Background
မျက်မှောက်ခေတ်၌ အခြေခံစိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများမှသည် အဆင့်မြင့်သိပ္ပံနည်းပညာနှင့် အနုပညာနယ်ပယ်များ အထိ ICT (Information and Communication Technology) ကင်းလွတ်သည့်နေရာဟူ၍မရှိ။ စိုက်ပျိုးရေးသမား၊ မွေးမြူရေး သမားမှအစ အနုပညာလုပ်ငန်းများအဆုံး ICT သုံး၍ မိမိတို့အတွက် လိုအပ်သော သတင်းအချက်အလက်များနှင့် နည်းပညာ ဗဟုသုတတို့ကို အချိန်နှင့်အမျှ ရယူသုံးစွဲနေကြ ရ၏။ ယုတ်စွအဆုံး လူသူမရောက် နိုင်သည့် ဟိုးအဝေး တောင်တန်းကြီး များ ပေါ်တွင် နက်နက်ရှိုင်းရှိုင်း လျှို့ဝှက်စွာဖြင့် လူမြင်မခံ ရှင်သန်ရပ်တည်နေ ကြသူများပင်လျှင် ICT ကို လက်ကိုင်ပြု အားထားကြရ သည်သာ။ ဘယ်ကိုသွားသွား၊ ဘယ်နေရာကြည့်ကြည့် အိုင်စီတီကင်းသည့်နေရာမရှိဟုပင်ဆိုရပေမည်။ အိုင်စီတီကြောင့် မိမိတို့လုပ်ငန်းများတွင် ကုန်ကျစရိတ်များသက်သာခြင်း၊ လုပ်ငန်းများလုပ်ဆောင်ရာတွင် ပိုမိုလျင်မြန်လွယ်ကူ လာခြင်း၊ ယှဉ်ပြိုင်ကြိုးစားမှုများတိုးပွားလာခြင်း၊ လုပ်ငန်း ထိန်းချုပ်ကွပ်ကဲမှု ကောင်းမွန်လာခြင်း၊ ဈေးကွက်ချဲ့ထွင်မှုအားကောင်း လာခြင်း၊ မိမိနှင့် ဆက်ဆံလုပ်ကိုင်နေသော ဖောက်သည်များကို စိတ်ကျေနပ်မှုပေးစွမ်းနိုင်ခြင်း၊ တန်ဖိုးသစ်များဖန်တီးနိုင်ခြင်း စသည့် အကျိုးတရားများ ဖြစ်ထွန်းလာသည်ဟု ပညာရှင်များကလေ့လာသုံးသပ်ကြသည်။ သို့ဖြင့် အိုင်စီတီသည် ခေတ်ကာလစီးပွားရေးတွင် အရေးပါသော လုပ်ငန်းကဏ္ဍတစ်ခုဖြစ်လာခဲ့သည်။ လူ့အဖွဲ့အစည်း၊ လူ့ အသိုင်းအဝိုင်းတစ်ရပ်၏ အိုင်စီတီဖွံ့ဖြိုးမှု အနေအထားသည် ထိုအဖွဲ့အစည်း၏ စီးပွားရေးအဆောက်အအုံအပေါ် အနည်းနှင့် အများရိုက်ခတ်လျက်ရှိနေမည်သ ဖြစ်သည်။ တရုတ်နိုင်ငံမှ ပညာရှင် Q Meng က အိုင်စီတီနှင့် GDP အချိတ်အဆက်ကို အောက်တွင်ပြထားသော ပုံစံဖြင့်ဖော်ပြထားသည်။ အထက်ပါဇယားရှိ အောက်ဆုံးမှ ရလဒ်သုံးခုသည် ကူးသန်းရောင်းဝယ်မှုတိုးတက်ရေးအတွက် အရေးပါသော အခြေခံအချက် များဖြစ်သည်။ သို့ဖြစ်၍ ကမ္ဘာ့နိုင်ငံအသီးသီးတို့သည် အိုင်စီတီမူဝါဒများကိုချမှတ်ကြ၍ အိုင်စီတီဖွံ့ဖြိုးရေးစီမံကိန်းများ ရေးဆွဲ အကောင် အထည် ဖော်လာကြတော့သည်။ ဒေသတွင်းနိုင်ငံများ၏ အိုင်စီတီဦးတည်မှုကို ကြည့်လျှင် ထိုင်းနိုင်ငံသည် ဟာ့(ဒ်)ဝဲဒီဇိုင်းနှင့် ထုတ်လုပ်မှုကို အဓိကဦးတည်၍ လည်းကောင်း၊ ဗီယက်နမ်နိုင်ငံသည် လူထုဆက်သွယ်ရေးလုပ်ငန်းကို အဓိကထား၍ လည်း ကောင်း၊ အိန္ဒိယနိုင်ငံသည် ဆော့(ဖ်)ဝဲနည်းပညာ အခြေခံကုန်ထုတ်လုပ်မှုကို ဇောင်းပေး၍ လည်းကောင်း လုပ်ကိုင်နေကြသည်ကို တွေ့ရသည်။ထွန်းသစ်စစီးပွားရေးနှစ်ခု၏ အိုင်စီတီ တရုတ်နိုင်ငံ၏ ICT သုံးစွဲမှုမှာ ၂၀၀၅ ခုနှစ်တွင် အမေရိကန် ဒေါ်လာ ၁၉၉ ဘီလျံကျော်ရှိခဲ့ပြီး အိန္ဒိယနိုင်ငံ၏ ထိုနှစ်အတွင်း ICT သုံးစွဲမှုမှာ ဒေါ်လာ ၃၅ ဘီလျံကျော် ရှိခဲ့သည်။ တရုတ်နိုင်ငံ လူဦးရေ၏ ဆယ်ပုံတစ်ပုံပင်မရှိသော ဖွံ့ဖြိုးပြီး ဂျပန်နိုင်ငံ၏ ၂၀၀၅ ခုနှစ် ICT သုံးစွဲမှုမှာ ၂၉၂ ဘီလျံကျော်ရှိခဲ့သည်။ တရုတ်နိုင်ငံသည် ထိုမှနောက် ငါးနှစ်အကြာတွင် ၎င်း၏ စက်မှုကုန်ထုတ် လုပ်မှုကို ကမ္ဘာ့အဆင့်သို့မောင်းနှင်နိုင်ရန်ရည်ရွယ်၍ လူထုဆက်သွယ်ရေး အခြေခံအဆောက်အအုံကို ဆက်လက်မြှင့်တင်ခဲ့ရာ ပြည်တွင်းအိုင် စီတီလုပ်ငန်း အရှိန်အဟုန်ကောင်းလာခဲ့သည်။ တရုတ်နိုင်ငံရှိ လုပ်ငန်းများ၏ အိုင်စီတီသုံးစွဲမှုမှာ ငါးနှစ်တွင် နှစ်စဉ်ပျှမ်းမျှ ၆ ဒသမ ၂ ရာခိုင်နှုန်းတိုးတက်လာခဲ့ပြီး ၂၀၀၉ ခုနှစ် တွင် ဒေါ်လာ ၈၅ဘီလျံသို့ရောက်လာခဲ့သည်။ အိန္ဒိယနိုင်ငံရှိ လုပ်ငန်း များ၏ အိုင်စီတီသုံးစွဲမှုမှာ ငါးနှစ်အတွင်း ၁၄ ဒသမ ၈ ရာခိုင်နှုန်း တိုးတက်ခဲ့သည်ဟု ခန့်မှန်းထားပြီး ၂၀၀၉ ခုနှစ်တွင် ဒေါ်လာ ၆၃ ဘီလျံကျော်ရှိခဲ့သည်။မြန်မာ့ ICT တစေ့တစောင်းလူသားအရင်းအမြစ် ဖွံ့ဖြိုးရေးအတွက် အိုင်စီတီသင်တန်းများ လက်ရှိပြည်တွင်း ICT နယ်ပယ်တွင် သင်တန်းများနှင့် လူ့စွမ်းအားအရင်းအမြစ် (Human Resource) ပိုင်း၌ အားရ စရာအကောင်းဆုံးဖြစ်၏။ သင်တန်းပိုင်းဟုဆိုရာတွင် အစိုးရသင်တန်းကျောင်းများနှင့် ပုဂ္ဂလိက (Private) ပိုင်းတွင်ပါ နှစ်ဖက် စလုံးကအားကောင်းနေကြသည်။ အစိုးရသင်တန်းကျောင်းများဆိုလျှင် လက်ရှိတွင် တစ်နိုင်ငံလုံး၌ဖွင့်လှစ်ပေးသော အစိုးရ တက္ကသိုလ်ပေါင်း ၂၆ ခုအထိရှိနေ၏။ ထိုအရေအတွက်သည် အချို့သော အရှေ့တောင်အာရှ နိုင်ငံများထက် ပိုမိုများပြားနေ သေး ၏။ ထု့ိပြင် သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာနမှ ဦးဆောင်၍ ဂျပန်၊ အိန္ဒိယ စသည့်နိုင်ငံများနှင့် ဆက်သွယ်ပြီး နည်းပညာဖလှယ်ရေး အထူးသင်တန်း (Technology Transfer Tranining) များဖွင့်လှစ်ပို့ချလျက်ရှိသည်။ ပုဂ္ဂလိက၌လည်း သာမန် Internet/e-mail အသုံးပြုသင်တန်းလေးများမှစပြီး နိုင်ငံတကာတက္ကသိုလ်များမှ ဘွဲ့ဒီဂရီ တိုက်ရိုက် ရနိုင်သည့် သင်တန်းများအထိ ပြည်တွင်း၌ နိုင်ငံခြားငွေကုန်ကျမှုသက်သာစွာဖြင့် တက်ရောက်နိုင်၏။ ယခု ၂၀၁၀ နှစ်ဦးပိုင်းတွင် Myanmar Computer Company (MCC) သည် MCC Institute အဖြစ် ရတနာပုံတယ်လီပို့တွင်ဖွင့်လှစ်ခဲ့ကာ နိုင်ငံတကာအသိ အမှတ်ပြု အိုင်စီတီဘွဲ့ဖြစ်သည့် BSc (Hons:)BIT (Greenwich University,UK) များကိုစတင်သင်ကြားနိုင်ခဲ့သည်။ ဆက်၍ လည်း နိုင်ငံတကာအသိအမှတ်ပြု အင်ဂျင်နီယာအဖွဲ့များအား ပြည်တွင်းမှ မြန်မာကျောင်းသားများအတွက် International Campus Life များအတိုင်းသင်ကြားပေးနိုင်တော့မည်ဟု သိရပါသည်။ ပြည်တွင်း၌ ICT သင်တန်းနှင့် အဆင့်မြင့်သင်တန်း များသည် ရန်ကုန်၊ မန္တလေးစသောမြို့ကြီးများ၌သာ တက်ရောက်နိုင်ပြီး အချို့သောနယ်မြို့များရှိ မြို့ခံ ကျောင်းသား၊ ကျောင်းသူ များအတွက် လိုအပ်နေဆဲဖြစ်နေ၏။ ထို့ကြောင့် ပုဂ္ဂလိကသင်တန်းကျောင်းများအနေဖြင့် နယ်စပ်ဒေသ (Remote Areas) များရှိ လူငယ်များအတွက် ICT သင်တန်းများ ပိုမိုဖွင့်လှစ်သင်ကြားပေးနိုင်လျှင် ICT အရှိန်အဟုန် ပိုမိုရုပ်လုံးကြွလာမည်ဟု ယူဆမိသည်။ ICT သင်တန်းများနှင့် ပတ်သက်၍ နိုင်ငံတကာဈေးကွက် (International Market) အနေဖြင့်ကြည့်လျှင် အခွင့်အလမ်း ကောင်း များစွာရှိနေပါ၏။ အထူးသဖြင့် ASEAN ဒေသတွင်းရှိ စင်ကာပူနိုင်ငံသည် ပညာရေးလုပ်ငန်း(Education Industry) ကို အားပြု၍ တိုးတက်ထွန်းကားလာသော နိုင်ငံတစ်ခုဟု ဆိုနိုင်သည်။ သို့သော် ယခုနှစ်ပိုင်းများအတွင်း စင်ကာပူနိုင်ငံသည် ကမ္ဘာ့စီးပွားရေး အကျပ်အတည်း (World Financial Crisis) ဂယက် ရိုက်ခတ်မှု အပြင် ၎င်းတို့၏ မြေနေရာအနေအထား (Space Limitation) ကြောင့် တက္ကသိုလ်ကြီးများ၊ Institute ကြီးများ ထပ်မံမတည်ဆောက် နိုင်တော့ဟုဆိုသည်။ မြန်မာနိုင်ငံ၌ ပြင်ဦးလွင်၊ တောင်ကြီးစသော ဒေသများသည် တည်နေရာ (Location) အရ၊ ရာသီဥတုအခြေအနေ (Climate Condition) အရ ပြည်ပမှလာရောက်သင်ယူလိုသူ ကျောင်းသားများ အတွက် နိုင်ငံတကာအဆင့် ဈေးကွက်ဝင် တက္ကသိုလ် ကောလိပ်ကြီး များဖွင့်လှစ်ရန် သင့်လျော်လျက်ရှိ၏။ ပြည်တွင်း ICT ဆက်စပ် Media လုပ်ငန်းများ ICTဆက်စပ် Media လုပ်ငန်းများကတော့ ယနေ့ခေတ်မှာ အားကောင်းထွန်းကားလာတဲ့ New ICT Business Sector လို့ ဆိုနိုင်ပါသည်။ အထူးသဖြင့် လက်ရှိ ပြည်တွင်းအင်တာနက်သုံးစွဲသူ စုစုပေါင်းဟာ ၂ သိန်းဝန်းကျင်လောက်သာ ရှိသေးပေမယ့် ဒီဘက် နှစ်ပိုင်းများမှာ နိုင်ငံအနှံ့ Internet Cafe များ၊ Public Access Center (PAC) များ တိုးတက်ဖွင့်လှစ်လာပြီး အင်တာ နက် သုံးစွဲမှု နှုန်းမှာလည်း များစွာတိုးတက်လျက်ရှိနေ၏။ လက်ရှိပြည်တွင်း၌ ရှိသည့် ICT နှင့် Banking Infrastructure အနေအထားများအရ ပြည်တွင်း၌ အီလက်ထရောနစ်သုံးရောင်းဝယ်မှု (E-Commerc) ကို လုပ်ကိုင်ဆောင်ရွက်နိုင်ခြင်း မရှိသေးသော်လည်း Internet သုံးစွဲမှုမြင့်မားလာသည်နှင့်အမျှ Internet Advertising, e-market place ကို ပြည်သူလူထုနဲ့ လုပ်ငန်းရှင်များမှ စိတ်ဝင်စားမှုရှိလာကြ ပြီး ကုမ္ပဏီများအနေဖြင့်လည်း E-commerce Transactions များ မပါဝင်သည့်တိုင် Advertising, Information Website များကို အင်တာနက်တွင် အသီးသီးလွှင့်တင်လာကြပြီဖြစ်သည်။ အွန်လိုင်း ဂျာနယ်နှင့် မဂ္ဂဇင်းများအနေနှင့်လည်း 7 Day News, Myanmar Times, Shweamyutay.com, Commerce.com စသည့် ဂျာနယ်မဂ္ဂဇင်းများမှ အခပေး ကြည့်ရှုရသည့် Paid Site များမဟုတ်သည့်တိုင် Free Online Journal Magazine များအဖြစ် အင်တာနက်သို့ လွှင့်တင်ထားပြီးဖြစ်သဖြင့် အတန်အသင့် ဖွံ့ဖြိုးနေပြီဟုဆိုနိုင်ပါသည်။ ရှေ့ဆက်၍ စီးပွားဖြစ် လုပ်ငန်းများအဖြစ် ဖွံ့ဖြိုးလာအောင် မြှင့်တင်ဆောင်ရွက်သွားကြ ရန်သာ လိုပါသည်။ လက်ရှိတွင်လည်း ပြန်ကြားရေးဝန်ကြီးဌာနက MRTV - 3 ရုပ်သံလိုင်းအား Myanmar International အမည်ဖြင့် နိုင်ငံတကာ သို့ ၂၄နာရီထုတ်လွှင့်နိုင်ရန်ပြင်ဆင်လျက်ရှိပြီး များမကြာမီ Internet ပေါ်တွင် ကြည့်ရှုလာနိုင်မည်ဖြစ်သည်။ မြန်မာ့ Online နှင့် Digital Media လောကအတွက် တစ်ခေတ်ဆန်းသည့် သင်္ကေတများပင် ဖြစ်သည်။ သို့သော် နိုင်ငံတကာသို့ ထုတ်လွှင့်ပြသကြမည်ဆိုပါက တင်ပြမှုပုံစံ (Presentation Format) များ၊ ပရိသတ်ကို ဆွဲဆောင်နိုင်သည့် ရိုက်ကွင်းရိုက်ကွက် Program များ မြှင့်တင်တင်ဆက်ကြရန်လိုသည်ဟုမြင်မိပါသည်။ လက်ရှိအင်တာနက်သို့ လွှင့်တင်ထားသည့် ပြည်တွင်းအခမဲ့ ဝက်ဘ်ဆိုက်များအနေဖြင့် အခပေး (Paid Site) အွန်လိုင်းဂျာနယ်၊ မဂ္ဂဇင်းများအဖြစ်သို့ ပြောင်းလဲကြမည်ဆိုပါက ရှေးဦးစွာ ၎င်းတို့ ကိုယ်တိုင်က နိုင်ငံတကာမီဒီယာများမှ မှီငြမ်းကူးယူထားသည့် သတင်းများကို ပြုပြင်ဆောင်ရွက်ကြရန် လိုအပ်သလို သတင်းဓါတ်ပုံ (News Photos) များ ထည့်သွင်းဖော်ပြကြရာ၌ မူပိုင်ခွင့် (Copyright) များနှင့်အညီ ကျင့်သုံးဆောင်ရွက်နိုင်ကြရန် ကြိုးစားဖို့လိုပါသည်။ ထို့အတူ နိုင်ငံတကာ သတင်းမီဒီယာများနှင့် သတင်းထောက်များ၊ ဌာနေကိုယ်စားလှယ်များ အပြန်အလှန် ထားရှိကြရေး၊ နိုင်ငံတကာ Online Media ဈေးကွက်သို့ ထိုးဖောက်နိုင်ကြရေးတို့အတွက် အဆင့်ဆင့်အကောင်အထည်ဖော် ဆောင်ရွက်သွား ကြရန်လိုအပ်ပါသည်။ အခပေး Online Media များအဖြစ်ပြောင်းလဲကြမည်၊ နိုင်ငံတကာအဆင့်မီ Media များအဖြစ် ပြောင်းလဲသွားကြမည်ဆိုပါ က နိုင်ငံတကာ ပရိသတ်များ ရရှိရန်မှာ အဓိက အရေးပါပါသည်။ သို့ဖြစ်၍ မိမိတို့အမျိုးသားယဉ်ကျေးမှု (National Cuture) ကို လည်း သိမ်မွေ့စွာမျှဝေရင်းဖြင့် နိုင်ငံတကာအဆင့်မီတင်ပြမှုပုံစံများဖြင့် ဆွဲဆောင်မှုရှိရှိ၊ ယုံကြည်မှုအပြည့်ဖြင့် တင်ဆက်လုပ်ကိုင် သွားကြ မည်ဆိုပါက မြန်မာ့ Online Media လောကမှာ နိုင်ငံတကာအဆင့်သို့ မြန်မြန်ဆန်ဆန်ပင် တိုးဝင်လာနိုင်ပေသည်။ ထို့ပြင် ပြည်တွင်း၌ ICT လုပ်ငန်းများ တစ်စထက်တစ်စ ဖွံ့ဖြိုးမှုအရှိန်ရလာနေသဖြင့် ICT သတင်းနှင့် ပညာဗဟုသုတပေး စာစောင်များမှာ လစဉ်ထုတ် လေးစောင်နှင့် အပတ်စဉ်ထုတ် လေးစောင်အထိရှိလာခဲ့ပြီဖြစ်သည့်အပြင် စာဖတ်ပရိသတ် လက်ခံ သည့် အဆင့်တစ်ဆင့်သို့ရောက်ရှိလာခဲ့ကြပြီဖြစ်သည်။ PC ဈေးကွက် ၁၉၉၀ ပြည့်လွန်နှစ်များက စတင်လည်ပတ်လာခဲ့သည့် မြန်မာ့ကွန်ပျူတာဈေးကွက်က ယနေ့အချိန်မှာ အခြေအနေတစ်ရပ်အထိ ဖွံ့ဖြိုးလာပြီဟု ဆိုနိုင်ပါသည်။ အထူးသဖြင့် ၂၀၁၀ ခုနှစ် မတိုင်မီက ပြည်တွင်းစီးပွားရေးလုပ်ငန်းများနှင့် ပြည်တွင်းဈေးကွက်၌ ကွန်ပျူတာသုံးစွဲမှု နည်းပါးခဲ့သော်လည်း ၂၀၀၁ ခုနှစ် မေလတွင် ပြည်တွင်း အင်တာနက်သုံးစွဲမှုကို စတင်ခွင့်ပြုခဲ့ပြီးသည့်နောက် ပြည်တွင်း ကွန်ပျူတာသုံးစွဲမှုသည် များစွာမြင့်တက်လာခဲ့၏။ ထို့အတူ ၂၀၀၂ ခုနှစ်၊ ဇန်နဝါရီလ ၂၁ ရက်နေ့တွင် မြန်မာ ICT Park (ယခု မြန်မာ Info-Tech) ကို ဖွင့်လှစ်ခဲ့ခြင်းနှင့်အတူ အဆိုပါနှစ်၌ပင် မြန်မာနိုင်ငံ ၏ ပထမဆုံးအိုင်တီဈေးရောင်းပွဲတော် (IT Expo) ကို ပြည်တွင်း ပြည်ပမှ အိုင်စီတီကုမ္ပဏီ ၃၄ ခုဖြင့် စတင်ကျင်းပခဲ့ပြီးနောက် မြန်မာ့ ကွန်ပျူတာဈေးကွက်သည် ယနေ့အထိ တစ်စတစ်စ ကြီးထွားလာ ခဲ့၏။ ယခုအခါ ပြည်တွင်းအိုင်စီတီဈေးကွက်သို့ ပစ္စည်းအသစ်ဝင် ရောက်မှုတွင် စင်ကာပူ၊ အင်္ဂလန်တို့၌ ပစ္စည်းအသစ်တစ်ခုထွက်ပြီး၍ နောက်တစ်ရက် နှစ်ရက်အတွင်း မြန်မာပြည်တွင်းဈေးကွက်၌ ဝယ်ယူ ၍ရသည်အထိ အခြေအနေတိုးတက်လာခဲ့၏။ သို့သော် ကမ္ဘာ့အဆင့် Brand ကြီးများ၏ တရားဝင်ကိုယ်စားလှယ် နည်းပါးသေးသည့်အတွက် ဈေးနှုန်းကွာဟချက် များလျက်ရှိနေဆဲ ဖြစ်၏။ ယခုနှစ်ထဲတွင် ICT Product များအတွက် အမြတ်ခွန်ရာခိုင်နှုန်းလျှော့ချပေးရန် စီစဉ်ထားပြီးဖြစ်သည့်အတွက် ပြည်တွင်း ဈေးကွက်နှင့် နိုင်ငံ တကာဈေးကွက်အကြား ဈေးနှုန်းကွာဟချက် ကျဉ်းမြောင်းလာနိုင်သည်။ အထူးသဖြင့် ၂၀၀၈ကမ္ဘာ့စီးပွားရေး အကျပ်အတည်း (World Finanical Crisis) ကြောင့် ICT နှင့် ဆက်စပ်ပစ္စည်းများ၏ ဈေး များ များစွာကျဆင်းသွားခြင်းကလည်း ပြည်တွင်းကွန်ပျူတာဈေးကွက် အရောင်းအဝယ်နှင့် ပြည်တွင်းကွန်ပျူတာသုံးစွဲမှုကို မြင့်တက်စေခဲ့သည်။ အထူးသဖြင့် Desktop PC များထက် Lap Top ကွန်ပျူတာများ၏ ဈေးနှုန်းသည် တစ်နှစ်တာအတွင်း သိသိသာသာ ကျဆင်းခဲ့ပါတယ်။ ယခင် ၁၀ သိန်းဝန်းကျင်ဈေးရှိ Lap Top တစ်လုံးသည် ၅ သိန်းဝန်းကျင်လောက်ထိ ကျဆင်း သွားခဲ့သည့် အတွက် ပြည်တွင်း၌ Lap Top သုံးစွဲမှု များစွာမြင့်တက်ခဲ့၏။ ၂၀၀၉ ခုနှစ် နှစ်ကုန်ပိုင်းလောက်တွင် Notebook နှင့် Desktop ရောင်းအားမှာ ၅၀း၅၀ ရှိနေရာမှ ၂၀၁၀ နှစ်ဆန်းပိုင်းတွင် ၆၀း၄၀ သို့ပြောင်းလဲလာပြီး notebook များ ရောင်းအားတက်လာခဲ့ကြောင်း ကွန်ပျူ တာနှင့် ဆက်စပ်ပစ္စည်းများ လက်လီလက်ကား ရောင်းချနေသည့် KMD Centre မှ Product မန်နေဂျာ ကိုစိုးငွေရက ပြောကြား သည်။ ယနေ့ ပြည်တွင်းဈေးကွက်၌ Lenovo, MSI, Suzuki, Toshiba စသည့် Brand ၏ တရားဝင်ကိုယ်စားလှယ် (Country Representative) များလည်း ရှိလာပြီဖြစ်သည်။ ယင်းကဲ့သို့ ကိုယ်စားလှယ်များ ရှိလာခြင်းကလည်း ICT Product များကို မူရင်း ကုမ္ပဏီများ၏ ဈေးအတိုင်း ပြည်တွင်းဈေးကွက်၌ ဝယ်ယူရရှိလာနိုင်စေသည်။ လက်ရှိ ပြည်တွင်းဈေးကွက်၌ Business PC Set တစ်စုံလျှင် ငွေကျပ် နှစ်သိန်းဝန်းကျင်လောက်ဖြင့် ဝယ်ယူနိုင်ပြီး Branded PC တစ်စုံ၏ဈေးနှုန်းများမှာ ကျပ် ၈ သိန်းမှ ၁၀ သိန်း ဝန်းကျင်လောက်အထိရှိသည်။ Lap Top ဈေးကွက်မှာလည်း Used Lap Topများကို ငွေကျပ် ၁ သိန်းဝန်းကျင်လောက်မှစ၍ ရနိုင်ပြီး Brand New Laptop များမှာ ကျပ် ၅ သိန်းမှ ၁၅ သိန်းလောက် အထိ ရှိသည်။ ယခုအခါ ပြည်တွင်းဈေးကွက်အတွင်းသို့ OEM (Originally Equipped Mannfactured) ဟုခေါ်သည့် တံဆိပ်တပ်ထားသော လက်တော့အသစ်များ ဝင်ရောက်လျက် ရှိပြီး တစ်ပတ်ရစ် လက်တော့များထက် ပိုမိုအဝယ်လိုက်လာကြောင်း ကွန်ပျူတာဈေးကွက်အတွင်းမှ အရောင်းမန်နေဂျာတစ်ဦး၏ ပြောကြားချက်အရသိရပါသည်။ ခြုံငုံကြည့်လျှင်မူ နိုင်ငံတကာဈေး ကွက်တွင် Hardware ပစ္စည်း၏ဈေးသည် များစွာချိုသာ သော်လည်း Software များ၏ လိုင်စင်ကြေးမှာ အလွန်မြင့်မားနေ၏။ ယနေ့ ပြည်တွင်းဈေးကွက်၌ WIPO Agreement ကြောင့် Software လိုင်စင်ကြေးများ မပေးဆောင်ရသေးသည့်အတွက် Software/ Hardware နှစ်ရပ်ပေါင်း နိုင်ငံတကာဈေးကွက်ထက် ဈေးသက်သာ နေ၏။ အနာဂတ်တွင် AFTA ကြောင့် နိုင်ငံတကာ ICT Brand မျိုးစုံ ပြည်တွင်းဈေးကွက်သို့ ထပ်မံဝင်ရောက်လာနိုင်ပြီး ICT Product များ၏ ဈေးနှုန်းများလည်း ထပ်မံကျဆင်းလာနိုင်ကာ ပြည်တွင်း ကွန်ပျူတာဈေးကွက်မှာလည်း ယခုထပ်ပို၍ ကျယ်ပြန့် လာနိုင်သည်။Software ဈေးကွက် လက်ရှိ မြန်မာ့ကွန်ပျူတာဈေးကွက်အနေဖြင့် Hardware Product ပိုင်းတွင် များစွာဖွံ့ဖြိုးမှုရှိပြီး နိုင်ငံတကာ အဆင့်မီ ဖြန့်ချိမှု စနစ်များ၊ Service များဖြင့် လည်ပတ်နေသော်လည်း Software Industry ပိုင်းမှာမူ များစွာအားနည်း နေသေးသည်။ ကုမ္ပဏီတစ်ခုချင်းအနေဖြင့် ပြည်ပသို့ Software တင်ပို့မှုများ၊ Outsourcing Project များရှိသော်လည်း နိုင်ငံ့အတိုင်းအတာ အနေဖြင့် Software Export, Software Industry မှ GDP မည်မျှရပါသည်ဟု မယ်မယ်ရရ ပြောဆိုင်နိုင်ခြင်း မရှိသေးပေ။ Software Industry ဖွံ့ဖြိုးတိုးတက်မှုသည် နိုင်ငံတစ်နိုင်ငံ ခေတ်မီဖွံ့ဖြိုးတိုးတက်ရေးအတွက် များစွာအရေးပါသဖြင့် မြန်မာ့ Software Industry အရှိန်အဟုန်ဖြင့် ဖွံ့ဖြိုးတိုးတက်လာရေး အတွက် အသိပညာရှင်၊ အတတ်ပညာရှင်များက အဘက်ဘက်မှ ဝိုင်းဝန်းဆောင်ရွက်ကြရမည်။ အထူးသဖြင့် Software လုပ်ငန်းစနစ်တကျလည်ပတ်နိုင်ရေးအတွက် Cyber Law, Copyright Law များလည်းလိုအပ်သည်။ ဥပမာအားဖြင့် ပြည်တွင်းမှ Software တစ်ခုရေးပြီး နိုင်ငံတကာသို့ တင်ပို့ရောင်းချမည်ဆိုပါစို့။ မိမိတို့ ကိုယ်တိုင်မှ Microsoft Operating မျိုးကို လိုင်စင် Version နှင့် ဝယ်ယူသုံးစွဲကြဖို့ လိုအပ်လာမည်။ သည့်အပြင် Data Protection, Data လုံခြုံမှုများအတွက် Privacy Protect Act ကဲ့သို့သော ဥပဒေများ လိုအပ်လာမည်ဖြစ်သည်။ သို့မှသာလျှင် ပြည်ပမှ အလုပ်အပ်မည့်သူများမှ ၎င်းတို့၏ ကိုယ်ရေးကိုယ်တာ အချက်အလက်များကို ယုံကြည်စိတ်ချစွာပေးပို့နိုင်ကြမည်ဖြစ် သည်။ တစ်ဖက်တွင်လည်း ပြည်တွင်း IT ဖွံ့ဖြိုးလာဖို့လိုသည်။ အထူး သဖြင့် ICTလုပ်ငန်းနှင့် Software Inducstry များ ပိုမိုဖွံ့ဖြိုး လာရေးအတွက် လိုအပ်သည့် အခြေခံအဆောက်အအုံ (Infrastructures) ပိုင်းတွင် လျှပ်စစ်စွမ်းအင်များ ယခုထက်ပိုမိုရရှိလာ ရေး၊ ဆက်သွယ်မှုကွန်ရက် (Communication Network) များ အဆင့်အတန်းပိုမြင့်မားရေး၊ အီလထရောနစ် ကူးသန်းရောင်းဝယ် မှုများ ဖွံ့ဖြိုးရေးတို့သည် မိမိတို့ ဆက်လက်ကြိုးစားကြရမည့် အချက်များဖြစ်၏။ လက်ရှိတွင်လည်း မြန်မာနိုင်ငံ ကွန်ပျူတာအသင်းချုပ်အပါအဝင် မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်း၊ မြန်မာနိုင်ငံ ကွန်ပျူတာလုပ်ငန်းရှင်အသင်း၊ မြန်မာနိုင်ငံ ကွန်ပျူတာဝါသနာရှင်အသင်းများဖွဲ့စည်းကာ မြန်မာ ICT လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက် လာရေးအတွက် အရှိန်အဟုန်ဖြင့် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်လျက်ရှိကြသည်။ အထူးသဖြင့် မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ် သည် ICT