Background
ငါးရှဉ့်ဈေးနှုန်းများ စံချိန်တင်ရရှိခဲ့ မြန်မာနိုင်ငံက တင်ပို့ရောင်းချသည့် ငါးရှဉ့် ဈေးနှုန်းများ စံချိန်တင်ဈေးနှုန်းများရရှိခဲ့ကြောင်း ငါးရှဉ့် လုပ်ငန်းရှင်များအသင်းက သိရသည်။ ''ဖေဖော်ဝါရီ ၁၂ ရက်နေ့က ငါးရှဉ့်တစ်တန်ကို ၄၃၆ဝ ဒေါ်လာရရှိခဲ့ပါတယ်။ အဲဒီဈေးနှုန်းဟာ ဒီနှစ်ထဲမှာ ရတဲ့ဈေးနှုန်းတွေထဲမှာ အများဆုံးရရှိတဲ့ ဈေးနှုန်းဖြစ်သလို မနှစ်ကရတဲ့ အမြင့်ဆုံးဈေးနှုန်းတွေထက် လည်း စံချိန်ချိုး နိုင်ခဲ့တဲ့ ဈေးနှုန်းဖြစ်ပါတယ်။ အခုသယ်ယူပို့ဆောင်ရေးမှာ ကားတွေရဲ့တင်ပို့နိုင်တဲ့ ကုန်တန်ချိန်ကိုလျော့လိုက်တဲ့အတွက် အရင်က ကားတစ်စီးကို တာ ၁၅ဝ တင်ပို့ခဲ့ပြီး ယခု ၈၅တာ သာ တင်ပို့နေရတဲ့အတွက် ငါးရှဉ့်ဈေးကောင်းပေမဲ့ သယ်ယူ ပို့ဆောင်စရိတ်က မြင့်တက်ခဲ့တယ်'' ဟု ယင်းအသင်းဥက္ကဋ္ဌ က ပြောသည်။ မြန်မာနိုင်ငံကထွက်ရှိသည့် ငါးရှဉ့်များကို မူဆယ် နယ်စပ်ကုန်သွယ်ရေးကလည်းကောင်း ၊ လေကြောင်း လိုင်းကလည်းကောင်း တင်ပို့လျက်ရှိရာ ဖေဖော်ဝါရီ ၁၃ ရက်နေ့ အထိ ဒေါ်လာ ၂ဝ ဒသမ ၆၄၈ သန်းရရှိပြီး ဖြစ် သည်ဟု ဆိုသည်။ MN
ရေထွက်ကုန်တင်ပို့မှုက ဒေါ်လာ ၄၈၄ သန်းကျော်ရရှိပြီ မြန်မာနိုင်ငံက ထွက်ရှိသည့် ရေထွက်ကုန်များကို ပြည်ပနိုင်ငံများသို့ တင်ပို့ရောင်းချလျက်ရှိရာ ဘဏ္ဍာနှစ်အတွင်း ဖေဖော်ဝါရီလ ၁၃ ရက်နေ့အထိ ရရှိငွေမှာ ဒေါ်လာ ၄၈၄ သန်းကျော်ရှိလာပြီဖြစ်သည်။ ''ရေထွက်ကုန်ပစ္စည်းတွေတင်ပို့ရာမှာ ပင်လယ်ရေကြောင်းက ဒေါ်လာ ၂၉၈ ဒသမ ၃၁၃ သန်း၊ မူဆယ်က ဒေါ်လာ ၆၅ ဒသမ ၆၂၄ သန်း၊ ကော့သောင်းက ၁၉ ဒသမ ၂၃၄ သန်း၊ စစ်တွေက ဒေါ်လာ ၇ ဒသမ ၁၅၉ သန်း၊ မြိတ်က ဒေါ်လာ ၈၄ ဒသမ ၃၉၆ သန်း၊ မောင်တောက ဒေါ်လာ ၄ ဒသမ ၁၄၁ သန်းနဲ့ တမူးက ဒေါ်လာ ဝ ဒသမ ၁၅၇ သန်း၊ စုစုပေါင်း ဒေါ်လာ ၄၈၄ ဒသမ ၂၃၇ သန်းရှိနေပြီဖြစ်ပါတယ်။ စခန်းတွေအလိုက် ကော့သောင်းက တန် ၁၈၂၄ လျော့ပေမယ့် ဒေါ်လာ ၁ ဒသမ ၈၈ သန်းပိုပြီး တင်ပို့နိုင်ခဲ့ပါတယ်။ အလားတူမြိတ်ကလည်း