Main menu

Background

Tuesday, 21 Jun 2011

ကုန်သွယ်မှုနဲ့ ရင်းနှီးမြှုပ်နံှမှုမှာ အရေးပါတဲ့ ဒေါ်လာတန်ဖိုး တည်ငြိမ်အောင် ဘာတွေ လိုအပ်နေသလဲ              လတ်တလော ငွေကြေးဈေးကွက်ထဲမှာ ဖြစ်ပေါ်နေတဲ့ ဒေါ်လာတန်ဖိုး ကျဆင်းနေတဲ့ ကိစ္စနဲ့ပတ်သက်ပြီး လက်တွေ့ဘဝ အတွေ့အကြုံအမျိုးမျိုးကိုအခြေခံပြီး ရှုထောင့်စုံက ဝေဖန်ပြောကြားနေကြတဲ့အသံတွေကို ကြားနေရပါတယ်။ ကုန်သွယ်မှု လုပ်ငန်းတွေကို လုပ်ဆောင်နေကြတဲ့ လုပ်ငန်းရှင်တွေအနေနဲ့ လည်း အထူးသဖြင့် ပို့ကုန်လုပ်ငန်းရှင်တွေက ဒေါ်လာတန်ဖိုး ကျဆင်းပြီး ကျပ်ငွေတန်ဖိုးမြင့်လာတဲ့အတွက် ထိခိုက်နစ်နာမှုတွေ ရှိနေတဲ့အကြောင်း ဆွေးနွေးတင်ပြတာတွေလည်း ရှိနေခဲ့ပါ တယ်။ တရားမဝင် ဝင်ရောက်ရင်းနှီးမြှုပ်နံှမှုတွေ ရှိနေသလား                 တကယ်တော့ မြန်မာနိုင်ငံမှာ ပြည်ပလုပ်ငန်းရှင်တစ်ဦးက ရင်းနှီးမြှုပ်နံှမယ်ဆိုရင် နိုင်ငံခြား ရင်းနှီးမြှုပ်နံှမှုဥပဒေနဲ့အညီ ရင်းနှီးမြှုပ်နံှ ဆောင်ရွက်နိုင်ပါတယ်။ ဒီအတွက် မြန်မာ့ရင်းနှီး မြှုပ်နံှမှုကော်မရှင် (MIC)ဆိုတာ စနစ်တကျ ဖွဲ့စည်းထားပြီး လုပ်ငန်းဆောင်ရွက်ပေးနေပါတယ်။                    ဒါပေမဲ့ (MIC)  ကတစ်ဆင့် တရားဝင် ဝင်ရောက်ရင်းနှီး မြှုပ်နံှတဲ့ ပုံသဏ္ဌာန်မျိုး မဟုတ်ဘဲ၊ စက်မှုကုန်ထုတ်လုပ်ငန်း အချို့နဲ့ အိမ်ခြံမြေဈေးကွက်မှာ မြန်မာ့လုပ်ငန်းရှင်ရဲ့ အမည် ကိုခံပြီး ပြည်ပက တရားမဝင် ရင်းနှီးမြှုပ်နံှမှုတွေရှိနေတယ်လို့ ကြားသိနေရပါတယ်။                      ဒီရင်းနှီးမြှုပ်နံှမှုတွေကတစ်ဆင့် တရားမဝင်တဲ့ လမ်းကြောင်းတွေကနေ ဒေါ်လာငွေ ပြည်တွင်းကို ဝင်ရောက်လာပြီး၊ ပြည်တွင်းငွေကြေးဈေးကွက်မှာ ဒေါ်လာရောင်းလိုအားကို မြင့် မားစေခဲ့တယ်လို့ သုံးသပ်ရမှာဖြစ်ပါတယ်။ နိုင်ငံပိုင်အဆောက်အအုံလေလံငွေတွေသွင်းရလို့ ကျပ်ငွေရှားသလား?                    