Background
ငါးသေးအချို့နှင့် ငါးမျိုးစိတ်များပျောက်ကုန်သည့်အတွက် သယံဇာတ ထိန်းသိမ်းရေးအဖွဲ့ ဖွဲ့ရန် ပြောကြား သဘာဝရေပြင်ရှိ ငါးသေးအချို့နှင့်ငါးမျိုးစိတ်များပျောက်ကုန်သည့်အတွက် သယံဇာတထိန်းသိမ်းရေး ကော်မတီတစ်ရပ် ဖွဲ့စည်း ထိန်းသိမ်းဖို့လိုအပ်ကြောင်း မြိတ်ကျွန်းစု ထိန်းသိမ်းရေးကော်မတီအဖွဲ့က သိရသည်။ '' အရင်တုန်းက သုတေသနပြု လေ့လာချက်တွေအရ သဘာဝရေပြင်မှာ ငါးပုစွန် အထိ အမိက တစ်နာရီ ကို ၂၈၈ ကီလိုရှိခဲ့ပြီး အခုနောက်ပိုင်း ၂ဝဝ၆ ခုနှစ်မှာ SEAFDEC ရဲ့ စစ်တမ်းတွေအရ ငါးပုစွန်အထိအမိမှာ တစ်နာရီကို ၈၆ ကီလိုသာ ရှိလာပါတယ်။ ငါးအထိအမိက ၃ဝ ရာခိုင်နှုန်းအထိကျဆင်းသွားတာပါ။ ဒါ့အပြင် ငါးသေးအချို့နှင့် ငါးမျိုးစိတ် တွေ ပျောက်ကုန်တဲ့အတွက် သယံဇာတ ထိန်းသိမ်းရေးကော်မတီတစ်ရပ်ဖွဲ့ဖို့လိုပါတယ်။ ဒီလိုပဲတစ်ကမ္ဘာလုံးမှာလည်း ငါးသယံဇာတတွေကို အလွန်အကံျွဖမ်းဆီးကြတာကြောင့် သယံဇာတတွေ တဖြည်းဖြည်း လျော့ကျနေပါပြီ၊ ဒါ့ကြောင့်လည်း သဘာဝမှာ ငါးသယံဇာတတွေ လျော့ပါးလာတဲ့အတွက် မွေးမြူရေးက အစားထိုးထုတ်လုပ်ကြရတာဖြစ်ပါတယ်'' ဟု မြိတ် ကျွန်းစု ထိန်းသိမ်းရေး ကော်မတီဥက္ကဌက ပြောကြားသည်။ အဆိုပါအသင်းအနေဖြင့် မြိတ်ကျွန်းစု ဒေသထိန်းသိမ်းရေးအတွက် ကကတစ် မွေးမြူရေးနှင့် ရေမှော် စိုက်ပျိုးမွေးမြူရေး၊ ပင်လယ်မျှော့၊ ခရုနှင့်အခြားရေသတ္တဝါများ မွေးမြူနိုင်ရေးအတွက်နည်းပညာများ ဖြန့်ဝေပေးနိုင်ရန် စီစဉ်ဆောင် ရွက်နေ သည်ဟု ဆိုသည်။ ခင်မျိုးသွယ်
ကဏန်းတန်ချိန် ၁၁၇ဝဝ ကျော်တင်ပို့မှုက ဒေါ်လာ ၂၁ သန်းခန့် ရရှိခဲ့ ၂ဝဝ၉-၂ဝ၁ဝ ဘဏ္ဍာနှစ်အတွင်း မြန်မာနိုင်ငံက ဖမ်းဆီးရမိသည့် ကဏန်းများကို ပြည်ပနိုင်ငံများသို့ တင်ပို့ရောင်းချခဲ့ရာတွင်တန်ချိန် ၁၁၇ဝဝ ကျော်တင်ပို့မှုက ဒေါ်လာ ၂၁ သန်းခန့် ရရှိခဲ့ကြောင်းကဏန်းလုပ်ငန်း ရှင်များ အသင်းက သိရသည်။ '' မနှစ်က ကဏန်းတင်ပို့တဲ့တန်ချိန်က ၁၁၇၃၁ ဖြစ်ပြီး ဒေါ်လာအားဖြင့် ၂ဝ ဒသမ ၈၅ သန်းရရှိခဲ့ပါ တယ်။ ကဏန်းပျော့ ထုတ်လုပ်မှုအနေနဲ့တစ်နှစ်လုံး ထုတ်လုပ် တင်ပို့မှုက ၁၆၂၈ ဒသမ ၆၇ တန် ရှိခဲ့ပြီး ငွေရရှိမှု က ဒေါ်လာ ၈ ဒသမ ၂၃ သန်းဖြစ်ပါတယ်။ ကဏန်းပျော့ဟာ ရေထွက်ပစ္စည်း ပို့ကုန်တွေထဲမှာ ဝယ်လိုအား ကောင်းတဲ့ ပစ္စည်းအနေနဲ့ ရပ်တည်နိုင်ခဲ့ပါတယ်။ အခုဆိုရင် ဗီယက်နမ် ကပါ ကဏန်းပျော့မွေးမြူထုတ်လုပ်လာ တဲ့အတွက် ဈေးကွက်ထဲမှာ ယှဉ်ပြိုင်ရမဲ့ နိုင်ငံတစ်နိုင်ငံတိုးလာပြီ ဖြစ်ပါတယ်။ ဒါ့ကြောင့် ကဏန်းပျော့ ထုတ်လုပ်သူတွေအနေနဲ့ အရည်အသွေး ကောင်းကောင်းနဲ့ဈေးကွက်ကို ထိုးဖောက် ရပ်တည် နိုင်ဖို့လိုပါတယ်'' ဟု ယင်းအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ မြန်မာနိုင်ငံက ကဏန်းများကို တင်ပို့ရာတွင် မူဆယ်၊ မြဝတီ၊ မြိတ်၊ ကော့သောင်းနယ်စပ်ကုန်သွယ်ရေး စခန်းများနှင့် လေကြောင်းလိုင်းတို့က တင်ပို့ရောင်းချလျက် ရှိသည်။ ခင်မျိုးသွယ်
ရေထွက်ကုန်ထုတ်လုပ်မှု၏ ၁ဝ ရာခိုင်နှုန်းကိုသာ ဈေးကွက်သို့တင်ပို့နေ မြန်မာနိုင်ငံရေထွက်ကုန်ပစ္စည်းများထုတ်လုပ်မှု၏ ၁ဝ ရာခိုင်နှုန်းကိုသာ ကမ္ဘာ့ရေထွက်ပစ္စည်းဈေးကွက် သို့ တင်ပို့လျက်ရှိနေကြောင်း မွေးမြူရေးနှင့် ရေလုပ်ငန်းဝန်ကြီးဌာနက သိရသည်။ '' မြန်မာနိုင်ငံရဲ့ ရေထွက်ကုန်စ္စည်းတွေကို နိုင်ငံပေါင်း ၃ နိုင်ငံကို အဓိက တင်ပို့နေပါတယ်။ တကယ် ထုတ်လုပ်နိုင်တာဟာ တန် ၃ဝဝဝဝဝဝ ဆိုရင် တင်ပို့ရောင်းချနိုင်တာက တန် ၃ဝဝဝဝဝ ပဲရှိပါတယ်။ ဒါကိုကြည့်ရင် ဈေးကွက်ရဲ့ ၁ဝ ရာခိုင်နှုန်းကိုသာ တင်ပို့နေရတယ်လို့ သုံးသပ်လို့ရပါတယ်'' ဟု ယင်းဌာန၏ အကြီးအကဲတစ်ဦးက ပြောကြားသည်။ မြန်မာနိုင်ငံအဓိက တင်ပို့လျက်ရှိသော ရေထွက်ကုန်ပစ္စည်းများမှာ ငါးမြစ်ချင်း၊ ငါးခေါင်းပွ၊ ငါးကြင်း၊ ငါးပတ်၊ ငါးဂျောင်း၊ ထိုင်းငါးခုံးမကြီး၊ ငါးသလောက်၊ ငါးပါးနီ၊ ငါးဂုံးညို၊ ငါးဝိုင်း စသည့်ငါးများအပြင် ပင်လယ်ရေမှော် ၊ ငါးရှဉ့်၊ ကဏန်း၊ ကဏန်းပျော့စသည်တို့ပါဝင်သည်ဟုဆိုသည်။ ခင်မျိုးသွယ်
