Main menu

Background

စာကြည့်တိုက်တွေရှိဖို့လိုသည်

Mon, 06/05/2023 - 12:00 -- journal_editor

ယနေ့ ၂၁ ရာစုသည် နည်းပညာနယ်ပယ်၊ လူနေမှုနယ်ပယ်၊ စက်မှုနယ်ပယ် စသည်တို့အပြင် အခြားသောနယ်ပယ် အသီးသီး သည် အရှိန်အဟုန်ဖြင့် တိုးတက်လျက်ရှိသည်။ ဤတိုးတက်မှုကို ပင် ခေတ်ဟုခေါ်ရပေမည်။  ထိုတိုးတက်ပြောင်းလဲမှုကို လူတိုင်းလူတိုင်း အမီလိုက်နိုင်ဖို့ဆိုလျှ င်  အသိအမြင်  ဗဟုသုတနှင့်ပြည့်စုံနေရန် လိုသည်။ အသိအမြင် ဗဟုသုတကို မည်သည့်နေရာမှရနိုင်မည်နည်း။ထိုကဲ့သို့အမေးရှိသော် အဖြေကစာကြည့်တိုက်ဟုပင် ဖြေရပေလိမ့် မည်။ ယနေ့ခေတ်တွင် ပညာသည်သာ အခရာဖြစ်နေသည်။ထိုပညာ ကိုစာကြည့်တိုက်မှာလည်း ရှာဖွေနိုင်သည်။ ထို့ကြောင့် ပညာအတွက် စာကြည့်တိုက်သည် အခရာဖြစ်လာသည်။ သို့အတွက်ကြောင့်မို့ စာကြည့်တိုက်တွေ များများရှိရန် လိုအပ်သည်။
စာကြည့်တိုက်ဟူသည်  အသိပညာများ၊  အတတ်ပညာနှင့် အခြားသော ဗဟုသုတကို အလွယ်တကူရဖွေနိုင်သော နေရာသည် စာကြည့်တိုက်ဖြစ်သည်။  တစ်နည်းအားဖြင့် စာအုပ်စာပေများကို အလွယ်တကူ ဖတ်ရှုနိုင်မည့်နေရာလည်းဖြစ်သည်။ စာကြည့်တိုက် ကို မြန်မာအဘိဓာန်တွင် ကြည့်ရှုလေ့လာရန်-ငှားရမ်းရန် စာအုပ်များ ကို သိမ်းဆည်းထားရာ အဆောက်အအုံဟု ဖော်ပြထားသည်။ တစ် နည်းအားဖြင့် စာကြည့်တိုက်ဟူသည် သုတဘဏ်တိုက်ကြီး တစ်ခု လည်းဖြစ်သည်။ ထို့ပြင် မိမိတို့ရှာမှီးလိုသော ပညာရပ်များကို ရှာမှီး နိုင်သော လူထုကိုအခြေပြုသော တက္ကသိုလ်တစ်ခုဟုလည်း ဆိုနိုင် သည်။ ထို့ပြင် စာကြည့်တိုက်ဟူသည် ဘဝအလင်း၊ လောက၏ပြတင်းပေါက်၊ နိုင်ငံ၏ဦးနှောက်၊ ပြည်သူ့တက္ကသိုလ် အသံတိတ် တက္ကသိုလ် စသည်ဖြင့် အနက်အဓိပ္ပာယ်အမျိုးမျိုး ဖွင့်ဆိုကြသည်။စာကြည့်တိုက်ဟူသော ဝေါဟာရသည် ဤမျှကျယ်ပြန့်လှသည်။ စာကြည့်တိုက်မှာ ရှိအပ်စွာ။ စာကြည့်တိုက်တွင် အများအားဖြင့် စာအုပ်  သို့မဟုတ်  စာပေမျိုးစုံရှိရပါမည်။    စာကြည့်တိုက်တွင် လက်ရေးမူများ၊ ပုံနှိပ်စာများ၊ ပေပုရပိုက်မှုစာများ၊ မြေပုံနှင့် ရုပ်ပုံ ကားချပ်များအပြင် ကျမ်းစာအုပ်များ၊ သတင်းစာ၊ ဂျာနယ်များ၊ စွယ်စုံကျမ်းအမျိုးမျိုး၊ မြန်မာနှင့်ပါဠိစာပေများ အများအပြားရှိသင့်ပါ  သည်။ ထို့ပြင် ခေတ်အဆက်ဆက် နိုင်ငံရေးစာပေများနှင့် သမိုင်း  