Main menu

Background

Tuesday, 12 Oct 2010

အဝယ်သွက်တာကြောင့် အိန္ဒိယနနွင်းဈေးမြင့်လာ     ဒူဘိုင်းမှ အဝယ်အချို့ရှိခြင်းနဲ့ ပွဲတော်ကာလ ပြည်တွင်းအဝယ်တက်လာ တာကြောင့် အောက်တိုဘာလ ၆ ရက်မှာ နနွင်းဈေး ၂ ဒသမ ၆၈ ရာခိုင်နှုန်း မြင့်တက်ခဲ့တယ်လို့ သိရပါတယ်။ ဒါပေမဲ့လည်း လက်ငင်းဈေးကွက်တွေကို နနွင်းဝင် ရောက်မှု တိုးတက်နေ တာကြောင့် ဈေးဆက်တက်ဖို့မလွယ်ဘူးလို့ ခန့်မှန်းကြပါတယ်။ နီဇမ်မာဘတ် လက်ငင်းဈေးကွက်မှာ တစ်တန်ကို ရူပီး ၁ဝဝဝ (ကန်ဒေါ်လာ ၂၃) မြင့်တက်ပြီး ရူပီး ၁၄၇ဝဝဝ (ကန်ဒေါ်လာ ၃၃၃၆) ဈေးနဲ့ အရောင်းအဝယ် ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ နနွင်း ဝင်ရောက်မှုအနေနဲ့ နီဇမ်မာ ဘတ်ဈေးကွက်ကို အိတ် ၅ဝဝ ဝန်းကျင်နဲ့ ပုံမှန်ဝင်ရောက်နေပြီး အီရော့ ဈေးကွက်ကို အိတ် ၇ဝဝဝ ခန့်ဝင်ရောက်တယ်လို့ သိရပါတယ်။ အင်ဒရာပရာဒေ့ရှ်ဒေသမှာ နနွင်းစိုက်ပျိုးမှု ရာနှုန်းပြည့် ပြီးစီးပြီလို့ သိရပါတယ်။ ဟင်းခတ် အမွှေးအကြိုင်အဖွဲ့ စာရင်းအရ နယူးယောက်ဈေးကွက်မှာ နိုင်ငံတကာနနွင်းဈေးနှုန်းဟာ စက်တင်ဘာလ ၂၄ ရက်မှာ ကုန်ဆုံးတဲ့ သီတင်းပတ် အတွင်း တစ်တန်ကို ကန်ဒေါ်လာ ၅ဝ၇ဝ ဝန်းကျင်ရှိခဲ့လို့ ယခင်နှစ်ကာလတူထက် တစ်တန်ကို ကန်ဒေါ်လာ ၂၄၃ဝ ခန့်မြင့်တက်ခဲ့တယ်လို့ သိရပါတယ်။                                                                                                                ယမင်းခင်၊Sources: commodityonline

Tuesday, 12 Oct 2010

နည်းနည်းနဲ့ မှန်မှန်တင်ပို့နေတဲ့နနွင်း      မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်ရှိ စစ်တွေနယ်စပ်မှ နနွင်းတက်တင်ပို့နေ တယ် ဆိုပေမဲ့ ခုဂဏန်းမျှသာ ရှိပါတယ်။ ယခုအပတ် မှာလည်း နနွင်းတက် နှစ်တန် သာ စစ်တွေမှ တင်ပို့နိုင်ခဲ့ပါတယ်။ တင်ပို့နိုင်မှုအရေအတွက် ဟာ အလွန်နည်း လွန်းတဲ့အတွက် ဘဏ္ဍာနှစ်ဝက်ကာလဖြစ်တဲ့ ဧပြီလမှ စက်တင်ဘာလအထိ ကာလ အတွင်း မူဆယ်၊ မြဝတီနဲ့ စစ်တွေနယ်စပ်များမှ နနွင်းတက်တန်ချိန် ၉၉ဝ ကျော်သာ တင်ပို့ထားတယ်လို့ သိရပါတယ်။ မူဆယ်နဲ့ မြဝတီနယ်စပ်တို့မှာ စစ်တွေထက် ပမာဏ ပိုမိုတင်ပို့လေ့ရှိပါတယ်။                                                                                              တင်တင်ထွန်း(MIRT )

