Main menu

Background

Monday, 23 May 2011

တွံတေးဒေသတွင် ငါးမြစ်ချင်းအစားထိုးငါးများ မွေးမြူလာ                 ရန်ကုန်တိုင်းဒေသကြီး တွံတေးမြို့နယ်ဒေသရှိ ငါးမွေးကန်များတွင် ရေချိုငါးမွေးမြူသူများသည်ငါးမြစ်ချင်း အစား ကကတစ်၊ ရေချိုငါးမုန့်နှင့် တီလားဗီယား ငါးတို့ကို အစားထိုးမွေးမြူ လာကြောင်းသိရသည်။                 ''ငါးမွေးသမားတွေအများဆုံး မွေး တဲ့ငါးမြစ်ချင်းက မနှစ်က တစ်နှစ်လုံး အရှုံးပေါ်ခဲ့တယ်။ ဒါကြောင့်် ငါးမြစ် ချင်းအစားထိုးမွေးဖို့စဉ်းစားလာကြတယ်။ ကကတစ်က အသားစားငါးဖြစ်လို့ ငါးမြစ်ချင်း အကောင်ကြီးကြီး အစိတ်သား ၃ဝသား၊ ၄ဝသား အရွယ်တွေနဲ့ ကကတစ် အကောင်သေးတွေ တွဲမွေးလာ ကြတယ်။ တချို့ကြတော့ တရုတ်နဲ့ ထိုင်းဈေးကွက်တွေက အဝယ်ရှိတဲ့ ရေချိုငါးမုန့်နဲ့ တီလားဗီးယားတွေမွေး တဲ့သူတွေလဲရှိတယ်။ မွေးမြူရေးကန် အားလုံးရဲ့ ၃ဝရာခိုင်နှုန်းက အစားထိုး ငါးတွေ မွေးလာကြပြီ။ ၇ဝရာခိုင်နှုန်းကတော့ ငါးမြစ်ချင်းတွေ ဆက်မွေးတယ်။ ဆက်မွေးတဲ့ ပုံစံက ဖြစ်သလို မွေးတဲ့ ပုံစံမျိုး၊ ကန်ထဲ ငါးမြစ်ချင်းတွေထည့်ပြီး အစာကို ထိန်းကျွေးတဲ့စနစ်နဲ့ ဆက်မွေးကြတယ်။ လက်ရှိအစာဈေးနဲ့ ဆက်ကျွေးပြီး မွေးရင် ကန်သမားတွေ ရှုံးမှာသေချာတယ်''ဟု တွံတေးမြို့နယ် ရှိ ရေခိုျငါးမွေးမြူရေးအသင်းမှ ဦးဝင်း ကျော်က ပြောပြသည်။              မြန်မာနိုင်ငံတွ် ငါးမွေးဧက ၂သိန်း ၁သောင်းကျော်အနက် တွံတေးမြို့နယ် တွင် ငါးမွေးဧက ၃သောင်း၁ထောင် ကျော်ရှိခဲ့ကြောင်း သိရသည်။ SN

Monday, 23 May 2011

တိုင်းရင်းအလှမွေးငါးများ ပြည်ပက ဝယ်ယူမှုရှိနေ                  တိုင်းရင်းအလှမွေးငါးများကိုစင်ကာပူ၊မလေးရှားနှင့်ထိုင်းစသည့်ပြည်ပ နိုင်ငံများက ဝယ်ယူမှုရှိနေကြောင်းသိရ သည်။ ''အလှမွေးငါးတွေထဲကတိုင်းရင်း ဇာတိငါးတွေရယ်၊မြန်မာပြည်ရောက်နေပြီး မြန်မာပြည်မှာ ပြန်ဖောက်တဲ့ငါး မျိုးတွေကိုပြည်ပကဝယ်ယူမှုရှိနေတယ်။ ပို့တဲ့အခါ ဖော့ပုံးတွေနဲ့ လေကြောင်း လိုင်းကနေတင်ရတာ။ဖော့ပုံးတစ်ပုံးဆို ရင် ငါးအရွယ်အစားပေါ်မူတည်ပြီး ထည့်ရတာ။ ငါးအရွယ်ကြီးရင် အကောင် ၅ဝ လောက် ဆံ့တယ်။ငါးအရွယ်သေးရင် အကောင်ရေ ၇ဝဝနဲ့ ၈ဝဝလောက်ထည့်လို့ရတယ်။တိုင်းရင်း ငါးတွေထဲက ငါးသဖွဲ၊ ငါးစော်ဘွား၊ ငါးသူငယ်၊ ငါးသလဲထိုး ၊ငါးပြားစင်းနဲ့ ငါးခုံးမတို့အဝယ်ရှိနေတယ်။ ငါးသဖွဲ ဆိုရင် ပြည်တွင်းမှာ အခြောက်လှန်းပြီး နို့ဆီဘူးနဲ့ ရောင်းရင်တစ်ဘူးကို ၂၅ကျပ် လောက်ပဲရတဲ့ငါးပါ။ ပြည်ပပို့ဖို့ လက် ခွဲ အလှမွေးငါးမွေးမြူရေးသမားတွေ ဆီက ဝယ်ရင် တစ်ကောင်ကို ၃ဝကျပ် ကနေ ၅ဝကျပ်အထိပေးဝယ်ရပါတယ်'' ဟု Hein Aquarium က ဦးတင်ဝင်း က ပြောပြသည်။                      အဆိုပါအလှမွေးငါးမျိုးများအနက် ငါးသလဲထိုးကိုတနင်္သာရီတိုင်းဒေသကြီး သံဖြူဇရပ်၊ဘုရားသုံးဆူဘက်ကလည်း ကောင်း၊ ငါးခုံးမကို ပြင်ဦးလွင်တွင် လည်းကောင်း၊ငါးပြားစင်းကိုဧရာဝတီ တိုင်းဒေသကြီးတွင်လည်းကောင်း၊ငါးသဖွဲ၊ ငါးစော်ဘွားနှင့်ငါးသူငယ်တို့ကို ရှမ်းပြည်နယ်(တောင်ပိုင်း) ဟိုပုန်းနှင့် အင်း လေးဒေသတို့်မှ ဖမ်းယူရရှိကြောင်းသိရသည်။ KMT

Monday, 23 May 2011

၂ဝ၁ဝ-၂ဝ၁၁ အတွင်း အိန္ဒိယနိုင်ငံ ပင်လယ်စာ တင်ပို့မှုတိုးတက်               ၂ဝ၁ဝ-၂ဝ၁၁ အတွင်း အိန္ဒိယနိုင်ငံ ပင်လယ်စာတင်ပို့မှု က နှစ်အလိုက်တင်ပို့မှု ၂၅ ဒသမ ၅ ရာခိုင်နှုန်း တိုးတက်ကာ ဝင်ငွေကန်ဒေါ်လာ ၂ ဒသမ ၆ ဘီလီယံရရှိခဲ့တယ်လို့ သိရတယ်။၎င်းပမာဏက ရည်မှန်းချက်ကို ကျော်လွန်ခဲ့ ကြောင်း ၊ ဂျပန်နဲ့ ဥရောပဈေးကွက်တွေကို သင်္ဘောတင်ပို့မှု တိုးတက်ခဲ့ရာ ပို့ကုန်ပမာဏတိုးတက်ကြောင်းသိရပါတယ်။ ၂ဝဝ၉-၂ဝ၁ဝ ဘဏ္ဍာနှစ်အတွင်း ပင်လယ်စာတင်ပို့မှုမှ ဝင်ငွေကန်ဒေါ်လာ ၂ ဒသမ ၁ ဘီလီယံသာရရှိခဲ့ပြီး ၂ဝ၁ဝ- ၂ဝ၁၁ မှာ ကန်ဒေါ်လာ ၂ ဒသမ ၅ ဘီလီယံသာရရှိမယ် ခန့်မှန်းထားခဲ့တယ်လို့ သိရပါတယ်။ ဒါပေမဲ့ အနက်ရောင် ပုစွန်ကြား(Black Tiger Shrimp)  နဲ့ အေးခဲ ပြည်ကြီးငါး တို့ကို ဥရောပ၊ ဂျပန်နဲ့ အမေရိကန်မှ ဝယ်လို အားများလာပြီး တင်ပို့မှုတိုးတက်ကာ ဝင်ငွေပမာဏစံချိန်တင်ခဲ့ကြောင်း သိရပါတယ်။              ယခင်ဘဏ္ဍာနှစ်အတွင်း ပင်လယ်စာတင်ပို့မှုစုစုပေါင်း မှာ ဥရောပကို ၂၆ ရာခိုင်နှုန်း၊ ဂျပန်ကို ၂ဝ ရာခိုင် နှုန်းနဲ့ အမေရိကန်ကို ၁၇ ရာခိုင်နှုန်းတင်ပို့ခဲ့ရကြောင်း၊ အဓိက တင်ပို့ရတဲ့ ပင်လယ်စာတွေမှာ အနက်ရောင်ပုစွန်ကြား၊ လတ်ဆတ်တဲ့ ပုဇွန်၊ အေးခဲထားတဲ့ ငါးမျိုးမျိုး၊ အေးခဲထားတဲ့ တူနာငါးနဲ့ ပြည်ကြီးငါးတို့ဖြစ်ကြောင်း သိရ ပါတယ်။ ပပSource:economictimes,indiatimes.com

