Main menu

Background

အင်းလေးဒေသထွက် ပဒုမ္မာ ကြာချည်ထည်များ

Mon, 11/04/2024 - 12:19 -- journal_editor

ရှမ်းပြည်နယ်(တောင်ပိုင်း) ညောင်ရွှေမြို့နယ် အတွင်း ရှိ အင်းလေးကန်ဒေသအနေဖြင့် ကမ္ဘာကျော်နာမည်ကြီးမှုနှင့် အတူ ဒေသတွင်း ဖောင်တော်ဦးစေတီ၊ ရိုးရာရက်ကန်းအလုပ် ရုံများ၊ ရေပေါ်ကျွန်းမျှောစိုက်ခင်းများ၊ ပန်းပဲ၊ ငွေပန်းထိမ် လုပ်ငန်းများရှိသည့်အတွက် ပြည်တွင်းနှင့် ပြည်ပ ခရီးသွား များ လာရောက်လည်ပတ်သည့် မြန်မာနိုင်ငံ၏ အထင်ကရ နေရာတစ်ခုဖြစ်သည့်အတွက်  ခရီးသွားများမှ ဒေသတွင်း ထုတ်ကုန်များဖြစ်သည့် ရိုးရာအဝတ်အထည်၊ချည်ထည်၊ ကြာ ထည်များကို အလုပ်ရုံများတွင် ရက်ကန်း ရက်လုပ်မှုအား ကိုယ်တိုင်လေ့လာ၍ ဝယ်ယူခြင်းများနှင့် မြန်မာနိုင်ငံ အနှံ့ ဈေးကွက်များ ပြည်ပအမှာရှိသည့် ဈေးကွက်များသို့လည်း တင်ပို့ရောင်းချလျက်ရှိသည်။
အင်းလေးကန်အတွင်း  ရက်ကန်းလုပ်ငန်းကို  လွန်ခဲ့ သော  နှစ်ပေါင်း ၁၅၀ ခန့်မှ  ရှားစေးဖြင့် သင်္ကန်းရောင် သဘာဝဆိုးဆေးများ  အသုံးပြု၍ ရက်ကန်းလုပ်ငန်းများ စတင်ခဲ့ကြသည်။ ၂၀ဝ၀ ပြည့်နှစ်နောက်ပိုင်းတွင် ရက်ကန်း ပညာရှင်များမှ    နည်းပညာအသုံးပြု၍   သဘာဝဆိုးဆေး အရောင် ၄၄ မျိုးကို စမ်းသပ်ရရှိပြီး ၎င်းနည်းပညာများဖြင့် ဒေသတွင်းရှိ သစ်ပင်များ၏ (အရွက်၊ စေ့၊ အခေါက်၊ အသီး၊ အသား၊ အခွံ)တို့ဖြင့် သဘာဝဆိုးဆေးများကို ပြုလုပ်၍ သဘာဝဆိုးဆေး ချည်ထည်၊ ကြာချည်ထည်များ ထုတ်လုပ်ခဲ့ သည်။ ထို့ပြင် ပုံမှန်ဓာတု ဆိုးဆေးအသုံးပြု၍လည်း ပိတ်အုပ်၊ ရိုးရာအင်္ကျီ၊ ဘောင်းဘီ၊ လွယ်အိတ်၊  လုံချည်၊ ခြုံပဝါ၊ ကြာ သင်္ကန်းဒွိစုံတို့ကို ထုတ်လုပ်၍ ဈေးကွက်များသို့ ရောင်းချကြ  သည်။
၂၀ဝ၀ ပြည့်နှစ်မတိုင်မီ   အစောပိုင်း  ကာလများ၌ လက်ရက်ကန်း   အလုပ်ရုံ ၁၀ဝ၀ ကျော်ရှိခဲ့ပြီး ယခုအခါ အနည်းငယ်သော လုပ်ငန်းများသာ လည်ပတ်လျက်ရှိပြီး  မိရိုး ဖလာ လုပ်ကိုင်ကြသည့် လုပ်ငန်းရှင်များမှသာ ဆက်လက် ထိန်းသိမ်းပြီး   ဆောင်ရွက်လျက်ရှိသည်ကို တွေ့ရသည်။ အင်းလေးဒေသ မှ ရက်ကန်းလုပ်ငန်းများအနေဖြင့် အလုပ်ရုံ အကြီးအသေးပေါ် မူတည်ပြီး လုပ်သားအင်အားအနေဖြင့်  ၁၀ မှ ၂၀ ဦးခန့်ထိရှိသည်။ ပျမ်းမျှအနေဖြင့် နေ့စား၊ လုပ်သား အနေဖြင့် တစ်နေ့လျှင်  ကျပ် ၈၀ဝ၀ မှ ၁၁၀ဝ၀ နှင့် ကျွမ်းကျင် သူများအနေ ဖြင့် လခစားအဖြစ် ဆောင်ရွက်ကြသည်။ ချည်ထည်များ အတွက် ချည်ကုန်ကြမ်းများကို ပြည်တွင်းမှ တစ်တိုင်ချည်များ ဝယ်ယူပြီး နှစ်တိုင်ချည် ၂/၈၀ ကို အိန္ဒိယ မှ တင်သွင်းသည်။ 
