Main menu

Background

Tuesday, 30 Nov 2010

 ငါးမြစ်ချင်းနှင့် အခြားရောင်းတန်းဝင်ငါးများ တွဲမွေးမြူလာ               ငါးမြစ်ချင်း မွေးမြူသူများ အနေ ဖြင့် အခြားရောင်းတန်းဝင် ငါး များ ကို ငါးမြစ်ချင်းနှင့် တွဲမွေးမြူလာ ကြောင်း သိရသည်။           '' ငါးမြစ်ချင်းကို ပုံမှန်ဝယ်လက် နိုင်ငံတွေက ဘာသာရေးပွဲတော်တွေ၊ အခြားအစားထိုး စားသုံးနိုင်တဲ့ ဒေသထွက်ငါးတွေ၊ ငွေဈေးအခြေ အနေတွေကြောင့် ဝယ်ယူမှု ရပ်သွား တာမျိုးတွေ တစ်ခါတစ်ရံ ရှိတတ်ပါတယ်။ အဲဒီအခါမျိုးနဲ့ ငါးဖော်ချိန်နဲ့ တိုးတဲ့ ငါးမြစ်ချင်း မွေးမြူ ထုတ်လုပ်သူ တွေအနေနဲ့ အရှုံးပေါ်တတ်ပါတယ်။ ဒီအခြေအနေကို ကြိုတင် ကာကွယ် တဲ့ ျအနေနဲ့ အချို့မွေးမြူသူတွေက ဝယ်လက်ရှိ၊ ငါးသားပေါက်လည်း အလွယ်ရ၊ ဈေးအမြင့်လည်းရတဲ့ငါးမျိုးတွေနဲ့ ရောမွေးလာကြပါတယ်။ ကုမ္ပဏီကြီး တစ်ခုဆို မနှစ်ကစပြီး ရောမွေးခဲ့တဲ့ အတွက် အရှုံးမရှိ အမြတ်ရတယ်လို့ ပြောပြလာပါတယ်။ အခုလို ငါးမြစ်ချင်း နဲ့ ရောင်းတန်းဝင်ငါးတွေ တွဲမွေးသူ တွေ အတွက်တော့ အောက်တိုဘာနဲ့ နိုဝင်ဘာမှာ အရှုံးပေါ်ခဲ့တဲ့ ငါးမြစ်ချင်း အတွက် ထေမိကြပါတယ်'' ဟု ရန်ကုန် တိုင်းဒေသကြီး အခြေစိုက် ရေချိုငါး မွေးမြူသူ တစ်ဦးကပြောပြသည်။               ပြည်ပဈေးကွက်သို့ အများဆုံး တင်ပို့နေရသည့် ငါးမြစ်ချင်းများကို ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်း ဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးတို့တွင် အဓိကမွေးမြူထုတ်လုပ်လျက်ရှိပြီး ယင်းဒေသများတွင် ဧကတစ်သိန်းခွဲခန့် မွေးမြူထားကြောင်း မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်က တာဝန်ရှိသူ တစ်ဦး က ပြောကြားသည်။                       ခင်မျိုးသွယ်