Friday, 20 May 2011

ဧပြီလအတွင်း ရေထွက်ကုန်တင်ပို့မှုက ဒေါ်လာ ၃၁ သန်းကျော်ရရှိ               ၂ဝ၁၁-၂ဝ၁၂ ဘဏ္ဍာနှစ်၏ ဧပြီလအတွင်း ရေထွက်ကုန်တင်ပို့မှုက ဒေါ်လာ ၃၁ သန်းကျော် ရရှိခဲ့ကြောင်း ငါးလုပ်ငန်း ဦးစီးဌာန FIQC  ဌာနက တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ ''ဧပြီလ ၁ ရက်ကနေ ၃ဝ ရက်နေ့အထိ ပုံမှန်ကုန်သွယ်ရေးကနေ ဒေါ်လာ ၁၇.၆၉ဝ သန်း၊ မူဆယ်နယ်စပ်ကုန်သွယ်ရေး စခန်းကနေ ဒေါ်လာ ၃ ဒသမ ၃၃၃ သန်း၊ ကော့သောင်းနယ်စပ်ကုန်သွယ်ရေးစခန်းကနေ ဒေါ်လာ ၂ ဒသမ ဝ၁၂ သန်း၊ စစ်တွေနယ်စပ်ကုန်သွယ်ရေးကနေ ဒေါ်လာ သုည ဒသမ ၆၉၇ သန်း၊ မြိတ်နဲ့မောင်တောနယ်စပ်ကုန်သွယ်ရေးကနေ ဒေါ်လာ သုည ဒသမ၁၄၈ သန်း၊ ကဏန်းတင်ပို့မှုကနေ ဒေါ်လာ ၂ ဒသမ ၆၂၂ သန်း၊ ငါးရှဉ့် တင်ပို့မှုကနေ ဒေါ်လာ ၁ ဒသမ ၁၅၉ သန်း၊ ရေချိုငါးတင်ပို့မှုကနေ ဒေါ်လာ ၇ ဒသမ ၇ဝ၁ သန်းစသည်ဖြင့် ရေထွက်ကုန်တင်ပို့မှုကနေ ဒေါ်လာ ၃၁ ဒသမ ၄၅၄ သန်းရရှိခဲ့ပါတယ်''ဟု ယင်းဌာနက တာဝန်ရှိ သူတစ်ဦးက ပြောကြားသည်။ အဆိုပါရေထွက်ကုန်တင်ပို့မှု ဝင်ငွေများထဲတွင် အလှမွေးငါး တင်ပို့မှုက ရရှိသည့်ဝင်ငွေများ ပါဝင်ကြောင်း သိရသည်။ KMT 

