Main menu

Background

Monday, 14 Nov 2011

                     အောက်တိုဘာ ၃၀ မှ နိုဝင်ဘာ ၅ ရက်အထိကာလအတွင်း ပင်လယ်ရေကြောင်းမှ ရော်ဘာ တန် ၂၀၀၊ ကန်ဒေါ်လာ သုည ဒသမ ၈၀၃ သန်းဖိုး ဗီယက်နမ်နဲ့ စင်ကာပူနိုင်ငံကို တင်ပို့ခဲ့ပါတယ်။ ယခင်ရက်သတ္တပတ်က တန် ၃၇၀ တင်ပို့ခဲ့ တာကြောင့် ယခုအပတ်မှာ ထက်ဝက်နီးပါး တင်ပို့မှု လျော့နည်းခဲ့ပါတယ်။ ကမ္ဘာ့ရော်ဘာဈေးနှုန်းများ ကျဆင်းနေ တာကြောင့် ရော်ဘာအထွက်ကောင်းတဲ့ ရာသီဖြစ်ပေမယ့်လည်း ဈေးနှုန်းကိုစောင့်ကြည့်နေတာကြောင့် တင်ပို့မှု လျော့နည်း ရခြင်းဖြစ်ကြောင်း သိရပါတယ်။ ယခုအပတ်မှာ နယ်စပ်ကတော့ ၁၂၂၀ တန် အပို့ရှိခဲ့ပြီး ယခင်အပတ်ထက် ပိုမို တင်ပို့နိုင်ခဲ့ပါတယ်။ FOB (ရန်ကုန်) ဈေးကတော့ RSS-3  တစ်တန်ကို ဒေါ်လာ ၃၆၀၀ နဲ့ RSS-5 တစ်တန်ကို ဒေါ်လာ ၃၅၀၀ ဈေး ပေါက်ကြောင်း သိရပါတယ်။ KSW

