Main menu

Background

Tuesday, 9 Mar 2010

   အက်ပဲကုမ္ပဏီနဲ့ ရင်ဘောင်တန်းနိုင်ဖို့အတွက် ၂၀၁၀ ပြည့်နှစ်မှာ ခရီးဆောင် အီလက်ထရွန်းနစ်ကိရိယာသစ် အမြောက်အမြားကို ထုတ်လုပ်သွားဖို့ ဂျပန် အီလက်ထရွန်းနစ် မီဒီယာဖြစ်တဲ့ ဆိုနီကော်ပိုရေးရှင်းက စီစဉ်ဆောင်ရွက်နေတယ်လို့ ဝေါစထရိဂျာနယ်မှာ မတ် ၅ ရက်နေ့က ဖော်ပြထားပါတယ်။ ကိရိယာသစ်တွေထဲမှာ ဆိုနီပလေးစတေရှင်ဂိမ်းတွေကိုဒေါင်းလုပ် လုပ်ပြီး ကစားနိုင်တဲ့ စမတ်ဖုန်းတွေလည်းပါဝင်ပါတယ်။ ဈေးနှုန်း မသတ်မှတ်သေးဟုဆိုပါတယ်။ Source:  koreaherald.com.kr

Tuesday, 9 Mar 2010

   ပြန်လည်သိမ်းယူပြင်ဆင်ပေးလိုက်တဲ့ တိုယိုတာကားများမှာ ချွတ်ယွင်းမှုရှိနေသေးကြောင်း အမေရိကန်အာဏာပိုင်တို့ထံ တိုင်ကြား စာ ၆၀ ရရှိပြီးနောက်ပိုင်း ချွတ်ယွင်းမှုဖြစ်တဲ့ အထောက်အထား ထပ်မံ့မတွေ့ရတော့ကြောင်း တိုယိုတာကုမ္ပဏီက မတ်လ ၄ ရက်နေ့ က ပြောကြားပါတယ်။ Source: AFP

Tuesday, 9 Mar 2010

   အိန္ဒိယနိုင်ငံရဲ့ အကြီးဆုံးစွမ်းအင်ကုမ္ပဏီဖြစ်တဲ့ တာတာပါဝါ ကုမ္ပဏီအပါအဝင် အိန္ဒိယနိုင်ငံရဲ့ စွမ်းအင်ကဏ္ဍမှ စီးပွားရေး ကိုယ်စား လှယ်အဖွဲ့တစ်ဖွဲ့ဟာ ကိုရီးယားနိုင်ငံကိုသွားရောက်လည်ပတ်လျက်ရှိပြီး အိန္ဒိယနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှုတွေတိုးချဲ့ဆောင်ရွက်ဖို့ ကိုယ်စားလှယ်အဖွဲ့က တောင်ကိုရီးယားနိုင်ငံကိုပန်ကြားခဲ့ကြောင်း ကိုရီးယားရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေးအေဂျင်စီ (ကိုထရာ) ကမတ် ၄ ရက်နေ့ကပြောကြားခဲ့ပါတယ်။ နှစ်စဉ်စီးပွားရေးတိုးတက်မှုနှုန်း ၈ ရာခိုင်နှုန်းရှိမှာဖြစ်တဲ့အတွက် အိန္ဒိယနိုင်ငံရဲ့ စွမ်းအင်လိုအပ်ချက် ဟာ ၂၀၁၇ ခုနှစ်မှာ နှစ်ဆတက်လာနိုင်ပါတယ်။ Source:tradingmarkets.com