Industry နှင့် အစိုးရတာဝန်ရှိသူများအကြား ပေါင်းကူးသဖွယ် ဆောင်ရွက်ပေးလျက်ရှိသည်။ အသင်းချုပ်အနေဖြင့် Software Industry ဖွံ့ဖြိုးတိုးတက်လာရေးအတွက် ပြည်တွင်း ICT Standard များသတ်မှတ်ရေး၊ Cyber Law များ Virus Protection Act များ ပြဋ္ဌာန်းနိုင်ရေး၊ နိုင်ငံတကာနှင့် ဆက်သွယ်ဆောင်ရွက် နိုင်ရေးတို့အတွက် ကြိုးပမ်းလျက်ရှိသည်။ ပြည်တွင်း ICT ကုမ္ပဏီများမှလည်း Software Industry ဖွံ့ဖြိုးလာရေးအတွက် ရနိုင်သည့်အရင်းအမြစ် (Resources) များဖြင့် ဆောင်ရွက်လျက်ရှိသည်။ အထူးသဖြင့် ပြည်တွင်းဈေးကွက်အတွက် ဦးတည်၍ ဆော့(ဖ်)ဝဲများကိုလည်း ထုတ်လုပ်ရောင်းချ လျက်ရှိသည်။ မိုဘိုင်းဖုန်း Application Software များ၊ မြန်မာ SMS စာတိုပို့စနစ်၊ Mobile Phone Dictionary များ၊ Touch screen phone/ SMART phone များအတွက် မြန်မာစာလက် ကွက် စနစ်များမှာ ထင်ရှားသည့် ဆော့(ဖ်)ဝဲများဖြစ်သည်။ ၂၀၀၉ ခုနှစ် နှစ်ကုန်ပိုင်းတွင်လည်း Alpha ကွန်ပျူတာမှ Window mobile 6.1 ကိုသုံးပြီး ပိဋကတ်သုံးပုံ ကျန်းဂန်များပါဝင်သည့် အိတ် ဆောင် ဒစ်ဂျစ်တယ်တိပိဋကစက်ကို Mandalay ICT Expo 2009 တွင် ဈေးကွက်အတွင်းသို့ စတင်ရောင်းချနိုင်ခဲ့သဖြင့် Myanmar Software Industry မှာ တစ်စထက်တစ်စ ဖွံ့ဖြိုးမှုအရှိန်ရလာပြီဟု ဆိုနိုင်သည်။ သို့ရာတွင် လာမည့်နှစ်အနည်းငယ် အတွင်း မြန်မာ့ Software Industry မှာအခြားသော အာဆီယံဒေသတွင်းနိုင်ငံများ နည်းတူဖွံ့ဖြိုးလာရန် အရှိန်မြှင့်ကြိုးစားရ မည်ဖြစ်သည်။ လူထုဆက်သွယ်ရေးကဏ္ဍ မြန်မာ့အိုင်စီတီကဏ္ဍတွင် လူထုဆက်သွယ်ရေး အပိုင်းသည် ဖွံ့ဖြိုးမှု အားအကောင်းဆုံးဖြစ်သည်။ လိုင်းဖုန်းများသည် နိုင်ငံအနှံ့ မြို့နယ်အားလုံးသို့ ရောက်ရှိခဲ့ပြီး မိုဘိုင်းဖုန်းများလည်း မြို့ကြီးများစွာတွင် အသုံးပြုနိုင်ကြပြီဖြစ်သည့်အပြင် CDMA ကမ်းရိုးတန်း ဖုန်းများကိုလည်း မြို့ကြီးများတွင် အရေအတွက်များစွာ ရောင်းချပေးလျက်ရှိရုံသာမက အချို့သော ကျေးရွာများထိ သုံးစွဲလာ နိုင်ကြပြီ ဖြစ်သည်။ မိုဘိုင်းဖုန်းများ၏ ဖန်ရှင်များ တိုးတက်သုံးစွဲလာနိုင်ခြင်းနှင့်အတူ ပြည်တွင်းမိုဘိုင်းဖုန်းဈေးကွက်မှာလည်း ဖွံ့ဖြိုးမှု အားကောင်း နေ၏။ မိုင်ဘိုင်းဖုန်းဈေးကွက်တွင် ဟန်းဆက်ဈေးများမှာ ကျပ် ငါးသောင်းဝန်းကျင်မှ ကျပ် ၁၅ သိန်းဝန်းကျင်အထိ ဈေးအမျိုးမျိုးနှင့် အမျိုးအစားစုံလင်စွာ ဝင်ရောက်နေကြသော်လည်း i phone နှင့် blackberry ကဲ့သို့သော တန်ဖိုးမြင့်ဟန်းဆက်များမှာ ဝယ်ယူ သုံးစွဲသူ နည်းကြောင်း Do Co Mo မိုဘိုင်းဖုန်းဆိုင်မှာ မန်နေဂျာ ဦးနေလင်းထွန်းက ပြာကြားပါသည်။ i phoneနှင့် blackberry တို့ကဲ့သို့သော ဟန်းဆက်များမှာ ဝယ်ယူသုံးစွဲသူနည်းသဖြင့် မဆိုသလောက် အရေအတွက်သာ ဆိုင်ပေါ်တင်၍ရောင်းချပြီး မှာယူသူရှိမှသာ ရောင်းချသည်ဟု ၎င်းကပြောကြား၏။ တန်ဖိုးမြင့်ဟန်းဆက်များမှာ အရောင်းအေးသဖြင့် ဆိုင်ပေါ်တွင်ကြာကြာ မိနေပါက ဈေးပြုတ်ကျချိန်နှင့် ကြုံပြီး အရှုံးပေါ်သွားနိုင်သဖြင့် များများစားစားတင်၍ မရောင်းခြင်းဖြစ်ကြောင်း ဦးနေလင်းထွန်းက ပြောကြားသည်။ ဟန်းဆက်ဈေး ကွက်တွင် တရုတ်နိုင်ငံလုပ် ဈေးချိုသည့်နာမည်ကြီး brand များမှာ အရောင်းအသွက်ဆုံးဖြစ်နေ သည်။ မိုဘိုင်းဖုန်းဈေးကွက်အတွင်း prepaid ဖုန်းများ ဝင်ရောက်လာခြင်းသည်လည်း လူထုဆက်သွယ်ရေးကဏ္ဍအတွင်း ဈေးကွက် ဖွံ့ဖြိုးမှုတစ်ခုဖြစ်နေခဲ့သည်။ အင်တာနက်များသုံးစွဲမှုမှာ တစ်နှစ်ထက်တစ်နှစ် ပိုမိုကျယ်ပြန့်လာနေပြီး အင်တာနက်ဆိုင်များသည် ဆင်ခြေဖုန်းမြို့နယ်များ၏ လမ်းမကြီးများပေါ်တွင်သာမကဘဲ လမ်းသွယ်များအထိပင် ထိုးဖောက်ဝင်ရောက်လာကြပြီဖြစ်သည်။ အချို့သော ဆူပါမားကက် ကြီးများနှင့် စားသောက်ဆိုင်ကြီးများ၌ Wi Fi များ အခမဲ့သုံးဆွဲခွင့်ပေးထားရာ ထိုဆိုင်ကြီးများအတွင်း မိမိတို့၏ လက်တော့လေး များ ယူဆောင်လာကြပြီး စားရင်းသောက်ရင်း အင်တာနက်ကြည့်ကြသည်မှာ စတိုင်တစ်ခုဖြစ်လာပေပြီ။ အင်တာနက်သုံးစွဲမှုများ လာသည်နှင့်အမျှ အင်တာနက်ဝန်ဆောင်မှုကုမ္ပဏီများလည်း တိုးတက်လာပြီး အလုပ်အကိုင် အခွင့်အလမ်းများတိုးချဲ့လာနိုင်ကြ ၏။ဟာ့(ဒ်)ဝဲများထုတ်လုပ်ရန် ချင့်ချိန်ရမည့်အချက်များ လူသုံးများသည့် ဟာ့(ဒ်)ဝဲပစ္စည်းများ ပြည်တွင်း၌ထုတ်လုပ်ရန် အလားအလာနှင့်ပတ်သက်၍ မြန်မာနိုင်ငံ ကွန်ပျူတာလုပ်ငန်း ရှင် များအသင်း ဥက္ကဋ္ဌ ဒေါ်ဝါဝါထွန်းက ''လူသုံးများ IT ပစ္စည်းတွေ ပြည်တွင်းမှာထုတ်လုပ်ဖို့ဆိုရာမှာနှစ်မျိုးရှိပါတယ်။ နာမည် ရပြီးသား brand ဥပမာအားဖြင့် Epson, Dell တို့ပေါ့။ အဲဒီလိုကုမ္ပဏီတွေက ပြည်တွင်းမှာစက်ရုံလာတည်ပြီး ထုတ်လုပ်တာမျိုးပါ။ ဗီယက်နမ်တို့ မလေးရှားတို့မှာ ဒီလိုလာရောက်ရင်းနှီးမြှပ်နှံမှုတွေ စန်းပွင့်ပြီး တိုင်းပြည်စီးပွားရေးတက်နေတယ်။ လူတွေအများကြီး အလုပ်အကိုင်တွေရကြတယ်။ နောက်တစ်မျိုးဖြစ်တဲ့ ပြည်တွင်းမှာ ကိုယ်ပိုင်အရင်းအနှီးနဲ့ ကွန်ပျူတာပစ္စည်းတွေ ထုတ်လုပ်တဲ့ စက်ရုံ (ဥပမာ Casing, Motherboard, Monitor) တွေတည်ဖို့ကတော့ သေ သေချာချာ စဉ်းစားသင့်တယ်လို့ ထင်ပါတယ်။ အချက် ငါးချက်ကြောင့်ပါ။ နံပါတ်တစ်ကဈေးကွက်ပါ။ ပြည်တွင်းဈေးကွက်ရဲ့ ဝယ်လိုအားကနည်းနေသေးတယ်။ မြန်မာ့အိုင်စီတီလောကဟာ ကွန်ပျူတာသုံးစွဲတဲ့ ဧရိယာ၊ လုပ်ငန်း၊ ပုဂ္ဂိုလ်တွေ ပိုများလာအောင် စည်းရုံးနေရဆဲအဆင့်ပါ။ လူဦးရေ အချိုးနှုန်းနဲ့တွက်ရင် လက်ရှိမှာ IT သုံးစွဲမှု နည်းနေပါသေးတယ်။ နာမည်မရသေးတဲ့ ပြည်တွင်းထုတ် brand ကို ပြည်ပပို့ဖို့ဆိုရင် တရုတ်နိုင်ငံလုပ် ဈေးနိမ့်ပစ္စည်းတွေနဲ့ ယှဉ်ပြိုင်ဖို့ခက်ခဲမယ်။ နံပါတ်နှစ်က AFTA အသက်ဝင်လာတဲ့အခါမှာ ပြည်တွင်းထုတ် ဟာ့(ဒ်)ဝဲအများစုဟာ အပြင်ကသွင်းလာတဲ့ ပစ္စည်းတွေထက် ဈေးများနေနိုင်တယ်။ နံပါတ်သုံးကတော့ နည်းပညာတိုးတက်ပြောင်းလဲမှုနှုန်းကသိပ်မြန်တယ်။ ကိုယ့်ပြည်တွင်းကထုတ်လုပ် ထားတဲ့ပစ္စည်းတွေ ဈေးကွက်ထဲမပြန့်ခင်မှာဘဲ ပိုကောင်းတဲ့ ပိုမြင့်တဲ့ IT ထုတ်ကုန်တွေက အပြင်ကနေ ဈေးချိုချိုနဲ့ ဝင်လာရင် အရှုံးပေါ်သွားနိုင်တယ်။ နည်းပညာထုတ်ကုန်ဆိုတာ ''ငါး''ထက်ဆိုးတယ်။ ငါးကမှ မလတ်ရင် ဆားသိပ်ပြီး ငါးပိလုပ်လို့ရသေး တယ်။ ICT ပစ္စည်းတွေကတော့လွှင့်ပစ်ရဖို့တောင် အခက်အခဲရှိနိုင်တယ်လေ။ နံပါတ်လေးက အဆင့်မြင့်နည်းပညာ ပစ္စည်းတွေ ဟာ ရိုဘော့နဲ့လုပ်ရတာ။ High Tech လဲလိုတယ်။ ပါဝါအတိမ်းအစောင်းလဲ မခံဘူး။ နံ ပါတ် ငါးက အဆင့်မြင့်အိုင်တီပစ္စည်း (ဥပမာ Chip)စက်ရုံတွေ တည်ထောင်မယ်ဆိုရင် လူ့စွမ်းအားအရင်းအမြစ်တွေမလုံလောက်သေးဘူး။ ဒီမှာက လုပ်အားခ ဈေးမများပေမယ့် Skill ကလိုသေးတယ်။ ဒါ့ကြောင့် လွယ်လွယ်တွေးရင် ပြည်တွင်းမှာ ဟာ့(ဒ်)ဝဲတွေ ထုတ်လုပ် သုံးစွဲသူတွေ အတွက် ဈေးသက်သာမယ်ထင်ရပေမယ့် စောစောက ပြောတဲ့ အချက်ငါးချက်ကြောင့် အသေအချာစဉ်းစားရမယ် ထင်ပါ တယ်'' ဟု ၎င်းရဲ့ထင်မြင်ချက်ကို ထုတ်ဖော်ပြောကြားပါတယ်။ တရုတ်နိုင်ငံ ကုမ္ပဏီကြီးတစ်ခုမှ စီးပွားရေးပညာရှင်တစ်ဦးက ၂၁ ရာစုတွင် အိုင်စီတီသည် စီးပွားရေးနှင့် လူမှုရေးဖွံ့ဖြိုး တိုးတက်ရေးတို့အတွက် အားကောင်းသောမောင်းနှင်အားများဖြစ်လာမည်ဟု သုံးသပ်ထားရာ မိမိနိုင်ငံ၏ အိုင်တီကဏ္ဍဖွံ့ဖြိုးမှုကို မျက်ခြေပြတ်ခံ၍မဖြစ်ပေ။ မြန်မာနိုင်ငံအနေဖြင့် အိုင်တီကဏ္ဍတွင် လူထုဆက်သွယ် ရေးအပိုင်း၌ ဖွံ့ဖြိုးမှု အရှိန်ကောင်းရနေသော် လည်း ကွန်ပျူတာအပိုင်းတွင် တိုးတက်မှုအရှိန်မြှင့်တင်ရန် လိုနေသေးသည်ဟု အိုင်စီတီနယ်ပယ်မှ ပညာရှင်များက လေ့လာ သုံးသပ်ကြသည်။ အထူးသဖြင့် ဆော့(ဖ်)ဝဲအပိုင်းတွင် နိုင်ငံတကာနှင့် အမီဖွံ့ဖြိုးရေးအတွက် လုပ်ဆောင်ရန် များစွာကျန်ရှိနေ သေးရာ နိုင်ငံသားများက မိမိတို့ကဏ္ဍအလိုက် တစ်ထောင့်တစ်နေရာမှာ ဝိုင်းဝန်းကြိုးပမ်းကြမည်ဆိုလျှင် ခေတ်မီဖွံ့ဖြိုး တိုးတက် သော နိုင်ငံတော်သစ်တည်ဆောက်ရေး ရည်မှန်းချက်မှာမဝေးသော အနာဂတ်ကာလတွင် ပီပီပြင်ပြင်ဖြစ်လာမည်ဟု ယုံကြည်မိ ပါတော့သည်။
