Background
အော်ဂဲနစ် မန်ကျည်းမှည့် ဈေးကွက် တကယ်လို့များ အော်ဂဲနစ်ပြိုင်ပွဲ ရှိရင် မန်ကျည်းပင်က ပထမရလိမ့်မယ် ထင်ပါတယ်။ ဓါတုဗေဒ သွင်းအားစု တွေ မတီထွင်မီကတည်းက ကြီးရင့် သီးပွင့်နေတဲ့ မန်ကျည်းပင်တွေဟာ အညာတစ်ခွင်မှာ အော်ဂဲနစ် သစ်ပင် အစစ်တွေပါပဲ။ နောက်ပိုင်းစိုက်တဲ့ ပင်ပျိုတွေကိုလည်း မြေဆီကြဲပက်စိုက် တယ်လို့မကြားမိပါဘူး။ ဒါကြောင့် ဈေး ကွက်ကလည်း ထင်ပေါ်လို့ စင်တော် ကောက်ပုံရပါတယ်။ အိမ်ရှင်မတွေရဲ့ စားဖိုဆောင်မှာလည်း မရှိမဖြစ်နီးပါး၊ စားသောက်ကုန်လုပ်ငန်းမှာ အသွင် အမျိုးမျိုး၊ တိုင်းရင်းဆေးဝါးတွေမှာ လည်း သူကမပါမဖြစ်၊ ဒါကြောင့် အခြား သီးနံှတွေ ဈေးအေးဈေးကျနေချိန်မှာ မန်ကျည်းအခွံခွာအစေ့ပါ တစ်ပိဿာကို ၁၂ဝဝ ကျပ်ထိ ဈေးတတ် နေပါတယ်။ ပခုက္ကူဈေးကွက်ကိုတော့ မြိုင်နယ်တစ်ကြောနဲ့ ပေါက်နယ်အစပ် တွေကဝင်ပါတယ်။ တစ်ဆယ်ကီလို အထုပ်ငယ်လေးတွေ ပလတ်စတစ် အိတ်ပါးနဲ့ ခွဲထုပ်ပိုးပြီး တရုတ်ကိုတင်ပို့ တယ်လို့သိရပါတယ်။ တရုတ်ဘက်မှာ မန်ကျည်းနှစ်ကို စားသောက်ကုန် သကြားလုံး၊ အလှကုန်ပစ္စည်း ကုန်ကြမ်း နဲ့ မန်ကျည်းစေ့ကိုတော့ အရည်ကြိုပြီး သင်္ဘောဆေးပြုလုပ်တဲ့ နေရာမှာ အသုံးပြုကြောင်း လေ့လာသိရှိရပါတယ်။ မောင်မောင်အေး
မန်ကျည်းမှည့် အစေ့ပါများ မူဆယ်မှ ပို့ မူဆယ် ၁ဝ၅ မိုင်ကုန်သွယ်ရေးဇုန်မှ မတ်လ ၃ဝ ရက်မှ ဧပြီလ ၅ ရက်အတွင်း ဒေါ်လာ ဝ ဒဿမ ၁၇၆ သန်းတန်ဖိုးရှိ မန်ကျည်းမှည့်အစေ့ပါ ၂၆၉ တန်ကျော် တင်ပို့နိုင်ခဲ့ပါတယ်။ ဒါအပြင်သြင်္ကန် ကာလနှစ်သစ်ကူး ကာလ ဧပြီ ၆ ရက်မှ ၁၉ ရက်ထိကာလ အတွင်းမှာတော့ ဒေါ်လာ ဝ ဒဿမ ၃၉၈ သန်း တန်ဖိုးရှိ မန်ကျည်းသီး ၅၁၅ တန်ကို တင်ပို့ခဲ့တာကြောင့် တင်ပို့မှုပိုမို ခဲ့တယ်လို့ ဆိုရပါမယ်။ MIRT(DOBT)
