Background
အင်းလေးကန်အတွင်း ဒေသမျိုးရင်း ငါးမျိုးစိတ် ၉ ခု တွေ့ရ အင်းလေးကန်အတွင်း တွေ့ရှိခဲ့ရသော ငါးမျိုးစိတ်များအနက် ဒေသမျိုးရင်းငါးမျိုးစိတ် ၉ မျိုးတွေ့ရှိရ ကြောင်း အင်းလေး ကန် စိမ်းလန်းစိုပြေရေးကော်မတီ်၏ မှတ်တမ်းများအရ သိရသည်။ '' အင်းလေးကန်ထဲမှာရှိနေတဲ့ ငါးမျိုးစိတ်က ၅ဝ ခန့်ရှိနေပါတယ်။ အဲဒီငါးမျိုးစိတ်တွေထဲမှာ ဒေသမျိုးရင်း ငါးမျိုးစိတ် တွေကိုလည်းတွေ့ရပါတယ်။ ငါးဖြူစိမ်း၊ ငါးနီစိမ်း၊ ငါးဖိန်း၊ ငါးအုံမက်၊ ငါးခူရှင်ဖ၊ ငါးရစ်၊ ငါးပြားသမ၊ ငါး တောင်နွယ်၊ ငါးပုတ်တို့ပါ။ အင်းလေးဒေသရဲ့ ဘီလူးချောင်းအဝင်ဝရှိ အင်းတိမ်ရွာ၊ သန်းတောင်ချောင်း အဝင်ဝရှိ ပင်းချောင်းရွာ၊ ဟဲယာရွာမ အုပ်စုနဲ့တောင်ပိုကြီးအုပ်စု၊ ရန်ပယ်ချောင်းအဝင်ဝက ရွာတွေမှာ ဒေသတွင်းငါးမျိုး စိတ်တွေရှင်သန်ပေါက်ဖွားနေထိုင်ဖို့ ကောင်းတဲ့စားကျက်နေရာတွေရှိနေပါတယ်'' ဟု ယင်းကော်မတီမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ အဆိုပါအင်းလေးကန်အတွင်းငါးဖမ်းကွက်ဧရိယာ ဧက ၁၆ဝဝဝ ခန့်ရှိနေပြီး၊ အင်းလေး ကန်အတွင်း ငါးမျိုး စိတ်များ လျော့နည်းပပျောက်ခြင်းမရှိစေရန်အတွက် ၂ဝဝ၉-၂ဝ၁ဝ ခုနှစ်အတွင်းငါးမျိုးစုံကောင်ရေ စုစုပေါင်း ၉၇ဝဝဝဝ ကျော်ကို အင်းလေးကန်အတွင်း ငါးမျိုးစိုက်ခဲ့သည်ဟု ဆိုသည်။ ခင်မျိုးသွယ်
တနင်္သာရီတိုင်းတွင် ကဏန်း ဘေးမဲ့ဇုန်ဧက ၆ဝဝ ခန့်ရှိ တနင်္သာရီတိုင်းတွင် ကဏန်းဘေးမဲ့ဇုန်များ အဖြစ် ဧက ၆ဝဝ ခန့်ကို ခရိုင် ၃ ခုတွင် သတ်မှတ်ခဲ့ပြီး ဖြစ်ကြောင်း မြိတ်ကျွန်းစုဂေဟစနစ် ထိန်းသိမ်းရေးအဖွဲ့မှ သိရသည်။ '' တနင်္သာရီတိုင်းမှာ မြိတ်ခရိုင်၊ ထားဝယ်ခရိုင်နဲ့ကော့သောင်းခရိုင် ၃ ခုအနက် ထားဝယ်ခရိုင်၊ ထားဝယ် မြစ်အနီးရှိ သရက်ချောင်းမြို့နယ်၊ လဘကျေးရွာအုပ်စု၊ ကွင်းအမှတ် ၄ဝ၉ (B)တွင် ဧရိယာ ၁၁၅ ဧက၊ ကော့သောင်း ခရိုင် ဘုတ်ပြင်းမြို့နယ်၊ အုန်းတောကမ်းကျေးရွာအုပ်စု၊ ကွင်းအမှတ် ၆၁၁ (ဂ) တွင် ဧရိယာ ဧက ၁ဝဝ၊ မြိတ်ခရိုင် ကျွန်းစုမြို့နယ်၊ ပန်းဇင်ကျေးရွာအနီး ကမ်းမီးစပ်ချောင်းနှင့် မအိုင်ရေပြင်အကြားရှိ - ပန်းဇင်ချောင်း၊ ပိတပ်ချောင်း၊ သိန်ဇွယ်ဝချောင်းများတွင် ဧရိယာ ဧက ၃၅ဝ စုစုပေါင်း ဧက ၆ဝဝ ခန့်ကို ကဏန်းဘေးမဲ့ဇုန် အဖြစ်သတ်မှတ်ထားပြီး ဖြစ်ပါတယ် '' ဟု ယင်းအဖွဲ့ဥက္ကဌ ဦးဟန်ထွန်းက ပြောကြား သည်။ အဆိုပါဒေသများရှိ ဘုတ်ပြင်းမြို့နယ်တွင် ကဏန်းကောင်ရေ ၃၅ဝဝ ကိုလည်းကောင်း၊ သရက်ချောင်း မြို့နယ်တွင် ကဏန်းကောင်ရေ ၆ဝဝ ကျော်ကိုလည်း ကောင်း၊ စုစုပေါင်း ကဏန်းကောင်ရေ ၄ဝဝဝ ကျော်ကို ၂ဝ၁ဝ-၂ဝ၁၁ ခုနှစ်အတွင်း မျိုးစိုက်ထည့်လွှတ်ပေးခဲ့သည်ဟု ဆိုသည်။ ခင်မျိုးသွယ်
ငါးမြစ်ချင်းနှင့် ပုစွန်စမ်းသပ်မွေးမြူရာ တွက်ခြေကိုက်မှုရှိ ရေချိုငါးမွေးမြူသူများထဲမှ အခိုျ့ငါးမြစ်ချင်းမွေးမြူသူများမှာ ပုစွန်နှင့်ရော၍ စမ်းသပ်မွေးမြူရာ စီးပွားရေး အရ တွက်ခြေကိုက်မှုရှိနေကြောင်း မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်၌ပြုလုပ်သည့် အစည်းအဝေးကသိရသည်။ '' ဒီနှစ်ထဲမှာ ရေချိုငါးမွေးမြူသူ တွေအနေနဲ့ ငါးမြစ်ချင်း ချည်းဘဲ မွေးမြူတာထက် ပုစွန်ပါရောမွေးတာ မျိုးကို စမ်းသပ်လုပ်ကိုင်လာသူတွေ ရှိလာပါတယ်။ မွေးတဲ့ပုံစံက ငါးမြစ်ချင်းကိုကျွေးတဲ့ ဘေးထွက်အစာကျန်နဲ့ ပုစွန်ကိုမွေးကြ တာပါ။ ပုစွန်ကိုသီးသန့်အစာမကျွေးကြပါဘူး။ ပုစွန်ကိုအရွယ်သေး ထုတ်ရောင်း ကြတာ တွက်ခြေကိုက်ပါတယ်။ ပုစွန်နဲ့ ရောထားတဲ့အတွက် မွေးကန်ရဲ့ ရေအရည်အသွေးကိုတော့ ပိုပြီးဂရုစိုက်ရပါတယ်။ရည်ရွယ်တာကတော့ ငါးမြစ်ချင်း တစ်ပိသာကို အရင်းက ၁၇ဝဝ ကျပ်လောက်ရှိပါတယ်။ ကိုယ်ဖော်ရောင်းတဲ့ အချိန် မှာ ငါးမြစ်ချင်းက ဈေးထိုးကျနေတာမိုျးနဲ့ ကြုံခဲ့ရင် ပုစွန်ရောင်းရငွေနဲ့ ထေနိုင်အောင်ပါ '' ဟု ရန်ကုန်တိုင်းဒေသကြီး