Background
ထုတ်လုပ်မှု ခန့်မှန်းချက်များကြောင့် အိန္ဒိယကုလားပဲဈေးကျဆင်းနိုင် အိန္ဒိယပဲအထွက်ပိုမယ့်မျှော်လင့်ချက်တွေကြောင့် ဈေးကျဆင်းမှုရှိသလို ဈေးကွက်တွေကို ဝင်ရောက်မှု ကျဆင်းပြီး ဝယ်လိုအားတွေတက်လာတာကြောင့် ဈေးမြင့်တက်မှုတွေလည်း ဖြစ်ပေါ်နေတယ်လို့ သိရပါတယ်။ အဓိကပဲစိုက်တဲ့ ပြည်နယ်တွေမှာ ပဲစိုက်ပျိုးမှုအခြေအနေကောင်းမွန်ပြီး အထွက်ပိုမယ့် မျှော်လင့်ချက် တွေကြောင့် လာမယ့်ရက်တွေမှာတော့ ဈေးမြင့်တက်မှုကို ကန့်သတ်စေနိုင်မယ်လို့ ခန့်မှန်းပါတယ်။ ပဲစိုက်ဧရိယာတွေ ပိုမိုလို့ အထွက်တိုးမယ် ခန့်မှန်းပေမဲ့ လွန်ခဲ့တဲ့ရက် အနည်းငယ်ကတော့ ဝယ်လိုအားတွေတက်လို့ ဈေးမြင့်တက်ခဲ့ပါတယ်။ ပဲအဓိကစိုက်ပျိုးတဲ့ အတ္တရာပရာဒေ့ရှ်၊ ရာဂျက်စသန်၊ မဟာရပ်ရှတရာနဲ့ ကာနာတာကာတို့မှာ မိုးရွာသွန်းပြီး မြေအစိုဓါတ်ကောင်းမွန်တာကြောင့် ပိုမိုစိုက်ပျိုးခဲ့တယ်လို့ ဆိုပါတယ်။ မနှစ်က ဈေးကောင်းရခဲ့တဲ့ တောင်သူများ ပိုစိုက်လာလို့ ပဲစင်းငုံနဲ့ မတ်ပဲစိုက်ဧရိယာ တိုးတက်ဖွယ်ရှိတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် တင်သွင်းမှု မြင့်တက်ခြင်းကလည်း ဈေးနှုန်းကို ထိန်းချုပ်စေပါတယ်။ ၂ဝ၁ဝ-၂ဝ၁၁ အတွက် ပဲထုတ်လုပ်မှု ပထမအကြိမ် ခန့်မှန်းချက်အရ မိုးပဲမျိုးစုံ ထွက်ရှိမှုဟာ တန်ချိန် ၆ သန်းအထိ ယခင်နှစ်ထက် ၄ဝ ရာခိုင်နှုန်းခန့် တိုးတက်နိုင် တယ်လို့ ခန့်မှန်းထားပါတယ်။ ယမင်းခင်၊Source: Business standard
ပြည်ဈေးကွက်အတွင်း ကုလားပဲဈေးမြင့် ပြည်ဈေးကွက်အတွင်း ကုလားပဲမှာ ဒီဇင်ဘာနောက်ဆုံးပတ်က ၂၁၇ဝဝ ကျပ်ဖြင့် အရောင်းအဝယ်ရှိခဲ့ပြီး၊ ယခုဇန်နဝါရီပထမပတ်မှာ ၂၃ဝဝဝ ကျပ်မှ ၂၃၅ဝဝ ကျပ်ထိ ဈေးမြင့်တက်ခဲ့ပါတယ်။ ယခုအချိန်က ကုလားပဲမှာ ဈေးကွက်ကို ပဲအသစ်ဝင်ရောက်မှုမရှိသေးဘဲ အိတ်စပို့ လိုင်းသမားများမှာမှ ဝယ်အားကောင်းတဲ့ အတွက် ဈေးတက်ခြင်း