Background
ဖေဖော်ဝါရီလ ဆယ်ရက်ပတ် မုံရွာပဲစင်းငုံနီဈေးကွက်မှာ နယ်စုံကပဲ အဝင် သွက်လာပြီး၊ ရန်ကုန်ဝယ်လက် အနုတ်သွက်ခဲ့လို့ အရောင်းအဝယ် မြိုင်ဆိုင်ခဲ့တယ် လို့ သိရပါတယ်။ ဒီရက်ပတ်မှာ ပဲစင်းငုံသစ် တစ်တင်း ၁၄၇၀၀ ကျပ်ထိ အမြင့်ဆုံး ပေါက်ခဲ့ပြီး၊ အဟောင်းကတော့ ၁၃၅၀၀ ကျပ်ထိသာ ဈေးမာခဲ့ပါတယ်။ ရန်ကုန် ဝယ်လက် အဝယ်သွက်လို့ မုံရွာကုန်စည်ဒိုင်မှာ တစ်ရက်အိတ် ၁၀၀၀၀ ကျော် အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ ပွဲရုံရပ်ကွက်က ဆိုပါတယ်။
ရန်ကုန်တိုင်းဒေသကြီးဘုရင့်နောင်ကုန်စည်ဒိုင် FOB ဈေးကွက်မှာ ယခုတစ် ပတ် (ဖေဖော်ဝါရီလ ၃-၉ ရက်)အတွင်း ပဲစင်းငုံတန် ၂၂၀၀၀ ကျော်အထိ အရောင်း အဝယ်စာချုပ်နိုင်ခဲ့ကြောင်း သိရပါတယ်။ ယခင်တစ်ပတ်ထက် ပဲစင်းငုံ စုစုပေါင်း အရောင်းအဝယ်ဖြစ်မှု တန်တစ်သောင်းခန့် ပိုမိုခဲ့ပါတယ်။
၂၀၁၁ ခုနှစ် နှောင်းပိုင်းမှာ ပဲစင်းငုံတင်ပို့မှု ကျဆင်းခဲ့ရာမှ နှစ်ကုန်ပိုင်းမှစပြီး တင်ပို့မှုပြန်တက်လာခဲ့တာတွေ့ရပါတယ်။ ၂၀၁၂ ဇန်နဝါရီလ တစ်လလုံးမှာ ပဲစင်း ငုံတန်ချိန် ၄၄၀၀၀ ကျော်ထိ တင်ပို့နိုင်ခဲ့ပြီး ဝင်ငွေမှာ ကန်ဒေါ်လာ ၂၄ သန်းကျော် ရရှိတယ်လို့ သိရပါတယ်။ ၂၀၁၁ ဇန်နဝါရီလအတွင်းမှာ ပဲစင်းငုံတင်ပို့မှုဟာ တန်ချိန် ၂၃၀၀၀ ကျော်ရှိပြီး ဝင်ငွေအားဖြင့် ကန်ဒေါ်လာ ၁၅ သန်းကျော်ရှိလို့ ယခုနှစ်မှာ တစ်ဆခန့် ပိုမိုတင်ပို့နိုင်ကြောင်း သိရပါတယ်။
ဟင်္သာတမတ်ပဲဈေးဟာ ယခင်အပတ်က တစ်တင်း ၁၃၂၀၀ ကျပ်နဲ့ အရောင်း အဝယ်ဖြစ်ခဲ့ပြီး ယခုတစ်ပတ်မှာ တစ်တင်း ၁၃၄၀၀ ကျပ်နဲ့ အရောင်းအဝယ်ဖြစ်ခဲ့ တာကြောင့် ယခင်အပတ်ထက် တစ်တင်း ၂၀၀ ကျပ်ဈေးမြင့် လာပါတယ်။ မတ်ပဲ သစ်များလည်း အဝင်များလာပြီး၊ ရန်ကုန်ဝယ်လက်သမားများရဲ့ ဈေးပေးဝယ်မှု ကြောင့် ရန်ကုန် ဘုရင့်နောင်ဈေးကွက်သို့ နေ့စဉ်ပျမ်းမျှ အိတ် ၅၀၀ ခန့် တင်ပို့ နိုင်တယ်လို့ သိရပါတယ်။ အေးအေးခိုင်