မတ်လမှာ မန်ကျည်းတန်ချိန် နှစ်ထောင့်နှစ်ရာနီးပါး တင်ပို့နိုင် ဧပြီလ ၁ရက်မှ ၇ ရက်တာကာလ အတွင်း မန်ကျည်းတန်ချိန် ၁၉၅ ဒသမ ၅ တန်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၇၅၅ဝဝ ဖိုးကို ပင်လယ်ရေကြောင်း ကုန်သွယ်မှုလမ်းကနေ တင်ပို့ခဲ့ပါတယ်။ တင်ပို့ခဲ့တဲ့နိုင်ငံမှာ စင်ကာပူနိုင်ငံ ကို ၁၂ဝ တန်၊ ပါကစ္စတန်ကို ၅ဝ တန်နဲ့ မလေးရှားကို ၂၅ ဒသမ ၅ တန်ပဲဖြစ်ပါတယ်။ မတ်လမှာ မန်ကျည်းသီးတန်ချိန် ၂၁၇၉ ဒသမ ၈၁ တန်တင်ပို့နိုင်ခဲ့ပြီး ဖေဖော်ဝါရီမှာ ၈၅၇ တန်တင်ပို့ခဲ့တာ ကြောင့် မတ်လမှ မန်ကျည်းတန်ချိန် ၃ ဆနီးပါးလောက် ပိုမိုတင် ပို့နိုင်တာတွေ့ရပါတယ်။ ပြီးခဲ့တဲ့ ၂ဝ၁ဝ မတ်လမှာ လည်း ၂၁၈၃ တန်တင်ပို့နိုင်ခဲ့ တာ ကြောင့် ယခင်နှစ်ပို့နိုင်ခဲ့တဲ့ စံချိန်ကို မီခဲ့တယ်လို့ ဆိုရပါမယ်။ MIRT (DOT)
ဈေးကွက်ကို အဝင်လှိုင်တဲ့ ရှမ်းကြက်သွန်ဖြူ ရှမ်းကြက်သွန်ဖြူတွေက ဈေးကွက်ကို အဝင်လှိုင်လာပါပြီ၊ တောင်ကြီးခရိုင်ရဲ့ မြောက်ဘက်ခြမ်းဖြစ်တဲ့ ရွှေညောင်၊ တောင်နီ၊ ဟက်ကက်စတဲ့နယ်တွေ တန်ဆောင်မုန်း စိုက်ကြက်သွန်တွေ ဈေးကွက်ကို ဝင်လာတာ ဖြစ်ပါတယ်။ တောင်ကြီးခရိုင် တောင်ဖက်ခြမ်းဖြစ်တဲ့ နောင်ကား၊ ကျောက်တလုံးကြီး၊ ဟမ်းဆီစတဲ့ နယ်တွေက သီတင်းကျွတ်စိုက် ကြက်သွန်ဖြူတွေက ဈေးကွက်ကို ဒီထက်စောပြီး ဝင်လာပါတယ်။ ရှမ်းပြည်နယ်တောင်ပိုင်းမှာ စိုက်တဲ့ ကြက်သွန်ဖြူတွေမှာလည်း တောင်ကြီး ခရိုင် တောင်ဖက်က ထွက်တဲ့မျိုးက ပိုကောင်းတယ်လို့ ဒေသခံတွေက ဆိုပါတယ်။ မြောက်ဖက်ခြမ်းကထွက်တဲ့မျိုးကတော့ ရေများတာကြောင့် အထားမခံဘဲ အနည်းငယ် ကြာရင် ပိန်သွားတယ်လို့ သိရပါတယ်။ ရှမ်းကြက်သွန်ဖြူက ပေါ်ကာစမှ အဝင်ကလည်းနည်းပြီး အစိုဓါတ်ကြောင့် လှောင်လက်သမားတွေ အဝယ်နည်းပေမဲ့ ပြည်တွင်းသုံး လက်လီသမားတွေ ဝယ်ယူ နေတာကြောင့် ဈေးတက်လာပါတယ်။ ဧပြီလဆန်းမှာ ငွေလိုတဲ့ တောင်သူတွေက ဖော်ပြီးရောင်းလာတာကြောင့် ဈေးကွက်ကို အဝင်များလာပါတယ်။ ဒီတစ်ပတ် တောင်ကြီး ဈေးကွက်မှာ ကြက်သွန်ဖြူ လတ်ခြား တစ်ပိဿာ ၈ဝဝ ကျပ်၊ (ထူး- ၁) ၉ဝဝ ကျပ်၊ (ထူး-၂) ၁ဝဝဝ ကျပ်၊ (ထူး-၃) ၁၄ဝဝ ကျပ်၊ (ထူး-၄) ၁၆ဝဝ ကျပ်ဈေးရှိပြီး အောင်ပန်းဈေးကွက်မှာ (လတ်ခြား) ၉ဝဝ ကျပ်၊ (ထူး -၁) ၁၂ဝဝ ကျပ်၊ (ထူး-၂) ၁၄ဝဝ ကျပ်၊ (ထူး-၃) ၁၆ဝဝ ကျပ်၊ (ထူး -၄) ၁၇ဝဝ ကျပ်ဈေးရှိတယ်လို့ တောင်ကြီးကုန်စည်ဒိုင်က သိရှိရပါတယ်။ ဧဧခိုင်
