထွက်ပေါ်လာသည့် ငှက်ပျောခိုင်ကို လေးလအကြာတွင် ခုတ်ယူနိုင်သည်။ ရခိုင်ငှက်ပျောသီးမှာ ဖီးကြမ်းငှက်ပျောသီးကဲ့သို့ အကြမ်းခံ၍ သားတက်အထွက်မြန်သည်။ သားတက်များ၍ မိခင်အပင်နှင့် သားတက်အပင်များမှာ ငှက်ပျောခိုင် ထွက်ရှိရာ တွင် ရှေ့ဆင့် နောက်ဆင့် ထွက်ရှိသည်။ ဗျပ်ပြည့်ငှက်ပျောမျိုးများမှာ အပင်ကြီး၊ အခိုင်ကြီး အသီးကြီးသောမျိုးဖြစ်၍ ငှက်ပျောခိုင် အထွက်နည်း၍ အသီးအရေအတွက် နည်းကြောင်း သိရသည်။ ငှက်ပျောပင်ကို စီးပွားဖြစ် စိုက်ပျိုးသူ များအနေဖြင့် ငှက်ပျောခြံအား သုံးနှစ်မှ ငါးနှစ်အထိထားပြီး အသစ်ပြန်၍ စိုက်ပျိုးရသည်။

စိုက်ပျိုးခြင်း

ငှက်ပျောစိုက်ပျိုးမည့်မြေသည် ရေသွင်းရေထုတ်ကောင်းပြီး မြေအစိုဓာတ်ရရှိရန် လိုအပ်သည်။ နုန်းမြေသည် ငှက်ပျောပင် စိုက်ပျိုးရန်အသင့်တော်ဆုံးဖြစ်သဖြင့် ကျေးလက်ဒေသများတွင် တစ်ပိုင်တစ်နိုင် စားသုံးရန်အတွက် စိုက်ပျိုးကြသလို စီးပွားဖြစ်လည်း စိုက်ပျိုးကြသည်။ ငှက်ပျောပင်သည် ရေကြိုက်သော်လည်း အပင်ခြေရင်းတွင် ရေမဝပ်စေရန် ရေနုတ်မြောင်းများ ပြုလုပ်ရပါမည်။ ငှက်ပျောပင်ကို မေလနှင့် နိုဝင်ဘာလတို့တွင် စိုက်ပျိုးရန် အသင့်တော်ဆုံးအချိန်ဖြစ်သည်။ ငှက်ပျောစိုက်ပျိုးရာတွင် တစ်ဧကလျှင် ပျိုးပင်ပေါင်း ၈၀ဝ-၉၀ဝ ခန့်လိုအပ်ပြီး တစ်ကျင်းလျှင် တစ်ပင်နှုန်းဖြင့် တစ်ပင်နှင့်တစ်ပင် ၁၀ ပေစီခြား၍ စိုက်ပျိုးရသည်။ သားတက်များ ထွက်လာချိန်တွင် ဓားဖြင့် ခုတ်ထွင်ရှင်းလင်းရပါမည်။ နှင်းများကျခြင်းသည် အပင်ကြီးထွားမှုကို ထိခိုက်စေခြင်း၊ လေပြင်းတိုက်ခိုက်ပါက အပင်များ လဲကျတက်သဖြင့် လေကာပင်များ စိုက်ပျိုးရန်လိုအပ်သည်။ ပြည်မြို့ရှိ အချို့သော ကျေးရွာများတွင် ငှက်ပျောပင်များ အောက်၌ သံပရာပင်များကိုလည်း စိုက်ပျိုးကြသဖြင့် သံပရာပင်များလည်း အရိပ်ရစေသည်။

ထွက်ရှိမှု

ငှက်ပျောပင်စိုက်ပျိုးပြီး တစ်နှစ်သားအရွယ်တွင် ငှက်ပျောခိုင်များ စတင်ထွက်ရှိလာသည်။ ငှက်ပျောခိုင်တစ်ခိုင်တွင် ငှက်ပျောသီး ပျမ်းမျှ ကိုးဖီးမှ ၁၀ ဖီးအထိပါရှိပြီး တစ်ဖီးလျှင် ငှက်ပျောသီး ၁၀ လုံးမှ ၁၅ လုံးထိပါရှိသည်။ အထွက်နှုန်းအားဖြင့် တစ်ဧကလျှင် တန် ၄၀ ကျော်ထွက်ရှိပြီး ပထမနှစ်လမိုင်းခင်းတွင် တန် ၃၀ ကျော်၊ ဒုတိယနှစ် လမိုင်းခင်းတွင် တန် ၂၀ ကျော်ထွက်ရှိသည်ဟု သိရသည်။

