Background
ရန်ကုန်တိုင်းဒေသကြီး ဘုရင့်နောင်ကုန်စည်ဒိုင်မှာ မတ်ပဲအရောင်းအဝယ် ပုံမှန်ဖြစ်နေကြောင်း သိရပါတယ်။ အိန္ဒိယဝယ်လက်ပုံမှန်ရှိနေပြီး ပြည်တွင်း ရောင်းလက်များမှ ရောင်းလိုအားများနေတယ်လို့ သိရပါတယ်။ ဈေးအနိမ့်မှာ ပင် ရောင်းချမှုများတာကြောင့် မတ်ပဲ FOB ဈေးမှာ ယခင်တစ်ပတ်ထက် အနည်းငယ် လျော့ကျခဲ့ပါတယ်။
ယခုနှစ် မေလအတွင်း မတ်ပဲတင်ပို့မှုက စံချိန်သစ်တင် တိုးတက်ခဲ့ပါတယ်။ ဧပြီလတစ်လလုံးမှာ မတ်ပဲတန်ချိန် ၄၂၀၀၀ ကျော်တင်ပို့ခဲ့ပြီး မေလတစ်လလုံးမှာ တန်ချိန် ၉၀၀၀၀ ကျော်အထိ တင်ပို့မှုမြင့်တက်ခဲ့ ကြောင်းသိရပါတယ်။ ယခင်နှစ် မေလအတွင်းမှာလည်း မတ်ပဲတင်ပို့မှု တန်ချိန် ၈၅၀၀၀ နီးပါးထိမြင့်တက်ခဲ့ပေမဲ့ ယခုနှစ်မှာတော့ စံချိန်သစ်တင် တိုးတက်တင်ပို့နိုင်ခဲ့တာဖြစ်ပါတယ်။
စားနပ်ရိက္ခာဈေးနှုန်းမြင့်တက်မှု လျော့ကျဖို့ ဆန်နဲ့အခြားစားသောက်ကုန်များ တင်သွင်းရေး တန်ဇန်းနီးယား အစိုးရက တွန်းအားပေးလာနိုင်တယ်လို့ တန်ဇန်းနီးယားဘဏ် (BOT) မှ ပြောကြားပါတယ်။ စားနပ်ရိက္ခာသီးနှံ ရှားပါးခြင်းနဲ့ ရေ နံ ဈေးမြင့်တက်ခြင်းတို့ကြောင့် အာဖရိကနိုင်ငံအတွင်း ဈေးနှုန်းဖောင်းပွမှုဟာ ၂၄ ရာခိုင်နှုန်း ဝန်းကျင်ရှိနေပါတယ်။
အခြားလယ်ယာထွက်ကုန် ပစ္စည်း တစ်မျိုးဖြစ်သော မန်ကျည်းသီးအား ပြည်ပသို့ တင်ပို့လျက်ရှိရာ ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်တွင် ပင်လယ်ရေ ကြောင်းမှ အမေရိကန်ဒေါ်လာ ၉ သန်းကျော်ဖိုး တင်ပို့နိုင်ခဲ့သဖြင့် ၁၀ နှစ်တာကာလအတွင်း အမြင့်ဆုံး တင်ပို့ နိုင်ခဲ့ခြင်းဖြစ်ကြောင်း စာရင်းဇယားများ အရ သိရှိရပါသည်။
တရုတ်နိုင်ငံအကောက်အခွန်ရဲ့ ပြင်းထန်တဲ့ တားမြစ်မှုနဲ့ ထိုင်းသကြား ပရီမီယံ မြင့်တက်မှုတွေကြောင့် တရုတ်နိုင်ငံအတွင်း ကို သကြားတရားမဝင် တင်သွင်းမှုကျဆင်းခဲ့ကြောင်း၊ ယူနန်သကြားအသင်း အထွေထွေ အတွင်းရေးမှူး Deng မှ ပြောကြား ပါတယ်။ ပထမ ၃ လအတွင်း တရားမဝင်တင်သွင်းမှု တန်ချိန် ၅ သိန်းအထိ ရှိခဲ့လို့ နှစ်ပေါင်း ၁၇ နှစ်အတွင်းမှာ အများဆုံး ဖြစ်တယ်လို့ ဧပြီလအတွင်း ကွမ်းရှီးသကြားအသင်းမှ ပြောကြားပါတယ်။ ဒါပေမယ့် ဒုတိယသုံးလအတွင်းမှာတော့ သုံးပုံနှစ်ပုံခန့် တင်သွင်းမှု ကျဆင်းနိုင်တယ်လို့ ၎င်းင်းမှ ဆိုပါတယ်။