Friday, 20 May 2011

ငါးမြစ်ချင်းကို အရှေ့အလယ်ပိုင်းက ဝယ်ယူမှုမှာ ဈေးကွက်အရသာ ဝယ်အားရှိခြင်းဖြစ်                      ငါးမြစ်ချင်းကို အရှေ့အလယ်ပိုင်းဒေသများက ဝယ်ယူမှုများရှိနေခြင်းကြောင့် တင်ပို့ရောင်းချနေရသော်လည်း ဈေးကွက်အရသာ ဝယ်အားရှိခြင်းဖြစ်ကြောင်း ရေထွက်ကုန် ပစ္စည်းတင်ပို့သူများထံက သိရသည်။ ''ငါးမြစ်ချင်းက လိုသလောက် တင်ပို့နိုင်တဲ့အနေအထားရှိ နေပါတယ်။ အခု အရှေ့အလယ်ပိုင်းက စဝယ်တာတွေ့ရပေ မယ့် အင်နဲ့အားနဲ့မရှိသေးပါဘူး။ ဈေးကွက်အရသာ ဝယ်အား ရှိတဲ့ သဘောမိုျးဖြစ်တော့ ဈေးနှုန်းကို ဆွဲခေါ်လို့မရသေး ပါဘူး။ အရှေ့အလယ်ပိုင်းဒေသတွေကို တင်ပို့ ရောင်းချမယ် ဆိုရင်Rules & Regulation တွေ သတ်မှတ်ထားတာဟာ ၂ဝ၁၁ ခုနှစ်၊ မေလ ၁ ရက်က စတင်မယ်လို့ သိရပါ တယ်။                      အဓိကကတော့Food Safety ဆိုင်ရာ သတ်မှတ်ချက် တွေလို့ သိရပါတယ်''ဟု လှိုင်သာယာ စက်မှုဇုန်အခြေစိုက် ငါးမြစ်ချင်းများမွေးမြူတင်ပို့နေသူတစ်ဦးက ပြောပြသည်။ မြန်မာနိုင်ငံတွင် ငါးမွေးမြူ ရေးဧက နှစ်သိန်းတစ်ထောင် ကျော်တွင် ငါးမြစ်ချင်းများကို ၈ဝ ရာခိုင်နှုန်း မွေးမြူခဲ့ကြပြီး၊ယခုနှစ်တွင် ငါးမြစ်ချင်းကို လျော့ချ၍ အခြားပြည်ပဈေးကွက် ရှိ ငါး၊ ပုစွန်များဖြစ်သော ငါးတန်၊ ပုစွန်နှင့် ကကတစ်ငါး များကို ပိုမိုမွေးမြူလာကြောင်း သိရသည်။ SN

