ကရင်ပြည်နယ် ဘားအံမြို့ပေါ်ရှိ ကောက်ရိုးမှိုစိုက်ပျိုးရောင်းဝယ်ရာတွင် ဈေးကွက်ဖြစ်ထွန်းနေပြီး မိသားစုအပိုဝင်ငွေ တိုးပွားလျက်ရှိသည်။ ဘားအံမြို့ပေါ်နှင့် မြို့အနီးချုပ်စပ် ကျေးရွာများတွင် တစ်ပိုင်တစ်နိုင် ကောက်ရိုးမှိုစိုက်ပျိုးထုတ်လုပ်ရောင်းဝယ်မှုလုပ်ငန်းသည် စားသုံးသူဈေးကွက် ခိုင်မာမှုရှိခြင်းကြောင့် ယခုနှစ်ပိုင်းအတွင်း ပိုမိုဖြစ်ထွန်းအောင်မြင်လာကာ ဒေသခံပြည်သူများအတွက် မိသားစုအပိုဝင်ငွေရရှိစေသည့် အဓိကစီးပွားရေးလုပ်ငန်းတစ်ခု ဖြစ်လာသည်။
ဘားအံမြို့ပေါ်ရှိ ရပ်ကွက်အချို့နှင့် အနီးနားရွာများရှိ စိုက်ပျိုးရေးတောင်သူများသည် ရာသီမရွေး စိုက်ပျိုးနိုင်ပြီး ရင်းနှီးမတည်ငွေနည်းပါးသည့် ကောက်ရိုးမှိုကို အိမ်နောက်ဖေးကွင်းပြင်များနှင့် မှိုရုံငယ်များ ဆောက်လုပ်၍ တစ်ပိုင် တစ်နိုင်မှသည် စီးပွားဖြစ်အထိ စိုက်ပျိုးလာကြသည်။ ဒေသခံတောင်သူများသည် သဘာဝကောက်ရိုးများအပြင် လွှစာမှုန့်၊ ဗေဒါနှင့်နှမ်းရိုးများကို အသုံးပြု၍စိုက်ပျိုးကြသည်။ ကောက်ရိုးမှို၏ သက်တမ်းနှင့် အထွက်နှုန်းမှာ မှိုမျိုးစေ့ထည့်သွင်းပြီး နောက် ၁၂ ရက်မှ ၁၅ရက်အတွင်း စတင်ခူးဆွတ်နိုင်ကာ စိုက်ပျိုးမှုစနစ်မှန်ကန်ပါက ကောက်ရိုးတစ်ပုံလျှင် မှိုပိဿာချိန် အတော်အတန် ထွက်ရှိသဖြင့် အရင်းအနှီးမြန်ဆန်သော လုပ်ငန်းတစ်ခုဖြစ်သည်။
ဘားအံမြို့မဈေး၊ သီရိဈေး၊ ရဲပေါ်ဈေးနှင့် မဲဘောင် ဈေးတို့တွင် ကောက်ရိုးမှိုသည် နေ့စဉ်မပြတ် အရောင်းအဝယ် ဖြစ်နေသည့် အသားဟင်းအစားထိုး အစားအစာတစ်ခုဖြစ်သည်။ အရသာကောင်းမွန်ခြင်းကြောင့် ကောက်ရိုးမှိုကို အိမ် ထောင်စုများနှင့် ဟိုတယ်များကပါ အဓိကမှာယူလျက်ရှိကြသည်။ ဘားအံမြို့ရှိ ကောက်ရိုးမှိုက ဈေးကွက်ပျက်လေ့မရှိပါ။ ခူးပြီးသည်နှင့် မြို့ပေါ်ဈေးများသို့ တန်းပို့ရောင်းရသလို အဝယ်ဒိုင်များမှလည်း စိုက်ခင်းအထိ ဆင်းဝယ်ကြသည်။ ဘားအံမြို့ရှိ ကောက်ရိုးမှို ဈေးနှုန်းများမှာ ရာသီဥတုနှင့် အထွက်နှုန်းအပေါ် မူတည်ပြီး တစ်ပိဿာလျှင် ကျပ် ၈၀ဝ၀ မှ ကျပ် ၁၅၀ဝ၀ ဝန်းကျင်အထိ ဈေးကောင်းရလျက်ရှိသည်။
ကောက်ရိုးမှိုစိုက်ပျိုးမှုသည် တွက်ခြေကိုက်သည့်လုပ်ငန်းဖြစ်သော်လည်း ရာသီဥတုဒဏ်ကို အလွန်ခံရလွယ်သည်။ နွေရာသီတွင် အပူရှိန်ပြင်းလွန်းခြင်းနှင့် မိုးရာသီတွင် စိုထိုင်းဆများလွန်းခြင်းတို့ကြောင့် အပူချိန်ထိန်းညှိမှုစနစ်ကို ဂရု စိုက်ရကြောင်း၊ ယခင်ဒေသတွင်း မှိုမျိုးစေ့အရည်အသွေးကောင်းမွန်ရန် လိုအပ်နေသော်လည်း ယခုအခါ စိုက်ပျိုးရေးဦးစီးဌာနနှင့် နည်းပညာသိပ္ပံများ၏ အကူအညီများကြောင့် စိုက်ပျိုးသူများ နည်းပညာပိုမိုရရှိလာကာ အထွက်နှုန်း ပိုမို ကောင်းမွန်လာသည်။ ကောက်ရိုးမိုစိုက်ပျိုးခြင်းသည် ဒေသတွင်းစားနပ်ရိက္ခာဖူလုံမှုကို အထောက်အကူပြုခြင်းဖြစ်သဖြင့် ပိုမိုစိုက်ပျိုးသင့်သည်။
သီတာဌေး (သုနည်း/ကရင်)