မှတ်တမ်းဆိုင်ရာများ၊ သိပ္ပံနှင့်နည်းပညာဆိုင်ရာ စာပေများလည်း ရှိကြသည်။ ထို့ပြင် နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးဆိုင်ရာ  စာပေများလည်းရှိမည်။ ဘာသာရေးဆိုင်ရာ စာပေများ၊ ပညာရေးဆိုင်ရာ စာပေများနှင့် ဂီတရုပ်ရှင်ဆိုင်ရာ စာပေ များလည်း ရှိရပါမည်။ ထိုစာအုပ်၊ စာပေများသည် စာရေးသူမှတ်မိ သလောက်  ဖော်ပြခြင်းဖြစ်ပါသည်။  ကမ္ဘာ့စာကြည့်တိုက်များတွင် နိုင်ငံတကာရှိ စာပေများပါရှိကြသည်ဟု သိရသည်။ ထိုစာအုပ်များ ကို သူ့ကဏ္ဍနှင့်သူခွဲခြားပြီး သိမ်းဆည်းရသည်။ ဥပမာ-စွယ်စုံကြမ်း ဆိုလျှင် စွယ်စုံကျမ်းအမျိုးမျိုးကို တစုတစ်စည်းတည်း စုပေါင်းထား ခြင်းမျိုးဖြစ်သည်။ အခြားစာအုပ်များကိုလည်း တူရာတူရာစု၍ သူ့ ကဏ္ဍနှင့်သူ စုပေါင်းသိမ်းဆည်ရသည်။ ထိုကဲ့သို့ စီမံခန့်ခွဲနိုင်စေရန် စာကြည့်တိုက်မှူးသည် အဓိကဖြစ်သည်။ ထို့ကြောင့် စာကြည့်တိုက် တစ်ခုမှာ စာကြည့်တိုက်မှူးသည် မရှိမဖြစ်လိုအပ်ပါသည်။
စာကြည့်တိုက်အမျိုးမျိုး
စာကြည့်တိုက်ရှိ  စာကြည့်တိုက်မှူးသည်  စာကြည့်တိုက်ကို စနစ်တကျဖြစ်အောင်  စီမံခန့်ခွဲရသလို စာအုပ်စာပေမျိုးစုံအောင် လည်း  အားထုတ်ရသည်။  စာကြည့်တိုက်ကို   ယေဘုယျအားဖြင့်ပြည်သူ့စာကြည့်တိုက်၊ အမျိုးသားစာကြည့်တိုက်နှင့်  သီးသန့်စာကြည့် တိုက်ဟူ၍ ခွဲခြားနိုင်သည်။ ထို့ပြင် ယခုအခါ ခေတ်နှင့်အညီ ရွေ့လျား စာကြည့်တိုက်ဟူ၍လည်း  ရှိပါသေးသည်။  ထိုစာကြည့်တိုက်အမျိုးမျိုး ၏ အခန်းကဏ္ဍကိုလည်း ရှင်းပါမည်။
ပြည်သူ့စာကြည့်တိုက်   -    ပြည်သူ့စာကြည့်တိုက်ဟူသည် ထို စာကြည့်တိုက်တည်ရှိရာ  နိုင်ငံ၏ ဥပဒေအရ ဌာနဆိုင်ရာ အဖွဲ့ အစည်းတချိုးက အခွန်ကောက်ယူ၍ ထိုအခွန်ငွေဖြင့် သင့်လျော်ရာ စာအုပ်စာတမ်းများကို ဝယ်ယူခြင်းဖြစ်သည်။ ထိုစာကြည့်တိုက်တွင် စာကြည့်တိုက်ဝန်ထမ်းပြည့်စုံပြီး မည်သူမဆို အခမဲ့ဖတ်ရှုနိုင်သည်။
အမျိုးသားစာကြည့်တိုက်   -   အမျိုးသားစာကြည့်တိုက်ဟူသည် နိုင်ငံ၏ ဥပဒေအရ မိမိနိုင်ငံတွင်ထုတ်ဝေသော စာအုပ်၊ စာတမ်းနှင့် စာနယ်ဇင်းမှန်သမျှ အခမဲ့ရယူနိုင်သည်။ ထိုစာအုပ်၊ စာပေများကို ထိုစာကြည့်တိုက်အတွင်း   သိမ်းဆည်းထားရသည်။  အမျိုးသား စာကြည့်တိုက်ရှိ   စာအုပ်များကိုမူ  အပြင်သို့ မငှားရပါ။   သို့သော် စာ ကြည့်တိုက်အတွင်းမှာ လေ့လာဖတ်ရှုနိုင်သည်။
