Background
မြိတ်စခန်းမှ ရေထွက်ကုန်တင်ပို့မှု လျာထားချက်ကျော် မြိတ်နယ်စခန်းရဲ့ ၂ဝ၁ဝ-၂ဝ၁၁ ဘဏ္ဍာနှစ်ဧပြီလမှ ဖေဖော်ဝါရီလအထိ ရေထွက်ကုန်တင်ပို့မှု လျာထားချက်မှာ ကန်ဒေါ်လာ ၇၅ သန်းကျော်ဖြစ်ပြီး ယခုအခါကန်ဒေါ်လာ ၈၅ သန်းကျော်ဆောင်ရွက်ထားပြီး ဖြစ်တဲ့အတွက် ဆောင်ရွက်နိုင်မှု ရာခိုင်နှုန်းမှာ ၁၁၂ ကျော်ဖြစ်ပါတယ်။လစဉ်ကုမ္ပဏီတစ်ခုချင်းစီအလိုက် တင်ပို့မှု အခြေအနေ၊ အအေးခန်းစက်ရုံများရဲ့ ကုန်ကြမ်းရရှိမှု၊ ကုန်ချောထွက်ရှိမှု၊ ကုန်ချောလက်ကျန်အခြေအနေများကို ဌာနဆိုင်ရာများရဲ့ ပူးပေါင်းဆောင်ရွက်ခြင်း၊ ကုမ္ပဏီလုပ်ငန်းရှင်များရဲ့ တရားဝင်လမ်းကြောင်းပေါ်မှ ကုန်သွယ်မှု ဆောင်ရွက်ခြင်းနဲ့ ပို့ကုန်သွင်းကုန်မှန်ကန် မြန်ဆန်ရေးကြီးကြပ်မှုကော်မတီတို့ရဲ့ စနစ်တကျစိစစ်ကြပ်မတ် ဆောင်ရွက်နိုင်တဲ့အတွက် ရေထွက်ပို့ကုန်များတိုးတက် တင်ပို့ နိုင်ခဲ့ခြင်းဖြစ်တယ်လို့ တနင်္သာရီတိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာနမှ တာဝန်ရှိသူက ဖေဖော်ဝါရီလ ၂၄ ရက်နေ့က မြိတ်မြို့ပုလဲရတနာခန်းမမှာ ကျင်းပပြုလုပ်တဲ့ ဒေသဆိုင်ရာ ပို့ကုန်သွင်းကုန်ကုန်သွယ်မှုမြှင့်တင်ရေးအစည်းအဝေးမှာ ပြောကြား ခဲ့ပါတယ်။ Source: နသက၊ MIRT (DOBT)
ရေချိုငါးတင်ပို့မှုက ဒေါ်လာသန်း ၁ဝဝ ကျော်ရရှိပြီ မြန်မာနိုင်ငံက မွေးမြူထုတ်လုပ်လျက်ရှိသည့် ရေချိုငါး များကို ပြည်ပနိုင်ငံများသို့ တင်ပို့ရောင်းချလျက် ရှိရာ မတ်လ ၃ ရက်နေ့အထိ ဒေါ်လာ ၁ဝဝ ဒသမ ၂၄၇ သန်းရရှိ ထားပြီးဖြစ်ကြောင်း ရေချိုငါးမွေးမြူသူများအသင်း ကသိရသည်။ ''၂ဝ၁ဝ-၂ဝ၁၁ ခုနှစ်ဘဏ္ဍာနှစ်မှာ ရေချိုငါးတင်ပို့မှုက နေ ဒေါ်လာ ၁၂၅ သန်းရရှိဖို့ မွေးမြူရေးနှင့် ရေလုပ်ငန်း ဝန်ကြီးဌာနက လျာထားသတ်မှတ်ခဲ့ပါတယ်၊ အခုဒေါ်လာ သန်း ၁ဝဝ ကျော်ရရှိထားပါပြီ၊ရေချိုငါးကို စစ်တွေနယ်စပ် ကုန်သွယ်ရေးစခန်းကနေ တင်ပို့တာ ဒေါ်လာ ၆ ဒသမ ၇၅၅ သန်းနဲ့ ပုံမှန်ကုန်သွယ်ရေးကနေ တင်ပို့တာဒေါ်လာ ၉၃ ဒသမ ၄၉၂ သန်းဖိုး စုစုပေါင်း ဒေါ်လာသန်း ၁ဝဝ ဒသမ ၂၄၇ သန်းဖိုးရရှိထားပြီးဖြစ်ပါ တယ်''ဟု ယင်း အသင်းမှ တာဝန်ရှိသူတစ်ဦးဖြစ်သော ဦးဝင်းကြိုင်က ပြောသည်။ ငါးမြစ်ချင်းရောင်းဝယ်မှုတွင် 2 up အရွယ်နှင့်အထက် ငါးများကို ဘင်္ဂလားဒေ့နှင့် ဆော်ဟာရေဗျနိုင်ငံများသို့ တင်ပို့ရောင်းချလျက် ရှိနေသလို 2 up အောက်ငါးများမှာ ဈေးနှုန်းအရနည်းသော်လည်း ပြည်တွင်းဈေးကွက်တွင် ခပ်သွက်သွက်အဝယ်ရှိနေသည်ဟု ဆိုသည်။ MN
ရေထွက်ကုန်တင်ပို့မှုက ဒေါ်လာ ၅ဝ၆ သန်းကျော် ရရှိထားပြီးဖြစ် ရေထွက်ကုန်တင်ပို့မှုက ဒေါ်လာ ၅ဝ၆ သန်းကျော်ရရှိထားပြီးဖြစ်ကြောင်းငါးလုပ်ငန်းဦးစီးဌာနက သိရသည်။ '' မြန်မာနိုင်ငံကနေ ရေထွက်ကုန်တွေတင်ပို့တဲ့အခါ ပြည်ပဝင်ငွေ ဘယ်လောက်ရရှိအောင်လုပ်ဆောင် ရမယ်ဆိုတာကို မွေးမြူရေးနှင့်ရေလုပ်ငန်းဝန်ကြီးဌာနကနေ လျာထားသတ်မှတ်ပေးပါတယ်။ ၂ဝ၁ဝ-၂ဝ၁၁ ခုနှစ်အတွက် ရေထွက်ကုန် တင်ပို့မှုကနေ ဒေါ်လာ သန်း ၇ဝဝ ရရှိအောင်ဆောင်ရွက်လုပ်ကိုင်ကြဖို့လျာထားခဲ့ ပါတယ်။ ဘဏ္ဍာနှစ် ကုန်ခါနီး တစ်လကျော်အလိုခန့်မှာ ရရှိထားတဲ့ငွေဟာ ဒေါ်လာ ၅ဝ၆ သန်းကျော်ဖြစ်ပါတယ်။ အဲဒီငွေဟာ ဖေဖော်ဝါရီ ၂၇ ရက်နေ့အထိရရှိတဲ့ဝင်ငွေပါ '' ဟု ငါးလုပ်ငန်းဦးစီးဌာနက တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ အဆိုပါဝင်ငွေများမှာ ပင်လယ်ရေကြောင်းကုန်သွယ်မှုက ဒေါ်လာ ၃၁၂ ဒသမ ၇၅ သန်းကိုလည်းကောင်း၊ နယ်စပ် ကုန်သွယ်ရေးစခန်းများဖြစ်သော မူဆယ်၊ မြဝတီ၊ ကော့သောင်း၊ စစ်တွေ၊ မြိတ်၊ မောင်တောနှင့် တမူး စသည့် စခန်းများက ဒေါ်လာ ၁၉၃ သန်းကျော်ဖိုးကို လည်းကောင်း ဆောင်ရွက်ထားခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။ MN