Tuesday, 30 Nov 2010

 ငါးလုပ်ငန်းအဖွဲ့ချုပ်တွင် အမှုဆောင်အဖြစ် လုပ်ကိုင်လိုပါက လျှောက်လွှာတင်နိုင်              မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်တွင် ဗဟိုအလုပ်အမှုဆောင်အဖြစ် လုပ်ကိုင်လိုသည့် ဆန္ဒရှိပါက လျှောက်လွှာတင်နိုင် ကြောင်း MFF  မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်က တာဝန်ရှိသူတစ်ဦးကပြောကြားသည်။             '' ဒီနှစ်မှာ ဗဟိုအလုပ်အမှုဆောင်အသစ်ရွေးချယ်မှာဖြစ်ပါတယ်။ MFF ရဲ့ နှစ်ပတ်လည်အစည်းအဝေး ကို ၂ဝ၁၁ ခုနှစ်ဇန်နဝါရီတတိယပတ်(သို့မဟုတ်) စတုထ္ထပတ်အတွင်းမှာ ပြုလုပ်မှာပါ။MFF ရဲ့အလုပ်အမှု ဆောင်တွေကို ခန့်အပ် တာမိုျး မဟုတ်ဘဲ ရွေးချယ်တင်မြှောက်တာမျိုး ဖြစ်တာကြောင့် ဗဟိုအလုပ်အမှုဆောင် အဖြစ် လုပ်ကိုင်လိုသူတွေက လျှောက်လွှာတင်ဖို့ လိုပါတယ်။ မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်အနေနဲ့ ဝန်ကြီးဌာနရဲ့ပံ့ပိုးမှု၊ အဖွဲ့ချုပ်ဥက္ကဌရဲ့ အကူအညီပေးမှု၊ အလုပ်အမှုဆောင်တွေရဲ့ဝိုင်းဝန်းဆောင်ရွက်မှုတို့ကြောင့် ယခုလို အောင်အောင်မြင်မြင် ရပ်တည်နိုင်ခဲ့တာ ဖြစ်ပါတယ်''ဟု MFF မှ အထွေထွေအတွင်းရေးမှူးဦးဝင်းကြိုင်က ပြောကြားသည်။            မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်၏ နှစ်ပတ်လည် အစည်းအဝေးမပြုလုပ်ခင်MFF လက်အောက်ရှိ ညီနောင် အသင်းများ၊ ပြည်နယ်တိုင်းဒေသကြီးများခရိုင်၊ မြို့နယ်များရှိ နှစ်ပတ်လည်အစည်းအဝေးများကို ဒီဇင်ဘာ ၁၅ ရက်နေ့ နောက်ဆုံးထား ပြုလုပ်သွားကြမည်ဖြစ်ကြောင်း သိရသည်။                                                                        ခင်မျိုးသွယ်

Thursday, 25 Nov 2010

 ရေချိုပုစွန် ၁ ဧကလျှင် ပိသာ ၃ဝဝခန့် ထွက်ရှိပြီ         ရေချိုပုစွန်မွေးမြူမှုက ၁ ဧကလျှင် ပိသာ ၃ဝဝခန့် ထွက်ရှိလာပြီဖြစ်ကြောင်း ဇာတိမာန် ပုစွန်မွေးမြူရေး လုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးက အောက်တိုဘာလ ၂၆ ရက်နေ့က ပြုလုပ်သည့် သားငါးကဏ္ဍ ဖွံ့ဖြိုး တိုးတက်မှုဆိုင်ရာ ဆွေးနွေးပွဲတွင် ပြော ကြားခဲ့သည်။          ''၁၉၉၁-၉၂ ခုနှစ်လောက် ပုစွန် စမွေးတုန်းကတော့ အခက်အခဲတွေ အများကြီးရှိခဲ့တယ်။ မျိုးပုစွန်ရဖို့ မြုံး ထောင်တဲ့သူတွေဆီက၊ ငါးလုပ်ငန်း ဦးစီးဌာနက ဝယ်ယူခဲ့ရတာ တွေရှိခဲ့ပါတယ်။ အခုတော့ ကိုယ်တိုင်ပုစွန် သား ပေါက်တွေပါ ထုတ်လုပ်ပေးနိုင်ပါပြီ။ အရင်က ပုစွန်အစာကျွေးရင် အချပ် လိုက်ကျွေးတယ်။ အဲဒီတုန်းကတော့ ပိသာ ၆ဝ လောက်ထွက်ပါတယ်။ အဲဒီ လိုကျွေးတာထက် တန်းချကျွေးခြင်းဖြင့် အစာ အလေအလွင့်နည်းပြီး ကုန်ထွက် တက်လာတာကို တွေ့ရပါတယ်။ ငါးနဲ့ ပုစွန်ရောမွေးရင်တောင် ပုစွန်ကုန်ထွက် က ပိသာ ၁၅ဝ ခန့်ထွက် ရှိပါတယ်'' ဟု ဇာတိမာန်ပုစွန်မွေးမြူရေးလုပ်ငန်းက ဦးမြင့်စိုးက ပြောပြသည်။ ကမ္ဘာ့ ရေချိုပုစွန် ထုတ်လုပ်မှု စံနှုန်းများအရ ၁ ဧကလျှင် တစ်တန် (ပိသာ ၆ဝဝ ခန့်) ထွက်ရှိသော်လည်း မြန်မာနိုင်ငံ၏ ရေချိုပုစွန်မွေးမြူမှုမှာ ၁ ဧကပေါ်တွင် ပုစွန်ထည့်သွင်း မွေးမြူ သည့် ကောင်ရေပေါ်တွင်မူတည်၍ ကွာခြားချက် ရှိနိုင်ကြောင်း သိရသည်။                                                                                           ခင်မျိုးသွယ်