နိုင်ငံပိုင်အဆောက်အအုံတွေကို အစိုးရရဲ့အစီအစဉ်နဲ့ လေလံ တင်ရောင်းချခဲ့ပါတယ်။ ပုဂ္ဂလိကလုပ်ငန်းတွေက ဝင်ရောက်လေ လံဆွဲပြီး ဝယ်ခဲ့ကြလို့ ကျပ်သိန်းပေါင်းသိန်းချီပြီး နိုင်ငံတော်ရဲ့ ဘဏ္ဍာ ငွေထဲရောက်သွားလို့ ဈေးကွက်ထဲမှာ ကျပ်ငွေရှားပြီး ဒေါ်လာတန်ဖိုး တက်ရတယ်လို့ ပြောဆိုနေကြတဲ့ အသံတွေကိုလည်း ကြားရပါတယ်။ ဒါနဲ့ပတ်သက်လို့ သက်ဆိုင်ရာဌာနကို မေးကြည့်တော့ ဒီအဆောက်အအုံလေလံငွေတွေကလည်း နိုင်ငံတော်ထဲကို ၅ ပုံ ၁ ပုံပဲဝင်နေသေးတယ်လို့ ဆိုပါတယ်။ ဒါဆိုရင် ဈေးကွက်မှာ ဒီကိစ္စ ကြောင့် ကျပ်ငွေရှားနေတာဖြစ်နိုင်ရဲ့လား စဉ်းစားစရာပါ။               တကယ်တော့ လူ့သဘောသဘာဝအရ ဒေါ်လာတန်ဖိုးမာတုန်းက ဒေါ်လာကို လက်ဝယ်မှာထားဖို့ စဉ်းစားခဲ့သလို၊ အခု ကျပ် ငွေမာတော့လည်း ကျပ်ငွေကိုပဲ စုဆောင်းဖို့ လုပ်ဆောင်ကြမှာပါ။ ဒါမှ ငွေတန်ဖိုး အပြောင်း အလဲကြောင့် မိမိစီးပွားရေးကို ထိခိုက်မှုအနည်းဆုံးဖြစ်အောင် ဆောင်ရွက်နိုင်မှာပါ။                    ဒီအချိန်မှာ အချို့စီးပွားရေးလုပ်ငန်းရှင်တွေက အစိုးရက Unification of Exchange Rate လုပ်မယ်ဆိုရင် ဒေါ်လာဈေးကို ချမှာပဲဆိုပြီး ကိုယ့်အတွေးနဲ့ ကိုယ်စိုးရိမ်မှုတွေဖြစ်ပြီးတော့ လက်ထဲမှာ ရှိတဲ့ ကုန်ပစ္စည်းတွေကို တန်ဖိုးကျတော့မှာပဲဆိုတဲ့ အတွေးနဲ့ ရတဲ့ဈေး တွေနဲ့ ထုတ်ရောင်းခဲ့ကြတဲ့အတွက်လည်း အထူးသဖြင့် ပဲမျိုးစုံလို ပို့ကုန်ပစ္စည်းအချို့မှာ ဈေးနှုန်းတွေကျဆင်းခဲ့တာ တွေ့ရပါတယ်။                   ဒါက အနာဂတ်ဈေးကွက်အပေါ် စိုးရိမ်ပူပန်မှုကနေ ဖြစ်ရတာပါ။ အချို့ကတော့ တစ်ဒေါ်လာကို ၈ဝဝ နဲ့ ၈၅ဝ ကြားမှာရှိသင့်ပြီး၊ ဒီထက်ပိုပြီး တန်ဖိုးကျမသွားဖို့ ဆန္ဒရှိနေကြတယ်လို့လည်း ဈေးကွက်ထဲက ကြားနေရပါတယ်။                     ဒီတော့ လတ်တလောဖြစ်ပျက်ခဲ့တဲ့ ဒေါ်လာတန်ဖိုးကျဆင်း မှုကိုအကြောင်းပြုလို့ လက်ထဲမှာ ဒေါ်လာငွေတွေရှိနေတဲ့ သူတွေက နေ့စဉ်ပေါက်ဈေးနဲ့တွက်ပြီး (ကိုယ့်ဒေါ်လာကို မရောင်းရသေးပေမဲ့) ဆုံးရှုံးနေပြီလို့ ခံစားရသူတွေရှိသလို၊ ဆက်ကျမှာစိုးလို့ ရတဲ့ဈေးနဲ့ ရောင်းလိုက်တဲ့အတွက် ဆုံးရှုံးတဲ့သူတွေလည်း ရှိမှာပါ။ လက်ဝယ် ကုန်ပစ္စည်းလှောင်ထားတဲ့ သူတွေကတော့ အထူးသဖြင့် ပြည်ပပို့ကုန် ပစ္စည်းတွေမှာ ဒေါ်လာတန်ဖိုးကျတဲ့အတွက် ပြည်တွင်းဈေးပါကျလို့၊ လက်ထဲမှာ ပိုက်ထားတဲ့ပစ္စည်းရဲ့ နေ့စဉ်တန်ဖိုးကိုတွက်ပြီး ဆုံးရှုံးနေ ပြီလို့ ခံစားနေရတာတွေရှိမှာဖြစ်ပါတယ်။ အများစုကတော့ ဒေါ်လာ တန်ဖိုး ဖြစ်သင့်ဖြစ်ထိုက်တဲ့ဈေးမှာ တည်တည်ငြိမ်ငြိမ်နဲ့ ရှိနေစေချင် သလို ဒေါ်လာတန်ဖိုး အပြောင်းအလဲတွေ မကြာခဏ ဖြစ်နေတဲ့ အတွက် ဆုံးရှုံးမှုတွေကိုဆက်ပြီး မဖြစ်စေချင်ကြတဲ့ ဆန္ဒရှိနေကြ တယ်လို့ သိရပါတယ်။  ဈေးကွက်အရလား၊ ဈေးကစားသူကြောင့်လား                  ဒေါ်လာတစ်ယူနစ်တန်ဖိုး အပြောင်းအလဲကိုကြည့်ရင် ဇွန်လ ၁၃ ရက်နေ့ ပေါက်ဈေးအရ ရွက်စိမ်း ၇၅ဝ ကျပ်၊FEC ၆၇ဝ ကျပ်နဲ့ Earning  ဒေါ်လာ ၇၆ဝ ကျပ်နဲ့ အနိမ့်ဆုံးရှိနေခဲ့ရာကနေ ဇွန်လ ၁၄ ရက်မှာ ရွက်စိမ်း ၇၆၅ ကျပ်၊FEC ၆၈ဝ ကျပ်နဲ့ Earning ၇၈ဝ ကျပ်ထိ တက်လာခဲ့ပါတယ်။ ဒေါ်လာဈေး တစ် နေ့တာလှုပ်ရှားမှုကိုကြည့်ရင် ဇွန်လ ၁၇ ရက်နေ့ မနက်ပိုင်းဈေး အဖွင့်မှာ ရွက်စိမ်းက ၈၂ဝ ကျပ်၊ FEC ၇၅ဝ ကျပ်နဲ့ Earning က ၈၂၅ ကျပ်ထိ ဈေးတက်ခဲ့ပြီး ညနေပိုင်းဈေးကွက်မှာတော့ ရွက် စိမ်းက ၈ဝ၅ ကျပ်နဲ့ FEC  ၇၄ဝ ကျပ်နဲ့ Earning ၈၁ဝ-၈၁၂ လောက်ပဲ ကျန်ပါတော့တယ်။ ဒါကဘာကိုပြသလဲဆိုရင် ဒေါ်လာ ဈေးကွက်ထဲမှာ အကိုျးအမြတ်အတွက် ဈေးကစားသူတွေရှိနေတယ် ဆိုတဲ့သဘောပါပဲ။ ဒီလူတွေက မြန်မာစကားပုံအရ မီးလောင်ရာ လေပင့်တဲ့လူတွေလို့ ပြောလို့ရသလို အဆင်းကို ဘီးတပ်သူတွေလို့ လည်း