နိုင်ငံတော်မှ နေပြည်တော်၊ ရန်ကုန်မြို့နဲ့ မန္တလေးမြို့များမှာ ကားအရောင်းပြခန်းများ (Used Car Sale Centre) ဖွင့်လှစ်ပြသရောင်းချ ခွင့်ပြုပေးလျက်ရှိရာ မန္တလေးမြို့မှာလည်း ၂၀၁၂ ခုနှစ် မေ ၄ ရက် Best Auto Services Co.,Ltd ရဲ့ ကားအရောင်းပြခန်း ဖွင့်လှစ်ခဲ့ပါတယ်။ လက်ရှိပြခန်းမှာ ကား ၁၆ စီးပြသထားပြီး ဂျပန်နိုင်ငံထုတ် Toyota, Nissan, Mitsubishi လူစီးယာဉ်ငယ် အမျိုးမျိုးပါဝင်ပါတယ်။ ဝယ်ယူသူ လိုအပ်ချက်များအရ ကုန်တင်ယာဉ်များကိုလည်း မှာယူရောင်းချပေးနိုင်ကြောင်းနဲ့ ဖွင့်ပွဲနေ့မှာ ၂၀၀၂ ခုနှစ်ထုတ် Toyota Caldina စက်ရုပ်ကားတစ်စီး ရောင်းချရကြောင်း ပြခန်းတာဝန်ခံ မန်နေဂျာ ဦးဇော်မင်းလှိုင်က ပြောကြားပါတယ်။ မန္တလေးမြို့မှာThemis Services Co.,Ltd နဲ့ Best Auto Services Co.,Ltd တို့ရဲ့ ကားအရောင်းပြခန်းနှစ်ခန်း ဖွင့်လှစ်ပြီးဖြစ်ကြောင်း သိရပါတယ်။ ဇေယျာဆွေ