ကြာချည်ကို အင်းလေးကန်ထဲမှ ပဒုမ္မာကြာ ပန်းပင် များမှသာ ရယူပြီး အလုပ်ရုံများမှ ကိုယ်တိုင်ကုန်ကြမ်းထုတ် လုပ်ခြင်းဖြစ်သည်။ ပန်းရောင်အပွင့် ပွင့်သောအပင်မှ ကြာ ချည်သည် ပိုမိုခိုင်ခံ့သည်ဟု သိရသည်။ ပဒုမ္မာကြာပန်းသည် ကောင်းမွန်သော အဓိပ္ပာယ်ရှိ၍ မြတ်စွာဘုရားအား လှူဒါန်း ခြင်း၊ မင်္ဂလာရှိခြင်း၊ အေးမြခြင်း၊ လာဘ်လာဘရရှိခြင်းတို့ ကြောင့် ပဒုမ္မာကြာချည်နှင့် ရက်လုပ်သော  အဝတ်အထည်များ အသုံးပြုပါက ကံကောင်းခြင်းများ ရရှိသည်ဟုဆိုကြသည်။ ထိုပဒုမ္မာကြာပင်မှရရှိသော ကြာချည်များကို ရက်ကန်း ရက် လုပ်နိုင်သည့် အဆင့်အထိကို လုပ်သားများကိုယ်တိုင် ချည် ငင်ခြင်း၊ ချည်ဆိုးဆေးများကို သစ်ပင်၊ သစ်ခေါက်၊ သစ်သီး များမှ ရရှိသော သဘာဝဆိုးဆေးများကိုသာ အသုံးပြုခြင်း၊ ပဒုမ္မာကြာသင်္ကန်းတစ်စုံကို ရက်လုပ်ပါက ကြာရိုးပေါင်း  နှစ် သိန်းခန့်  အသုံးပြုရခြင်း၊ လက်မှုပညာ (Hand Made)စစ်ဖြစ် ခြင်းတို့ကြောင့် ဈေးနှုန်းမြင့်ရခြင်းဖြစ်ကြောင်း သိရသည်။
ကြာချည်ဖြင့်ရက်လုပ်သော  အဝတ်အထည်များကို ဝတ်ဆင်ပါက ကျန်းမာရေးကောင်းမွန်ခြင်း၊ ပေါ့ပါး၍အေးမြ မှုရှိခြင်း၊ လူ၏ ခန္ဓာကိုယ်နှင့် လိုက်လျောညီထွေမှု ရှိခြင်းတို့ အပြင် မင်္ဂလာရှိသည်ဟု ယူဆကြသောကြောင့် ပြည်တွင်း သာမက ပြည်ပမှပါ ဝယ်ယူအသုံးပြုကြခြင်းဖြစ်သည်။ ကြာ ချည်ဖြင့် ရက်လုပ်သော ပစ္စည်းများအနက် ကြာချည်သင်္ကန်း ဒွိစုံသည် ထင်ရှားပြီး တစ်စုံလျှင် ကျပ် ၂၂ သိန်းမှ ၂၇ သိန်းခန့် ထိရှိသည်။  ကြာပဝါများမှာ အရွယ်အစားအလိုက် ကျပ် ၁၈၀ဝ၀ဝ မှ ကျပ် ၄၀ဝ၀ဝ၀ ခန့်ထိရှိသည်။ 
ဓာတုဆိုးဆေးများဖြင့် ရက်လုပ်သော ချည်ထည်များ ဖြစ်သည့် ရိုးရာဘောင်းဘီ၊ အင်္ကျီ၊ လုံချည်နှင့် လွယ်အိတ်များ သည် ဈေးကွက်အသင့် အတင့်ရှိကြောင်းသိရသည်။ အခြား အသုံးအဆောင်များမှာ ပိုးကြာလက်ကိုင်အိတ်၊  ပိုးကြာလုံ ချည်၊ ပိုးကြာထဘီ၊ ကြာခြုံထည်တို့ဖြစ်သည်။  သဘာဝဆိုး ဆေးများသည် သဘာဝအရောင်အတိုင်းဖြစ်၍ ဓာတုဆိုးဆေး များကဲ့သို့ အရောင်တောက်ပမှု မရှိသော်လည်း ပြည်တွင်းဈေး ကွက်တွင် ဖက်ရှင်ရေစီးကြောင်းအရ သဘာဝဆိုးဆေးချည် ထည်များကို  ပိတ်အုပ်အတိုင်းရောင်းချမှု ပိုမိုများပြားလျက်ရှိ ကြောင်း သိရသည်။ 
ခရီးသွားရာသီရောက်ရှိပါက ပြည်တွင်း ခရီးသွားဈေး ကွက်တွင် ပိုမိုရောင်းချနိုင်ကြောင်းသိရသည်။ ချည်သားများ အရည်အသွေးကောင်းမွန်စေရန် ချည်သားပေါင်းကြိတ်စက် များနှင့် နည်းပညာများ လိုအပ်လျက်ရှိပြီး လုပ်ငန်းရှင်များမှာ ဒီဇိုင်းနှင့် အရည်အသွေးများ ပိုမိုကောင်းမွန်အောင် ကြိုးစား ပါက ပြည်ပမှ  အမှာရှိသည့် နိုင်ငံများသာမက အခြားဈေး ကွက်များသို့လည်း   တင်ပို့နိုင်မည်ဖြစ်ကြောင်း   အင်းလေး ဒေသ၏  ရိုးရာရက်လုပ်ငန်းများနှင့်  ပဒုမ္မာကြာချည်များ အကြောင်း လေ့လာရေးသားလိုက်ပါသည်။ 

 

စောဝင်းကျော်(တောင်ကြီး)