Tuesday, 12 Oct 2010

စက်တင်ဘာမှာ နနွင်းအပို့လျော့      ပင်လယ်ရေကြောင်းကုန်သွယ်မှုလမ်းကနေ နနွင်းတန်ချိန် ၁၁ တန်ကို စက်တင်ဘာ ၂၇ ရက်မှ အောက်တိုဘာ ၃ ရက်နေ့ကာလအတွင်း တင်ပို့ခဲ့ပါတယ်။ တင်ပို့ခဲ့တဲ့ ကုန်သွယ်ဖက်နိုင်ငံကတော့ ကိုရီးယားနိုင်ငံပဲဖြစ်ပါတယ်။ တစ်တန်ကို အက်ဖ်အိုဘီ ၁၄၅၅ ဒေါ်လာဝန်းကျင်နဲ့ တင်ပို့ခဲ့တာကြောင့်  စုစုပေါင်းပို့ကုန်ဝင်ငွေ ၁၅၉ဝဝ ဒေါ်လာရရှိခဲ့ပါတယ်။ လချုပ်အနေနဲ့ လေ့လာပါက ယခင်သြဂုတ်လရဲ့ စုစုပေါင်း ပို့ကုန်တန်ချိန် ၁၆၈ တန်ဖြစ်ပြီး စက်တင်ဘာလရဲ့ ပို့ကုန်တန်ချိန် ၉၃ ဒသမ ၁ တန်ဖြစ်တာကြောင့် ၇၅ တန်နီးပါးအပို့လျော့ နည်းခဲ့ ပါတယ်။ စက်တင်ဘာလအတွင်း တင်ပို့ခဲ့တဲ့ ကုန်သွယ်ဖက် နိုင်ငံတွေကတော့ ကိုရီးယားနိုင်ငံကို အက်ဖ်အိုဘီ ၁၅ဝဝ ဈေးနဲ့တန်ချိန် ၁၉ တန်၊ ထိုင်းနိုင်ငံဘက်ကို အက်ဖ်အိုဘီ ၁၄၅၅ ဒေါ်လာဈေးနဲ့ ၃၅ ဒသမ ၅ တန်၊ မလေးရှားကို ၂၄ တန်နဲ့ ရီမင်နိုင်ငံကို အက်ဖ်အိုဘီ ၁၅ဝဝ ဈေးနဲ့ ၁၅ တန်ခန့်တင်ပို့ နိုင်ခဲ့ပါတယ်။                                                                                                                               MIRT (DOT)

Tuesday, 12 Oct 2010

ဈေးအေးနေတဲ့ ရှမ်းကြက်သွန်ဖြူ    ရှမ်းကြက်သွန်ဖြူရဲ့ ဈေးက စက်တင်ဘာလမှာ ခပ်အေးအေးသာရှိနေ ပါတယ်။ ရှမ်းပြည်နယ်တောင်ပိုင်းမှာလည်း ကုန်သည်လက်ကျန် တောင်သူ လက် ကျန်တွေနဲ့ ပေါင်းရင် ပိဿာချိန် ဆယ်သိန်းခန့် ကျန်နေသေးတယ်လို့ ကုန်သည်တွေက ခန့်မှန်းကြပါတယ်။ အခုလတ်တလော ဝယ်ယူနေကြတာ ကတော့ ရန်ကုန်ဝယ်လက်နဲ့ အောင်ပန်းဈေး ပတ်သမား တွေဖြစ်ပါတယ်။ အောင်ပန်းဈေးပတ် သမားတွေကတော့ ရထားနဲ့ နေပြည်တော်၊ နေပြည်တော်လယ်ဝေး၊ နေပြည်တော်ပျဉ်းမနား တစ်ဝိုက်ကို သွားရောင်းတဲ့သူတွေ ဖြစ်ပါတယ်။ တောင်သူတွေကလည်း ပြန်စိုက်ဖို့အတွက် မျိုးတွေကို နေလှန်းပြီးခွာ၊ မျိုးတွေခွဲနေကြပါပြီ။ သီတင်းကျွတ်မှာ တစ်ခါစိုက်ပြီး တန်ဆောင်မုန်းလမှာ နောက်တစ်ခါပြန်စိုက်တော့မှာ ဖြစ်ပါတယ်။    တောင်ကြီးဈေးကွက်ကိုလည်း ကြက်သွန်ဖြူအဝင်နည်းနေပါတယ်။ တောင်ကြီးနယ်တစ်ဝိုက်က တစ်ရက်ကို ပိဿာချိန် ၃ ထောင်ခန့်သာဝင်ပြီး ၅ ရက်တစ်ဈေးကို ပိဿာချိန် ၁၅ဝဝဝ ခန့်သာဝင်တယ်လို့ သိရပါတယ်။ ဒီတစ်ပတ်မှာ ကြက်သွန်ဖြူဈေး က အရင်တစ်ပတ်ကထက် ပိုတက်လာပြီး လတ်ခြား တစ်ပိဿာ ၂၆ဝဝ ကျပ်၊ ထူး(၁) ၂၇ဝဝ ကျပ်၊ ထူး (၂) ၂၈ဝဝ ကျပ်၊ ထူး (၃) ၂၉ဝဝ ကျပ်၊ ထူး (၄) ၃ဝဝဝ ကျပ်ဈေးရှိပါတယ်။ ဈေးကောင်းနေသလို အရောင်းကလည်း အနည်းငယ်သွက်နေတယ်လို့ ဒေသခံကုန်သည်တွေထံမှ သိရပါ တယ်။                                                                                    ဧဧခိုင်