Tuesday, 9 Mar 2010

   ကမ္ဘာတစ်ဝန်းလုံးက အကောက်အခွန်များကို တစစလျှော့ချသွားမည်ဖြစ်သည့်အတွက် အိန္ဒိယနိုင်ငံထုတ်ကုန်အားလုံးရဲ့ ၈၅ ရာခိုင် နှုန်းကနေ ၉၀ ရာခိုင်နှုန်းကို ၂၀၁၈ ခုနှစ်မှာ အခွန်သုညရာခိုင်နှုန်းအထိလျှော့ချသွားမှာဖြစ်ကြောင်း ကုန်သွယ်ရေးမူဝါဒဆိုင်ရာ အကြံ ပေး တီအက်ဗီဆွာနတ်ကပြောကြားပါတယ်။   ၂၀၁၂ ခုနှစ်ကစပြီး ၂၀၁၈ ခုနှစ်အတွင်း အဓိကအားဖြင့် လယ်ယာစိုက်ပျိုးရေး သို့မဟုတ် အသေးစားစက်မှုလုပ်ငန်းထုတ်ကုန်များ ပါဝင်တဲ့ အခွန်လိုင်း ၅၀၀ ခန့်မှအပအခွန်များကို တစစလျှော့ချသွားမှာဖြစ်တယ်လို့ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ဆိုင်ရာ နိုင်ငံတော်အဆင့် ဆွေးနွေးပွဲမှာ ဗီဆွာနပ်က မတ်လ ၃ ရက်နေ့ကပြောကြားပါတယ်။   အိန္ဒိယနိုင်ငံနဲ့ ကုန်သွယ်နေတဲ့နိုင်ငံတွေရဲ့ ၇၀ ရာခိုင်နှုန်းနဲ့ သဘောတူစာချုပ် ၂၅ စောင်ကို ချုပ်ဆိုနိုင်ဖို့အတွက် အိန္ဒိယနိုင်ငံက ညှိနှိုင်းဆွေးနွေးနေတယ်။ အပြန်အလှန်အားဖြင့် အကောက်ခွန်လှိုင်း ၈၅ ရာခိုင်နှုန်းက နေ ၉၀ ရာခိုင်နှုန်းကို အခွန်သုညရာခိုင်နှုန်း အထိထားဖို့ အဆိုပြုချက်များကို အိန္ဒိယကတင်ပြထားပြီးဖြစ်တယ်လို့သူကပြောပါတယ်။   သီးသန့်ရွေးချယ်ထားတဲ့ကဏ္ဍများအပေါ် အခွန်ပယ်ဖျက်ပေးဖို့ အဆိုပြုချက်များကို ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့မှာ အဆိုပြုတင်ပြထား ပြီးဖြစ်ပါတယ်။ ဒီကဏ္ဍတွေထဲမှာ မော်တော်ကားနဲ့ ဆက်စပ်အစိတ်အပိုင်းများ၊ စက်ဘီးနဲ့ ဆက်စပ်ပစ္စည်းများ၊ ဓါတုဆေး၊ အီလက် ထရွန်းနစ်နဲ့ လျှပ်စစ်၊ စက်မှုယန္တရား၊ ငါးနဲ့ငါးထုတ်ကုန်၊ သစ်တောထုတ်ကုန်၊ ကျောက်မျက်ရတနာ၊ လက်ကိုင်သုံးကိရိယာ၊ ကုန်ကြမ်း၊ အားကစားပစ္စည်းနဲ့ ကစားစရာတွေပါဝင်ပါတယ်။ Source: expressbuzz.com

Tuesday, 9 Mar 2010

   မတ်လ ၃၁ ရက်နေ့တွင် သက်တမ်း ကုန်ဆုံးတော့မဲ့ ခရီးသွားလုပ်ငန်းမြှင့်တင်ရေးအစီအစဉ်ကို သက်တမ်းတိုးမြှင့်ကြောင်း ထိုင်းနိုင်ငံ ဝန်ကြီးအဖွဲ့ အစည်းအဝေးမှာ မတ်လ ၂ ရက်နေ့ကကြေညာခဲ့ပါတယ်။ သက်တမ်းတိုးပေးမဲ့အစီအစဉ်တွေထဲမှာ ခရီးသွားဗီဇာ ကြေးကင်းလွတ်ခွင့်၊ လေယာဉ်ဆင်းသက် နားနေခလျှော့ချရေး၊ ဟိုတယ်လုပ်ငန်းရှင်တွေအပေါ်ကောက်ခံတဲ့ လျှပ်စစ်သုံးစွဲမှု အာမခံ ရန်ပုံငွေကို လျှော့ချပေးခြင်းနဲ့ နိုင်ငံခြားသားခရီးသည်များအတွက် အာမခံကြေးအစီအစဉ်ကို ဆက်လက်ထားရှိရေးတို့ ပါဝင်ပါတယ်။ Source:pattayadailynews.com