အခြေစိုက် ရေချိုငါးနှင့် ပုစွန် စမ်းသပ်မွေးမြူ သူ တစ်ဦးကသတင်းပေးပြောကြားသည်။၏ ရေချိုငါးများအနက် ငါးမြစ်ချင်းငါးကို ပြည်ပတင်ပို့နိုင်ရန် အဓိက မွေးမြူကြသည့် ရန်ကုန်တိုင်း ဒေသကြီး တွံတေး၊ ခရမ်း၊ထန်းတပင်မြို့နယ်၊ ဧရာဝတီ တိုင်း ဒေသကြီး မအူပင်၊ ဓနုဖြူ ၊ ပန်းတနော်မြို့နယ်နှင့် ပဲခူးတိုင်း ဒေသကြီး အနောက်ပိုင်းတို့ရှိ ငါးမွေးမြူသူများကို ယင်းသတင်းအား လက်ဆင့်ကမ်းပေးနိုင်ရန် လိုအပ်ကြောင်း MFF မှ တာဝန်ရှိသူတစ်ဦးက သုံးသပ်ပြောကြားသည်။ ခင်မျိုးသွယ်
ငါးဈေးများသို့ ငါးသလောက်အဝင်များလာ ရန်ကုန်စံပြငါးဈေးကြီးနှင့် တကွ အခြားငါးဈေးများသို့ ငါးသလောက်များ ကုန်တက်ကောင်းကောင်းဖြင့် အဝင် များလာကြောင်း ငါးလုပ်ငန်းအဖွဲ့ချုပ် မှ သိရသည်။ '' ဒီရက်ထဲမှာ စံပြငါးဈေး၊ ဒလငါးဈေး၊ အင်းစိန်၊ ပုဇွန်တောင်ငါးဈေး တွေကို ငါးသလောက်တွေအတော် ဝင် ရောက်နေပါတယ်၊ ရာသီပေါ် ငါးဖြစ် တာကြောင့် ငါးသလောက် အဝင်များ တဲ့ အချိန်ဆို အအေးခန်းစက်ရုံ တွေက ပါ မွေးမြူရေးငါးတွေ အဝယ်ရပ်ပြီး ငါးသလောက်ကို ရသလောက်ဝယ်ယူတဲ့ သဘောရှိပါတယ်။ ငါးသလောက်ကို ပေါ်ချိန်မှာ ရသလောက် ဝယ်ယူ အေးခဲထားပြီး ရှားပါးချိန်လောက်မှာ ပြန်ထုတ်ရောင်းရင် အကျိုးအမြတ် များကြတာကြောင့် ငါးသလောက် ပေါ်ချိန်ဆို အအေးခန်းစက်ရုံတွေက မလွတ်တမ်း ဝယ်တတ်ကြပါတယ်။ ဒီနှစ်ဆိုရင် အခြားဝယ်လက်တွေကပါ ငါးသလောက် ရသလောက်ဝယ်ပြီး မူဆယ်က တစ်ဆင့် တင်ပို့နေတယ် ကြားရပါတယ်'' ဟု စံပြငါးဈေးရှိ ငါးဒိုင် တစ်ခုမှသိရသည်။ ငါးသလောက်မှာ ဖျာပုံ၊ ပုသိမ်ငဝန်မြစ်၊ တိုးမြစ်၊ ပန်းတနော်၊ ရွှေလောင်း စသည့် ဧရာဝတီတိုင်း ဒေသ ကြီးမှ လည်းကောင်း၊ ရန်ကုန်တိုင်း ဒေသကြီးအတွင်းရှိ ကျောက်တန်း၊ ကွမ်းခြံကုန်း၊ တွံတေး-ကဝက်ကင်း ကျေးရွာများမှလည်း ထွက်ရှိပြီး ယခု အခါ ၁ ပိသာလျှင် (၂၅ဝဝ-၄ဝဝဝ) ကျပ်အတွင်း ရောင်းချလျက် ရှိသည်။ ခင်မျိုးသွယ်
