Background
မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်ရှိ စစ်တွေနယ်စပ်မှ ကန်ဒေါ်လာ သုည ဒသမ ၀၄၈ သန်းတန်ဖိုးရှိ မတ်ပဲတန် ၁၀၀ ကိုမေ ၃၀ ရက်မှ ဇွန် ၅ ရက်ထိ ကာလ အတွင်းမှာ အပို့ရှိခဲ့ရာ ယခင်အပတ်ကထက် ၈၄ တန်ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။ မူဆယ် နယ်စပ်မှလည်းကန်ဒေါ်လာ သုည ဒသမ ၀၆၈ သန်းတန်ဖိုးရှိမတ်ပဲ ၁၁၇ တန် ကျော် တင်ပို့မှုရှိခဲ့တယ်လို့သိရပါတယ်။ မူဆယ်မှာတော့ မိမိဘက်နဲ့တစ်ဘက်နိုင်ငံ ဈေးများပြောင်းလဲမှုမရှိဘဲ ယခင်အပတ်အတိုင်း မိမိဘက်မြေပြင်ဈေးတစ်တန်ကို ၅၆၇၆၀၀ ကျပ်နဲ့ တစ်ဘက်နိုင်ငံရွှေလီဈေးမှာ ၆၈၂ ဒေါ်လာ ပေါက်လျက်ရှိပါတယ်။ MIRT(DOBT)
ဟင်္သာတပဲဈေးကွက် မတ်ပဲဈေးမှာ ယခင်တစ်ပတ်က တစ်တင်း ၁၂၂၀၀ ကျပ်ဈေးနဲ့ အရောင်းအဝယ် ဖြစ်ခဲ့ပြီး၊ ယခုတစ်ပတ်မှ ၁၂၃၀၀ ကျပ်ဈေးနဲ့ အရောင်း အဝယ်ဖြစ်တာကြောင့် ဈေးအနည်းငယ်မြင့်လာ ပါတယ်။ ဟင်္သာတခရိုင်အတွင်း မြို့နယ်များမှလည်း ပဲဝင်ရောက်မှုနည်းလာပြီး တစ်ရက် အိတ် ၅၀၀ ခန့်သာ ဝင်ရောက်လျက် ရှိပါတယ်။ ရန်ကုန်ဝယ်လက်ကုန်သည်ကြီးများ ရဲ့ ဈေးပေးဝယ်ယူမှု ကြောင့် ပဲစီးဆင်းမှုမှာ တစ်နေ့ပျမ်းမျှ အိတ် ၂၅၀၀ ခန့် တင်ပို့နိုင်တယ်လို့ သိရပါတယ်။ အေးအေးခိုင်
အိန္ဒိယပြည်တွင်းဈေးကွက်များအတွင်း ယခုတစ်ပတ် အရောင်းအဝယ်အေး တာကြောင့် မတ်ပဲဈေး ငြိမ်နေပါတယ်။ မဟာရပ်ရှတရာရှိ ဈေးကွက်အများစုမှာ ပဲခွဲစက်များနဲ့ ကုန်သည်များမှ ဝယ်လိုအားနည်းတာကြောင့် ပြည်တွင်းမတ်ပဲ ဈေး ရော တင်သွင်းပဲဈေးပါ ဒီတစ်ပတ်လုံးငြိမ်နေပါတယ်။
ရန်ကုန်တိုင်းဒေသကြီး ဘုရင့်နောင်ကုန်စည်ဒိုင်မှာ မတ်ပဲအရောင်းအဝယ် ပုံမှန်ဖြစ်နေကြောင်း သိရပါတယ်။ အိန္ဒိယဝယ်လက်ပုံမှန်ရှိနေပြီး ပြည်တွင်း ရောင်းလက်များမှ ရောင်းလိုအားများနေတယ်လို့ သိရပါတယ်။ ဈေးအနိမ့်မှာ ပင် ရောင်းချမှုများတာကြောင့် မတ်ပဲ FOB ဈေးမှာ ယခင်တစ်ပတ်ထက် အနည်းငယ် လျော့ကျခဲ့ပါတယ်။
ယခုနှစ် မေလအတွင်း မတ်ပဲတင်ပို့မှုက စံချိန်သစ်တင် တိုးတက်ခဲ့ပါတယ်။ ဧပြီလတစ်လလုံးမှာ မတ်ပဲတန်ချိန် ၄၂၀၀၀ ကျော်တင်ပို့ခဲ့ပြီး မေလတစ်လလုံးမှာ တန်ချိန် ၉၀၀၀၀ ကျော်အထိ တင်ပို့မှုမြင့်တက်ခဲ့ ကြောင်းသိရပါတယ်။ ယခင်နှစ် မေလအတွင်းမှာလည်း မတ်ပဲတင်ပို့မှု တန်ချိန် ၈၅၀၀၀ နီးပါးထိမြင့်တက်ခဲ့ပေမဲ့ ယခုနှစ်မှာတော့ စံချိန်သစ်တင် တိုးတက်တင်ပို့နိုင်ခဲ့တာဖြစ်ပါတယ်။