Tuesday, 9 Mar 2010

   ၂၀၁၀ ပြည့်နှစ်တွင် တရုတ်နိုင်ငံက အိမ်ခြံမြေ ချေးငွေများကို ဂရုတစိုက်စိစစ်သွားမှာဖြစ်ကြောင်း တရုတ်ဘဏ်ကြီးကြပ်ရေး ကော်မရှင်ဥက္ကဌဟာ Liu Mingkang ကပြောကြားပါတယ်။ အိမ်ခြံမြေလုပ်ငန်းဈေးကစားလို့ အလွန်ကောင်းတဲ့နေရာတစ်ခုဖြစ်လို့ သူတို့လုပ်ငန်းဆောင်ရွက်မှုတွေကို ဂရုတစိုက်လေ့လာနေရပါမယ်လို့ Liu က ပေကျင်းမြို့မှာကျင်းပမဲ့ အမျိုးသားပြည်သူ့ကွန်ဂရက် မတိုင်မီ မတ်လ ၅ ရက်နေ့ကပြောကြားပါတယ်။                        Source: bloomberg.com

Tuesday, 9 Mar 2010

   ဖေဖော်ဝါရီလလယ်လောက်က Fox Searchlight က ဘောလီးဝုဒ်ရုပ်ရှင် "My Name Is Khan" ကို အမေရိကန် ပြည်ထောင် စုမှာ ပြသပေးတဲ့အခါ နေရာပေါင်း ၁၂၀ ကနေ ဝင်ငွေဒေါ်လာ ၁ ဒသမ ၉ သန်းအထိရရှိခဲ့ပါတယ်။ အိန္ဒိယ ရုပ်ရှင်ကား တစ်ကား အတွက် စံချိန်တင်ပေးလိုက်တဲ့ ဝင်ငွေဖြစ်ပါတယ်။  ဒီလိုအောင်မြင်မှုရခဲ့တာကလည်း ကြက်ကန်းဆန်အိုးတိုးတဲ့အဖြစ်မျိုးတော့ မဟုတ်ပါဘူး။ ''ကျွန်တော်တို့က ဒီမှာရှိတဲ့ အိန္ဒိယနွယ်ဖွားတွေကို အဓိကပစ်မှတ်ထားခဲ့တာဖြစ်ပါတယ်'' လို့ Fox Searchlight ရဲ့ ဈေးကွက်ရှာဖွေရေး အမှုဆောင်အရာရှိ မစ်ချဲဟူးပါးက ပြောပါတယ်။ ၂၀၀၉ ခုနှစ်က Slumdog Millionaire အပြင် တခြားအိန္ဒိယ ဇာတ်ကားတွေဖြစ်တဲ့ The Name Sake နဲ့ Water စတဲ့ ကားတွေပြပြီးကတည်းက အမေရိကန်မှာရှိတဲ့ အိန္ဒိယရုပ်ရှင်ပရိတ် သတ်တွေကို ဘယ်လိုစုစည်းရမယ် ဆိုတာကို Fox Searchlihgt က သဘောပေါက်နားလည်ခဲ့တယ်လို့ ဟူးပါးကပြောပါတယ်။   ဘောလီးဝုဒ်ဇာတ်ကားတွေအတွက် အမာခံပရိတ်သတ်အားလုံးနီးပါးက တောင်အာရှမှာ မွေးဖွားခဲ့သူတွေ ဒါမှမဟုတ် အိန္ဒိယနဲ့ ပါကစ္စတန်မှာ သန္ဓေတည်ခဲ့သူတွေဖြစ်ပါတယ်။ ဒီပရိတ်သတ်တွေဟာ Fox Searchlight က မူပိုင်ခွင့်ကိုဝယ်လိုက်ပြီဆို ကတည်းက 'ခန်း' ကိုမျှော်နေကြတာပါ။ ဇာတ်ဆောင်မင်းသား ရှားရွတ်ခန်း အမေရိကန် နယူဂျာစီပြည်နယ် နီဝပ်လေဆိပ်မှာ  အထိန်းသိမ်းခံခဲ့ရတဲ့ အဖြစ်ကလည်း ဇာတ်ကားကိုသတိထားမိစရာဖြစ်စေခဲ့ပါတယ်။   Fox Searchlight ရဲ့လှုပ်ရှားမှုနောက်မှာ တခြားဇာတ်ကားတွေဖြစ်တဲ့  3 Idiots ကလည်းကပ်ပြီးလိုက်ပါလာခဲ့ရာက အမေရိ ကန်ပြည်ထောင်စုမှာ ဝင်ငွေဒေါ်လာ ၃ ဒသမ ၅ သန်းထိရရှိခဲ့ပါတယ်။ ဒီဇာတ်ကားက အိန္ဒိယနွယ်ဖွားတွေ အများဆုံးနေတဲ့ နယူး ယောက်နဲ့ လော့အိန်ဂျယ်လိမှာသာမက အာကင်ဆပ်ပြည်နယ်က ရောဂျား၊ မစ်ချီကန်ပြည်နယ်က