စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင် ကနီမြို့နယ်တွင် စားဖိုဆောင်သီးနှံတစ်မျိုးဖြစ်သော နနွင်းကို ၂၀၂၃ ခုနှစ်မှစ၍ တစ်ပိုင်တစ်နိုင် စိုက်ပျိုးရောင်းချလျက်ရှိကြောင်း သိရသည်။
နနွင်းသည် ဇွန်လနှင့် ဇူလိုင်လများတွင် စတင်စိုက်ပျိုး၍ ဖေဖော်ဝါရီလတွင် ထွက်ပေါ်သည်။ စိုက်ပျိုးမှုအနေဖြင့် စီးပွားဖြစ်စိုက်ပျိုးခြင်းမရှိဘဲ အခင်း၊ ခြံစည်းရိုးတွင် ဘောင်ခတ်စိုက်ပျိုးကြသည်။ စိုက်ပျိုးမှု ကုန်ကျစရိတ်အနေဖြင့် မျိုး၊ သွင်းအားစု၊ လုပ်သားခအပါအဝင် တစ်ဧကလျှင် စုစုပေါင်း ငွေကျပ် ၁၅ သိန်းဝန်းကျင် ကုန်ကျမည်ဖြစ်သည်။ တစ်ဧကလျှင် နနွင်းပင် နှစ်ပေခြားဖြင့် နှစ်သောင်းခန့်စိုက်ပျိုးနိုင်မည်ဖြစ်ပြီး အထွက်နှုန်းအနေဖြင့် တစ်ဧကလျှင်နနွင်းအခြောက်ပိဿာချိန် ၇၀ဝ မှ ၈၀ဝ ခန့် ထွက်ရှိကြောင်းနှင့် ရာသီဥတုနှင့် ပိုးမွှားကင်းစင်မှုအပေါ် မူတည်၍ အထွက်နှုန်းကောင်းမွန်ကြောင်း သိရသည်။
သီးနှံပေါ်စအချိန်တွင် နနွင်းတက်တစ်ပိဿာလျှင် ငွေကျပ် ၈၀ဝ၀-၁၀ဝ၀ဝ ဖြင့် ရောင်းချရကြောင်း၊ ဈေးကွက်အနေဖြင့် နနွင်းတက်များကို ကျေးရွာများတွင် အမှုန့်ကြိတ်စက်ဖြင့် ကြိတ်၍ နနွင်းမှုန့် စစ်စစ်ရောင်းချခြင်း၊ မုံရွာမြို့ရှိ ပွဲရုံများသို့ တင်ပို့ရောင်းချခြင်းများရှိပါကြောင်း၊ အကျိုးအမြတ်အနေဖြင့် တစ်ဧကလျှင် ငွေကျပ် ၄၀ သိန်းခန့်ရရှိကြောင်း၊ နနွင်းစိုက်ပျိုးခြင်းသည်နနွင်းတက်များသာမက နနွင်းဖူးများပါ ရောင်းချရသောကြောင့် အပိုဝင်ငွေများရရှိ၍ အဆင်ပြေလျက်ရှိပြီး နနွင်းစိုက်ခင်းများလည်း အောင်မြင်ဖြစ်ထွန်း လျက်ရှိကြောင်း နနွင်းကုန်သည်များထံမှ သိရသည်။
သင်းသင်းအေး (မုံရွာ)