Tuesday, 23 Nov 2010

 မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်က လေဘေးသင့် ရေလုပ်သားများအား သိန်း ၁ဝဝဝ ကျော် ထောက်ပံ့      ရခိုင်ပြည်နယ်စစ်တွေ၊ ပေါက်တော၊ မြေပုံ၊ မင်းတုန်း၊ ကျောက်ဖြူစသည့် ဂီရိမုန်တိုင်းသင့်ဒေသများရှိ ရေလုပ်သားများအတွက် မြန်မာနိုင်ငံငါးလုပ်ငန်း အဖွဲ့ချုပ်က ကျပ်သိန်း ၁ဝဝဝ ကျော်ဖိုး ထောက်ပံ့လှူဒါန်းပြီးဖြစ် ကြောင်း ထုတ်ပြန် ခဲ့သည်။    '' ငါးလုပ်ငန်းအဖွဲ့ချုပ်က ၂ ကြိမ်လှူဒါန်းရာမှာ ပထမအကြိမ်မှာငါးဖမ်းပိုက် ၂၄၁ ဒသမ ၃၅၁ သိန်းဖိုးနဲ့ ဒုတိယအကြိမ်မှာ လူမှုဝန်ထမ်းနဲ့ ကယ်ဆယ်ရေး ဌာနက တစ်ဆင့် ငါးဖမ်းပိုက်ပစ္စည်းတွေကို ကျပ် ၇၂၄ ဒသမ ၄၂၅ သိန်း ပေးပို့ လှူဒါန်းပြီးဖြစ်ပါတယ်။ ဒါ့အပြင်ညီနောင်အသင်းတွေဖြစ်တဲ့ ပင်လယ်ကမ်းဝေး ငါးဖမ်းလုပ်ငန်းရှင်များအသင်းက ကျပ်သိန်း ၅ဝ၊ မြန်မာနိုင်ငံရေထွက်ပစ္စည်း ထုတ်လုပ်သူများနှင့် တင်ပို့သူများအသင်းက ကျပ်သိန်း ၅ဝ၊ စုစုပေါင်းကျပ်သိန်း ၁ဝဝဝ ကျော်ဖိုးလှူဒါန်းခဲ့ပြီးဖြစ်ပါတယ်'' ဟုMFF  အတွင်းရေးမှူး-၂ ဦးဘသော်က ပြောကြားသည်။     အဆိုပါမုန်တိုင်းကြောင့် စစ်တွေခရိုင်ငါးဦးစီးရုံးနှင့် မြေပုံမြို့နယ်ငါးလုပ်ငန်း ဦးစီးမှူးရုံးတို့ပျက်စီးခဲ့ပြီး၊ မြို့နယ်အလိုက်ပျက်စီးဆုံးရှုံးမှုများမှာ ပေါက်တောမြို့နယ် တွင် ကမ်းနီးစက်တပ်ရေယာဉ် ၁၈၂ စီး၊ စက်မဲ့ရေယာဉ် ၁၃၅ စီး၊ ကျားပိုက် ၁၂၉ လက်၊ မျောပိုက် ၁၂၂ လက်၊ ပုစွန်ကန် ၁၃ဝဝဝ ဧကကျော်၊ ကျောက်ဖြူ မြို့နယ်တွင် မွေးကန် ၁၅ဝဝဝ ဧကနှင့် မြေပုံမြို့နယ်တွင် ပုစွန်ကန် ၁ဝဝဝဝ ဧက ကျော်၊ ကမ်းနီးစက်လှေအစီး ၅ဝ၊ စက်မဲ့အစီး ၃ဝဝ၊ ငါးဖမ်းကိရိယာ ၈၅ဝ တို့ ပျက်စီး ဆုံးရှုံးခဲ့ကြောင်း သိရသည်။                                                                                                              ခင်မျိုးသွယ်

