Background
ပင်လယ်ရေကြောင်းမှ ကန်ဒေါ်လာ သုည ဒသမ ၃၈၉ သန်းတန်ဖိုးရှိ ပြောင်း ၁၂၉၈ တန်ကို ဖေဖော်ဝါရီလ ၁၀ ရက်မှ ၁၆ ရက်ထိကာလအတွင်း တင်ပို့နိုင်ခဲ့ ပါတယ်။ တင်ပို့ခဲ့တဲ့နိုင်ငံတွေကတော့ ဖိလစ်ပိုင်နိုင်ငံသို့ တန်ချိန် ၁၂၅၀ နဲ့ စင်္ကာပူ နိုင်ငံသို့ ၄၈ တန် အသီးသီးတင်ပို့ခဲ့ပါတယ်။ ယခင်အပတ်က ၅၅၄ တန်တင်ပို့ခဲ့သဖြင့် ယခင်အပတ်ကထက် ပိုမိုတင်ပို့လာနိုင်တာ တွေ့ရပါတယ်။ ယခုအပတ် ပြောင်း FOB ပေါက်ဈေးမှာ တစ်တန်လျှင် ဒေါ်လာ ၃၂၀-၃၄၀ ဖြစ်ကြောင်း သိရပါတယ်။MIRT (DOBT)
မန္တလေးကုန်စည်ဒိုင်(ပွဲစား၊ ကုန်သည်၊ စက်ပိုင်များကထိန်တော်အသင်း)ကို ကုလားပဲဖြူလုံးကြီး တန်ချိန် ၇၀၀၀၀ ကျော်နှစ်စဉ် ဝယ်ယူသိုလှောင်ဖြန့်ဖြူး ရောင်း ချရာမှ မတ္တရာ၊ စဉ့်ကူး၊ ကျောက်ဆည်၊ မြစ်သား၊ တံတားဦး၊ စဉ့်ကိုင်၊ ဝမ်းတွင်း၊ သာစည်၊ မိတ္ထီလာ၊ မင်းဘူး၊ တောင်တွင်းကြီး၊ ရေနံချောင်းစတဲ့ ဒေသများမှ ဝင်ရောက်လျက် ရှိပါတယ်။ ဇန်နဝါရီလအတွင်းမှာ ကုလားပဲဖြူကြီး တစ်ပိဿာ ၈၄၇ ကျပ်မှ ၈၆၄ ကျပ်၊ (တစ်တန် ၅၁၈၆၉၄ ကျပ်မှ ၅၂၉၁၀၅ ကျပ်)နဲ့ နေ့စဉ်အရောင်းအဝယ်ခပ်ပါးပါးသာဖြစ်ခဲ့ပြီး၊ယခုလလည်း ၈၄၇ ကျပ်မှ ၈၇၃ ကျပ် နဲ့ နေ့စဉ် (၅၇ ဒသမ ၂၅ ပိဿာ) အိတ် ၈၀၀ မှ ၁၀၀၀ အထိ အရောင်း အဝယ်ဖြစ်ကြောင်း သိရပါတယ်။
မြန်မာနိုင်ငံအလယ်ပိုင်းဒေသများဖြစ်တဲ့ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်း ဒေသကြီးနဲ့ မကွေးတိုင်းဒေသ ကြီးအတွင်းရှိတဲ့ မတ္တရာ၊ စဉ့်ကူး၊ တံတားဦး၊ မြို့သာ၊ ငါန်းဇွန်၊ ချောင်းဦး၊ မုံရွာ၊ ပခုက္ကူ၊ မကွေး၊ ချောက်၊ ရေနံချောင်း စတဲ့ ဒေသများက မန္တလေးကုန်စည်ဒိုင်(ပွဲစား၊ ကုန်သည်၊ စက်ပိုင်များကထိန်တော်အသင်း)ကို နှစ်စဉ် ပဲယင်းတန်ချိန် တစ်သောင်းခွဲကျော် ဝယ်ယူ၊ သိုလှောင်၊ ဖြန့်ဖြူး၊ ရောင်းချလျက် ရှိနေပါတယ်။