အိန္ဒိယဈေးကွက်မှာ နနွင်းဝင်ရောက်မှုများလာလို့ နနွင်းဈေးကျဆင်း အိန္ဒိယဈေးကွက်တွေအတွင်း နနွင်းအဝင်တိုးလာလို့ ကြိုပွိုင့်ဈေးကျဆင်းခဲ့ သလို လက်ငင်းဈေးလည်း အကျဘက်သွားနေတယ်လို့ သိရပါတယ်။ နေ့စဉ်ဝင်ရောက်မှုအနေနဲ့ အီရော့နဲ့ နီဇမ်မာဘတ်ဈေးကွက်တွေကို ၇ဝ ကီလိုပါအိတ် ၈ဝဝဝ နဲ့ ၁၆ဝဝဝ ခန့်အသီးသီးဝင်ရောက်မှုရှိနေတယ်လို့ သိရပါတယ်။ ကုန်သည်များရဲ့ ပြောကြားချက်အရ နနွင်းတောင်သူများဟာ တစ်တန် ရူပီး ၁ဝဝဝဝဝ (ကန်ဒေါ်လာ ၂၂၅၇)အထက်ဈေးနဲ့ ရောင်းချလိုတာကြောင့် ဈေးကွက်အတွင်း ရောင်းချမှုလည်း ကျဆင်းခဲ့တယ်လို့ သိရပါတယ်။ ဒါ့အပြင် နိုင်ငံအခြားဒေသတွေကလည်း ဝယ်လိုအားကျဆင်းတာကြောင့် ဈေးလည်းကျဆင်းခဲ့တယ်လို့ သိရပါတယ်။ ၂ဝ၁၁ အတွင်းနနွင်းထုတ်လုပ်မှုက အိတ် ၆၅ သိန်းဝန်းကျင်ရှိမယ်လို့ ခန့်မှန်းထားပါတယ်။ နနွင်းသစ်ရာသီဝင်ရောက်မှုမြင့်တက်နေတာကြောင့် ဈေးကွက်အတွင်း လက်ကျန်အလုံအလောက် ရှိနေ တဲ့အတွ့က်လည်း နနွင်းဈေးက အားပျော့နေခြင်းဖြစ်တယ်လို့ သိရပါတယ်။ NCDEX မှာ ဧပြီလပို့ရမယ့် နနွင်းဈေးက ၃ ဒသမ ၁၇ ရာခိုင်နှုန်းကျဆင်းပြီး တစ်တန်ကို ရူပီး ၉၅၂၂ဝ (ကန်ဒေါ်လာ ၂၁၄၉) ဖြစ်ပြီး မေလပို့ရမယ့် နနွင်းဈေးကလည်း ၂ ဒသမ ၇ ရာခိုင်နှုန်းကျဆင်းပြီး တစ်တန်ကို ရင်းဂစ် ၈၇၂၄ဝ (ကန်ဒေါ်လာ ၁၉၆၉) ဈေးဖြစ်တယ်လို့ သိရပါတယ်။ ယမင်းခင်၊Source: P T I
ပုံမှန်အရောင်းအဝယ်ဖြစ်တဲ့ ရှမ်းနနွင်းဈေးကွက် ဧပြီလ တတိယပတ်မှာ ရှမ်းနနွင်းကတော့ ပုံမှန်အရောင်းအဝယ်ဖြစ်နေပါတယ်။ မိုးမရွာတော့ပေမဲ့ သြင်္ကန်ပွဲတော်ကြောင့် နနွင်းအဝင်က များမလာသေးပါဘူး။ ဟိုပုံးနနွင်းကတော့ ဝယ်လက်တွေ အကြိုက်တွေ့ပြီး ဝယ်ယူနေတာကြောင့် ဈေးကွက်မှာ လက်ကျန်သိပ်မရှိတော့ဘူးလို့ သိရပါတယ်။ ရှမ်းပြည်နယ်တောင်ပိုင်း မှာ နနွင်းအထွက်အများဆုံးက ပင်လောင်းမြို့နယ်က ဖြစ်ပါတယ်။ ပင်လောင်း နနွင်းက မြေကြောင့် အဖြူစတွေသာ အထွက်များပါတယ်။ အဖြူစတွေက ဈေးကွက်မှာလည်း ရောင်းပန်းသိပ်မလှပါဘူး။ အောင်ပန်းဈေးကွက်မှာတော့ ပင်လောင်း နနွင်းစတွေက အဝင်များပါတယ်။ ဝယ်လက်တွေကတော့ ဒီလိုအချိန်မှာ အရည် အသွေးကောင်း၊ ပစ္စည်းကောင်းတွေကို ရွေးဝယ်ပေမဲ့ လက်ကျန်နည်းလာရင်တော့ ပင်လောင်းနနွင်းကိုပါ ဝယ်ယူလေ့ရှိပါတယ်။ ဒီတစ်ပတ် နနွင်းဈေးတွေကတော့ အောင်ပန်းဈေးကွက်မှာတော့ နနွင်းခြောက်အရည်အသွေးပေါ်မူတည်ပြီး တစ်ပိဿာ ၂၂ဝဝ ကျပ်မှ ၂၅ဝဝ ကျပ်ဈေးရှိပြီး တောင်ကြီးဈေးကွက်မှာတော့ တစ်ပိဿာ ၂၅ဝဝ ကျပ်ဈေးနဲ့ ဈေးငြိမ်နေပါတယ်။ ဧဧခိုင်
မတ်လမှာ နနွင်း ၂၆၅ တန် တင်ပို့နိုင်ခဲ့ ပင်လယ်ရေကြောင်းကုန်သွယ်မှုလမ်းကနေ ဧပြီလ ၁ ရက်မှ ၇ ရက်တာကာလ အတွင်းနနွင်းတန်ချိန် ၇၂ ဒသမ ၅ တန်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၁၃၆၅၆ဝ ဖိုးကို တင်ပို့ခဲ့ပါတယ်။ တင်ပို့ခဲ့တဲ့ ကုန်သွယ်ဖက်နိုင်ငံကတော့ ရီမန်နိုင်ငံကို တန် ၃ဝ၊ စင်ကာပူနိုင်ငံကို ၁၆ ဒသမ ၅ တန်နဲ့ ဂျပန်နိုင်ငံကို ၂၆ တန်အသီးသီးတင်ပို့ ခဲ့တာတွေ့ရပါတယ်။ မတ်လမှာ နနွင်းတန်ချိန် စုစုပေါင်း ၂၆၅ ဒသမ ၃၈ တန် တင်ပို့နိုင်ခဲ့ပြီး ဖေဖော်ဝါရီမှာ ၇၆ တန်သာတင်ပို့နိုင်ခဲ့တာကြောင့် မတ်လမှာ ၁၈၉ ဒသမ ၃၈ တန်ပိုမိုတင်ပို့နိုင်ခဲ့တာတွေ့ရပါတယ်။ အလားတူကာလဖြစ်တဲ့ ၂ဝ၁ဝ မတ်လမှာ နနွင်းတန်ချိန် ၄၅၇ ဒသမ ၈၆ တန်တင်ပို့နိုင်ခဲ့တာကြောင့် ဒီနှစ်မှာ တန်ချိန် ၁၉၂ ဒသမ ၄၈ တန်လျော့နည်းပြီး တင်ပို့ခဲ့တာတွေ့ရပါတယ်။ MIRT (DOT)
အိန္ဒိယကြက်သွန်နီတင်ပို့မှု ကျဆင်း အိန္ဒိယအစိုးရက ကုန်စည်ဈေးနှုန်းတွေကို အနိမ့်ဆုံးနှုန်း (MSP)ဈေး သတ်မှတ်ပေးပြီးနောက်ပိုင်း ကြက်သွန်နီတင်ပို့မှုကျဆင်းသွားကြောင်း သိရပါတယ်။ အဓိက ကြက်သွန်တင်ပို့တဲ့အေဂျင်စီတွေရဲ့တင်ပို့မှုက ယခင်နှစ်နဲ့နှိုင်းယှဉ်ရင် ၁ဝ ရာခိုင်နှုန်းကျဆင်းသွားကြောင်းသိရပါတယ်။ အိန္ဒိယကြက်သွန်နီကုန်သည်တွေက ဖေဖော်ဝါရီလလယ်မှစပြီး တန်ချိန် ၂၇၃ဝဝ တင်ပို့ဖို့စာချုပ်ချုပ်ဆိုခဲ့ကြောင်း သိရပါတယ်။ အိန္ဒိယနိုင်ငံအနေနဲ့ လွန်ခဲ့တဲ့ တစ်နှစ်ကကြက်သွန်နီတန်ချိန် ၂ ဒသမ ၈၁ သိန်းတင်ပို့ခဲ့ကြောင်းသိရပါတယ်။ အစိုးရက ပို့ကုန်ဈေးနှုန်းကို ဖေဖော်ဝါရီ လလယ်မှာတစ်တန် ဒေါ်လာ ၆ဝဝ ကနေ မတ်လကုန်မှာ တစ်တန် ဒေါ်လာ ၁၇ဝ အထိ လျှော့ချခဲ့ပါတယ်။ အစိုးရအနေနဲ့ ယခုနှစ်ပို့ကုန်ဈေးနှုန်းကို ဒေါ်လာ ၆ဝဝ မှ ဒေါ်လာ ၄၅ဝ၊ ထိုမှတစ်ဆင့် ဒေါ်လာ ၂၇၅ နဲ့ နောက်ဆုံးမတ်လ ၃၁ ရက်နေ့မှာ ဒေါ်လာ ၁၇ဝ ကိုရောက်အောင်လျှော့ချခဲ့တယ်လို့ စိုက်ပျိုးရေးဝန်ကြီး ကပြောကြားခဲ့ပါတယ်။ အစိုးရက လွန်ခဲ့တဲ့နှစ် ဒီဇင်ဘာမှာပြည်တွင်းဈေးနှုန်း တစ်ကီလိုကို ရူပီး (၈ဝ မှ ၈၅)အထိ ရောက်ရှိချိန်မှာ မရှိမဖြစ် မီးဖိုချောင်သုံးပစ္စည်း ဖြစ်တဲ့ ကြက်သွန်နီတင်ပို့မှုကိုတားမြစ်ခဲ့ပါတယ်။ ကြက်သွန်နီ တင်ပို့မှုပိတ်ပင်ပြီး နောက်ပိုင်း ပို့ကုန်ဈေးနှုန်းအမြင့်ဆုံးရောက်တဲ့အတွက် ကမ္ဘာ့ဈေးကွက်မှာ မယှဉ်ပြိုင်နိုင်တော့ ကြောင်းသိရပါတယ်။ အိန္ဒိယရဲ့ပို့ကုန်ဈေးမြင့်တက်မှုက ပါကစ္စတန်၊ တရုတ်နဲ့အီရန်တို့ကိုကူညီရာရောက်ပြီး ၎င်းနိုင်ငံများမှာ ဖေဖော်ဝါရီလမှ မတ်လ အတွင်းကြက်သွန်နီ ပို့ကုန်ဈေးနှုန်းဒေါ်လာ (၁၇ဝ မှ ၂ဝဝ) ကြားရှိခဲ့ ပါတယ်။ နိုင်ငံတကာမှာ ယှဉ်ပြိုင်နိုင်ဖို့ ပို့ကုန်ဈေးနှုန်းကို တစ်တန်ဒေါ်လာ ၁၇ဝ ကို လျှော့ ပေးလိုက်တာကြောင့် လအနည်းငယ်အတွင်းမှာ အိန္ဒိယရဲ့ပို့ကုန်တန်ချိန်တွေ တက် လာခဲ့ပါတယ်။ အိန္ဒိယရဲ့ ကြက်သွန်နီအဓိက တင်ပို့ တဲ့နိုင်ငံတွေကတော့ အနောက် အာရှ၊ စင်ကာပူနဲ့ ဘင်္ဂလားဒေ့ရှ်တို့ဖြစ်တယ်လို့သိရပါတယ်။ Sorces: Commodity Online, KZW
