Background
ပဲမျိုးစုံနှင့် စားသုံးဆီအပေါ် အထောက်အပံ့ပေးမှု အစီအစဉ်ကို တစ်နှစ်ထပ်မံ၍ တိုးမြှင့် အိန္ဒိယနိုင်ငံ စားနပ်ရိက္ခာနဲ့ စားသုံးသူရေးရာ ဝန်ကြီးဌာနက ပဲမျိုးစုံနဲ့ စားသုံးဆီအပေါ် အထောက်အပံ့ ပေးမှု အစီအစဉ်ကို ၂ဝ၁၂ ခုနှစ် မတ်လ ၃၁ ရက်နေ့အထိ တစ်နှစ် ထပ်မံပြီး တိုးမြှင့်လိုက်ကြောင်း သိရပါတယ်။ လက်ရှိမှာ ပဲမျိုးစုံနဲ့ စားသုံးဆီအပေါ် အထောက်အပံ့ပေးမှုက ဧပြီလ ၁ ရက်နေ့မှာ သက်တမ်းကုန်ဆုံး မှာဖြစ်ကြောင်း၊ အစီအစဉ်အရ ပဲမျိုးစုံနဲ့ ဆီအား ဘယ်လောက်သိုလှောင်ထားရမှာကိုလည်း သတ်မှတ်ထားကြောင်း သိရပါတယ်။ အိန္ဒိယနိုင်ငံ စားနပ်ရိက္ခာနဲ့ စားသုံးသူရေးရာဝန်ကြီး ဌာနက ပြည်သူတွေကို စားနပ်ရိက္ခာဖြန့်ဝေမှု အစီအစဉ် (PDS) အရ ပဲမျိုးစုံနဲ့ စားသုံးဆီဖြန့်ဝေမှုအတွက် ပဲတစ်ကီလိုဂရမ်ကို ရူပီး ၁ဝ ကိုလည်းကောင်း၊ ဆီတစ်လီတာ အတွက် ၁၅ ရူပီးကိုလည်းကောင်း အသီးသီးအထောက်အပံ့ ပေးထားပါတယ်။ ဈေးကွက်ပေါက်ဈေး နှုန်းနဲ့ အစားအစာ ဖြန့်ဝေမှုအစီအစဉ် (PDS) ရဲ့ ဈေးနှုန်းအကြား ခြားနားမှုကို ဗဟိုအစိုးရက ပြည်နယ်တွေကို ပြန်လည်ပေးမယ်လို့ သိရပါတယ်။ ပဲမျိုးစုံနဲ့ စားသုံးဆီမှာ အိန္ဒိယနိုင်ငံရဲ့ အဓိကစားသောက် ကုန်ပစ္စည်းတွေဖြစ်ပြီး ၎င်းကုန်ပစ္စည်းတွေကို ပြည်ပမှလည်း အများအပြားတင်သွင်းနေရကြောင်း၊ မရှိမဖြစ်လိုအပ်တဲ့ စားသောက်ကုန်အက်ဥပဒေအရ ဗဟို အစိုးရက ပြည်နယ် တွေမှာ ၎င်းပစ္စည်းတွေကို သိုလှောင်ထားမှု ပမာဏကို သတ်မှတ်ဖို့ ဆုံးဖြတ်ခဲ့ကြောင်း သိရပါ တယ်။ ပဲမျိုးစုံထုတ်လုပ်မှုကောင်းမွန်မယ်လို့ ခန့်မှန်းထားသော်လည်း မလိုလားအပ်တဲ့ ဈေးနှုန်းမြင့်မားမှုကို ကာကွယ် ဖို့ PDS အစီအစဉ်ကို ဆက်လက်ဆောင်ရွက်မှာဖြစ်ကြောင်း သိရပါတယ်။ အိန္ဒိယက PDS စနစ်ကို ၂ဝဝ၈-၂ဝဝ၉ ခုနှစ် မှာ စတင်ခဲ့ပြီး ပဲမျိုးစုံနဲ့ စားသုံးဆီအတွက် အထောက်အပံ့ ပေးခဲ့ပါတယ်။ ပြည်တွင်းပဲမျိုးစုံလုံလောက် မှုရှိစေဖို့နဲ့ ဈေးနှုန်း မြင့်မားမှုဒဏ်မှ ကာကွယ်ဖို့ နိုင်ငံခြား ကုန်သွယ်ရေးဌာနက ပဲမျိုးစုံတင်ပို့ မှုကို ၂ဝ၁၂ ခုနှစ် မတ်လ ၃၁ ရက်နေ့အထိ တစ်နှစ်ထပ်မံပြီး တားမြစ်ထားပါ တယ်။ စန္ဒာထွန်း Source:business-standard.com