Friday, 20 May 2011

အီးယူက ဗီယက်နမ်ငါးကို ပိုမိုတင်သွင်းလို             ဘယ်လဂျီယံရှိ ဥရောပပင်လယ်စာရောင်းချမှု လုပ်ငန်းများမှ ၎င်းတို့အနေနဲ့ နွေရာသီမှာ ဗီယက်နမ်က ငါးမြင်းအုပ်စု ဝင် Tra ငါးကိုပိုမိုတင်သွင်းလိုတယ်လို့ အခိုင်အမာ ပြောကြားခဲ့ကြောင်း ဗီယက်နမ် ပင်လယ်ထွက်ကုန် တင်ပို့သူများနဲ့ ပြုပြင်ထုတ် လုပ်သူများအသင်း (VASEP )မှ ပြောကြားပါတယ်။ ဒါ့အပြင် အမေရိကန်နဲ့ ဘရာဇီးကလည်း ဗီယက်နမ်  Tra ငါးကို ဆက်လက် တင်သွင်းသွားမယ်လို့ ဆိုပါတယ်။ VASEP ဟာ ၂ဝ၁၁ ခုနှစ် တတိယ ၃ လပတ် အတွင်းမှာ ပြည်ပတင်ပို့ဈေးကို တစ်ကီလို ကန်ဒေါ်လာ ဝ ဒသမ ၂- ဝ ဒသမ ၃ တိုးမြှင့်ဖို့လည်း ဆုံးဖြတ်ထားတယ်လို့ ဆိုပါတယ်။ အမေရိကန်ဈေးကွက်ကို တစ်ကီလို ဒေါ်လာ ၄ ဒသမ ၂ မှ ၄ ဒသမ ၅ ကိုလည်းကောင်း၊ ဥရောပဈေးကွက်တွေကို ကန်ဒေါ်လာ ၃ ဒသမ ၄ မှ ဒေါ်လာ ၃ ဒသမ ၆ ကိုလည်းကောင်း တိုးမြှင့်သတ်မှတ်သွားမယ်လို့ ဆိုပါ တယ်။             ဒါပေမဲ့လည်း ငါးမွေးမြူသူတွေက အတိုးနှုန်းမြင့်ပြီး သွင်းအားစု ကုန်ကျစရိတ်မြင့်တဲ့အပြင် ချေးငွေရရှိဖို့ ခဲယဉ်း တာကြောင့် ထုတ်လုပ်မှုတိုးမြင့်ရဲမှာမဟုတ်ဘူးလို့ ဆိုပါတယ်။ လတ်တလော စီးပွားရေးလုပ်ငန်းရှင်တွေက ငါးတစ်ကီလိုကို ဒေါင်၂၈ဝဝဝ (ကန်ဒေါ်လာ ၁ ဒသမ ၃၆) နဲ့ ဝယ်ယူနေတယ် လို့ သိရပါတယ်။ ယမင်းခင်၊Source: VOV

Sunday, 24 Apr 2011

ရေထွက်ပစ္စည်းထုတ်လုပ်သည့် စက်ရုံများ GAP Guide Line ကိုဧပြီ ၁ ရက် ကစတင်ကျင့်သုံး                ရေထွက်ပစ္စည်းထုတ်လုပ်သည့် စက်ရုံများအနေဖြင့်GAP Guide Line   ကို ဧပြီ ၁ ရက်ကစတင်ကျင့်သုံး နေပြီဖြစ်ကြောင်း ငါးဦးစီးထုတ်ပြန်ချက် အရသိရသည်။                ''GAP စနစ်ရဲ့အဓိက စားသုံးသူ တွေဘေးအန္တရာယ်ကင်းစွာ စားသုံးနိုင်အောင် အရည်အသွေးကောင်းအောင် ထုတ်လုပ်ဖို့ဖြစ်ပါတယ်။ ွGAP Guide Line  ကို ကျင့်သုံးတဲ့အခါ တစ်နှစ်အတွက် စစ်ဆေးခအနေနဲ့ လေးသောင်း လေးထောင်ကျပ်ကုန်ကျမှာဖြစ်ပြီး GAP Certificate  ထုတ်ပေးမှာပါ'' ဟု ငါးလုပ်ငန်းဦးစီးဌာနက တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။ ''ွGAP စနစ်ဟာ လူနေမှုစနစ်မြင့် လာတာကြောင့် ပေါ်ပေါက်လာတာ ဖြစ်ပါတယ်။ စိုက်ပျိုးရေး၊ မွေးမြူရေး လုပ်ငန်းတွေနဲ့ ပတ်သက်ပြီး စားသောက်ကုန်တွေကောင်းအောင် ထုတ်လုပ်ဖို့ပါ၊ အာဆီယံဂျီအေပီ၊ ဂလိုဘယ်လ်ဂျီအေပီ စနစ်တွေရှိပြီး ကျန်းမာရေးအတွက်Up grade လုပ်တာဖြစ်ပါတယ်။ အဲဒီ ကောင်းအောင်လုပ်ဖို့အတွက် ငွေကြေး Financing Program  လုပ်ဖို့လိုအပ်ပါတယ်။ တရုတ်ပြည်မှာက National Project လုပ်ရင် National Finance  လုပ်ပေးလေ့ရှိပါတယ်'' ဟု GAP  စနစ်များနှင့်ပတ်သက်၍ ပြည်ပနိုင်ငံများ၏ ဆောင်ရွက်ပေးမှုများကို ငါးလုပ်ငန်းအဖွဲ့ချုပ်က ဒုတိယဥက္ကဌဦးနှင်းဦးက သုံး သပ်ပြောကြားသည်။                                                                                      MN