ကျရောက်နိုင်သည့် ရောဂါနှင့်ပိုးမွှားများ

ငှက်ပျောပင်တွင် ကျရောက်နိုင်သော ရောဂါများမှာ ပနားမား ညှိုးသေရောဂါ၊ ရွက်ပျောက်ရောဂါ၊ ငှက်ပျောထိပ်စုရောဂါတို့ဖြစ်သည်။ ကျရောက်နိုင်သည့် ပိုးမွှားများမှာ ငှက်ပျောအမြစ်ပိုးထိုးရောဂါတို့ ဖြစ်သည်။

အသုံးပြုပုံ

ငှက်ပျောတစ်ပင်လုံးတွင် အသီး၊ အခွံ၊ အရွက်နှင့် ပင်စည်တို့မှအစ အသုံးဝင်ပြီး ဆေးဖက်လည်းဝင်ပါသည်။ ငှက်ပျောဖူးကိုပြုတ်၍ တို့စရာအဖြစ် စားသုံးသလို ငှက်ပျောဖူးကို ချဉ်ဖတ်စိမ်စားခြင်း၊ ကြော်စားခြင်း၊ သုတ်စားခြင်းများလည်းပြုလုပ်ရပါသည်။ ငှက်ပျောအူကို မုန့်ဟင်းခါး ချက်ပြုတ်ရာတွင် ထည့်သွင်း၍အသုံးပြုကြသည်။ ငှက်ပျောသီး အမှည့်များကိုလည်း သကြားဖြူး ဆီသုတ်၍ နေလှန်းထားလျှင် တာရှည်ခံသော ငှက်ပျောခြောက်ကို ရရှိမည်ဖြစ်သည်။ ရခိုင်ငှက်ပျောသီး အစိမ်းကို အသီးအရွက်ကြော်ထဲကို ထည့်၍ကြော်စားလျှင်လည်း အရန်ဟင်းတစ်ခွက်ကို အသုံးပြု၍ ရရှိသည်။ ငှက်ပျောရွက်များကို အမျှင်ထုတ်၍ ဖျာနှင့် ဖျာကြမ်းများ ရက်လုပ်ကြသည်။ ငှက်ပျောပင်ကိုလည်း လျှော်ကြိုးကျစ်၍ အသုံးပြုကြသည်။

ဈေးနှုန်း၊ ဈေးကွက်

ငှက်ပျောသီးဈေးနှုန်းအနေဖြင့် ရခိုင်ငှက်ပျောသီး တစ်ဖီးလျှင် ကျပ် ၅၀ဝ-၆၀ဝ၊ ငှက်ပျောသီး ဖီးကြမ်းတစ်ဖီးလျှင် ကျပ် ၁၀ဝ၀-၁၅၀ဝ ၊ ဗျပ်ပြည့်ငှက်ပျောတစ်ဖီးလျှင် ကျပ် ၁၅၀ဝ-၂၀ဝ၀ ဖြင့်ရောင်းချလျက်ရှိသည်။ ပြည်ဒေသမှ ထွက်ရှိလာသော ငှက်ပျောသီးများကို ပြည်ဈေးကွက်တွင် ရောင်းချသည့်အပြင် ရန်ကုန်မြို့နှင့် နေပြည်တော်မြို့များသို့ တင်ပို့ရောင်းချသည်ဟု သိရှိရသည်။

ငှက်ပျောသီးစိုက်ပျိုးသူ တောင်သူများအဖို့ ငှက်ပျောပင်ကို မိမိခြံတွင်း တစ်ပိုင်တစ်နိုင် စိုက်ပျိုးခြင်းဖြင့် မိမိတို့အတွက် စားသုံးရန်ရရှိသလို ရောင်းချလျှင်လည်း ဝင်ငွေများရရှိမည်ဖြစ်သည့်အပြင် စီးပွားဖြစ် စိုက်ပျိုးလျှင်လည်း အမြတ်အစွန်းများ ပိုမိုရရှိမည်ဖြစ်သည်။ ငှက်ပျောသီးကို ရောင်းချသူများအနေဖြင့် ငှက်ပျောသီးအမှည့်များကို ရောင်းချသည့်အပြင် နေလှန်းပြီး ငှက်ပျောခြောက်လုပ်၍ ရောင်းချလျှင်လည်း အကျိုးအမြတ်များ ရရှိနိုင်မည်ဖြစ်ပါကြောင်း လေ့လာတင်ပြအပ်ပါသည်။

ဝေဝေမင်း(ပြည်)