ပြောရမှာဖြစ်ပါတယ်။                ဈေးကွက်ထဲမှာ ကျပ်ငွေတွေ ရှားနေပြီလို့ ပြောတဲ့လူတွေရှိ နေပါတယ်။ ဒါနဲ့ပတ်သက်၍ ဘဏ်တွေနဲ့နီးစပ်တဲ့ ငွေကြေးကျွမ်းကျင်သူမိတ်ဆွေကိုမေးကြည့်တော့ ''တကယ်တော့ ကျပ်လှည့်ပတ် ငွေက အစိုးရလက်ထဲမှာထက် လူထုလက်ထဲမှာက ပိုများပါတယ်။                 ဈေးကွက်ထဲမှာ ဘာလုပ်သင့်သလဲလို့ စောင့်ကြည့်ပြီး ကျပ်ငွေကို လက်ထဲမှာကိုင်ထားကြသလို ဘဏ်တွေထဲမှာ အပ်ထားတဲ့လူတွေ လည်း နိုင်ငံတစ်ဝန်း အများကြီးပါ'' လို့ဆိုပါတယ်။ ဒါတွေကို ခြုံငုံသုံးသပ်ရရင် ဒေါ်လာတန်ဖိုး အတက်အကျ အပြောင်းအလဲတွေရဲ့ အဓိကအကြောင်းတရားဟာ မြန်မာ့စီးပွား ရေး လုပ်ငန်းရှင်တွေရဲ့ စိုးရိမ်ပူပန်မှုတွေကလည်း အဓိကအကြောင်း တရားတစ်ခုအဖြစ် သုံးသပ်လို့ရပါတယ်။ သွင်းကုန်တွေ ထိန်းချုပ်ထားလို့ ဒေါ်လာတန်ဖိုးကျသလား                 တချို့ကလည်း သွင်းကုန်တွေကိုထိန်းချုပ်ထားလို့ Earning ဒေါ်လာဈေးကျရတာပါလို့ ပြောဆိုနေတာရှိပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး သက်ဆိုင်ရာဌာနကို ဆက်သွယ်စုံစမ်းတဲ့အခါ အခုလို အဖြေရပါတယ်။                 ''၂ဝ၁၁-၂ဝ၁၂ ဘဏ္ဍာနှစ်ထဲမှာ ဧပြီလကနေ ဇွန်လဒုတိယ ပတ်အထိ သုံးလတာ ကုန်သွယ်မှုကိုကြည့်ရင် ပို့ကုန်ကဒေါ်လာ ၈၅၅ သန်းနီးပါးရှိပြီး၊ သွင်းကုန်က ၁၄၉ဝ နီးပါးရှိတာမို့ သွင်းကုန် တန်ဖိုးက ပို့ကုန်တန်ဖိုးထက် ဒေါ်လာ ၆၃၅ သန်း ပိုနေပါတယ်။ ပြီးခဲ့တဲ့ ဘဏ္ဍာနှစ်နဲ့ ဒီနှစ်ဘဏ္ဍာနှစ် နှစ်ခုကို ယှဉ်ကြည့်မယ်ဆိုရင် လည်း ပြီးခဲ့တဲ့နှစ် ဧပြီကနေ ဇွန်လဒုတိယပတ်ထိ စုစုပေါင်း သွင်းကုန်တန်ဖိုးက ဒေါ်လာ ၁၂၃ဝ သန်းပဲရှိခဲ့ပေမယ့် ဒီနှစ်ကာလတူ မှာတော့ ဒေါ်လာသန်း ၁၆၉ဝ နီးပါးရှိခဲ့ပါတယ်။ မနှစ်ကထက်သန်း ၄၆ဝ ပိုတဲ့သဘောပါ''လို့ ဆိုပါတယ်။ ဒါကစာရင်းဝင်တဲ့ ကုန်သွယ်မှု မှာ သွင်းကုန်ကများနေပြီ။ သိတဲ့အတိုင်း