Tuesday, 12 Oct 2010

ရှမ်းချင်းတက်သစ် အနည်းငယ်ဝင်    အောင်ပန်းမြို့ရဲ့ တောင်ဖက်ဖြစ်တဲ့ ကလောနယ်၊ ပင်လောင်းနယ်၊ နန်းတိုင်း၊ သရက်ပု၊ ပဲယင်းတောင်၊ မြောက်ဖက်ဖြစ်တဲ့ ပင်းတယစတဲ့ နယ်တွေက နေ ချင်းတက်သစ်တွေ ဈေးကွက်ကို အနည်းငယ်စီဝင်လာနေပါပြီ။ အသစ်ဝင်လာ တဲ့ ချင်းတက်သစ်တွေက အရည်အသွေး သိပ်မကောင်းသေးဘူးလို့ သိရပါတယ်။ အပင်ဝါပြီး အနာဖြစ် ထိပ်ပုပ်လာတဲ့ (ဒေသ အခေါ်လောင်ကျ) နဲ့ အနုတွေသာ ဝင်လာတာကြောင့် ချက်ချင်း မရောင်းဖြစ်ရင် ပုပ်သွားတတ်လို့ လိုသလောက် ဖော်ပြီး ရောင်းကြတယ်လို့ သိရပါတယ်။ တောင်သူတွေကလည်း အခါနားနီးလာ ပြီဖြစ်တာကြောင့် ငွေလိုတဲ့သူတွေကတော့ ဖော်ပြီးရောင်းနေကြပြီး အခိုျ့တွေ ကလည်း သီတင်းကျွတ်ပြီးမှသာ ရောင်းမယ်ဆိုပြီး မဖော်သေးတာကြောင့်အောင်ပန်းဈေးကွက်မှာ ၅ ရက်တစ်ဈေးကို ပိဿာချိန် ၃ သောင်းခန့်သာ ဝင်နေ ပါတယ်။အခုအချိန်က ချင်း (ဥမ)နဲ့ ချင်းတက်အသစ်ရဲ့ စပ်ကူး၊ မတ်ကူးကာလ ဖြစ်ပြီး အဟောင်းကြိုက်သူနဲ့ အသစ်ကြိုက်တဲ့သူတွေက ကိုယ့်အကြိုက်သာ ဝယ်ယူနေတာကြောင့် တောင်သူတွေကလည်း သိပ်မဖော်ကြသေးဘူးလို့ သိရပါတယ်။ ချင်းဥမတွေကလည်း ကုန် သလောက် တော့ဖြစ်နေပါပြီ။ ဒီတစ်ပတ် ချင်းဥမဈေးက တစ်ပိဿာ ၇ဝဝ ကျပ်၊ ၈ဝဝ ကျပ်ဈေးရှိပြီး၊ ချင်းတက်အသစ်ဈေးက ၅၅ဝ ကျပ်၊၆ဝဝ ကျပ်ဈေးရှိပါတယ်။ ချင်းခြောက်ဈေးကတော့ တစ်ပိဿာ ၃ဝဝဝ ကျပ်ဈေးရှိ တယ်လို့ ဒေသခံကုန်သည်တွေထံက သိရပါတယ်။                                                                                                                    ဧဧခိုင်

