မြန်မာနိုင်ငံတွင်သာမက ကမ္ဘာကပင် အံ့သြဘနန်းချီးမွမ်းခြင်းခံရသော လွန်းရာကျော် ကြိုးကြီးချိတ်ခေါ် ကြိုးချိတ်အထည် စတင်ပေါ်ပေါက်လာပုံ သမိုင်းကြောင်းကို အကျဉ်းမျှတင်ပြလိုပါသည်။
မြန်မာသက္ကရာဇ် ၁၁၈၁ ခုနှစ်မှ ၁၁၉၉ ခုနှစ်အတွင်း ဘကြီးတော်မင်းတရားသည် မဏိပူရ ကသည်းပြည်နှင့် အာသံပြည်များသို့ သွားရောက်တိုက်ခိုက်ပြီးလျှင် ကသည်းရက်ကန်သည်များကို ခေါ်ဆောင်လာ၍ အမရပူရ စစ်ကိုင်းရှိ ရက်ကန်းသည်များအား ကြိုးချိတ်အထည်ရက်လုပ်ခြင်းပညာကို သင်ကြားစေသည်။ ၎င်းခေါ်ဆောင်လာရာတွင် လင်းဇင်းအက္ကဘတ်ဆိုသူ ရက်ကန်းပညာရှင်ကြီးမှာ ကြိုးချိတ်အထည်ရက်လုပ်ခြင်းကို အထူးတတ်ကျွမ်း၍ အမရပူရ ရက်ကန်းသည်များအား သင်ကြားခဲ့သည်။ ထိုအချိန်မှစ၍ အမရပူရမြို့တွင် ကြိုးချိတ်အထည် ရက်လုပ်ခြင်းကို အထူးတတ်ကျွမ်းလာသည်။ ထို့ကြောင့် “အချိတ်အစ-မဏိပူရက”ဟူ၍လည်းကောင်း၊ “အချိတ်ကြီးအစ-ဘကြီးတော်ဘုရားလက်ထက်က”ဟူ၍လည်းကောင်း ဆိုစမှတ်ပြုကြသည်။
ရတနာပုံ မန္တလေးခေတ်တွင် ကြိုးချိတ်ထည်များ ရက်လုပ်ခြင်းသည် အင်းဝခေတ် အမရပူရခေတ်ကဲ့သို့မဟုတ်တော့ဘဲ အလွန်ပင်ကျယ်ပြန့်ဆန်းပြားလာပြီးလျှင် ကြိုးချိတ်ထည်ရက်လုပ်ခြင်းနှင့် ကြိုးချိတ်အသွင်အပြင်အဆင်အသွေးတို့မှာ အထွတ်အထိပ်သို့ရောက်လာသည်။ တင်စား၍ပြရလျှင် အင်းဝ၊ညောင်ရမ်းခေတ်တွင် ကြိုးချိတ်ရက်လုပ်ခြင်းပညာရပ်များ သန္ဓေတည်၍ အမရပူရခေတ်တွင် မွေးဖွားလာပြီး ရတနာပုံခေတ်တွင် ကြီးထွားလာသည်။
ရတနာပုံခေတ်၌ ကြိုးချိတ်အထည်များသည် အဆင်အသွေး ခမ်းနားဆန်းပြာလာပြီး ဘုရင်မင်းမြတ်များ အထူးအလေးပေးဝတ်ဆင်ကြသည်။ သီပေါမင်းဝတ်ဆင်သော “ပိုး”တောင်ရှည်ပုဆိုး၏ အောက်နားတွင် ဒေါင်း၊ ခြင်္သေ့၊ ဟင်္သာ စသည့် ရုပ်လုံးတော်အချိတ်ထည်များရက်လုပ်ကြောင်း၊ ဘုရင်၊ မိဖုရားများသာ ဝတ်ဆင်ရန် သတ်မှတ်ထားသော