ကမ္ဘာမြေပေါ်မှာနေထိုင်ကြတဲ့ လူသားများအားလုံးထဲက ဆင်းရဲချမ်းသာ ဘယ်သူမဆို စားဝတ်နေရေးအတွက် နေ့စဉ်နှင့်အမျှ လှုပ်ရှားရုန်းကန်နေကြရပေမဲ့ ကမ္ဘာဦး ကျောက် ခေတ်ကထဲက ယနေ့မျက်မှောက်ခေတ်အထိ အများစုတူညီတဲ့ အချက်တစ် ချက်ကတော့ အလှအပကိုခံစားလိုခြင်းနဲ့ ပို၍ပို၍ဆန်းသစ်အောင် တီထွင်လိုခြင်းတို့ပင်ဖြစ်ပါတယ်။ ဒီစကားရဲ့အမှန်အမှားကို လက်တွေ့ဆန်းစစ်ကြည့်ချင်ပါတယ်လို့ တစ်စုံတစ်ဦးက ဆိုခဲ့ရင်တော့ဖြင့် ကမ္ဘာအနှံ့အောင်မြင်ဖြစ်ထွန်း ကျော် ကြားနေကြတဲ့ ဖက်ရှင်လောကကြီးကိုသာလက်ညှိုးထိုးပြီးသက်သေပြရမှာပါ။ ဖက်ရှင်လို့ခြုံပြီးဆိုရပေမဲ့လည်း လူတစ်ဦးရဲ့ ဆံဖျားကနေ ခြေထောက်ရဲ့ ခြေသည်းပင်မကျန် ခန္ဓာကိုယ်အနှံ့အပြားရှိသမျှ အစိတ်အပိုင်းတိုင်းကိုသေသပ်ကျနအောင်ဖန်တီးပြုပြင်လှပ အောင်ဆင်ယင်ရတဲ့ကိစ္စရပ်များပဲဖြစ်ပါတယ်။ဖက်ရှင်ဆိုတာ အဓိပ္ပာယ်ဖော် ကြည့်ရင် ထူးခြားဆန်းသစ်တဲ့ ဒီဇိုင်နာတွေရဲ့ ခေတ်မီတဲ့အတွေးအခေါ်များကို အများပြည်သူကြား ဖော်ထုတ်ပြသခြင်းလို့ခေါ်ရင် အကြမ်းဖျဉ်းတော့ ပြည့်စုံမယ်လို့ထင်ပါတယ်။ ကမ္ဘာ့နိုင်ငံအသီးသီးမှာလည်း ဖက်ရှင်ယဉ်ကျေးမှု ဟာ အရှိန်အဟုန် ကောင်းကောင်းနဲ့ အောင်ပွဲခံလျက်ရှိပါတယ်။ ဖက်ရှင်ဒီဇိုင်နာများ ရဲ့ အဓိကပန်းတိုင်ကတော့ သူတိ့ု ဖန်တီး လိုက်တဲ့ ဒီဇိုင်းများကို လူအများသက်တောင့် သက်သာနဲ့နှစ်ခြိုက်စွာ ဝတ်ဆင်သုံးစွဲနိုင်ဖို့အတွက် အနုပညာမြောက် ထုတ်ကုန် တစ်ခုကို ထုတ်လုပ်တာပါပဲ... ကမ္ဘာကြီးဟာ ရွာအဆင့်ရောက်ရှိလာတဲ့အခါမှာတော့ ဖက်ရှင်မူလပင်မဖြစ်တဲ့ လန်ဒန်၊ ပဲရစ်၊ မီလန်၊နယူးယောက်၊ တိုကျိုစတဲ့နေရာ တွေကနေကမ္ဘာအနှံ့ ကို လှိုင်းလုံးများသဖွယ် ဝင်ရောက်လာပါတော့တယ်။ ဒီလှိုင်းလုံး တွေကြားက ဖက်ရှင်ဒီဇိုင်နာ တစ်ယောက်အတွက် အဓိကအကျဆုံး အရေးကြီးဆုံးအလေးထားရမယ့် အချက်တစ်ချက်က တော့ ''မိမိဖန်တီး ထုတ်လုပ်လိုက်တဲ့ ဒီဇိုင်းဟာ မိမိနိုင်ငံရဲ့ ယဉ်ကျေးမှုကို မြှင့်တင်နိုင်သလို အချိန်မရွေးပျောက်ဆုံး သွားအောင်လည်း လုပ်နိုင်တယ်'' ဆိုတဲ့ အချက်ပါပဲ။ဖက်ရှင်အစ ဘဂ္ဂဒက်က လေ့လာကြည့်မယ်ဆိုလျှင်လည်း အနောက်တိုင်း ဖက်ရှင်အများစုဟာ သူတို့နယ်ချဲ့ခဲ့ရာ ကိုလိုနီနယ်မြေများက ယဉ်ကျေးမှု များနဲ့ ပေါင်းစပ်ပြီး စဉ်ဆက် မပြတ် ပြုပြင်ပြောင်းလဲကာ မတူညီ ဆန်းသစ် တဲ့ ဖက်ရှင်တစ်မျိုးစီကို တီထွင်လာခဲ့တာ ယနေ့ တိုင် ဖြစ်ပါတယ်။ ဖက် ရှင်ရဲ့မူလမှာ AD ၈ ရာစုမှာ စပိန် ဂီတ ပညာရှင် Zir Yab ရဲ့ Clothing Style ကစခဲ့ တာပါပဲ။ Zir Yab ဟာ ဘဂ္ဂဒက်ရဲ့ ရာသီအလိုက် နေ့စဉ်ပြောင်းလဲ ဝတ်စား ဆင်ယင်မှုကို အခြေခံပြီး ပြောင်းလဲ ဆန်းသစ်လိုက်တဲ့ သူ့ရဲ့ကိုယ်ပိုင်ဟန် Cordoba Spainish Style ပါပဲ။ သူ့လိုပဲ AD ၁၁ ရာစုမှာ တူရကီက ကုန်သည်တစ်ယောက်ဟာ အာရှဗဟို နှင့်အရှေ့ဖျားဒေတို့ရဲ့ ဝတ် စားဆင်ယင်မှုကို ပြုပြင် ပြောင်းလဲကာ ကိုယ် ပိုင်ဟန် ပြုခဲ့ပါတယ်။ အဲဒီလိုပြောင်းလဲမှုများ နှင့်အတူ AD ၁၄ ရာစုမှာတော့ ဖက် ရှင် ပညာရှင် နှစ်ဦးဖြစ်တဲ့ Jame Laver နှင့် Fernand Braudel တို့ ဟာ အနောက်တိုင်း ဖက်ရှင် ဝတ်စုံ ကို တီထွင်ခဲ့ကြ ပါတယ်။ဘောင်းဘီအတိုကြပ်ကြပ်နဲ့ ဘောင်းဘီအရှည် Calf Length Buttocks တို့ပဲဖြစ်ပါတယ်။ အဲဒီနောက်ပိုင်း ရာစုနှစ်များမှာတော့ ပြင်သစ်ရဲ့ Ancien Regime fashion နဲ့ ၁၆ ရာစုက Abraham Bosse ရဲ့ French Patterns များကိုအခြေခံတဲ့ Latest Paris Style ပေါ်ပေါက်လာ ခဲ့ပါတယ်။ ဒီဖက်ရှင်ဟာ ၁၆၂၀ မှ ၁၈၀၀ ပြည့်နှစ်တိုင်အောင် အနောက်ဥရောပမှာ ခေတ်စားခဲ့ပါတယ်။၁၈၅၈မှာတော့ သမိုင်းတွင်မယ့် Fashion တစ်ခုကို အင်္ဂလန် ဖွား Charles Frederick Wonth က ပြင်သစ်နိုင်ငံ ပဲရစ်မြို့မှာ အထည်ချုပ်ဆိုင်ကြီးဖွင့်လှစ်ပြီး တီထွင်ဖန်တီးမှုတွေပြုလုပ်ခဲ့ပါတယ်။ များပြာလှတဲ့တိုးတက်တဲ့ အမြင်ပုံဏ္ဌာန်အမျိုးမျိုးကို ပေါင်း စပ်ပြီး နောက်ဆုံးမှာတော့ သူ့ရဲ့ Street Fashion ကို ပေါ့ပေါ့ပါးပါးထုတ်လုပ်နိုင်ခဲ့ပါတယ်။ဒီဖက်ရှင်လုပ်ငန်းကြီးအတွက် အရေးပါတဲ့ နောက်တစ်ချက်ကတော့ Fashion Journalism ပါပဲ။ အခုခေတ်မှာတော့ မဂ္ဂဇင်း များ၊ သတင်းစာများ၊ T.V Channel များအပြင် Internet Website များကြောင့် ဖက်ရှင်လုပ်ငန်းနဲ့ဆက်စပ်ပြီး အခြားသော အလုပ် အကိုင်အခွင့်အလမ်းများလည်းပေါ်ပေါက်ခဲ့ပါပြီ။မြန်မာ့ဖက်ရှင်မော်ဒယ်လောကဘယ်ကစ မြန်မာနိုင်ငံမှာ ၁၉၉၅-၉၆ခုနှစ်မှာ Tourism Board ကနေ မြန်မာ့ခရီးသွားနှစ်အတွက် ပြင်ဆင်ရာမှာ မော်ဒယ်လ်ပြိုင်ပွဲတွေ လုပ်လာခဲ့ပြီး အဲဒီအချိန်က မင်းသားတစ်ယောက် မင်းသမီးတစ်ယောက် ဖြစ်ဖို့ဆိုတာ ခဲယဉ်းနေတဲ့အချိန် Visit Myanmar Year လုပ်တဲ့အချိန်မှာဘဲ မြန်မာနိုင်ငံကိုပြန်လာပြီး ပထမဆုံးမော်ဒယ်အေဂျင်စီ စထောင် ခဲ့တယ်လို့ Star & Model Agency ရဲ့ ပိုင်ရှင် ကိုဂျွန်လွင်က ဆိုပါတယ်။ ''အဲဒီအချိန်ကစပြီး မော်ဒယ်လောက ခေတ်စားလာပြီး ပြဿနာတချို့ကြောင့် ပန်မှေးမှိန်ခဲ့ပါတယ်။ မော်ဒယ်ခေတ်စား လာမှုနဲ့အတူ ဒီဇိုင်နာတွေလဲ အများကြီးပေါ်ပေါက်လာခဲ့ပါတယ်။ ၂၀၀၉ခုနှစ် မှာတော့ မော်ဒယ်လောက တော် တော်ကျယ်ပြန့်လာပါတယ်။ အလုပ်အကိုင် အခွင့်အလမ်းတွေလည်း အများကြီးပေါ်ပေါက်ခဲ့ပါတယ်။ အခုဆိုရင်တော့ ဈေးပွဲတော် လျှောက်တဲ့ မော်ဒယ်အုပ်စု တစ်အုပ်စု၊ ပွဲကြီး တွေလုပ်တဲ့ မော်ဒယ်ကတစ်အုပ်စုဖြစ်သွားပါပြီ။ ပွဲတွေများလာတော့ မော်ဒယ် ဆိုတာဘာလဲဆိုတာ တောနယ်က လူတွေကအစ သိနေကြပါပြီ'' လို့ ကိုဂျွန်လွင်က မြန်မာမော်ဒယ် လောကရဲ့ ဖွံ့ဖြိုးတိုးတက် လာမှု ကို ပြောပြပါတယ်။ ''ကျွန်တော်က ရှိုးပွဲတွေလုပ်ပြီး အရှုံးခံပြခဲ့တယ်။ Park Royal မှာဆို တစ်နေကုန်ပွဲနှစ်ရက်ဆက်တိုက်ပြခဲ့တယ်။ မော်ဒယ် ဆိုတာ ဘာလဲသိစေချင်လို့ပါ။ ပွဲလုပ်တယ်ဆိုတာ လမ်းဘေးမှာသုံးထပ် သားပြား ၄ချပ်ရိုက်ပြီးစင်လုပ်လို့မရဘူး။ စင်ကိုအပြင် အဆင်ပိုင်းက အစ ခမ်းခမ်းနားနား လုပ်ရတယ်။ အခွေတွေရိုက်ရတယ်။ အဲဒီအခွေကိုလက်ဆောင်ပေးရတယ်။ ဒီတော့မှ လူတွေ မော်ဒယ် လောကကို သိလာတယ်'' လို့ သူဖြတ်သန်းခဲ့ရတဲ့ မော်ဒယ်အေဂျင်စီ ထူထောင်သူဘဝကို ပြန်ပြောင်းပြောပြခဲ့ပါတယ်။ ''မော်ဒယ်ရှိုးပွဲတစ်ခုလုပ်မယ်ဆိုရင် အနဲဆုံးကုန်ကျစရိတ် ၅ သိန်း ၆ သိန်းလောက်ရှိတယ်။ ဒါပွဲသေး ကုမ္ပဏီဒင်နာ ဧည့်ခံပွဲလို ဟာမျိုးပေါ့။ ပွဲကြီးဆိုရင်တော့ မော်ဒယ်တစ်ယောက်က နှစ်သောင်း သုံးသောင်း ငါးသောင်း တချို့ တစ်သိန်းထိ ဝင်ငွေရကြပါ တယ်။ ဒါပေမဲ့ မော်ဒယ်တွေမှာလဲ အင်္ကျီ Fitting ချဖို့လုပ်ရတာ၊ ရီဟာ ဇယ်လာရတာ၊ ပွဲကြိုလာပြီး မိတ်ကပ်လိမ်းရတာ ကားခနဲ့ မကိုက်လှပါဘူး''လို့ ဆိုပါတယ်။ အဲဒီကနေတက်ပြီး ကြော်ငြာမင်းသမီးဖြစ် ရင်တော့ ဝင်ငွေကောင်းကောင်းရလာနိုင်တာပေ့ါလို့ မော်ဒယ်တွေရဲ့ဝင်ငွေနဲ့ အသုံးစရိတ်ကိုလည်း ရှင်းပြပါတယ်။ မော်ဒယ်အေဂျင်စီတွေအနေနဲ့ စီးပွားရေးအရဆိုရင်တော့ လက်ရှိ အခြေအနေအရမအောင်မြင်သေးကြောင်း စီးပွားရေးကောင်းလာပြီး ကုမ္ပဏီများထပ်တိုးလာကာ အရောင်းမြှင့်တင်ရေးပွဲများ လုပ်လာရင် အနာဂတ်ကာလမှာ မော်ဒယ်တွေဝင်ငွေကောင်းဖို့မျှော်လင့်ကြောင်း မော်ဒယ်များရဲ့အနာဂတ်အတွက် အကောင်းမြင် စွာနဲ့ ကိုဂျွန်လွင်ကပြောပါတယ်။မော်ဒယ်နဲ့ ဖက်ရှင်ဒီဇိုင်နာ ''ဖက်ရှင်ဒီဇိုင်နာဆိုတဲ့ ဝေါဟာရကို မြန်မာနိုင်ငံမှာတွင်တွင်ကျယ်ကျယ်အသုံးပြုတာက ၁၉၉၇နောက်ပိုင်း Strand Hotel မှာ လုပ်တဲ့ ပြိုင်ပွဲမှာစတာပါ၊ ဒါဒုတိယအကြိမ်ကျင်းပတဲ့ပွဲပါ။ ပထမအကြိမ်က သုဝဏ္ဏက ခြံတစ်ခြံမှာလုပ်တဲ့ပွဲပါ။ ပထမအကြိမ်မှာ အိန္ဒြာကျော်ဇင် Miss ရပါတယ်၊ ဒုတိယအကြိမ်မှာ အေးဝတ်ရည်သောင်းရပါတယ်။ အဲဒီအချိန်မှာဘဲ ဖက်ရှင်ဒီဇိုင်နာဆိုတဲ့ ဝေါဟာ ရ တွင်ကျယ်အောင် မမီးငယ်နဲ့ ဒေါက်တာကျော်ဝင်းက ဒီဇိုင်နာ Contest ပြိုင်ပွဲ ထည့်သွင်းကျင်းပပေးခဲ့ တယ်။ အဲဒီအချိန်မှာ ဖက်ရှင်ဝါသနာပါတဲ့သူတွေ ဝင်ပြိုင်ကြတယ်။ အဲဒီမတိုင်ခင်ကဆို ဒီဇိုင်နာ ဆိုရင်ဖက်ရှင်ဒီဇိုင်နာလား၊ Graphic ဒီဇိုင်နာလား မကွဲပြားဘူးပေါ့'' လို့ ဖက်ရှင်ဒီဇိုင်နာရဲ့ သမိုင်းကြောင်းကို ဒီဇိုင်နာခင်စန်းဝင်းက ရှင်းပြပါတယ်။ နောက်ပိုင်းမှာတော့ဒီဇိုင်နာဆုတွေ အများ ကြီးပေးတဲ့ ဒီဇိုင်နာ Contest တွေ အများကြီးလုပ်လာကြောင်း၊ မစ္စတာဘရိုင်ယန် ရောက်လာပြီး အကယ်ဒမီ မော်ဒယ်ပြိုင်ပွဲတွေ၊ Visit Myanmar Year 1996 ပြိုင်ပွဲတွေလုပ်ခဲ့ကြောင်း၊ အဲဒီအချိန်ကစပြီး ဒီဇိုင်နာ တွေရဲ့ အခန်းကဏ္ဍကအရေးပါလာပြီး လူတွေကဖက်ရှင်ဒီဇိုင်နာဆိုတာ ရှိပါလားလို့အာရုံမျိုး စပြီးရခဲ့ကြောင်း ခင်စန်းဝင်းက ဆက်ရှင်းပြပါတယ်။ ''ဈေးကွက်စီးပွား ရေးအရ လုပ်ငန်းထူထောင်တဲ့အခါ ဖက်ရှင်ရဲ့ အခန်းကဏ္ဍဟာ မရှိမဖြစ် လိုအပ်လာတယ်။ ဖက်ရှင်ဟာ ပါဝင် သင့်တယ်ဆိုတဲ့ အတွေးအခေါ်အယူ အဆတွေ လုပ်ငန်းရှင်တွေဆီမှာ ဝင် လာတယ်။ ဒါကြောင့် လုပ်ငန်းရှင် တွေက ဖက်ရှင်ရှိုးပွဲတွေ ကျင်းပပြီး ကုန်ပစ္စည်း အရောင်းမြှင့်တင်မှု ကုန်ပစ္စည်းသစ်မိတ်ဆက်စသည်ဖြင့် ဆောင်ရွက်လာတာပါ။'' လို့ ဖက်ရှင် စီးပွားရေးနဲ့ အရောင်းမြှင့်တင်ရေး လုပ်ငန်းနှစ်ခု ဆက်စပ်နေပုံကို ခင်စန်းဝင်းက ပြောပြပါတယ်။ အခုခေတ်မှာ ကလေးတွေက ဒီဇိုင်နာဖြစ်ရင် စီးပွားရေး အဆင်ပြေတဲ့ စိတ်ကူးနဲ့ဝင်လာတာတွေ ရှိတယ်။ မကြီးစန်းတို့ခေတ်က ဒီဇိုင်နာ သင်တန်းကျောင်းတွေ မရှိဘူး။ ပြည်ပမှာ သွားသင့်ဖို့ အခွင့်အရေးလဲမပေးဘူး။ ဝါသနာ ပါတာတစ်ခုတည်းနဲ့ အရင်းခံခဲ့ တာ။ အခုဆို စင်ကာပူ၊ အီတလီ၊ အမေရိက၊ ထိုင်း စတဲ့ နိုင်ငံတွေမှာ ငွေကြေးတတ်နိုင်ရင် ဒီဇိုင်နာသင်တန်း သွားတက်နိုင်တဲ့ အခွင့်အရေးတွေရှိလာပြီ၊ ဒါကြောင့်နောက်ကလေးတွေကို တကယ်တတ် ကျွမ်းနားလည်တဲ့ ဒီဇိုင်နာတွေ ပေါ်ထွက်လာစေချင် တယ်။ တကယ် စိတ်ဝင်စားတဲ့သူတွေကိုသာ ဒီလောကထဲ ဝင်လာစေချင်ပါတယ် လို့ ပြောပါတယ်။ ဖက်ရှင်နှင့် ကုန်ပစ္စည်းအရောင်းမြှင့်တင်ရေး၂၀၀၉ ခုနှစ်အတွင်းမှာ ကုန်ပစ္စည်းအသစ်တွေကို ဈေးကွက်တင် မိတ်ဆက်တာ၊ တချို့အလှကုန်ဈေးတွေနဲ့ ပတ်သက်ပြီး Missတို့၊ Queen တို့ရွေးတာတွေကို ခပ်စိပ်စိတ်တွေ့နေခဲ့ပါတယ်။ ဖက်ရှင်မော်ဒယ်စီးပွားရေးလုပ်ငန်းနဲ့ ကုန်ပစ္စည်းအရောင်းမြှင့်တင်တဲ့ စီးပွား လုပ်ငန်း နှစ်ရပ်ပေါင်းစည်းသွားတဲ့သင်္ကေတပါ။ ဒီနေ့ ကုန်ပစ္စည်းကြော်ငြာတွေကို လေ့လာရင် အဓိကအားဖြင့် တော့ နိုင်ငံခြားကဝင်လာတဲ့ လူသုံးကုန်ပစ္စည်း၊ အလှကုန်ပစ္စည်း၊ ဆေးဝါးစတာတွေကိုပဲ ကြော်ငြာနေတာပါ။ မဂ္ဂဇင်း၊ ဂျာနယ်၊ ဗီနိုင်း၊ ပိုစတာ၊ ကြော်ငြာတွေလုပ်ကြပါတယ်။ နောက်ပိုင်းမှာတော့ မော်ဒယ် တွေနဲ့ အရောင်းမြှင့်တင်ရေးတွေ Promotion Show ပွဲတွေလုပ်လာပါတယ်။ ဒါ့ပြင် တခြားအကြောင်းအရာတွေနဲ့ ပတ်သက်တဲ့ ပွဲတွေမှာလဲ စပွန်ဆာပေးပြီးတော့ ကြော်ငြာတာ၊ လက်ကမ်းကြော်ငြာဝေတာတွေလုပ်လာပါတယ်။ ဒီလိုဆောင်ရွက် မှုအမျိုးမျိုးမှာ မော်ဒယ်တွေနဲ့ ကြော်ငြာတာဖက်ရှင်ရှိုးတွေနဲ့ ကြော်ငြာတာကြောင့် အလွယ်တကူလူသိများလာတာ၊ ဈေးကွက် ကျယ်ပြန့်လာတာတွေကိုတွေ့ရပါတယ်။ ''မော်ဒယ်တွေက သူတို့ကိုယ်တိုင်သုံးရတော့ ပစ္စည်းကောင်းရင် ဖောက်သည်ဖြစ်သွားတာပါဘဲ။ ဒါ့ပြင်ပွဲလာတဲ့ အရောင်းကိုယ် စားလှယ်သုံးစွဲသူတွေဟာ ယုံကြည်စွာစမ်းသုံးပြီး ဝယ်သူတွေကိုညွှန်ပြနိုင်ပါတယ်။ ဒါ့ပြင် မော်ဒယ်တွေမင်းသမီးတွေသုံးလာတော့ တခြားလူတွေကလဲ အလွယ်တကူဝယ်သုံးလာကြပါတယ်။ ဒါကြောင့် မော်ဒယ်တွေနဲ့ ရှိုးပွဲတွေမှာ ကြော်ငြာတာကတော့ ရှိုးပွဲတွေ မလုပ်ခင် ကထက် ဈေးကွက်အနေအထား ပိုရလာပါတယ်။ ရှိုးပွဲကြောင့် Brand ကို လူသိလာသလို ရောင်းအားလဲ ပိုတက်လာ ပါတယ်'' လို့ Aqua Lend Co.,Ltd ရဲ့ အရောင်းမြှင့်တင်ရေး မန်နေဂျာကိုဇော်ဝင်းထွန်းကပြောပါတယ်။''ကိုယ့် ပစ္စည်းကို နယ်က ယူရောင်းတဲ့ Customer တွေအနေနဲ့ ကြော်ငြာတွေ့ရင် လူပို သိမယ်ဆိုတဲ့အတွက် လက် ကား အရောင်းသမားတွေ အဆင်ပြေအောင်ကြော်ငြာတာပါ။ သာမန် လူတစ်ယောက်ဝတ်ပြတာထက် မင်းသမီးတစ်ယောက် ဝတ်ပြတာ ဆိုတော့ လူပိုသိတာပေ့ါ''လို့ Spike Collection ရဲ့ အုပ်ချုပ်မှုဒါရိုက်တာ မဖြူဖြူစိမ်းကဆိုပါတယ်။ဖက်ရှင်နဲ့ ဂျာနယ်မဂ္ဂဇင်း ကျွန်းကိုင်းမှီ၊ ကိုင်းကျွန်းမှီ ဖက်ရှင်မော်ဒယ်လောကကို ပိုပြီးကျယ်ပြန့် ထွန်းကာလာအောင်ပံ့ပိုးတဲ့အပိုင်းမှာ ဖက်ရှင်ဂျာနယ်နဲ့ မဂ္ဂဇင်းတွေရဲ့ အခန်းကဏ္ဍက လည်း အဓိကနေရာကပါဝင်နေပါတယ်။ ဖက်ရှင်ကိုမဂ္ဂဇင်းက ကြော်ငြာသလို ဖက်ရှင်အကြောင်းနဲ့ မော်ဒယ်အကြောင်းတွေစုံလင် အောင်ပါလို့ မဂ္ဂဇင်းစောင်ရေတတ်နိုင်တာကြောင့် ကျွန်းကိုင်းမှီ ကိုင်းကျွန်းမှီလုပ်ငန်းလို့ဆိုရပါမယ်။ မဂ္ဂဇင်းတွေထဲမှာ ဆန်းသစ်လှပတဲ့ ဖက်ရှင်တွေ၊ မော်ဒယ်လ်၊ မင်းသမီးတွေရဲ့ အလှအပ၊ အဝတ်အစား၊ ဖိနပ်စတဲ့ အသုံး အဆောင်တွေ၊ လက်ဝတ်ရတနာတွေကိုဖော်ပြကြပါတယ်။ စာဖတ်ပရိသတ်ကလဲ ဒါကိုစိတ်ဝင်စားပါတယ်။ ဘယ်လိုဖက်ရှင်တွေ ခေတ်စားနေတယ်၊ မင်းသား မင်းသမီးမော်ဒယ်တွေ ဘာလုပ်နေတယ်ဆိုတာ သိချင်နေတာပါ။ ဒီတော့ မဂ္ဂဇင်းဂျာနယ်တွေ ဝယ်ဖတ်ကြရပါတယ်။ ဒီကဏ္ဍကြောင့် လုပ်ငန်းရှင်တွေကလဲ ကြော်ငြာအတွက် လိုအပ်တဲ့ မော်ဒယ်တွေကို ဆက်သွယ်နိုင်သလို လိုချင်တဲ့ပစ္စည်းတွေမှာယူနိုင်ကြပါတယ်။ ဒါ့ပြင် ဆယ်ကျော်သက်တွေကလဲ သူတို့နှစ်သက်တဲ့ မော်ဒယ်တွေရဲ့ ဝတ်စားဆင်ယင်မှု၊ ဘာတွေ လုပ်နေသလဲ သိချင်သလို ခေတ်မီဆန်းသစ်တဲ့ ဖန်စီပစ္စည်းတွေကို စိတ်ဝင်စားကြပါ တယ်။ လူလတ်ပိုင်း လူကြီးပိုင်းတွေ ကလဲ စိတ်ဝင်စားတာကြောင့် ရောင်းအားပိုတိုးတက်လာပါတယ်။ ဖက်ရှင်ကြောင့် ဂျာနယ်တွေ မဂ္ဂဇင်းတွေ အရောင်းသွက်သလို ဂျာနယ်မဂ္ဂဇင်းကြောင့်လဲ ဖက်ရှင်လောကနဲ့ ကုန်ပစ္စည်းရောင်းအားတွေ တိုးတက်လာစေတာကတော့ အမှန်ပါလို့ ဖက်ရှင်မဂ္ဂဇင်း ရဲ့ တာဝန်ခံအယ်ဒီတာ မဝင်းမာက ပြောပါတယ်။ ဂျာနယ်မှာ ဖက်ရှင်ကဏ္ဍကို ပုံစံအမျိုးမျိုးနဲ့ ဖော်ပြထားတယ်။ ဥပမာ-ရာသီအလိုက်ဝတ်စားဆင်ယင်မှု ကဏ္ဍမှာဆိုရင် မင်းသား၊ မင်းသမီးတွေ မော်ဒယ်တွေနဲ့ နွေရာသီဆို ဘယ်လိုအဝတ်အစား၊ မိုးရာသီဆို မိုးကာလှလှလေး၊ ထီးလှလှလေးစတဲ့ လှပတဲ့ပုံတွေနဲ့ ဖော်ပြပေးတယ်။ ဆောင်းရာသီဆိုရင်လည်း အနွေးထည်လှလှလေးတွေနဲ့ပေ့ါ။ ဒီကဏ္ဍကို စာဖတ်သူကလည်း မင်းသမီ၊ မင်းသား တွေ ဘယ်လိုဝတ်သလဲ စိတ်ဝင်စားသလို မင်းသမီးအချင်းချင်းကလည်း ဘယ်ဒီဇိုင်နာချုပ်တာလဲ၊ ဘယ်လိုဒီဇိုင်းလဲ စသဖြင့်ပေ့ါ လို့ Hello ဂျာနယ်ရဲ့ အယ်ဒီတာကိုဘုန်းနေလကပြောပါတယ်။ မိမိနိုင်ငံထုတ်ကုန်တွေကို ပြည်ပမှာ ဈေးကွက်ထိုးဖောက် ကြော်ငြာဖို့ ပြည်ပနိုင်ငံတွေကို သွားရောက်ပြသတဲ့ပွဲတွေမှာ မိမိနိုင်ငံထွက် တိုင်းရင်းသားရိုးရာ အဝတ်အထည်တွေ ဝတ်ဆင်ပြသ ရာမှာတော့ နိုင်ငံခြားက ကြိုက်နှစ်သက်လို့ ဝယ်ယူချင်တာကြောင့်ကမ်းလှမ်းလာခဲ့ဖူးကြောင်း၊ သုံးလအတွင်း အထည်ထောင် ဂဏန်းလိုချင်တာကြောင့် ပြည်တွင်းထုတ်လုပ်မှုကြည့်တဲ့အခါမှာတော့ ရိုးရာစနစ်နဲ့ရက်လုပ်မှုကြောင့် အချိန်မှီမလုပ်နိုင်တာ၊ အရည် အသွေးပိုင်းမှာလည်း အရောင်ကျွတ်တာ၊ ရေနဲ့ထိတဲ့အခါ ကြုံ့သွားတာတွေကြောင့် ရောင်းချခြင်းမပြုခဲ့ရဘူးလို့ ကိုယ်တွေ့ ကြုံခဲ့ရသူတစ်ဦးရဲ့ ပြောပြချက်အရသိရပါတယ်။ ဒါကြောင့် ရိုးရာအထည်တွေကို နိုင်ငံတကာ အဆင့်မီ အရည်အသွေးရှိအောင် ခေတ်မီနည်းပည နဲ့ ပြုပြင်မွမ်းမံပြီး နိုင်ငံခြားထိထိုးဖောက်တင်ပို့နိုင်ဖို့အတွက် ဆောင် ရွက်ဖို့လိုလာပြီဆိုတာလဲတွေ့နေရပါတယ်။ ''ပြီးခဲ့တဲ့နှစ်ကလုပ်တဲ့ အာဆီယံရှိုးကို သူတို့ကဖိတ်တယ်။ ကိုယ်ကစဉ်းစားတာက ကိုယ့်ရဲ့ဈေးကွက်က လတ်တလောမှာ Professional Wedding Dress ဆိုတော့ ဒါမျိုးက နိုင်ငံခြားမှာ အဆင်မပြေဘူး။ ကိုယ့်အထည်တွေ အော်ဒါအပ်ပြီး ဝတ်မဲ့လူလဲ မရှိဘူး။ ဒါကြောင့်သိပ်အားမထားခဲ့ဘူး။ ဒီနှစ် ၂၀၁၀ မှာလည်း သူတို့က ထပ်ပြီးဖိတ်တယ်။ ဒီကတာဝန်ရှိသူတွေကလည်း သွားပြဖို့ ပြောတော့ ကိုယ့်အနေနဲ့ ဘာပဲဖြစ်ဖြစ် မြန်မာနိုင်ငံကိုကိုယ်စားပြုပြီးသွားမယ်။ ကိုယ်တတ်ထားတဲ့ ပညာအရည်အချင်းနဲ့ မြန်မာ တွေ ရဲ့ ဒီဇိုင်းပညာမသေးဘူးဆိုတာ ပြမယ်လို့ ဆုံးဖြတ်ထားတယ်။ ဧပြီလ ၁ရက်မှာထိုင်းမှာပြမှာပါ'' လို့ ဒီဇိုင်နာ ခင်စန်းဝင်းက သူ့ရဲ့ အစီအစဉ်ကို ပြောပါတယ်။ ဖက်ရှင်နဲ့ ရုပ်သံ ဟိုအရင်က ဂီတမြူးဇစ်ဟာ အတီးသက်သက်နဲ့သာ တင်ဆက်မှုတွေရှိခဲ့တာပါ။ ဒီနောက်ပိုင်းမှာ နိုင်ငံတကာရဲ့ ဂီတမှာ ဖက်ရှင် နဲ့ ပေါင်းစပ်ပြီးဖျော်ဖြေလာကြပါတယ်။ ဒီလိုပေါင်းစပ်လိုက်တာကြောင့်လဲပိုမိုမြူးကြွလာတာကိုတွေ့ရပါတယ်။ ''ကျွန်တော်တို့ နိုင်ငံမှာလဲ ဒီနောက်ပိုင်းလူငယ်တွေဟာ ဂီတမြူးဇစ်နဲ့ ဖက်ရှင်ကိုပေါင်းစပ်တင်ဆက်လာတာဟာတွေ့ကြရမှာပါ။ အထူးသဖြင့် ဖက်ရှင်နဲ့ အကတွေဟာ ပိုမိုပြီးမြိုင်မြိုင်ဆိုင်ဆိုင်ရှိလာပါတယ်။ လူထုအကြားမှာလဲ ပိုမိုလက်ခံလာကြပါတယ်။ လူငယ်တွေရဲ့ ကြိုးစားတီထွင်မှုရလာဒ်ကောင်းဖို့လဲ ပြောလို့ရပါတယ်။ ဒီနေရာမှာ ဂီတဆိုတဲ့အပိုင်းမှာ ခေတ်ရေစီးကြောင်းပြောင်းလဲမှုနဲ့ ဂီတ မြူးဇစ် တွေဟာလဲပြောင်းလဲနေပါတယ်။ လူငယ်ထုရဲ့သံစဉ်တွေဖြစ်တဲ့ ပန်တို့၊ ဟစ်ဟော့တို့၊ အီမိုစတာတွေရှိလာ တယ်။ ဒီလိုဂီတ မြူးဇစ်တွေနဲ့ တွဲဘက်ပြီးတော့ ဝတ်စားဆင်ယင်မှုအပိုင်းက ပိုပြီး အရေးပါလာပြန်ပါတယ်။ ဒါကြောင့်မို့ ကျွန်တော့အနေနဲ့ ဒီ ''ဖက်ရှင်မြူးဇစ်ဖက်စတေဘယ်လ်'' ဆိုတဲ့ အစီအစဉ်လေးကို လူငယ်တွေအတွက်ရော စိတ်ဝင်စားသူ ပရိသတ်အတွက်ပါရိုက်ကူး ပုံဖော်ဖြစ်ခဲ့တာပါ'''လို့ MRTV-4 ရဲ့ Fashion Music Festival အစီအစဉ်တာဝန်ခံ ကိုမြင့်မိုးအောင်ကဆိုပါတယ်။ အထူးသဖြင့် ဖက်ရှင်နဲ့ ဂီတကိုပေါင်းစပ်လိုက်တဲ့အခါမှာ ပိုမိုမြူးကြွလာခဲ့တာပါ။ အရင်က ဖက်ရှင်ရှိုးပွဲတွေမှာ သာမန် တီးလုံးလေးတွေနဲ့သာ လျှောက်ခဲ့ကြတာလေ။ ဒီနောက်ပိုင်းမှာ မြူးကြွတဲ့ တီးလုံးတွေနဲ့ လျှောက်လာကြတာက ကြည့်ရတာ အတော် ကွာခြားပါတယ်။ တဆက်တည်းပါလာတာက ဖက်ရှင်နဲ့ဆက်နွယ်ပြီး အကအဖွဲ့တွေ၊ တခြားပညာရှင်တွေဖြစ်တဲ့ ဆံပင် အလှဖန်တီးရှင်တွေ၊ မိတ်ကပ်အလှဖန်တီးရှင်တွေ၊ အဝတ်အစား၊ ဒီဇိုင်နာတွေ၊ ဖန်စီအလှရောင်းချသူတွေရဲ့ အခန်းကဏ္ဍဟာလဲ ပိုမိုပေါ်လွင်လာပါတယ်။ ''ဖက်ရှင်ရဲ့သဘောကိုက လူအများကို သက်ဝင်လှုပ်ရှားစေတယ်လို့လဲ ပြောနိုင်ပါတယ်။ အထူးသဖြင့် တော့ ဒီနောက်ပိုင်းမှာ တချို့သောစီးပွားရေးလုပ်ငန်းတွေကတောင် ဒီအစီအစဉ်မှာပါဝင်လာကြပါတယ်။ ဒါကလဲ ကောင်းမွန်တဲ့ ရလဒ် တစ်ခုလို့ ပြောလို့ရပါတယ်။ မိမိတို့ထုတ်လုပ်တဲ့ ကုန်ပစ္စည်းတွေကို လူအများအလွယ်တကူသိရှိနိုင်အောင် ကြော်ငြာတဲ့ လုပ်ငန်းဖြစ် တာကြောင့် နှစ်ဦးနှစ်ဖက်အကျိုးရှိပါတယ်''လို့ ကိုမြင့်မိုးအောင်က ထပ်လောင်း ဆိုပါတယ်။ ''အခုဆိုရင်ကျွန်တော်တို့ရဲ့ ''ဖက်ရှင် မြူးဇစ်ဖက်စတေဘယ်လ်''အနေနဲ့ နိုင်ငံတကာက တင်ဆက်နေတဲ့ ဖက်ရှင်တွေကို အမြဲ မျက်ခြေပြတ်မခံဘဲ ဆန်းသစ်တဲ့အသွင်အပြင်တွေနဲ့ အမြဲတမ်းကြိုးစား ရိုက်ကူးတင်ဆက်နေပါတယ်။ ဒီလို ရိုက်ကူးတင်ဆက်မှု အပိုင်းတွေမှာလဲ စီးပွား ရေး လုပ်ငန်းရှင်တွေဟာ ကျွန်တော်တို့နဲ့ပူးပေါင်းပြီး သူတို့ရဲ့စီးပွားရေးလုပ်ငန်းတွေကို လူထုကြား ပြန့်နှံ့ သိရှိသွားအောင်ကြော်ငြာလာကြတာပါ။ ဒါတင်မကဘဲ မိမိတို့အစီအစဉ်နဲ့ ကုန်ပစ္စည်း မိတ်ဆက်ပွဲတွေမှာ မော်ဒယ်အနုပညာရှင် တွေနဲ့ ဖက်ရှင်ဝတ်ဆင်ပြီးတင်ဆက်ပြသတာတွေ၊ မိမိတို့ရဲ့ကုန်ပစ္စည်းတွေကို မော်ဒယ်များနဲ့ ကြော်ငြာတာတွေ၊ မော်ဒယ်ရှိုးပွဲ တွေမှာ စပွန်ဆာယူပြီး ပြသတင်ဆက်တာတွေဟာလဲ အရမ်းတိုးတက်ဖွံ့ဖြိုးလာပါတယ်''လို့ ကိုမြင့်မိုးအောင်က ဖက်ရှင်စီးပွားရေးနဲ့ အရောင်းမြှင့်တင်မှုလုပ်ငန်းနှစ်ရပ် ပေါင်းစပ်လာတဲ့သဘောကိုပြောပြပါတယ်။ ''လူငယ်တွေရဲ့ ဝတ်စားဆင်ယင်မှုတိုးတက် ပြောင်းလဲလာမှုအပိုင်းမှာတော့ပြောမယ်ဆိုရင် နိုင်ငံတကာနဲ့ ရင်ဘောင်တန်းပြီး ဝတ်ဆင်လာနိုင်ကြပါပြီ။ ဘယ်နေရာဘယ်နိုင်ငံကိုပဲသွားသွား ကျွန်တော်တို့ မြန်မာလူငယ်တွေအနေနဲ့ဝတ်စားဆင်ယင်မှု အပိုင်းမှာ အခက်အခဲမရှိကြတော့ဘူးပေ့ါ။ တစ်ခုတော့ရှိတာပေ့ါ။ နိုင်ငံတိုင်းလူမျိုးတိုင်းမှာ ကိုယ့်ယဉ်ကျေးမှု ကိုယ့်ရိုးရာ ဝတ်စုံဆိုတာ ရှိသလို ဘယ်လိုပဲဝတ်စားဆင်ယင်မှုတွေ တိုးတက်ပြောင်းလဲတယ်ဆိုပါစေ သူတို့ရဲ့ရိုးရာဝတ်စုံဟာမှေးမှိန်မသွားကြပါဘူး။ ဒီလိုပဲ ကျွန်တော်တို့ မြန်မာလူငယ်တွေရဲ့ကြားမှာလဲ ဘာတွေဘယ်လိုတိုးတက်ပြောင်းလဲပါစေ ကိုယ့်မြန်မာ့ယဉ်ကျေးမှုနဲ့ မြန်မာဝတ်စုံ ကိုတော့ မေ့ပျောက်လို့မရဘူးလို့ ပြောချင်ပါတယ်'' ဆိုပြီးဖက်ရှင် ရေစီးကြောင်းထဲမှာ မိမိယဉ်ကျေးမှုနဲ့ ရိုးရာအစဉ်အလာတွေ မပျောက်ဆုံးစေဖို့ ကိုမြင့်မိုအောင်က အကြံပြုပါတယ်။ဖက်ရှင်အနုပညာနဲ့ အမျိုးသားအကျိုးစီးပွား ဂလိုဘယ်လိုက်ဇေးရှင်းခေတ် သတင်းနည်းပညာခေတ်၊ အသိပညာအခြေခံတဲ့ စီးပွားရေးခေတ်စသဖြင့် အမျိုးမျိုး ကင်ပွန်းတပ် ခံရတဲ့ ဒီနေ့ခေတ်မှာ ယဉ်ကျေးမှုဓလေ့ထုံးတမ်းတွေဝတ်စားဆင်ယင်မှုတွေ၊ နေထိုင်စားသောက်မှု ပုံသဏ္ဍာန်တွေဟာလည်း တစ်နိုင်ငံနဲ့တစ်နိုင်ငံ၊ လူမျိုးတစ်မျိုးနဲ့ တစ်မျိုးကြားစီးဝင်ရောယှက်နေပါတယ်။ ခေတ်ရဲ့တောင်းဆိုမှုနဲ့ပြောင်းလဲနေတဲ့အလျှင်ကို တားဆီး လို့မရနိုင်ပါဘူး။ မောင်ဗမာ၊ မယ်ဗမာခေတ်၊ လှယဉ်ကျေး မယ်ခေတ်များကို ဖြတ်သန်းခဲ့တဲ့ မြန်မာ့ဖက်ရှင်လောက ဟာလည်း ဒီနေ့ဒီအချိန်ခါမှာ Miss Toursim ခေတ်၊ Queen Oramin-F ခေတ်ကိုရောက်လာပါပြီ။ မော်ဒယ် အေဂျင်စီ သင်တန်းတွေ၊ မော်ဒယ်တွေ၊ ကြော်ကြားတဲ့ ဒီဇိုင်နာတွေ၊ ကင်မရာမင်း၊ မိတ်ကပ်ပညာရှင်၊ အစီအစဉ်တင်ဆက်သူ၊ မီးထိုး သမားစသဖြင့် အလုပ်အကိုင်အခွင့်အလမ်းရှိတဲ့ နယ်ပယ်တစ်ခုအထိလည်းကျယ်ပြန့်လို့လာပါပြီ။ ဒီဖက်ရှင်မော်ဒယ် အင်အားစု ဟာ ဒီနေ့ ဒီအချိန်အခါမှာတော့ ပြည်ပကတင်သွင်းတဲ့ အခြားနိုင်ငံထုတ်ကုန်ပစ္စည်းတွေကို ရောင်းအားမြှင့်တင်တဲ့လုပ်ငန်း တွေမှာသာ အသုံးပြုနေပြီး မိမိနိုင်ငံထုတ်ကုန်နဲ့ ယဉ်ကျေးမှုဓလေ့ထုံးတမ်းတွေကို ပြည်ပကို ဈေးကွက်ထိုးဖောက်ဖို့ အပိုင်းမှာတော့ အားနည်းနေတာတွေ့နေရပါတယ်။ ဒါကြောင့်မို့ မကြာခင်အနာဂတ်မှာ ယနေ့ဖွံ့ဖြိုးစပြုနေတဲ့ မြန်မာ့ဖက်ရှင် မော်ဒယ်စီးပွားရေး လုပ်ငန်းများဟာ ရိုးရာဓလေ့ထုံးတမ်းတွေနဲ့ မိမိနိုင်ငံရဲ့ထုတ်ကုန်တွေကို ကမ္ဘာသိအောင်တစ်ဖက်က ကြိုးပမ်းဆောင်ရွက်ရင်း တစ်ဖက်ကလည်း ပြောင်းလဲလာတဲ့ ဖက်ရှင်ရေစီးကြောင်းမှာ မိမိရိုးရာ အစဉ်အလာတွေနဲ့ အမျိုးသားရေးလက္ခဏာ မပျောက်ပြတ် အောင် ထိန်းသိမ်းဆောင်ရွက်ဖို့လိုအပ်ကြောင်းရေးသားလိုက်ရပါတယ်။
ကမ္ဘာ့ပဲမျိုးစုံစိုက်ပျိုးထုတ်လုပ်မှုကိုကြည့်ရင် တစ်နှစ်ထက်တစ်နှစ်တိုးတက်လာနေပြီး ၂၀၀၈ ခုနှစ်မှာ စိုက်ဧရိယာ ဟက်တာ ၇၄ သန်းစိုက်ပျိုးတာတွေ့ရပါတယ်။ ထွက်ရှိမှုကတော့ ရာသီဥတုအခြေအနေပေါ်မူတည်ပြီး အတိုးအဆုတ်လေးလုပ်လို့ တန်ချိန် ၅၉ သန်းနဲ့ သန်း ၇၀ နားတစ်ပတ်လည်နေပါတယ်။ ပဲမျိုးစုံကနေ အသားဓါတ်ရရှိတဲ့အတွက် ပဲကိုနိုင်ငံအများစုက အလေးထားသုံးကြ ပါတယ်။ အထူးသဖြင့် သက်သတ်လွတ်စားသုံးတဲ့သူတွေအတွက် ပဲမျိုးစုံဟာလက်မလွှတ်နိုင်တဲ့ စားကုန်သီးနှံတစ်မျိုးဖြစ်ပါတယ်။ ဒါ့ကြောင့်ကမ္ဘာ တဝှမ်းမှာ ပဲမျိုးစုံကိုနိုင်ငံအများအပြားကစိုက်ပျိုးထုတ်လုပ်ကြပါတယ်။ ကမ္ဘာ့ပဲမျိုးစုံစိုက်ပျိုးထုတ်လုပ်မှုကို ဖော်ပြ လိုက်ပါတယ်။ ကမ္ဘာ့ပဲမျိုးစုံ ရောင်းဝယ်မှုအခြေအနေကိုကြည့်ရင် နှစ်စဉ်ပဲမျိုးစုံတန်ချိန် ၉ သန်းကနေ ၁၀ သန်းဝန်းကျင်တင်ပို့နေပြီး၊ တန်ဖိုး ကတော့ တစ်နှစ်ထက်တစ်နှစ်ပိုများလာပါတယ်။ ၂၀၀၇ ခုနှစ်မှာ ကမ္ဘာ့ပဲမျိုးစုံတန်ဖိုး ၄၈၂၂ ဒေါ်လာသန်းအထိ တင်ပို့နိုင်ခဲ့ပါတယ်။ တင်သွင်းမှုကို ကြည့်ရင် ၂၀၀၅ ခုနှစ်နောက်ပိုင်းမှာ တန်ချိန် ၁၀ သန်းကျော် နှစ်တိုင်းတင်သွင်းနေပါတယ်။ ပဲဈေးတက်တော့ တန်ဖိုးတစ်နှစ်ထက်တစ်နှစ် ပိုများလာပြီး ၂၀၀၇ ခုနှစ်မှာ ပဲမျိုးစုံတန်ဖိုး ဒေါ်လာ ၅၅၈၄ သန်းအထိ တင်သွင်းခဲ့တာတွေ့ရပါတယ်။ ကမ္ဘာ့ပဲမျိုးစုံ ကုန်သွယ်မှုအခြေအနေကို ဖော်ပြလိုက်ပါတယ်။ကမ္ဘာနိုင်ငံအလိုက် အဓိကကုန်သွယ်သည့်ပဲများ စိုက်ပျိုးထုတ်လုပ်မှု၊ ကုန်သွယ်မှုအခန်းကဏ္ဍ ကမ္ဘာပဲမျိုးစုံထဲမှာ တစ်နှစ်ထက်တစ်နှစ်ပိုမိုစိုက်ပျိုး ကုန်သွယ်လာတဲ့ပဲကတော့ Lenti ls လို့ခေါ်တဲ့ ပဲရာဇာနဲ့ ပဲပုတ်စေ့၊ ပဲလွန်း ဖြူနဲ့ ကုလားပဲလုံးနဲ့ Dry beans စတဲ့ပဲတွေဖြစ်ပါတယ်။ ကျန်တဲ့ broad beans, horse bean, Dry peas ပဲအုပ်စုတွေကတော့ တစ်စိုက်မတ်မတ် သိသိသာသာ တက်မလာဘဲ ဒီနှစ်တိုးလိုက် ဟိုနှစ်လျော့လိုက် ဖြစ်နေပါတယ်။ ကမ္ဘာ့ပဲမျိုးစုံကုန်သွယ်မှု အခြေအနေကိုဖော်ပြထားပါတယ်။မိမိနိုင်ငံက စိုက်ပျိုးထုတ်လုပ်သည့် ပဲများနှင့်အလားတူ စိုက်ပျိုးထုတ်လုပ်တင်ပို့သည့် နိုင်ငံများ၏ အလားအလာ အခြေအနေများ မြန်မာနိုင်ငံမှာ မတ်ပဲ၊ ပဲတီစိမ်း၊ ပဲစင်းငုံနဲ့ ကုလားပဲဖြူလုံးကြီးစတဲ့ အဓိက ပဲ ၄ မျိုးကို အများဆုံးစိုက်ပျိုးထုတ်လုပ်ပြီး ပြည်ပတင်ပို့ရာမှာဈေးကောင်းရတဲ့ပဲတွေဖြစ်ပါတယ်။ ပဲစင်းငုံဆို အိန္ဒိယကို အဓိကတင်ပို့နေရပြီး တန်ဇန်းနီးယား၊ မာလာဝီစတဲ့ အာဖရိကနိုင်ငံတွေကလဲ တန်ချိန် ထောင်ဂဏန်းလောက် အိန္ဒိယကိုပို့နေပါတယ်။ အိန္ဒိယမှာလည်း စိုက်ပါတယ်။ ထုတ်နိုင်တာနဲ့ စားဖို့ လိုတာနဲ့ကြားကကွာဟတာကိုသွင်းတာဖြစ်ပါတယ်။ ပဲတီစိမ်းဆိုလည်း တရုတ်၊ အိန္ဒိယ နိုင်ငံတွေကို အဓိက တင်ပို့ပါတယ်။ ပဲပုပ်ကရော ဒီလိုပဲ အမေရိကန်၊ ဘရာဇီး၊ အာဂျင်တီးနား၊ ပါရာဂွေး၊ကနေဒါ စတဲ့ နိုင်ငံတွေကလည်း အကြီးအကျယ် ပြည်ပ ဈေးကွက်တွေကိုတင်ပို့နေတာတွေ့ရပါတယ်။ ပဲပုပ်ရောင်းချကုန်သွယ်မှုကို ဇယားနဲ့ဖော်ပြထားပါတယ်။ ထူူးခြားတာက အာဂျင်တီးနား၊ ကနေဒါ၊ တရုတ်၊ အမေရိကန်လို ပဲပုပ်တင်ပို့တဲ့နိုင်ငံတွေက ကိုယ်တိုင်လည်း ပဲပုပ်တင်သွင်း တဲ့နိုင်ငံတွေဖြစ်နေတာပါဘဲ။ အမေရိကန်၊ အာဂျင်တီးနား၊ ယူကရိန်းနဲ့ ကနေဒါက ပဲပုပ်ကို တစ်နှစ်ထက်တစ်နှစ် တိုးချဲ့တင်ပို့လာ နေပါတယ်၊ ဘရာဇီးကတော့တင်ပို့မှုကအတက်အကျရှိပါတယ်။ ယူကရိန်းဆို စိုက်ပျိုးမြေပေါတဲ့အတွက် ပဲပုပ်ကိုတိုးချဲ့စိုက်လာပြီး ၂၀၀၄ ခုနှစ်မှာ တန်ချိန် ၃၈၀၀၀ ကျော် တင်ပို့နိုင်ရာကနေ ၂၀၀၇ ရောက်တဲ့အခါတန်ချိန် ၃၄၀၀၀၀ ကျော် တင်ပို့နိုင်လာတာမို့ ၃နှစ်အတွင်းမှာ (၉)ဆလောက် ပိုထုတ်လုပ်တင်ပို့လာတာတွေ့ရပါတယ်။ ဒါကြောင့် ကမ္ဘာ့ပဲပုပ်တင်ပို့မှုကို ကြည့်ရင် ၂၀၀၄ ခုနှစ်မှာ တန်ချိန် ၅၇ သန်းကျော်တင်ပို့ခဲ့ရာကနေ ၂၀၀၇မှာ ၇၄ သန်းကျော်အထိတိုးမြှင့်တင်ပို့နိုင်ခဲ့ပါတယ်။ မြန်မာနိုင်ငံကလည်း ပဲပုပ် အများအပြားစိုက်ပျိုးတဲ့နိုင်ငံဖြစ်ပါတယ်။ ဒါပေမဲ့ ဆီပါဝင်မှု ရာခိုင်နှုန်းကနည်းနေတဲ့အတွက် ဈေးကွက်ကို ထိထိရောက်ရောက် ထိုးဖောက်ဖို့အခက်အခဲဖြစ်နေပါတယ်။ အိမ်နီးချင်းတရုတ်နိုင်ငံရဲ့ ဝယ်လိုအားကတင် ၂၀၀၇ မှာ တန်ချိန် ၃၃ သန်းကျော်နေပါ တယ်၊ တင်သွင်းမှုကလည်း နှစ်စဉ်တိုးနေတာမို့ တရုတ်ကြိုက်ပဲပုပ်မျိုးကို စိုက်ပျိုးထုတ်လုပ်နိုင်ရင် ဈေးကွက်က အဝေးကြီးရှာစရာ မလိုတော့ပါဘူး။ပဲပုပ်၊ပဲစင်းငုံ၊ ကုလားပဲ၊ပဲရာဇာစတဲ့ ပဲတွေရဲ့ကမ္ဘာ့နိုင်ငံအလိုက်ထုတ်လုပ်ကုန်သွယ်မှုအခြေအနေကို ဖော်ပြလိုက် ပါတယ်။မြန်မာ့ပဲဝယ်နိုင်ငံများ၏ စိုက်ပျိုးထုတ်လုပ် တင်သွင်းမှုနှင့် အနာဂတ်ဈေးကွက်အလားအလာ လက်ရှိမြန်မာ့ပဲမျိုးစုံရဲ့ ၇၀ ရာခိုင်နှုန်းကျော်ကိုဝယ်နေတာက အိန္ဒိယနိုင်ငံဖြစ်ပြီး မတ်ပဲ၊ ပဲတီစိမ်း၊ ပဲစင်းငုံ၊ ကုလားပဲကို အဓိက တင်ပို့နေရပါတယ်။နှစ်ပေါင်းများစွာ ဒီဈေးကွက်ကြီးပေါ်မှီပြီး အများကြီးအကျိုးရှိခဲ့ပါတယ်။ သတ်သတ်လွတ်စားတဲ့ လူအများစု နေတဲ့နိုင်ငံလည်းဖြစ်၊ ပဲအဓိက စားတဲ့နိုင်ငံလည်းဖြစ်လို့ ပဲအဓိကစားသုံးပြီးပြည်တွင်းမှာလည်းစိုက်ပါတယ်။ လိုတာကိုမှ ပြည်ပက သွင်းတာဖြစ်ပါတယ်။ ဒါပေမဲ့ အမြဲတမ်း ပဲအထွက်တိုးဖို့နည်းလမ်းရှာကြံနေတဲ့နိုင်ငံဖြစ်ပါတယ်။ ၂၀၀၈ ခုနှစ်ကတည်းက ပဲစင်းငုံ ပဲမျိုးကို မျိုးသစ်ပြောင်းလဲ စမ်းသပ်စိုက်ပျိုးနေပြီး ဒီမျိုးကလက်ရှိမျိုးထက် ၄၀ရာခိုင်နှုန်း ပိုထွက်တယ်လို့သိရပါတယ်။ တစ်ဟက် တာကို ၂၈ ကွမ်တယ် ( တစ်ဧက ကို ၃၅ တင်းခန့်)ထွက်ပြီး ၂၀၁၀ နှစ်လယ်လောက်မှာ စီးပွားဖြစ်များများ စားစား စိုက်ပျိုးထုတ် လုပ်တော့မှာပါ။စိုက်ပျိုးကာလကလည်း ရက် ၁၅၀-၁၆၀ ပဲကြာပြီး ကာနာတာကာ မြောက်ပိုင်း၊ အန်ဒရာပရာဒက်ရှ်၊ မဟာသျှတ္တရနဲ့ မဒ္ဒရာပရာဒက်ရှ်ပြည်နယ်တွေမှာ စိုက်ရင်သင့်တော်တယ်လို့သိရပါတယ်။ဒီလို အထွက်တိုးမျိုးတွေ ပြောင်းစိုက်ဖို့ ကြိုးစားနေသလို တစ်ဖက်ကလည်း ဈေးကြီးတဲ့ပဲတွေနေရာမှာ ဈေးပေါတဲ့ ကနေဒါ Yellow Pea လို ပဲမျိုးကို အမြောက်အများ တင်သွင်းပြီး ပြည်တွင်းစားသုံးမှုပုံစံပြောင်းလဲအစားထိုးဖို့လုပ်နေပါတယ်။ ၂၀၀၉-၂၀၁၀မှာ အိန္ဒိယက ပဲမျိုးစုံတန်ချိန် ၁၅.၅ သန်း အထိ တိုးမြင့်ထုတ်လုပ်နိုင်ဖို့ ခန့်မှန်းထားပါတယ်။နှစ်စဉ်ပြည်ပက ပဲမျိုးစုံ တင်သွင်းမှုကတော့တန်ချိန် ၃သန်းလောက်ဖြစ်ပါတယ်။ အိန္ဒိယရဲ့ ပဲ စိုက်ပျိုးထုတ်လုပ်မှု၊တင်သွင်းမှု နဲ့ မြန်မာ့ပဲဈေးကွက် ရရှိမှု အခြေအနေ ကိုဖော်ပြလိုက်ပါတယ်။ အိန္ဒိယနိုင်ငံရဲ့ ပဲမျိုးစုံတင်သွင်းမှုကိုကြည့်ရင် အစောပိုင်းနှစ်တွေမှာ မြန်မာ့ပဲမျိုးစုံ အိန္ဒိယနိုင်ငံမှာ ဈေးကွက်ဝေစုရရှိမှု ရာခိုင်နှုန်းမှာ ကနေဒါနဲ့ ၁၀-၁၂ ရာခိုင်နှုန်းပဲကွာခြားခဲ့ပါတယ်။ ၂၀၀၇-၀၈ မှာတော့ ၃၁ ရာခိုင်နှုန်းအထိ ကွာဟလာတာတွေ့ရပါ တယ်။ ဒါကြောင့် ကနေဒါရဲ့ လှုပ်ရှားမှုကို မျက်ခြေမပြတ် စောင့်ကြည်ရမှာဖြစ်ပြီး မြန်မာ့ပဲဈေးကွက်ရေရှည်တည်တံ့ခိုင်မာ အောင် ဈေးကွက်တိုးချဲ့ဖို့လိုနေပြီလို့သုံးသပ်ရရှိပါတယ်။ မိမိနိုင်ငံက တောင်သူ၊ ကုန်သည်တွေနဲ့ မိမိနိုင်ငံ့အကျိုးအတွက် ဈေးကွက် သစ်ရှာဖွေရေး၊ရှိပြီး ဈေးကွက်မပျောက်စေရေးနဲ့ ပြိုင်ဖက်နိုင်ငံတွေနဲ့ ဈေးနှုန်း၊ အရည်အသွေး ယှဉ်ပြိုင်နိုင်တင်ပို့နိုင်ဖို့ အထွက် တိုးမျိုးပြောင်းလဲစိုက်ပျိုးရေးက အဓိကကျလာပြီဖြစ်ပါတယ်။ အသင်းအဖွဲ့တွေ၊ ဌာနဆိုင်ရာတွေ၊ ပဲတင်ပို့တဲ့ ကုမ္ပဏီတွေ ဟန်ချက် ညီညီ ပူးပေါင်းဆောင်ရွက်ရမယ့် အချိန်အခါကောင်းဖြစ်တယ်လို့တိုက်တွန်းလိုပါတယ်။