Sunday, 24 Apr 2011

စားသုံးသူများ ငါးမြစ်ချင်းကို ပိုမိုဝယ်ယူလာ                 ပြည်တွင်းစားသုံးသူများက ငါးမြစ် ချင်းကို ပိုမိုဝယ်ယူ လာကြောင်း ကြည့်မြင်တိုင်မြို့နယ် ဗဟိုစံပြငါးဈေးရှိ ငါး အရောင်းဒိုင်များက သိရသည်။ ''အခုချိန်က ပင်လယ်ငါးအတက် ပါးလာတယ်။ ဈေးလဲ မြင့်လာတယ်။ အဲဒီအမြင့်ငါးဈေးက မွေးမြူရေးငါးဈေး တွေကို မီလာတယ်။ ဈေးချင်းတူရင် စား သုံးသူက မွေးမြူရေး ငါးကို ရွေးစားတာပဲ။ မွေးမြူရေးငါးတွေထဲမှာက အဝင်အများဆုံးကလည်း ငါးမြစ်ချင်းဆိုတော့ ငါးမြစ်ချင်းကို ပိုဝယ်လာကြတယ်။ ငါးမြစ်ချင်းက အခုအချိန်မှာ ဖော်ရောင်းသူ များတော့ ဈေးကပုံမှန်ပဲ။ ဈေးက မတက်ဘူး။ ငါးမြစ်ချင်း အရောင်းအဝယ်က ဈေးကွက်ထဲမှာ 2up ကိုအဓိကထား ဈေး ခေါ်ကြတာ၊ ဒီအပတ်ထဲမှာ 2 up တစ်ပိဿာကို ၁၈ဝဝ ကျပ်၊ အရွယ်ကြီးရင် တစ်ပိဿာကို ၁ဝဝ ကျပ်စီတိုးပြီး အရွယ်ငယ်ရင် တစ်ပိဿာကို ၁ဝဝ ကျပ်စီလျော့ပြီး ဈေးပြောကြတယ်'' ဟု ဗဟိုစံပြငါးဈေးမှ ငါးဒိုင်လုပ်ငန်းရှင် ဦးသန်းလွင်က ပြောကြားသည်။  ဈေးကွက်အတွင်းရှိ ငါးမြစ်ချင်းငါး အရွယ်အစားများမှာ (7-9),(9-11), (11-13),(13up),(13-18).(18-24), 2 up,3up နှင့် 4 up  စသည်ဖြင့် ဆိုက်ဒ် ၉ မျိုးခွဲထားကြောင်း သိရသည်။ MN

Sunday, 24 Apr 2011

အင်းလုပ်ကွက်များအား ဈေးပြိုင်တင်ဒါစနစ်ဖြင့် လုပ်ကိုင်ခွင့်ချထားပေးမည်              ယခင်က မွေးမြူရေးနှင့်ရေလုပ်ငန်း ဝန်ကြီးဌာန၏အစီအစဉ်ဖြင့် လုပ်ကိုင်ခွင့်ချထားပေးသည့်ဂရန် အင်း၊ ကြေးတိုင်အင်း၊ လေလံအင်း၊ တင်ဒါငါးဖမ်းကွက်များအား ယခုအခါ သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ် အစိုးရများ၏ စီစဉ်ကြီးကြပ်မှုဖြင့် ဈေးပြိုင်တင်ဒါစနစ်အရ လုပ်ကိုင်ခွင့်များ ချထားပေးသွားမည်ဖြစ် ကြောင်း သက်ဆိုင်ရာ ဌာနမှ သတင်းရရှိသည်။

