Background
ပင်လယ်ရေကြောင်းမှ ရော်ဘာ တင်ပို့မှု လျော့ကျ မေလ ၆ ရက်မှ ၁၂ ရက်အထိကာလအတွင်း ပင်လယ်ရေကြောင်းမှ ရော်ဘာ တန် ၂ဝ တန်ဖိုး ကန်ဒေါ်လာ ဝ ဒသမ ၁ဝ၄ သန်းဖိုးကို စင်္ကာပူကိုသာတင်ပို့မှုရှိတာ တွေ့ရပါတယ်။ ကမ္ဘာ့ရေနံဈေး ကျဆင်းခြင်း၊ ဂျပန်နိုင်ငံရဲ့ ဆူနာမီ ဂယက်က မပြီးပြတ်သေးပဲ ကားထုတ်လုပ်ရေးများ ရပ်နားထားခြင်းနဲ့ တရုတ်နိုင်ငံမှာ အလုပ်သမားပြဿနာကြောင့် ထုတ်လုပ်မှုတွေ လျှော့ချရခြင်းတို့ကြောင့် ရော်ဘာ ဝယ်လိုအားတွေ ကျဆင်းပြီး ကမ္ဘာ့ဈေးနှုန်းပါ ကျဆင်းနေကြောင်းသိရပါတယ်။ ဝယ်လိုအားမရှိတဲ့အတွက် မြန်မာပို့ကုန်တင်ပို့သူတွေလက်ထဲမှာ ပစ္စည်းတော်တော်များများကျန်ရှိနေကြောင်းသိရပါတယ်။ ယခင်ရက်သတ္တပတ်က တန် ၂ဝဝ ကျော်တင်ပို့ခဲ့တာတွေ့ရပါတယ်။ FOB ရန်ကုန် ဈေးနှုန်းကတော့RSS-3 ၁ တန်ကို ၄၆ဝဝ ဒေါ်လာ၊RSS-5 ၁ တန်ကို ၄၅ဝဝ ဒေါ်လာ၊MSR-20 ၁ တန်ကို ၄၆ဝဝ ဒေါ်လာရှိကြောင်းသိရပါတယ်။ KZW
ပြည်ဘိုကိတ်ပဲ ဈေးငြိမ်နေ ပြည်ဘိုကိတ်ပဲမှာ ယခုတစ်ပတ်တွင် ပိဿာ ၂ဝ တစ်တင်းကို ၁၂၅ဝဝ ကျပ်ဖြင့် ယခင်တစ်ပတ်ဈေးအတိုင်း ဈေးငြိမ်နေတယ်လို့ သိရပါတယ်။ ယခင်နှစ် ယခုလိုအချိန် တွင် ဘိုကိတ်တစ်တင်းကို ၂ဝဝဝဝ ကျပ်ဈေးရှိပြီး ဒေသတွင်း ပဲကြော်၊ ပဲလှော်လုပ်ငန်းများဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပါတယ်။ ယခုနှစ်မှာတော့ ဝယ်လက်များ အဝယ်အေးကာ တိုင်းအတွင်းရှိ လက်လီဝယ်ယူသူများဖြင့် အနည်းသာ အရောင်းအဝယ်ဖြစ်တယ်လို့ သိရပါတယ်။ ဆုမွန်ဆွေ
ဈေးငြိမ်ပြီး အရောင်းအဝယ်အေးနေတဲ့ ပြည်ပဲပုပ် ပြည်ဈေးကွက်တွင် ပဲပုပ်တစ်ပိဿာ ၂ဝ တစ်တင်း ကို ၁၆၅ဝဝ ကျပ်ဖြင့် ဈေးငြိမ်နေသလို အရောင်းအဝယ် လည်း ငြိမ်နေပါတယ်။ ယခင်နှစ်မတ်လက တစ်တင်းကို ၁၈၅ဝဝ ကျပ်ထိ ဈေးကောင်းရခဲ့ပြီး ယခုနှစ်မှာတော့ ယခင် နှစ်ဈေးထက် လျော့နည်းနေတာကြောင့် အရောင်းအဝယ် အေးနေကြောင်း သိရပါတယ်။ အခြားတိုင်းမှ အဝယ်မရှိဘဲ ဒေသတွင်း လက်လီသမားများသာ အဝယ်ရှိတယ်လို့ သိရပါတယ်။ ဆုမွန်ဆွေ