ရှမ်းပြည်နယ်တောင်ပိုင်း၊ အောင်ပန်းကုန်စည်ဒိုင်ဈေးကွက်မှာ ဇန်နဝါရီလ ဒုတိယပတ်အတွင်း ပဲစင်းငုံအဖြူလုံးကြီးတစ်ပိဿာ ၆၀၀ ကျပ်၊ ပဲစင်းငုံ အနီ တစ်ပိဿာ ၇၅၀ ကျပ်နဲ့ဈေးအေးသွား ခဲ့ပေမယ့် နေ့စဉ်ပဲစင်းငုံအိတ် ၈၀ မှ ၁၀၀ ဝန်းကျင်ပုံမှန်ဝင်ရောက်မှုရှိနေပါတယ်။ ဇန်နဝါရီ ပထမပတ်က ပဲစင်းငုံအဖြူလုံးကြီး တစ်ပိဿာ ၇၅၀ ကျပ်နဲ့ အနီတစ်ပိဿာကို ၈၀၀ ကျပ်ဈေးရှိခဲ့တာကြောင့် အဖြူ တစ်ပိဿာကို ၁၅၀ ကျပ်နဲ့ အနီတစ်ပိဿာကို ၅၀ ကျပ်အထိ ဈေးလျော့နည်း သွားခဲ့ပေမယ့်လည်း အရောင်းအဝယ်ကတော့ ပုံမှန်ဖြစ်နေပါတယ်။ ရှမ်းပြည်နယ် တောင်ပိုင်းမှာ ၂၀၁၂-၁၃ ခုနှစ်၊ ပဲစင်းငုံစိုက်ဧက ၆၀၀၀၀ ခန့်ရှိပြီး၊ တန်ချိန် ၂၄၀၀၀ ခန့် ထွက်ရှိမယ်လို့ ခန့်မှန်းထားပေမယ့် ပဲစင်းငုံစိုက်တောင်သူအချို့နဲ့ တွေ့ဆုံဆွေးနွေးမှုများအရ အအေးလွန်ကဲခြင်းနဲ့ ပိုးမွှားအန္တရာယ် ကျရောက် ပျက်စီးခြင်းများကြောင့် ခန့်မှန်းထားတာထက် အထွက်နှုန်းလျော့ နည်းနိုင်ကြောင်း သိရပါတယ်။ မင်းအောင် - တောင်ကြီး
မန္တလေးတိုင်းဒေသကြီးအတွင်းမှာ မတ်ပဲကို အမရပူရမြို့နယ်၊ ပုသိမ်ကြီးမြို့နယ်၊ မတ္တရာမြို့နယ်၊ စဉ့်ကူးမြို့ နယ်၊ သပိတ်ကျင်းမြို့နယ်၊ တကောင်းမြို့နယ်(ခွဲ)၊ မြင်းခြံမြို့နယ်၊ ငါန်းဇွန်မြို့နယ်၊ ရမည်သင်းမြို့ နယ်နဲ့ ပျော်ဘွယ် မြို့နယ်များမှာ ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်မှာ ဧက ၉၀၀၀ ကျော်စိုက်ပျိုးပြီး၊ တစ်ဧကပျမ်းမျှအ ထွက်နှုန်း ၁၁ ဒသမ ၈၆ တင်းထွက်ရှိကြောင်း သိရပါတယ်။ အဲဒီလိုထွက်ရှိတဲ့အတွက် မန္တလေးတိုင်းဒေသကြီးမှာ ယခင်နှစ်က တန် ၃၅၀၀ ကျော်ထွက်ပြီး၊ အများဆုံး စိုက်ပျိုးတဲ့ ခရိုင်ကပြင်ဦးလွင်ခရိုင်ဖြစ်ပြီး၊ အများဆုံးစိုက်ပျိုးတဲ့ မြို့နယ်က စဉ့်ကူးမြို့နယ် ဖြစ်ပါတယ်။
မုံရွာကုန်စည်ဒိုင် ဖေဖော်ဝါရီ ဒုတိယပတ် ပဲဈေးကွက်မှာ ပဲသစ်တွေ ဈေးကွက်ထဲဝင်လာခဲ့ပေမယ့် Export ဝယ်လက် မရှိခဲ့လို့ အငြိမ်ဈေးနဲ့သာ ပုံမှန်အရောင်းအဝယ်ဖြစ်ခဲ့တယ် လို့သိရပါတယ်။ ကုလားပဲမျိုးစုံဈေး ကွက်အနေနဲ့ ယခုအပတ် ထဲမှာ ပဲသစ်တွေ တစ်ရက်အိတ် ၁၅၀၀ ခန့် ဝင်လာခဲ့ပေမယ့် ပဲဟောင်းဈေးနဲ့သာ အရောင်း အဝယ်ဖြစ်ခဲ့ပါတယ်။ ယခု တစ်ပတ်အတွင်း V2 တစ်တင်း ၁၆၃၀၀ ကျပ်၊ ထိုင်ဝမ် တစ်တင်း ၁၆၇၀၀ ကျပ်နဲ့ 929 တစ်တင်း ၁၅၈၀၀ ကျပ်ဈေး အသီးသီးအမြင့်ဆုံး ပေါက်ခဲ့ကာ Export ဝယ်လက် မရှိဘဲ ဒေသလုပ်ငန်းသုံးသမားနဲ့ လှောင်လက်ဝယ်ယူမှုသာရှိခဲ့တယ် လို့ ကုန်သည်ရပ်ကွက်က ဆိုပါတယ်။