ဝါရင်း၊ အီလီဒွိုက်ပြည်နယ်က ပိုရီးယားတို့ထိရောက်ရှိခဲ့ပါတယ်။   အလားတူပဲ 'ခန်း' ကို စတင်မိတ်ဆက်တဲ့အချိန်မှာ နယူးယောက်မှာသာမက လော့စ်အိန်ဂျယ်လိနဲ့ ချီကာဂိုမြို့တွေမှာလည်း ကြည့်ရှု ခံစားခွင့်ရခဲ့ပါတယ်။ သူတို့သာမက အိန္ဒိယဇာတ်ကားတွေနဲ့ ယေဘုယျအားဖြင့် ထိတွေ့ခွင့်မရတဲ့မြို့ငယ်ကလေးတွေမှာ နေထိုင်သူတွေလည်း ရှုစားခွင့်ရခဲ့ပါတယ်။   ယခုအချိန်မှာ "Khan"  ဇာတ်ကားအတွက် အမေရိကန်မှရတဲ့ ဝင်ငွေဟာ ဒေါ်လာ ၃ ဒသမ ၆ သန်းရှိနေပါပြီ။ ဒါကြောင့် ဒီဇာတ်ကားက အမေရိကန်မှာတွင်ကျယ်ခဲ့တဲ့ အိန္ဒိယဇာတ်ကားတွေထဲမှာ တစ်ခုအပါအဝင်ဖြစ်လာပါတယ်။ အိန္ဒိယဇာတ်ကား တွေကို ရုံကြီးတွေမှာစပြီး ရုံတင်ရင်ခိုးကူးခွေတွေကို တိုက်ဖျက်ရာမှာ အထောက်အကူဖြစ်စေပြီး ပရိတ်သတ်ကိုပိုပြီး ဆွဲဆောင်နိုင် တယ်ဆိုတာကို "3 Idiot" ကို ထုတ်လုပ်သူ Vinod Chopra Prods ထုတ်လုပ်ရေးမှ ဆပ်ဘတ်ဒါးက သဘောပေါက်နားလည်ခဲ့ပါ တယ်။ ဖြန့်ချိမှုကလည်း ပုံမှန်ထက်နှစ်ဆတက်လာပြီး အများအားဖြင့် ဥပေက္ခာအပြုခံဖြစ်တဲ့ မြို့ငယ်ကလေးတွေထိ ပြန့်နှံ့သွားခဲ့ ပါတယ်။   Reliance MediaWorks နဲ့ မဟာမိတ်ဖွဲ့နိုင်မှုကြောင့်လည်း ပြပွဲစီစဉ်သူတွေက ကမ္ဘာနဲ့ချီပြီး ခရီးဆန့်လိုတဲ့အတွက် "3 Idiots"  ရဲ့ရောင်းအားကိုမြှင့်တင်နိုင်ခဲ့ပါတယ်။    ဟိုအရင်ကဆိုရင် အိန္ဒိယပြပွဲစီစဉ်သူတွေက ဒေသတစ်ခုတည်းကိုသာကွက်ပြီး ဆောင်ရွက်လိုတဲ့သဘောထားရှိပါတယ်။ ဒီဇင်ဘာလက "3 Idiots" ကို ပြသချိန်မှ နေရာပေါင်း ၁၃၀ ကိုခွဲပြီး ဆောင်ရွက်ခဲ့ပြီး နောက်သီတင်းပတ်တွေမှာလည်း ထပ်မံပြသ နိုင်ခဲ့ပါတယ်။   RelianceMedia Worksက ဇာတ်ကားကို အွန်လိုင်းကရော တောင်အာရှကလပ်အသင်းတွေက တစ်ဆင့်ရော ပရိတ်သတ်တွေ သိအောင် ကြေညာခဲ့တယ်လို့ RelianceMedia Works ရဲ့ စီအီးအို အာနီအာဂျန်းကပြောပါတယ်။   အမေရိကန်ပြည်ထောင်စုမှာ Aamir Khan ရဲ့ကားကိုပဲပြပြ၊ Shah Rukh Khan ရဲ့ကားကိုပဲပြပြ ပရိတ်သတ်ကတော့ ရှိနေပါတယ်။ ဒါပေမယ့် ဒီဇာတ်ကားတွေဟာ အမေရိကန် ပရိတ်သတ်ဆီကို ပြန့်နှံ့သွားမယ်လို့တော့ ကံသေကံမ ပြောလို့မရပါ ဘူး။ အမေရိကန် ပရိတ်သတ်တွေက စာတန်းထိုး ကားတွေကြည့်ဖို့ စိတ်မဝင်စားကြ ဘူး။ "Slumdog" ကို နမူနာပြပြီး အမေရိ ကန်တွေက အိန္ဒိယကားတွေကို ကြိုက်နေပြီလို့ တစ်ထစ်ချပြောလို့မရပါဘူး။ ဒီဇာတ်ကားက အင်္ဂလိပ်စကားပြောကားဖြစ်နေတာ ကို မေ့လို့ မရပါဘူးလို့ဆိုပါတယ်။ Source: variety.com