ကြိုးချိတ်အထည်များကို မည်သူမျှ ဝတ်ဆင်ခွင့်မရှိဟု သိရသည်။ ဘုရင်မင်းမြတ်ဝတ်ဆင်ပြီး (ဝတ်လဲတော်)ပုဆိုးများကို မောင်းမမိဿံ၊ အခြွေအရံများနှင့် စစ်သူရဲကောင်းများအား ဆုတော်လာဘ်တော်အဖြစ် ချီးမြှင့်သည်။ ရတနာပုံခေတ်က ရက်လုပ်သော ကြိုးချိတ်ထည်များမှာ အလွန်ခမ်းနားဆန်းပြား၍ မန္တလေးမြို့ စာကြည့်တိုက်နှင့် ပြတိုက်များတွင် ယနေ့တိုင် တွေ့မြင်နိုင်ပြီး ပျဉ်းမနား မင်းသားနှင့် စုဖုရားလတ် ဝတ်ဆင်သော ကြိုးချိတ်ထည်များ ပါဝင်သည်။ စုဖုရားလတ် ဝတ်ဆင်သော ကြိုးချိတ်အထည်မှာ လွန်းပေါင်း ၂၆၄လွန်းအထိ ရက်ခတ်ထား၍ အလွန်ပင် အဆင့်မြင့်ပြီး ကျက်သရေရှိကြောင်း သိရသည်။
လွန်းရာကျော် ကြိုးကြီးချိတ် ခေါ်တွင်ပုံ
လွန်းရာကျော် ကြိုးကြီးချိတ်ဟူသည်မှာ (၁)လွန်းရာကျော်၊ (၂) ကြိုးကြီးနှင့် (၃)အချိတ်ဟူသော ဝေါဟာရများကို ပေါင်းစပ်ခေါ်ဝေါ် ခြင်းဖြစ်သည်။ လွန်းရာကျော်ဆိုသည်မှာ ကြိုးချိတ်အထည်ကို လွန်းတစ်ရာကျော်၊ နှစ်ရာကျော်ဖြင့် ရက်ခတ်ရသဖြင့် လွန်းရာကျော်ဟုခေါ်သည်။ လွန်းတစ်ရာမကျော်ပါက လွန်းရာကျဟု ခေါ်ပါသည်။
ကြိုးဆိုသည်မှာ အထည်၏အဆင်တွင် အကွေ့၊ အကောက်၊ အတွန့်၊ အလိမ်များကို ကြိုးဟုခေါ်ပါသည်။ ကြိုးတွင်လည်း အရန်ကြိုး၊ အဖြည့်ကြိုး၊ ကြိုးငယ်၊ ကြိုးကြီးဟူ၍ရှိသည်။
အချိတ်ဆိုသည်မှာ အဆင်ဒီဇိုင်းကိုခေါ်ခြင်းမဟုတ်ပါ၊ ရက်လုပ်သော နည်းကိုသာ ခေါ်ခြင်းဖြစ်သည်။ ကြိုးချိတ်ထည် ရက်လုပ်သောအခါ ရှေ့ဦးပထမ လွန်းကလေးသည် သူနှင့်ဆိုင်သော ပင်စားကော်ပြီးပါက ဒုတိယလွန်းကလေးက ဆက်လက်ကော်ရန်ဖြစ်သည်။ ပထမလွန်းကလေးအဆုံးနှင့် ဒုတိယလွန်းကလေးအစ၌ အဖောက်ချည်နှစ်စဆုံရာတွင် ဒုတိယအဖောက်ချည်သည် ပထမလွန်းကလေး အဖောက်ချည်ဝကို ချိတ်ပြီးမှ ၎င်းနှင့်ဆိုင်သော ပင်စားကိုကော်ရ သည်။ ထိုအတူ ဒုတိယလွန်းကလေးအဆုံးနှင့် တတိယလွန်းကလေးအစတွင် အဖောက်ချည်နှစ်ပင်ဆုံရာ၌တတိယလွန်းကလေးအဖောက် ချည်က ဒုတိယလွန်းကလေးအဖောက်ချည်ကို ချိတ်ပြီးမှ မိမိနှင့် သက်ဆိုင်သော ပင်စားကို ကော်ရခြင်းဖြစ်သည်။ ဤသို့ အဖောက်တစ်ပင်နှင့်တစ်ပင် ချိတ်ဆက်သောနေရာကို လင်းမြွေရိုး၊ လွန်းဖုဟူ၍ ခေါ်သည်။ ဤသို့ အဖောက်တစ်ပင်နှင့် တစ်ပင်ချိတ်ဆက်ရခြင်းများ အထည်သားတွင် အဖောက်ချည်လွတ်မသွားအောင်၊ အထည်သား ကျဲမသွားအောင်ပြုလုပ်ခြင်းဖြစ်သည်။ ဤကဲ့သို့ အဖောက်ချည် တစ်ပင်နှင့်တစ်ပင် ချိတ်ဆက်ခြင်းကြောင့် အချိတ်ဟူသော ဝေါဟာရပေါ်လာရသည်။
ခေတ်သက္ကရာဇ်အလိုက် အုပ်စိုးသော ဘုရင်များလက်ထက် ကြိုးချိတ်ရက်လုပ်သော ဒေသများ
ညောင်ရမ်းခေတ်(၁၇၃၃ မှ ၁၇၅၅ထိ) ဟံသာဝတီမင်းလက်ထက်၌ ရက်လုပ်သောဒေသမှာ အင်းဝ၊ ကုန်းဘောင်ခေတ်ဦး (၁၇၅၂မှ၁၇၆၀ထိ) အလောင်းဘုရားမင်းလက်ထက်၌ ရက်လုပ်သောဒေသများမှာ ရွှေဘိုနှင့်အင်းဝ၊ ကုန်းဘောင်ခေတ်(၁၇၆၃ မှ ၁၇၇၆ထိ)ဆင်ဖြူရှင်မင်းလက်ထက်၌ ရက်လုပ်သောဒေသများ အင်းဝနှင့်အမရပူရ၊ အမရပူရခေတ်ဦး (၁၇၈၂မှ၁၈၅၉ထိ) ဘိုးတော်မင်းလက်ထက်၌ ရက်လုပ်သောဒေသများမှာ အင်းဝ၊ အမရပူရနှင့် စစ်ကိုင်း၊ အမရပူရခေတ် (၁၈၁၉ မှ ၁၈၃၇ထိ) ဘကြီးတော်မင်းလက်ထက်၌ ရက်လုပ်သောဒေသများမှာ အင်းဝ၊ အမရပူရနှင့် စစ်ကိုင်း၊ အမရပူရခေတ်နှောင်း (၁၈၄၆ မှ ၁၈၅၃ထိ) ပုဂံမင်းလက်ထက်၌ ရက်လုပ်သောဒေသများမှာ အမရပူရနှင့် စစ်ကိုင်း၊ ရတနာပုံခေတ် (၁၈၅၃ မှ ၁၈၈၅ထိ) မင်းတုန်းမင်းနှင့် သီပေါမင်းလက်ထက်၌ ရက်လုပ်သောဒေသများမှာ အမရပူရ၊ မန္တလေးနှင့်စစ်ကိုင်းဖြစ်သည်။
စစ်ကိုင်းမြို့ ရက်ကန်းလုပ်ငန်း