ဖြစ်ပါတယ်။ ခွဲခြမ်းရောင်းသူ၊ လက်လီရောင်းချသူများမှလည်း ပစ္စည်းလက်ကျန် နည်းလာတဲ့ အတွက် ပဲခွဲလုပ်ငန်း မပြတ်အောင် ဝယ်ယူစုဆောင်းနေတာကြောင့် ကုလားပဲမှာ တိုင်းအတွင်းမှာပဲ အရောင်းအဝယ်ရှိပြီး တစ်နေ့အိတ် ၂ဝဝ ရောင်းချမှု ရှိပါတယ်။လွင်လွင်ဆန်း
မုံရွာကုလားပဲ ပစ္စည်းရှားပေမယ့် အဝယ်ပါးလို့ ဈေးငြိမ်နေ ၂ဝ၁၁ ခုနှစ် ဇန်နဝါရီလပထမပတ် မုံရွာကုန်စည်ဒိုင် ကုလားပဲ ဈေးကွက်အနေနဲ့ ပစ္စည်းလက်ကျန်ရှား သွားသလို နယ်နဲ့ဒေသတွင်း အဝယ် အနည်းငယ်ပါးသွားလို့ ယခုအပတ်မှာ ဈေးငြိမ်နေခဲ့ပါတယ်။ ကုလားပဲရိုးရိုး တစ် တင်း ကျပ် ၁၈ဝဝဝ၊ ကုလားပဲ(တိုင်ပေ)တစ်တင်း ကျပ် ၂ဝဝဝဝ မှ ကျပ် ၂ဝ၃ဝဝ၊ ကုလားပဲ V2 ကျပ် ၂၂ဝဝဝ နဲ့ ကုလားပဲ 929 တစ်တင်း ကျပ် ၂၁၅ဝဝ အသီးသီး ပေါက်ဈေးဖြစ်ခဲ့ပါတယ်။ အဝယ်ပါးတယ်ဆိုပေမဲ့ မုံရွာ ကုန်စည်ဒိုင်မှာ တစ်ရက် အိတ် ၂ဝဝ ဝန်းကျင် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး၊ နယ်တင်ပို့မှုကတော့ ယခု ရက်ပတ် အတွင်း မန္တလေးကို တင်း ၁၂ဝဝ ခန့်နဲ့ ရန်ကုန်ကို တင်း ၇ဝဝ ခန့်ရှိခဲ့ တယ်လို့ ဈေးကွက်က ဆိုပါတယ်။ ထွန်းလှိုင်
အရည်အသွေးအလိုက် ဈေးကွဲပြားတဲ့ ပြည်ပဲတီစိမ်း ပဲခူးတိုင်းဒေသကြီးအနောက်တွင် ပဲတီစိမ်းကို မြို့နယ်အားလုံးတွင် စိုက်ပျိုးမှုမရှိဘဲ ပြည်၊ ပေါက်ခေါင်း၊ ပန်းတောင်း၊ သဲကုန်းမြို့နယ်များတွင် အများဆုံးစိုက်ပျိုးကြပါတယ်။ ယခုဆိုရင် လျာထားဧက အားလုံးစိုက်ပျိုးပြီး ဖြစ်တယ်လို့ သိရပါတယ်။ ပဲတီစိမ်းဈေးနှုန်းအနေဖြင့် ယခုဇန်နဝါရီလဆန်းပိုင်းတွင် အစိမ်းရောင်တောက်သည့် ထိပ်စပဲအမျိုးအစားမှာ တစ်တင်းကို ကျပ် ၂၅၅ဝဝ နဲ့ အလတ်စမှာ တစ်တင်း ကျပ် ၂၃၅ဝဝ ဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိပြီး ပြည်ဈေးကွက်သို့ တစ်နေ့ကို အိတ်၁ဝဝ- ၁၅ဝ အဝင်ရှိနေခဲ့ပါတယ်။ အဝင်ရှိသလောက် နေ့စဉ် အရောင်းအဝယ်ဖြစ်နေခဲ့ပြီး ရန်ကုန်သို့ ဒီဇင်ဘာလ အတွင်း အိတ် ၇၃ဝဝ ခန့် တင်ပို့ရောင်းချခဲ့ကြောင်း သိရပါတယ်။ ခင်ဆွေဝင်း
