Background
မြစ်သားမြို့နယ်မှာ ဆောင်းကြက်သွန်နီ စိုက်ဧက ၇၇၇၀ ကျော်မှ ယခုလအတွင်း ဈေးကွက်ကို စတင် တင်ပို့ရောင်းချနေ ကြောင်းသိရပါတယ်။ အစောစိုက်တဲ့ အခင်းတွေ အောက်တိုဘာလဆန်းက မိုးများခဲ့လို့ အထွက်နှုန်းကျဆင်းခဲ့ပေမယ့် မိုးကုန်မှ စိုက်တဲ့ အခင်းတွေကတော့ တစ်ဧကကို ပိဿာ ၂၀၀၀ ကနေ ၂၃၀၀ ထိထွက်တယ်လို့ ကသဲကုန်းရွာက တောင်သူကြီး ဦးစိန်ဝင်းက ပြောပြပါတယ်။
မြင်းခြံမှ ရန်ကုန်နဲ့ မော်လမြိုင်ကို နေ့စဉ် ကုန်စည်တင်ပို့လျက်ရှိရာ ကားအစီးရေ ၃၀ နဲ့ ၃၅ စီးကြား ပုံမှန် တင်ပို့လျက်ရှိ ကြောင်း သိရပါတယ်။ ငွေစင်ရော်ကုန်စည်ပို့ဆောင်ရေးမှ ဦးခင်မောင်မြင့်က " ခုရာသီမှာ ကုန်စည်ပို့ဆောင်ရေးကောင်းတယ်။ မနှစ်က ကုန်မပေါဘူး။ ကုန်ပို့ခ များများရတယ်။
နနွင်းဈေးကတော့ ရာသီဥတုနဲ့အပြိုင်အေးစက်နေပါတယ်။ မနှစ်ကလက်ကျန်နနွင်းတွေက တောင်သူတွေ လက်ထဲမှာ တောင် ကျန်ရှိနေပါသေးတယ်။ ဒီနှစ်ကတော့ နနွင်းကိုတချို့သောခြံရှင်တွေကသာ အနည်းအကျဉ်း ဖော်ပြီး၊ ဈေးကွက်ကို စဝင်ကြည့်ပေမဲ့ ဈေးကမနှစ်ကလောက်တောင်မရှိဘူးလို့သိရပါတယ်။
ကမ္ဘာပေါ်မှာ ဒုတိယအများဆုံးသကြားတင်ပို့သူဖြစ်တဲ့ ထိုင်းနိုင်ငံမှာ သကြား ထုတ်လုပ်မှု လျော့ကျမှုကြောင့် သကြားဈေးနှုန်းတွေ တက်သွားကြောင်း သတင်း ရရှိပါတယ်။နိုဝင်ဘာ ၁၅ ရက်ကစတင်ခဲ့တဲ့သကြားပေါ်ချိန်မှာ ထိုင်းနိုင်ငံရဲ့ သကြား ထုတ်လုပ်မှုက ၄ ဒသမ ၇ ရာခိုင်နှုန်းကျဆင်းသွားကာတန်ချိန် ၁ ဒသမ၆၂ သန်း သာရှိခဲ့ကြောင်း သိရှိရတယ်။
ယခု ၂၀၁၁ ခုနှစ် ဒီဇင်ဘာလအတွင်းမှာ မန္တလေးသကြားဈေးအေးလာတာ ကိုတွေ့ရပါတယ်။ ဒီဇင်ဘာ လဆန်းပိုင်းမှစပြီး၊ သကာပွက်ရည်များ ဝင်လာတဲ့ အတွက် ပွက်ရည်ဈေးအေးတာနဲ့အတူ သကြားဈေးပါ ဆင်းလာတာလို့သိရပါ တယ်။ နိုဝင်ဘာလ ၃၀ ရက်နေ့မှာ သကာပွက်ရည်တစ်ပိဿာ ၅၉၀ ကျပ်၊ ၆၀၀ ကျပ်ရှိပြီး၊ သကြား A ၁၁၀၀ ကျပ်၊ သကြား B ၁၀၈၀ ကျပ်၊ သကြား C ၁၀၆၀ ကျပ်နှုန်းဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပါတယ်။