တားမြစ်ကာလအတွင်း ကကတစ်ငါးများ ဖမ်းဆီးပါက အရေးယူမည် သဘာဝရေပြင်အတွင်းရှိ ကကတစ်ငါးများကို ထိန်းသိမ်း ရန်အတွက် တားမြစ်ကာလများသတ်မှတ်ထားရာ ယင်း ကာလအတွင်း တားမြစ်ငါးများကိုဖမ်းဆီးပါက ငါးလုပ်ငန်း ဥပဒေအရ အရေးယူခံရမည်ဖြစ်ကြောင်းငါး လုပ်ငန်းဦးစီး ဌာနက သိရသည်။ '' သဘာဝရေပြင်ထဲက ကကတစ်ငါးတွေကို ငါးမျိုး စိတ်တွေ ထိန်းသိမ်းဖို့အတွက် သားဖောက်ချိန်တွေက ဖမ်းဆီးခြင်းမပြုနိုင်ဖို့ပိတ်ပင်ထားပေးထားပါတယ်။ ကကတစ် ငါးတွေဆိုရင် ဇန်နဝါရီ ၁ ရက်က မတ်လ၃၁ ရက်အထိ ဖမ်းဆီးခွင့် (၃)လပိတ်ထားပါတယ်။ တားမြစ်ကာလအတွင်း တားမြစ်ငါးတွေကို ဖမ်းဆီးပါက ငါးလုပ်ငန်းဦးစီး ဌာနက ငါးလုပ်ငန်းဥပဒေအရအရေးယူမှာပါ ''ဟု ယင်းဌာနက တာဝန်ရှိသူတစ်ဦးက ပြောပြသည်။ ရာသီဥတုပြောင်းလဲမှု၊ အလွန်အကံျွဖမ်းဆီးမှုနှင့် သဘာဝ ပတ်ဝန်းကျင် ပျက်စီးမှုများ များပြားလာမှုကြောင့် ငါးသယံဇာတများဖမ်းဆီးရရှိမှုလျော့ကျလျက်ရှိရာ သဘာဝ ရေပြင် များတွင် ငါးသယံဇာတများကို ထိန်းသိမ်းရန် လိုအပ်လာပြီဖြစ်သည်။ အဆိုပါရေထွက်ပစ္စည်း သယံဇာတ များပြုန်းတီးခြင်းက ကာကွယ်နိုင်ရန်အတွက် တားမြစ် ကာလများ သတ်မှတ်ခြင်း၊ ငါးမဖမ်းရနယ်မြေများသတ်မှတ် ခြင်းနှင့် ငါးမျိုးစိတ်များစိုက်ထည့်ပေးခြင်း များကို ဆောင်ရွက် လျက်ရှိသည်ဟု ဆိုသည်။ ခင်မျိုးသွယ်
ကဏန်းတင်ပို့မှုက ၉၂ ရာခိုင်နှုန်းကျော် အကောင်အထည် ဖော်ပြီးဖြစ် ရေထွက်ကုန်ပစ္စည်းများကို ပြည်ပနိုင်ငံများသို့တင်ပို့ရောင်းချရာတွင် ကဏန်းလုပ်ငန်းရှင်များ အသင်းအနေဖြင့် ဒေါ်လာ ၃၅ သန်း ပြည့်မီအောင် ဆောင်ရွက်ရန် လျာထားခဲရာ ယခုအခါ ၉၂ ရာခိုင်နှုန်းကျော် အကောင်အထည် ဖော်ပြီးဖြစ်ကြောင်းသိရသည်။ '' မွေးမြူရေးနှင့် ရေလုပ်ငန်းဝန်ကြီးဌာနက အသင်းတွေ အလိုက်လည်း တင်ပို့မှုကိုလျာထားသတ်မှတ် ပေးခဲ့တာပါ။ ၂ဝ၁ဝ-၂ဝ၁၁ ဘဏ္ဍာနှစ်ထဲမှာ အလှမွေးတင်ပို့မှုကနေ ဒေါ်လာ ဝ ဒသမ ၃ဝဝ သန်း၊ ရေချိုငါး တင်ပို့မှုကနေ ဒေါ်လာ ၁၂၅ သန်း၊ ငါးရှဉ့်တင်ပို့မှုကနေ ဒေါ်လာ ၂၅ သန်းနဲ့ကဏန်းတင်ပို့မှုကနေ ဒေါ်လာ ၃၅ သန်း ရရှိမယ်လို့ လျာထား ချမှတ်ပေးခဲ့ပါတယ်။ အခုကဏန်းတင်ပို့မှုကနေ ဒေါ်လာ ၃၂ သန်း ကျော်ကို ဖေဖော်ဝါရီ ၂၇ ရက်နေ့အထိရရှိထားပါတယ်။ ဒါ့ကြောင့် လျာထားသတ်မှတ်ချက်ကို အကောင် အထည်ဖော်နိုင်မှုက ၉၂ ရာခိုင်နှုန်းရှိနေပါပြီ။ အသင်းအားလုံးထဲမှာ ကဏန်း လုပ်ငန်းရှင်များအသင်းက လျာထားချက်ကို အများဆုံးအကောင်အထည်ဖော်ထားနိုင်ပါပြီ ''ဟု ကဏန်းလုပ်ငန်းရှင် များအသင်းမှ ဦးနှင်းဦးက ပြောပြသည်။ မြန်မာနိုင်ငံက ကဏန်းများကို မူဆယ်၊ မြဝတီ၊ မြိတ်နှင့် ကော့သောင်းနယ်စပ် ကုန်သွယ်ရေးစခန်းများက လည်း ကောင်း၊ လေကြောင်းလိုင်းတို့ကလည်းကောင်း ပြည်ပနိုင်ငံများသို့တင်ပို့လျက်ရှိသည်ဟုဆိုသည်။ MN
ငါးသလောက်သယံဇာတ ထိန်းသိမ်းရန်အတွက် အမိန့်ကြော်ငြာစာ ထုတ်ပြန်ရန်ရှိ ငါးသလောက် သယံဇာတ ထိန်းသိမ်းရန်အတွက် အမိန့်ကြော်ငြာစာများ ထုတ်ပြန်ရန်ရှိကြောင်းငါးလုပ်ငန်း ဦးစီးဌာနက တာဝန်ရှိသူတစ်ဦးကပြောကြားသည်။ '' ငါးသလောက်သယံဇာတထိန်းသိမ်းရေးနဲ့ပတ်သက်တဲ့ စာတမ်းတွေဖတ်ခဲ့ပါတယ်။ အဲဒီစာတမ်းတွေ ကနေ ရှေ့လုပ် ငန်းစဉ်အဖြစ် ဆက်လက်ဆောင်ရွက်ဖို့အချက် (၁ဝ) ချက် ထွက်ပေါ်လာတယ်။ အဲဒီအချက်တွေကို ဝန်ကြီးဌာနကို တင်ပြပြီး ခွင့်ပြုချက်ရပါက အမိန့်ကြော်ငြာစာအဖြစ် ထုတ် ပြန်မှာ ဖြစ်ပါတယ်'' ဟု ယင်းဌာန၏ ညွှန်ကြားရေးမှူးချုပ် ဦးခင်ကိုလေးက ပြောသည်။ အဆိုပါအချက်များမှာ မည်သည့်ရေပြင်တွင်မဆို ၄ လက်မ အောက်ပိုက်ကွက်နှင့် ဖမ်းဆီးခြင်းမပြုရန်၊ ဝိုင်းချုပ် ပိုက်များ၏ ပိုက်ကွက်အရွယ်အစားကိုလည်း ပြန်လည်စိစစ် ခွင့်ပြုရန်၊ ငါးသလောက်ဖမ်းသည့် ဝိုင်းချုပ် ရေယာဉ်စီးရေကို လိုအပ်သလို စိစစ်ခွင့်ပြုရန်၊ မည်သည့်ရေပြင်တွင်မဆို ၃ထပ် ပိုက်များဖြင့် ဖမ်းဆီး လိုင်စင် ချထားခွင့်မပြုရန်နှင့် ရေလုပ် သားများအား ကြိုတင်အသိပေးရန် စသည်ဖြင့် အချက် အလက်များ ပါဝင်သည်ဟု ဆိုသည်။ MN