Tuesday, 9 Mar 2010

   စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်ဖို့နဲ့ အရှေ့အာရှပေါင်းစည်းရေးကို မြှင့်တင်ဖို့အတွက် ဒေါ်လာဘီလီယံ ၁၇၀ ရှိ အခြေခံ အဆောက်အအုံဖွံ့ဖြိုးရေးနဲ့ သယံဇာတဖွံ့ဖြိုးရေးစီမံကိန်းများကို ဂျပန်နိုင်ငံနဲ့ အရှေ့တောင်အာရှအဖွဲ့ဝင်နိုင်ငံတို့က အစီရင်ခံစာပြုစု လျက်ရှိ ပါတယ်။   ၁၆ နိုင်ငံပါဝင်တဲ့ အရှေ့အာရှထိပ်သီးအစည်းအဝေးပြီးနောက် ၂၀၀၈ ခုနှစ် ဇွန်လမှာဖွဲ့စည်းခဲ့တဲ့ ဂျပန်အစိုးရပညာရှင်အဖွဲ့နဲ့ အာဆီယံနဲ့ အရှေ့အာရှစီးပွားရေး သုတေသနအဖွဲ့ (ERIA) တို့ကပြုစုတဲ့ အစီရင်ခံစာကို ယခုလကုန်မှာ ထုတ်ပြန်ပေးဖို့ အစီ အစဉ်ရှိပါ တယ်။   ဒေသတွင်းမှာ စီးပွားရေးပေါင်း စည်းမှုပိုမိုဆောင်ရွက်ဖို့အတွက် ကြိုးပမ်းနေတဲ့ အာဆီယံအတွင်းရေးမှူးချုပ်ရုံး ကို အထောက်အကူ ပေးနိုင်ဖို့အတွက် သုတေသနဌာနက သုတေသနတွေပြု လုပ်ခဲ့ပါတယ်။   ၂၀၀၉ ခုနှစ် ဇွန်လက ကျင်းပခဲ့တဲ့ နောက်ဆုံးထိပ်သီးအစည်းအဝေးမှာ အရှေ့အာရှနိုင်ငံခေါင်းဆောင်တို့က ERIA, အာရှဖွံ့ဖြိုးရေးဘဏ်နဲ့ အာဆီယံ အတွင်းရေးမှူးချုပ်ရုံးကို အရှေ့အာရှရဲ့ စီးပွားရေးအခြေခံအဆောက်အဦဖွံ့ဖြိုးရေးအတွက် ဘက်စုံ အာရှဖွံ့ဖြိုးရေးစီမံကိန်း (Comprehensive Asia Development Plan) ကို ရေးဆွဲဖို့ပန်ကြားခဲ့ပါတယ်။   ERIA က မကြာမီကပြုစုထားတဲ့ အစီရင်ခံစာကိုအခြေခံပြီး မဟာစီမံကိန်း (Master Plan) ကိုရေးဆွဲမှာဖြစ်ပါတယ်။ ဒီအစီရင်ခံစာ မှာ စီးပွားရေးအခြေခံအဆောက်အဦစီမံကိန်းတွေပါဝင်မှာဖြစ်ပါတယ်။ ဒီစီမံကိန်းတွေထဲမှာ ဦးစားပေးစီမံကိန်းတွေနဲ့ ရေရှည်စီမံကိန်း တွေဆိုပြီးပါရှိမှာဖြစ်ပါတယ်။   