အဝယ်များပေမဲ့ ဈေးလျော့နေတဲ့ ပြည်မတ်ပဲ ပြည် ပဲဈေးကွက်မှာ ယခင်တစ်ပတ် မေလ ပထမပတ်က ပဲတစ်တင်းကို ၂ဝဝဝဝ ကျပ်ဈေး ယခုတစ်ပတ် မှာတော့ ၁၉၅ဝဝ ကျပ်ဈေးသာရှိပြီး ဈေးဆက်အေးနေတယ်လို့ သိရပါတယ်။ ပြည်အနီးအနားရွာမှာ တစ်နေ့ကို အိတ် ၆ဝဝ-၇ဝဝ ခန့်သာ အဝင်ရှိပြီး အဝင်နည်းလာတယ်လို့ သိရပါတယ်။ မကွေးတိုင်းဒေသကြီး အောင်လံမြို့မှ အိတ် ၄ဝဝ ခန့်အဝင်ရှိတယ်လို့ သိရပါတယ်။ မြို့တွင်းဝယ်လက်ထက် ရန်ကုန်ဝယ်လက်များ အဝယ်ရှိပြီး တစ်နေ့ကိုအိတ် ၅ဝဝ-၆ဝဝ ခန့်အဝယ်ရှိသော်လည်း ဈေးလျော့အဝယ်ရှိတာကြောင့် အရောင်းအဝယ် အေးနေတယ်လို့ သိရပါတယ်။ ပဲခူးတိုင်းဒေသကြီးမှ ရန်ကုန်ဘုရင့်နောင်သို့ ပဲစီးဆင်းမှုက တော့ တစ်နေ့ကို အိတ် ၁၁၆၈၈ ခန့်တင်ပို့တယ်လို့ သိရပါတယ်။ မိမိအေး
ပြည်ပဲနီပြားဈေးငြိမ်ပြီး အရောင်းအဝယ်ဖြစ် ပြည်ဈေးကွက် ပဲနီပြားမှာ ဧပြီလအတွင်း၌ တစ်ရက်ကို အိတ် ၁၅ဝ-၂ဝဝ အထိအဝင်ရှိခဲ့ပြီး ယခုမေလမှစ၍ အဝင်ပါး လာခဲ့ပါတယ်။ တစ်ရက်ကိုအိတ် ၆ဝ အထိအဝင်ရှိခဲ့ပါတယ်။ ဈေးနှုန်းအနေနဲ့ တစ်တင်း ၁၆ဝဝဝ ကျပ်ဖြင့် မေလဆန်းမှစ၍ ဈေးငြိမ်နေတာကိုတွေ့ရပါတယ်။ ဒေသတွင်းလက်လီသမားများအပြင် နယ်မြို့နယ်များဖြစ်သည့် ကြို့ပင်ကောက်၊ ဇီးကုန်း၊ နတ်တလင်းမြို့နယ်များမှလည်း အဝယ်ရှိတဲ့အတွက် အဝင်ရှိသလောက် အရောင်းအဝယ်ဖြစ်နေတယ်လို့ သိရပါတယ်။ ခင်ဆွေဝင်း
ပြည် ပဲကြီးဈေးနှုန်းများ သိသိသာသာ ကျဆင်းနေ ပဲခူးတိုင်းဒေသကြီး ပြည်ဈေးကွက်မှာ ပဲကြီးဈေးနှုန်းများ သိသိသာသာ ကျဆင်းလာခဲ့ပါတယ်။ ဧပြီလအတွင်း ပဲကြီး (ရွှေကျွန်း) တစ်တင်း ၂ဝ၅ဝဝ ကျပ်၊ ပဲကြီးကမ်းနားတစ်တင်း ၁၈၅ဝဝ ကျပ်အထိ အရောင်းအဝယ်ဖြစ်ခဲ့ပြီး၊ မေလ ပထမ ပတ်တွင် ပဲကြီးရွှေကျွန်းတစ်တင်း ၁၈ဝဝဝ ကျပ်၊ ပဲကြီးကမ်းနားမှာ တစ်တင်း ၁၆၅ဝဝ ကျပ်၊ မေလဒုတိယပတ်တွင် ပဲကြီး ရွှေကျွန်းမှာ တစ်တင်း ၁၅၅ဝဝ ကျပ်နဲ့ ပဲကြီးကမ်းနားမှာ တစ်တင်း ၁၄၅ဝဝ ကျပ်ဖြင့် တစ်တင်း ၂ဝဝဝ ကျပ်ခန့် ဈေးနှုန်းများ သိသိသာသာ ကျဆင်းသွားခဲ့ပါတယ်။ ဝက်ထီးကန်၊ ပန်းတောင်းဖက်မှလည်း တစ်ရက်ကို အိတ် ၃ဝဝ ကျော် အထိ အဝင်ရှိခဲ့ပြီး ပဲကြော်ဖိုသမားများသာအဝယ်ရှိတဲ့ အတွက် အိတ် ၁၅ဝ ခန့် နေ့စဉ်အရောင်းအဝယ်ဖြစ်တယ်လို့ သိရပါတယ်။ ခင်ဆွေဝင်း
ဝယ်လက်များ အဝယ်ရှိလာတဲ့ ပြည်ပဲစင်းငုံ ယခုတစ်ပတ် ပြည်ဈေးကွက်တွင် ပဲစင်းငုံဈေးမှာ ပိဿာ ၂ဝ တစ်တင်းကို ၁၅၅ဝဝ ကျပ်ဖြင့် အရောင်းအဝယ်ဖြစ် ကြောင်း သိရပါတယ်။ ပြည်ဈေးကွက် ပဲစင်းငုံဈေးမှာ ဆက်တိုက်ကျဆင်းနေတဲ့အတွက် အရောင်းအဝယ် အေးနေတယ်လို့ သိရပါတယ်။ ယခုတစ်ပတ်မှာတော့ ရန်ကုန်ဝယ်လက်များ အဝယ်ရှိနေတာကြောင့် အိတ် ၁၆ဝဝ နီးပါး အရောင်းအဝယ် ဖြစ်ကြောင်းသိရပါတယ်။ တိုင်းအတွင်းတွင် ပဲလက်ကျန်နည်းနေတဲ့အပြင် အခြားတိုင်းမှလည်း အဝင်မရှိတာကြောင့် ဈေးကွက် တွင်း အရောင်းအဝယ်အေးပြီး လှောင်လက်များ တချို့ကလည်း ဈေးကောင်းမယ့် အချိန်ကို စောင့်နေတယ်လို့ သိရပါတယ်။ ဆုမွန်ဆွေ
ဒေသတွင်းအဝယ်အရောင်းနဲ့ ဈေးပြောင်းလဲနေတဲ့ မုံရွာငုံနီ မေလ ဒုတိယပတ်မုံရွာကုန်စည်ဒိုင် ပဲစင်းငုံနီဈေးကွက်ကတော့ ဧပြီလကုန်ပတ် အနိမ့်ဆုံးဈေး တစ်တင်း ၁၆၅ဝဝ ကျပ်နဲ့ မေလအနိမ့်ဆုံးတစ်တင်း ၁၄၈ဝဝ ကျပ်ကြားမှာ ဈေးပြောင်းလဲကာ ဒေသတွင်း ကုန်သည်တွေ အရောင်းအဝယ် ဖြစ်ခဲ့တယ်လို့ ပွဲရုံရပ်ကွက်က သိရပါတယ်။ ယနေ့ပဲစင်းငုံနီဈေးကွက်အနေနဲ့ တောင်သူ အရောင်း မရှိတော့ဘဲ ရန်ကုန်အိတ်စပို့ ဝယ်လက်ဈေးအတက်ကို မျှော်မှန်းပြီး ကုန်သည်အချို့ ပစ္စည်းဝယ်ယူထားရှိမှုသာရှိခဲ့လို့ မုံရွာကုန်စည်ဒိုင်မှာ တစ်ရက်အိတ် ၁ဝဝဝ ဝန်းကျင် ပုံမှန်အရောင်းအဝယ်ဖြစ်နေတယ်လို့ သိရပါတယ်။ ထွန်းလှိုင်