ကဏန်းဈေး ၁ တန်လျှင်ဒေါ်လာ ၆၇ဝဝ ဖြင့် စံချိန်ချိုးရရှိ တနင်္သာရီတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်တို့က ဖမ်းဆီးရရှိသည့် ကဏန်းများကို ပြည်ပနိုင်ငံများသို့ တင်ပို့ရောင်းချလျက်ရှိရာ ကဏန်း ၁ တန်လျှင် ဒေါ်လာ ၆ဝဝဝ ဈေးနှုန်းရရှိကာ စံချိန်ချိုးရရှိခဲ့ ကြောင်း ကဏန်းတင်ပို့သူများထံက သိရသည်။ ''ကဏန်းက ရေထရက်-ရေသေရက်တွေ အလိုက် ဖမ်းဆီးရရှိမှုက ကွာခြားတယ်၊ ရေသေရက် ဆို ကဏန်းက နည်းနည်းပဲရတတ်တယ်။ရေထရက် ဆိုရင်တော့ များများစားစားဖမ်းမိတယ်။ဖေဖော်ဝါရီလ ၁၈-၁၉ ရက် တွေက၊ ရေသေရက်တွေဆိုတော့ ဒီနေ့ဆို (ဖေဖော်ဝါရီ ၁၉) မန္တလေးကနေ မူဆယ်နယ်စပ် ကုန်သွယ်ရေးဇုန်ကို ကဏန်းကား ၂ စီး၊ချင်းရွှေဟော်နယ်စပ်ကုန်သွယ်ရေးစခန်းကို ကဏန်း ကား၂ စီး၊ စုစုပေါင်း ကား ၄ စီးပဲတက်နိုင်တယ်။ ဒီနှစ်က ကဏန်းဈေးအကောင်းဆုံးရတဲ့နှစ်ပါ'' ဟု မူဆယ် အခြေစိုက်ကဏန်း တင်ပို့သူလုပ်ငန်းရှင်တစ်ဦး ကပြော ကြားသည်။ ကဏန်းဈေးနှုန်းများအနက် ၂ဝဝ၉-၂ဝ၁ဝ က ကဏန်း ၁ တန်လျှင် ဒေါ်လာ ၅၅ဝဝ ကျော်ရှိခဲ့ပြီး၊ ၂ဝဝ၈- ၂ဝဝ၉ ခုနှစ်က ကဏန်း ၁ တန်လျှင် ဒေါ်လာ ၄ဝဝဝ ဝန်းကျင်ဖြင့် အမြင့်ဆုံးဈေးနှုန်းများဖြစ်ပေါ်ခဲ့ရာ ယခုနှစ် ရရှိသည့် ကဏန်းဈေးနှုန်းမှာ စံချိန်ချိုးရရှိခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။ MN
ကဏန်းများမျိုးပွားနိုင်စေရန် ဘေးမဲ့တောများတွင် ပြန်လွှတ်ပေးခဲ့ ကဏန်းများထွက်ရှိရာ တိုင်းဒေသကြီးများတွင် ကဏန်းများမျိုးပွားနိုင်စေရန် ဘေးမဲ့တောများတွင် ပြန်လွှတ် ပေးခဲ့ကြောင်း ငါးလုပ်ငန်းဦးစီးဌာနက သိရသည်။ ''ငါးလုပ်ငန်းဦးစီးဌာနရဲ့ စီစဉ်မှုနဲ့ ကဏန်းထွက်ရှိရာ ရခိုင်ပြည်နယ်၊ ဧရာဝတီတိုင်းဒေသကြီးနဲ့ တနင်္သာရီတိုင်း ဒေသကြီး ၃ ခုတို့မှာ ကဏန်းဘေးမဲ့တော ဧရိယာဇုန်တွေ သတ်မှတ်ပေးထားပါတယ်။ အဲဒီဒေသတွေမှာ ကဏန်းတွေ မျိုးပွားနိုင်စေဖို့နဲ့ ကဏန်းတွေမျိုးမသုဉ်းစေဖို့အတွက် ရည်ရွယ်ပြီး ဥပါတဲ့ ကဏန်း အမကြီးတွေ၊ ၁ဝဝ ဂရမ်အောက် ကဏန်းသေးတွေနဲ့ ၁ဝဝ ဂရမ်အထက် ကဏန်းအကြီးတွေကို လွှတ်ပေးနေပါတယ်''ဟု ငါးလုပ်ငန်းဦးစီးဌာနက တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။ ကဏန်းမဖမ်းရဘေးမဲ့တောများအနက် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ လပွတ္တာမြို့နယ်၊ ဟိုင်းကြီးကျွန်း ဒေသ တွင် ဖေဖော်ဝါရီလ ဒုတိယပတ်က ကဏန်းကောင်ရေ ၁၅ဝဝဝ လွှတ်ပေးခဲ့သည်ဟု ဆိုသည်။ MN