Monday, 14 Nov 2011

                  နိုဝင်ဘာ ၆ ရက် နံနက် ၁၀ နာရီအချိန်က ဆိပ်ဖြူမြို့အခြေခံ အိမ်တွင်းမှုသင်တန်းကျောင်းမှာ ယောချောင်းဒေသ ရေဘေးသင့် တောင်သူများ ကြက်သွန်နီအချိန်မီစိုက်ပျိုးနိုင်ရန် ကူညီပံ့ပိုး နိုင်ရေးအတွက် ညှိနှိုင်းဆွေးနွေးပွဲ ကျင်းပခဲ့ပါတယ်။                     ဆွေးနွေးပွဲကို စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာန၊ မြန်မာ့လယ်ယာထွက်ကုန် ပစ္စည်း ရောင်းဝယ်ရေး၊ ဦးဆောင်ညွှန်ကြားရေးမှူး ဦးကျော်ထူးနဲ့ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြန်မာနိုင်ငံ ကြက်သွန်နီ၊ ကြက်သွန်ဖြူနဲ့ စားဖိုဆောင် သုံးသီးနှံများ စိုက်ပျိုးထုတ်လုပ်တင်ပို့ ရောင်းချ သူများအသင်း၊ ဒုတိယဥက္ကဋ္ဌနဲ့ အလုပ်အမှုဆောင် များ၊ ရန်ကုန်ကြက်သွန်နီ ကုန်သည်ကြီးတွေ၊ ပခုက္ကူ၊ ဆိပ်ဖြူနဲ့ ပေါက်မြို့နယ်များမှ ဒေသခံ ကြက်သွန်နီ ကုန်သည်တွေ၊ ကြက်သွန်နီစိုက် တောင်သူတွေ စုစုပေါင်း ၁၅၀ ဦးခန့် တက် ရောက်ခဲ့ပါတယ်။                   ဦးဆောင်ညွှန်ကြားရေးမှူး ဦးကျော်ထူးက အမှာစကားပြောကြားရာမှာ စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ရဲ့ စီစဉ်ဆောင်ရွက်ပေးမှုအရ ကြက်သွန်နီစိုက် တောင်သူတွေကို ကူညီပံ့ပိုးဆောင်ရွက်ပေးသွား မှာဖြစ်ကြောင်း၊ စိုက်ပျိုးသူတောင်သူတွေ မထိခိုက် စေရေးနဲ့ စားသုံးသူဖိစီးမှု မဖြစ်စေရေး ဆောင်ရွက်ပေးရန်လိုကြောင်း၊ တောင်သူတွေကို အတိုးနှုန်း သတ်မှတ်ပြီး ငွေချေးပေးခြင်းထက် ၎င်းတို့ အလုပ် အကိုင်အခွင့်အလမ်းများ ရရှိအောင် ဆောင်ရွက်ပေးနိုင်ပါက ပိုမိုကောင်းမွန်မှာဖြစ်ကြောင်း၊ တောင် သူကြီးပွားရင် ကုန်သည်ကြီးပွားမှာဖြစ်လို့ အခု တောင်သူတွေ အခက်အခဲဖြစ်နေချိန်မှာ ကုန်သည်တွေက ဝိုင်းဝန်းကူညီပေးသွားရန် လိုအပ် ကြောင်း၊ ကြက်သွန်နီ အခြေခံဈေးနှုန်းသတ်မှတ် ပြီး ရန်ကုန်ကုန်သည်နဲ့ ဒေသခံကုန်သည်တွေက ကုန်သည်အချင်းချင်း ချိတ်ဆက်ပြီး၊ ဒေသခံကုန် သည်က ဒေသခံတောင်သူတွေနဲ့ တိုက်ရိုက် ချိတ် ဆက်ပြီးမျိုး၊ သွင်းအားစုနဲ့ စိုက်ပျိုးစရိတ်တွေ ပံ့ပိုး ကူညီပေးရမှာဖြစ်ကြောင်း၊ အထူးပြုကုမ္ပဏီတွေလို ပံ့ပိုးပေးတဲ့နည်းလမ်း၊ ပင်ထောင်ပေး၊ အလှန်းပေး၊ ကြိုတင်ပေးစတဲ့ နည်းလမ်းတွေနဲ့ ပံ့ပိုးကူညီနိုင်ရေး အတွက် ဝိုင်းဝန်းညှိနှိုင်းပြီးအဖြေရတဲ့အထိ ဆောင် ရွက်သွားရန်လိုကြောင်း ပြောကြားခဲ့ပါတယ်။                     အဲဒီနောက် မြန်မာ့စိုက်ပျိုးရေးလုပ်ငန်း မကွေးတိုင်းဒေသကြီးမန်နေဂျာ၊ မြန်မာနိုင်ငံကြက် သွန်နီအသင်း ဒုတိယဥက္ကဋ္ဌနဲ့ တိုင်းကြက်သွန်နီအသင်းဥက္ကဋ္ဌတို့က ဆက်လက်ဆွေးနွေးကြပါတယ်။ အဲဒီနောက် ရန်ကုန် ကုန်သည်နဲ့ ဒေသခံ ကုန်သည်၊ တောင်သူတွေ အပြန်အလှန် ညှိနှိုင်း ဆွေးနွေးကြပါတယ်။ ကြက်သွန်နီ တစ်ပိဿာ အခြေခံဈေးနှုန်း ၃၀၀ ကျပ်သတ်မှတ်ပြီး၊ ဒေသခံ ကုန်သည်တွေမှတစ်ဆင့် တောင်သူတွေအတွက် လိုအပ်တဲ့ မျိုး၊ သွင်းအားစုနဲ့ စိုက်ပျိုးစရိတ်ငွေများ ပံ့ပိုးပေးနိုင်ရေး၊ ပြန်လည်ပေးအပ်ချိန်မှာ အခြေခံ ဈေးနှုန်းထက် နိမ့်ကျပါက ၃၀၀ ကျပ်နှုန်းနဲ့ ဝယ်ယူရန် အခြေခံဈေးထက်မြင့်ပါက ဖြစ်ပေါ်နေတဲ့ ပေါက်ဈေးအတိုင်းဝယ်ရန်၊ ပြန်လည် ပေးအပ်ချိန် မှာ ကြက်သွန်နီ ပေးအပ်လိုခြင်းမရှိပါက ကြက်သွန်နီအစား ပံ့ပိုးကူညီပေးခဲ့တဲ့ ငွေအရင်းအနှီး အတိုင်း (အတိုးမပါ) ပြန်လည်ပေးအပ်ရန်၊ ကြက်သွန်နီ ပြန်လည်ပေးအပ်ချိန်ကာလအား ကြက်သွန် နီပေါ်ချိန် ဧပြီ ၁၅ ရက်မှ မေ ၃၁ ရက်အတွင်း ပေးအပ်ရန်၊ ရန်ကုန် ကုန်သည်တွေမှ ဒေသခံကုန် သည်တွေထံသို့ ကြက်သွန်နီ အခြေခံဈေးနှုန်း တစ် ပိဿာ ၃၀၀ ကျပ်နှုန်းနဲ့ အရောင်းအဝယ်ပြုလုပ်မယ့် အရေအတွက်မှာ ပိဿာချိန် ၇ ဒသမ ၀၅ သိန်း၊ တန်ဖိုးငွေကျပ် ၂၁၁၅ သိန်းကြိုတင်ပေးပြီး စာချုပ်ချုပ်ဆိုဝယ်ယူရန် နှစ်ဦးနှစ်ဖက် ညှိနှိုင်း သဘောတူညီခဲ့ကြောင်း သတင်းရရှိပါတယ်။  T60