Tuesday, 23 Nov 2010

မြန်မာ့ပင်လယ်ပြင်တွင် ကျောက်ငါးမျိုးစိတ် ၁၉ မျိုးခန့်ရှိ      မြန်မာ့ပင်လယ်ပြင်တွင် ကျောက်ငါးမျိုးစိတ် ၁၉ မျိူးခန့်ရှိကြောင်းငါးလုပ်ငန်းဦးစီးဌာနက သိရသည်။ '' ကျောက်ငါးက ဈေးကွက်ရှိနေတဲ့ငါးပါ။ ဖမ်းဆီးတာထက်မွေးမြူထုတ်လုပ်ရေးပိုင်းကို ပြုလုပ်နိုင်အောင် စမ်းသပ်သားဖောက်ခဲ့တာ ငါးလုပ်ငန်းဦးစီးဌာနက မနှစ်ကအောင်မြင်ခဲ့ပါတယ်။ ရေငန်ငါးမျိုးစိပ်တွေကို သားဖောက် ထုတ်လုပ်ရာမှာ ထူးခြားဆန်းကြယ်တဲ့ သဘာဝအလေ့အထတွေကို ရေငန်ငါးမိုျးတွေမှာ တွေ့ရှိရတတ် တာကြောင့် ရေချိုငါး သားဖောက် ရတာထက်ပိုပြီး ခက်ခဲပါတယ်။ မြန်မာနိုင်ငံမှာ ကျောက်ငါးကို ဆေးထိုး သားဖောက်နည်းနဲ့ သားဖောက်လို့ ရပြီဖြစ်တဲ့အတွက် ပုဂ္ဂလိက မွေးမြူရေးသမားတွေလည်း စိတ်ဝင်စားရင် မွေးမြူလို့ရပါပြီ။ ကျောက်ငါးဟာ အမျိုး အစားအလိုက် ၁ ကေဂျီ (1 Kg)ကို ၄ ဒသမ ၅ ဒေါ်လာကနေ ၂၆ ဒေါ်လာအထိ ဈေးနှုန်း ရှိပါတယ်'' ဟု မြိတ်ဒေသ အခြေစိုက် ကျောက်ငါးမွေးမြူသူတစ်ဦးက ရှင်းပြသည်။ တနင်္သာရီတိုင်းဒေသကြီးမြိတ်မြို့နယ်တွင် ကျောက်ငါး မွေးမြူသူ (၄) ဦး က လှောင်အိမ်ပေါင်း (၆ဝဝ) ကျော်ဖြင့် မွေးမြူထားသည်ဟုဆိုသည်။                                                                               ခင်မျိုးသွယ် 