Sunday, 3 Apr 2011

မြန်မာ့ရေထွက်ပစ္စည်းများ ပြည်ပဈေးကွက်ရရှိလာခြင်း                 မြန်မာနိုင်ငံက ပင်လယ်ကမ်းရိုးတန်းအလျားမိုင် ၁၃ဝဝ ကျော်ခန့်တည်ရှိတာနဲ့အမျှ ရေထွက်သယံဇာတ (Marine Natural Resources)  အများအပြားလည်း ပိုင်ဆိုင်လျက်ရှိပါတယ်။ ပုလဲ၊ ရေနံ၊ သဘာဝဓါတ်ငွေ့စတဲ့ အဖိုးတန်သယံဇာတနဲ့ ရေချိုရေငန်ငါးမျိုးစုံ၊ ပုစွန်၊ ကဏန်း၊ ခရု၊ ဂုံး၊ ကင်းမွန်၊ ပင်လယ်မျှော့၊ ရေညှိ၊ ရေမှော် စတဲ့ သယံဇာတတွေက ကမ်းရိုးတန်းနဲ့ မြစ်ဝကျွန်းပေါ်ဒေသနေ ပြည်သူတွေရဲ့ စီးပွားရေးကိုသာမက မြန်မာနိုင်ငံရဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက်လည်း များစွာ အရေးပါလျက်ရှိကြောင်း တွေ့ရှိရပါတယ်။ ္ဋငါး၊ ပုစွန်၊ ကဏန်းနဲ့ အခြားရေထွက်စတဲ့ ရေထွက်ကုန်ပစ္စည်းများမှာ ပင်လယ်ကမ်းရိုးတန်းဒေသဖြစ်တဲ့ရခိုင်ကမ်းရိုးတန်းဒေသ၊ ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသနဲ့ တနင်္သာရီကမ်းရိုးတန်း ဒေသတွေမှာ နေထိုင်ကြတဲ့ ရေလုပ်သားတွေရဲ့ အဓိကစီးပွားရေးလုပ်ငန်းကြီးဖြစ်သလို၊ ပြည်ပဝင်ငွေရရှိအောင် ကူညီပံ့ပိုးပေးလျက်ရှိတဲ့ ပို့ကုန်အမယ်လည်း ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှ ထွက်ရှိတဲ့ ရေထွက်ပစ္စည်းတွေကို ပြည်တွင်းစားသုံးကုန်အတွက် ပြည်တွင်း ဈေးကွက်များမှာ ဖြန့်ဖြူးရောင်းချမှုတွေရှိသလို ပြည်ပဈေးကွက်ကိုလည်း ပင်လယ်ရေကြောင်း၊ လေကြောင်းနဲ့ နယ်စပ် ကုန်သွယ်မှုနည်းလမ်းတွေနဲ့ ကမ္ဘာ့ဈေးကွက်နဲ့ အိမ်နီးချင်းနိုင်ငံတွေကို တင်ပို့ဆောင်ရွက်လျက်ရှိပါတယ်။ အိမ်နီးချင်း နိုင်ငံတွေကို တင်ပို့ရာတွင် မြန်မာ၊ တရုတ်နယ်စပ်မှာ မူဆယ်နယ်စပ်ကုန်သွယ်စခန်းမှလည်းကောင်း၊ မြန်မာ၊ ထိုင်းနယ်စပ်မှာ မြဝတီ၊ ကော့သောင်း၊ မြိတ်စခန်းများမှ လည်းကောင်း၊ ဘင်္ဂလားဒေ့ရှ်နယ်စပ်တွင် စစ်တွေ၊ မောင်းတောစခန်းများမှ လည်းကောင်း အသီးသီးတင်ပို့လျက်ရှိကြောင်း တွေ့ရှိရပါတယ်။                  ဘဏ္ဍာနှစ် ၆ နှစ်အတွင်း ရေထွက်ပစ္စည်းတင်ပို့မှုတွေကို