အိန္ဒိယနိုင်ငံ STC အေဂျင်စီက ပဲမျိုးစုံတန်ချိန် ၃၁ဝဝဝ တင်သွင်းဖို့ တင်ဒါခေါ် အိန္ဒိယနိုင်ငံ STC ကော်ပိုရေးရှင်းက ပြည်တွင်းဈေးကွက်အတွင်း ရောင်းချဖို့ ပြည်ပက ပဲမျိုးစုံတန်ချိန် ၃၁ဝဝဝ တင်သွင်းဖို့ တင်ဒါခေါ်ယူခဲ့တယ်လို့ သိရပါတယ်။ တင်သွင်းမယ့် ပဲများက ပဲဝါလေး တန်ချိန် ၂၅ဝဝဝ၊ ဒေစီကုလားပဲ မတ်ပဲနဲ့ ပဲစင်းငုံတွေကိုတန်ချိန် ၂ဝဝဝစီ တင်သွင်းသွားမှာဖြစ်ပြီး ကနေဒါ၊ သြစတြေးလျနဲ့ မြန်မာနိုင်ငံက ပဲများ တင်သွင်း သွားမယ်လို့ သိရပါတယ်။ မတ်ပဲနဲ့ ပဲစင်းငုံများကတော့ ယခုနှစ်ထွက်ပဲများဖြစ်ရမှာဖြစ်ပြီး မေနဲ့ ဇွန်လအတွင်း မွန်ဘိုင်းနဲ့ ချန်နိုင်းဆိပ်ကမ်းများကို တင်ပို့ရမယ်လို့ သိရပါတယ်။ ယမင်းခင် Source: commodityonline
မာလာဝီတောင်သူများ အိန္ဒိယအတွက် ပဲမျိုးစုံထုတ်လုပ်ဖို့ ကြိုးစားနေ အရှေ့တောင်အာဖရိကနိုင်ငံထဲက မာလာဝီတောင်သူများဟာ နိုင်ငံတကာဈေးကွက်အတွင်း တိုးတက်နေတဲ့ ဝယ်လိုအား၊ အထူးသဖြင့် အိန္ဒိယရဲ့ဝယ်လိုအားပြည့်မီဖို့ ၎င်းတို့ပုံမှန်စိုက်ပျိုးတဲ့ သီးနံှတွေကနေ ပဲမျိုးစုံပြောင်းလဲ စိုက်ပျိုး နေတယ်လို့သိရပါတယ်။ မာလာဝီအစိုးရက အိန္ဒိယလိုအပ်ချက်ဖြည့်ဆည်းရေး ပဲပိုမိုစိုက်ပျိုးဖို့ တောင်သူ တွေကို တွန်းအား ပေးနေတယ်လို့ မာလာဝီစီးပွားရေးလုပ်ငန်းရှင် Jimu Banda ကပြောကြားပါတယ်။ Banda ဟာ မတ်လ ၂၇-၂၉ ရက် အတွင်း အိန္ဒိယအာဖရိက စီးပွားရေးဆွေးနွေးပွဲတက်ရောက်ခဲ့အပြီးမှာ ပြောကြားခြင်းဖြစ်ပါ တယ်။ Banda ဟာ ဆွေးနွေးပွဲတက်ရောက်ခြင်းအပြင် အချို့ပစ္စည်းဝယ်ယူဖို့ သွားရောက်ခဲ့တာဖြစ်ပေမယ့် ပဲစင်းငုံနဲ့ ပဲစင်းငုံခွဲခြမ်းရောင်းချဖို့ အမှာစာများရရှိခဲ့တယ်လို့သိရပါတယ်။ အိန္ဒိယနိုင်ငံဟာ ပဲစင်းငုံဝယ်လိုအား ကြီးကြီးမားမား ရှိနေပြီး၊ ယခုကုမ္ပဏီ ၂ ခုက ပဲစင်းငုံတန် ၁ဝဝဝ ရောင်းချဖို့အော်ဒါရရှိတယ်လို့ ၎င်းကဆိုပါတယ်။ မာလာဝီမှ အိန္ဒိယကို ပဲမျိုးစုံတန်ချိန် ၅ဝဝဝဝ ခန့်တင်ပို့ပြီးဖြစ်ပေမယ့် ပမာဏများများတင်ပို့ဖို့အလားအလာ ရှိနေတယ်လို့ Banda ကဆိုပါတယ်။ အစိုးရအနေနဲ့ အိန္ဒိယဈေးကွက်အတွက် ပဲမျိုးစုံတိုးတက်စိုက်ပျိုးဖို့ အလေးထားဆောင်ရွက်လျက်ရှိပြီး၊ အိန္ဒိယနိုင်ငံအတွက်လည်း ပဲမျိုးစေ့အသစ်များ ထုတ်လုပ်ခြင်း၊ စောစီးစွာရင့်မှည့်ပြီး၊ အထွက်နှုန်းကောင်းတဲ့မျိုးစေ့များ စိုက်ပျိုးဖို့ သုတေသနနဲ့ လေ့ကျင့်သင်ကြားပေးခြင်းများ ကူညီလျက်ရှိပါတယ်။ အစောပိုင်းက မာလာဝီမှာ အဓိက အားဖြင့် ပြောင်း၊ လက်ဖက်နဲ့ ဆေးရွက်ကြီးစိုက်ပျိုးကြပေမယ့် ယခုအခါပဲမျိုးစုံကိုလည်း စိုက်ပျိုးလာကြပြီလို့ဆိုပါတယ်။ မာလာဝီရှိ တောင်သူများဟာ ပဲပုပ်၊ ပဲစင်းငုံ၊ ပဲတီစိမ်း၊ ဘိုကိတ်ပဲ၊ မြေထောက်ပဲတို့ကိုလည်း စိုက်ပျိုးလာကြပြီ ဖြစ်ပါတယ်။ မာလာဝီလုပ်ငန်းရှင်များဟာ ပဲပုပ်စေ့မှ ပဲပုပ်နို့ရေပြုလုပ်ဖို့ စက်ပစ္စည်းများကိုလည်း ဝယ်ယူဖို့ ကြိုးစားနေပြီလို့ ဆိုပါတယ်။ ယခင်းရွှေစင်၊Source:nyasatimes.com
ပြည်တွင်းကြာဆံလုပ်ငန်းကပဲ အဝယ်ရှိတဲ့ မြစ်ခြေ ပဲယင်း ယောနယ်ဘက်က ပဲယင်းတွေ အရောင်းအဝယ်ကုန်လုနီးပါးဖြစ်ချိန်မှာ ပခုက္ကူနယ်၊ မြစ်ခြေဘက်က ပဲယင်းတွေ ဈေးကွက်မှာ ပေါ်ထွက်နေပါတယ်။ ဈေးကတော့ တစ်တင်းကို ၁၃၆ဝဝ ကျပ်၊ ၁၃၇ဝဝ ကျပ်ဆိုတော့ တောင်သူတွေ အနေနဲ့ ဈေးကွက်ကိုတင်ပို့ရောင်းချဘို့ စိတ်ဝင်စားမှုနည်းနေပါတယ်။ ပြည်တွင်း ကြာဆံစက်လုပ်ငန်းရှင်တွေကပဲ ကုန်ကြမ်းအဖြစ် အရောင်းအဝယ် ရှိတယ်လို့ သိရပါတယ်။ မောင်မောင်အေး