သီးသန့်စာကြည့်တိုက်  -  သီးသန့်ဟူသော စကားအရ သက်ဆိုင်သူ မှလွဲ၍ အခြားသူသုံးခွင့်မရှိဟု အဓိပ္ပာယ်သက်ရောက်သည်။ထို စာကြည့်တိုက်မျိုးမှာ အစိုးရစာကြည့်တိုက်၊ ကျောင်းစာကြည့်တိုက်၊ အကျဉ်းထောင်စာကြည့်တိုက်၊ တက္ကသိုလ် စာကြည့်တိုက်များနှင့် ရုပ်မြင်သံကြား  စာကြည့်တိုက်မျိုးကို  ဆိုလိုသည်။ထို့ပြင် မိမိကိုယ် ပိုင်စာကြည့်တိုက်လည်း အကျုံးဝင်သည်ဟု စာရေးသူ ယူဆပါသည်။ အထက်ဖော်ပြပါ စာကြည့်တိုက်များအပြင် ယခုအခါ   ရွေ့လျား စာကြည့်တိုက်များလည်း ပေါ်ထွက်လာခဲ့သည်။ စာအုပ်များကိုယာဉ် တစ်မျိုးမျိုး သို့မဟုတ် အခြားသယ်ဆောင်၍ရ သော အရာတစ်ခုခုဖြင့် သယ်ဆောင်၍ နေရာအနှံ့  သွားလာနေခြင်းမျိုးဖြစ်သည်။ ထို့ပြင် တချို့က မိမိသွားလေရာကို စာအုပ်တစ်အုပ်၊ နှစ်အုပ် ယူဆောင်သွား လေ့ရှိသည်။ အားလျှင် ထိုစာအုပ်ကို ထုတ် ဖတ်လေ့ရှိတတ်ကြသည်။ ယင်းကိုမူ တစ်နိုင် ရွေ့လျားစာကြည့်တိုက်ဟု ဆိုနိုင်သည်။
ထင်ရှားကျော်ကြား ကမ္ဘာ့စာကြည့်တိုက်များ
ကမ္ဘာပေါ်တွင် ကြီးကျယ်ခမ်းနားသော ကမ္ဘာ့စာကြည့်တိုက် များရှိသည်။ ယင်းတို့မှာ ပြင်သစ်နိုင်ငံ အမျိုးသားစာကြည့်တိုက်၊ အမေရိကန်နိုင်ငံ  ကွန်ဂရက်လွှတ်တော် စာကြည့်တိုက်၊ အိန္ဒိယနိုင်ငံ အမျိုးသားစာကြည့်တိုက်၊ ဂျပန်နိုင်ငံ အမျိုးသားလွှတ်တော်စာကြည့် တိုက်၊  စင်ကာပူ အမျိုးသားစာကြည့်တိုက်၊ ရုရှားနိုင်ငံ မော်စကို တက္ကသိုလ်စာကြည့်တိုက်၊ ဗြိတိန်နိုင်ငံ ဗော့ဒလီယန်စာကြည့်တိုက် တို့အပြင် အခြားကမ္ဘာ့စာကြည့်တိုက်များစွာလည်း ရှိပါသေးသည်။အဘယ်ကြောင့် ထိုစာကြည့်တိုက်များ ထင်ပေါ်ကျော်ကြားရသနည်း။ထိုမေးခွန်းအတွက်  စာရေးသူအနေဖြင့် ပြင်သစ်နိုင်ငံ၏ အမျိုးသား စာကြည့်တိုက်  တစ်ခုအကြောင်းကို ပြောပြလိုပါသည်။ ပြင်သစ် အမျိုးသားစာကြည့်တိုက်ကို လွန်ခဲ့သောနှစ်ပေါင်း ၆၀ဝ ကျော် ပဉ္စမ မြောက် ချားဘုရင် (၁၃၃၇-၁၃၈၀ )လက်ထက်မှ စတင်တည်ထောင် ခဲ့ကြောင်း သိရသည်။
ထိုစာကြည့်တိုက်ရှိ စာအုပ်များမှာ မနည်းလှပေ။လွန်ခဲ့သော နှစ် ၁၉၅၈ ခုနှစ်တွင် စာကြည့်တိုက်ရှိ စာအုပ်စာရင်းမှာ အောက်ပါ အတိုင်းဖြစ်သည်-