တန်ချိန်လျော့ပေမဲ့ ငွေရပိုခဲ့ပါ တယ်။စစ်တွေကတော့ တန်ချိန်ရော၊ ငွေရောလျော့နည်း တာတွေ့ရပါတယ်'' ဟု ငါးလုပ်ငန်းဦးစီးဌာန၊FIQC ကတာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။ အဆိုပါရရှိငွေများအနက် ကဏန်းတင်ပို့မှုက ဒေါ်လာ ၃၁ ဒသမ ဝဝ၅ သန်း၊ ငါးရှဉ့်တင်ပို့မှုက ဒေါ်လာ ၂ဝ ဒသမ ၆၄၈ သန်း၊ ရေချိုငါးတင်ပို့မှုက ဒေါ်လာ ၉၆ ဒသမ ၉၂၁ သန်းပါဝင်ခဲ့ကြောင်း သိရသည်။ MN
ငါးမြစ်ချင်း ဈေးကွက်သစ်များရရှိရန်ကြိုးစားသင့် မြန်မာနိုင်ငံက အများဆုံးမွေးမြူထုတ်လုပ်လျက်ရှိသည့် ငါးမြစ်ချင်းနှင့်ပတ်သက်သည့် ဈေးကွက်သစ်များကို ထပ်မံ ရရှိရန် ကြိုးစားသင့်ကြောင်း ငါးမြစ်ချင်းမွေးမြူသူ များထံ က သိရသည်။ '' ငါးကုန်ထုတ်လုပ်မှုမှာ Market အခြေအနေမသိဘဲ ထုတ်လုပ်နေတာကြောင့် ဈေးကွက်ရှာဖို့လိုအပ်ပါတယ်။ အထူးသဖြင့် ငါးမြစ်ချင်းနဲ့ ပတ်သက်တဲ့ ဈေးကွက်ကို အနောက်ဖက် နိုင်ငံတွေမှာ ဈေးကွက်ရဖို့ကြိုးစားဖို့ လိုသလို အရှေ့ဖက်နိုင်ငံတွေဖြစ်တဲ့ တရုတ်၊ ဂျပန်စတဲ့ နိုင်ငံတွေမှာ လည်း ဈေးကွက်ရရှိဖို့ကြိုးစားသင့်ပါတယ်။ ဒါ့အပြင် တရုတ် နိုင်ငံဆိုရင်လည်း စက်မှုနိုင်ငံ တည်ဆောက်နေတာကြောင့် ဈေးကွက်ရဖို့ ငါးဦးစီးက ကြိုးစားပေးသင့်ပါတယ်''ဟု တွံတေး မြို့နယ်အခြေစိုက် ငါးမြစ်ချင်း မွေးမြူသူ တစ်ဦးက ပြောကြား သည်။ ယခုနှစ်အတွင်း ငါးမြစ်ချင်းမွေးမြူသူများ တွက်ခြေ မကိုက်မှုကြောင့် ငါးမြစ်ချင်းများကို ပုစွန်ဖြင့် လည်းကောင်း၊ ငါးတန် များနှင့်လည်းကောင်း၊ ငါးကြင်းရွှေဝါများနှင့် လည်း ကောင်း၊ ကကတစ်များနှင့်လည်းကောင်း တွဲဖက်မွေးမြူသည့် ပုံစံများ ပြောင်းလဲ မွေးမြူလာကြသည်ဟု သိရသည်။ MN
