Background
မုံရွာကုန်စည်ဒိုင် မေလလယ်ကုလားပဲဈေးကွက်မှာ ပစ္စည်းလက်ကျန်လျော့ နည်းလာတဲ့အတွက် ရောင်းလိုအားနည်းနေကာ ဝယ်လိုအားကတော့ ဆက်လက် ကောင်းမွန်နေဆဲဖြစ်လို့ ဈေးမာနေတယ်လို့ သိရပါတယ်။ ယခုတစ်ပတ်အတွင်း ဖြစ်ပေါ်ခဲ့တဲ့ ကုလားပဲမျိုးစုံ တစ်တင်းပေါက်ဈေး အနိမ့်အမြင့်နဲ့ အရောင်းအဝယ် ဖြစ်မှုအခြေအနေကို လေ့လာကြည့်တဲ့အခါ V2 အနေနဲ့ အမြင့်ဆုံး ၁၉၅၀၀ ကျပ်ထိ ပေါက်ခဲ့ပြီး၊ အနိမ့်ဆုံး ၁၉၂၀၀ ကျပ်သာ ဖြစ်ခဲ့ကာ ရန်ကုန်ဝယ်လက်တွေ တစ်လ နီးပါးနေ့စဉ် ပုံမှန်အဝယ်ရှိတဲ့အတွက် တစ်ရက်အိတ် ၁၅၀၀ ဝန်းကျင်အရောင်း အဝယ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။
ယခုတစ်ပတ်အတွင်း အိန္ဒိယကုလားပဲလက်ငင်းဈေးကွက်တွေမှာ ဝယ်လိုအား နည်းတာကြောင့် ကြိုပွိုင့်ဈေးပါ အနည်းငယ်ကျဆင်းခဲ့ပါတယ်။ ယခုတစ်ပတ် အတွင်း နေ့စဉ်ဈေးကွက်ကို ဝင်ရောက်မှု အနည်းငယ် လျော့ကျ ခဲ့ကြောင်း သိရပါ တယ်။
ပင်လယ်ရေကြောင်းက ကုလားပဲရိုးရိုး၊ ကုလားပဲဖြူလုံးကြီး ပြည်ပတင်ပို့မှုမှာ ယခင်တစ်ပတ်ထက်သိသိသာသာပိုလာ ခဲ့ပါတယ်။ယခင်တစ်ပတ်က တန်ချိန် ၂၄၀၀ ကျော်သာရှိရာမှ ယခုတစ်ပတ်မှာ တန်ချိန် ၆၅၀၀ ကျော်အထိ တင်ပို့နိုင်ခဲ့ကြောင်း သိရပါတယ်။
အိန္ဒိယနိုင်ငံမှာ ပရိုတိန်းပြည့်ဝတဲ့ပဲကို ဝယ်လိုအားမြင့်တက်ခြင်းနဲ့ ှ၎င်းင်းရဲ့ကျန်းမာရေးတန်ဖိုးတို့ကြောင့် ပဲနှစ်စဉ်စားသုံးမှု ကြီးထွားလျက်ရှိနေပါတယ်။ နိုင်ငံအတွင်း ပဲမျိုးစုံရောင်းချမှုနဲ့ ဝယ်လိုအားကွာဟမှုလျော့ကျစေဖို့ နိုင်ငံအတွင်း ထုတ်လုပ်မှု မြှင့်တင် လျက်ရှိရာ ၂၀၀၆-၀၇ မှာ ပဲမျိုးစုံထုတ်လုပ်မှုတန်ချိန် ၁၄ ဒသမ ၀၆ သန်းရှိရာမှ ၂၀၁၀-၁၁ မှာ တန်ချိန် ၁၈ ဒသမ ၂ သန်းကို လေးနှစ်အတွင်း တန်ချိန် ၄ ဒသမ ၁၄ သန်း တိုးတက်လာခဲ့တယ်လို့ သိရပါတယ်။
အိန္ဒိယပြည်တွင်းဈေးကွက်တွေကို လွန်ခဲ့တဲ့ရက်အတွင်း နွေပဲတီစိမ်းတွေ ဝင်ရောက်မှုတိုးလာပြီး ဝယ်ယူမှုနည်းတာကြောင့် ယခင်တစ်ပတ်ထက်ဈေးကျဆင်းခဲ့ပါတယ်။ ပဲတီစိမ်းထပ်မံဝင်ရောက်မှု တိုးလာခဲ့ရင် လာမယ့်ရက်တွေမှာ ဈေးဆက်လက်ကျ ဆင်းဖွယ်ရှိတယ်လို့လည်းကုန်သည်များကဆိုပါတယ်။