စားနပ်ရိက္ခာဈေးနှုန်းမြင့်တက်မှု လျော့ကျဖို့ ဆန်နဲ့အခြားစားသောက်ကုန်များ တင်သွင်းရေး တန်ဇန်းနီးယား အစိုးရက တွန်းအားပေးလာနိုင်တယ်လို့ တန်ဇန်းနီးယားဘဏ် (BOT) မှ ပြောကြားပါတယ်။ စားနပ်ရိက္ခာသီးနှံ ရှားပါးခြင်းနဲ့ ရေ နံ ဈေးမြင့်တက်ခြင်းတို့ကြောင့် အာဖရိကနိုင်ငံအတွင်း ဈေးနှုန်းဖောင်းပွမှုဟာ ၂၄ ရာခိုင်နှုန်း ဝန်းကျင်ရှိနေပါတယ်။
အခြားလယ်ယာထွက်ကုန် ပစ္စည်း တစ်မျိုးဖြစ်သော မန်ကျည်းသီးအား ပြည်ပသို့ တင်ပို့လျက်ရှိရာ ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်တွင် ပင်လယ်ရေ ကြောင်းမှ အမေရိကန်ဒေါ်လာ ၉ သန်းကျော်ဖိုး တင်ပို့နိုင်ခဲ့သဖြင့် ၁၀ နှစ်တာကာလအတွင်း အမြင့်ဆုံး တင်ပို့ နိုင်ခဲ့ခြင်းဖြစ်ကြောင်း စာရင်းဇယားများ အရ သိရှိရပါသည်။
တရုတ်နိုင်ငံအကောက်အခွန်ရဲ့ ပြင်းထန်တဲ့ တားမြစ်မှုနဲ့ ထိုင်းသကြား ပရီမီယံ မြင့်တက်မှုတွေကြောင့် တရုတ်နိုင်ငံအတွင်း ကို သကြားတရားမဝင် တင်သွင်းမှုကျဆင်းခဲ့ကြောင်း၊ ယူနန်သကြားအသင်း အထွေထွေ အတွင်းရေးမှူး Deng မှ ပြောကြား ပါတယ်။ ပထမ ၃ လအတွင်း တရားမဝင်တင်သွင်းမှု တန်ချိန် ၅ သိန်းအထိ ရှိခဲ့လို့ နှစ်ပေါင်း ၁၇ နှစ်အတွင်းမှာ အများဆုံး ဖြစ်တယ်လို့ ဧပြီလအတွင်း ကွမ်းရှီးသကြားအသင်းမှ ပြောကြားပါတယ်။ ဒါပေမယ့် ဒုတိယသုံးလအတွင်းမှာတော့ သုံးပုံနှစ်ပုံခန့် တင်သွင်းမှု ကျဆင်းနိုင်တယ်လို့ ၎င်းင်းမှ ဆိုပါတယ်။
တရုတ်နိုင်ငံရဲ့အဓိကသင်္ဘောတင်ကုန်ပစ္စည်းတွေထားရှိတဲ့ ကွမ်ကျိုးဆိပ်ကမ်းမှာ ရော်ဘာဝယ်လိုအားတွေ ကျဆင်း တယ်လို့ ကွမ်းကျိုး နိုင်ငံတကာရော်ဘာကုန်စည်ဒိုင်ကထုတ်ပြန်ထားပါတယ်။ တာယာထုတ်လုပ်ရေးတွေရဲ့ ဝယ်လိုအားက လက်ရှိအချိန်မှာ အားနည်းနေတာကြောင့် ပြန်လည်သိုလှောင်မှုကိုလည်းအနည်းငယ်ပဲ ဆောင်ရွက်နေကြောင်း ကုန်စည်ဒိုင်ရဲ့ ဥက္ကဌကပြောကြား ခဲ့ပါတယ်။
မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်၊ လွယ်ဂျယ်နဲ့ချင်းရွှေဟော်နယ်စပ်၊ မြန်မာ-ထိုင်းနယ်စပ်ရှိ မြိတ်နယ်စပ်တို့မှ မေလ ၂၃ ရက်မှ ၂၉ ရက်ထိကာလအတွင်းမှာ ကန်ဒေါ်လာ ၃ ဒသမ ၈၃၉ သန်းတန်ဖိုးရှိ ရော်ဘာအဆင့်စုံ ၁၁၁၆ တန်ကို တင်ပို့ခဲ့ပါတယ်။