ရက်ကန်းလုပ်ငန်းကို ရှေးဘိုးဘွားအဆက်ဆက်မှ လက်ဆင့်ကမ်းအမွေအဖြစ် ရယူပြီး ယခုအချိန်ထိ လုပ်ကိုင်လျက်ရှိရာ စစ်ကိုင်းမြို့နယ်တွင် ရက်ကန်းလုပ်ငန်းလုပ်ကိုင်သည့် ကျေးရွာ ၃၃ ရွာ ကျော်တွင် တစ်ပိုင်တစ်နိုင် ရက်ကန်းလုပ်ငန်း လုပ်ကိုင်သူပေါင်း ၂၀ဝ၀ ကျော်ခန့်ရှိသည်။ စစ်ကိုင်းမြို့ပေါ်၌ လက်ရက်ကန်းလုပ်ကိုင်သူ ၃၀ဦး၊ စက်ရက်ကန်း ငါးဦး စုစုပေါင်း ၃၅ ဦးရှိသည့်အနက် ပိုးအချိတ်ရက်ကန်းစင် ၁၅၀ စင်ခန့်ရှိသည်။
ပိုးစစ်အချိတ်ထည်လုပ်ငန်း
စစ်ကိုင်းမြို့ပေါ်တွင် သိင်္ဂီစန်း၊ ပန်းဝတ်ရည်၊ သီရိသစ္စာ၊ ဇွဲမာန၊ အောင်ရတနာနှင့် လွင် စသည့် ပိုးစစ်အချိတ်ထည်ရက်လုပ်ပြီး လက်လီ/လက်ကား ဖြန့်ဖြူးရောင်းချသည့်လုပ်ငန်းများရှိပါသည်။ ကုန်ကြမ်းများကို မန္တလေး(အမရပူရ)မှ ဝယ်ယူရာ တရုတ်မှဝင်သော ပိုး တစ်ပိဿာလျှင် ကျပ်လေးသိန်းပေါက်ဈေးရှိကြောင်း၊ ပိုးအချိတ် တစ်ထည်ရက်လုပ်ရန် တစ်စင်လျှင် ရက်ကန်းရက်သူ နှစ်ဦးဖြင့်ရက်လုပ်ရာ အချိန်တစ်လ သို့မဟုတ် တစ်လခွဲခန့်ကြာပြီး ပိုးချိတ်တစ် ထည် လုပ်အားခတစ်ဦးလျှင် ကျပ်တစ်သိန်းလေးသောင်းခန့်ပေးရကြောင်း၊ ပိုးစစ်ချိတ်တစ်ထည် စုစုပေါင်းကုန်ကျစရိတ်မှာ ကျပ်ငါးသိန်းခန့် ကုန်ကျကြောင်း၊ ပိုးစစ်ချိတ်တစ်ထည် ရောင်းဈေးနှုန်းများမှာ အနိမ့်ဆုံး ကျပ် ခြောက်သိန်းမှ အမြင့်ဆုံးကျပ် ၁၀ သိန်းခန့်ဖြစ်သည်။ ပိုးဖဲချိတ် တစ်ထည်ရောင်းဈေးနှုန်းမှာ ကျပ် သုံးသိန်းမှ ကျပ်လေး သိန်းခွဲကြား၊ ချည်ချိတ်တစ်ထည် ရောင်းဈေးနှုန်းမှာ ကျပ်ငါးသောင်း မှကျပ်တစ်သိန်းကြား၊ ကြိုက်နှစ်သက်ရာ ဒီဇိုင်းများရေးဆွဲ၍ ကွန်ပျူတာဖြင့် ဒီဇိုင်းဖော်ရက်လုပ်သော ပိုး(ထိုင်း)ချိတ်ထည်များမှာ ကျပ် လေးသောင်းမှ ကျပ်ခြောက်သောင်းခွဲကြား ပေါက်ဈေးအသီးသီးရှိပါကြောင်း၊ မန္တလေးမြို့၊ ရန်ကုန်မြို့နှင့် တောင်ကြီးမြို့ စသည့်ဈေးကွက်များသို့ တင်ပို့ရောင်းချသည့်အပြင် အမှာစာများရှိကလည်း ရက်လုပ်ကြောင်း သိင်္ဂီစန်း ပိုးစစ်အချိတ်ထည်လုပ်ငန်းရှင် ဒေါ်အေးအေးစန်း ထံမှသိရှိရပါသည်။
သန်းသန်းတင်(မုံရွာ)