ပြည်တွင်း၊ ပြည်ပဝယ်လိုအားရှိသော မိချောင်းကွမ်းဖတ်မှာ ရာသီပေါ် တစ်နှစ်ခံပင်ပျော့ပင်ငယ်တစ်မျိုးဖြစ်၍ မြန်မာနိုင်ငံအနှံ့အပူပိုင်းဒေသများနှင့် ဧရာဝတီတိုင်းဒေသကြီးအတွင်း သဘာဝအလျောက် ပေါက်ရောက်လျက်ရှိသည်။ပုသိမ် ခရိုင်ပုသိမ်မြို့နယ်၊ ငပုတောမြို့နယ်အောက်ဘက်ရှိ ဟိုင်းကြီးကျွန်းနှင့် ပတ်ဝန်းကျင် ကျေးရွာများ၊ သာပေါင်းမြို့နယ်အတွင်းရှိ ကျေးရွာများနှင့် ငရုတ်ကောင်းမြို့နယ်ခွဲ ဝန်းကျင်ကျေးရွာများ၊ ပန်းတနော်၊ ကျောင်းကုန်းမြို့နယ်များရှိ ရေနက်ကွင်းများတွင် အလေ့ကျ ပေါက်ရောက်လျက်ရှိသလို အချို့မြို့နယ်များတွင် ယခင်ကစီးပွားဖြစ် စိုက်ပျိုးရောင်းချသူများလည်းရှိကြောင်း သိရသည်၊
သဘာဝမှလက်ဆောင်ပေးထားသော ဈေးကွက်ဝင် မိချောင်းကွမ်းဖတ်မှာ ရာသီပေါ်သီးနှံတစ်ခုဖြစ်၍ မိချောင်းကွမ်းဖတ် ထွက်ရှိချိန် မတ်လမှ မေလအထိ အရောင်းအဝယ်ဖြစ်ပြီး မိုးမကျမီအတွင်းသာ အရောင်းအဝယ်ရှိ၍ မိုးရွာလျှင် မိချောင်းကွမ်းဖတ်ရာသီ ပြီးဆုံးသွားကြောင်း ဈေးကွက်အတွင်းမှ သိရသည်၊
မိကျောင်းကွမ်းဖတ် တစ်ပိဿာလျှင် ကျပ် ၄၀ဝ၀-၄၁၀ဝ ဈေး အတွင်းသာ အရောင်းအဝယ်ဖြစ်ပြီး ယခုနှစ် မိချောင်းကွမ်းဖတ် ရာသီတွင် တစ်ပိဿာလျှင် ကျပ် ၅၀ဝ၀-၅၁၀ဝ ဈေးနှုန်းဖြင့် ဝယ်ယူလျက်ရှိသည့်အတွက် ယခင်နှစ်ထက် ကျပ် ၁၅၀ဝ ဝန်းကျင် ဈေးနှုန်း ပိုမိုရရှိကြောင်း သိရသည်။ မိကျောင်းကွမ်းဖတ်အစေ့မှာ ဘိန်းစေ့ခန့်သာရှိပြီး အနီရောင်ဖြစ်၍ မြန်မာ့ဆေးကျမ်းများအဆိုအရ ဆိမ့်၍ အနည်းငယ်ခါးသောအရသာရှိပြီး ပူ၍အားကိုဖြစ်စေကာ ဝမ်းမီး တောက်စေပြီး အရေပြားပေါ်၌ ဖြစ်တတ်သောရောဂါများ အနာအို အနာဟောင်းများ၊ မျက်စိနာ၊ လေနာ၊ ပွေးညှင်း၊ တင်းတိပ်နာရောဂါ တို့အတွက် မြန်မာတိုင်းရင်းဆေး ဖော်စပ်ရာတွင် အသုံးပြုလျက်ရှိ ကြောင်း သိရသည်။
ပြည်ပဈေးကွက်တွင် တရုတ်နိုင်ငံသို့Omega-3 ဓာတ်များ ပါဝင်သည့်အတွက် အလှကုန်လုပ်ငန်းနှင့် ဆေးဖော်စပ်ရာတွင် အသုံးပြုလျက်ရှိကြောင်း သိရသည်။ ပုသိမ်ဈေးကွက်မှ ရာသီချိန်တွင် တစ်အိတ်လျှင် ပိဿာ ၃၀ ပါ မိချောင်းကွမ်းဖတ်များကို ရန်ကုန် မြို့မှတစ်ဆင့် ပြည်တွင်း၊ ပြည်ပဈေးကွက်သို့ တင်ပို့ရောင်းချလျက် ရှိကြောင်း သိရသည်၊
ဧရာမြေ (ပသ)