ရန်ကုန်နဲ့ မန်းဝယ်လက် အဆွဲသွက်တဲ့ မုံရွာဈေးကွက် ၂ဝ၁၁ ခုနှစ် ဇန်နဝါရီလပထမပတ် မုံရွာကုန်စည်ဒိုင် ပဲတီစိမ်းဈေးကွက်မှာ နယ်စုံကပဲတွေ အဝယ်သွက် လာခဲ့ပေမဲ့ စိမ်းသေးအဝင်ပိုကာ စိမ်းကြီးအဝင်နည်းတာကြောင့် စိမ်းကြီးဈေးအနည်းငယ်မြောက်ခဲ့တာတွေ့ရပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာဈေးကွက် စိမ်းကြီးတစ်တင်း ကျပ် ၂၅ဝဝဝအထိသာ အမြင့်သို့ဈေးရခဲ့ပေမဲ့ ဇန်နဝါရီလ ပထမပတ်မှာတော့ တစ်တင်း ကျပ် ၂၆ဝဝဝ နဲ့ အရောင်းအဝယ်ဖြစ်ခဲ့ပါတယ်။ စိမ်းသေးကတော့ ဒီဇင်ဘာက ဈေးအေးသွားခဲ့ပြီး၊ တစ်တင်း ကျပ် ၁၉၅ဝဝ နဲ့ အရောင်းအဝယ်ဖြစ်ခဲ့ပါတယ်။ ယခုအပတ်ထဲမှာ ရေလိုင်းခေါ် ကနီ၊ မင်းကင်းနယ်ဘက်က ပဲတီစိမ်းအများဆုံး မုံရွာ ဈေးကွက်ထဲဝင်လာခဲ့ကာ မုံရွာကုန်စည်ဒိုင်မှာ တစ်ရက်ကို အိတ် ၅ဝဝ ခန့် အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ဆိုပါတယ်။ ယခု တစ်ပတ်အတွင်း မုံရွာကုန်စည်ဒိုင်နယ်မြေကနေ ပဲတီစိမ်းကြီး စီးထွက်မှုအနေနဲ့ မန္တလေးကို တင်း ၅ဝဝဝဝ နီးပါးနဲ့ ရန်ကုန်ကို တင်း ၃ဝဝဝဝ နီးပါး တင်ပို့ခဲ့ကြတယ်လို့ ဈေးကွက်ကဆိုပါတယ်။ ထွန်းလှိုင်
မန်းဈေးကွက်မှာ ဈေးမာပြီး အရောင်းအဝယ်သွက် မန်းဈေးကွက်မှာတော့ ပဲတီစိမ်းကို တရုတ်ဝယ်လက်၊ ရန်ကုန်ဝယ်လက်အပြင် ဒေသတွင်းပဲခွဲစက် လုပ်ငန်းရှင်များမှပါ ဝယ်ယူနေတဲ့အတွက် အရောင်းအဝယ် သွက်နေဆဲဖြစ်ပါတယ်။ အရည်အသွေးကောင်းတဲ့ ပစ္စည်းတွေကတော့ တရုတ် အကြိုက်တွေ့နေတဲ့အတွက် ဈေးမကျဘဲ ဈေးမာနေတာကိုလည်းတွေ့ရပါတယ်။ ပဲတီစိမ်း (ထိပ်စ) တစ်ပိဿာ ကျပ် ၁၄၅၈၊ တစ်တန် ကျပ် ၈၉၂၈ဝဝ၊ အလတ်စ တစ်ပိဿာ ကျပ် ၁၂၈ဝ၊ တစ်တန် ကျပ် ၇၈၃၈ဝဝ၊ အောက်စ ကျပ် ၈၈၉၊ တစ်တန် ကျပ် ၅၄၄၄ဝဝ ဈေးတို့ဖြင့် ရောင်းဝယ်နေကြပါတယ်။ ဈေးကွက်အတွင်းမှာ ရောင်းဝယ်အား ကောင်းနေဆဲ ဖြစ်သလို ပစ္စည်းအရည်အသွေးအလိုက်လည်း ဈေးနှုန်းတွေက ကွာဟမှုရှိပြီးတော့ ရောင်းဝယ်နေကြပါတယ်။ တင်ပို့မှုအနေနဲ့ တစ်ပတ်အတွင်း တရုတ်သို့ တန် ၈ဝဝ ၊ ရန်ကုန်သို့ တန် ၁၈ဝ တင်ပို့မှုရှိခဲ့ပြီး ဈေးကွက်အတွင်းမှာတော့ ရောင်းဝယ်အား ကောင်းဆဲ သီးနံှ တစ်ခုဖြစ်ကြောင်း သိရှိရပါတယ်။ ကျော်ကျော်မိုး
နယ်စပ် အပို့ ၁၃ဝဝ ကျော် ဒီဇင်ဘာလ ၂၉ ရက်မှဇန်နဝါရီလ ၄ ရက်ထိကာလအတွင်း မူဆယ် ၁ဝ၅ မိုင်ကုန်သွယ်ရေးဇုန်မှတစ်ဆင့် ကန်ဒေါ်လာ ၁ ဒသမ ၂ဝ၇ သန်းတန်ဖိုးရှိ ပဲတီစိမ်း ၁၃၂၂ တန်ကျော်တင်ပို့နိုင်ခဲ့ပါတယ်။ဈေးကွက်အတွင်း ရှိ အရည်အသွေး ကောင်း အညာစ လက်ကျန်များကိုတင်ပို့ခဲ့ပြီး ယခင်အပတ်ကထက် ၁၆၇ တန် ပိုမို တင်ပို့နိုင်ခဲ့ပါတယ်။ တစ်ဖက်နိုင်ငံမှ ပဲတီစိမ်း ဝယ်လိုအားရှိတဲ့အတွက်ပြည်တွင်းဈေးအနည်းငယ် ပြန်တက်လာ လျက်ရှိပါတယ်။ ဇန်နဝါရီကုန်မှာ ပဲသစ်ထွက်ပေါ်လာတော့မှာဖြစ်ပါတယ်။ ပြည်တွင်းပဲစိုက်ပျိုးမှုမှာ ပဲတီစိမ်း ခရမ်းစ အနည်းငယ်အပျက်အစီးရှိသော်လည်း တရုတ် ဈေးကွက် လိုအပ်ချက်အရ ဆက်လက်တင်ပို့နိုင်မယ့် အနေအထားရှိတယ်လို့ သိရပါတယ်။ ပြည်တွင်း သယ်ယူစရိတ် နှုန်းထားများမြင့်တက်မှုကြောင့်လာမယ့်ပဲရာသီမှာ တရုတ်ကွမ်ရှီးဈေးကွက်သို့ ပင်လယ်ရေကြောင်းနဲ့ ဗီယက်နမ်နယ်စပ်က တစ်ဆင့် ပြန်လည်ဝင်ရောက်မယ့်အနေအထား ရှိတယ်လို့သိရပါတယ်။ မိမိဘက်နဲ့ တစ်ဖက်နိုင်ငံ ပဲတီစိမ်း ပေါက်ဈေးများကို နှိုင်းယှဉ်ဖော်ပြပေးလိုက်ရပါတယ် မိမိဘက်(ကျပ်/တန်) တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်) ယခု ယခင် ပြောင်းလဲမှု ရာခိုင်နှုန်း ယခု ယခင် ပြောင်းလဲမှု ရာခိုင်နှုန်းပဲတီစိမ်း ၁၁ဝဝ၂၄၂ ၉၆ဝဝ၆၈ ၁၄ဝ၁၇၄ ၁၃ ၁၁၈၁ ၁၁၇၉ ၂ ဝ .၂MIRT (DOBT)
