ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ပေါ်တွင် ပြည်တွင်းဈေးကွက် ဝယ်လိုအားရှိသော ကံ့ကော်ပန်း ခြောက်များကို ကံ့ကော်ပန်းပွင့်ချိန် မတ်လမှစတင်၍ ဝယ်ယူလျက်ရှိပြီး မေလအထိ အရောင်းအဝယ်ဖြစ် ကြောင်း၊ ကံ့ကော်ပန်းခြောက်များကို သာပေါင်းမြို့နယ် ချောင်းသာ၊ ဟိုင်းကြီးကျွန်းမှ ပုသိမ်မြို့ပေါ်သို့ လာရောက် ရောင်းချလျက်ရှိပြီး ပြည်တွင်းဈေးကွက်အသုံးပြုရန် ရန်ကုန်မြို့သို့ တင်ပို့ရောင်းချလျက်ရှိသည်၊
ကံ့ကော်ပင်သည် လေထုကို သန့်စင်ပေးသကဲ့သို့ ကံ့ကော်ပန်း၊ အရွက်နှင့် အခေါက်အားလုံးသည် ဆေးဖက်ဝင်ကြောင်း၊ ကျန်းမာရေးနှင့်ပတ်သက်၍ ကံ့ကော်ပန်းခြောက်ကို အသုံးပြုရာတွင် အဖျားသက် သာစေရန် ကံ့ကော်ပန်းပြုတ်ရည် အသုံးပြု၍ရသကဲ့သို့ ပန်းအခြောက်မှုန့်ကိုလည်း အသုံးပြုနိုင်ကြောင်း၊ ကံ့ကော်ဝတ်ဆံကို သနပ်ခါးထဲထည့်၍ လိမ်းပါက ဝက်ခြံ၊ အမာရွတ်များ သက်သာစေပြီး အသားအရေ လှပနိုင်ကြောင်း၊ အစာချေစနစ်ကောင်းမွန်စေရန်၊ အသက်ရှူလမ်းကြောင်း ကောင်းမွန်စေရန်၊ ဝမ်းကိုက် ဝေဒနာ၊ အဆစ်ရောင်နာ၊ လေးဖက်နာ၊ ဆီးရောဂါဝေဒနာ၊ အရေပြား ယားယံခြင်း ၊ အသားအရောင် မညီခြင်း စသည့်ရောဂါများအတွက် မြန်မာ့တိုင်းရင်းဆေး ဖော်စပ်ရာတွင် ကံ့ကော်ပန်းခြောက်ကို အမျိုးမျိုး ထည့်သွင်းအသုံးပြုလျက်ရှိကြောင်း သိရသည်။
မြန်မာ့ရိုးရာသနပ်ခါးဘူးများတွင်လည်း သဘာဝအမွှေးအနံ့ရရှိစေရန် ကံ့ကော်ပန်းခြောက်ကို အသုံးပြုလျက်ရှိကြောင်း၊ ယခင်နှစ်က ကံ့ကော်ပန်းခြောက် တစ်ပိဿာလျှင် ကျပ် ၁၅၀ဝ-၂၀ဝ၀ ဈေးနှုန်း ရှိပြီး ယခုနှစ်တွင် တစ်ပိဿာကို ကျပ် ၃၀ဝ၀ နှုန်းဖြင့် ဝယ်ယူလျက်ရှိပြီး ယခင်နှစ်ထက် ဈေးပိုမိုရရှိကြောင်း ဈေးကွက်မှ သိရသည်၊
မင်းမင်းဦး (ပသ)