ကဏန်းတင်ပို့မှုက ဒေါ်လာ သန်း ၃ဝ ကျော်ရရှိ မြန်မာနိုင်ငံက ဖမ်းဆီးထုတ်လုပ်သည့်ကဏန်းများကို ပြည်ပနိုင်ငံများသို့ ဒေါ်လာ သန်း၃ဝ ကျော်ရရှိထားပြီဖြစ် ကြောင်းငါးလုပ်ငန်းဦးစီးဌာနက ထုတ်ပြန်ချက်အရသိရသည်။ ''ကဏန်းတွေကို ပြည်ပနိုင်ငံတွေကို တင်ပို့ရာမှာမူဆယ် နယ်စပ်စခန်းကနေ ဒေါ်လာ ၉ သန်းခန့်၊ မြဝတီကနေ ဒေါ်လာ သုည ဒသမ ၅၄၄ သန်းခန့် မြိတ်နယ်စပ် ကုန်သွယ်ရေးကနေ ဒေါ်လာ သုည ဒသမ ၁၂၂ သန်းခန့်၊ ကော့သောင်း ကနေ ဒေါ်လာ သုည ဒသမ ၃၉၆ သန်းခန့်၊လေကြောင်းလိုင်း ကနေ ဒေါ်လာ ၁၂ သန်းခန့်တင်ပို့ ရောင်းချခဲ့ရာ စုစုပေါင်း ဒေါ်လာ ၂၂ သန်းခန့်ရရှိခဲ့ပါတယ်။ ဒါ့အပြင် ရန်ကုန် တိုင်း ဒေသကြီးနဲ့ တနင်္သာရီတိုင်းဒေသ ကြီး ၂ ခုကနေ ကဏန်း ပျော့မွေးမြူ ထုတ်လုပ်တင်ပို့ရောင်းချမှုက ဒေါ်လာ ၉ သန်း ခန့်ရရှိထားပြီးဖြစ်ပါတယ်'' ဟု ယင်းဌာနက တာဝန်ရှိသူတစ်ဦး က ပြောကြားသည်။ မြန်မာနိုင်ငံက ဖမ်းဆီးရရှိသည့် ကဏန်းများကို တရုတ် နိုင်ငံနှင့် ထိုင်း နိုင်ငံတို့သို့ နယ်စပ်ကုန်သွယ်ရေးဖြင့် လည်း ကောင်း၊ လေကြောင်းလိုင်းဖြင့်လည်းကောင်း အဓိက တင်ပို့ ရောင်းချလျက်ရှိသည်ဟု ဆိုသည်။ ခင်မျိုးသွယ်
ငါးသလောက်နှင့်စပ်လျဉ်းသည့် သယံဇာတ ထိန်းသိမ်းရေးဆိုင်ရာ စာတမ်းဖတ်မည် ငါးသလောက်နှင့် စပ်လျဉ်းသည့် သယံဇာတထိန်းသိမ်းရေးဆိုင်ရာ စာတမ်းဖတ်ပွဲကို မကြာမီပြုလုပ်မည်ဖြစ် ကြောင်း ဖေဖော်ဝါရီလ ၈ ရက်နေ့က မြန်မာနိုင်ငံငါးသလောက်လုပ်ငန်းအဖွဲ့ ချုပ်၌ အပတ်စဉ်ပြုလုပ်သည့် သားငါး ကဏ္ဍဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ဆွေးနွေး ပွဲကသိရသည်။ ''ငါးသလောက်သယံဇာတထိန်း သိမ်းရေးဆိုင်ရာ စာတမ်းကို ဖေဖော်ဝါရီ ၂၅ ရက်နေ့မှာ ငါးလုပ်ငန်းအဖွဲ့ချုပ် ရဲ့ သီရိအဏ္ဏဝါခန်းမမှာ မနက် ၉ နာရီ မှာ စတင်ပြုလုပ်ဖို့ရှိပါတယ်။ ငါးသ လောက်ဟာ မြန်မာနိုင်ငံရဲ့အဓိကကျတဲ့ ဟင်းလျာဖြစ်သလို၊ ဘင်္ဂလားပင်လယ် အော်ဒေသရဲ့ အနောက်ဘက်ခြမ်းမှာ အရေးကြီးတဲ့ငါးပါ။ ငါးလုပ်ငန်း ဦးစီး ဌာနအနေနဲ့ ငါးသလောက်ထိန်းသိမ်း ရေးကို ဧရာဝတီတိုင်းမှာ ဆောင်ရွက် ရာ၌ မြစ်အတွင်းမှာ ငါးအမျိုးအစား ပေါက်ပွားမှု၊ ငါးဥချမှု၊ နေရာဒေသ ရာသီဥတု၊ ငါးဖမ်းကိရိယာ စတဲ့ အချက်တွေကို လေ့လာပြီး စာတမ်းကို Work Shop မှာဖတ်ကြားမှာ ဖြစ်ပါ တယ်'' ဟု ငါးလုပ်ငန်းဦးစီးဌာနက တာဝန်ရှိပုဂ္ဂိုလ်တစ်ဦးက ပြောကြားသည်။ အဆိုပါငါးသလောက်များကို ပင်လယ်ပြင်တွင် ဖမ်းဆီးရာ၌ ဝါးတန်း သင်္ဘောဖြင့် ဝိုင်းချုပ်ပိုက်နှင့်ဖမ်း၍ ရေချိုမှာ မျှောပိုက်၊ ကျားပိုက်၊ သုံးထပ် ပိုက်များဖြင့်လည်း ဖမ်းဆီးကြသည်ဟု ဆိုသည်။ ခင်မျိုးသွယ်
မြန်မာနိုင်ငံရေထွက်ကုန်များကို ထိုင်းက တန်ချိန် အများဆုံးဝယ်ယူ မြန်မာနိုင်ငံက ရေထွက်ကုန်များကို ပြည်ပနိုင်ငံများက ဝယ်ယူလျက်ရှိရာတွင် ၂ဝဝ၉-၂ဝ၁ဝ ဘဏ္ဍာနှစ် အတွင်း ထိုင်းနိုင်ငံက တန်ချိန်အများဆုံးဝယ်ယူခဲ့ကြောင်း ငါးလုပ်ငန်းဦးစီးဌာနက ထုတ်ပြန်သည့် စာရင်းဇယားများအရ သိရသည်။ ''မြန်မာ့ရေထွက်ကုန်တွေကို တရုတ်၊ ထိုင်း၊ စင်္ကာပူ၊ ကူဝိတ်၊ မလေးရှား၊ ဆော်ဒီ၊ ဂျပန်၊ ယူအေအီး၊ ဘင်္ဂလားဒေ့ရှ်နဲ့ ယူနိုက်တက်ကင်းဒမ်နိုင်ငံတို့က အများဆုံးဝယ်ယူမှုရှိခဲ့ပါတယ်။ အဲဒီနိုင်ငံတွေက အများဆုံး ဝယ်ယူခဲ့တဲ့ ရေထွက်ပစ္စည်းတွေ ကတော့ ငါးမြစ်ချင်း၊ ငါးသလောက်၊ တိုက်ဂါးပုစွန်၊ ကဏန်း၊ ငါးရှဉ့်၊ ပုစွန်ခြောက် တို့ပါ''ဟု ယင်းဌာနက တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ အဆိုပါနိုင်ငံများအပြင် မြန်မာနိုင်ငံက ရေထွက်ကုန်များကို ယူကေ၊ နယ်သာလန်၊ ဆွီဒင်၊ ဘယ်လ်ဂျီယံ၊ ပြင်သစ်၊ ဂျာမနီ နိုင်ငံများစသည်ဖြင့် နိုင်ငံပေါင်း ၂၇ နိုင်ငံတို့ကလည်း ဝယ်ယူမှုရှိခဲ့သည်ဟုဆိုသည်။ MN
ပြည်ဈေးကွက်မှာ ငါးကြင်းအဝင်သွက်ပြီး ငါးသလောက်ဈေးမာ ပြည်ဒေသအတွင်း တစ်ပိုင်တစ်နိုင်မွေးမြူခြင်းနဲ့ စီးပွား ဖြစ်မွေးမြူသော ငါးကြင်းငါးများဟာ ပဲခူးတိုင်း ဒေသကြီး အနောက်ပိုင်း ဈေးကွက်များတွင် အရောင်းအဝယ်သွက်နေ ကြောင်း သိရပါတယ်။ ယခုဖေဖော်ဝါရီလအတွင်း ဒေသအတွင်း ထွက်ရှိသော ငါးကြင်းငါးအသေးဆိုက်( ၁၅ ကျပ်သားအောက်ခံ) ငါးကလေးများကို ငါးဒိုင်များတွင် တစ်ပိဿာ ၁၄ဝဝ ကျပ်၊ ၁၆ဝဝ ကျပ်ဖြင့် အရောင်းအဝယ်သွက်နေကြောင်း တွေ့ရပါတယ်။ ပြည်ဈေးကွက်တွင်းသို့ ယခုဖေဖော်ဝါရီလအတွင်း ရန်ကုန်ဗဟိုစံပြငါးဈေးကြီးမှ ငါးသလောက်များ နေ့စဉ်ပုံမှန် ဝင်ရောက်လျက်ရှိပါတယ်။ ငါးသလောက်ဈေးမှာလည်း အတက်အကျမရှိဘဲ အမြင့်ဈေးမှာငြိမ်နေတာကို တွေ့ရပါ တယ်။ ပြည်ငါးဒိုင်များတွင် တစ်နေ့ကို ငါးသလောက် ဝင်ရောက်မှု ပိဿာချိန် ၅ဝဝ ခန့် ဝင်ရောက်ပြီး ငါးသလောက် တစ်ပိဿာကို ၂၆ဝဝ ကျပ်ဈေးဖြင့် အရောင်း အဝယ် ဖြစ်ကြောင်း သိရပါတယ်။နီနီဝင်း
နာဂါစကီ သမဝါယမအသင်းက အသည်းပုံကမာကောင်များထုတ်လုပ် မွေးမြူရေးဌာန များတွင် အသည်းပုံ ကမာကောင်များကို စတင်ထုတ်လုပ်နေပြီဖြစ်ကြောင်း ဂျပန် နိုင်ငံနာဂါစကီခရိုင်အတွင်းရှိ ဆာဆဲဘိုငါးမွေးမြူရေး သမဝါယမအသင်းက ဖေဖော်ဝါရီ ၁ ရက်နေ့က ပြောကြားပါ တယ်။ ယခုကြေညာချက်မှာ ဂျပန်အမျိုးသမီးတို့က သူတို့ ချစ်သူများအား ချော့ကလက် သို့မဟုတ်အခြားလက်ဆောင် များကို ပေးလေ့ရှိသော ဖေဖော်ဝါရီ ၁၄ ရက်မှာ ကျရောက်တဲ့ချစ်သူများနေ့မတိုင်မီ ထွက်ပေါ်လာခြင်းဖြစ်သည်။ သို့သော်လည်း ကမာကောင်များကို ထုတ်လုပ် ရန်အတွက် အချိန်သုံးလကြာမြင့်မည်ဖြစ်တဲ့အတွက် ယခုနှစ်မှာ ကျရောက်မယ့် ချစ်သူများနေ့မှာ အသည်းပုံ ကမာကောင်များကို ထုတ်လုပ်နိုင်ဦးမှာ မဟုတ်ကြောင်း သမဝါယမအသင်းက ပြော ကြားပါတယ်။ ကမာကောင် များကို အသည်းပုံရရှိရန် သတ္တုပုံစံခွက်များကိုလည်း အသုံးပြုပုံဖော်မှာဖြစ်ပြီး ဆာဆဲဘိုရှိ ကူပွန်ကူရှီးမားကျွန်း တွင် သုံးလခန့်မွေးမြူရဦးမှာ ဖြစ်ပါတယ်။ ကမ္ဘာမှာကမာကောင်များကို အသည်းပုံနဲ့ အလုံးအရင်းဖြင့် ထုတ်လုပ်ရာမှာ ယခုအကြိမ်က ပထမအကြိမ်ဖြစ်တယ်လို့ သမဝါယမအသင်း ရဲ့ တာဝန်ရှိသူ ဘူချီက ပြောကြားပါတယ်။ Source: japantoday.com
ငါးရှဉ့်-ကဏန်းကို လေကြောင်းလိုင်းက ဒေါ်လာ ၁၁ သန်းကျော်ဖိုးတင်ပို့ထား ၂ဝ၁၁ ခုနှစ်ဇန်နဝါရီလ ၃၁ ရက်နေ့အထိ ငါးရှဉ့်နှင့် ကဏန်းကို လေကြောင်းလိုင်းက ဒေါ်လာ ၁၁ သန်းကျော်ဖိုး တင်ပို့ထားကြောင်း သိရသည်။ ''ငါးရှဉ့်နဲ့ကဏန်းတွေကို လေကြောင်းလိုင်းကနေတင်ပို့ ဖို့ ခွင့်ပြုထားတဲ့အတွက် လုပ်ငန်းရှင်တွေက လေကြောင်း လိုင်းကို ရွေးချယ်တင်ပို့လာကြပါတယ်။ငါးရှဉ့်ကိုလေကြောင်း လိုင်းကနေ တင်ပို့တာ ဒေါ်လာ ဝ ဒသမ ဝ၆၆ သန်းဖိုးနဲ့ ကဏန်းကိုလေယာဉ်နဲ့ တင်ပို့ရောင်းချတာဒေါ်လာ ၁၁ ဒသမ ၂၄၉ သန်း၊ စုစုပေါင်းဒေါ်လာ ၁၁ သန်းကျော်ဖိုး ရှိနေပါပြီ'' ဟုငါးလုပ်ငန်းဦးစီးဌာနက တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ ငါးရှဉ့်နှင့်ကဏန်းကို လေကြောင်းလိုင်းအပြင် နယ်စပ် ကုန်သွယ်ရေးစခန်းအလိုက် တင်ပို့မှုမှာ မူဆယ်၊ မြဝတီ၊ မြိတ်နှင့်ကော့သောင်း နယ်စပ်ကုန်သွယ်ရေးစခန်းများက ဒေါ်လာ ၉ ဒသမ ၆၇၉ သန်း၊ ငါးရှဉ့်ကို မူဆယ်နှင့် မြဝတီ စခန်းများက ဒေါ်လာ ၁၉ ဒသမ ၄၉၈ သန်းဖိုး တင်ပို့ထားပြီး ဖြစ်သည်ဟု ဆိုသည်။ MN
ရေထွက်ကုန်တင်ပို့မှုက ယခင်နှစ်ထက် ဒေါ်လာ ၆၂ သန်းကျော်ပို ရေထွက်ကုန်ပစ္စည်းများကို ပြည်ပနိုင်ငံများသို့ တင်ပို့ရောင်းချလျက်ရှိရာလက်ရှိရရှိထားသော ဝင်ငွေမှာ ယခင်နှစ်က အနေအထားထက်နှိုင်းယှဉ်ပါက ဒေါ်လာ ၆၂ သန်းကျော် ပိုမိုရရှိထားကြောင်း ငါးလုပ်ငန်းဦးစီးဌာန က သိရသည်။ ''ရေထွက်ကုန်တင်ပို့မှုက ရရှိတဲ့ဝင်ငွေက ဒေါ်လာ ၄၆၄ ဒသမ ၉၆၃ သန်းရှိထားပါပြီ။မနှစ်က ၂ဝဝ၉ ဧပြီလ ၁ ရက်ကနေ ၂ဝ၁ဝ ခုနှစ် ဇန်နဝါရီလ ၃၁ ရက်အထိ ရရှိခဲ့တဲ့ဝင်ငွေက ဒေါ်လာ ၄ဝ၂ ဒသမ ၆၃၈ သန်း ပါ။အဲဒီဝင်ငွေနှစ်ခုကို နှိုင်းယှဉ်လိုက်ရင် ဒီနှစ်ထဲမှာရရှိထားတဲ့ ဝင်ငွေက ဒေါ်လာ ၆၂ သန်းကျော် ပိုရထားတာ တွေ့ရပါတယ်''ဟုယင်းဌာနက တာဝန်ရှိသူတစ်ဦးက ပြောပြသည်။ ၂ဝ၁၁ ခုနှစ် ဇန်နဝါရီလအတွင်း အပတ်စဉ်ရေထွက်ကုန်တင်ပို့မှုက ရရှိဝင်ငွေမှာ ဇန်နဝါရီလ ၁ ရက်မှ ၉ ရက်အထိ ဒေါ်လာ ၉ ဒသမ ၉၉၂ သန်း၊ ဇန်နဝါရီလ ၁ဝ ရက်မှ ၁၆ ရက်အထိ ဒေါ်လာ ၈ ဒသမ ၈၇၆ သန်း၊ ဇန်နဝါရီလ ၁၇ ရက်မှ ၂၃ ရက်အထိ ဒေါ်လာ ၉ ဒသမ ၈၆၃ သန်း၊ ဇန်နဝါရီလ ၂၄ ရက်မှ ၃ဝ ရက် အထိ ဒေါ်လာ ၁ဝ ဒသမ ၆၂၃ သန်း၊စုစုပေါင်းဒေါ်လာ ၃၉ ဒသမ ၃၅၄ သန်းရရှိခဲ့သည်ဟု ဆိုသည်။ MN
