Background
ပင်လယ်ရေကြောင်းက မတ်ပဲတင်ပို့မှုက ယခုတစ်ပတ်မှာလည်း ဆက်လက်အားကောင်းနေပါတယ်။ ယခင်တစ်ပတ်က တန်ချိန် ၂၃၀၀၀ နီးပါးတင်ပို့မှုရှိခဲ့သလို ယခုတစ်ပတ် (မေလ ၁၄ ရက်မှ ၁၈ ရက်) အတွင်းမှာလည်း တန်ချိန် ၂၂၀၀၀ ကျော် တင်ပို့နိုင်တာ တွေ့ရပါတယ်။ ယခုဘဏ္ဍနှစ် ၂၀၁၂-၂၀၁၃ မေလ ၁၈ ရက်နေ့အထိ မတ်ပဲစုစုပေါင်း တင်ပို့မှုမှာ တန်ချိန် တစ်သိန်းနီးပါးရှိပြီး ရရှိတဲ့ဝင်ငွေမှာ ကန်ဒေါ်လာ ၅၃ သန်းကျော်ရရှိထားကြောင်း သိရပါတယ်။
သကြားတင်ပို့သူတွေအနေနဲ့ တန်ချိန် တစ်သောင်းနဲ့အထက်တင်ပို့ခြင်းမပြုမီ အိန္ဒိယစီးပွားရေးနဲ့ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာနမှာ ၎င်းင်းတို့ရဲ့စာချုပ်ချုပ်ဆို တင်ပို့မှုအား မှတ်ပုံတင်ရေးဆုံးဖြတ်ချက်ဟာ မေလအစောပိုင်းမှာ ဝန်ကြီးချုပ်ရဲ့ အဆုံးအဖြတ်ဖြစ်တာကြောင့် မဆန့်ကျင်ကြဖို့ စီးပွားရေးနဲ့ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက ပြောကြားခဲ့ပါတယ်။
မေလ ၉ ရက်မှ ၁၅ ရက်ထိကာလအတွင်းမှာ ချင်းရွှေဟော်နယ်စပ်မှ ကန် ဒေါ်လာ ၁ ဒသမ ၃၅၇ သန်းတန်ဖိုးရှိ သကြား ၂၂၆၁ တန်ကျော် အပို့ရှိခဲ့ပါတယ်။ ယခင်အပတ်ကထက် ၁၉၆၁ တန် ပိုမိုတင်ပို့နိုင်ခဲ့ရာ သကြားပို့အားကောင်းနေ တယ်လို့ ဆိုရမှာပါ။ MIRT (DOBT)
ဂရိကိုအီးယူအဖွဲ့မှ ထုတ်ပယ်သွားမယ်ဆိုတဲ့ နိုင်ငံရေးအကျပ်အတည်းတွေနဲ့အတူ အီးယူဒေသစီးပွားရေး အားနည်းလာပြီး ယူရိုငွေ တန်ဖိုးကျဆင်းနေတယ်။ ကမ္ဘာ့စီးပွားရေးအင်အားကြီးနိုင်ငံတွေဖြစ်တဲ့ အမေရိကန်၊ တရုတ်နဲ့ အီးယူဒေသနိုင်ငံတွေရဲ့ စီးပွားရေးတိုးတက်မှု အရှိန်အဟုန်နှေးကွေးလာတာနဲ့အမျှ တာယာအတွက်အသုံးပြုဖို့ ရော်ဘာဝယ်လိုအားနည်းသွားမယ်ဆိုတဲ့ စိုးရိမ်မှုတွေပိုမိုလာရာ ရော်ဘာကြိုပွိုင့်ဈေးနှုန်းတွေက လေးလအတွင်းအနိမ့်ဆုံးကို ထိုးဆင်းသွားခဲ့ကြောင်း သတင်းရရှိပါတယ်။
မေလ ၆ ရက်မှ ၁၂ ရက်ထိကာလအတွင်း ပင်လယ်ရေကြောင်းမှ ရော်ဘာ ၁၀၇၃ တန်ကျော်၊ တန်ဖိုး ၃ ဒသမ ၆၂ သန်းဖိုး တင်ပို့နိုင်ခဲ့ပါတယ်။ ယခင်အပတ်ထက် တန် ၃၀၀ ကျော် ပိုမိုတင်ပို့နိုင်တာ တွေ့ရပါတယ်။ နိုင်ငံအလိုက် တင်ပို့မှုတွေကတော့ တရုတ်ကို တန် ၇၆၀ ကျော်၊ မလေးရှားကို ၂၃၀ တန်၊ စင်ကာပူကို ၄၂ တန်နဲ့ ပါကစ္စတန်ကို တန် ၄၀ နီးပါး တင်ပို့ခဲ့တာတွေ့ရပါတယ်။
