Background
၂၀၁၂ ခုနှစ် အတွင်းအာဖရိကနိုင်ငံတွေမှ အိန္ဒိယကို ပဲမျိုးစုံတင်ပို့မှုက ယခင်နှစ်ကထက် ၂၀ ရာခိုင်နှုန်း ဝန်းကျင်မြင့်မားနိုင်တယ်လို့ ခန့်မှန်းကြတယ်။ အဓိကမှာ လာမယ့်နှစ်အနည်းငယ်မှာ အာဖရိကက အိန္ဒိယကို ပဲစင်းငုံတင်ပို့မှု အများဆုံး နိုင်ငံဖြစ်လာနိုင်ကြောင်း အိန္ဒိယနိုင်ငံမွန်ဘိုင်းမှ ပဲလုပ်ငန်းရှင်တွေက ခန့်မှန်းထားတယ်။
အိန္ဒိယပြည်တွင်းဈေးကွက်တွေမှာ ယခုတစ်ပတ်အတွင်း ပဲပြုပြင်ထုတ်လုပ်သူ များမှ ဝယ်လိုအား ပါးတာကြောင့် ပဲစင်းငုံဈေးနှုန်း အပြောင်းအလဲအနည်းငယ် ရှိပါတယ်။ မြန်မာပဲစင်းငုံကိုလည်း ဝယ်လိုအား ကျဆင်းတာကြောင့် ဈေးအနည်း ငယ် ကျဆင်းပါတယ်။
ရန်ကုန်တိုင်းဒေသကြီး ဘုရင့်နောင်ကုန်စည်ဒိုင် FOB ဈေးကွက်မှာ ယခု တစ်ပတ် ပဲစင်းငုံ အရောင်းအဝယ်ဖြစ်မှု သိသိသာသာ လျော့နည်းတာ တွေ့ရ ပါတယ်။ ယခင်သီတင်းပတ်က တန်ချိန် ၁၉၀၀၀ ခန့် အရောင်းအဝယ်စာချုပ်နိုင်ခဲ့ ပေမဲ့ ယခုသီတင်းပတ်(ဖေဖော်ဝါရီ ၁၇-၂၃ ရက်)အတွင်းမှာတန်ချိန် ၅၂၀၀ ကျော် သာ အရောင်းအဝယ်ဖြစ်ကြောင်း သိရပါတယ်။
ပင်လယ်ရေကြောင်းက ပဲစင်းငုံတင်ပို့မှုမှာ ယခင်သီတင်းပတ်များထက် ပိုမို လာတာတွေ့ရပါတယ်။ ယခင်သီတင်းပတ်က ပဲစင်းငုံတန်ချိန် ၁၂၆၀၀၀ ကျော် အထိ တင်ပို့နိုင်ခဲ့ပြီး ယခုတစ်ပတ် (ဖေဖော်ဝါရီလ ၁၃-၁၇) မှာလည်း တန်ချိန် ၁၄၀၀၀ နီးပါးအထိ ပိုမိုတင်ပို့နိုင်တာတွေ့ရပါတယ်။
ဟင်္သာတ ပဲဈေးကွက်ကို ပဲသစ်များ အဝင်လှိုင်လာပြီး တစ်ရက် အိတ် ၁၀၀၀ မှ ၁၅၀၀ ခန့် ကုန်စည်ဒိုင်မှာ အရောင်းအဝယ်ဖြစ်နေပါတယ်။ မတ်ပဲ ဈေးနှုန်းမှာ ယခင်အပတ်က တစ်တင်း ၁၃၇၀၀ ကျပ်နဲ့ အရောင်းအဝယ်ဖြစ်ခဲ့ ပြီး၊ ယခုတစ်ပတ်မှာ ၁၃၅၀၀ ကျပ်နဲ့ ဈေးအေးသွားပေမယ့် ဘုရင့်နောင်ဈေးကွက်ကို ယခင်အပတ်ထက် အိတ် ၅၀၀ ခန့်ပိုပြီး၊ နေ့စဉ်အိတ် ၁၀၀၀ ကျော်တင်ပို့လာနိုင် တယ်လို့ သိရပါတယ်။အေးအေးခိုင်
ပြည်ပဲဈေးကွက်ကို မတ်ပဲသစ်ဝင်ရာက်မှုမှာ ယခင်တစ်ပတ်ထက် လျော့နည်း သွားခဲ့ပြီး၊တစ်နေ့ကိုပဲအိတ် ၁၄၀ - ၁၅၀ ခန့်သာ မကွေးတိုင်းဒေသကြီး၊ အောင်လံ- ပြည် ကြားရွာများမှ အဝင်ရှိတယ်လို့ သိရပါတယ်။ ပဲအဝင်နည်းခဲ့သလို ပဲဈေးမှာ ယခင်တစ်ပတ်ထက် လျော့နေခဲ့ပြီး၊ ပဲသစ်တစ်တင်းကို ၁၃၂၀၀ ကျပ်၊ ပဲဟောင်း တစ်တင်းကို ၁၂၅၀၀ ကျပ်ဈေးရှိတယ်လို့ သိရပါတယ်။
အိန္ဒိယဈေးကွက်တွေကို မတ်ပဲပုံမှန်ဝင်ရောက်မှုရှိပေမဲ့ ဝယ်လိုအားနည်းတာ ကြောင့်ယခုတစ်ပတ်အတွင်း မတ်ပဲဈေးအနည်းငယ်လျော့ပါတယ်။ ဒါ့အပြင် အိန္ဒိယ အစိုးရရဲ့ ဒုတိယအကြိမ်ခန့်မှန်းချက်အရ ၂၀၁၁-၁၂ အတွင်း မတ်ပဲထွက်ရှိမှုဟာ တန်ချိန် ၁ ဒသမ ၇၃ သန်းရှိမှာဖြစ်လို့ ပထမအကြိမ် ခန့်မှန်းပမာဏထက် တန်ချိန် ၅ သိန်း ကျော်ပိုမိုခန့်မှန်းထားပါတယ်။
ရန်ကုန်တိုင်းဒေသကြီး ဘုရင့်နောင်ကုန်စည်ဒိုင် FOB ဈေးကွက်မှာ မတ်ပဲ အရောင်းအဝယ်ဖြစ်မှုဟာ ယခင်တစ်ပတ်ကထက် ထက်ဝက်ခန့်လျော့ပြီး ဖေဖော် ဝါရီ ၁၇-၂၃ ရက်အတွင်း တန်ချိန် ၆၅၀၀ ကျော်သာ အရောင်းအဝယ် စာချုပ်ခဲ့ ကြောင်း သိရပါတယ်။ ဈေးကွက်တွေကို မတ်ပဲအသစ်အနည်းငယ်စီ ဝင်ရောက် လာပြီ ဖြစ်ပြီး အိန္ဒိယဝယ်လက်များက မတ်ပဲအသစ် SQ ကို အဝယ်သန်ပေမဲ့ ယခင်နှစ်လက်ကျန် မတ်ပဲဟောင်းကိုတော့ ဝယ်ယူမှုနည်းတယ်လို့ သိရပါတယ်။
ပင်လယ်ရေကြောင်းကမတ်ပဲတင်ပို့ရာမှာယခုသီတင်းပတ်က တန်ချိန် ၁၁၀၀၀ ကျော်ထိတင်ပို့နိုင်ခဲ့ရာမှ ယခုတစ်ပတ် (ဖေဖော်ဝါရီ ၁၃-၁၇) အတွင်းမှာ တန် ချိန် ၇၂၀၀ ကျော်သာ တင်ပို့နိုင်တာတွေ့ရပါတယ်။
ဖေဖော်ဝါရီလဒုတိယပတ် အာရှရော်ဘာဈေးနှုန်းတွေ ဆက်လက်အားကောင်းလာတယ်။ မလေးရှား latex ရော်ဘာ ရောင်းလိုအားကျဆင်းနေချိန်မှာ ဝယ်လိုအားကောင်းနေတာကြောင့် တစ်တန်ကို ၂၅၇၄ ဒသမ ၅၀ ဒေါ်လာနဲ့ ဈေးနှုန်းခိုင်မာ နေတယ်။ လာမယ့်ရက်သတ္တပတ်မှာလည်း ရောင်းလိုအား အကျပ်အတည်းရှိဦးမှာဖြစ်ရာ မလေးရှားရော်ဘာဈေးနှုန်းတွေ မြင့်မားဖွယ်ရှိတယ်လို့ သုံးသပ်ကြတယ်။