Monday, 14 Nov 2011

                    မန္တလေးတိုင်းဒေသကြီးမှာ ၂၀၁၁-၁၂ ခုနှစ်အတွင်း ငရုတ် စိုက်ဧကပေါင်း ၁ ဒသမ ၄၂ သိန်း စိုက်ပျိုးခဲ့ ရာမှာ ယနေ့ဆို ငရုတ်ခြောက်တွေ ပွင့်လင်းရာသီမှာ အရောင်း အဝယ်ဖြစ်နေကြပါပြီ။ ငရုတ်အများဆုံးစိုက်တဲ့ ရမည်းသင်း၊ ပျော်ဘွယ်မြို့တို့မှာ ကျေးရွာများက လာရောက်ရောင်းဝယ် ကြတဲ့ ထော်လာဂျီ၊ ဂျစ်ကား၊ ၆ ဘီးကား မျိုးစုံ ငရုတ် ခြောက်များ အတင်အချနဲ့ ပွဲရုံများမှာ သွားရောက်ရောင်းဝယ် ပျားပန်းခတ်စည်ကားပြီး တောင်သူများ ငွေရွှင်တဲ့ ကာလလည်း ဖြစ်ပါတယ်။                   " ကျွန်တော်က ရမည်းသင်း၊ ပျော်ဘွယ်မြို့ နယ်စပ်ရွာ လေးက ဖြစ်ပါတယ်။ မိုးများလို့ ငရုတ်အထွက် နည်းတဲ့ တောင်သူတွေရှိသလို၊ မိုးလွတ်ပြီး ကုန်းကွက်တွေမှာ စိုက်တဲ့ ကျွန်တော်တို့ရွာမှ တောင်သူတွေကတော့ ငရုတ်အထွက်နှုန်း ကောင်းကြပါတယ်။ တစ်ဧက ပျမ်းမျှ ငရုတ်ခြောက် ပိဿာ ၂၀၀ ဝန်းကျင်ထွက်ပါတယ်။ ယခင်လက မိုးကြောင့် ရွာမှာ လာဝယ်တဲ့ ပွဲစားတွေက တစ်ပိဿာ ၁၈၀၀ ကျပ် - ၂၀၀၀ ကျပ် ဝန်းကျင်နဲ့ ကောက်ကြပြီး၊ ယခုလ မိုးကင်းတဲ့ ပွင့်လင်း ရာသီမှာ တစ်ပိဿာ ၂၃၀၀ ကျပ် - ၂၅၀၀ ကျပ်နဲ့ ဈေးဖွင့် ဝယ်ကြပါတယ်။ ဒီဈေးနဲ့ဆို တောင်သူတွေ တွက်ခြေကိုက် ကြပါတယ်။ ဘာပဲဖြစ်ဖြစ် ကထိန်လရာသီဆိုတော့ လှူတန်းဖို့ ငွေရွှင်တဲ့ ရာသီကာလပေါ့" လို့ ရွာတန်းကျေးရွာမှ ငရုတ်စိုက် တောင်သူက အထွက်နှုန်း၊ ဈေးနှုန်းနဲ့ တွက်ခြေ ကိုက်တဲ့ အကြောင်းလေးကို ပြောပါတယ်။                      ပျော်ဘွယ်မြို့ရဲ့ ငရုတ်ပွဲရုံပိုင်ရှင် တစ်ဦးက " ဒီနှစ် ငရုတ်ရာသီမှာ ဝယ်ရတာ စွန့်စားဝယ်ရတာပါ။ ငရုတ်နဲ့ ချမ်း သာသွားတဲ့ ကုန်သည်တွေရှိသလို ငရုတ်နဲ့ ဆင်းရဲကျပ်တည်း သွားကြတဲ့ ကုန်သည်တွေလည်းရှိပါတယ်။ အဓိက ကတော့ ဈေးကွက်မှာ ဈေးနှုန်းကစားမှုကြောင့် ခံရတာပါပဲ။ ပျော်ဘွယ် မှာ ငရုတ်ပွဲရုံပေါင်း ၂၀ ကျော် ရှိပါတယ်။ အဲဒီပွဲရုံတွေမှာ  ပိဿာချိန် ၃ သိန်းကျော် ၄ သိန်းနီးပါးရှိကြပါတယ်။ အဓိကဈေးကွက်ဖြစ်တဲ့ ရန်ကုန်ကို နေ့စဉ် ၆ ဘီးကား ၃ စီး - ၄ စီးခန့်ထွက်ပါတယ်။ ဒီနေ့ဈေးကတော့ တစ်ပိဿာ ၂၄၀၀ ကျပ် - ၂၆၀၀ ကျပ်ဈေးနဲ့ ဖြတ်ဝယ်တယ်။ ရှေ့လမှာ တစ်ပိဿာ ၃၀၀ ကျပ် - ၄၀၀ ကျပ် ခန့် တက်နိုင်သေးတယ် လို့ ရန်ကုန် ပွဲရုံတွေထံကသိရပါတယ်။ ရန်ကုန်၊ မန္တလေးပွဲရုံ များကတော့ ၂၈၀၀ ကျပ်နဲ့ ဝယ်ပါတယ်။ ဒီတော့ တစ်ပိဿာ ကို ၂၀၀ ကျပ် - ၃၀၀ ကျပ်ခန့် မြတ်ပြီလို့ ပြောလို့မရပါဘူး။ ငရုတ်ခြောက်တစ်ပိဿာကို ဝယ်ရင်နေလှန်း အလျော့တွက်နဲ့ ဖလံများကိုလည်း ပယ်လိုက်ရင် ၂၀ ကျပ်သားခန့် လျော့ပါ တယ်။ ဝယ်တဲ့နေရာမှာ အကဲဖြတ် ကျွမ်းကျင်ဖို့လိုပါတယ်။                    ကာလရှည်စွာ သိုလှောင်ခဲ့ရင်လည်း အလျော့တွက်က များ လာမှာဖြစ်တဲ့အတွက် ကျွန်တော်တို့ပွဲရုံတွေက မြန်မြန်ဝယ်၊ နေလှမ်း၊ အမြန်ရောင်းစနစ်ကိုဘဲ ကျင့်သုံးပါတယ် "လို့ ငရုတ် ကုန်သည်တစ်ဦးက ပြောပါတယ်။ ကျော်ဦး