Tuesday, 12 Oct 2010

နယ်စပ်ချင်းအပို့ အနည်းငယ်သာရှိ     စစ်တွေနယ်စပ်ကနေ ချင်းတင်ပို့နေတယ်ဆိုပေမဲ့ ပို့တယ်ဆိုရုံ ပမာဏ လေး တင်ပို့နေတာဖြစ်ပါတယ်။ ချင်းအဟောင်းများ ကုန်သလောက်ရှိနေတာမို့ စက်တင်ဘာလ တစ်လလုံးမှာ စစ်တွေနယ်စပ်က ချင်း ၁၄ တန်သာတင်ပို့နိုင်ခဲ့ပြီး စက်တင်ဘာလ နောက်ဆုံးပတ် မှာ ၁ တန်သာ တင်ပို့ခဲ့တာဖြစ်ပါတယ်။ မိမိဘက် ပေါက်ဈေး ၆၇ဝ၁၄ဝ ကျပ်နဲ့ တစ်ဖက်နိုင်ငံ ပေါက်ဈေးက ၇၅၃ဝဝ တာကာ ဖြစ်ပါတယ်။ မူဆယ်နယ်စပ်ကနေ ချင်းခြောက် ၂၈ တန်နီးပါး တင်ပို့နိုင်ခဲ့ပါတယ်။ ချင်းခြောက် တင်ပို့မှုကတော့ ချင်းစို တင်ပို့မှု ထက် ပိုမိုလျက်ရှိပြီး စက်တင်ဘာ လမှာ ချင်းခြောက် တန် ၁၅ဝ ကျော်မူဆယ်မှ တင်ပို့ထားပြီး ဖြစ်ပါတယ်။                                                                                                                                တင်တင်ထွန်း (MIRT )

Tuesday, 12 Oct 2010

ဈေးအေးလာတဲ့ မန်းပြောင်းဈေးကွက်      မန်းဈေးကွက်အတွင်းသို့ နေပြည်တော်ပျဉ်းမနား၊ နေပြည်တော် လယ်ဝေး၊ နေပြည်တော်တပ်ကုန်း မြို့နယ်များမှ ထွက်ရှိတဲ့ ပြောင်းဖူးစေ့များ ဝင်ရောက်မှု ရှိသလို ထန်းတပင်၊ ဇီးကုန်း၊ ရှမ်းပြည်နယ်တောင်ပိုင်း၊ ကယားပြည်နယ်၊ မြစ်ကြီးနား ဒေသတို့မှ ပြောင်းဖူးစေ့များ ဈေးကွက်အတွင်း ဝင်ရောက်နေပါတယ်။ ပြောင်းဖူးစေ့ များ ဈေးကွက်အတွင်း အဝင်လှိုင်သော် လည်း တရုတ်ဝယ်လိုအားနည်းလာခြင်း၊ ဒေသတွင်း အစာစပ်လုပ်ငန်းရှင်များမှ လိုသလောက်သာဝယ်ယူနေခြင်းကြောင့်ပြောင်းဖူးစေ့ဟာ တဖြည်းဖြည်းဈေးအေးလာတာကို တွေ့ရပါတယ်။ ယခုတစ်ပတ် မှာတော့ ပြောင်းဖူးစေ့ (ရှမ်း) တစ်ပိဿာ ၂၆၉ ကျပ်၊ တစ်တန် ၁၆၄၇ဝဝ ကျပ်၊ ပြောင်းဖူးစေ့ (ဗမာ)က၂၅ဝ ကျပ်၊ တစ်တန် ၁၅၃ဝဝဝကျပ်ဈေးဖြင့် ရောင်းဝယ်နေကြပြီးစက်တင်ဘာလအတွင်းမှာတရုတ်သို့ ၇၉ဝဝတန်တင်ပို့မှုရှိခဲ့ပါတယ်။ အောက်တိုဘာလ အတွင်းမှာ ဈေးကွက်အတွင်း အဝင်လှိုင်လာမှာဖြစ်သော်လည်း အဓိကတရုတ်ဝယ်လိုအားနည်းလာတဲ့အတွက်ရောင်းဝယ်မှုကတော့ အရောင်းအေးဈေးအေး နေဦးမယ်လို့ ရောင်းဝယ်ကြတဲ့ ကုန်သည် တချို့က ခန့်မှန်းပြောဆိုနေ ကြကြောင်း သိရပါတယ်။ ကျော်ကျော်မိုး