ပို့ကုန်ပစ္စည်းစုစုပေါင်းတင်ပို့မှုနဲ့ နှိုင်းယှဉ်ကြည့်ရင် ၂ဝဝ၅-၂ဝဝ၆ ဘဏ္ဍာနှစ်တွင် ၃၈၄ ဒသမ ဝ၅ သန်းရှိပြီး၊ စုစုပေါင်းပို့ကုန်တန်ဖိုး ၁ဝ ဒသမ ၈ ရာခိုင်နှုန်း၊ ၂ဝဝ၆-၂ဝဝ၇ ဘဏ္ဍာနှစ်တွင် ၄၉၁ ဒသမ ၅ဝ သန်း၊ စုစုပေါင်းပို့ကုန်တန်ဖိုး ၉ ဒသမ ၃၉ ရာခိုင်နှုန်း၊ ၂ဝဝ၇-၂ဝဝ၈ ဘဏ္ဍာနှစ်တွင် ၅၅၄ ဒသမ ၅ဝ သန်း၊ စုစုပေါင်းပို့ကုန်တန်ဖိုး ၈ ဒသမ ၆၆ ရာခိုင်နှုန်း၊ ၂ဝဝ၈-၂ဝဝ၉ ဘဏ္ဍာနှစ်တွင် ၄၆၄ ဒသမ ၂၈ သန်း၊ စုစုပေါင်းပို့ကုန်တန်ဖိုး ၄ ရာခိုင်နှုန်း၊ ၂ဝ၁ဝ-၂ဝ၁၁ ဘဏ္ဍာနှစ် မတ်လ ၂၇ ရက်နေ့ထိတွင် ၂၈၂ ဒသမ ၉၁ သန်း၊ စုစုပေါင်းပို့ကုန်တန်ဖိုး ၃ ဒသမ ၇ ရာခိုင်နှုန်းစီအသီးသီးရှိကြောင်း တွေ့ရှိရပါတယ်။ ဒါကြောင့် နှစ်စဉ်တင်ပို့မှုတွေအပေါ် ခြုံငုံကြည့်ရင် ရေထွက်ပစ္စည်းတင်ပို့မှုမှာ စုစုပေါင်းပို့ကုန် တန်ဖိုး ၇ ဒသမ ၂၃ ရာခိုင်နှုန်းရှိနေကြောင်း တွေ့ရှိရပါတယ်။ ကုန်သွယ်မှုနည်းလမ်း ၂ ခုနဲ့ တင်ပို့မှုတွေကို နှိုင်း ယှဉ်ရင် ပင်လယ်ရေကြောင်းမှ တင်ပို့မှုက စုစုပေါင်းရေထွက်ပစ္စည်းတင်ပို့မှုရဲ့ ၅၄ ရာခိုင်နှုန်းရှိပြီး၊ နယ်စပ်ကုန်သွယ်မှု နည်းလမ်းနဲ့ တင်ပို့မှုက ၄၆ ရာခိုင်နှုန်းခန့်သာရှိကြောင်း လေ့လာတွေ့ရှိရပါတယ်။ မြန်မာနိုင်ငံတွင် ဥရောပတင်ပို့ခွင့်ရ အအေးခန်းစက်ရုံ (EU Licences (or) Eu FDA Certificate)  ၈ ရုံရှိကာ ပင်လယ်ရေကြောင်းမှ ရေထွက်ပစ္စည်းတင်ပို့တဲ့ ကုမ္ပဏီစုစုပေါင်း ၁၅ဝ ခန့်ရှိပြီး ဈေးကွက်ရရှိမှုမှာ အိမ်နီးချင်း အာဆီယံ ငါးနိုင်ငံ၊ အာရှ ၁ဝ နိုင်ငံ၊ ဥရောပ ခြောက်နိုင်ငံ၊ သြစတြေးလျနိုင်ငံနဲ့ အာဖရိကတိုက်ရှိ ကင်မရွန်နိုင်ငံတို့ကို တင်ပို့နိုင်ပြီး စုစုပေါင်း ၂၂ နိုင်ငံကို ဈေးကွက်ရရှိလျက်ရှိကြောင်း တွေ့မြင်ရမှာဖြစ်ပြီး နယ်စပ်ကုန်သွယ် မှုနည်းလမ်းနဲ့ ကုမ္ပဏီ ၂၁ဝ ခန့်မှ အိမ်နီးချင်း ၆ နိုင်ငံ တင်ပို့နိုင်တဲ့အထိ ဈေးကွက်ခိုင်မာလျက်ရှိကြောင်း သိရှိရပါတယ်။                                  အေးမြင့် 

Pages