တရုတ်နိုင်ငံရဲ့အဓိကသင်္ဘောတင်ကုန်ပစ္စည်းတွေထားရှိတဲ့ ကွမ်ကျိုးဆိပ်ကမ်းမှာ ရော်ဘာဝယ်လိုအားတွေ ကျဆင်း တယ်လို့ ကွမ်းကျိုး နိုင်ငံတကာရော်ဘာကုန်စည်ဒိုင်ကထုတ်ပြန်ထားပါတယ်။ တာယာထုတ်လုပ်ရေးတွေရဲ့ ဝယ်လိုအားက လက်ရှိအချိန်မှာ အားနည်းနေတာကြောင့် ပြန်လည်သိုလှောင်မှုကိုလည်းအနည်းငယ်ပဲ ဆောင်ရွက်နေကြောင်း ကုန်စည်ဒိုင်ရဲ့ ဥက္ကဌကပြောကြား ခဲ့ပါတယ်။
မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်၊ လွယ်ဂျယ်နဲ့ချင်းရွှေဟော်နယ်စပ်၊ မြန်မာ-ထိုင်းနယ်စပ်ရှိ မြိတ်နယ်စပ်တို့မှ မေလ ၂၃ ရက်မှ ၂၉ ရက်ထိကာလအတွင်းမှာ ကန်ဒေါ်လာ ၃ ဒသမ ၈၃၉ သန်းတန်ဖိုးရှိ ရော်ဘာအဆင့်စုံ ၁၁၁၆ တန်ကို တင်ပို့ခဲ့ပါတယ်။
မေ ၂၀ရက်မှ ၂၆ ရက်ထိကာလအတွင်း ပင်လယ်ရေကြောင်းမှ ရော်ဘာ ၃၄၇ တန်၊ တန်ဖိုး ဒေါ်လာ ၁ ဒသမ ၁၂၅ သန်းဖိုး တင်ပို့ခဲ့ပါတယ်။ ယခင်ရက်သတ္တပတ်ထက် တန် ၇၀၀ နီးပါး တင်ပို့မှုလျော့နည်းခဲ့ပါတယ်။ တင်ပို့မှုတွေကတော့ တရုတ်ကို ၂၂၇ တန်နဲ့ မလေးရှားကို တန် ၂၂၀ တင်ပို့ခဲ့တာ ဖြစ်ပါတယ်။
၂၀၁၂-၂၀၁၃ ခုနှစ်မှာ ကမ္ဘာ့ပြောင်းထုတ်လုပ်မှု ပြန်လည်မြင့်တက်လာနိုင် ဖို့ခန့်မှန်းထားပြီး ချီကာဂိုကုန်သွယ်ရေးအသင်း IGC ကလည်း တရုတ်ကို တင် ပို့မှုဆက်လက်မြင့်မားနိုင်တယ်လို့ မျှော်မှန်းထားကြောင်း သိရပါတယ်။
ဟင်္သာတဈေးကွက်မှာ အစေ့ထုတ်ပြောင်းဈေးနှုန်းမှာ ယခင်အပတ်က ပိဿာ ၂၀ တစ်တင်းကို ၆၃၀၀ ကျပ်နဲ့ အရောင်းအဝယ်ဖြစ်ခဲ့ပြီး၊ ယခုတစ်ပတ်မှာ တစ်တင်း ၆၅၀၀ ကျပ်နဲ့ ဈေးဆက်မြင့်နေကြောင်း သိရပါတယ်။ ပြောင်းစိုက်တောင်သူ များ အတွက် တစ်တင်း ကုန်ကျစရိတ်မှာ ၃၆၀၀ ကျပ်ဖြစ်ပြီး၊ တစ်တင်းရောင်းဈေးမှာ ၆၅၀၀ ကျပ်ဖြစ်လို့ တောင်သူများအတွက် အကျိုးအမြတ်ရရှိပြီး၊ ရောင်းအားလည်း ပိုကောင်းလာပါတယ်။ ရန်ကုန်ဈေးကွက်ကို တစ်ရက် ပျမ်းမျှ အိတ် ၃၀၀၀ ခန့် တင်ပို့တယ်လို့ သိရပါတယ်။ အေးအေးခိုင်