သဘာဝမြစ် ငါးအကောင်ကြီးများ အထိအမိကောင်းလာ ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ သဘာဝမြစ်ငါးအကောင်ကြီးများ အထိအမိကောင်းလာကြောင်း ရေချိုငါး မွေးမြူရေးအသင်းမှ သိရသည်။ '' နိုဝင်ဘာလနောက်ဆုံးပတ်ထဲမှာ သဘာဝမှာပေါက်ဖွားကြီးပြင်းတဲ့ မြစ်ငါးတန်တွေကို တိုးမြစ်ကြီးဘေး မှာရှိတဲ့ ကဝက်ကင်းရွာမှာ ၂ ပိသာ ၅ဝ၊ ၃ ပိသာခန့်ရှိတဲ့ အရွယ်ကြီးတွေကို အုပ်လိုက်ဖမ်းဆီးရမိကြပါတယ်။ ဖမ်းတဲ့သူ တစ်ဦးတစ်ဦးကို ၁ဝ ကောင်ကနေ ၂၅ ကောင်အထိ ဖမ်းဆီးရခဲ့ကြပါတယ်။ဒါ့အပြင် ဈေးအမြင့်ရှိတဲ့ ငါးမြင်းငါးတွေကိုလည်း သာမန်ထက်ပိုပြီး ဖမ်းဆီးရမိတဲ့ အနေအထားမှာရှိပါတယ်။ မြစ်ထဲမှာ သဘာဝငါးတွေထုတ်လုပ်မှု တိုးတက်လာတဲ့ အနေအထားရှိပါတယ်'' ဟု ဧရာဝတီတိုင်းဒေသကြီး အခြေစိုက် ရေလုပ်ငန်းရှင်တစ်ဦးက ပြောပြသည်။ ဧရာဝတီတိုင်းဒေသကြီးအတွင်းမှ ထွက်ရှိသည့် သဘာဝငါးများကို ရေလမ်းခရီးမှ တစ်ဆင့် ရန်ကုန်သို့ တင်ပို့ ရောင်းချရာတွင် အောက်တိုဘာလအတွင်း ငါးပိသာချိန် ၄ဝဝဝဝဝ ခန့်ကိုလည်းကောင်း၊ နိုဝင်ဘာလ အတွင်း ငါးပိသာချိန် ၃၅ဝဝဝဝ ခန့်ကို လည်းကောင်း ရေကြောင်းပို့ဆောင်ရေးဌာန (ဧရာဝတီဌာနခွဲ) မှ ထုတ်ပြန်သည့် စာရင်းဇယားများအရ သိရသည်။ ခင်မျိုးသွယ်
ငါးရှဉ့်တစ်တန်-ဒေါ်လာ ၄၂ဝဝ ရရှိလာ မြန်မာနိုင်ငံမှ ဖမ်းဆီးရမိသည့် ငါးရှဉ့်များကို ပြည်ပသို့တင်ပို့ ရောင်းချရာတွင် ငါးရှဉ့်တစ်တန်လျှင် ဒေါ်လာ ၄၂ဝဝ ရရှိလာကြောင်း ငါးရှဉ့်လုပ်ငန်း ရှင်များ အသင်းက သိရသည်။ '' နိုဝင်ဘာ၊ ဒီဇင်ဘာ၊ ဇန်နဝါရီ၊ ဖေဖော်ဝါရီအထိ အညာဘက်က ငါးရှဉ့်မထွက်တဲ့ ကာလတွေဖြစ်နေတာရယ်၊ တရုတ်နှစ်ကူးနီးလာတာရယ်၊ ဧရာဝတီတိုင်းဒေသကြီးနှင့် ရန်ကုန် တိုင်း ဒေသကြီးတွေကတင်ပို့တဲ့ ငါးရှဉ့် နည်းသွားတာရယ်၊ ငါးရှဉ့်ဝယ်လိုအား လိုက်လာတာရယ် စတဲ့အခြေအနေ တွေကြောင့်ငါးရှဉ့်တစ်တန်ကို ဒေါ်လာ ၄၂ဝဝ အထိ ရလာတာပါ။ လောလောဆယ် မန္တလေးကနေမူဆယ်ကို တစ်နေ့ ငါးရှဉ့် ကားတစ်စီး လောက်ပဲ တက်နိုင် တဲ့ အနေအထားရှိပါတယ်'' ဟု ယင်း အသင်းမှ ဥက္ကဌ ဦးဘသော်ကပြောကြားသည်။ ငါးရှဉ့်များကို နိုဝင်ဘာလ ၂၈ ရက်နေ့အထိ မူဆယ်နယ်စပ် ကုန်သွယ် ရေးစခန်းမှ ဒေါ်လာ ၁၆ ဒသမ ဝ၁၁ သန်း၊ မြဝတီနယ်စပ်ကုန်သွယ်ရေးစခန်းမှ ဒေါ်လာ ဝ ဒသမ ဝ၃၇ သန်းနှင့် လေကြောင်းလိုင်းက ဒေါ်လာ ဝ ဒသမ ဝ၆၆ သန်းဖိုး တင်ပို့ခဲ့ရာ စုစုပေါင်းဝင်ငွေ ဒေါ်လာ ၁၆ ဒသမ ၁၁၄ သန်းရရှိထားပြီး ဖြစ်သည်။ ခင်မျိုးသွယ်
ပင်လယ်ကမ်းခြေမှ Grouper ကျောက်ငါး ပို့ကုန်ဈေးကွက် ဧရာဝတီတိုင်းဒေသကြီး၊ ပင်လယ်ပိုင်းဒေသများမှ ပြည်ပဈေးကွက်ဝင် ကျောက်ငါးအရှင်များကို တရုတ်၊ စင်ကာပူ၊ ဟောင်ကောင်ပြည်ပနိုင်ငံများသို့ တင်ပို့လျက်ရှိကြောင်းသိရပါတယ်။ ကျောက်ငါးများကို ပွင့်လင်းရာသီ အောက်တိုဘာလမှ မိုးမကျခင် ဧပြီလအထိသာ ဈေးကွက်တွင် အရောင်းအဝယ်ရှိပြီး အကောင်သေးလျှင် ၃၅ ကျပ်သားမှ၊ အကောင်ကြီး တစ်ပိဿာကျော်အထိ ဖမ်းဆီးရမိကြောင်း သိရပါတယ်။ ချောင်းသာ၊ ငွေဆောင်ပင်လယ်ကမ်းခြေဒေသ ပတ်ဝန်းကျင်ရှိ ကျေးရွာများမှ အများဆုံးဖမ်းဆီးရမိပြီး၊ အဝယ်ဒိုင်များမှ တစ်ပိဿာလျှင် ၁၃ဝဝဝ ကျပ်၊ ၁၄ဝဝဝ ကျပ် ဈေးပေးဝယ်ယူလျက်ရှိပြီး၊ ရန်ကုန်သို့တင်ပို့ရာတွင် ဖော့ပုံးတစ်ပုံးလျှင် ကျောက်ငါးအရှင် ၉ ပိဿာခန့်ကို ရေငန်ထည့်သွင်း၍ ၂ ရက်၊ ၃ ရက်တစ်ကြိမ် ပိဿာချိန် ၄ဝ-၅ဝ ခန့်ကို ရန်ကုန်မှ တစ်ဆင့် ပြည်ပနိုင်ငံများသို့ တင်ပို့လျက်ရှိကြောင်းသိရပါတယ်။ မင်းမင်းဦီး
ဧရာဝတီတိုင်းဒေသကြီးအတွင်း ရေလုပ်ငန်းကုမ္ပဏီ ထပ်မံဖွဲ့စည်းလျက်ရှိ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့မှ ရေထွက်ပစ္စည်းများနဲ့ ပြည်ပဝင်ငွေရှာဖွေ ပေးလျက်ရှိတဲ့ ဒေသခံ ရွှေပုသိမ်ရေလုပ်ငန်းကုမ္ပဏီ၊ အဏ္ဏဝါထွန်း ရေလုပ်ငန်း ကုမ္ပဏီ၊ ခိုင်ရွှေစင်ရေလုပ်ငန်းကုမ္ပဏီတို့အပြင် ယခု ၂ဝ၁ဝ နိုဝင်ဘာလက