ဟင်္သာတဈေးကွက်အတွင်း အစေ့ထုတ်ပြောင်းဈေးဟာ စပေါ်ခါစ ဧပြီ လဆန်းပိုင်းက ပိဿာ ၂၀ ဝင် တစ်တင်း ၅၂၀၀ ကျပ်နဲ့ ဈေးစဖွင့်ခဲ့ပါတယ်။ ဧပြီ လကုန်ပိုင်းမှာ ၅၄၀၀ ကျပ်၊ မေပထမပတ်မှာ ပြောင်း တစ်တင်း ၅၇၀၀ ကျပ်၊ ယခု မေဒုတိယပတ်မှာ ပြောင်းစေ့တစ်တင်း ၆၀၀၀ ကျပ်ဈေးနဲ့ အရောင်းအဝယ် ပြုလုပ်နေကြပြီး၊ ဈေးဆက်မြင့်ေ နကြောင်း တွေ့ရပါတယ်။ အစေ့ထုတ်ပြောင်း သီးနှံများလည်း ဟင်္သာတဈေးကွက်အတွင်းသို့ အဝင်လှိုင်လာပြီး တစ်ရက် အိတ် ၂၀၀၀ မှ ၃၀၀၀ ကြားအထိ အရောင်းအဝယ်ဖြစ်နေကြောင်း တွေ့ရှိရပါတယ်။ ရန်ကုန်ဝယ်လက်အစာစပ်လုပ်ငန်းရှင် နဲ့ကုန်သည်ကြီးများရဲ့ဝယ်လိုအားကြောင့် တစ်ရက်ကို ပျမ်းမျ အိတ် ၂၅၀၀ ခန့် တင်ပို့နိုင်တယ်လို့သိရပါတယ်။အေးအေးခိုင်
ကယားပြည်နယ် လွိုင်ကော်ခရိုင်မှာ တောင်သူများ အစေ့ထုတ်ပြောင်းစိုက်ဖို့ မြေဧက ၁၅၀၀၀ ကျော် မြေပြင်ပြီးဖြစ်သော်လည်း ရာသီဥတုအခြေအနေအရ မိုးရွာသွန်းမှုနည်းပါးတာကြောင့် မိုးသီးနှံအစေ့ထုတ်ပြောင်းနဲ့ ပဲစင်းငုံကို စိုက်ပျိုး နိုင်ခြင်းမရှိသေးကြောင်း သိရပါတယ်။
မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်၊ လွယ်ဂျယ်နဲ့ ချင်းရွှေဟော်နယ်စပ်များမှ ကန်ဒေါ်လာ ၃ ဒသမ ၅၁၄ သန်းတန်ဖိုးရှိ ပြောင်းဖူးစေ့ ၁၂၅၄၇ တန်ခန့်နဲ့ ကန်ဒေါ်လာသုည ဒသမ ၀၀၁ သန်းတန်ဖိုးရှိ ပြောင်းကြိတ်ဖတ် ၉ တန်ကိုမေလ ၉ ရက်မှ ၁၅ ရက်ထိကာလအတွင်းမှာတင်ပို့နိုင်ခဲ့ပါတယ်။ ယခင် အပတ်ကထက် တန် ၄၂၃၀ ခန့်ပိုမိုတင်ပို့နိုင်ခဲ့တယ်လို့သိရပါတယ်။
မေ ၆ ရက်မှ ၁၂ ရက်ထိ ကာလအတွင်း ပင်လယ်ရေကြောင်းမှ ပြောင်း ၁၇၈၄ တန်၊တန်ဖိုးဒေါ်လာ သုည ဒသမ ၄၉ သန်းဖိုး တင်ပို့နိုင်ခဲ့ပါတယ်။ ယခင် အပတ်က တင်ပို့မှုရှိသည်ဆိုရုံသာရှိခဲ့တဲ့အတွက် အဆပေါင်းများစွာ သာလွန်တင်ပို့ နိုင်ခဲ့ပါတယ်။ တင်ပို့မှုတွေကတော့ ဗီယက်နမ်ကို တန် ၇၄၀ နဲ့ စင်ကာပူကို ၁၀၄၀ တန် အသီးသီးတင်ပို့ခဲ့တာ ဖြစ်ပါတယ်။
အရည်အသွေးကောင်းနနွင်းကို ပြည်ပတင်ပို့သူများနဲ့ ပြည်တွင်းဝယ်လက်များမှဝယ်ယူမှုရှိလို့ မေလ ၁၆ ရက်မှာ တစ်တန် ကို ရူပီး ၁၀၀၀-၁၅၀၀(ကန်ဒေါ်လာ ၁၈ ဒသမ ၄၂ - ၂၇ ဒသမ ၆၄) ပိုမိုလာတယ်လို့ သိရပါတယ်။ လက်ကျန်ရဲ့ ၇၀ ရာခိုင်နှုန်းရောင်းထွက်ခဲ့တယ်လို့ သိရပါတယ်။ ပြည်ပတင်ပို့သူများက အရည်အသွေးကောင်း နနွင်းကို ပိုကြိုက်ကြပြီး အရည် အသွေးကောင်း နနွင်းအားလုံးနီးပါး ဝယ်ယူခဲ့တယ်လို့ သိရပါတယ်။