Monday, 14 Nov 2011

                   နိုဝင်ဘာလ ပထမပတ်အတွင်း နနွင်း ၃၉ တန်ကို ပင်လယ်ရေကြောင်း လမ်းမှ တင်ပို့ခဲ့ပါတယ်။ အိန္ဒိယကို ၃၃ တန်နဲ့ ကိုရီးယားကို ၆ တန်ဖြစ်ပါတယ်။ ယခင်သီတင်းပတ် ၄ တန်သာ တင်ပို့နိုင်ခဲ့တဲ့ နနွင်းက ဒီတစ်ပတ်မှာ ပိုမိုတင်ပို့နိုင် တာတွေ့ရပါတယ်။ အောက်တိုဘာလအတွင်း နနွင်း ၂၇ တန်ကို စင်ကာပူ၊ ကိုရီး ယား၊ မလေးရှားစတဲ့ နိုင်ငံတွေကို တင်ပို့ခဲ့ပါတယ်။ စက်တင်ဘာလ နနွင်းတင်ပို့ မှုက တန်ချိန် ၈၀ နီးပါးရှိခဲ့တာကြောင့် အောက်တိုဘာလမှာ နနွင်းအပို့ လျော့ခဲ့ ပါတယ်။ တစ်တန်ကို အက်ဖ်အိုဘီဈေး ကန်ဒေါ်လာ ၁၅၅၀ ဝန်းကျင်ရရှိခဲ့လို့ ပို့ကုန်ဝင်ငွေ ကန်ဒေါ်လာ ခြောက်သောင်းကျော်ရရှိခဲ့ပါတယ်။ MIRT (DOT)