ကွန်းအဏ္ဏဝါ ရေလုပ်ငန်းကုမ္ပဏီ ထပ်မံဖွဲ့စည်းပြီးစီးကြောင်း သိရပါတယ်။ ယခင်ကွန်းအဏ္ဏဝါငါးပုစွန်အဝယ်ဒိုင်မှ အိတ်စပို့ ရေချို၊ ရေငန်ငါးပုစွန်များကို နှစ်စဉ် ရန်ကုန်မှ တစ်ဆင့် ပြည်ပနိုင်ငံများသို့ တင်ပို့မှုရှိသော်လည်း ယခုဒေသခံ လုပ်ငန်းရှင်များမှ ပြည်ပသို့တိုက်ရိုက်တင်ပို့ရောင်းချနိုင်ရေးနဲ့ ဈေးကွက်ပိုမို ကျယ်ပြန့် လာစေရန် ရေရှည်အကျိုးစီးပွားအတွက် ရည်ရွယ်လျက် ကွန်းအဏ္ဏဝါ ရေလုပ်ငန်း ကုမ္ပဏီဖွဲ့စည်းပြီး ပြည်ပပို့ကုန် ရေထွက်လုပ်ငန်းများ ပိုမိုကျယ်ပြန့်စွာ လုပ်ဆောင် နိုင်ရန်အတွက် စီစဉ်ဆောင်ရွက် ခြင်းဖြစ်ကြောင်း သိရပါတယ်။ ငပုတောမြို့နယ်အတွင်းရှိ ပြင်ခရိုင်၊ သက္ကယ်သောင်၊ ဒီဒူးကုန်း၊ ငှက်ပေါက်၊ ဘုန်းတော်ပြည့်၊ ကျေးရွာများမှာ အများဆုံးလာရောက် ရောင်းချလျက် ရှိတဲ့ အိတ်စပို့ ငါးသလောက်၊ ငါးမုတ်၊ ကကတစ်၊ ကက္ကူရံ၊ ကျောက်ငါး၊ ကျားပုစွန်၊ မြီးနီပုစွန်များကို နှစ်ပတ်လည်ရောင်းဝယ်လျက် ပြည်ပသို့ တင်ပို့လျက်ရှိကြောင်း၊ သိရပါတယ်။ မင်းမင်းဦး
ရန်ကုန်မြို့တွင်း ငါးစားသုံးမှု တစ်ရက် ပိသာ ၃၇ သိန်းရှိနေ ယခုအပတ်အတွင်း ငါးဈေးကြီးများသို့တက်သည့် ငါးကုန်တက်စာရင်းများအရ ရန်ကုန်မြို့ခံလူထု၏ ငါးစားသုံးမှုမှာ တစ်ရက်လျှင် ပျမ်းမျှ ပိသာ ၇၃ သိန်းရှိနေကြောင်း နိုဝင်ဘာ၂၃ ရက်ကပြုလုပ်သည့် အစည်းအဝေး မှသိရသည်။ '' ဒီအပတ်ထဲမှာ ရန်ကုန်မြို့ခံလူထုရဲ့ ငါးစားသုံးမှုဟာ တစ်ရက်ကို ပိသာချိန် ၃၇ သိန်းရှိပြီး ရန်ကုန်ကနေ နယ်ဒေသတွေကို သွားတဲ့ငါးရယ်၊ အအေးခန်းစက်ရုံတွေက ဝယ်ယူတဲ့ငါးပိသာချိန်က တစ်ရက်ကို ပိသာချိန် ၆ ဒသမ ဝ၅ သိန်းရှိနေပါတယ်။ အဲဒီပိသာ ၆ ဒသမ ဝ၅ သိန်းမှာ နယ် တွေကိုသွားတဲ့ ရေချိုငါးက ပိသာ ၂ ဒသမ ၈၇ သိန်းနဲ့ အအေးခန်းစက်ရုံတွေက ဝယ်ယူတဲ့ရေငန် ငါးပိသာ ၃ ဒသမ ၁၈ သိန်းတို့ဖြစ်ပါတယ်။ အဲဒီစာရင်းဇယားတွေအရ မွေးမြူရေးငါးက