    - ပုံနှိပ်စာ                                                  -     ၆၀ဝ၀ဝ၀ဝ
    - ခရစ်နှစ် ၁၅၀ဝ အလျင်ကပုံနှိပ်စာ         -    ၁၂၀ဝ၀
    - လက်ရေးစာ                                           -       ၁၃၆၀ဝ၀
    - ဒင်္ဂ ါးနှင့်တံဆိပ်                                      -     ၄၀ဝ၀ဝ၀
    - ဂီတသင်္ကေတ                                        -     ၂၉၅၀ဝ၀
    - ရုပ်ပုံစာချပ်                                            -    ၅၀ဝ၀ဝ၀ဝ
    - မြေပုံ                                                      -    ၄၀ဝ၀ဝ၀
ရှိကြောင်း သိရသည်။ ဤအရေအတွက်သည် လွန်ခဲ့သော ၁၉၅၈ ခုနှစ်ကဖြစ်သည်။ ယခုဆို မည်မျှများပြားနေမည်ကို စာဖတ်သူအနေ ဖြင့် ခန့်မှန်းနိုင်သည်။ ဤကား စာကြည့်တိုက်တစ်ခုတည်းကို နမူနာ ဖော်ပြခြင်းသာဖြစ်သည်။ အထက်တွင် ဖော်ပြခဲ့သော ကမ္ဘာ့စာကြည့် တိုက်များမှာလည်း ထိုနည်းအတိုင်းရှိသည်။ အရေအတွက် အနည်း ငယ်သာ ကွာခြားမှုရှိသည်။ ထို့ကြောင့်လည်း အထက်ဖော်ပြပါ ကမ္ဘာ့စာကြည့်တိုက်များသည်  ထင်ရှားကျော်ကြားခြင်းဖြစ်သည်။ စာရေးသူတို့  မြန်မာစကားတစ်ခုရှိပါသည်။  ဤကား အလိမ္မာစာမှာ  ရှိဟူသော စကားပင်ဖြစ်သည်။ ထိုစကားသည်မှန်၏။ စာအုပ်စာပေ များများဖတ်ရှုသူသည် ထိုစာပေမှပေးသော အသိကြောင့် လိမ္မာယဉ် ကျေးလာကြသည်။   လိမ္မာသည်နှင့်အမျှ ယဉ်ကျေးမှုသည်လည်း  ကျွဲကူးရေပါဆိုသကဲ့သို့ အတူဒွန်တွဲ ပါလာပေလိမ့်မည်။ ထို့ကြောင့် စာကြည့်တိုက်မှာသည်  ယဉ်ကျေးမှုဆီသို့  ဦးတည်သွားနိုင်သည်။စာဖတ်ခြင်းသည် လူတိုင်းအတွက် အရေးကြီးသည်။ ထိုစာမှပေးသော  အသိသည် မိမိနှင့် မိမိနိုင်ငံကိုတည်ဆောက်ရာမှာ အလွန်အရေးပါ လှသည်။ စာဖတ် ခြင်းဖြင့် ပညာရှိ ဖြစ်လာနိုင်သည်။ လယ်သမားဘဝ မှ စာဖတ်သဖြင့် ပညာရှိအမတ်ဖြစ်သွားသော ဝန်ဇင်းမင်းရာဇာက သက်သေခံလျက်ရှိသည်။ အလိမ္မာစာမှာရှိသလို ပညာကိုစာပေမှ ရနိုင်သည်ကို သတိပြုသင့်သည်။  ထို့ကြောင့် ဆရာကြီး ဒေါက်တာ မောင်ဖြူးက ကျောင်းစာတွေ မေ့ကုန်ပြီးတဲ့နောက် ကျန်သည့်အရာ ဟာ ပညာပဲဟု ဆိုခဲ့ဟန်တူပါသည်။ ပညာကို စာပေမှရသည်။