Tuesday, 23 Nov 2010

 ရေချိုငါးတင်ပို့မှုက ဒေါ်လာ ၇၆ သန်းခန့်ရရှိ     မြန်မာနိုင်ငံအတွင်း မွေးမြူထုတ်လုပ်သည့်ရေချိုငါးများကို ပြည်ပသို့ တင်ပို့ရောင်းချရာတွင် နိုဝင်ဘာလ ၁၄ ရက်နေ့အထိ ဒေါ်လာ ၇၆ သန်းခန့်ရရှိထားပြီ ဖြစ်ကြောင်း နိုဝင်ဘာလ ၁၆ ရက်နေ့က ပြုလုပ်သည့် သားငါးကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ဆွေးနွေးပွဲမှ သိရသည်။     '' ရေချိုငါးကို စစ်တွေနယ်စပ်ကုန်သွယ်ရေးစခန်းကနေဒေါ်လာ ၃ ဒသမ ၇၁၃ သန်းနဲ့ပုံမှန်ကုန်သွယ်ရေး ကနေ ဒေါ်လာ ၇၁ ဒသမ ၉၁၆ သန်းစုစုပေါင်း ဒေါ်လာ ၇၅ ဒသမ ၆၂၉ သန်းဖိုးတင်ပို့ရောင်းချခဲ့ပြီးဖြစ်ပါတယ်။ ရေချိုငါးမှာ အဓိကတင်ပို့တာက ငါးမြစ်ချင်းငါးပါ၊ ငါးမြစ်ချင်းကို ရန်ကုန်၊ ပဲခူးနဲ့ ဧရာဝတီတိုင်းဒေသကြီး (၃) ခုတို့မှာ အဓိက ထားမွေးမြူပြီး တစ်နိုင်ငံလုံးသို့ မွေးမြူရတဲ့ဧကတွေအနက် ဧက တစ်သိန်းခွဲခန့်ရှိနေပါတယ်။ ဒီနှစ်ထဲမှာ ရေချိုငါးတွေ မွေးမြူရာမှာ အမယ်သစ်အနေနဲ့ စူတန်ငါးကို မွေးမြူဥလာသလို ဈေးကွက်ရှိနေတဲ့ ငါးမုတ်ဖြူကိုလည်း တိုးခဲျ့မွေးလာကြပါတယ်။ဒါ့အပြင် ငါးမြစ်ချင်းနဲ့ပုစွန်ရော မွေးမြူမှုကိုလည်း စတင်စမ်းသပ် မွေးမြူနေကြပါပြီ'' ဟု ငါးလုပ်ငန်း ဦးစီးဌာနက တာဝန်ရှိသူ တစ်ဦး က ပြောကြားသည်။ မြန်မာနိုင်ငံမှ ငါးမြစ်ချင်းများကို အဓိကဝယ်ယူသည့်နိုင်ငံများမှာ ဘင်္ဂလားဒေ့ရှ်၊ ဒူဘိုင်းနှင့် အရှေ့အလယ်ပိုင်းနိုင်ငံများ ဖြစ်သည်။ ခင်မျိူးသွယ်