ပင်လယ်ရေကြောင်းက ပဲတီစိမ်းတန် ၂၅ဝဝ ခန့်တင်ပို့ ယခုတစ်ပတ် အများပြည်သူ ရုံးပိတ်ရက်တွေရှိနေလို့ သင်္ဘောတင်ရက် ၃ ရက်အတွင်း ပဲတီစိမ်းတန် ၂၅ဝဝ ခန့် တင်ပို့မှု ရှိခဲ့ပါတယ်။ ယခင်တစ်ပတ် ၅ ရက်အတွင်းတင်ပို့မှုမှာ တန်ချိန် ၃ဝဝဝ ခန့်သာရှိခဲ့လို့ ယခုတစ်ပတ်မှာ အနည်းငယ် တိုးတက်တင်ပို့ခဲ့ပါတယ်။ အိန္ဒိယဈေးကွက်တွေမှာ အရည်အသွေးကောင်း ပဲတီစိမ်းမရရှိနိုင်တာကြောင့် မြန်မာနိုင်ငံက ပုံမှန်တင်သွင်းနေရတာဖြစ်ပါတယ်။ ယခုတစ်ပတ်အတွင်း ပြည်တွင်းမတ်ပဲနဲ့ ပဲစင်းငုံဈေးတွေ သိသိသာသာ တက်လာခဲ့ပေမဲ့ ပဲတီစိမ်းဈေးက တည်ငြိမ်နေပါတယ်။ ရန်ကုန် FOB ဈေးမှာ ယခင်တစ်ပတ်အတိုင်း FAQ တစ်တန်ကို ကန်ဒေါ်လာ ၈၈ဝ-၉ဝဝ နဲ့ ရွှေဝါအသေးတစ်တန်ကို ကန်ဒေါ်လာ ၁၂ဝဝ-၁၂၂ဝ ဖြစ်တယ်လို့ သိရပါတယ်။ MIRT - MAPT
ဈေးမြင့်ပြီး အရောင်းအေးသွားတဲ့ ဟင်္သာတ ပဲလွန်းဖြူ ဟင်္သာတ ဈေးကွက်ရဲ့ ပဲလွန်းဖြူဈေးမှာ ယခင်အပတ်က ပိဿာ ၂ဝ တစ်တင်းကို ၁၈ဝဝဝ ကျပ်နဲ့ အရောင်းအဝယ်ဖြစ်ခဲ့ပြီး၊ ယခု ဇန်နဝါရီလ ဒုတိယပတ်မှာ ပဲလွန်ဖြူ ဈေးမှာ ၁၉ဝဝဝ ကျပ်သို့ ဈေးမြင့်လာခဲ့ ပေမဲ့ အရောင်းအဝယ်ဖြစ်မှုအနေနဲ့ ယခုအပတ်အတွင်း အိတ် ၃ဝဝ ခန့်သာ ရှိပြီး၊ ယခင်အပတ်ထက် ပစ္စည်းအဝင် နည်းသွားလို့ အရောင်းအေးသွား ခြင်း ဖြစ်ပါတယ်။ တင်ပို့မှုအနေနဲ့ ရန်ကုန် ဈေးကွက်သို့ နေ့စဉ်ပျမ်းမျှ တစ်တင်းခွဲ ဝင်အိတ် ၂၅ဝ တင်ပို့နိုင်ခဲ့ပါတယ်။ အေးအေးခိုင်
ဒေသတွင်းအရောင်းအဝယ်ဖြစ်တဲ့ ပြည်ပဲလွန်းဖြူ ပြည်မြို့ရဲ့ ပဲလွန်းဖြူဈေးမှာ ပဲတစ်တင်းကို ၂၃ဝဝဝ ကျပ်နဲ့ ဈေးစဖွင့်ပြီး ယခုတစ်ပတ်မှာ ပဲလွန်းဖြူ အဝင် နည်းလာခဲ့ပြီး ဈေးလည်းအေးလာတာ ကို တွေ့ရပါတယ်။ ယခုတစ်ပတ်မှာ ပဲ တစ်တင်းကို ၂ဝဝဝဝ ကျပ်သာရှိတယ် လို့ သိရပါတယ်။ မြန်အောင်မြို့မှ ပဲရောင်းသူများက ပြည်ဈေးကွက်ကို လာရောက်ရောင်းကြပါတယ်။ ပဲရောင်း ဝယ်မှုကတော့ ဒေသတွင်း ရောင်းဝယ်မှု သာရှိကြောင်း သိရပါတယ်။ မိမိအေး