ပြည်ပဲဈေးကွက်သို့ ယခုတစ်ပတ်မှာတော့ မကွေးတိုင်းဒေသကြီး၊ ကံမ၊ ပြည်မြို့ နဲ့ အောင်လံကြားရွာများမှ ပဲသစ်များအဝင်ရှိပြီး၊ တစ်နေ့အိတ် ၁၀၀-၂၀၀ ခန့် အဝင်ရှိပါတယ်။ ပဲသစ်ပဲဟောင်းနှစ်မျိုးစလုံး ရန်ကုန်ဝယ်လက် အဝယ်ရှိသော်လည်း ယခုတစ်ပတ်မှာ ယခင်တစ်ပတ်ကလောက် အရောင်းအဝယ်မဖြစ်ခဲ့ပေမဲ့ ပုံမှန် အရောင်းအဝယ်ရှိတာကို တွေ့ရပါတယ်။
၂၀၁၂ ဇန်နဝါရီလအတွင်း မတ်ပဲတင်ပို့မှုကတော့ ယခင်လနဲ့ ယှဉ်ရင် အနည်းငယ်တိုးလာခဲ့ပေမဲ့ ၂၀၁၁ ဇန်နဝါရီလနဲ့ ယှဉ်ရင်တော့ ထက်ဝက်ခန့်လျော့ ကျတယ်လို့ သိရပါတယ်။၂၀၁၂ ခုနှစ် ဇန်နဝါရီ တစ်လလုံးမှာ မတ်ပဲတန်ချိန် ၂၈၀၀၀ နီးပါးသာရှိပြီး ယခင်နှစ်ကာလတူမှာ တန်ချိန် ၄၅၀၀၀ ခန့်ထိ တင်ပို့နိုင်ခဲ့ တာတွေ့ရပါတယ်။
ရန်ကုန်တိုင်းဒေသကြီး ဘုရင့်နောင်ကုန်စည်ဒိုင် FOB ဈေးကွက်မှာ မတ်ပဲ အရောင်းအဝယ်ဖြစ်မှုဟာ ယခင်တစ်ပတ်ထက် ၂ ဆခန့်တိုးတက်လာပါတယ်။ ယခင်တစ်ပတ်က မတ်ပဲတန်ချိန် ၆၅၀၀ ခန့်အရောင်းအဝယ်စာချုပ်ခဲ့ရာမှ ယခု တစ်ပတ် (ဖေဖော်ဝါရီလ ၃ ရက်မှ ၉ ရက်) အတွင်းမှာ မတ်ပဲ SQ၊ FAQနဲ့ အခွံချွတ်စုစုပေါင်းတန်ချိန် ၁၅၅၀၀ ကျော်အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရပါ တယ်။
အပြည်ပြည်ဆိုင်ရာကြိုပွိုင့်ဈေးကွက်တွေကို ခြေရာခံကာ ယခုရက်သတ္တပတ်မှာ မလေးရှားရော်ဘာ ဈေးနှုန်းတွေ ဆက်တိုက် ခိုင်မာနိုင်ဖွယ်ရှိကြောင်းခန့်မှန်းထားတယ်။ ရောင်းလိုအားတင်းကျပ်မှုအခြေအနေများ၊ ထိုင်းနိုင်ငံရဲ့ ဈေးနှုန်းထောက်ပံ့ ပေးရေးစီမံချက်နဲ့ လောင်စာဆီဈေးနှုန်းခိုင်မာမှုတို့ကြောင့် ရော်ဘာဈေးကို ထောက်ပံ့ပေးနိုင်ကြောင်း ကုန်သည်တွေက ပြော ကြားလိုက်တယ်။
မြန်မာ - တရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်နဲ့ ချင်းရွှေဟော်စခန်းတွေကနေ ရော်ဘာ ၆၁၁ တန်ကျော် တန်ဖိုးဒေါ်လာ ၂ ဒသမ ၀၁၉ သန်းဖိုးကို ဇန်နဝါရီလ နောက်ဆုံးပတ်ထဲမှာ တင်ပို့ခဲ့ပါတယ်။ ယခုအပတ်မှာ ချင်းရွှေဟော်စခန်းမှ တင်ပို့မှုထက်ဝက်ခန့်နဲ့ မူဆယ်မှတင်ပို့မှု