Monday, 14 Nov 2011

                 ပြည်ဈေးကွက်အတွင်း ကုလားပဲဈေးမှာ အောက်တိုဘာ နောက်ဆုံးပတ်က တစ်တင်း ၂၀၃၀၀ ကျပ်နဲ့ သာ အရောင်းအဝယ်ရှိပြီး၊ နိုဝင်ဘာလ ပထမပတ်မှာ တစ်တင်း ၁၉၅၀၀ ကျပ်နဲ့ အရောင်းအဝယ်ရှိပါတယ်။ မျိုးသမားများနဲ့ လိုင်းသမား အဝယ်မရှိတော့ဘဲ ပဲခွဲစက်သမားများသာ ပုံမှန်အဝယ်ရှိပြီး၊ အခြားမြို့များမှ ကုလားပဲ ဝင်ရောက်မှုရှိနေတဲ့အတွက် ဈေးကျခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။ အရောင်းအဝယ်ဖြစ်မှုအနေနဲ့ တစ်နေ့ အိတ် ၂၅၀ - ၃၀၀ ခန့် အရောင်းအဝယ် ရှိကြောင်း သိရပါတယ်။ လွင်လွင်ဆန်း

Monday, 14 Nov 2011

                   ပြည်တွင်းလက်ကျန်နည်းလာပြီဖြစ်တဲ့ ကုလားပဲကို ပြည်ပအဝယ်တန့်နေ ပြီဖြစ်လို့ ယခုတစ်ပတ် အရောင်းအဝယ်မဖြစ်ဘူးလို့ သိရပါတယ်။ ပင်လယ် ရေကြောင်းက တင်ပို့မှုအနေနဲ့လည်း ယခင်သီတင်းပတ်က တန် ၃၆၀ တင်ပို့နိုင်ခဲ့ပေမဲ့ ယခုတစ်ပတ်မှာ တန် ၁၀၀ ခန့်သာရှိတာ တွေ့ရပါတယ်။ လက်ကျန်ပဲများကို ပြည်တွင်းခွဲစက်များကသာ အဝယ်ရှိတယ်လို့ သိရပါတယ်။ ယခုဘဏ္ဍာနှစ် အတွင်းတင်ပို့မှုအနေနဲ့ နိုဝင်ဘာ ၄ ရက်အထိ စုစုပေါင်း တန်ချိန် ၆၄၀၀၀ ကျော်၊ ဝင်ငွေအားဖြင့် ကန်ဒေါ်လာ ၅၄ သန်းကျော်ရှိတယ်လို့ သိရပါတယ်။ ယခင်ဘဏ္ဍာနှစ် တစ်နှစ်လုံးမှာ တန်ချိန် ၈၅၀၀ ခန့်နဲ့ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၆ သန်းကျော် သာရှိခဲ့ပါတယ်။ ရန်ကုန် FOB ဈေးအနေနဲ့ နိုဝင် ဘာ ၁၁ ရက်မှာလည်း ယခင်သီတင်းပတ်ဈေးဖြစ်တဲ့ FAQ တစ်တန်ကန်ဒေါ်လာ ၉၈၀-၁၀၀၀ နဲ့ ငြိမ်နေပါတယ်။ MIRT(MAPT)