Tuesday, 12 Oct 2010

ရော်ဘာဈေးနှုန်း ၅ လအတွင်းအမြင့်ဆုံးသို့ရောက်       လောင်စာဆီဈေးနှုန်းမြင့်တက် လာမှုနဲ့ အမေရိကန်ပြည်ထောင်စုရဲ့ မော်တော်ယာဉ်အရောင်းတက်မှု တို့နဲ့အတူရော်ဘာ ဈေးနှုန်းကလည်းမြင့်တက်သွားခဲ့ကာ အောက်တိုဘာ ၄ ရက်နေ့တွင် ၅ လ အတွင်း အမြင့်ဆုံးဈေးနှုန်းကိုရောက်ရှိခဲ့ပါတယ်။ တိုကျို ကြိုပွိုင့်ရောင်းဝယ်ရေးတွင် မတ်လ သင်္ဘောတင်မဲ့ရော်ဘာဈေးနှုန်း တစ်တန်ကိုကန်ဒေါ်လာ ၃၈ဝ၁ ကိုရောက်ရှိခဲ့ရာ ဧပြီလ ၂၆ ရက်နေ့နောက်ပိုင်းအမြင့်ဆုံး ဈေးနှုန်း ဖြစ်ကြောင်း သတင်းရရှိပါတယ်။ကမ္ဘာ့ စွမ်းအင် အများဆုံး သုံးစွဲတဲ့ အမေရိကန် ပြည်ထောင်စုနဲ့ တရုတ်တို့ရဲ့ စီးပွားရေး ကောင်း မွန်မှုကြောင့် ဝယ်လို အားတက်လာနိုင်ကြောင်း မျှော်မှန်းချက်ကြောင့် ရေနံစိမ်းဈေးနှုန်းများ ၇ ဒသမ ၁ ရာခိုင်နှုန်း ဈေးတက်သွားရာ ၈ပတ်အတွင်း အမြင့်ဆုံးဖြစ်ကြောင်း သတင်းရရှိပါတယ်။ အမေရိကန် ပြည်ထောင်စုရဲ့ စက်တင်ဘာလတွင် မော်တော် ယာဉ် အရောင်းက အရှိန်အဟုန်နဲ့ မြင့်တက်ခဲ့ကြောင်းသိရှိရပါတယ်။      ကားအရောင်းတက်မှုက ရင်းနှီးမြုပ်နံှသူတွေကို ရော်ဘာကိုဝယ်ယူဖို့တွန်းအားပေးခဲ့ကြောင်း Fujitomi Co., တိုကျိုမှ သုတေသKazuhiko Saito မှပြောကြားလိုက်ပါတယ်။ အမေရိကန်ပြည်ထောင်စုတွင် စက်တင်ဘာလအထိ ကားအရောင်းက စီးရေ ၁၁ ဒသမ ၈ သန်းရောက်ရှိခဲ့ရာ ယခင်နှစ်အလားတူကာလက စီးရေ ၉ ဒသမ ၄ သန်းထက် နှိုင်းယှဉ်ရာတွင် သိသိ သာသာ တိုးတက်ခဲ့ပါတယ်။        နိုဝင်ဘာလသင်္ဘောတင်မဲ့ ရေနံစိမ်းဈေးနှုန်းက နယူးယောက်ကြိုပွိုင့်ရောင်းဝယ်ရေးတွင် တစ်စည်ကို ကန်ဒေါ်လာ၈၁ ဒသမ ၅၈ နဲ့အရောင်းအဝယ်ဖြစ်ခဲ့ပြီးနောက် ရော်ဘာ လက်ငင်းဈေးကွက်တွင် ထိုင်းရော်ဘာဈေးနှုန်းက အောက်တိုဘာလ ၁ ရက်နေ့က တစ်တန်ကို ကန်ဒေါ်လာ ၃၆၂ဝ နဲ့ အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း ထိုင်းရော်ဘာ သုတေသနတက္ကသိုလ်က ပြောခဲ့ပါတယ်။Source:Bloomberg.com, အေးမွန်မွန်လှိုင်