ယခင်အပတ်ကထက် တန် ၁၀၀ ခန့် လျော့နည်းတင်ပို့ခဲ့တာ တွေ့ရပါတယ်။ ယခုအပတ် နယ်စပ်အလိုက်တင်ပို့မှုတွေကတော့ မူဆယ်မှ RSS-3 ၃၃၄ တန်ကျော်၊ MSR-20 ၂၆ တန် MSR-50 တန် ၁၀၀ ကျော်တင်ပို့ခဲ့ပြီး ချင်းရွှေဟော် နယ်စပ်စခန်းကနေ RSS-3 တစ်မျိုးတည်းသာ တန် ၁၅၀ တင်ပို့ခဲ့ပါတယ်။ ယခုအပတ်မှာ မြိတ်နယ်စပ်စခန်းမှ ရော်ဘာတင်ပို့နိုင်မှု မရှိခဲ့ပါဘူး။ မိမိဘက်ဈေးပြောင်းလဲမှုမရှိပေမယ့် တစ်ဖက်နိုင်ငံဈေး အနည်းငယ်ကျဆင်း သွားတာ တွေ့ရပါတယ်- မိမိဘက်(ကျပ်/တန်) တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်) ယခု ယခင် ပြောင်းလဲမှု % ယခု ယခင် ပြောင်းလဲမှု %RSS - 3 ၂၅၉၇၄၀၂ ၂၅၉၇၄၀၂ - - ၃၁၅၉ ၃၁၆၂ ၃ ၀ .၁RSS -5 ၂၄၆၇၅၃၂ ၂၄၆၇၅၃၂ - - ၃၀၀၁ ၃၀၀၄ ၃ ၀ .၁ MIRT (DOBT)
ဇန်နဝါရီလ ၂၁ ရက်မှ ၂၈ ရက်ထိကာလအတွင်း ပင်လယ်ရေကြောင်းမှ ကန်ဒေါ်လာ ၅ ဒသမ ၀၆၂ သန်း တန်ဖိုးရှိ ရော်ဘာအဆင့်စုံ ၁၅၉၈ တန်ခန့် တင်ပို့မှုရှိခဲ့တယ်လို့ သိရပါတယ်။ နိုင်ငံအလိုက်တင်ပို့နိုင်မှု တွေကတော့ တရုတ်နိုင်ငံသို MSR -20 တန် ၅၀၀ ကျော်နဲ့ RSS -3 တန် ၂၀၀၊ မလေးရှားသို့ RSS -3 ၃၅၆ တန်နဲ့ RSS -5တန် ၄၀၊ စင်္ကာပူသို့ MSR -20 ၂၀၂ တန်ခန့်နဲ့ ဗီယက်နမ်သို့ MSR -20 တန် ၃၀၀ ကျော် အသီးသီး တင်ပို့ခဲ့တာဖြစ်ပါတယ်။ ယခင်အပတ်က တင်ပို့ မှုထက် ၅၈ တန်ခန့်တင်ပို့မှု ပိုမိုခဲ့တာ တွေ့ရပါတယ်။ ယခင်အပတ်တင်ပို့မှုန့ဲ နှိုင်းယှဉ်တဲ့အခါ တရုတ်၊ ဗီယက်နမ်နဲ့ စင်္ကာပူသို့ တင်ပို့မှုမှာ ၃၉၇ တန် အပို့ပိုခဲ့ပြီး မလေးရှားသို့တင်ပို့မှုမှာ ၃၃၉ တန် အပို့လျော့ခဲ့တာ တွေ့ရပါတယ်။ FOB (ရန်ကုန်) ဈေးကတော့ RSS -3 တစ်တန်ကို ဒေါ်လာ ၃၅၀၀မှ ၃၆၀၀နဲ့ RSS -5 တစ်တန်ကို ဒေါ်လာ ၃၄၀၀ မှ ၃၅၀၀ အသီးသီး ဈေးပေါက်လျက်ရှိပြီး ယခင်အပတ်ကထက် ဒေါ်လာ ၁၀၀ စီ ပိုခဲ့တယ်လို့ သိရပါတယ်။ နယ်စပ်မှ ယခုအပတ် ရော်ဘာအဆင့်စုံ တင်ပို့မှုတန်ချိန် ၆၀၀ ကျော် ရှိတယ်လို့ သိရပါတယ်။ ရင်ငြိမ်းအေး