စံပြငါးဈေး၊ အင်းစိန်၊ ပုဇွန်တောင်နဲ့ ဒလငါးဈေးတွေကိုတစ်ရက်ပျမ်းမျှ ပိသာ ၉၁ဝဝဝ ခန့် အဝင်ရှိနေ ပါတယ်'' ဟု ငါးလုပ်ငန်းဦးစီးဌာနက တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ ယခုအပတ်အတွင်း ငါးဈေးကြီးများ၏လက်ကားတစ်ပိသာဈေးနှုန်းများမှာ ငါးရံ့-၂ဝဝဝ ကျပ်၊ ငါးရွှေ-၁၁၆ဝ ကျပ်၊ ငါးယောင် (၅၅ဝ-၇၉ဝ )ကျပ်၊ ငါးဇင်းပြား -၅၆၇ ကျပ်နဲ့ ငါးခေါင်းပွ-၁၂ဝဝ ကျပ်တို့ဖြစ်သည်။ ခင်မျိုးသွယ်
ရေထွက်ပို့ကုန်တင်ပို့မှုက ၅ဝ ရာခိုင်နှုန်းကျော် အကောင်အထည်ဖော်ပြီး ရေထွက်ပို့ကုန်ပစ္စည်းများ တင်ပို့မှုက ရရှိငွေမှာ ၅ဝ ရာခိုင်နှုန်းကျော်အကောင်အထည်ဖော်ထားပြီး ဖြစ်ကြောင်း နိုဝင်ဘာလ ၂၃ ရက်နေ့ကငါးလုပ်ငန်းအဖွဲ့ချုပ်၌ ပြုလုပ်သည့် သားငါးကဏ္ဍဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ဆွေးနွေးပွဲတွင် ငါးလုပ်ငန်း ဦးစီးဌာနက တာဝန်ရှိသူတစ်ဦးကပြောကြားသည်။ '' ရေထွက်ကုန်ပစ္စည်းတွေကို ပုံမှန်ကုန်သွယ်ရေး၊ မူဆယ်၊ မြဝတီ၊ ကော့သောင်း၊ စစ်တွေ၊မြိတ်၊ မောင်တောနဲ့ တမူးနယ်စပ် ကုန်သွယ်ရေးနဲ့လေကြောင်းလိုင်းတို့ကနေ တင်ပို့နေပါတယ်။ ၂ဝ၁ဝ ဧပြီ ၁ ရက်နေ့ကနေ နိုဝင်ဘာ ၂၁ ရက်နေ့အထိ ရေထွက်ပစ္စည်း တင်ပို့မှုကလည်း ရရှိငွေမှာ ဒေါ်လာ ၃၅၄ ဒသမ ၅၇ဝ သန်းပါ၊ ရေထွက်ပစ္စည်းတင်ပို့မှုကလည်း ရရှိဖို့ လျာထားငွေက ဒေါ်လာ သန်း ၇ဝဝ ဖြစ်တဲ့အတွက် အကောင်အထည်ဖော်ပြီးတဲ့ရာခိုင်နှုန်းက ၅ဝ ဒသမ ၆၅ ရာခိုင်နှုန်း ဖြစ်ပါတယ်'' ဟု ယင်းဌာနက တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။ ထို့အတူ အသင်းများအနေဖြင့် လျာထား သတ်မှတ်ချက်အလိုက် အကောင်အထည်ဖော်ပြီးစီးမှုမှာ ကဏန်းလုပ်ငန်း ရှင်များ အသင်းအနေဖြင့် ၆၂ ဒသမ ၈၂ ရာခိုင်နှုန်း၊ ငါးရှဉ့်လုပ်ငန်းရှင်များအသင်းအနေဖြင့် ၆၄ ဒသမ ၃၄ ရာခိုင်နှုန်းတို့ အကောင်အထည်ဖော်ပြီးဖြစ်ကြောင်း သိရသည်။ ခင်မျိုးသွယ်