ပဲယင်း ဆက်လက် တင်ပို့နေဆဲ မတ်လ ၃ဝ ရက်မှ ဧပြီလ ၅ ရက်ထိကာလအတွင်း စစ်ကိုင်းနဲ့ မကွေးတိုင်းဒေသကြီးထွက် ပဲယင်း ၄ဝ၃ တန်၊ တန်ဖိုးကန်ဒေါ်လာ ဝ ဒဿမ ၂၉ သန်းဖိုးကို မူဆယ် (၁ဝ၅) မိုင်မှ တင်ပို့ခဲ့ပါတယ်။ နှစ်သစ် ကူးကာလ ဧပြီလ ၆ ရက်မှ ၁၉ ရက်ထိကာလအတွင်းမှာလည်း ၅၂၇ တန်၊ တန်ဖိုးကန်ဒေါ်လာ ဝ ဒဿမ ၃၈ သန်းဖိုး မူဆယ်စခန်းမှ ပဲမပြတ် တင်ပို့နေခဲ့ပါတယ်။ မိမိဘက် မြေပြင်ပေါက်ဈေး ၅၁၇၈၂၁ ကျပ်နဲ့ တစ်ဖက်နိုင်ငံ ပေါက်ဈေးက ၆၇၇ မှ ၆၇၈ ဒေါ်လာကြား ဈေးရလျက်ရှိတယ်လို့သိရပါတယ်။ MIRT(DOBT)
ဈေးကျပြီး အရောင်းအဝယ်သွက်နေတဲ့ ပြည်ပဲကြီး ပြည်ဈေးကွက်တွင် ပဲကြီးဈေးနှုန်းမှာ ယခင်တစ်ပတ်ဈေးထက် အနည်းငယ် ထပ်မံကျဆင်းသွားတယ်လို့သိရပါတယ်။ ပဲကြီး (ရွှေကျွန်း)မှာ ၂ဝ၅ဝဝ ကျပ်နဲ့ ပဲကြီး (ကမ်းနား)မှာ တစ်တင်းကို ၁၈၅ဝဝ ကျပ်ဖြင့် အရောင်းအဝယ် ဖြစ်ကြောင်း သိရပါတယ်။ ဝင်ရောက်မှုအနေဖြင့် ယခုရက်ပိုင်းတွင် ပဲကြီး အဝင်နည်း နေပြီး အရောင်းအဝယ်နေ့တိုင်း ဖြစ်ကြောင်းသိရပါတယ်။ အရောင်းအဝယ်ပါးတဲ့ ရက်များမှာ အိတ် ၁၅ဝ ဝန်းကျင်အရောင်းအဝယ်ဖြစ်ပြီး၊ အရောင်းအဝယ် များတဲ့ရက်များမှာ အိတ် ၆ဝဝ ခန့်ထိ အရောင်းအဝယ် သွက်တယ်လို့ သိရပါတယ်။ ခင်ဆွေဝင်း
ပဲကြီးမပြတ်တင်ပို့ မတ်လ ၃ဝ ရက်မှ ဧပြီလ ၅ ရက်ထိကာလအတွင်း မူဆယ် ၁ဝ၅ မိုင် ကုန်သွယ်ရေးဇုန်မှ ပဲကြီး ၂၆၉ တန်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ဝ ဒဿမ ၃၂၅ သန်း ဖိုးတင်ပို့နိုင်ခဲ့ပါတယ်။ မြန်မာ နှစ်သစ်ကူးကာလဖြစ်တဲ့ ဧပြီလ ၆ ရက်မှ ၁၉ ရက်ထိ ကာလ အတွင်းမှာလည်း ၃၉၈ တန် တန်ဖိုးကန်ဒေါ်လာ ဝ ဒဿမ ၄၆၇ သန်းဖိုး ဆက်လက်တင်ပို့နေခဲ့ကြောင်း သိရပါတယ်။ မတ်လကုန် ကာလတွေမှာ ပဲကြီး တင်ပို့မှုမရှိပဲ ဧပြီလဆန်း ကာလမှစလို့ တင်ပို့ခဲ့တာ ဖြစ်ပါတယ်။ MIRT (DOBT)