အလျင်အမြန်ရေးဆွဲရတာဖြစ်တဲ့အတွက် စီမံကိန်းမှာ အာဆီယံနဲ့အရှေ့အာရှတစ်ခုလုံးကို အကျုံးဝင်မှုရှိအောင် ဆောင်ရွက်နိုင်ဦး မှာမဟုတ်ပါဘူး။ ဒီအစီရင်ခံစာထဲမှာ ဒေသတွင်း စက်မှုစြင်္ကံများထူထောင်ဖို့နဲ့ ဝေးလံခေါင်းပါးတဲ့ ဒေသတွေပါဝင်စေမဲ့ ထုတ်လုပ်ရေး ကွန်ရက်ရဲ့ တပ်ဦးကိုထူထောင် ဖို့ အဆိုပြုထားပါတယ်။     အစီရင်ခံစာမှာ အရှေ့အာရှ ဒေသရှိ ဒေသခွဲသုံးခုကို အဓိကအား ဖြင့် အလေးပေးဆောင်ရွက်ထားပါ တယ်။ ဒီဒေသခွဲတွေကတော့ ကမ္ဘောဒီးယား၊ တရုတ်နိုင်ငံအချို့အစိတ်အပိုင်း၊  လာအို၊ မြန်မာ၊  ထိုင်းနဲ့ ဗီယက်နမ် တို့ပါဝင်တဲ့ မဲခေါင်ဒေသခွဲ။ထိုင်းဖွံ့ဖြိုး ရေး တြိဂံ ဒေသနဲ့ ဘရူနိုင်း၊ အင်ဒိုနီးရှား နဲ့ မလေးရှားရဲ့ အစိတ်အပိုင်းဖြစ်တဲ့ ဘောနီယိုနဲ့ ဖိလစ်ပိုင် အစိတ်အပိုင်း အချို့ပါဝင်တဲ့ဒေသ စတာ တွေဖြစ်ပါ တယ်။   ဒီဒေသတွေအတွင်းမှာ စီမံကိန်း ပေါင်း ၆၀၀ သတ်မှတ်ထားရှိပြီး မော်တော်ကားလမ်း၊ တံတားများ၊ မီးရထား လမ်း၊ ဆိပ်ကမ်းများ၊ လေဆိပ်များ၊ စက် မှုဇုန်များ၊ စွမ်းအင်နဲ့ဆက်သွယ်ရေး လုပ်ငန်းများပါဝင်ပါတယ်။ ဒီစီမံကိန်းတွေထဲက မဲခေါင်မြစ်ဝှမ်းဒေသတစ်ခု တည်းမှာပင် စီမံကိန်းပေါင်း ၄၀၀ နီးပါး ရှိပါတယ်။   ဒီဒေသခွဲသုံးခုမှာရှိတဲ့ စီးပွားရေး အခြေခံအဆောက်အဦဖွံ့ဖြိုးရေး အတွက် ဒေါ်လာဘီလီယံ ၁၇၀ လို အပ်မှာဖြစ်ပါတယ်။ ဒီငွေကြေး ပမာဏ အနက် အစိုးရတွေနဲ့ အေဒီဘီရဲ့ ထောက်ပံ့မှုရန်ပုံငွေက ဒေါ်လာဘီလီယံ ၁၀၀ ရှိမှာဖြစ်ပြီး ကျန်ဒေါ်လာ ၇၀ ကို အစိုးရနဲ့ ပုဂ္ဂလိကတို့ပူးပေါင်းဖြည့်ဆည်းတဲ့ရန်ပုံငွေကရမှာဖြစ်ပါတယ်။ Source: search.japantimes.co.jp