Tuesday, 23 Nov 2010

 မြန်မာရေထွက်ကုန်ကို ဝယ်သူရောစားသုံးသူပါ လက်ခံမှုရှိနေ        မြန်မာရေထွက်ကုန်ပစ္စည်းများကို ကမ္ဘာ့ဈေးကွက်များသို့တင်ပို့ရောင်းချရာတွင် ဝယ်သူရော၊ စားသုံးသူများပါ လက်ခံမှုရရှိနေကြောင်း ရေထွက်ပစ္စည်းထုတ်လုပ်သူများနှင့် ပို့ကုန်လုပ်ငန်းရှင်များအသင်းမှ သိရသည်။         '' ရေထွက်ကုန်တွေကို ပြည်ပဈေးကွက်တွေကိုတင်ပို့တဲ့အခါ buyer  ရော၊ စားသုံးသူပါလက်ခံမှုရရှိခဲ့ပါပြီ။ အထူးသဖြင့် မြန်မာ့ပုစွန်ကို အီးယူဈေးကွက်ကပဲလက်ခံစားသုံးနေပါပြီ။ ရေခိုျပုစွန်ဈေးကွက်က ဟောင်ကောင်၊ မလေးရှားနဲ့ ဂျပန်နိုင်ငံ တို့မှာလည်း ဈေးကွက်ရှိနေပါပြီ၊ ရေချိုပုစွန်မွေးမြူရေးမှာ မြန်မာက ၁ ဧကကို ၃ တန် ထွက်တယ်။ ထိုင်းမှာရေချိူ Tiger  က ၁ ဧက ၅ တန်ထွက်တယ်၊ တရုတ်မှာ ရေချိုပုစွန်ဖြူကို ၁ ဧက ၁၅ တန် ထွက်အောင်မွေးရာက အခု ၂၁ တန် ထွက်နေပါပြီ။ သူတို့ရဲ့မွေးနည်းက ၁ ဧကမှာကောင်ရေများများနဲ့ မွေးကြတယ်လို့သိရတယ်။ ဂျပန်ဈေးကွက်က အခုချိန်ထိ ရေချိုပုစွန်  Tiger  ကို တစ်စိုက်မတ်မတ်ဝယ်ယူလိုကြတယ်။ မကြာခင်ကာလမှာ အာဆီယံ branded ထုတ်လုပ်မှု နည်းစနစ်တွေ တစ်ပုံစံတည်းဖြစ်ရမယ်ဆိုတဲ့ သတ်မှတ် ချက်တွေကိုမဖြစ်မနေသွားရတော့မှာဖြစ်တယ်။ ဒါ့ကြောင့် မြန်မာ ရေထွက်ကုန်ထုတ်လုပ်သူတွေက လက်ရှိရရှိပြီးသားဈေးကွက်ကို ဆက်ပြီးထိန်းသင့်ပါတယ်'' ဟု ယင်းအသင်းမှ အတွင်း ရေးမှူး ဦးထွန်းအေးက ပြောကြားခဲ့သည်။    မြန်မာရေထွက်ကုန်ပစ္စည်းတင်ပို့မှုက နိုဝင်ဘာလ ၁၄ ရက်အထိ ဒေါ်လာ ၃၄၁ ဒသမ ဝ၈၃ သန်းရရှိထားပြီး ဖြစ်သည်ဟု ဆိုသည်။ ခင်မျိုးသွယ်

Tuesday, 23 Nov 2010

 ငါးမြစ်ချင်း ၁ ပိသာ ၂ဝဝဝ ကျပ်ဖြင့် ဝယ်ယူမှုရှိနေ      ဗဟိုစံပြငါးဈေးကြီးတွင် ပြည်ပ သို့တင်ပို့ရောင်းချသည့် ငါးအရွယ် အစား ၂-ကစ ၁ပိသာလျှင် ၂ဝဝဝ ကျပ်ဝန်းကျင်ဖြင့် ဝယ်ယူမှုရှိနေ ကြောင်း ရေချိုငါး မွေးမြူသူများထံက သိရသည်။      '' ငါးမြစ်ချင်း 2-up Export အရွယ် ၁ပိသာကို ၂၂ဝဝ ကျပ်၊ ၂၃ဝဝ ကျပ်အထိရခဲ့တာလည်းရှိပါတယ်။ အခုလို ငွေဈေးကျ ပြည်ပဝယ်လက်ပါး တဲ့ အချိန်မှာတော့ ၁ ပိသာကို ၂ဝဝဝ ကျပ်ရှိတာကြောင့်အရှုံးပေါ်ပါတယ်။ ဒါပေမဲ့ ငါးသမားတိုင်း ရှုံးသလားဆို တော့လဲ မဟုတ်ပါဘူး။ အခုအချိန် အောက်တိုဘာလနဲ့ နိုဝင်ဘာလအတွင်း ငါးဖော်ရမဲ့သူတွေအနေနဲ့ ရှုံးနိုင်ပါ တယ်။ ဒီကာလရှေ့လတွေရယ်၊ ဒါမှမဟုတ် ၂ဝ၁၁ ခုနှစ်၊ ဇန်နဝါရီလ လောက်မှာ ကန်ဖော်ကြတဲ့ သူတွေကျ တော့ မရှုံးနိုင်ပါဘူး။ ပြည်ပတင်ပို့တဲ့ အခါ ဈေးမရလို့ပြည်တွင်းဈေးကွက်ထဲ ဖြန့် မယ်ဆိုတော့လဲ ပြည်တွင်းစားသုံး သူက ငါးမြစ်ချင်းအကောင်ကြီးရင် အကောင်ကြီးလို့ဆိုပြီး အကောင်လိုက် ဝယ် သူရှားတယ်။ ခုတ်သားလောက်ပဲ စားကြတာ။ ပြည်တွင်းဈေးကွက်က ၅ဝ သားအရွယ်တွေကိုပဲ အဝယ်များတတ်တယ်'' ဟု မြန်မာနိုင်ငံငါးလုပ်ငန်း အဖွဲ့ချုပ်က တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။       နိုဝင်ဘာလ ၁၈ ရက်နေ့တွင် 2- up အရွယ်ငါးမြစ်ချင်းများကို ၁ ပိသာ လျှင် (၂ဝဝဝ-၂ဝ၂၅) ကျပ်ဈေး ဖြင့် ငွေဇာပုလဲကုမ္ပဏီ၊ ငွေပင်လယ်ကုမ္ပဏီ နှင့် သုံးပွင့်ဆိုင်ကုမ္ပဏီတို့က ဝယ်ယူ လျက် ရှိသည်။                                                   ခင်မျိူးသွယ်

