Main menu

Background

ပွင့်လင်းရာသီ ပြည်ပပို့ကုန် ပုသိမ်ထီးဈေးကွက်

Mon, 01/09/2023 - 16:15 -- journal_editor

ဧရာဝတီတိုင်းဒေသကြီး ပြည်ပပို့ကုန်များတွင် တစ်ခုအပါအဝင်ဖြစ်သော ပုသိမ်ထီးဈေးကွက်မှာ ပြည်တွင်း/ပြည်ပ ဈေးကွက်ဝယ်လိုအားရှိပြီး ပြည်တွင်း ဈေးကွက်မှာ ငွေဆောင်၊ ချောင်းသာ၊ ငပလီကမ်းခြေသုံးထီးများ၊ ဟိုတယ်အလှဆင် ထီးများ၊ နေပြည်တော်၊ ရန်ကုန်၊ မန္တလေး၊ ပုဂံညောင်ဦး၊ အင်းလေး၊ မော်လမြိုင် မြို့များရှိ ဟိုတယ်များတွင်လည်း  အလှဆင်ထီးများ ဝယ်ယူအသုံးပြုလျက်ရှိသည်။ ပြည်ပဈေးကွက်တွင် ချောင်းသာ၊ ငွေဆောင် ကမ်းခြေဒေသသို့ လာရောက်လည် ပတ်သည့် နိုင်ငံခြားသားများ အများဆုံး ဝယ်ယူမှုရှိပြီး  ရန်ကုန်မှတစ်ဆင့်လည်း ပြည်ပသို့ တင်ပို့ရောင်းချမှုရှိကြောင်း သိရသည်။
ပုသိမ်ထီးပြုလုပ်ရာတွင် သစ်၊ ထီးရိုးဝါး၊ သရကူဝါး၊ တယ်သီး၊ ပီလောပီနံကော်၊ မိုင်းကိုင်စက္ကူ၊ ကတ်ထူသားစက္ကူ၊ ဖဲဖျင်၊ ပိတ်စ ပြည်တွင်း ဒေသထွက်ကုန်များကို အသုံးပြု၍ ပြုလုပ်ထားပြီး ပြည်ပနိုင်ငံမှဝယ်ယူသည့် ကုန်ကြမ်းပစ္စည်းများ မပါဝင်ဘဲ မြန်မာ့အနုပညာကို ဖော်ထုတ်ထားသည့် ဆေးဆိုးခြင်း၊ ကနုတ်ပန်းချီ ရေးဆွဲခြင်း  စသည်တို့ဖြင့် အလှဆင်ထားပြီး ထီးတစ်ချောင်းလုံးကို လက်ဖြင့်သာ ပြုလုပ်ထားသောကြောင့် ပြည်ပနိုင်ငံသားများ  HandMade လက်မှုအနုပညာတစ်ခု အနေဖြင့် လူကြိုက်များကြောင်း၊ ပုသိမ်ထီးပြုလုပ်ရာတွင် ရဟန်းဆောင်းထီး၊ သီလရှင်ဆောင်းထီး၊ အလှဆောင်းထီး၊ မိုးရေခံထီး၊  အိမ်တော်ရာထီး၊ စားပွဲတင်ထီး၊ မီးအိမ်ထွန်းထီး၊ ဟိုတယ်အလှဆင်ထီး၊ ကမ်းခြေသုံးထီး အမျိုးမျိုး ပြုလုပ်ရောင်းချ လျက်ရှိပြီး ယခုလက်ရှိအချိန် မင်္ဂလာဆောင်၊ ရှင်ပြု၊ နားသများတွင် အသုံးပြုရန် ၁၀ လက်မခွဲ၊ ၁၄ လက်မ၊ ၁၅ လက်မ  အလှဆောင်းဖဲထီးများကို   မန္တလေး၊ နေပြည်တော်၊ ရန်ကုန်၊ ပြည်၊ မြဝတီ၊ မူဆယ်၊ ပုဂံ၊ ညောင်ဦးမြို့များမှ မှာယူလျက်ရှိ ကြောင်း၊ ပုသိမ်ထီး ဈေးနှုန်းများမှာ ၁၀ လက်မခွဲ ကျပ် ၅၅၀ဝ၊ ၁၄ လက်မ ကျပ် ၇၅၀ဝ၊ ၁၅ လက်မ ကျပ် ၁၀ဝ၀ဝ ဈေးဖြင့် အရောင်းအဝယ်  အများဆုံးဖြစ်၍ ကမ်းခြေနှင့် ဟိုတယ်အလှဆင်ရာတွင် အများဆုံး အသုံးပြုလျက်ရှိသော ခြောက်ပေ ထီး ကျပ် ၆၅၀ဝ၀၊ ရှစ်ပေထီး ကျပ် ၈၅၀ဝ၀ ဈေးဖြင့် ရောင်းချလျက် တစ်လလျှင် ထီးဆိုဒ်စုံ အလက်ရေ ၅၀ဝ ခန့် အမှာစာရရှိပြီး ကိုဗစ်ကာလအလွန် ယခုပွင့်လင်း ရာသီမှာ ယခင်နှစ်ထက်ပို၍ အရောင်းအဝယ်သွက်လျက်ရှိကြောင်း ပုသိမ်မြို့ တောရကျောင်းလမ်း BAM BOO House ပုသိမ်ထီးလုပ်ငန်းရှင်ထံမှ သိရသည်။
မင်းမင်းဦး (ပသ)