Tuesday, 9 Mar 2010

   ဂရိနိုင်ငံအတွက် ဥရောပသမဂ္ဂက အကူအညီရရှိနိုင်ဖို့ ကြိုတင်ပြင်ဆင်တဲ့အနေနဲ့ ဂရိပါလီမန်က မတ်လ ၅ ရက်နေ့မှာ ယူရို ၄ ဒသမ ၈ ဘီလီယံရှိ ခြိုးခြံချွေတာရေးအစီအစဉ်ကို အတည်ပြုပေးခဲ့ပါတယ်။   ယခုခေတ်သစ်သမိုင်းမှာ အဆိုးဝါးဆုံးဖြစ်တဲ့ စီးပွားရေးအကျပ်အတည်းနဲ့ရင်ဆိုင်ခဲ့ရတဲ့အတွက် ဂရိနိုင်ငံကို ဥရောပသမဂ္ဂ ခေါင်းဆောင်များက ထောက်ပံ့မှုများပေးလာအောင် ဆွေးနွေးဖို့အတွက် ဂရိသမ္မတဂျော့ပါပန်ဒရီယိုဟာ ဥရောပသမဂ္ဂအဖွဲ့ဝင် နိုင်ငံများသို့ ငါးရက်ကြာခရီးလှည့်လည်ခဲ့ပါတယ်။ ခရီးစဉ်မှအပြန် ကျင်းပတဲ့ ပါလီမန်အစည်းအဝေးမှာ ခြိုးခြံချွေတာရေးအစီအစဉ်ကို ထောက်ခံမဲရရှိဖို့  အတွက် အကြိတ်အနယ်ဆွေးနွေးခဲ့ရပါတယ်။   အောက်တိုဘာလအတွင်းက ရွေးချယ်တင်မြှောက်ခံခဲ့ရတဲ့ အာဏာရဆိုရှယ်လစ်အစိုးရဟာ အမတ်နေရာ ၃၀၀ ရှိတဲ့ ပါလီမန်မှာ အမတ် ၁၆၀ ကိုရရှိထားပါတယ်။ ဖေဖော်ဝါရီ ၄ ရက်နေ့ကမူ အစိုးရရဲ့အစီအစဉ်ကိုဆန့်ကျင်တဲ့အနေနဲ့ ဂရိကွန်မြူနစ်ပါတီက ဆွေးနွေးပွဲကနေနုတ်ထွက်သွားခဲ့ပါတယ်။   အကယ်၍ နိုင်ငံဘဏ္ဍာရေးလိုငွေပြမှုကိုလျှော့ချလိုက်လို့ လက်ရှိစီမံကိန်းကို အကောင်အထည်ဖော်နိုင်မယ်ဆိုရင် နောက်ထပ်ခြိုးခြံ ချွေတာရေးအစီအမံတွေကို ထပ်မံဆောင်ရွက်တော့မှာမဟုတ်ကြောင်း ဂရိဘဏ္ဍာရေးဝန်ကြီးက မဲခွဲဆုံးဖြတ်မှုမဆောင်ရွက်မီ မတ်လ ၅ ရက်နေ့က ပြောကြားခဲ့ပါတယ်။   ဥရောပသမဂ္ဂနဲ့ ဘဏ္ဍာရေးဈေးကွက်တွေက ဖိအားပေးတာကိုခံရတဲ့အတွက် ဂရိအစိုးရဟာ ယူရို ၄ ဒသမ ၈ ဘီလီယံရှိ ခြိုးခြံ ချွေတာရေး အစီအစဉ်ကိုရေးဆွဲခဲ့ရတာဖြစ်ပါတယ်။    ဂရိနိုင်ငံရဲ့ ဘတ်ဂျက်လိုငွေဟာ ၂၀၀၉ ခုနှစ်က ဂျီဒီပီရဲ့ ၁၂ ဒသမ ၇ ရာခိုင်နှုန်းရှိခဲ့ရာမှ ယခုနှစ်မှာ ဂျီဒီပီရဲ့ ၈ ဒသမ ၇ ရာခိုင်နှုန်း အထိရောက်အောင်လျှော့ချပေးဖို့ ရည်မှန်းချက်ထားရှိပါတယ်။ ခြိုးခြံချွေတာရေး အစီအစဉ်ဟာ ဂရိနိုင်ငံရဲ့ဘတ်ဂျက် လိုငွေလျှော့ချ ရေးအတွက် အမျိုးမျိုးကြိုးစားမှုရဲ့ နောက်ဆုံးကြိုးပမ်းချက်ဖြစ်ပါတယ်။ အများစုကတော့ ဒီအစီအစဉ်ကို နိုင်ငံအတွက် ဥရောပသမဂ္ဂက အကူအညီရဖို့အတွက် ကြိုတင်ပြင်ဆင်မှုအနေနဲ့ရှုမြင်ထားပါတယ်။ Source: dowjones Newswire

