Background
ဒီဇင်ဘာမှာ ပဲလွန်းဖြူတင်ပို့မှု အနည်းငယ်လျော့ ၂ဝ၁ဝ ဒီဇင်ဘာလ အတွင်း ပဲလွန်းဖြူလက်ကျန်နည်းသွားပြီဖြစ်လို့ တန်ချိန် ၄၇ဝ ခန့်သာ တင်ပို့မှုရှိခဲ့ပြီး နိုဝင်ဘာလအတွင်း တင်ပို့ခဲ့တဲ့ တန်ချိန် ၅ဝဝကျော်ထက် အနည်းငယ်လျော့ကျ လာတာ တွေ့ရပါတယ်။ ၂ဝဝ၉ ဒီဇင် ဘာလ တင်ပို့မှုအနေနဲ့ တန်ချိန် ၆၅ဝ ကျော်ရှိခဲ့လို့ ကာလတူတင်ပို့မှုအနေနဲ့ လည်း ၂ဝ၁ဝ ဒီဇင်ဘာမှာ တန်ချိန် ၁ဝဝ ကျော်လျော့ကျတင်ပို့ခဲ့တာ တွေ့ရပါတယ်။ ၂ဝ၁၁ ဇန်နဝါရီလ တတိယ ပတ် (ဇန်နဝါရီလ ၁၃ ရက်မှ ၁၉ ရက်) အတွင်းမှာတော့ တန်ချိန် ၁၃ဝ ကျော် တင်ပို့မှု ရှိခဲ့တာတွေ့ရပါတယ်။ ဈေးကွက်အသီးသီးကို ပဲလွန်းဖြူ ဝင်ရောက်မှုတိုးတက်လာပြီဖြစ်သလို အရောင်းအဝယ်သွက်ပြီး ဈေးမြင့်တက် မှု ရှိလာတယ်လို့ သိရပါတယ်။ ဒါပေမဲ့ ရန်ကုန် FOB ဈေးကတော့ ယခင်တစ်ပတ် ဈေး ဖြစ်တဲ့ FAQ တစ်တန်ကို ကန်ဒေါ်လာ ၈ဝဝ- ၈၂ဝ၊ SQ တစ် တန်ကို ၉ဝဝ-၉၂ဝ ဖြစ်ကြောင်း သိရပါတယ်။ အိန္ဒိယနိုင်ငံ မွန်ဘိုင်းဈေး ကွက်မှာလည်း ယခင် တစ်ပတ် ဈေး ဖြစ်တဲ့ (ပဲခူးစ) တစ်တန် ရူပီး ၄၈ဝဝဝ (ကန်ဒေါ်လာ ၁ဝ၆၁) ဖြစ်ကြောင်း သိရပါတယ်။ MIRT - MAPT
ထွက်ပေါ်တော့မယ့် ရွှေပဲစင်းငုံ ရွှေဘိုမြို့နယ်မှာ မိုးပဲစင်းငုံစိုက်ဧက ၁၅ဝဝဝ ကျော်ရှိပြီး၊ မြို့ရဲ့အရှေ့ဘက် မိုးကောင်းဒေသများဖြစ်တဲ့ ကော့ရွာ၊ တအုံ၊ အုန်းပေါက်၊ ဂွေးကုန်း၊ ဘိုးတော်တော၊ ပိတ်တောစတဲ့ကျေးရွာတွေမှာ အများဆုံးစိုက်ပျိုးကြပါတယ်။ ကော့ရွာက ပဲစင်းငုံစိုက်တောင်သူ ဦးဆန်းလင်းပြောပြချက်အရ ဒီနှစ်မိုးနှောင်းကာလ ဒီဇင်ဘာမှာ ၄ ရက်ခန့်ရွာခဲ့တဲ့ မုန်တိုင်းမိုးကြောင့် အပင်ပန်းပွင့်ချိန်မှာ မိုးမိပြီး အပွင့်တွေရိုက်ချသလိုဖြစ်ခဲ့လို့ အထွက်လျော့နိုင် တယ်လို့သိရပါတယ်။ မနှစ်ကတစ်ဧက ၁၅ တင်းခန့် ထွက်ခဲ့ပေမဲ့ ဒီနှစ်မှာတော့ ၁ဝ တင်းထက်မပိုနိုင်ဘူးလို့ ဆိုပါတယ်။ ဒေသတောင်သူအခေါ် (တဖတ်လဲ) မျိုးတွေသာစိုက်ကြပြီး အနီ (လုံးသေး) တွေသာများပါတယ်။မြို့ပေါ်ပွဲရုံတွေမှာ အခြားနယ်ကစောပြီး ဝင်လာ တဲ့ ပဲစင်းငုံအချို့တစ်တင်းကို ၁၇၆ဝဝ ကျပ်ခန့်ဈေးပေါက် နေပြီး ရွှေဘိုနယ် မှာ တော့ ယခုဇန်နဝါရီလ ၂ဝ ရက်ကျော်မှ ခုတ်သိမ်းထွက်ပေါ်မယ်လို့ သိရပါတယ်။ တစ်ဧက ကုန်ကျစရိတ်ပျမ်းမျှကျပ် ၁ဝ၃ဝဝဝ ခန့်ရှိတာမို့ တစ်ဧကအကျိုးအမြတ် အနေနဲ့ ကျပ် ၇ဝဝဝဝ ခန့်ရှိမယ်လို့ လေ့လာ သိရှိရပါတယ်။ တင်ထွန်းနိုင်
ပခုက္ကူ ပဲစင်းငုံသစ်ဈေးကွက် ဒီဇင်ဘာလလယ်ထဲက ပခုက္ကူဒေသမှာစပေါ်ခဲ့တဲ့ ပဲစင်းငုံ (နီ) သစ်ဟာ ယခုအခါ တစ်ရက်ပြီးတစ်ရက် အဝင်လှိုင်လို့နေပါတယ်။ လှိုင်ဆိုဈေးကလည်း တစ်နေ့ပြီးတစ်နေ့ အတက်မှာဘဲပြနေတော့ တောင်သူတွေမှာ တစ်တင်းကို ၂ သောင်း အထက်ရောင်းရနေတော့ ကုန်ကျတဲ့စရိတ်ထက် နှစ်ပြန်ရနေတဲ့သဘောပါ။ တောင်သူတွေ ငွေရွှင်တော့ ပခုက္ကူဈေးစည်ပါတယ်။ ပဲတွေလာရောင်းကြ၊ ဆန်တွေ၊ အနွေးထည်တွေ၊ စောင်တွေ အပြန်ဝယ်သွားကြနဲ့ ဈေးထဲကဈေးသည်တွေလည်း တပြုံးပြုံးနဲ့ပေါ့။ ဒီနေ့တော့ ပဲစင်းငုံ (နီ) အသစ်တစ်တင်းကို ၂၂၂ဝဝ ကျပ်ထိ ရောက်ပြီး၊ အဟောင်းက ၂ဝဝဝဝ ကျပ်လို့သိရပါတယ်။ မော်မော်အေး
ပဲစင်းငုံတင်ပို့မှု သိသိသာသာတိုးတက် ပုံမှန်အားဖြင့် ယခင်နှစ်က ပဲစင်းငုံတင်ပို့မှုဟာ အပတ်စဉ် တန်ချိန် ၅ဝဝဝ ဝန်းကျင်ရှိခဲ့ရာက ယခုတစ်ပတ်မှာတော့ တန်ချိန် ၈၅ဝဝ အထိ သိသိ သာသာ တိုးတက်လာတာတွေ့ရပါတယ်။ ပြည်တွင်းပဲစင်းငုံသစ်တွေ ဈေးကွက် တွေထဲ ဝင်လာနေပြီဖြစ်သလို အိန္ဒိယဝယ်လက်တွေကလည်း ဝယ်လိုအားကောင်း လာတာကြောင့် ယခုလို တင်ပို့မှု တိုးတက်လာခဲ့တာဖြစ်ပါတယ်။ လက်ရှိ ရန်ကုန် ဘုရင့်နောင်ဈေးကွက်မှာ ပြည်ပဝယ်လက်များက ပဲစင်းငုံအသစ် ဝယ်ယူမှုရှိပေမဲ့ ဈေးသက်သာတဲ့ အဟောင်းကို ပိုပြီးအဝယ်ရှိတယ်လို့ သိရပါတယ်။ ၂ဝ၁ဝ ဒီဇင်ဘာလအတွင်း ပဲစင်းငုံတင်ပို့မှုအနေနဲ့ တန်ချိန် ၁၃ဝဝဝ ခန့်ရှိပြီး နိုဝင်ဘာလမှာ တန်ချိန် ၅ဝဝဝ ခန့်သာရှိလို့ ဒီဇင်ဘာလကစပြီး ပဲစင်းငုံတင်ပို့မှုပြန်လည်မြင့်တက်လာခဲ့တာတွေ့ရပါတယ်။ ၂ဝဝ၉ ဒီဇင်ဘာလမှာ တော့ တန်ချိန် ၃ဝဝဝ ခန့်သာတင်ပို့ခဲ့လို့ ၂ဝ၁ဝ ဒီဇင်ဘာ ကာလတူတင်ပို့မှုက တန်ချိန် တစ်သောင်းခန့် ပိုနေတာတွေ့ရပါတယ်။ ဈေးကွက်တွေမှာ အရောင်း အဝယ် သွက်လာတာနဲ့အမျှ ရန်ကုန် FOB ဈေးလည်း တနေ့တခြား တိုးတက်လာ တာ တွေ့ရပါတယ်။ ဒေါ်လာ/တန် ပဲစင်းငုံနီ ပဲစင်းငုံဖြူနီ၊ အဖြူ ၂၁-၁-၁၁ ၈၇ဝ-၈၉ဝ ၇၇ဝ-၇၉ဝ ၁၄-၁-၁၁ ၇၈ဝ-၈ဝဝ ၆၉ဝ-၇၁ဝ MIRT(MAPT)