ထိုစာပေမှရသော ပညာကြောင့် အမှားအမှန်ကို တွေးဆနိုင် သည်။ ထိုကဲ့သို့ အမှားအမှန်ကို တွေးဆနိုင်ခြင်းသည်ပင် ပညာဖြစ် သည်။ ထို့ကြောင့် စာရေးသူတို့နိုင်ငံမှာ ပညာရှိများများရှိဖို့ ယင်း၏အခြေတည်ရာ စာကြည့်တိုက် များများရှိဖို့လိုသည်။ ထို့အပြင် ငြိမ်း ချမ်းရေးဗိသုကာ ဦးသန့်ကလည်း စာဖတ်သောလူမျိုးသည် တိုးတက် ၍ တိုးတက်သောလူမျိုးသည် စာဖတ်ကြသည်ဆိုခဲ့သည်။ စာရေးသူ တို့လူမျိုးသည် တိုးတက်သောလူမျိုးဖြစ်ဖို့ စာဖတ်ဖို့လိုသည်။ထိုကဲ့သို့ စာဖတ်ရန်လည်း စာကြည့်တိုက်များများ တည်ထောင်ကြရေး လိုအပ် သည်။ စာဖတ်သူသည် စာမဖတ်သူထက် ခေါင်းတစ်လုံးသာသည်ဟု ပြောဆိုတတ်ကြသည်။ ယနေ့ခေတ်သည် ပညာခေတ်ဖြစ်သည်နှင့် အညီ  လူတိုင်းနီးပါး   စာတတ်ကြသည်။  သို့သော်  လူတိုင်းတော့ စာမဖတ်ကြပါ။ စာတတ်ပြီး စာမဖတ်သူသည် တံခါးပေါက်ရှိပါလျက် မဖွင့်သော အိမ်နှင့်တူပါသည်။ စာမဖတ်သူသည် အသိပညာတံခါး ပိတ်လျက်ရှိနေသည်။ ထို့ကြောင့် ယနေ့မျက်မှောက်ခေတ်မှာ လုပ် သင့် မလုပ်သင့်ကိုပင် မစဉ်းစားဘဲ ဖျက်ဆီးမှုစွမ်းအား ကြီးမားနေ သည်မှာ  စာပေမှပေးသော  အသိÓဏ်မရှိခြင်းကြောင့်ဖြစ်သည်။စာဖတ်သူသည် သူများထက်ပို၍ တွေးတောဆင်ခြင်နိုင်စွမ်းရှိသည်။ ဒါကိုပင်  ခေါင်းတစ်လုံးသာသည်ဟု ဆိုလိုခြင်းဖြစ်သည်။ ထို့ပြင် ကျန်းမာရေးရှုထောင့်မှ ကြည့်ပါက တစ်ပတ်ကို အနည်းဆုံးလေးနာရီ ခန့် စာဖတ်သူသည် စာလုံးဝမဖတ်သူထက် ၂၃ ရာခိုင်နှုန်း အသက်ပို ရှည်ကြောင်း သိရသည်။ တစ်ရက် မိနစ် ၃၀ ခန့် စာဖတ်ခြင်းသည်  ယောဂ လေ့ကျင့်ခန်းပြုလုပ်ခြင်း သို့မဟုတ် ရယ်ရွှင်ဖွယ်ပြောခြင်း တို့ကဲ့သို့ သွေးပေါင်ချိန်ကို လျော့နည်းစေပြီး နှလုံးခုန်နှုန်း ပုံမှန်ဖြစ် စေကြောင်း ဆောင်းပါးတစ်ပုဒ်၌ စာရေးသူဖတ်ခဲ့ရသည်။ ထို့ကြောင့်  ကျန်းမာရေးလည်းကောင်း၊ တိုးတက်သော လူမျိုးလည်းဖြစ်၊ လိမ္မာ ယဉ်ကျေးသူများလည်းဖြစ်စေရန် စာဖတ်ဖို့လိုသည်။  စာဖတ်ကြရ မည်။ ထိုကဲ့သို့စာဖတ်ဖို့စာရေးသူ တို့နိုင်ငံ၌သာ စာကြည့်တိုက်တွေ များများတည်ရှိရန် လိုအပ်ပါကြောင်း ရေးသားတင်ပြလိုက်သည်။

ကိုးကား - တိုက်စိုး(စာသမား၏ စာပေါင်းချုပ်-၁)
   - စာကြည့်တိုက်ယဉ်ကျေးမှုမှသည်ဆောင်းပါး
    (စိုးမင်းနိုင်-ကျောင်းဆရာ၊၂၀၂၀ - ဇန်နဝါရီလထုတ်-
    ပညာတန်ဆောင်မဂ္ဂဇင်း)

ကျော်စွာ (ကျိုက်ပိ)