Monday, 15 Nov 2010

ရေထွက်ကုန်တင်ပို့မှု မနှစ်ကထက် ဝင်ငွေပိုများလာ         ပို့ကုန်ဝင်ငွေ ဒေါ်လာ တစ်ယူနစ်တန်ဖိုး ကျဆင်းခြင်း၊ ဒေါ်လာဈေးနိမ့်ကျနေ ခြင်းတို့ကြောင့် တင်ပို့သူများအတွက် အခက်အခဲရှိနေ သော်လည်း ရေထွက်ကုန်တင်ပို့သူများ အနေဖြင့် မနှစ်ကအနေအထားထက် တင်ပို့မှုများခဲ့သဖြင့် ဝင်ငွေပိုများ သည့် အနေအထားရှိနေကြောင်း ငါးလုပ်ငန်းဦးစီးဌာနက တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။       '' ဂျပန်ကလည်း ယန်းငွေတွေချ ၊ အမေရိကန်ကလည်း ငွေဈေးတွေချပြီး သူတို့ရဲ့ထုတ်ကုန်တွေကို နိုင်ငံတကာဈေးကွက်ကို တိုးနိုင်အောင်စီစဉ်နေပုံရတယ်။ ဒါကြောင့် ဒေါ်လာဈေးကအတော်ကျနေပြီး ပြည်တွင်းက တင်ပို့သူတွေ တွက်ချေ မကိုက်တဲ့ အနေအထားကြောင့် အတားအဆီးတွေ ရှိနေသလိုဖြစ်နေပါတယ်။ သို့သော်လည်း ရေထွက်ကုန်တင်ပို့သူများအနေဖြင့် မနှစ်ကအနေအထားထက် တင်ပို့မှု များခဲ့တယ်လို့ သုံးသပ်လို့ရပါတယ်။ မနှစ်ကအောက်တိုဘာလအထိ ပြည်ပတင်ပို့မှုက ဝင်ငွေဒေါ်လာ ၂၅၁ ဒသမ ၆၈၇ သန်းဘဲ ရခဲ့ပေမဲ့ ဒီနှစ်မှာ အောက်တိုဘာလအထိ ရရှိငွေကဒေါ်လာ ၃၂၂ ဒသမ ၂၄၄ သန်းဖြစ်တဲ့အတွက် ဒေါ်လာသန်း ၇ဝ ကျော် ပိုရထားတဲ့အနေအထားရှိပါတယ်'' ဟု ယင်းဌာနက တာဝန်ရှိသူတစ်ဦးက သုံးသပ်ပြောကြားသည်။       အဆိုပါ ရရှိငွေများမှာ မူဆယ်မှ ဒေါ်လာ ၄ဝ ဒသမ ၉၉၃ သန်း၊ မြဝတီက ဒေါ်လာ ၄ ဒသမ ၆၁၃ သန်း၊ ကော့သောင်းက ဒေါ်လာ ၁၁ ဒသမ ၄၈၉ သန်း၊ စစ်တွေက ဒေါ်လာ ၄ ဒသမ ၁၂၂ သန်း၊ မြိတ်က ဒေါ်လာ ၅၆ ဒသမ ၁၉ဝ သန်း၊ မောင်တောက ဒေါ်လာ ၃ ဒသမ ဝ၇၆ သန်း၊ တမူးက ဒေါ်လာ ဝ ဒသမ ၁ဝ၉ သန်းနှင့် ပုံမှန်ကုန်သွယ်ရေးက ဒေါ်လာ ၂ဝ၁ ဒသမ ၆၅၂ သန်းတို့ ဖြစ်ကြောင်း သိရသည်။                                                                                                                                 ခင်မျိုးသွယ် 