မတ်ပဲအသစ်များ ပြည်ဈေးကွက်ကို စဝင် ပြည်မတ်ပဲဈေး ကွက် ဇန်နဝါရီဒုတိယပတ်မှာ ပဲဈေးနှုန်းတစ်တင်းကို ကျပ် ၂၁၅ဝဝ သာရှိခဲ့ရာက ဇန်နဝါရီတတိယပတ်အစမှာ ပဲတစ်တင်းကို ကျပ် ၂၃ဝဝဝ အထိ ဈေးမြင့်လာခဲ့ပြီးနောက် ကျပ် ၂၂၅ဝဝကို ဈေးပြန် လျော့နည်းသွား တာကို တွေ့ရပါတယ်။ ဈေးကွက်ကို မတ်ပဲအသစ်များ ဝင်ရောက်စပြုလာပြီဖြစ်ပြီး တစ်နေ့ကို အိတ် ၂ဝဝ-၃ဝဝခန့် အရောင်းအဝယ်ဖြစ်တယ်လို့သိရပါတယ်။ ယခင်လတွေမှာ အခြားတိုင်းမှပြည်သို့ မတ်ပဲဝင်ရောက်မှုမရှိသော်လည်း ဇန်နဝါရီ တတိယ ပတ်မှာတော့ မကွေးတိုင်း ဒေသကြီး၊ အောင်လံမြို့မှ ပဲအိတ် ၁၂ဝ ခန့် ဝင်ရောက် လာတာကိုတွေ့ရပါတယ်။ ပြည်မှရန်ကုန်သို့ ပဲစီးဆင်းမှုကတော့ တစ်နေ့ကို ပဲအိတ် ၃ဝဝ ခန့် တင်ပို့တယ်လို့ သိရပါတယ်။ မိမိအေး
မုံရွာမတ်ပဲ အိတ်စပို့အတွက် ဆွဲပြီ မုံရွာကုန်စည်ဒိုင် ဇန်နဝါရီ မတ်ပဲဈေးကွက်ထဲကို မုံရွာအနောက်ဘက် ပုလဲ နယ်ဘက်က ပစ္စည်းအဝင်သွက် လာခဲ့ပါတယ်။ ပဲသစ်ပေါ်ချိန်က မုံရွာဈေးကွက်မှာ တစ်တင်း ၁၉ဝဝဝ ကျပ်နဲ့ ဈေးစဖွင့်ခဲ့ပြီး၊ ရန်ကုန်ဝယ်လက် နထစသမအ အတွက် ဆွဲယူချိန်မှာ ပစ္စည်းအဝင်နည်းခဲ့လို့ တဖြည်းဖြည်းဈေးကောင်းရလာခဲ့ကာ ယခု အပတ်မှာ တစ်တင်း ၂၂၈ဝဝ ကျပ်ထိ တက်လာခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ် မတ်ပဲ ဈေးကွက်မှာဖြစ်ပေါ်ခဲ့တဲ့ တစ်တင်း အမြင့်ဆုံးဈေး ကျပ် ၃၆၅ဝဝ ထက်စာရင် ဈေးကောင်းရတယ်လို့ မဆိုနိုင်ပေမဲ့ မနှစ်ကကာလတူ ဇန်နဝါရီလ ပဲသစ်ပေါ်ချိန်မှာ တစ်တင်း ကျပ် ၂၂၇ဝဝ ပေါက်ခဲ့လို့ တောင်သူတွေအနေနဲ့ ထိခိုက်နစ်နာမှုမရှိဘဲ အကျိုးအမြတ် အသင့်အတင့် ရှိခဲ့တယ်လို့သိရပါတယ်။ ယခုနှစ် မျိုးကောင်းမျိုးသန့် ရွေးချယ်စိုက်ခဲ့ကြတဲ့အတွက် တစ်ဧက တင်း ၂ဝ နီးပါးထိ အထွက်ပိုခဲ့ရာ တစ်ဧက အကိုျးအမြတ်အနေနဲ့ ၂ ဒသမ ၅ သိန်းကျော် ရရှိခဲ့တယ်လို့ မတ်ပဲတောင်သူ တစ်ဦးက ပြောပါတယ်။ မုံရွာဈေးကွက်ကနေ ဇန်နဝါရီလ ၂ဝ ရက်နေ့ထိ ထပ်ဆင့် တင်ပို့မှုအနေနဲ့ မန္တလေးကို တင်း ၂ဝဝဝ ခန့်နဲ့ ရန်ကုန်ကို တင်း ၂၅ဝဝ ခန့်ရှိခဲ့ ကြောင်း ဈေးကွက်က ဆိုပါတယ်။ ထွန်းလှိုင်
တစ်ပတ်အတွင်း မတ်ပဲတန် ၁၅ဝဝဝ ကျော်ထိ တင်ပို့လာ မတ်ပဲတင်ပို့မှုက တစ်ပတ်ထက်တစ်ပတ် ပိုမိုလာခဲ့ရာ ဇန်နဝါရီလ ၁၃ ရက်မှ ၁၉ ရက်အတွင်းမှာတော့ တန်ချိန် ၁၅ဝဝဝ ကျော်ထိ တိုးတက်တင်ပို့ လာခဲ့ပါတယ်။ ဈေးကွက်တွေကို ပဲအသစ်လှိုင်လှိုင်ဝင်လာပြီဖြစ်သလို ပြည်ပဝယ် လက်တွေကလည်း ဝယ်လိုအားကောင်းလာတာကြောင့် ယခုတစ်ပတ်အတွင်း အရောင်းအဝယ် များလာသလို ပြည်ပတင်ပို့မှုလည်း တိုးတက်လာခြင်းဖြစ်ပါတယ်။ ဒီဇင်ဘာလ တစ်လလုံး မတ်ပဲတင်ပို့မှုအနေနဲ့ တန်ချိန် ၃၂ဝဝဝ ခန့်ရှိလို့ နိုဝင်ဘာလ တင်ပို့ခဲ့တဲ့ တန်ချိန် ၂၄ဝဝဝ ခန့်ထက် သိသိသာသာ မြင့်တက်ခဲ့ပါတယ်။ ဒါပေမဲ့ ၂ဝဝ၉ ခုနှစ် ဒီဇင်ဘာလတင်ပို့ခဲ့တဲ့ တန်ချိန် ၃၈ဝဝဝ ခန့်နဲ့ နှိုင်းယှဉ်ရင်တော့ ၂ဝ၁ဝ ကာလတူမှာ လျော့ကျ တင်ပို့ခဲ့တာ တွေ့ရပါတယ်။ အရောင်းအဝယ်သွက် လို့ ပြည်တွင်းဈေးမြင့်တက်သလို ရန်ကုန် FOB ဈေးလည်း အပြောင်းအလဲ ဖြစ်ခဲ့တာကို တွေ့ရပါတယ်။ ဒေါ်လာ/တန် မတ်ပဲ(FAQ) မတ်ပဲ(SQ) ၂၁-၁-၁၁ ၈၈ဝ-၈၉ဝ ၁ဝ၅ဝ-၁ဝ၆ဝ ၁၄-၁-၁၁ ၈၅ဝ-၈၆ဝ ၁ဝ၅ဝ-၁ဝ၆ဝ MIRT(MAPT)
အဝင်သွက် အရောင်းအဝယ်သွက်လျက် ပြည်ငရုတ်ခြောက်ဈေးကွက် ပြည်ငရုတ်ခြောက်ဈေးကွက်မှာ ယခင်အပတ်ဈေးအတိုင်းရှိနေပြီး အောင်လံဘက်မှ ငရုတ်ခြောက်များ ယခု တစ်ပတ်တွင် ပိဿာ ၂ဝ ဝင်အိတ် ၁၈ဝဝ ခန့်နဲ့ အဝင်သွက်နေတယ်လို့ သိရပါတယ်။ အရောင်းအဝယ်အားဖြင့် လည်း မှာယူတင်သွင်းသလောက်ကို ငရုတ်သီးမှုန့်လုပ်ငန်းများ လက်လီ၊ လက်ကားရောင်းဝယ်သူများမှ အဆွဲများသဖြင့် အရောင်း အဝယ်မှာ သွက်လျက်ရှိနေပါတယ်။ ပြည်ဈေးကွက်ရှိ ယခုတစ်ပတ် ငရုတ်ခြောက်ဈေးမှာ တစ်ပိဿာ (အရှည်) ၂၅ဝဝ ကျပ်၊ (မိုးထောင်) ၂ဝဝဝ ကျပ်၊ (အပွ) ၃၅ဝဝ ကျပ်တို့နဲ့ ရောင်းဝယ်နေကြပြီး ရခိုင်ဘက်သို့လည်း ပြည်ဈေးကွက်မှ တစ်ရက်ကို အိတ် ၃ဝ ခန့် တင်ပို့မှု ရှိတယ်လို့ သိရပါတယ်။ ဝင်းးလဲ့ဝါ