ပြည်ထောပတ်ပဲဈေးကျပြီး လက်လီသမားများဖြင့် အရောင်းအဝယ်ဖြစ် ယခုတစ်ပတ် ပြည်ဈေးကွက်မှာ ထောပတ်ပဲဈေးလည်း ကျဆင်းခဲ့ပါတယ်။ ထောပတ်ပဲဈေးမှာ ဧပြီလလယ်မှစ၍ တစ်တင်း ၁၅ဝဝဝ ကျပ်ဖြင့် ဈေးငြိမ်နေခဲ့ပြီး မေလပထမပတ်တွင် တစ်တင်း ၁၃၅ဝဝ ကျပ်၊ ယခုဒုတိယပတ်တွင် တစ်တင်း= ၁၃ဝဝဝ ကျပ်ဖြင့် တဖြည်းဖြည်း ဈေးကျလာခဲ့ပါတယ်။ ထောပတ်ပဲမှာ အဝင်ပါးလာခဲ့ပြီး လက်ကျန်ပဲများသာ အရောင်းအဝယ်ဖြစ်လျက်ရှိပါတယ်။ လိုင်းသမားများအဝယ်မရှိဘဲ ဒေသတွင်း လက်လီသမားများဖြင့် အရောင်းအဝယ်ဖြစ် တာကြောင့် တစ်ရက်ကို ၁ဝ အိတ်၊ ၁၅ အိတ်ခန့် ရောင်းဝယ်မှုရှိခဲ့ကြောင်း သိရပါတယ်။ ခင်ဆွေဝင်း
FOB အဝယ်တက်လို့ ထောပတ်ပဲနဲ့ မြေထောက်ပဲ ပင်လယ်ရေကြောင်းက ပိုမိုတိုးတင်လာ ယခင်သီတင်းပတ်များက တင်ပို့မှုအားကောင်းနေတဲ့ ထောပတ်ပဲနဲ့ မြေထောက်ပဲဟာ ယခုသီတင်းပတ် (မေလ ၅ ရက်မှ ၁၁ ရက်) အတွင်းမှာလည်း အရှိန်ရနေပါတယ်။ ယခုတစ်ပတ်မှာ ထောပတ်ပဲတန်ချိန် ၈ဝဝ ကျော်ပြီး မြေထောက်ပဲ တန် ၃ဝဝ ကျော် တင်ပို့ခဲ့ပါတယ်။ ၂ဝ၁ဝ-၁၁ ဘဏ္ဍာနှစ် မေလ ၆ ရက်နေ့အထိ တင်ပို့ပြီးစီးမှုအနေနဲ့ ထောပတ်ပဲတန်ချိန် ၃ဝဝဝ ကျော်နဲ့ မြေထောက်ပဲတန် ၁၅ဝဝ ကျော်ရှိပြီး ၂ဝ၁ဝ-၁၁ ဘဏ္ဍာနှစ်ကာလတူအတွင်း ထော ပတ်ပဲတန်ချိန် ၃၂ဝဝ နဲ့ မြေထောက်ပဲ တန်ချိန် ၁၄ဝဝ ကျော် တင်ပို့ခဲ့တာ တွေ့ရပါတယ်။ ရန်ကုန် FOB ဈေးကွက်မှာ အရောင်းအဝယ်ဖြစ်မှုအနေနဲ့ ပြည်ပအဝယ်တက် လာတယ်လို့ သိရပါတယ်။ဧပြီလ တစ်လလုံးအတွင်း ပြည်ပဝယ်လက်နဲ့ အရောင်း အဝယ် စာချုပ်ချုပ်ဆိုမှုဟာ ထောပတ်ပဲ တန် ၂၇ဝဝ နဲ့ မြေထောက်ပဲ တန် ၂၅ဝဝ အသီးသီးရှိတယ်လို့ သိရပါတယ်။ ယခုမေလ ၂ ရက်မှ ၁၁ ရက်အတွင်းမှာတော့ ထောပတ်ပဲ တန် ၁၈ဝဝ ကျော်နဲ့ မြေထောက်ပဲတန် ၈ဝဝ နီးပါးရှိတယ်လို့ သိရပါတယ်။ ပြည်ပအဝယ်ပုံမှန်ရှိတဲ့ ပဲဖြစ်လို့ လာမယ့်သီတင်းပတ်တွေမှာလည်း ပုံမှန်အရောင်းအဝယ်ဖြစ်မယ်လို့ ခန့်မှန်းကြပါတယ်။ FOB ဈေးအနေနဲ့ မြေထောက်ပဲ FAQ မှာ ယခင်သီတင်းပတ်အတိုင်း တစ် တန် ကန်ဒေါ်လာ ၆၂ဝ-၆၄ဝ နဲ့ ပြောင်းလဲမှုမရှိပေမဲ့ ထောပတ်ပဲကတော့ ယခင် သီတင်းပတ်က ကန်ဒေါ်လာ ၈ဝဝ-၈၃ဝ ရှိရာမှ မေလ ၁၃ ရက်မှာ ကန်ဒေါ်လာ ၇၇ဝ-၈ဝဝ ရှိကြောင်း သိရပါတယ်။MIRT - MAPT