ယခုဘဏ္ဍာနှစ်ဧပြီလမှာ ကန်ဒေါ်လာ သုညဒသမ ၈၇၈ သန်းတန်ဖိုးရှိ ပဲတီစိမ်း ၁၁၆၅ တန်ကျော် တင်ပို့နိုင်ခဲ့ရာ အနီးစပ်ဆုံး ကာလထက် တန် ၁၂၀ ကျော် အပို့ပိုခဲ့ပါတယ်။ တစ်ဖက်နိုင်ငံမှာ ပဲတီစိမ်းဝယ်လိုအား ကောင်းမွန်လျက်ရှိပြီး တစ်တန်ကို ယွမ် ၅၀၀၀ မှ ၅၅၀၀ ထိ ဈေးပေါက်နေတယ်လို့ သိရပါတယ်။
ရန်ကုန်တိုင်းဒေသကြီး ဘုရင့်နောင်ကုန်စည်ဒိုင်မှာ အခြားပဲများ ရောင်းဝယ်မှုအားလျော့ကျပေမဲ့ ပဲတီစိမ်း၊ ပဲတီရွှေဝါ ကတော့ ယခင်တစ်ပတ် ပမာဏလိုဘဲ အရောင်းအဝယ်ဖြစ်တာတွေ့ရပါတယ်။ မေလ ၁၂ ရက်မှ ၁၇ ရက်အတွင်း ပဲတီစိမ်း၊ ပဲတီရွှေဝါ စုစုပေါင်း တန်ချိန် ၉၅၀၀ ခန့်အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။
ပင်လယ်ရေကြောင်းမှ ပဲတီစိမ်းတင်ပို့ရာမှာ အိန္ဒိယ၊ ပါကစ္စတန်တို့ကို ပမာဏအချို့တင်ပို့မှုရှိပေမဲ့ ဗီယက်နမ်မှ တစ်ဆင့် တရုတ်ဘက်ကိုတင်ပို့တဲ့ ပမာဏများလို့ ယခုတစ်ပတ် (မေလ ၇-၁၁ ရက်) အတွင်းမှာ ပဲတီစိမ်းတန်ချိန် ၁၃၀၀၀ ခန့်အထိ တင်ပို့နိုင်ခဲ့တယ်လို့သိရပါတယ်။
ယခုတစ်ပတ်မှာ ပြည်ပဲလွန်းဖြူ ဈေးကွက်ကို ပဲအဝင် နည်းလာခဲ့ပြီး၊ ပဲတစ်တင်းကို ၁၂၀၀၀ ကျပ်ရှိတယ်လို့ သိရပါတယ်။ ယခင်အပတ်များက ပဲတစ်တင်းကို ၁၂၅၀၀ ကျပ်နဲ့ ဈေးငြိမ် နေခဲ့ရာမှ ယခုတစ်ပတ်မှာတော့ ဈေး လျော့ လာခဲ့ပါတယ်။ ရန်ကုန်ဝယ် လက်နည်းပြီး၊ လက်လီသမားများသာ အဝယ်ရှိတယ်လို့ သိရပါတယ်။ တစ်နေ့ ၁၀- ၁၅ အိတ်ခန့် အရောင်းအဝယ် ဖြစ်တယ်လို့ သိရပါတယ်။မိမိအေး
ဈေးကွက်တွေမှာ ပဲလွန်းဖြူ အရောင်းအဝယ် လျော့ပေမဲ့ ပင်လယ် ရေကြောင်းတင်ပို့မှုက ယခုတစ်ပတ် လည်း ပုံမှန်ရှိနေပါတယ်။ မေလ ၇ ရက်မှ ၁၁ ရက်အထိ တစ်ပတ်အတွင်း ဗီယက်နမ်၊ ထိုင်း၊ စင်ကာပူ၊ မလေးရှား၊ ကိုရီးယား၊ အိန္ဒိယနဲ့ ပြင်သစ်ကို တန် ၁၃၀၀ ခန့် တင်ပို့ခဲ့ပါတယ်။