အောင်ပန်းဈေးကွက်မှာတော့ ဒီတစ်ပတ်ချင်း (စို) တွေ အဝင်မရှိသလောက် ပါပဲ။ မိုးတစ်ပတ်လုံးရွာနေတာကြောင့် အဝင်နည်းနေတယ်လို့ သိရပါတယ်။ မိုး ကလည်းအဆက်မပြတ်ရွာနေတာကြောင့်အရောင်းကလည်းပါးနေပါတယ်။ မြင်းခြံ၊ တောင်ငူ၊ မကွေးစတဲ့မြို့တွေက ချင်းထိုးသမားတွေကသာ အမှာရှိနေတာကြောင့် ၅ ရက်တစ်ဈေးမှာ ပိဿာချိန် ၁၀၀၀ ကျော်ပို့နေရတယ်လို့သိရပါတယ်။
ယခုတစ်ပတ် ပြည်ချင်းဈေးမှာ ယခင်တစ်ပတ်ထက် ဈေးအနည်းငယ် လျော့ နည်းသွားကြောင်း သိရပါတယ်။ဝင်ရောက်မှုမှာလည်း အောင်ပန်းချင်းများ တစ်ပတ် ကိုပိဿာ ၃၀ ဝင်အိတ်၁၅၀ ခန့်သာအဝင်ရှိပါတယ်။ ချင်းဈေးကျသွားပေမယ့် အရောင်းအဝယ်မှာ အေးနေပြီး၊ ချင်း(ရှယ်)တစ်ပိဿာ ၇၀၀ ကျပ်၊ (ဂျွန်) ၆၀၀-၅၅၀ ကျပ်နဲ့ ချင်းဓားလှီး ၈၀၀ ကျပ်တို့ရှိကြောင်း သိရပါတယ်။
ပြည်ကုလားပဲဈေးမှာ ယခင်တစ်ပတ်က တစ်တင်း ၁၇၅၀၀ ကျပ်နဲ့ အရောင်း အဝယ်ရှိခဲ့ပြီး၊ ယခုတစ်ပတ်မှာ တစ်တင်း ၁၇၀၀၀ ကျပ်နဲ့ အရောင်းအဝယ် ရှိခဲ့ပါ တယ်။ ပဲခွဲစက်သမားများမှ ပုံမှန်အဝယ်ရှိပြီး၊ ယခုရက်ပိုင်းအတွင်း ရန်ကုန်ကို အနည်းငယ်တင်ပို့မှုရှိခဲ့ပါတယ်။
ရန်ကုန်တိုင်းဒေသကြီး ဘုရင့်နောင်ကုန်စည်ဒိုင်မှာ ဒီတစ်ပတ် ကုလားပဲပြည်ပ အရောင်းအဝယ်မရှိပေမဲ့ ပြည်ပတင်ပို့မှုမှာ တန်ချိန် ၂၀၀ ခန့်ရှိတယ်လို့ သိရပါတယ်။ ပြည်တွင်းပဲလက်ကျန်နည်းလာပြီဖြစ်သလို အိန္ဒိယဝယ်လက်ကလည်း အဝယ်နည်း တဲ့အတွက် အရောင်းအဝယ်မဖြစ်ကြောင်း သိရပါတယ်။
ပြည်ဈေးကွက်ကို ပဲတီစိမ်းအဝင်နည်းလာတဲ့အတွက် ပဲဈေးမှာလည်း ယခင်တစ်ပတ်ကထက် တစ်တင်း ၈၀၀ ကျပ်ခန့် ဈေးကျသွားခဲ့ပါတယ်။ အခြားတိုင်းဒေသကြီးများမှ အဝင်မရှိတော့ဘဲ ဒေသတွင်းမြို့နယ်များမှသာ အဝင်ရှိခဲ့ပြီး အိတ် ၃၀၀ ကျော်သာ ဝင်ရောက်ခဲ့ပါတယ်။ အိတ် ၅၀၀ ကျော် အရောင်းအဝယ်ဖြစ်ခဲ့ပြီး၊ ရန်ကုန်ဝယ်လက် အဝယ်ရှိခဲ့ပါတယ်။