Tuesday, 23 Feb 2010

   ရာသီဥတုပူနွေးမှုကြောင့် သကြားထုတ်လုပ်မှု ကျဆင်းတဲ့အတွက် ကမ္ဘာမှာ သကြားဒုတိယအများဆုံးတင်ပို့တဲ့ ထိုင်းနိုင်ငံက သကြားတင်ပို့မှုဟာ ရည်မှန်းချက်ကိုပြည့်မီမှာမဟုတ်ဘူးလို့ ကြံနှင့်သကြားဘုတ်အဖွဲ့ရုံးမှထုတ်ပြန်ပါတယ်။ ထိုင်းနိုင်ငံဟာ ကမ္ဘာ့ သကြားတင်ပို့မှုရဲ့ ၁၀ ရာခိုင်နှုန်းကိုတင်ပိုပြီး ယခုနှစ်မှာ တန် ၅ ဒသမ ၁ သန်း တင်ပို့ဖို့ ရည်မှန်းခဲ့ပေမယ့် တန် ၄ ဒသမ ၆ သန်းကနေ ၄ ဒသမ ၈ သန်းအထိသာ တင်ပို့နိုင်မယ်လို့ဆိုပါတယ်။   ရာသီဥတုက ခန့်မှန်းထားတာထက် ပိုပြီးပူနွေးတဲ့အတွက် သကြားအထွက်ကို မူလကတန် ၇ ဒသမ ၂ သန်းထွက်မယ်လို့ ခန့်မှန်း ခဲ့ပေမဲ့ နိုဝင်ဘာ ၁ ရက်နေ့ကစတင်ခဲ့တဲ့ ကြံထွက်ရာသီမှာ တန် ၆ဒသမ ၇ သန်းသာထွက်မယ်လို့ ဘုတ်အဖွဲ့အတွင်းရေးမှူး ပရာဆပ်က ပြောကြားပါတယ်။   အီဂျစ်နဲ့မက္ကဆီကိုစတဲ့ နိုင်ငံတွေက သကြားလိုအပ်ချက်ကို ဖြည့်ဆည်းဖို့ အဝယ်လိုက်လာတဲ့အတွက် နယူးယောက်ဈေးကွက်မှာ သကြားကြမ်းရဲ့ ကြိုပွိုင့် ဈေးဟာဖေဖော်ဝါရီ လ ၁ ရက်က ၃၀ဒသမ ၄ ရာခိုင်နှုန်းထိမြင့်တက်ပြီး ၂၉နှစ် အတွင်း အမြင့်ဆုံးဖြစ်ခဲ့ပါ တယ်။ သကြားဈေးနှုန်းကောင်းနေတဲ့အတွက် သကြားထုတ်လုပ်မှုမှာ ထိပ်တန်းက ပါဝင်နေတဲ့ ဘရာဇီးနိုင်ငံက လာမဲ့ ၂၀၁၀-၂၀၁၁ ခုနှစ်မှာ သကြားတန်ချိန် ၄ ဒသမ ၄ သန်း တိုးပြီး ၃၅ဒသမ ၃သန်းထိထုတ်မယ်လို့ပြောပါတယ်။ လာမဲ့နှစ်မှာ ကမ္ဘာ့သကြား ဈေးကွက်ဟာ အပို ၁ဒသမ ၅ သန်း ထိရောက်လာနိုင်တယ်လို့ဆိုပါတယ်။ ထိုင်းနိုင်ငံ ကသကြားတင်ပို့မှု လျော့ကျတဲ့အတွက် ကမ္ဘာ့ဈေးကွက်ကို မထိခိုက်နိုင်ဘူးလို့  ပရာဆပ်ကပြောကြားပါတယ်။   လာမဲ့နှစ်မှာတော့ ကြံအထွက်တန် သန်း ၇၀ကျော်ပြီး သကြားအထွက် စုစုပေါင်း ၇သန်း ကျော်လိမ့်မယ်လို့ ပြောပါတယ်။ ှSource: bloomberg.comဉာဏ်တင်

Pages