ပဲလွန်းဖြူကို နိုင်ငံများစွာမှာ စား သုံးမှုရှိပြီး၊ ကြိုက်နှစ်သက်မှုလည်း ရှိပါ တယ်။ နှစ်စဉ် မန္တလေးကုန်စည်ဒိုင် မှာ ပဲလွန်းဖြူတန်ချိန် ၁၅၀၀၀ ကျော် အရောင်းအဝယ်ရှိပါတယ်။ ဟုမ္မလင်း၊ မုံရွာ၊ကလေးဝ၊ ဗန်းမော်၊ ကသာ၊ ရွှေဘို စတဲ့ ဒေသများမှ ဝင်ရောက်မှုရှိပါတယ်။ ၂၀၁၃ ခုနှစ်၊ ဇန်နဝါရီလမှာ ပဲလွန်းဖြူ တစ်ပိဿာ ၁၀၀၀ ကျပ်၊ (တစ်တန် ၆၁၂၃၉၀)ကျပ်မှ ၁၁၁၇ ကျပ်(တစ်တန် ၆၈၄၀၄၀)ကျပ်နဲ့ နေ့စဉ် (၆၀ ပိဿာ ဝင်အိတ်) ၃၀၀ အိတ်မှ ၅၀၀ အိတ် (တန် ၃၀ ခန့်မှ တန် ၅၀ ခန့်)အရောင်း အဝယ် ပြုလုပ်နိုင်ခဲ့ပါတယ်။ ယခုလ ၂၀၁၃ ခုနှစ်၊ ဖေဖော်ဝါရီလ လယ်မှာ ပဲလွန်းဖြူတစ်ပိဿာ ၈၈၃ ကျပ် (တစ်တန် ၅၄၀၇၄၀)ကျပ်မှ ၉၃၃ ကျပ် (တစ်တန် ၅၇၁၃၆၀)ကျပ်ဖြင့် နေ့စဉ် (၆၀ ပိဿာဝင်အိတ်) ၃၀၀ အိတ်မှ ၄၀၀ အိတ်(တန် ၃၀ မှ တန် ၄၀ ခန့်) အရောင်းအဝယ် ဖြစ်လျက်ရှိပါတယ်။
ဟိုပုံးမြို့နယ်တောင်ဖက် ကျေးရွာအချို့က နနွင်းအသစ် တွေလည်း စပြီးဖော်နေပြီဖြစ်တာကြောင့် ဈေးကွက် ကို နနွင်းသစ် အနည်းငယ်ဝင်လာနေပါပြီ။ နနွင်းကလည်း ချင်း လိုပါပဲ။ သိပ်ပြီး မဥနိုင်ဘူးလို့ဆိုပါတယ်။ အခြားသီးနှံတွေ ကလည်းအရောင်းအဝယ်မဖြစ်တာကြောင့် တောင်သူတွေက လည်း နနွင်းကိုသာပြန်စိုက်ကြ တာကြောင့် စိုက်သမားလည်း များတယ်လို့ သိရပါတယ်။ ဈေးကလည်း နနွင်းအသစ် ၆၀၀ ကျပ်၊ အဟောင်းကလည်း ၆၀၀ ကျပ်နဲ့ ဈေးနှုန်းကအတူတူ ဖြစ်နေတာကြောင့် အသစ်/အဟောင်းနှစ်မျိုးစလုံး အရောင်း ပါးနေတယ်လို့သိရပါတယ်။ အောင်ပန်းဈေးကွက်မှာတော့ နနွင်းက အရောင်း အဝယ်ဖြစ်နေပါတယ်။ဒါပေမဲ့ အောက်စ နနွင်းကသာ အရောင်းအဝယ်ဖြစ်နေပြီး၊ ထိပ်စနနွင်းတွေကတော့ အရောင်း အဝယ် သိပ်မဖြစ်ပါဘူး။ ဝယ်လက်တွေကတော့ ပင်လောင်း နနွင်းကိုသာ အဓိကထားပြီး ဝယ်ယူနေပါတယ်။ ပြီးခဲ့တဲ့ အပတ်မှာတော့ ပြည်ပတင်ပို့ဖို့အတွက် နနွင်း ၅ တန်နဲ့ အရောင်းအဝယ်ဖြစ်ခဲ့ပါတယ်။ ဒီတစ်ပတ် အောင်ပန်း ဈေး ကွက်မှာ နနွင်းဈေးတွေကတော့ ပင်လောင်း နနွင်းက တစ် ပိဿာ ၄၀၀ကျပ်၊ ၅၀၀ ကျပ်၊ ရိုးရိုး (တောင်ပို့လ) က ၅၀၀ ကျပ်၊ ၅၅၀ ကျပ်၊ ၆၀၀ ကျပ်ဈေးရှိပြီး၊ ဆင်တောင် နနွင်းက တော့ ၁၀၀၀ ကျပ်၊ ၁၁၀၀ ကျပ်ဈေးရှိပါတယ်။ဧဧခိုင်-တောင်ကြီး
ပြည်ပကို ပင်လယ်ရေကြောင်းလမ်းမှ ဖေဖော်ဝါရီပထမသီတင်းပတ်အတွင်း မှာ နနွင်း ၁၆၅ ဒသမ ၄၅ တန်ကို တင်ပို့ခဲ့ပါတယ်။ ဒီတစ်ပတ်မှာ အိန္ဒိယနိုင်ငံကို တန် ၅၀၊ မလေးရှားနိုင်ငံကို ၈၆ ဒသမ ၅ တန်၊ စင်ကာပူနိုင်ငံကို ၂၈ တန်နဲ့ ကိုရီးယားနိုင်ငံကို သုည ဒသမ ၉၅ တန်တင်ပို့ခဲ့တယ်လို့ သိရပါတယ်။ ဒီတစ်ပတ် မှာ မလေးရှားနိုင်ငံကို အများဆုံး တင်ပို့ခဲ့ပါတယ်။ FOB ဈေးက တစ်တန်ကို ကန် ဒေါ်လာ ၃၈၅ ဝန်းကျင်သာရရှိခဲ့တယ်လို့ သိရပါတယ်။ ကာလတူကာလဖြစ်တဲ့ ၂၀၁၂ ဖေဖော်ဝါရီပထမသီတင်းပတ်အတွင်း နနွင်းတင်ပို့တန်ချိန်က ၁၅ တန်သာ ရှိခဲ့တာကြောင့် ယခုနှစ်မှာ နနွင်းတင်ပို့မှုပိုခဲ့ပါတယ်။ ယခင်သီတင်းပတ်နဲ့ ယှဉ်ရင် လည်း ဒီတစ်ပတ်မှာ ၄၉ တန် တင်ပို့နိုင်ခဲ့ပါတယ်။ နနွင်းတင်ပို့မှု ကန်ဒေါ်လာ ခြောက်သောင်းကျော် ဝင်ငွေရရှိခဲ့ပါတယ်။ MIRT (DOT)
ပြည်ပကို ဖေဖော်ဝါရီ ၂ ရက်မှ ၉ ရက်နေ့တာကာလအတွင်း ပါကစ္စတန် နိုင်ငံကို တန်ချိန် ၃၅၀ ၊ မလေးရှားနိုင်ငံကို ၇၉ တန်၊ စင်ကာပူနိုင်ငံကို တန် ၁၀၀ တင်ပို့ခဲ့တယ်လို့ သိရပါတယ်။ ဒီတစ်ပတ်မှာ ပါကစ္စတန်နိုင်ငံကို အများဆုံး တင်ပို့နိုင်ခဲ့ပါတယ်။ ယခင်သီတင်းပတ်မှာ တန်ချိန် နှစ်ရာကျော်သာတင်ပို့နိုင်ခဲ့ တာကြောင့် ဒီတစ်ပတ်မှာ တန်ချိန် သုံးရာကျော်ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။ ကာလတူ ကာလဖြစ်တဲ့ ၂၀၁၂ ဖေဖော်ဝါရီ ပထမပတ်အတွင်းမှာ မန်ကျည်းတန်ချိန် ရှစ်ရာ ကျော်တင်ပို့နိုင်ခဲ့တာကြောင့် ယခုနှစ်မှာတန်ချိန် သုံးရာကျော်လျော့နည်းပြီး တင် ပို့ခဲ့ပါတယ်။ FOB ဈေးက တစ်တန်ကို ကန်ဒေါ်လာ ၃၉၅ ဒေါ်လာ ရရှိခဲ့တယ်လို့ သိရပါတယ်။ MIRT (DOT)