ရခိုင်ပြည်နယ်အတွင်း ပုစွန်သားဖေါက်စခန်းများ ဖွင့်လှစ်ထုတ်လုပ်မည် ပုစွန်များကို ပြည်ပပို့ကုန် ဝင်ငွေရရှိမှု လျာထား သတ်မှတ် တင်ပို့နိုင်ရန်အတွက် ရခိုင်ပြည်နယ်အတွင်း ပုစွန် သားဖေါက်စခန်းများ ဖွင့်လှစ်ထုတ်လုပ်သွားမည်ဖြစ်ကြောင်း ငါးလုပ်ငန်းဦးစီးဌာနက သိရသည်။ ''ရခိုင်ပြည်နယ်အတွင်းမှာ ပုစွန် သားဖေါက်စခန်း လေးခုကိုလာမယ့် သားဖေါက်ရာသီအမီ ဖွင့်လှစ်သွားမှာပါ။ အဲဒီအတွက် မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်နဲ့ ရခိုင် ပြည်နယ် ငါးလုပ်ငန်းဦးစီးဌာနတို့ ပူးပေါင်း အကောင်အထည်ဖော်မှာ ဖြစ်ပါတယ်။ အဲ့ဒီလိုအကောင်အထည်ဖော်ရာကနေ ထွက်ရှိလာမဲ့ သားပေါက်တွေကို ပုဂ္ဂလိကပုစွန်မွေးမြူရေး လုပ်ငန်းရှင်တွေဆီ ဖြန့်ဖြူးရောင်းချပေးမှာပါ။ရခိုင်ပြည်နယ် အတွင်းမွေးမြူရေးပုစွန် ထုတ်လုပ်မုှုကိုကြည့်ရင် ၂ဝဝ၉-၂ဝ၁ဝ ဘဏ္ဍာနှစ်အတွင်းမှာ တိုးတက်မှုရှိခဲ့ပေမဲ့ ၂ဝ၁ဝ-၂ဝ၁၁ မှာ လျော့နည်းကျဆင်းခဲ့တာ တွေ့ရပါတယ်။ဒီနှစ်ထဲမှာ ပုစွန် မွေးမြူ ထုတ်လုပ်မှုကျဆင်းရတာဟာ ပုဂ္ဂလိကမွေးမြူသူ တွေ အနေနဲ့ ပုစွန်ကန်တွေမှာ သားပေါက် ထည့်မွေးချင်ပေမဲ့ အရည်အသွေးကောင်းတဲ့ သားပေါက်တွေ အလုံအလောက် မရရှိခဲ့လို့ ဖြစ်ခဲ့ရတယ်လို့ သိရပါတယ်'' ဟု မြန်မာနိုင်ငံ ပုစွန် လုပ်ငန်းရှင်များအသင်းက ဦးနှင်းဦးက ပြောပြသည်။ ရခိုင်ပြည်နယ်အတွင်း ပုစွန်သားဖေါက်စခန်း ဖွင့်လှစ်မည့် နေရာများမှာ ကျောက်ဖြူ-ပုစွန်သားဖေါက်စခန်း၊ စစ်တွေမြို့ရှိ ရေချမ်းပြင်သားဖေါက်စခန်း၊ စိုးမဲကျီသားဖေါက် စခန်းနှင့် မောင်တောရှိ အလယ်သံကျော် သားဖေါက်စခန်း တို့ ဖြစ်သည်။ MN