သြင်္ကန်အခါကျော်လို့ အရောင်းအဝယ်အေးသွားတဲ့ ပြည်ချင်းဈေးကွက် ပြည်ချင်းဈေးကွက်မှာ ယခုတစ်ပတ်အတွင်း တစ်ပိဿာကို (ဂျွန်) ၁၆ဝဝ ကျပ်၊ (ရှယ်) ၁၈ဝဝ ကျပ်တို့ဖြစ်ပြီး၊ သြင်္ကန်မတိုင်ခင်ဈေးအတိုင်း ပုံမှန်ရှိနေပါတယ်။ အဝင်အားဖြင့် အောင်ပန်းဘက်မှချင်းများ အခါမတိုင်မီ တစ်ပတ်လျှင် ပိဿာ ၃ဝ ဝင် အိတ် ၃ဝဝ ခန့် အဝင်ရှိခဲ့ပြီး၊ ယခုတစ်ပတ်အတွင်းမှာတော့ အဝင်မရှိဘဲ လက်ကျန်ချင်းများနဲ့ပဲ အရောင်းအဝယ်ဖြစ်နေတယ်လို့သိရပါတယ်။ ပြည်ဈေးကွက် ရှိ ပွဲရုံများ၌ သြင်္ကန်ရက်အတွင်း တစ်နေ့ကို ပိဿာချိန် ၅ဝဝ ခန့်ထိ အရောင်း အဝယ် ဖြစ်ခဲ့ပြီး၊ ယခုတစ်ပတ်အတွင်း တစ်နေ့ကို ပိဿာချိန် ၁၅ဝ ခန့်နဲ့ အရောင်း အဝယ်အေးသွားပါတယ်။ ဧရာဝတီနဲ့ရခိုင်ဘက်သို့ ပြည်ဈေးကွက်မှတစ်ဆင့် စားသုံးမှုအဖြစ် ယခုတစ်ပတ်အတွင်း ပိဿာချိန် ၃ဝဝ ခန့် တင်ပို့မှုရှိတယ်လို့လည်း သိရပါ တယ်။ ဝင်းလဲ့ဝါ
သြင်္ကန်ပြီးကာစ ရှမ်းချင်းဈေးကွက်ငြိမ် ရှမ်းပြည်နယ်တောင်ပိုင်းမှာ ဒီတစ်ပတ်သီးနံှဈေးတွေ ဈေးငြိမ်နေတယ်လို့ ဆိုရပါမယ်။ သြင်္ကန်ပြီးစကာလ ဖြစ်တာကြောင့် ဈေးကွက်မှာ ရောင်းသူဝယ်သူ ဈေးငြိမ်နေတဲ့ကာလလည်းဖြစ်ပါတယ်။ ဈေးကွက်မှာ ချင်းစို က လက်ကျန်နည်း နေပြီး ချင်းခြောက်ကလည်း အဝင်နည်းနေပါတယ်။ သြင်္ကန်ပွဲတော်ပိတ်ရက် တွေကြောင့် တောင်သူတွေကလည်း ချင်းတွေကို ထပ်မဖော်ကြသေးပါဘူး။ နမ့်စန် ဈေးကွက်မှာ ချင်းစိုက တစ်ပိဿာ ၄၅ဝ ကျပ်- ၅ဝဝ ကျပ်ဈေးရှိပြီး ချင်းခြောက် ကတော့ တစ်ပိဿာ ၁၈ဝဝ ကျပ်ဈေးရှိပါတယ်။ အောင်ပန်းဈေးကွက်မှာလည်း ချင်းအဝင်က ပုံမှန်သာရှိနေပါတယ်။ ပြည်တွင်း သုံးအတွက် ရန်ကုန်၊ မန္တလေး၊ မော်လမြိုင်စတဲ့ မြို့တွေက ဝယ်ယူနေကြ တယ်လို့ လည်း သိရပါတယ်။ အောင်ပန်းချင်းဈေးကတော့ ချင်းစို တစ်ပိဿာ ၅ဝဝ ကျပ်မှ ၈ဝဝ ကျပ်ဈေးရှိပြီး ပစ္စည်းကောင်းရင်တော့ ၁ဝဝဝ ကျပ် ဈေးအထိရှိပါတယ်။ ချင်းခြောက်ကတော့ ဝယ်လက်အေးနေတာကြောင့် တစ်ပိဿာ ၂၂ဝဝ ကျပ်ဈေးရှိပါတယ်။ တောင်ကြီးဈေးကွက်မှာ ချင်းခြောက် တစ်ပိဿာ ၂၅ဝဝ ကျပ်ဈေးနဲ့ ဈေးငြိမ်နေပေမဲ့ တစ်ပတ်အတွင်း ချင်းပိဿာချိန် တစ်သိန်းနှစ်သောင်း အရောင်း အဝယ်ဖြစ်ခဲ့တယ်လို့ ချင်းပွဲရုံတွေက သိရပါတယ်။ ဧဧခိုင်