Tuesday, 12 Oct 2010

မွန်ပြည်နယ်ရော်ဘာလုပ်ငန်းများသက်ဝင်လှုပ်ရှားပြီ           အောက်တိုဘာလဝင်ရောက်လာလို့ ရော်ဘာခြံရှင်များ အစေးခြစ်လုပ်ငန်းကို စတင်လှုပ်ရှားဆောင်ရွက် နေပြီဖြစ်ရာအဝယ်ဒိုင် (ကုမ္ပဏီ)များလည်း စတင်ဖွင့်လှစ်ဝယ်ယူနေကြပြီဖြစ်ပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာလလယ်မှစပြီး  RSS-၃ တစ်ပေါင် ၁၁၇ဝ ကျပ်၊ RSS-၅ တစ်ပေါင် ၁ဝ၇ဝ ကျပ်ဖြင့် တည်ငြိမ်နေခဲ့ရာမှ စက်တင်ဘာလကုန်မှာ ၁၂ဝဝ ကျပ်နဲ့ ၁၁ဝဝ ကျပ်သို့ အသီးသီးမြင့်တက်လာပြီး အောက်တိုဘာ ပထမပတ်မှာ RSS -၃ တစ်ပေါင် ၁၂၂၅ ကျပ်နဲ့ RSS -၅ တစ်ပေါင် ၁၁၂၅ ကျပ် သို့ရောက်ရှိလာကြောင်း သိရပါတယ်။ စက်တင်ဘာလတစ်လအတွင်း မွန်ပြည်နယ်မှ ရော်ဘာများစီးထွက်မှုအနေဖြင့် ၃၅ဝဝ တန်ခန့် ရှိခဲ့ရာ ရန်ကုန်ကို ၁၈ဝဝ တန်ခန့်၊ မန္တလေးကို ၁၇ဝဝ တန်ခန့်ရှိကြောင်း သိရပါတယ်။ ယခုနှစ်တွင် မွန်ပြည်နယ်အနေဖြင့် စိုက်ဧက ၄ ဒသမ ၂၉ သိန်းအပေါ်တွင် တန်ချိန် ဝ ဒသမ ၇၆ သိန်း ထွက်ရန်မျှော်မှန်းထားရာ ယနေ့ထိ စိုက်ဧကပေါင်း ၄ ဒသမ ၅၁ သိန်း စိုက်ပျိုးထားကြောင်း သိရပါတယ်။ အောင်လွင်

Tuesday, 12 Oct 2010

ပင်လယ်ရေကြောင်း အပို့ပုံမှန်(ရော်ဘာ)        စက်တင်ဘာလ ၂၇ ရက်မှ အောက်တိုဘာ ၃ ရက်ထိကာလအတွင်း ပင်လယ်ရေကြောင်းမှ ရော်ဘာ တန်ချိန် ၁၂ဝဝ၊ တန်ဖိုး ကန်ဒေါ်လာ ၃ ဒသမ ၅၈ဝ သန်းဖိုးတင်ပို့ခဲ့ပါတယ်။ ယခင်အပတ်က ၁၁၄၃ တန် တင်ပို့ခဲ့တာကြောင့် တင်ပို့မှု ပုံမှန်လို့ဆိုရပါမယ်။ ယခုအပတ်တင်ပို့တဲ့ နိုင်ငံများကတော့ တရုတ်ကို RSS-၃ တန် ၁ဝဝ၊ MSR -၂ဝ တန် ၁ဝ၁၊ မလေးရှားကို RSS -၃ ၃၉၇ တန်၊ RSS-၅ ၄၈၂ တန်၊ MSR -၂ဝ တန် ၆ဝ နဲ့ ဗီယက်နမ်ကို RSS -၃ တန် ၆ဝ အသီးသီး တင်ပို့ခဲ့တယ်လို့ သတင်းရရှိပါတယ်။KZW

Pages