ရေလုပ်သားများကို ှSafety at Sea သင်တန်းများ ဖွင့်လှစ်သင်ကြားပေးမည် ရေလုပ်ငန်းမှ ရေလုပ်သားများက Safety at Sea သင်တန်းများကို ငါးလုပ်ငန်းဦးစီးဌာနက ဖွင့်လှစ် သင်ကြားပေးမည် ဖြစ်ကြောင်း ဖေဖော်ဝါရီ ၁၅ ရက်နေ့က မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်၌ ပြုလုပ်သည့် သားငါးကဏ္ဍဖွံ့ဖြိုး တိုးတက်မှုဆိုင်ရာ ဆွေးနွေးပွဲက သိရသည်။ ''ငါးလုပ်ငန်းဦးစီးဌာနအနေနဲ့ စက်ရုံမှာ HACCP စနစ်ကို ကျင့်သုံးဖို့နဲ့ ယခင်ပြည်ပ ပညာရှင်တွေ ပို့ချခဲ့တဲ့ အင်္ဂလိပ်သင်ရိုးညွှန်းတမ်းများကို မြန်မာဘာသာပြန်ပြီး စက်ရုံ ၅ ရုံက ဝန်ထမ်း ၅ ဦးကျစီတို့ကို Safety at Sea နဲ့ဆိုင်တဲ့ သင်တန်းတွေပို့ချခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီသင်တန်းတက်ရောက်ခဲ့တဲ့ ဝန်ထမ်းတွေက QC ဝန်ထမ်းတွေမဟုတ်ဘဲ တာလီ စာရေးတွေနဲ့ ရံုံးစာရေးတွေသာ ဖြစ်နေတာတွေ့ခဲ့ရပါတယ်။ အခုလည်းငါးဖမ်း လုပ်ငန်းက ရေလုပ်သားတွေကို Safety at Sea သင်တန်းများဖွင့်လှစ်သင်ကြားပေးမှာပါ။ သင်တန်းတွေတက် ရောက်ပြီးသူ၊ ကျန်းမာရေးကောင်းတဲ့ရေလုပ်သားတွေကို ရေလုပ်သားမှတ်ပုံတင်ကတ်ပြားတွေ ထုတ်ပေးဖို့ စီစဉ်နေပါတယ်။ ကမ္ဘာပေါ်မှာ နှစ်စဉ်ရေလုပ်သား ၂၄ဝဝဝ ကျော် ထိခိုက်နေကြတာပါ။ ဒီလိုသေဆုံးကြရတာဟာ လှေသင်္ဘောတွေ ညံ့မှု၊ ရာသီဥတုအခြေအနေစူးစမ်းခြင်းအားနည်းမှု၊ အသက်ကယ် ပစ္စည်း အရည်အသွေး ညံ့ဖျင်းမှုစတာတွေကြောင့် ဖြစ်ပါတယ်။ Fishery Management တွင် Safety at Sea အချက်ကို ထည့်သွင်းဖို့ လိုအပ်ပါတယ်။ ငါးဖမ်းရေယာဉ်တွေဟာ နေ့ညမရှောင် လုပ်ရတာကြောင့် ညအချိန် အချက်ပြတဲ့စနစ်အားနည်း တဲ့အတွက် Accident ဖြစ်တတ်တယ်လို့ သိရတဲ့အတွက် လှေတစ်စီး စီက ရေလုပ်သား ၂ ဦး ၃ ဦးကျစီ Safety at Sea သင်တန်းတက်ဖို့လိုပါတယ်'' ဟု တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ အဆိုပါသင်တန်းသိုဖ့ မြိတ်နှင့် ကော့သောင်းမြို့နယ်တို့မှ ကမ်းနီး၊ ကမ်းဝေးငါးဖမ်းလုပ်သားများ တက်ရောက်ကြမည်ဟု သိရသည်။ MN