ကမ္ဘာ့စီးပွားရေးအကျပ်အတည်း၏ စိန်ခေါ်မှု ၂၀၀၈ ခုနှစ် စက်တင်ဘာလလောက်က စတင်ခဲ့သည့် ကမ္ဘာ့စီးပွားရေးအကျပ်အတည်းကြောင့် တစ်ကမ္ဘာလုံးရှိ စီးပွားရေး လုပ်ငန်းများစွာတို့ အပေါ် ထိခိုက်မှုရှိခဲ့သလို အလုပ်လက် မဲ့အရေအတွက်လည်းတိုးပွားခဲ့ပါသည်။ မြန်မာနိုင်ငံအနေနှင့် ကမ္ဘာ့နိုင်ငံ အများအပြားနှင့် ကုန်သွယ်ဆက်ဆံမှုရှိသည့်အတွက် မြန်မာ့စီးပွားရေးအပေါ် အတိုင်းအတာတစ်ခုအထိ ထိခိုက်မှုရှိပါသည်။ လုပ်ငန်းတချို့တွင် လုပ်သားအင်အားလျော့ချခြင်းနှင့် လုပ်ငန်းရပ်ဆိုင်းခြင်းတွေဖြစ်ခဲ့သည့်အတွက် စီးပွားရေးလုပ်ငန်းများ နာလန် ထူလာရန်အတွက် သက်ဆိုင်ရာက အစီအမံတွေနှင့်အတူ ဖြေလျော့မှုတွေပြုလုပ်ပေးနေပါသည်။ရာသီဥတုအပြောင်းအလဲစိန်ခေါ်မှု ရာသီဥတုပြောင်းလဲမှုသည် အနာဂတ်ခြိမ်းခြောက်မှုတစ်ခုသာမဟုတ်တော့ဘဲ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက်လည်း စိန်ခေါ် မှုတစ်ရပ်ဖြစ်နေပါသည်။ ရာသီဥတုပြောင်းလဲမှု၏ဒဏ်ကိုမခုခံ၊ မကာကွယ်နိုင်လျှင် အခိုင်အမာနှင့်တည်ဆောက်ထားသည့် စီးပွားရေးလုပ်ငန်းများ ဆုံးရှုံးမှုဒဏ်ခံရနိုင်ပါသည်။ ပုံမှန်ရာသီအချိန်မှန်မှန်ဖြစ်ပေါ်မှုသည် အရေးကြီးသော်လည်း အလွန်ပြင်းထန် သည့် ရာသီဥတုဖောက် ပြန်မှု ဆက်တိုက်ဖြစ်ပေါ်မည်ဆိုပါက စီးပွားရေးဖြစ်စဉ်ကြီး တစ်ခုလုံးသာမက အစားအစာရှားပါးမှုလည်း ဖြစ်ပေါ်နိုင်ပါမည်။ ရာသီဥတုပြောင်းလဲဖောက်ပြန်မှုသည် နှစ်ပေါင်းများစွာကတည်းကဖြစ်ပေါ်ခဲ့ပြီး ယခုအခါပြောင်းလဲမှုလျင် မြန်လာပါသည်။ စိုက်ပျိုးရေးကို အခြေခံသည့် မြန်မာနိုင်ငံသည်လည်း ရာသီဥတုပြောင်းလဲမှုကြောင့် ဖြစ်ပေါ်လာမည့် ဆုံးရှုံးနစ်နာ မှုများအတွက် ကြိုတင်ပြင်ဆင်ရမည်ဖြစ်သည်။လွတ်လပ်သော ကုန်သွယ်မှု၏စိန်ခေါ်မှု ဒေသတွင်းကိုကြည့်ပါက အာဆီယံလွတ်လပ်သော ကုန်သွယ်မှုသဘောတူညီချက် (FTA) သည် ကုန်သွယ်မှုနှင့်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဖွံ့ဖြိုးတိုးတက်စေရန် အထောက်အကူပြုစေနိုင်သလို ဒေသတွင်းနိုင်ငံများအကြား စီးပွားရေးကွာဟချက် ကျဉ်းမြောင်းစေနိုင်သည့် အကျိုးကျေးဇူးများ ရရှိစေနိုင်ပါသည်။ ထိုသို့သော အကျိုးကျေးဇူးများကိုရရှိနိုင်သကဲ့သို့ မြန်မာနိုင်ငံရှိ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများအပေါ်တွင် ရိုက်ခတ်နိုင်မှုမှာလည်း စိန်ခေါ်မှုတစ်ရပ်အဖြစ် ကြိုတင်မျှော် တွေးထား ကြရပါမည်။ ဒေသတွင်းကုန်သွယ်မှုပြုရာတွင် အခွန်လျော့ချပေးမည်ဖြစ်၍ ပြည်ပမှတင်သွင်းရာတွင်သက်သာစွာဖြင့် ဝယ် ယူစားသုံးနိုင်မည့် အကျိုးကျေးဇူးရှိသလို ပြည်တွင်းရှိအငယ်စားနဲ့အလတ်စား လုပ်ငန်းများအနေဖြင့်လည်း ဒေသတွင်းသို့ ပစ္စည်းများပို၍ ရောင်းချနိုင် မည့် အကျိုးကျေးဇူးရှိမှာဖြစ်ပါသည်။ AFTA ကြောင့် တိုင်းပြည်စီးပွားရေး အပေါ် အကျိုးသက်ရောက်မှုရှိ/မရှိမှာ ပြည်တွင်းရှိ လုပ်ငန်းများအပေါ်များစွာမူတည်နေသည်။ လုပ်ငန်းများအနေဖြင့် ရနိုင်မည့်အခွင့်အလမ်းနှင့် စိန်ခေါ်မှုများကို ရင်ဆိုင်ဖြေရှင်းနိုင်ရန် မဟာ ဗျူဟာများချမှတ်ထားရန်လိုအပ်သည်။ AFTA အကောင်အထည်ဖော်မှုကြောင့် အကျိုးအများဆုံးရှိမည့် လုပ်ငန်းများနှင့် ထိခိုက်နစ်နာနိုင်မည့် လုပ်ငန်းများကို ခန့်မှန်းပြီး စီးပွားရေး လုပ်ငန်းရှင်များအနေဖြင့် ကြိုတင်ပြင်ဆင်ထားရန် လိုသလိုပြည်ပမှ ဝင် ရောက်လာသည့် ကုန်စည်များအား ယှဉ်ပြိုင်မှုမှ ကာကွယ်ပေးရန် မည့်သို့ဆောင်ရွက်သင့်သည်ကိုလည်း စဉ်းစား ကြရမည်။ AFTA ကို အကောင်အထည်ဖော်သည့်အခါဖြစ်လာမည့် ဂယက်ရိုက်ခတ်မှုများအားဖြေရှင်းနိုင်ရန် စီမံကိန်းချထားဖို့နှင့် ဒေသတွင်း တခြားနိုင်ငံများနှင့် ယှဉ်ပြိုင်နိုင်စွမ်းကိုမြှင့်တင်ရန်လိုအပ်ပါသည်။စီးပွားရေးစွမ်းအားများ နိုင်ငံများစီးပွားရေးဖွံ့ဖြိုးတိုးတက်ရန်အတွက် အခြေခံစွမ်းအားများအနေ ဖြင့် မြေသယံဇာတ၊ သစ်တော၊ သတ္တု၊ နည်းပညာနှင့် လူ့စွမ်းအားအရင်းအမြစ်များစသည်ဖြင့်ရှိပါသည်။ စီးပွားရေးစွမ်းအားများကို ထိထိရောက်ရောက် အသုံးချ၍ တိုင်းပြည်၏ စီးပွားရေးတိုးတက်ရန် အသုံးချတတ်ရန်လိုအပ်သည်။အဖွဲ့အစည်းများ၏စွမ်းအားများ ကမ္ဘာပေါ်တွင် အီးယူအသိုက်အဝန်း၊ အာဆီယံအသိုက်အဝန်း၊ အေပတ်စသည်ဖြင့် အဖွဲ့အစည်းဆိုင်ရာ စွမ်းအားစုများရှိသည်။ အာဆီယံစီးပွားရေး အသိုက်အဝန်းကိုကြည့်ပါက အဖွဲ့ဝင် ၁၀ နိုင်ငံပါဝင်ပြီး လူဦးရေသန်း ၅၈၀ ကျော်နှင့် ဂျီဒီပီအမေရိကန်ဒေါ်လာ ၁ ဒသမ ၃ ထရီလီယံဖြင့် စီးပွားရေးတိုးတက်အောင်လုပ်ဆောင်နိုင်သည့် စွမ်းအားများရှိပါသည်။ ပြည်တွင်းရှိအဖွဲ့အစည်းများ ကိုကြည့်ပါက ပြည်ထောင်စုမြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ်နှင့် ညီနောင်အသင်းများရှိနေ သလို အသင်းအဖွဲ့ကဲ့သို့ ဆောင်ရွက်နေသည့်ကုန်စည်ဒိုင်များရှိသည်။ အဆိုပါအဖွဲ့အစည်းများသည် နိုင်ငံတကာနှင့် ချိတ်ဆက် ခြင်း၊ ဆွေးနွေးပွဲများပြုလုပ် ခြင်းစသည်ဖြင့်ဆောင်ရွက်မှုများအားကောင်းလာခြင်းဖြင့် ဒေသတွင်း၌ပါဝင် ဆောင်ရွက်မှုအားကောင်း လာမည်ဖြစ်သည်။ ဒေသတွင်းအဖွဲ့အစည်းများနှင့် ပြည်တွင်းဈေးကွက်တည်ငြိမ်ရေးကိစ္စရပ် များဆောင်ရွက်ရာတွင် အဖွဲ့အစည်း ဆိုင်ရာ ယဉ်ကျေးမှုအား စီးပွားရေးလုပ်ငန်းများအနေဖြင့် ထည့်သွင်းစဉ်းစားရမည့်အချက်ဖြစ်သည်။ ဒေသတွင်း အဖွဲ့အစည်းများနှင့် ပြည်တွင်းစိန်ခေါ်မှုများကို ရင်ဆိုင်ဖြေရှင်းရန်အတွက် လူပုဂ္ဂိုလ်တစ်ဦးချင်း၊ အဖွဲ့အစည်းတစ်ခုချင်း၏ယူဆချက်များ၊ တန်ဖိုးထားမှု များနှင့် စံသတ်မှတ်ချက်များသည် အဖွဲ့အစည်းများ၏ အပြုအမူများပေါ်တွင်မူတည်သည်။ ပြောင်းလဲနေသည့် ကမ္ဘာ့ဖြစ်စဉ်ကြီး တွင် မိမိအဖွဲ့အစည်း၏ ဖွဲ့စည်းတည်ဆောက်မှုနှင့် လုပ်ငန်းဆောင်ရွက်မှုကို လိုက်လျောညီထွေဆောင်ရွက်ရန်မှာ အဖွဲ့အစည်း၏ ပင် ကိုယ်အရည်အသွေးကအရေးကြီးပါသည်။ကုန်သည်လုပ်ငန်းရှင်၊ စွန့်ဦးတီထွင် သူတို့၏ စွမ်းအားများ လူတစ်ဦးချင်းကိုကြည့်ပါက ငယ်စဉ်ကာလမှစ၍ မျိုးရိုး၊ ဗီဇ၊ ငွေကြေး စသည်တို့ဖြင့်အမျိုးမျိုးကွဲပြားကြသော်လည်း နိုင်ငံတကာစီးပွားရေး၌ ဝင်ဆံ့နိုင်ရန် စီးပွားရေးဆိုင်ရာ မဟာဘွဲ့များ ရယူခြင်း၊ စီးပွားရေးအတွေ့အကြုံများ လေ့လာသင်ယူခြင်းဖြင့် စီးပွားရေးတိုးတက်အောင်ဆောင်ရွက်လာကြသည့်အတွက် လူငယ်သန်းကြွယ်သူဌေးများဖြစ်လာကြသည်။ မြန်မာနိုင်ငံတွင်လည်း ဆိုရှယ်လစ်စီးပွားရေးစနစ်ကိုကျင့်သုံးခဲ့ရာမှ ၁၉၈၈ ခုနှစ်နောက်ပိုင်းတွင် ဈေးကွက်စီးပွားရေးစနစ်ကို ကျင့်သုံးခဲ့ပြီး ပုဂ္ဂလိက ကဏ္ဍကို အားပေးခဲ့သည့်အတွက် စီးပွားရေးလုပ်ငန်းများစွမ်းရည်အပြည့်အဝပြသခွင့်ရှိလာနိုင်ခဲ့သလို နိုင်ငံတကာနှင့်လည်း ချိတ်ဆက် ဆောင်ရွက်နိုင်ခဲ့သည့်အတွက် ပြည့်ဝမ်းများဖြစ်လာခဲ့သည်။ စီးပွားရေးဝန်းကျင်တွင် လူတစ်ဦးချင်းသည် မိမိအကျိုးစီးပွားတစ်ခုတည်းကိုသာကြည့်ပါက စီးပွားရေးဝန်းကျင်တစ်ခုလုံး ပျက်ပြားသွားနိုင်သည့် သဘောရှိတတ်၍ စီးပွားရေးကျင့်ဝတ် (Business Ethics) ကို တစ်ဦးချင်းထိန်းကျောင်းရန် လိုအပ် သကဲ့သို့ အဖွဲ့ အစည်းနှင့်ထိန်းကျောင်းရန်လည်းလိုအပ်သည်။ သို့မှသာ ပြည်တွင်းဈေး ကွက်တည်ငြိမ်ပြီး ဒေသတွင်းနိုင်ငံများနှင့် ယှဉ်ပြိုင်စွမ်းအားတိုးတက်လာမည်ဖြစ်သည်။ ဆန်၊ ပဲနှင့် နှမ်းတို့ကို အရည်အသွေးမီထုတ်လုပ်တင်ပို့နိုင်ခြင်းဖြင့် နိုင်ငံတကာ ဈေးကွက်တွင် ယုံကြည်မှုရနိုင်ခြင်းဖြင့် တိုင်းပြည်၏စီးပွားရေးဖွံ့ဖြိုးတိုးတက်နိုင်ပါမည်။ အရည်အသွေး မမှန်ကန်ခြင်း၊ အလေးတင်း တောင်းမ မှန်ကန်ခြင်းနှင့် ကတိကဝတ်ပျက်ပြားခြင်းတို့ကြောင့် နိုင်ငံတကာနှင့်အရောင်းအဝယ်ပြုရာတွင် ယုံကြည်မှု ပျက်ပြား နိုင်သောကြောင့် အသင်းအဖွဲ့များအနေဖြင့် ထိန်းကျောင်းရန်လိုအပ်သည့်အတွက် အဖွဲ့အစည်းဆိုင်ရာ ယဉ်ကျေးမှုနှင့်စီးပွားရေး ကျင့်ဝတ်တို့မှာ နိုင်ငံတကာနှင့် ကုန်သွယ်မှုပြုရာတွင်အရေးကြီးပါသည်။ စီးပွားရေးကျင့်ဝတ်သည် စီးပွားရေးလောကတွင် ရေရှည်တည်တံ့အောင် ဆောင်ရွက်ရန်အတွက်အရေးပါသည့် အလေ့ အကျင့်ဖြစ်သည်။ သာဓကအားဖြင့် ကုန်စည်ဒိုင်များတွင် မှန်ကန်စွာစုစည်းရောင်းဝယ်ရန် ပျက်ကွက်မှု၊ ကတိကဝတ်ပျက်ပြားမှုတို့ ကြောင့် ပဲလောကကစဉ့်ကလျားပျက် ပြားခဲ့ပြီး ဆုံးရှုံးနစ်နာမှုတွေဖြစ်ခဲ့ရပါသည်။ အရောင်း အဝယ်ပြုရာတွင် လည်း ကတိကဝတ် ပျက်ကြ၍ မကြာ ခဏတိုင်ကြားမှုများ လည်းဖြစ်ခဲ့သည်။ ပစ္စည်းမှန်၊ အရည်အသွေးမှန်၊ ဈေးမှန်သည့်အပြင် မှန်ကန်သည့် အလေ့အကျင့်ဖြင့် အရောင်းအဝယ်ပြု စေရန်အတွက် ကုန်စည်ဒိုင်များ၏အခန်းကဏ္ဍမှာအရေးပါသည်။ သို့မှသာ နိုင်ငံခြား ကုမ္ပဏီများကလည်း စီးပွားရေးကျင့်ဝတ်နှင့်အညီ ရောင်းဝယ်ဖောက်ကားသည့် ကုန်စည်ဒိုင်များတွင် ယုံကြည်မှုအပြည့်အဝနှင့် ရောင်း ဝယ်မှုပြုခြင်းဖြင့် စီးပွားရေးတိုးတက် မှုကိုရရှိစေမည်ဖြစ်ပါသည်။ ကုန်စည် ဒိုင်ပြည်ပရှိနေရာများ၊ ရုံးခန်းများ၊ လက် ဖက်ရည်ဆိုင်များတွင် ရောင်းဝယ်နေခြင်းသည် မှန်ကန်သည့်ဈေးကွက်နေရာ Market Place မဟုတ်ပါ။ စီးပွားရေး လုပ်ငန်းရှင်များ အနေဖြင့် ပြည်တွင်း တည်ငြိမ်မှုကို တောင်းဆို နေကြသော် လည်း တချိန်တည်းတွင် စီးပွားရေး ကျင့်ဝတ်နှင့်အညီ ဆောင်ရွက် ရမည်ဆို သည့်အသိ စိတ်ဓာတ်ထူထောင်မှုပိုင်း တွင် အားနည်းမှုများရှိနေသေးသည်ကို တွေ့ရသည်။ ဤကဲ့သို့သော အခြေအနေများ ကိုရင်ဆိုင်ဖြေရှင်းရာတွင် အချို့နိုင်ငံများတွင် ကိုယ့်နိုင်ငံ၏ ပြည်တွင်းရေးကို ပြည်တွင်း အားနှင့်ဖြေရှင်းနိုင်ကြသကဲ့သို့ အချို့မှာပြည်ပမှဝင်ရောက်ဖြေရှင်းဆောင်ရွက်ခြင်းများရှိသည်ကို တွေ့ရသည်။ မိမိတို့နိုင်ငံအနေဖြင့် ရင်ဆိုင်ရမည့်စိန်ခေါ်မှုများအား နိုင်ငံတော်အစိုးရနှင့် တိုင်ရင်းသားစီးပွားရေး လုပ်ငန်းရှင်များပူးပေါင်းထားသည့် ပြည်တွင်း အားဖြင့်သာ အကောင်းဆုံးနှင့် အမှန်ကန်ဆုံးနည်းလမ်းဖြင့် ဖြေရှင်းရန်လိုအပ်သည်။ ထိုသို့ဖြေရှင်းရာတွင် အားလုံးရာခိုင်နှုန်း ပြည့်နှစ်ခြိုက် သဘောကျလက်မခံနိုင်သည့်တိုင် အများစုကသဘောတူလက်ခံသည့်အတိုင်း လိုက်နာလုပ်ဆောင်ခြင်းသည် ဒီမိုကရေစီအခြေခံသဘောနှင့် ကိုက်ညီပြီး နိုင်ငံအားတိုးတက်မှုလမ်းကြောင်းအပေါ် မလွဲဧကန်ရောက်စေမည်ဖြစ်သည်။ ဖြစ်သင့် ဖြစ်ထိုက်သည့် အခြေခံမှစ၍ ပိုမိုကောင်းမွန်သည့်အခြေအနေကိုရအောင်ယူ၍ အကောင်းဆုံးအခြေအနေရောက်ရှိအောင် ကြိုးစားပြုပြင် တည်ဆောက်ခြင်းဖြင့် အနာဂတ်နိုင်ငံတော်ကြီးကို အကောင်းဆုံးဖြစ်အောင် ဖန်တီးရာရောက်ပါမည်။ စီးပွားရေးစွမ်းအားများ၏ အဓိကကျသောလူသားအရင်းအမြစ်တစ်နည်းအားဖြင့် စီးပွားရေးလုပ်ငန်းရှင်များ၏ တစ်ဦးချင်း စွမ်းအားများကို စုစည်းထားသော အသင်းအဖွဲ့စွမ်းအားများက ပို၍အရေးပါသည်။ အဖွဲ့အစည်းများက စီးပွားရေးလုပ်ငန်းကို ဖွံ့ဖြိုးအောင် ထိန်းကျောင်းခေါ်ဆောင်လျှက်ရှိပေသည်။ ဥပမာ- GMS ဒေသခွဲကို တစ်စုတစည်းတည်းသော ကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှုနှင့် သယ်ယူပို့ဆောင်ရေးဆိုင်ရာ ဗဟိုချက်မနေရာအဖြစ် ထူထောင်အောင် မြင်ရေးမှာ တစ်စိတ်တစ်ဒေသအားဖြင့် GMS နိုင်ငံများရှိ တိုင်းနှင့်ပြည်နယ် ကုန်သည်စက်မှုအသင်းများ၏ အထောက် အကူပေးနိုင်မှုစွမ်းဆောင်ရည် (စွမ်း ပကား) အပေါ်အခြေပြုသည်။ ဒေသ ခွဲနိုင်ငံအသီးသီးရှိ ကုန်သည်စက်မှု အသင်းများ၏ စွမ်းဆောင်ရည်နှင့် လုပ်ဆောင်နိုင်မှုစွမ်းပကားကို မြှင့်တင် ပေးရေးမှာ အမှန်လိုအပ်လှပါသည်။ ကမ္ဘာ့စီးပွားရေးအကျပ်အတည်းကာလတွင် ဝယ်လိုအားကျဆင်းခြင်းနှင့်အတူ ဈေးနှုန်းကျဆင်းခြင်းကြောင့် ဈေးကွက်ပြန်လည် ရရှိအောင်ဆောင်ရွက်ရာတွင် အရည်အသွေးမြင့်ကုန် ပစ္စည်းများကို ထုတ်လုပ်တင်ပို့ခြင်းဖြင့် နိုင်ငံတကာ၏ ယုံကြည်မှုရရှိအောင် တည်ဆောက်ရမည်ဖြစ်သည်။ လွတ်လပ်သောကုန်သွယ်မှုဒေသအကောင်အထည်ဖော်ရာတွင်လည်း အရည်အသွေးနှင့် ဈေးနှုန်း ယှဉ်ပြိုင်နိုင်မှုစွမ်းအားမှာ အရေးကြီးသည်ကိုသတိပြုရမည်ဖြစ်သည်။ အဆိုပါအကျပ်အတည်းများနှင့် အပြောင်းအလဲများကို ရင်ဆိုင်ကျော်လွှားနိုင်ရေးမှာ အထက်တွင် ရှင်းလင်းဆွေးနွေးခဲ့သည့်အတိုင်း စီးပွားရေးကျင့်ဝတ်သိက္ခာနှင့် ပြည့်စုံသည့် ကုန်သည် လုပ်ငန်းရှင်တစ်ဦးချင်း၏ စွမ်းအားများကိုစုစည်းထားသည့် သင်းအဖွဲ့များ၏ မြင့်မားသောစွမ်းဆောင်ရည်များမှာ ပဓာနကျလျက်ရှိပါ ကြောင်းရေးသားလိုက်ရပါသည်။ဒေါက်တာထိန်လင်း
ယခင်က စားနပ်ရိက္ခာဖူလုံမှုကို ပြည်တွင်းလုံလောက်စွာထုတ်လုပ်နိုင်သည့် (Domestic Production) ပေတံဖြင့်သာ တိုင်းတာနေရာမှ ယခု အခါတွင် အဆိုပါပေတံတစ်ခုတည်းနှင့် မလုံလောက်တော့ဘဲ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရန်လိုသော လယ်ယာစိုက်ပျိုးရေးလုပ်ငန်း (Sustainable Agriculture)၊ အရောင်းအဝယ် ပုံသဏ္ဌာန်များနှင့် စားသုံးသူတို့နှင့် ဈေးကွက် ဆက်နွှယ်ထိစပ်မှု (Consumer’s Market Access) စသော ရှုထောင့်ပေါင်းစုံမှ တိုင်းတာကာ စဉ်းစားလာပြီဖြစ်သည်။ ၂၀၀၇ ခုနှစ်၊ ဇန်နဝါရီလ မှ ၂၀၀၈ ခုနှစ်၊ မေလအတွင်း ကမ္ဘာ့ဈေးကွက်တွင် စားနပ်ရိက္ခာဈေးနှုန်းများ မြင့်မားချိန်၌ နိုင်ငံပေါင်း ၂၈နိုင်ငံ တွင် အခက်အခဲ၊ အကျပ်အတည်းများဖြစ်ပေါ်ခဲ့ကြောင်းလေ့လာသိရှိရသည်။ ကမ္ဘာပေါ်တွင် စားနပ်ရိက္ခာ ပြဿနာတော်တော် များများ ကြုံတွေ့ရသောနေရာမှာ တောင်အာရှ၊ အနောက်တောင် အာရှဒေသဖြစ်ပြီး၊ UN ESCAP ၏ အစီရင်ခံစာတွင် အဆိုးဝါးဆုံးနိုင်ငံများမှာ အာဖဂန်နစ္စ တန်၊ တာဂျစ်ကစ္စတန်၊ မြောက်ကိုရီးယား၊ မွန်ဂိုလီးယား၊ ဘင်္ဂလားဒေ့ရှ်၊ ကမ္ဘောဒီးယား၊ ပါကစ္စတန်၊ အာမေး နီးယား၊ သီရိလင်္ကာ၊ အိန္ဒိယနှင့် ဆော်လမွန်ကျွန်းနိုင်ငံတို့ဖြစ်ကြောင်း ဖော်ပြ ထားသည်ကို ဖတ်ရှုရပါသည်။
မြန်မာနိုင်ငံဟာ ရေနေသက်ရှိဇီဝမျိုးစုံ ရေသယံဇာတအမယ်ပေါင်းစုံ ပိုင်ဆိုင်ထားတဲ့အတွက် ရေသယံဇာတကိုအမှီပြုပြီး၊ လူမှုဘ၀ ဖွံ့ဖြိုးဖို့ အခွင့်အရေးကောင်းတွေရှိနေပါတယ်။ မြန်မာနိုင်ငံသည် ပင်လယ်ကမ်းရိုးတန်း အလျားမိုင် ၁၃၀၀ ကျော်ခန့်ရှည်လျား သည်နဲ့အမျှ ရေသယံဇာတ (Marine Natural Resources) အများအပြားပိုင်ဆိုင် လျက်ရှိပါတယ်။ ပုလဲ၊ ရေနံ၊ သဘာ၀ ဓါတ်ငွေ့ စတဲ့ အဖိုးတန်သယံဇာတများ အပြင် ငါးမျိုးစုံ ပုစွန်၊ ကဏန်း၊ ခရု၊ ဂုံး၊ ကင်းမွန်၊ ပင်လယ်မျှော့စသည်ဖြင့် သယံဇာတများသည့် ကမ်းရိုးတန်းနဲ့ မြစ်ဝကျွန်းပေါ်ဒေသ သာမက မြန်မာတစ်နိုင်ငံလုံးရဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် အရေးပါလာလျက်ရှိပါ တယ်။
နိုင်ငံတော်အနေဖြင့် ၁၉၈၈ခုနှစ်တွင် ဈေးကွက်စီးပွားရေးစနစ်ကိုစတင်ကျင့်သုံးခဲ့ပြီးနောက် ရန်ကုန်မြို့တွင် လက်ကားကုန်စည် ဒိုင်နယ်မြေကြီးတစ်ခုထူ ထောင်ရန်ရည်ရွယ်ပြီး ၁၉၉၀ ခုနှစ် အောက်တိုဘာလ ၁၈ ရက်နေ့တွင် ဘုရင့်နောင်လက်ကားကုန်စည် ဒိုင်ကို ထူထောင်ခဲ့သည်။ ထိုစဉ်က လယ်ယာထွက်ကုန်နှင့် အခြေခံစားသောက်ကုန်ပွဲရုံလုပ်ငန်းအများစုမှာ ရန်ကုန်မြို့ လမ်းမ တော်၊ ကမ်းနား လမ်း၊ ဝါးတန်းစသည့်နယ်မြေတစ်ဝိုက်တွင်တည်ရှိကြသဖြင့် ပွဲရုံအချို့က ဘုရင့်နောင်ပွဲရုံနယ်မြေသို့ ရွှေ့ပြောင်း ဖွင့်လှစ်ရောင်းချလိုခြင်းမရှိခဲ့ကြကြောင်းသိရသည်။ ထို့ကြောင့်လည်း စတင်ထူထောင်စဉ်က ဘုရင့်နောင်ပွဲရုံဆိုင်ခန်းများ၏ ဈေးနှုန်းကို ပြန်လည်လေ့လာကြည့်ပါက ၄၀' x ၆၀' မြေကွက်တစ်ကွက်လျှင် လမ်းမီးတိုင်အပါအဝင် ကျပ်ငွေလေးသိန်းခန့်ရှိပြီး၊ ထိုစဉ်က RC နှစ်ထပ်တိုက်တစ်လုံး၏ ဆောက်လုပ်စရိတ်မှာကျပ် ၂၀ သိန်းဝန်းကျင်သာ ကုန်ကျကြောင်းသိခဲ့ရသည်။
မြန်မာနိုင်ငံဟာ သဘာဝအရင်းအမြစ်တွေနဲ့ပြည့်စုံနေပြီး ခရီးသွားဧည့်သည်များလာရောက်လည်ပတ်လေ့လာနိုင်စရာ သာယာ လှပတဲ့ရှုခင်းတွေနဲ့ရှေးဟောင်းအမွေအနှစ်တွေ ပေါများတဲ့ဒေသတစ်ခုဘဲဖြစ်ပါတယ်။ မြန်မာ့ရိုးရာဓလေ့ထုံးတမ်းတွေ၊ ရိုးရာဝတ်စား ဆင်ယင်မှုတွေကလည်း ခရီးသွားဧည့်သည်တွေကို စိတ်ဝင်စားစေခဲ့ပါတယ်။ ဒေသတွင်းနိုင်ငံတွေထဲမှာဆိုရင် အခြားနိုင်ငံတွေ ထက် ခရီးသွားတွေလာရောက်လည်ပတ်ဖို့ ရေခံမြေခံတွေရှိနေတယ်လို့ ခရီးသွားလုပ်ငန်းလေ့လာသူတွေကပြောပါတယ်။
အာဖတာ အာဖတာ ASEAN Free Trade Area (AFTA) ဆိုတဲ့စကားက အာဆီယံလွတ်လပ်သောကုန်သွယ်မှုဒေသလို့ တိုက်ရိုက် အဓိပ္ပာယ်ထွက်ပေမယ့် အာဆီယံ-၁၀ နိုင်ငံအသိုင်းအဝန်းလေးတစ်ခုနဲ့သာသက်ဆိုင်တာ မဟုတ်ဘဲ အာဆီယံရော၊ အာရှရော၊ ဥရောပရော၊ ဘင်းစတတ်အဖွဲ့ရောစတဲ့ ကုန်သွယ်စီးပွားဖက်နိုင်ငံတွေ အချင်းချင်း အပြန်အလှန်ကုန်သွယ်မှုပြုရာမှာ လွတ်လွတ် လပ်လပ်နဲ့ ပိုမိုဖွံ့ဖြိုးပြီး ကုန်ပစ္စည်းတွေရောင်းဝယ်ဖလှယ်နိုင်ဖို့ ယခင်ရှိခဲ့တဲ့ ကြီးမားတဲ့အကောက်ခွန်နှုန်းတွေရဲ့ အတားအဆီး တွေကို ရင်ဆိုင်ကျော်လွှားနိုင်ပြီး ကုန်စည်တွေ၊ ဝန်ဆောင်မှုတွေ၊ ရင်းနှီးမြှုပ်နှံမှုတွေ လွတ်လွတ်လပ်လပ်နဲ့ စီးဆင်းဝင်ရောက်ဖို့ အတွက်တွေ့ကြုံရတဲ့ အကျပ်အတည်းအခက်အခဲတွေကို စုစည်းမှုအင်အားနဲ့ စူးစမ်းဖြေရှင်းပြီး အကောင်အထည်ဖော်တဲ့ စီးပွားရေး နယူးမော်ဒယ်လ်ပုံစံဖြစ်လို့ လေ့လာသိထားရပါတယ်။
မြန်မာနိုင်ငံဟာ စိုက်ပိုျး ရေးကိုအခြေခံတဲ့ နိုင်ငံဖြစ်တဲ့အတွက် လူဦးရေရဲ့ ၇ဝ% ခန့်ဟာ လယ်ယာ ကဏ္ဍနဲ့ ပတ်သက်နေတာကို အားလုံး အသိဖြစ်ပါတယ်။ ဒါကြောင့် နိုင်ငံ စီးပွားရေး တိုးတက်ဖို့ဆိုရင် လယ်ယာ ကဏ္ဍဖွံ့ဖြိုးတိုးတက်ဖို့ဟာ အဓိက အကျဆုံးဖြစ်ပါတယ်။