ပြည်ထောပတ်ပဲ ဆက်လက်ဈေးကျနေ ပြည်ထောပတ်ပဲမှာ ဧပြီလအစက ပဲသစ်များအဝင်များလာတာကြောင့် တစ်တင်းကို ၂ဝဝဝဝ ကျပ်မှ ၁၇ဝဝဝ ကျပ်ထိ သိသိသာသာ ဈေးလျော့နည်းခဲ့တယ်လို့သိရပါတယ်။ ယခုတစ်ပတ်မှာတော့ ယခင်ရက်များက သြင်္ကန်ရက်များ ဖြစ်နေတဲ့အတွက် အရောင်းအဝယ်အေးနေခြင်း၊ ပဲသစ်များ အဝင်ရှိနေခြင်းများကြောင့် ထောပတ်ပဲဈေးမှာ တစ်တင်းကို ၁၅ဝဝဝ ကျပ်ဈေးသာရှိတော့ကြောင်း သိရပါတယ်။ ရောင်းဝယ်မှုအနေဖြင့် လက်လီသမားများမှ အနည်းငယ်သာအဝယ် ရှိကြောင်း သိရပါတယ်။ ခင်ဆွေဝင်း
ထောပတ်ပဲနဲ့ မြေထောက်ပဲ တင်ပို့မှု အားကောင်းလာ သြင်္ကန်မတိုင်မီ သီတင်းပတ်အတွင်း ပင်လယ်ရေကြောင်းက ထောပတ်ပဲနဲ့ မြေထောက်ပဲ တင်ပို့မှုက အရှိန်အားကောင်းလာခဲ့ပါတယ်။ ယခင်သီတင်းပတ်က မြေထောက်ပဲ တန် ၂ဝဝ နဲ့ ထောပတ်ပဲတန် ၅ဝဝ ခန့်သာ တင်ပို့မှု ရှိခဲ့ရာမှယခု သီတင်းပတ်မှာ မြေထောက်ပဲတန် ၅ဝဝ ကျော်နဲ့ ထောပတ်ပဲတန် ၁၁ဝဝ ကျော်ထိ ၁ ဆကျော်ပိုတင်လာနိုင်ခဲ့ပါတယ်။ မတ်လ တစ်လလုံးတင်ပို့မှုအနေနဲ့ မြေထောက်ပဲတန် ၈၅ဝ ကျော်၊ ထောပတ်ပဲ တန် ၈ဝဝ ခန့်ရှိပြီး ဖေဖော်ဝါရီလမှာ မြေထောက်ပဲ တန် ၇၆ဝ ကျော်နဲ့ ထောပတ်ပဲ တန် ၅ဝဝ ခန့် ရှိခဲ့တာတွေ့ရပါတယ်။ ၂ဝ၁ဝ မတ်လ အတွင်းမှာ မြေထောက်ပဲ တန်ချိန် ၁၈ဝဝ ကျော်နဲ့ ထောပတ်ပဲ တန်ချိန် ၁၆၅ဝ ခန့်ရှိလို့ ယခုနှစ် ကာလတူမှာ ထက်ဝက်ခန့်လျော့ကျတင်ပို့တာ တွေ့ရပါတယ်။ ပြည်တွင်းဈေးကွက်အတွင်း ယင်းပဲများ အရောင်းအဝယ် သွက်နေတယ်လို့ သိရပါတယ်။ MIRT - MAPT
နှစ်သစ်မှာ ဈေးမာလာတဲ့ ကုလားပဲဖြူလုံးကြီး ဧပြီလဆန်းက တစ်တင်းကို ၁၇၃ဝဝ ကျပ်ထိ ဆင်းပြေးခဲ့တဲ့ ကုလားပဲဖြူလုံးကြီးဟာ ပခုက္ကူဈေးကွက်မှာ သြင်္ကန်မတိုင်ခင်က ၁၈၈ဝဝ ကျပ်၊ ၁၉ဝဝဝ ကျပ်ထိ ဦးပြန်မော့လာပါတယ်။ အိန္ဒိယဝယ်လက်တွေ အမှာအော်ဒါတွေရရှိမှုနဲ့ ဝယ်လို အားတက်လာတာကြောင့်လို့ သိရပါတယ်။ ယင်းဝယ်လိုအားဟာ ဆက်လက် တည်မြဲနေပုံရတဲ့အတွက် သြင်္ကန်အပြီးမှာလည်း ၁၉ဝဝဝ ကျပ်နဲ့ တန်း နေတာ တွေ့ရပါတယ်။ အခုလောလောဆယ်မှာတော့ ပဲမိုျးစုံဈေးကွက်ထဲမှာ ဈေးမာနေတာက ကုလားပဲဖြူလုံးကြီးပါပဲ။ ကုလားပဲဝါကြီးကတော့ ၁၆၇ဝဝ ကျပ်၊ ၁၆၈ဝဝ ကျပ်ရှိပါတယ်။ မောင်မောင်အေး