အင်းအိုင်များနှင့်သဘာဝရေပြင်က ထုတ်လုပ်မှုနှစ်ဆတိုးတက်လာ အင်းအိုင်များနှင့် သဘာဝရေပြင်က ထုတ်လုပ်မှုမှာ ၅ နှစ်အတွင်းနှစ်ဆ တိုးတက်လာကြောင်းမွေးမြူရေးနှင့်ရေလုပ်ငန်းဝန်ကြီးဌာနက သိရသည်။ '' အင်းအိုင်များနဲ့ သဘာဝရေပြင်ကနေ ၂ဝဝ၉-၂ဝ၁ဝ အတွင်း သဘာဝငါးထုတ်လုပ်မှု မက်ထရစ်တန် ၁ဝ သိန်းရှိပြီး ငါးနှစ်အတွင်း ထုတ်လုပ်မှုနှစ်ဆတိုးတက်လာကြောင်းကို ကိန်းဂဏန်းများအရသိရပါတယ်။ အင်းအိုင် လုပ်ငန်းမှာ အမြတ်အစွန်းရရှိရေး တစ်ခုတည်းကိုသာ အဓိကမထားဘဲ အင်းများရေရှည်တည်တန့်ပြီး ရေချိုငါး လုပ်ငန်းစဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေဖို့ အတွက် ဆောင်ရွက်ကြဖို့လိုပါတယ်။ ငါးလုပ်ငန်းဦးစီးဌာနက အင်းများရေရှည် တည်တန့်ဖို့ အတွက် ကြေးတိုင်အင်းများလုပ်ကိုင်ရန် ကြေးတိုင်ချပေးခြင်း၊ အင်း နယ်နမိတ်ကျောက် တိုင်များစိုက်ထူခြင်း၊ အင်းများရေစီးရေလာ ကောင်းစေရန် အတွက်ပြင်ဆင်ခြင်း၊ အင်းရေပြင်များအတွင်း Hatchery မှ ငါးသားပေါက်များစိုက်ထည့်ခြင်းနဲ့ သဘာဝမှ ငါးမိုျးများ အင်းရေပြင် အတွင်း ချန်လှပ်မွေးမြူစေခြင်းတို့ကို တွန်းအားပေး ဆောင်ရွက်လျက်ရှိပါတယ်'' ဟု ယင်းဌာနက အကြီးအကဲ တစ်ဦးက ပြောကြားသည်။ မြန်မာနိုင်ငံတွင် ငါးဖမ်းဆီးထုတ်လုပ်ရေးအတွက် သဘာဝ ရေပြင်များ အပြင် အင်းလုံးရေ ၃၇၂၄ ရှိနေသည်ဟုဆိုသည်။ ခင်မျိုးသွယ်
ရေထွက်ကုန်ပစ္စည်းတင်ပို့မှု ၅၆ ရာခိုင်နှုန်း အကောင်အထည်ဖော်ပြီး ၂ဝ၁ဝ-၂ဝ၁၁ခုနှစ် ဘဏ္ဍာနှစ်အတွင်း မြန်မာနိုင်ငံကရေထွက်ကုန်ပစ္စည်းများကိုပြည်ပသို့တင်ပို့ရာတွင် ၅၆ ရာခိုင်နှုန်း အကောင်အထည်ဖော်ပြီး ဖြစ်ကြောင်း မွေးမြူရေးနှင့်ရေလုပ်ငန်းဝန်ကြီးဌာနကထုတ်ပြန်ချက်အရသိရ သည်။ '' ၂ဝ၁ဝ-၁၁ ဘဏ္ဍာနှစ်မှာ ပြည်ပကို ရေထွက်ကုန်ပစ္စည်းတွေ တင်ပို့မှုကနေ ဒေါ်လာ သန်း ၇ဝဝ ရရှိအောင် ရည်မှန်းဆောင်ရွက်လျက်ရှိရာမှာ ဒီဇင်ဘာလ ၁၂ ရက်နေ့အထိ ဒေါ်လာသန်း ၃၉ဝ ကျော်ရရှိထား ပြီး ဖြစ်တာကြောင့် ၅၆ ရာခိုင်နှုန်းအကောင်အထည်ဖော်ဆောင်ရွက်ထားပြီးဖြစ်ပါတယ်။ အဲဒီရရှိငွေတွေထဲက ကဏန်းတင်ပို့မှုက ဒေါ်လာ ၃၅ သန်း၊ လျာထားချက်အနက် ဒေါ်လာ ၂၃ သန်းကျော်ရရှိထားပြီး ၆၈ ရာခိုင်နှုန်း ကျော် တင်ပို့ပြီးဖြစ်ပါတယ်။ ငါးရှဉ့်လုပ်ငန်း တင်ပို့မှုက ဒေါ်လာ ၂၅ သန်း လျာထားပြီး ဒေါ်လာ ၁၆ သန်းကျော်ရရှိ ထားပြီး ၆၇ ရာခိုင်နှုန်းကျော် တင်ပို့ထားပြီးဖြစ်ကာ ရေခိုျငါး တင်ပို့မှုအတွက် ဒေါ်လာ ၁၂၅ သန်းလျာထားပြီး အခုဒေါ်လာ ၈၄ သန်းကျော်ရရှိထားကာ အကောင်အထည်ဖော် တင်ပို့ပြီး ရာနှုန်းက ၆၇ ရာခိုင်နှုန်းကျော်ဖြစ်ပါတယ် '' ဟု အဆိုပါပုဂ္ဂိုလ်ကပြောကြားခဲ့သည်။ ရေထွက်ပို့ကုန်များကို ၂ဝဝ၉-၂ဝ၁ဝ ဘဏ္ဍာနှစ်အတွင်း ဝင်ငွေဒေါ်လာသန်း ၇ဝဝ ရရှိရန်လျာထား ဆောင်ရွက်ခဲ့ရာ ဒေါ်လာ ၄၉၆ ဒသမ ၅၉ သန်း ရရှိခဲ့သည်ဟု ဆိုသည်။ ခင်မျိုးသွယ်
ကဏန်းထွက်ရှိရာနေရာများ၌ ဥပါမျိုးကဏန်းမကြီးများ ပြန်လွှတ်ပေးခဲ့ မြန်မာနိုင်ငံရှိ ကဏန်းထွက်ရှိရာနေရာများ၌ ဥပါ မိုျးကဏန်းမကြီးများကို ပြန်လွှတ်ပေးရေး လုပ်ငန်းများကို ငါးလုပ်ငန်း ဦးစီးဌာနက စီစဉ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။ '' ကဏန်းထွက်ရှိတဲ့ ရခိုင်ပြည်နယ်၊ ဧရာဝတီတိုင်းဒေသကြီးနဲ့ တနင်္သာရီတိုင်းဒေသကြီး (၃) ခုတို့မှာ ဥ ပါမျိုးကဏန်း အမကြီးတွေကိုပြန်လွှတ်ပေးဖို့စီစဉ်ဆောင်ရွက်ခဲ့ပါတယ်။ ဒါ့အပြင် ၁ဝဝ ဂရမ် အောက်ကဏန်းငယ် တွေကိုလည်း ပြန်လွှတ်ပေးရေးကို ၂ဝ၁ဝ-၂ဝ၁၁ ဘဏ္ဍာနှစ်အတွင်း ဆောင်ရွက်နိုင်ခဲ့ပါတယ်။ ကဏန်းတွေဟာ ပြန်လည်မိုျးပွား နိုင်တဲ့ အလေ့အထတွေရှိပေမဲ့ သဘာဝကထုတ်ယူသုံးစွဲမှုတွေ များပြားလာရင် သဘာဝမှာ ကုန်ခမ်းသွားပြီး မျိုးသုန်းရှားပါး သွားနိုင်တာကြောင့် ဒီအစီအစဉ်ကို ဆောင်ရွက် လုပ်ကိုင်ရတာဖြစ်ပါ တယ်။ လုပ်ငန်းရှင်တွေအနေနဲ့နည်းပညာကို အသုံးပြုပြီး ရေရှည်လုပ်ငန်းအတွက် ကဏန်း သားဖောက်နိုင်တဲ့ အဆင့်အထိ ငါးလုပ်ငန်းဦးစီးဌာန နဲ့ပူးပေါင်း ဆောင်ရွက်သွားကြဖို့ လိုပါတယ်'' ဟု ယင်းဌာနက တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။ ငါးလုပ်ငန်းဦးစီးဌာနအနေဖြင့် ကဏန်းသယံဇာတထိန်းသိမ်းရေးအတွက် သဘာဝမှ ထုတ်ယူသုံးစွဲမှုကို အစားထိုးနိုင်ရန် အတွက် ချောင်းသာ ကဏန်းသားဖောက်စခန်းတွင် ကဏန်းသားဖောက်လုပ်ကိုင်မှုကို ၂ဝဝ၉-၂ဝ၁ဝ ခုနှစ်က စတင်လုပ်ကိုင် လျက်ရှိသည်ဟုဆိုသည်။ ခင်မျိုးသွယ်
ရေထွက်ပစ္စည်းအရှင်များ ပြည်ပတင်ပို့ရန် လိုင်စင်လျှောက်ထားရန်လို ရေထွက်ကုန်ပစ္စည်းများထဲမှ ငါးပုစွန်အရှင်နှင့် အခြားရေထွက်ကုန် ပစ္စည်းအရှင်များကို ပြည်ပတင်ပို့ရာတွင် လိုင်စင်လျှောက်ထားရန်လိုအပ်ကြောင်း ငါးလုပ်ငန်းဦးစီးဌာနက တာဝန်ရှိသူတစ်ဦးက သားငါးကဏ္ဍ ဖွံ့ဖြိုးတိုး တက်မှုဆိုင်ရာ ဆွေးနွေးပွဲတွင် ပြောကြားခဲ့သည်။ '' ရေထွက်ကုန်ပစ္စည်းအရှင်များကို ပြည်ပကိုတင်ပို့မယ်ဆိုရင် ဌာနမှာ လိုင်စင်လျှောက်ထားနိုင်ပါတယ်။ တရားဝင်ခွင့်ပြုမိန့် ထုတ်ပေးမှာပါ၊ အကယ်၍ ရေထွက်ကုန်ပစ္စည်းအရှင်တွေကို လိုင်စင်မပါဘဲ တရားမဝင် ပြည်ပကို တင်ပို့တာကို စစ်ဆေးတွေ့ရှိခဲ့ရင် ထောင်ဒဏ် ၁ နှစ်နဲ့ဒဏ်ငွေ ကျပ်တစ်သောင်းကို တစ်မျိုးမျိုးကို သော်လည်းကောင်း၊ ပူးတွဲ၍သော်လည်းကောင်း ကျခံရမှာဖြစ်ပါတယ်။သက်သေခံ အဖြစ် အဲဒီငါးပုစွန်အရှင်တွေ မွေးတဲ့ မွေးကန်ကိုလည်းပြည်သူ့ဘဏ္ဍာ အဖြစ် သိမ်းယူဖို့ ဥပဒေကပြဌာန်းထားပါတယ်'' ဟု ယင်းဌာနမှ အရာထမ်း တစ်ဦးက အတည်ပြုပြောကြားသည်။ ယခုအခါ ပြည်ပပို့ကုန်လုပ်ငန်းရှင်များ အနေဖြင့်ရေထွက်ပစ္စည်း အရှင်များအနက် အလှမွေးငါး၊ ဂဏန်း၊ ကျောက်ငါး၊ ငါးရှဉ့်၊ ရေခိုျပုစွန်ထုပ်နှင့် ကျောက်ပုစွန် အရှင်တို့ကို တင်ပို့လျက်ရှိကြောင်းသိရသည်။ ခင်မျိုးသွယ်
ငါးမြစ်ချင်းကို တိုင်းဒေသြ့ကီး(၃)ခုမှ အဓိကထား ထုတ်လုပ်နေ ပြည်ပနိုင်ငံဈေးကွက်များသို့တင်ပို့လျက်ရှိသည့် ငါးမြစ်ချင်းဆိုဒ်ကြီးအရွယ်ကြီးများကို တိုင်းဒေသကြီး (၃) ခုမှ အဓိကထား မွေးမြူထုတ်လုပ်နေကြောင်း မြန်မာနိုင်ငံ ငါးမွေးမြူရေးအဖွဲ့ချုပ်မှ သိရသည်။ '' ငါးမြစ်ချင်းငါးက တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ မွေးမြူနေတဲ့ငါးဖြစ်ပေမဲ့ ပြည်ပဈေးကွက်အတွက် အရွယ်ကြီး တွေရအောင် မွေးမြူနေတာက ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး ( အနောက်) နဲ့ ဧရာဝတီတိုင်း ဒေသကြီး (၃) ခုတို့က အဓိကထား အများဆုံးထုတ်လုပ်နေတာပါ။ ကျန်ပြည်နယ်နဲ့ တိုင်းဒေသကြီးတွေမှာ မွေးတဲ့ငါးမြစ်ချင်း တွေက ပြည်တွင်း စားသုံးမှုအတွက် မွေးမြူကြတာဖြစ်ပါတယ်။ ပြည်နယ်နဲ့တိုင်းဒေသကြီးတွေမှာ ငါးမွေးမြူရေးဧက ၂ သိန်းကျော်အနက် ပြည်ပဈေးကွက်အတွက် မွေးမြူတဲ့ တိုင်းဒေသကြီး ၃ ခုမှ ငါးမွေးဧက တစ်သိန်းခွဲကျော်ရှိနေပါ တယ်။ ရေခိုျငါး မွေးမြူရေး လုပ်ငန်းမှာ အဓိကထားမွေးမြူ ထုတ်လုပ်တဲ့ ငါးက ငါးမြစ်ချင်းပါ။ သူနဲ့မျိုးတူငါးတွေ ငါးကြင်း၊ ငါးသိုင်းခေါင်းပွ၊ ငါးခုံးမတို့ ရေချိုငါးမုန့်တို့ကို တိုးခဲျ့မွေးခဲ့ပေမဲ့ ငါးမြစ်ချင်းက ဈေးနှုန်းတည်ငြိမ်ပြီး မွေးမြူ သူတွေအတွက် အကျိုးအမြတ် ဖြစ်ထွန်းတဲ့ ငါးအဖြစ် ရေရှည် ရပ်တည်နိုင်ခဲ့တာပါ'' ဟုယင်းအသင်းမှ တာဝန်ရှိသူတစ်ဦးက ငါးမြစ်ချင်းများတိုးခဲျ့မွေးမြူလာရခြင်း အကြောင်းကို သုံးသပ် ပြောကြားခဲ့သည်။ ခင်မျိုးသွယ်
အအေးခန်းစက်ရုံ ၅ ရုံမှ အီးယူ ခွင့်ပြုချက်ရရှိရန် လျှောက်ထားလာ အီးယူဈေးကွက်ဖြစ်သော ဥရောပသမဂ္ဂနိုင်ငံများဈေးကွက်သို့ ရေထွက်ကုန်ပစ္စည်းများ တိုးမြှင့်တင်ပို့ နိုင်ရန်အတွက် ရေထွက်ပစ္စည်း ပြုပြင်ထုတ်လုပ်သည့် အအေးခန်းစက်ရုံ ၅ ရုံမှ အီးယူခွင့်ပြုချက် (EU Approval )ရရှိရန် ငါးလုပ်ငန်း ဦးစီးဌာနသို့ လျှောက်ထားလာကြောင်း သိရသည်။ '' အီးယူနိုင်ငံတွေကို ဖမ်းဆီးရရှိတဲ့ ငါးတွေ၊ ပုစွန်တွေကို အအေးခန်း စက်ရုံ ၈ ရုံကနေ တင်ပို့နေပါတယ်။ နောက်ပိုင်းမှာ မွေးမြူထုတ်လုပ်ခြင်းက ရရှိတဲ့ ငါးပုစွန်တွေကိုပါ တင်ပို့ခွင့်ရအောင် စီစဉ်နေပါတယ်။ မွေးမြူထုတ်လုပ်ရေးက ထွက်ရှိတဲ့ ငါးပုစွန်တွေကို အီးယူတင်ပို့ခွင့်ရအောင် လိုအပ်ချက်က ၁၂ ချက်လောက်ရှိ ပါတယ်။ အဓိကစစ်ဆေးပေးရမှာက ၆ မိုျးရှိပါတယ်။ တစ်နှစ်စာစစ်ဆေးခအနေနဲ့ ကျပ်သိန်း (၁၅ဝ) လောက် ကုန်ကျမှုရှိပါတယ်။ ဒါဟာ နိုင်ငံတကာ နဲ့ယှဉ်ပြီး လုပ်ရမဲ့ ကိစ္စဖြစ်ပါတယ် '' ဟု ငါးလုပ်ငန်းဦးစီးဌာနက တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ အီးယူ ဈေးကွက်သို့တင်ပို့ရန် လိုအပ်ချက်များအတွက် လိုအပ်သည့် သင်တန်းများကိုလည်း အီးယူနိုင်ငံများမှ ပညာရှင်များက လာရောက်ပို့ချပေးခဲ့ကြောင်း၊ အီးယူနိုင်ငံများ၏ လိုအပ်သည့် စံချိန်စံညွှန်းများကို လိုက်နာကျင့်သုံးခြင်းဖြင့် အီးယူနိုင်ငံများသို့ တင်ပို့နိုင်မည်ဖြစ်သည့်အပြင် အခြားနိုင်ငံ ဈေးကွက်များသို့ တင်ပို့ရာတွင်လည်း အီးယူခွင့်ပြုချက် ရရှိပြီး ဖြစ်ပါက ဈေးကွက်ယုံကြည်မှုနှင့် ဈေးကောင်းရရှိနိုင်သည်ဟုဆိုသည်။ ခင်မျိုးသွယ်
ရေထွက်ပစ္စည်းတန် ၁၅ဝ ကို လေကြောင်းလိုင်းက တင်ပို့ခဲ့ ၂ဝ၁ဝ နိုဝင်ဘာလအတွင်း ရေထွက်ကုန်ပစ္စည်းတန် ၁၅ဝ ကို လေကြောင်းလိုင်း ၈ ခုကတင်ပို့မှုရှိခဲ့ ကြောင်း ဒီဇင်ဘာလ ၇ ရက်နေ့ကMFF ၌ ပြုလုပ်သည့် သားငါးကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ဆွေးနွေးပွဲမှ သိရသည်။ '' နိုဝင်ဘာလတစ်လအတွင်းမှာ ကုမ္ပဏီ ၁၁ ခုက လေကြောင်း လိုင်း ၈ ခုကနေ ရေထွက်ကုန်တန် ၁၅ဝ ကို တန်ဖိုးအားဖြင့် ဒေါ်လာ ၄ သိန်းကျော်ဖိုး တင်ပို့ခဲ့ပါတယ်။ အဲဒီအထဲမှာ ကျောက်ငါးအရှင်၊ ကျောက်ငါး အသေ၊ ကဏန်းအရှင်၊ အလှမွေးငါး၊ ငါးပါးနီ၊ ငါးလင်ဗန်း၊ ကျောက်ပုစွန် စသည်ဖြင့် ပါဝင်ပါတယ်။ အဲဒီအထဲမှာ အလှမွေးငါးတင်ပို့မှုက ဝင်ငွေ ၃ သောင်းကျော်ဖိုး ရှိခဲ့ပါတယ်'' ဟုငါးလုပ်ငန်းဦးင်္စီးဌာနက တာဝန်ရှိသူတစ်ဦး ကပြောကြားသည်။ ယခုအခါမြန်မာနိုင်ငံမှပြည်ပသို့ပြေးဆွဲနေသည့် လေကြောင်း လိုင်းများမှာ China-Southern, Air-China, Thai-Airways, Bangkok-Airways, Malaysia- AirLines, Silk-Air, Vietnam-AirLines စသည်ဖြင့် လေကြောင်းလိုင်း ( ၁၃) ခုဖြင့် ပြေးဆွဲပေးလျက် ရှိသည်။ ခင်မျိုးသွယ်