Monday, 14 Nov 2011

                    မြန်မာတရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်ရှိ ပဲပြောင်းနှမ်းလယ်ယာထွက်ကုန် ကုန်စည်ဒိုင်သို့ နိုဝင်ဘာလ ၂ ရက်မှ ၈ ရက်ထိကာလအတွင်း ပဲတီစိမ်းကား တစ်နေ့ပျမ်းမျှ ၂ စီးမှ ၃ စီးခန့် အဝင်ရှိနေတယ်လို့ သိရပါတယ်။ ယခု အပတ်အတွင်း ကန်ဒေါ်လာ ၀ ဒသမ ၃၅၂ သန်းတန်ဖိုးရှိ ပဲတီစိမ်း ၄၄၁ တန် အပို့ရှိခဲ့ရာ ယခင် အပတ်ကထက် တန် ၂၆၀ ကျော် တင်ပို့မှုပိုမိုခဲ့ပါတယ်။ ၂၀၁၁ ခုနှစ်၊ ဧပြီလမှ အောက်တိုဘာလထိ နယ်စပ် ကုန်သွယ်ရေးစခန်းများမှ ပဲတီစိမ်း ၁၂၁၄၆၄ တန် တင်ပို့ထားပြီး ဖြစ်ပါတယ်။ ယခုအပတ် မိမိဘက်ပဲတီစိမ်း မြေပြင်ပေါက်ဈေးမှာတစ်တန်ကို ယခင်အပတ်ဈေး ထက် ကျပ် ၄၆၆၀၀ ကျော် ဈေးမြင့်လျက်ရှိသော်လည်း တစ်ဖက်နိုင်ငံ ဈေးမှာ သိသိသာသာ မပြောင်းလဲဘူးလို့ သိရပါတယ်။                                           မိမိဘက်(ကျပ်/တန်)               တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်)                      ယခု             ယခင်       ပြောင်းလဲမှု    %   ယခု      ယခင်   ပြောင်းလဲမှု      %ပဲတီစိမ်း      ၆၁၆၂၆၄      ၅၆၉၆၅၄       ၄၆၆၁၀       ၈     ၈၅၄     ၈၅၃           ၁            ၀ .၁MIRT(MAPT)

Monday, 14 Nov 2011

                    ရန်ကုန်တိုင်းဒေသကြီး ဘုရင့်နောင်ကုန်စည်ဒိုင် FOB ဈေးကွက်မှာ ယခုတစ်ပတ် တောင်ငူပဲတီစိမ်းသစ်နဲ့ ပခုက္ကူ ပဲတီစိမ်းအချို့ အရောင်းအဝယ်ဖြစ်တယ်လို့ သိရပါတယ်။ ယခင်တစ်ပတ်က တန်ချိန် ၄၉၀၀ ခန့် အရောင်းအဝယ်ဖြစ်ခဲ့ရာမှ ယခုတစ်ပတ်(နိုဝင်ဘာလ၄ ရက်မှ ၁၁ ရက်)အတွင်းမှာတန်ချိန် ၄၆၀၀ခန့်အရောင်းအဝယ် စာချုပ်နိုင်တယ်လို့ သိရပါတယ်။ အိန္ဒိယဈေးကွက်တွေကို ဝင်လာတဲ့ ပဲတီစိမ်းအသစ်များမှာ အရည်အသွေးနိမ့်များပြီး အရည်အသွေးကောင်း နည်းတဲ့ အတွက် ဝယ်လက်များအနေနဲ့ အရည်အသွေးကောင်းပဲတီစိမ်းကို ဝယ်ယူလာဖွယ် ရှိကြောင်း ကုန်သည်များမှ ခန့်မှန်းကြ ပါတယ်။ ရန်ကုန် FOB ဈေးအနေနဲ့ ပြောင်းလဲမှုမရှိဘဲ FAQ (အညာ) တစ်တန် ကန်ဒေါ်လာ ၇၂၀-၇၄၀၊ ပခုက္ကူ တစ်တန် ကန်ဒေါ်လာ ၇၄၀-၇၆၀ နဲ့ ပဲတီရွှေဝါအကြီး တစ်တန် ကန်ဒေါ်လာ ၈၈၀-၉၀၀ နဲ့ ငြိမ်နေကြောင်း သိရပါတယ်။ MIRT(MAPT)