ဈေးကွက်ကိုတစိမ့်စိမ့်ဝင်တဲ့ ရှမ်းနနွင်းသစ် အောင်ပန်းဈေးကွက်မှာ နနွင်းအသစ်က ဈေးကွက်ကို တစိမ့်စိမ့်ဝင်နေပါတယ်။ ပင်လောင်းကထွက်တဲ့ နနွင်း၊ ဆင်တောင်ကနနွင်းစသဖြင့် ဈေးကွက်ကို ဝင်လာနေတယ်လို့ သိရပါတယ်။ ရှမ်းပြည်နယ်တောင်ပိုင်းက ထွက်တဲ့ နနွင်းတွေမှာ ဟိုပုံးနနွင်း၊ ဆင်တောင်နနွင်းက နာမည်ကြီးပါတယ်။ နနွင်းဈေးကွက်မှာတော့ ကျောက်ဆည်နနွင်းက အကောင်းဆုံးဖြစ်ပြီး၊ ဒုတိယက ဆင်တောင်နနွင်းဖြစ်တယ်လို့ သိရပါတယ်။ ဒါပေမဲ့ ဆင်တောင်နနွင်းက အထွက်နှုန်းနည်းပါတယ်။ တစ်နှစ်ကို ပိဿာချိန် ၂ သိန်း ၊ ၃ သိန်းခန့်သာ ထွက်တယ်လို့ သိရပါတယ်။ ယခုလတ်တလောအောင်ပန်းဈေးကွက်မှာ ဆင်တောင် နနွင်းက လက်လီဈေးတစ်ပိဿာ ၄ဝဝဝ ကျပ်ရှိပြီး လက်ကားဈေးကတော့ တစ်ပိဿာ ကျပ် ၃ဝဝဝ မှ ၃၂ဝဝ ဈေးရှိပါ တယ်။ နနွင်းသစ်(ခြောက်) က တစ်ပိဿာ ကျပ် ၂ဝဝဝ မှ ၂၂ဝဝ ဈေးရှိပြီး၊ နနွင်းခြောက် (ဟောင်း) က တစ်ပိဿာ ၂၈ဝဝ ကျပ်ဈေးရှိပါတယ်။ တောင်ကြီးဈေးကွက်မှာ ဟိုပုံးနနွင်းက (အစို) တစ်ပိဿာ ၃၅ဝ ကျပ်ဈေးရှိပြီး နနွင်းခြောက်ကိုတော့ ကြိုတင်ဝယ်၊ ရောင်းစနစ်နဲ့ တစ်ပိဿာ ၂၅ဝဝ ကျပ်ဈေးရှိတယ်လို့ သိရပါတယ်။ ရန်ကုန်၊ မန္တလေး ဝယ်လက်တွေ ဝယ်ယူနေတာကြောင့် တစ်ပတ် အတွင်း နနွင်းပိဿာချိန်ပေါင်း ၁ ဒသမ ၂ သိန်း အရောင်းအဝယ် ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ဧဧခိုင်
ပုံမှန်တင်ပို့နေတဲ့ နနွင်းတက် ဇန်နဝါရီလ ၅ ရက်မှ ၁၁ ရက်ထိ ကာလမှာလည်း ယခင်အပတ်ကလိုပဲ နနွင်းတက်တစ်တန် စစ်တွေ နယ်စပ်မှ ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ ကန်ဒေါ်လာ ၁၆ဝဝ ဖိုးတင်ပို့နိုင်ခဲ့ပါတယ်။ ၂ဝ၁ဝ ဧပြီလမှ ဒီဇင်ဘာလကုန်ထိ နနွင်းတက် တန် ၁ဝဝဝ ကျော်ကို မူဆယ်၊ မြဝတီနဲ့ စစ်တွေနယ်စပ်စခန်းများကတစ်ဆင့် အိမ်နီးချင်းနိုင်ငံများသို့ တင်ပို့ခဲ့ပြီးဖြစ်ပါတယ်။ တင်တင်ထွန်း၊MIRT