Main menu

Background

ဆန်အရာင်မညီ ရွေးထုတ်စက် (Colour Sorter) အခြေခံ အပိုင်း (၁)

Mon, 01/18/2010 - 06:03 -- Anonymous (not verified)

    ယနေ့ ဆန်စားသုံးမှုအဆင့်မြင့် လာပြီဆိုတော့ စားသုံးသူများ ဆွဲဆောင်နိုင်အောင် ဆန်အရောင်တင်စက်တွေ၊ ဆန်အရောင် မညီရွေးထုတ်စက်တွေ အသုံးပြုလာကြပြီး ဆန်ရဲ့အသွင်အပြင်တို့ ကောင်းသထက်ကောင်းအောင် ကြိတ်ခွဲထုတ်လုပ်နေ ကြပြီဖြစ် ပါတယ်။ လုံးတီးဆန်ကိုဆန်ဖြူဖွပ်စက်တစ်ခုတည်းနဲ့ ကြိတ်ဖွပ်ရာမှာ ဆန်မျက်နှာပြင်မှာ ဖွဲနုများအနည်းငယ်ကပ်ငြိနေလို့ ဆန် ရောင်ဆန်သွေး ပိုမိုတောက်ပလာရန်အတွက် ရေမှုံပက်ဖြန်းကာ အရောင်တင်တဲ့စက်တွေ အသုံးပြုလာကြပြီး အရည်အသွေး မြှင့်တင် ကြိတ်ဖွပ်လာကြပါတယ်။ ဆန်ကို ကြည်လင်တောက်ပလာအောင် ပြုလုပ်ရုံမက ဆန်မှာပါတဲ့ အရောင်မညီညာတဲ့ဆန် များနဲ့ အခြားသောပစ္စည်းများ ပါဝင်နေတာကိုပါခွဲထုတ်ပေးတဲ့ ဆန်အရောင်မညီရွေးထုတ်စက် (Colour  Sorter)တွေကိုတပ်ဆင် အသုံးပြုလာကြပါပြီ။ ယခင်က သီးနံှအရောင်မညီမှုနှင့် အခြားပစ္စည်းတွေ ရောနှောနေတာကို လူအင်အားအများကြီးသုံးပြီး လက်နဲ့ရွေးထုတ်ခဲ့ကြရပါတယ်။ ယခုအခါမှာတော့ ဆန်အရောင်တင်စက် ဝယ်ယူရင်းနှီးလိုက်ရင် လူအင်အား အများအပြားစုစည်း ရတဲ့အခက်အခဲနဲ့ ကုန်ကျစရိတ်တွေကိုပါ လျှော့ချလာနိုင်ပြီး တွက်ချေကိုက်လာလို့ ပဲခွဲသန့် စင်စက်တော်တော်များများနဲ့ ဆန် စက်အခိုျ့မှာ Colour  Sorter ကို ဝယ်ယူ ရင်းနှီးလာကြပါပြီ။ စတင်ရင်းနှီးမြှုပ်နံှရတဲ့စရိတ်ကတော့ကြီးမြင့်သော်လည်း ရေရှည်မှာ ဈေးကွက်ယှဉ်ပြိုင်ထိုးဖေါက်နိုင်ခြင်း၊ ကုန်ကျစရိတ်သက်သာခြင်း၊ မြန်ဆန်ခြင်းစတဲ့ အကျိုးအမြတ်တွေနဲ့အတူ နည်းပညာကူး ပြောင်းလာမှုကိုပါ တစ်ဆက်တည်း အကျိုးအမြတ်တွေရရှိလာမှာဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံ၊ ကွိုင်ဘက်တိုးမြို့နဲ့ တာရာ ပူရာမြို့သို့သွားတဲ့ ကားလမ်းဘေးအနီး ရွာကလေးမှာရှိတဲ့ ဆန်စက်တစ်လုံးကို လေ့လာရေးရောက်ခဲ့ဘူးပါတယ်။ အဲဒီ စက်ဟာ တစ်ရက်ကို ၂၅ တန်ကျတဲ့ ဆန်စက်ဖြစ်ပြီး ပေါင်းဆန်ပါ ထုတ်လုပ် တဲ့ဆန်စက်ကလေးဖြစ်ပါတယ်။ ဆန်စက်ကိုဝင်ကြည့်တဲ့အခါ ဆန်စက်အတွင်းက ယူနစ်တွေကတော့ ခေတ်မမီတော့တဲ့ သမားရိုးကျဆန်စက် ယူနစ်တွေအသုံးပြုထားသော်လည်း၊ ဆန် အရောင်မညီခွဲထုတ်စက်တစ်လုံး တပ်ဆင်ထားတာကို တွေ့မြင်ခဲ့ရပါတယ်။ ထုတ်လုပ်တဲ့ပေါင်းဆန်ကလည်း ပြည်တွင်းစားဘို့ပါ၊ ဈေးနှုန်းကို လေ့လာကြည့်တော့လည်း ဆန်အရောင်မညီခွဲ ထုတ်စက်က အိန္ဒိယနိုင်ငံထုတ်ဖြစ်ပြီး၊ တန်ဖိုး ရူပီး ခြောက်သိန်း ရှိလို့ မြန်မာငွေနဲ့ဆိုရင် ကျပ်သိန်း ၁၃ဝ လောက်ရှိပါတယ်။ ဆန်စက်တန်ဖိုးနီးပါးရှိပါတယ်။ ဘာကြောင့် ဈေးကြီးပေး ရင်းနှီးပြီးတပ်ဆင် အသုံးပြုနေသလဲမေးစရာပါ။ ဈေးကွက်က အရည်အသွေးကို တောင်းဆိုနေပါပြီ။ အရည်အသွေးကောင်းရင် ထုတ်ကုန်ပစ္စည်း ဈေးကောင်းရရှိလို့ပါဘဲ။ ကိုယ်က လက်ဦးရင် အရှေ့ဆုံးက အကိုျးအမြတ် ခံစားရမှာမလွဲပါ။    ဆန်အရောင်မညီရွေးထုတ်စက် မှာခေတ်မီကွန်ပျူတာစနစ်နဲ့ ပေါင်းစပ်အသုံးပြုထားလို့ ကိုင်တွယ်ရမှာကိုလည်း မဝံ့မရဲဖြစ်တာ ရှိကောင်းရှိမှာပါ။ ကွန်ပျူတာတွေကိုတောင် ကျွမ်းကျင်စွာ ကိုင်တွယ်နိုင်နေလို့ စိုးရွံ့စရာမရှိပါ။ မကြာခင်မှာဘဲ ရင်းနှီးသွားမှာဖြစ် ပါတယ်။ စက်ရဲ့လုပ်ဆောင်ချက် အခြေခံကိုသိရှိမယ်ဆိုရင် ကိုင်တွယ်ထိန်းသိမ်းရတာ လွယ်ကူပါတယ်။     လုပ်ငန်းရှင်များအနေနဲ့ တပ်ဆင်သုံးစွဲလာကြမယ်ဆိုရင်ထုတ်လုပ်သူ တွေအနေနဲ့လည်း Service  Centre တွေဖန်တီး လာမှာဖြစ်ပါတယ်။ ယနေ့ဈေးကွက်မှာ ထိုးဖေါက်ယှဉ်ပြိုင် ဘို့ဆိုရင် ရင်းနှီးမြှုပ်နံှကြဘို့ တိုက်တွန်းလိုပါတယ်။ ရင်းနှီးမြှုပ်နံှရန် အတွက်ထုတ်လုပ်တဲ့နိုင်ငံနဲ့ ကုမ္ပဏီအလိုက်၊ ဈေးနှုန်းများကို အောက်ပါ အတိုင်း လေ့လာတင်ပြအပ်ပါတယ်။ ဈေးနှုန်းများက တော့ Channel အရေအတွက်အလိုက် မြင့်လာမှာဖြစ်ပါတယ်။ စက်ရဲ့အခြေခံလုပ်ဆောင်ပုံနဲ့ စက်ဖွဲ့စည်းတည်ဆောက်ပုံကိုတော့ အပိုင်း (၂) မှာ ဆက်လက်ဖေါ်ပြသွား မှာဖြစ်ပါတယ်။