Monday, 14 Nov 2011

              ပင်လယ်ရေကြောင်းက ပဲတီစိမ်းတင်ပို့မှုကတော့ တစ်ပတ်ထက်တစ်ပတ်လျော့ကျနေပါတယ်။ ယခင်သီတင်းပတ်မှာ တန် ၁၅၀၀ ခန့် တင်ပို့မှုရှိခဲ့ရာမှ ယခုတစ်ပတ် (အောက်တိုဘာလ ၃၁ ရက်မှ နိုဝင်ဘာလ ၄ ရက်)အတွင်းမှာ တန် ၁၂၀၀ ကျော် သာ တင်ပို့နိုင်တာတွေ့ရပါတယ်။ အောက်တိုဘာလ တစ်လလုံးမှာ ပဲတီစိမ်းတန်ချိန် ၇၁၀၀ ကျော်သာတင်ပို့နိုင်ခဲ့ပြီး စက်တင်ဘာလမှာ တန်ချိန် ၁၄၀၀၀ ခန့်တင်ပို့ခဲ့ပါတယ်။ ၂၀၁၀ အောက်တိုဘာလအတွင်းမှာတော့ တန်ချိန် တစ်သောင်းကျော် တင်ပို့မှုရှိခဲ့လို့ ယခုနှစ်ကာလတူမှာ တင်ပို့မှု လျော့ကျတာ တွေ့ရပါတယ်။                   ၂၀၁၀-၂၀၁၁ ဘဏ္ဍာနှစ်အတွင်း နိုဝင်ဘာလ ၄ ရက်နေ့အထိ ပဲတီစိမ်း တင်ပို့မှုတန်ချိန် နှစ်သိန်းကျော်ရှိပြီး ဝင်ငွေ အားဖြင့် ကန်ဒေါ်လာ ၁၉၈ သန်းကျော်ရရှိပါတယ်။ ၂၀၁၀-၂၀၁၁ ဘဏ္ဍာနှစ် ကာလတူတင်ပို့မှုအနေနဲ့ တန်ချိန် ၁၅၂၀၀၀ ကျော် သာရှိပြီး ဝင်ငွေအားဖြင့် ကန်ဒေါ်လာ ၁၈၀ သန်းကျော်ရရှိခဲ့လို့ ယခုနှစ်တင်ပို့မှု ပမာဏ ၅ သောင်းကျော်ပိုမိုပေမဲ့ ဝင်ငွေအားဖြင့် လျော့ကျတာတွေ့ရပါတယ်။ လာမယ့်သီတင်းပတ်မှာတော့ အနည်းငယ် ပိုတင်ပို့နိုင်မယ်လို့ ကုန်သည်များ ခန့်မှန်း ကြပါတယ်။MIRT- MAPT

Monday, 14 Nov 2011

                အရောင်းအဝယ် အသင့်အတင့်ရှိ ယခုတစ်ပတ် (အောက်တိုဘာလ ၃၁ ရက်မှ နိုဝင်ဘာလ ၄ ရက်)အတွင်း ပင်လယ်ရေကြောင်းက မြေထောက်ပဲ တင်ပို့မှု ၂၆ တန်သာရှိခဲ့ပါတယ်။ တင်ပို့မှုအနေနဲ့ ယခင်တစ်ပတ် များထက် သိသိသာသာလျော့ကျခဲ့ပါတယ်။ ဒီတစ်ပတ်မှာလည်း ဖိလစ်ပိုင်နဲ့ အိန္ဒိယကို တင်ပို့တာဖြစ်ပါတယ်။ ရန်ကုန် FOB ဈေးကွက်မှာတော့ မြေထောက်ပဲ တန် ၃၀၀ ကျော် အရောင်းအဝယ်ဖြစ်လို့ ယခင် သီတင်းပတ် အရောင်းအဝယ်ဖြစ်တဲ့ တန် ၁၃၅ ထက် ပိုမိုခဲ့ပါတယ်။ အောက်တိုဘာလ တစ်လလုံးမှာ မြေထောက်ပဲ တန်ချိန် ၉၃၀ ခန့်သာပြည်ပတင်ပို့နိုင်ပြီး စက် တင်ဘာလအတွင်းမှာ တန်ချိန် ၁၇၀၀ ကျော်တင်ပို့နိုင်ခဲ့တယ်လို့ သိရပါတယ်။               အခြားပဲများထဲမှာ စင်ကာပူကို ပဲယင်း ၂၅ တန်နဲ့ စင်ကာပူနဲ့ မလေး ရှားကို ပဲကြီး ၅ တန်ကျော် တင်ပို့နိုင် ခဲ့တယ်လို့ သိရပါတယ်။ ရန်ကုန် FOB ဈေးအနေနဲ့ ပြောင်းလဲခြင်းမရှိဘဲ နိုဝင်ဘာလ ၁၁ ရက်မှာလည်း မြေထောက်ပဲ FAQ တစ်တန် ကန်ဒေါ်လာ ၇၄၀-၇၆၀၊ ပဲယင်း တစ်တန် ကန်ဒေါ်လာ ၄၈၀-၅၀၀ အသီးသီးရှိ ကြောင်း သိရပါတယ်။ MIRT(MAPT)

Pages