Monday, 15 Nov 2010

မန်းဈေးကွက်မှာ မွေးမြူရေးအစားအစာဈေးငြိမ်နေ        အောက်တိုဘာလနှင့် နိုဝင်ဘာလ နှစ်လအတွင်း မန္တလေးဈေးကွက်မှာ မွေးမြူရေးအစာဈေးနှုန်း တည်ငြိမ်လျက် ရှိကြောင်း သိရပါတယ်။ ပြောင်းဖတ်၊ ပဲဖတ်၊ နှမ်းဖတ်၊ ပဲပုပ်၊ ဝါစေ့ဖတ်နှင့် ဖွဲနုဈေးနှုန်းမှာ အတက်အကျမရှိဘဲ ဈေးငြိမ် လျက်ရှိပြီး စားကွဲဈေးနှုန်းမြင့်တက်လာပါတယ်။      ''အခါတိုင်း ဒီအချိန်ဆို ဈေးကျနေကျ။ ကုန်ပစ္စည်းအသစ်ပေါ်ရင် ဈေးပြန်ကျရမှာ။ ပြည်ပအထွက်နည်းနေတဲ့ အတွက် ဒီရက်ပိုင်းအရောင်းအဝယ်လည်းပါးတယ်။ ပြည်တွင်းဈေးကွက်ဘဲ အရောင်းအဝယ်ရှိနေတယ်။ ဝယ်လက်အတွက် အဆင်ပြေတာပေါ့။ ပြည်ပကဝင်တဲ့ ပဲပုပ်ဈေးဆက်ငြိမ်နေပြီး စားကွဲဈေးကပြန်ကျနိုင်တယ်'' လို့ မွေးမြူရေး လုပ်ငန်းရှင် တစ်ဦးက ပြောပါတယ်။ နိုဝင်ဘာဒုတိယပတ်အတွင်း ဈေးနှုန်းများမှာပြောင်း ၅၄ ပိဿာတစ်အိတ်ကို ၁၅ဝဝဝ ကျပ်၊ ၁၆ဝဝဝ ကျပ်၊ပဲဖတ် တစ်ပိဿာကို ၈၈ဝ ကျပ်၊ ၉ဝဝ ကျပ်၊ နှမ်းဖတ် တစ်ပိဿာ ၇၈ဝ ကျပ်၊ ၈ဝဝ ကျပ်၊ နေကြာဖတ်တစ်ပိဿာ ၆ဝဝ ကျပ်၊ ပန်းနှမ်းဖတ် တစ်ပိဿာ ၆၄ဝ ကျပ်၊ ဝါစေ့ဖတ် တစ်ပိဿာ ၃၈ဝ ကျပ်၊ ဖွဲနုတစ်ပိဿာကို ၃၅ဝ ကျပ်၊ ၃၇ဝ ကျပ်၊ ပဲပုပ် ၈၄ဝ ကျပ်၊ ၈၅ဝ ကျပ်၊ ဆန်ကွဲပိဿာ ၃ဝ ပါတစ်အိတ်ကို ၁၂ဝဝဝ ကျပ်ဈေးရှိကြောင်း သိရပါတယ်။                                                                                 ဇူးဇူး 

Pages