Background
ရာသီဥတုကြောင့် ဈေးကွက်ကို ရှမ်းချင်းအဝင်နည်း ဒီတစ်ပတ်ရှမ်းပြည်နယ်တောင်ပိုင်းမှာ ချင်းဈေးတွေ တက်လာပါတယ်။ မိုးတွေဆက်တိုက်ရွာနေတာကြောင့် ဈေးကွက်ကိုလည်းအဝင်နည်းနေတယ်လို့ သိရပါတယ်။ နမ့်စန်ဈေးကွက်မှာ ချင်းစို တစ်ပိဿာ ၄၅ဝ ကျပ်-၅ဝဝ ကျပ်ရှိပြီး၊ ချင်းခြောက်က တစ်ပိဿာ ၁၅ဝဝ ကျပ်ဈေးနဲ့ ဝယ်လက်တွေ ဝယ်ယူနေကြတယ် လို့ သိရပါတယ်။ အဝင်ကလည်းနည်းနေသေးတာကြောင့် ဝယ်လက်တွေကဝယ်ပြီး စုနေကြဆဲ ဖြစ်လို့ ဈေးကွက်ကိုလည်း သိပ်မဝင်လာသေးဘူးလို့လည်း သိရပါတယ်။ ဟိုပုံးဈေးကွက်မှာတော့ ချင်းစိုဈေးက တစ်ပိဿာ ၆ဝဝ ကျပ်ဈေးနဲ့ ဈေးတက် လာပါတယ်။ ချင်းအထွက်နည်းပြီး အဝင်လည်းသိပ်မရှိတော့လို့ ဈေးတက် လာတယ်လို့ သိရပါတယ်။ အရင်နှစ်က ဒီလိုအချိန်မှာ ချင်းစိုလက်ကျန် ပိဿာချိန် သိန်းချီပြီးရှိပေမဲ့ ဒီနှစ်မှာတော့ လက်ကျန်ပိဿာချိန်က သောင်းဂဏန်းလောက်သာ ရှိပါတော့တယ်လို့ ဒေသခံကုန်သည်တွေထံက သိရပါတယ်။ ချင်းခြောက်ဈေး ကတော့ ချင်းခြောက်သစ် တစ်ပိဿာ ၂၂ဝဝ ကျပ်ရှိပြီး၊ ချင်းခြောက်ဟောင်း ကတော့ ၂၅ဝဝ ကျပ်ဈေးရှိပါတယ်။ အဟောင်းအခြောက်လက်ကျန်တွေက ဟိုပုံးမှာနည်းပြီး အောင်ပန်းမှာသာ လက်ကျန် ကျန်တယ်လို့လည်း သိရပါတယ်။ အောင်ပန်းဈေးကွက်မှာတော့ ချင်းစိုဈေးက ကောင်းရင်ကောင်းသလို တစ်ပိဿာကို ၁ဝဝဝ ကျပ်ဈေးအထိရှိခဲ့ပါတယ်။ အောက်စလို့ခေါ်တဲ့ ချင်းညံ့ကတော့ တစ်ပိဿာ ၄၅ဝ ကျပ်မှ ၆ဝဝ ကျပ်ရှိပြီး ချင်းခြောက်ကတော့ တစ်ပိဿာ ၂၄၅ဝ ကျပ်ဈေးရှိပါ တယ်။ တောင်ကြီးဈေးကွက်မှာတော့ ချင်းခြောက်က တစ်ပိဿာ ၂၅ဝဝ ကျပ်ဈေး ရှိပါတယ်။ ဧဧခိုင်
ပြည် ချင်းဈေးမြင့်ပေမဲ့ ပုံမှန်အရောင်းအဝယ်ဖြစ် ပြည်ချင်းဈေးမှာ ယခင်တစ်ပတ်က တစ်ပိဿာကို ချင်း (ဂျွန်) ၁ဝဝဝ ကျပ် (ရှယ်) ၁၂ဝဝ ကျပ်တို့ဖြစ်ပြီး ယခုတစ်ပတ်တွင် (ဂျွန်) ၁၆ဝဝ ကျပ်၊ (ရှယ်) ၁၈ဝဝ ကျပ်တို့နဲ့ ရောင်းဝယ်လျက်ရှိ၍ တစ်ပိဿာကို ၆ဝဝ ကျပ်ခန့် မြင့်တက်သွားပါတယ်။ အဝင်အားဖြင့် ယခုတစ်ပတ်အတွင်း အောင်ပန်းဘက်မှ ပိဿာ ၃ဝ ဝင် အိတ် ၁၅ဝ ခန့်အဝင်ရှိပြီး တောင်ပေါ်ဈေးလည်းတက်တဲ့အတွက် သယ်ယူစရိတ်၊ အလျော့တွက်များကြောင့် မှာယူတင်သွင်းမှုအပေါ်မူတည်ပြီး ဈေးမြင့်သွားခြင်းဖြစ်တယ်လို့ သိရပါတယ်။ အရောင်းအဝယ်အနေဖြင့် သြင်္ကန်အခါနီးပေမဲ့ ဈေးမြင့်နေတဲ့အတွက် တစ်နေ့ကို ပိဿာချိန် ၃၅ဝ ခန့်နဲ့ ပုံမှန်ပဲ အရောင်းအဝယ်ဖြစ်နေပါတယ်။ ပြည်ဈေးကွက်မှတစ်ဆင့် ဧရာဝတီ၊ ရခိုင်ဘက်သို့လည်း စားသုံးမှုအဖြစ် ယခုတစ်ပတ်အတွင်း ပိဿာချိန် ၃၅ဝ ခန့် တင်ပို့ခဲ့ရကြောင်း သိရပါတယ်။ ဝင်းလဲ့ဝါ
ချင်းပြန်လည်တင်ပို့ ပင်လယ်ရေကြောင်းကုန်သွယ်မှုလမ်းကနေ မတ်လ ၂၂ ရက်မှ ၂၈ ရက်တာ ကာလအတွင်း ချင်းတန်ချိန် ၃၅ ဒသမ ၉၉ တန် တင်ပို့ခဲ့ပါတယ်။ စင်ကာပူနိုင်ငံကို တင်ပို့ခဲ့တာ ဖြစ်ပြီး မတ်လအတွင်း သုံးပတ်ဆက်တိုက်အပို့ ပျောက်နေတဲ့ ချင်းက ဒီတစ်ပတ်မှ ပြန်လည်တင်ပို့နိုင်ခဲ့ပါတယ်။ တစ်တန်ကို အက်ဖ်အိုဘီဈေး ကန်ဒေါ် လာ ၁၄၃ဝ ဝန်းကျင်နဲ့ တင်ပို့နိုင်ခဲ့တဲ့အတွက် စုစုပေါင်း ပို့ကုန်ဝင်ငွေ ကန်ဒေါ်လာ ၅၁၄၉၁ ရရှိခဲ့ပါတယ်။ MIRT (DOT)
ပါကစ္စတန်ဂံျုဈေးနှုန်းသည် အနိမ့်ဆုံးဖြစ် ပါကစ္စတန်ဂံျုက ကမ္ဘာ့ဂံျုဈေးတစ်တန်ကို ကန်ဒေါ်လာ ၃၂၉ နဲ့ နှိုင်းယှဉ်ရာမှာ တစ်တန်ကို ကန်ဒေါ်လာ ၂၈ဝ သာရှိရာ အနိမ့်ဆုံးဈေးနှုန်း ဖြစ်ကြောင်း ပါကစ္စတန်စားသောက်ကုန်နဲ့ လယ်ယာစိုက်ပျိုးရေးဝန်ကြီးဌာနမှ ဂံျုဖွံ့ဖြိုး တိုးတက်ရေးဆိုင်ရာအဖွဲ့ဝင်Shakeel Ahmad Khan မှ ပြောကြားလိုက်ပါတယ်။ ပြီးခဲ့တဲ့နှစ်တွင် ပါကစ္စတန်မှာ ရေလွှမ်းမိုးမှုကြုံတွေ့ခဲ့ရသော်လည်း ဂံျု၊ ဆန်၊ ပြောင်းနဲ့ ပဲမျိုးစုံမှာ ပြည်တွင်း စားသုံးမှုဖူလုံပြီး သိုလှောင်ထားမှုမှာ အလုံ အလောက်ရှိကြောင်း သိရှိရပါတယ်။ အပြည်ပြည်ဆိုင်ရာဈေးကွက်တွင် ရေနံစိမ်း ဈေးမြင့်မှုကြောင့် စားသောက်ကုန်ဈေးနှုန်းတွေက အမြင့်ကိုတက်လျက်ရှိပါတယ်။ လောင်စာဆီဈေးကြီး မြင့်မှုကြောင့် ကုန်ထုတ်လုပ်မှု ကုန်ကျစရိတ်နဲ့ သယ်ယူပို့ဆောင်ရေး ကုန်ကျစရိတ်တိုးတက်လာခြင်းကြောင့် စားသောက်ကုန်စည်ဈေးတွေ မြင့်လာခြင်းမှာ သဘာဝသာဖြစ်ကြောင်း Khan မှ သုံးသပ်ထားပါတယ်။ ပါကစ္စတန်နိုင်ငံရဲ့ ဟင်းသီးဟင်းရွက်နဲ့ ပဲမျိုးစုံအပါအဝင်စားသောက်ကုန် ဈေးနှုန်းတွေက အိန္ဒိယ၊ အာဖဂန် နစ္စတန်နဲ့ ဘင်္ဂလားဒေ့ရှ်တို့နဲ့ နှိုင်းယှဉ်ရာမှာ ဈေးနိမ့်နေပါတယ်။ ပါကစ္စတန်က ရေလွှမ်းမိုးမှုကြုံတွေ့ခဲ့ရသော်လည်း ဂံျုမှာ အထွက်နှုန်းကောင်းမွန်ပြီး ကြံထုတ်လုပ်မှုမှာလည်း မြင့်တက်ခဲ့ကြောင်း သတင်းရရှိပါတယ်။ အေးမွန်လှိုင်၊Source:dailytimes.com.pk
အရောင်းသွက်တဲ့ ရှမ်းပြောင်း ရှမ်းပြောင်းကလည်းအရောင်းသွက်နေပါတယ်။ ရှမ်းပြည်နယ်(တောင်ပိုင်း)မှာ အခြားသီးနံှတွေသာ အထွက်လျော့ပေမဲ့ ပြောင်းကတော့ အထွက်မလျော့ခဲ့ပါဘူး။ တောင်သူတွေလက်ထဲမှာ လက်ကျန်မရှိသလောက် ဖြစ်နေပြီး လှောင်လက်တွေမှာသာ လက်ကျန်အတော်များများ ကျန်နေသေးတယ်လို့ သိရပါတယ်။ မတ်လ ပထမပတ်ကနေ တတိယအပတ်ထိ ပြောင်းဈေးက ၂၁ဝ ကျပ်-၂၂၅ ကျပ်သာရှိပြီး ပုံမှန်လောက်သာ အရောင်းအဝယ်ဖြစ်ခဲ့ပါတယ်။ သယ်ယူခဈေးတွေ ပြန်ကျလာတဲ့ နောက်ပိုင်းမှာ အရောင်းအဝယ်ပြန်သွက်လာပြီး ပြည်ပတင်ပို့ဖို့အတွက်နဲ့ မွေးမြူရေး တိရစ္ဆာန်အစာစပ်ဖို့အတွက် ဝယ်ယူနေတာကြောင့် အရင်တစ်ပတ်ကထက် ဈေးပိုတက်လာပါတယ်။ ဒီတစ်ပတ်တောင်ကြီးဈေးကွက်မှာ ပြောင်းတစ်ပိဿာ ၂၃၅ ကျပ်-၂၄ဝ ကျပ်ဈေးရှိပြီး၊ အောင်ပန်းဈေးကွက်မှာတော့ တစ်ပိဿာ ၂၁ဝ ကျပ်ဈေးရှိပါတယ်။ ရန်ကုန်ဝယ်လက်တွေနဲ့ တိရစ္ဆာန် အစာစပ်သမားတွေ ဝယ်ယူနေတာကြောင့် တစ်ပတ်အတွင်း ပြောင်းပိဿာချိန် ၅ သိန်းခန့် အရောင်းအဝယ် ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ဧဧခိုင်
ယခုအပတ်နယ်စပ်မှ ပြောင်းဖူးစေ့ တန် ၁၂၇ဝဝ ကျော်တင်ပို့ မတ်လ ၂၇ ရက်မှ ၂၉ ရက်ထိကာလအတွင်း မူဆယ်နဲ့လွယ်ဂျယ်နယ်စပ် ကုန်သွယ်ရေးစခန်းများမှ ကန်ဒေါ်လာ ၃ ဒသမ ၂၂၈ သန်းတန်ဖိုးရှိပြောင်းဖူးစေ့ ၁၂၇၆၂ တန်ကျော်နဲ့ ကန်ဒေါ်လာ ဝ ဒသမ ၂ဝ၇ သန်းတန်ဖိုးရှိ နံှစားပြောင်း ၇ဝ၄ တန်ကျော်ကို တစ်ဖက် တရုတ်နိုင်ငံသို့ တင်ပို့နိုင်ခဲ့ပါတယ်။ယခင်အပတ် ကထက် ၃၅၉၅တန် ကျော် ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။ မန္တလေးတိုင်းဒေသကြီးက ထွက်ရှိသော ပြောင်းဖူးစေ့များတင်ပို့နိုင်မှုနည်းပါပြီး ရှမ်းပြည်နယ် တစ်ဝိုက် လားရှိုး၊ နောင်ချို၊ ကျောက်မဲပတ်ဝန်းကျင်ဒေသမှ ထွက်ရှိတဲ့ ပြောင်းဖူးစေ့များကို အများဆုံးတင်ပို့ နေတယ်လို့ သိရပါတယ်။ ၂ဝ၁ဝ-၂ဝ၁၁ ဘဏ္ဍာနှစ်အတွင်း နယ်စပ်မှပြောင်းဖူးစေ့ တင်ပို့နိုင်သည့် တန်ချိန်မှာ ၃၈၉၆ဝဝ ရှိတယ်လို့ သိရပါတယ်။ မိမိဘက်နဲ့တစ်ဘက်နိုင်ငံ နယ်စပ် ပြောင်းဈေးများကို နှိုင်းယှဉ်ဖော်ပြပေးလိုက်ရပါတယ် - မိမိဘက်(ကျပ်/တန်) တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်) ယခု ယခင် ပြောင်းလဲမှု % ယခု ယခင် ပြောင်းလဲမှု %ပြောင်းဖူးစေ့ ၂၆ဝ၇၄၃ ၂၅၄၅၂ဝ ၆၂၂၃ ၂ ၂၈၃ ၂၈၃ - -MIRT (DOBT)
ပြောင်းတန် ၃ဝဝဝ ကျော်တင်ပို့နိုင် မတ်လ ၂၂ ရက်မှ ၂၈ ရက်ထိကာလအတွင်းပင်လယ်ရေကြောင်းမှ ပြောင်း တန်ချိန် (၃၆၄၅) တန် တန်ဖိုး ကန်ဒေါ်လာ ဝ ဒသမ ၉၁၂ သန်းဖိုးတင်ပို့ခဲ့ပါတယ်။ ဂျပန်ဆူနာမီဂယက်ကြောင့်ပြောင်းတင်ပို့နိုင်ခြင်းမရှိရာကနေ ယခုလို ပြန်လည် တင်ပို့နိုင်ခဲ့ခြင်းဖြစ်ပါတယ်။ တင်ပို့တဲ့နိုင်ငံများကတော့ အင်ဒိုနီးရှားကို ၃၈၄ တန်၊ မလေးရှားကို ၂၃ဝ တန်၊ ဖိလစ်ပိုင်ကို တန် ၁၇ဝဝ ၊ စင်ကာပူကို ၆၁၈ တန်နဲ့ ဗီယက်နမ်ကို ၇၁၃ တန် အသီးသီးတင်ပို့ခဲ့တာဖြစ်ပါတယ်။ FOB ရန်ကုန်ဈေး တွေကတော့ တစ်တန်ကို ဒေါ်လာ ၂၇ဝ နဲ့ ၂၉ဝကြား ဈေးရနေကြောင်း သတင်း ရရှိပါတယ်။ KZW
ဂွတ်ရီးယားတာယာဈေးတက်မည် ဂွတ်ရီးယားတာယာနဲ့ ရော်ဘာကုမ္ပဏီက စီးပွားရေးလုပ်ငန်းသုံးထရပ်ကားတာယာတွေကို ၁၅ ရာခိုင်နှုန်းနဲ့အခြား တာယာတွေကို ၇ ရာခိုင်နှုန်း လာမယ့်လကစပြီးဈေးနှုန်းမြှင့်မယ်လို့ သိရပါတယ်။ ဒီလိုဈေး တက်ရတာကတော့ ကုန်ကြမ်း ပစ္စည်းဈေးနှုန်းတွေမြင့်တက်တာကြောင့်ဖြစ်ကြောင်းသိရပါတယ်။ သဘာဝ ရော်ဘာနဲ့ ရော်ဘာတုနှစ်မိုျးစလုံးက တာယာထုတ် လုပ်တဲ့နေရာမှာ အသုံးပြုပါတယ်။ ဒါ့အပြင်ကာဗွန်၊ ဆာလဖာ နဲ့တခြားဓါတုပစ္စည်းတွေကိုလည်း တာယာလုပ်ရာမှာ အသုံးပြုပါတယ်။ အာရှနိုင်ငံတွေအထူးသဖြင့် အကြီးဆုံးရော်ဘာသုံးစွဲသူဖြစ်တဲ့တရုတ်ရဲ့ ဝယ်လိုအား တက်တာကြောင့် မကြာ သေးခင်လများက ရော်ဘာဈေးနှုန်းတစ်ရှိန်ထိုးတက်ခဲ့ပါတယ်။ဒါ့အပြင် အဓိကရော်ဘာထုတ်လုပ်တဲ့နိုင်ငံတွေမှာ မိုးကြီးပြီး ရောင်းလို အားပြတ်လပ်တာကြောင့်ဈေးနှုန်းတက်ဖို့အကြောင်းဖန်ခဲ့ပါတယ်။ ဂွတ်ရီးယားတာယာထုတ်လုပ်ရေးရဲ့ ၂ဝ၁ဝ အမြတ်ငွေဒေါ်လာ ၂၁ သန်းခန့်ကျဆင်းခဲ့ကြောင်းသိရပါတယ်။ ဒီလိုအမြတ်ကျဆင်းရခြင်းက ကုန်ကြမ်းစရိတ် မြင့်တက်ခြင်း၊ အရောင်းတိုးလာခြင်း၊ အုပ်ချုပ်မှုနဲ့ အထွေထွေကုန်ကျစရိတ်များခြင်းနဲ့ ငွေကြေးဖောင်းပွမှုရဲ့ အကျိုးဆက်တွေပါဝင် ကြောင်း သိရပါတယ်။ ကုမ္ပဏီရဲ့ ရောင်းချရနှုန်းက ၁၇ ရာခိုင်နှုန်းတိုးပြီး ဒေါ်လာ ၄ ဒသမ ၁၉ ဘီလီယံရှိပေမယ့် အထွေထွေ ကုန်ကျစရိတ် ၁၂ ရာခိုင်နှုန်းတက်ပြီး ဒေါ်လာ ၇၁၅ သန်းရှိတယ်လို့ သိရပါတယ်။ KZW, Source:GT analyst report
ဂျပန်ဆူနာမီအင်ဒိုနီးရှား ရော်ဘာဈေးကိုထိခိုက်စေ မတ်လ ၁၁ ရက်နေ့မှာ ဂျပန်နိုင်ငံမှာ ရိုက်ခတ်ခဲ့တဲ့ ဆူနာမီရဲ့အကျိုးဆက်ကြောင့်အင်ဒိုနီးရှားတောင်ပိုင်း ကာလီမန်တန် ဒေသအပါအဝင် အခြားဒေသတွေမှာလည်း ရော်ဘာဈေးနှုန်းအဆက်မပြတ်ကျဆင်းနေ တယ်လို့ သိရပါတယ်။ ဒီလိုဈေးနှုန်းကျ ဆင်းတာကို အင်ဒိုနီးရှားရော်ဘာ ထုတ်လုပ်သူများအသင်း (Gapkindo) က ကြိုတင်မခန့်မှန်းထားဘဲ ဖြစ်ခဲ့တာဖြစ်ကြောင့် PT ရော်ဘာကုမ္ပဏီရဲ့ထုတ်လုပ်မှုမန်နေဂျာကပြောကြားခဲ့ပါတယ်။ အစောပိုင်းကာလတုန်းကတော့(Gapkindo) ကအရှေ့ အလယ်ပိုင်း အကျပ်အတည်းကြောင့် ကုန်စည်ဈေးနှုန်းတွေကျဆင်းနိုင်ကြောင်း ရော်ဘာထုတ်လုပ်သူများကို သတိပေးခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီအချိန်တုန်းကဈေးနှုန်းက တဖြည်းဖြည်း ကျခဲ့တာဖြစ်ပြီး အခုလို ရုတ်တရက် ထိုးကျသွားမှာကို မခန့်မှန်းထား ကြောင်း PT မန်နေဂျာကပြောကြားခဲ့ပါတယ်။ အရှေ့အလယ်ပိုင်း ပြဿနာက ဖြန့်ဖြူးမှုကို ထိခိုက်စေတာကြောင့် ရော်ဘာ ဈေးကျတာဖြစ်ပြီး အခုလိုတစ်ရှိန်ထိုး ကျဆင်းမှုမရှိကြောင်းသိရပါတယ်။ ဂျပန်ရဲ့ ဆူနာမီအကျိုးဆက်ကတော့ပြည်တွင်းရော်ဘာ အတွက် နိုင်ငံရပ်ခြားဝယ်လိုအားကို တိုက်ရိုက်ထိခိုက်ကြောင်းသိရပါတယ်။ ဂျပန်မှာ တာယာထုတ်လုပ်တဲ့ မော်တော်ကား လုပ်ငန်းများစွာရှိပြီး ဂျပန်က ကမ္ဘာ့အကြီးဆုံးတာယာ တင်သွင်းတဲ့နိုင်ငံထဲက တစ်ခုလည်း ဖြစ်ပါတယ်။ လက်ရှိမှာရော်ဘာ ဖြတ်စရဲ့ စိုက်ပျိုးသူတွေရောင်းတဲ့ဈေးနှုန်းက တစ်ကီလိုဂရမ်ကို အင်ဒိုရူပီး (၃ဝဝဝ-၄ဝဝဝ) ရှိပြီး ၂ဝဝ၈ ကမ္ဘာ့စီးပွားရေးအကျပ် အတည်းအပြီးကတည်းက တစ်ကီလိုကို အင်ဒိုရူပီး (၂ဝဝဝဝ-၂၄ဝဝဝ) အထိ အမြင့်ဆုံးရခဲ့ကြောင်းသိရပါတယ်။ ထုတ်လုပ်တဲ့နိုင်ငံများမှာလည်း အကျပ်အတည်းရှိနေဆဲဖြစ်ပြီး ရော်ဘာဈေးနှုန်းပုံမှန်ပြန်ရောက်ဖို့ ခက်ခဲတယ်လို့ သုံးသပ်နေကြကြောင်း သတင်းရရှိပါတယ်။KZW, Source: NCOT
မွန်ပြည်နယ် ရော်ဘာဈေး ပြန်လည်ဦးမော့ ယခုမတ်လဆန်းတွင် RSS -3 တစ်ပေါင် ၁၇ဝဝ ကျပ်၊RSS -5 တစ်ပေါင် ၁၆ဝဝ ကျပ်ရှိနေခဲ့သော မွန်ပြည်နယ်ရှိ ရော်ဘာ ဈေးနှုန်းဟာ ၂ဝ၁၁ ခုနှစ် မတ်လ ၁၁ ရက် ဂျပန်နိုင်ငံတွင် လှုပ်ခတ်ခဲ့သော ငလျင်ဒဏ်ဂယက်ကြောင့် ပြည်ပဝယ်လို အား ကျဆင်းသွားခဲ့လို့ RSS -3 တစ်ပေါင် ၁၁ဝဝ ကျပ်နဲ့ RSS -5 တစ်ပေါင် ၁ဝဝဝ ကျပ်သို့ကျဆင်းသွားခဲ့ပါတယ်။ မတ်လ တတိယပတ်အရာက်မှာ ရော်ဘာဈေးနှုန်းများ ပြန်လည်မြင့်တက်လာသလို ဝယ်လိုအားပြန်ကောင်းလာတာကြောင့် မတ်လ စတုတ္ထပတ်မှာRSS -5 တစ်ပေါင် ၁၆၄ဝ ကျပ်နဲ့ RSS -5 တစ်ပေါင် ၁၅ဝဝ ကျပ်ကို ပြန်လည်ဦးမော့လာပါတယ်။ မွန်ပြည်နယ်မှ ရော်ဘာများအား ရန်ကုန်နှင့် မန္တလေးမြို့များသို့ တင်ပို့မှုမှာ ယခုလအတွင်း ၂၆ ရက်နေ့ထိ တန် ၆ဝဝဝ ခန့် တင်ပို့ခဲ့ရာ ယခင်လနဲ့ နှိုင်းယှဉ်သော် တန် ၁၈ဝဝ ခန့်လျော့နည်းသွားပါတယ်။ ပြည်ပဝယ်လိုအား ကျဆင်းရခြင်း ကြောင့်လို့ ရော်ဘာလုပ်ငန်းရှင်တချို့က သုံးသပ်ကြပါတယ်။ အောင်လွင်