နယ်စပ်က တရားမဝင် ဝင်နေတဲ့တန်ဖိုးတွေကို ထည့်တွက်ရင် သွင်းကုန်ထိန်းချုပ်ထားလို့ ဒေါ်လာတန်ဖိုး ကျတယ်ဆိုတာကလည်း စဉ်းစားစရာဖြစ်လာပါတယ်။ ကမ္ဘာ့ငွေကြေးတိုင်း တန်ဖိုး အတက်အကျအပြောင်းအလဲရှိ                    ကမ္ဘာပေါ်မှာ အဓိကကျတဲ့ ငွေကြေးတိုင်း ကမ္ဘာ့စီးပွားရေးနဲ့ နိုင်ငံရေးအခြေအနေနဲ့ အဲဒီငွေကြေးကို ထုတ်ဝေတဲ့နိုင်ငံရဲ့ စီးပွားရေးနဲ့ နိုင်ငံရေးအခြေအနေပေါ်မှာမူတည်ပြီး တန်ဖိုးအပြောင်းအလဲ တွေရှိတတ်ပါတယ်။ ကမ္ဘာ့အဓိကငွေကြေး နှစ်ခုဖြစ်တဲ့ ယူရိုနဲ့ ယန်း ငွေတွေရဲ့ ဒေါ်လာနဲ့လဲလှယ်ရာမှာ ၂ဝ၁၁ ခုနှစ်အတွင်း တန်ဖိုး ပြောင်းလဲမှုကို အောက်မှာ ဖော်ပြလိုက်ပါတယ်စဉ်  လအမည်                   ပျမ်းမျှပေါက်ဈေး                                     ယူရို               ဂျပန်ယန်း၁။  ဇန်နဝါရီ               ဝ .၇၄၈၉၂         ၈၂ .၄၈၇၅ဝ၂။  ဖေဖော်ဝါရီ             ဝ .၇၃၂၆၈         ၈၂ .၅၈၇၇၇၃။  မတ်                      ဝ .၇၁၄၁၃         ၈၁ .၆၁၁၅ဝ၄။  ဧပြီ                        ဝ .၆၉၂၆၄         ၈၃ .၂၇၁၁၁၅။ မေ                         ဝ .၆၉၇၃၃         ၈၁ .ဝ၈၁၇၆၆။  ဇွန် (၁၅ ရက်ထိ)      ဝ .၆၉၁၃၃          ၈ဝ .၄၅၁၄၄           အထက်မှာ ဖော်ပြခဲ့တဲ့ဇယားကိုကြည့်ရင် ဒေါ်လာတန်ဖိုးနဲ့ လဲလှယ်ရာမှာ ယူရိုနဲ့ ဂျပန်ယန်း နှစ်မိုျးစလုံး တန်ဖိုးတွေတက်နေတာ တွေ့ရမှာဖြစ်သလို အတက်အကျအပြောင်းအလဲလည်း တွေ့ရမှာ ဖြစ်ပါတယ်။              ဒီသဘောထားကိုသိရင် မြန်မာ့လုပ်ငန်းရှင်တွေအနေနဲ့ အထူးသဖြင့် ပို့ကုန်လုပ်ငန်းရှင်တွေအနေနဲ့ မိမိလက်ထဲမှာ ကုန်ပစ္စည်း တစ်ခုကို ၃-၄ လလှောင်ပြီးမှ ပြည်ပတင်ပို့ရောင်းချဖို့ စိတ်ကူးသင့် မသင့် စဉ်းစားဖို့လိုပြီဖြစ်ပါတယ်။ ပေါက်ဈေးနဲ့ဝယ်ပြီး လျင်လျင်မြန်မြန်နဲ့ တင်ပို့ရောင်းချနိုင်ဖို့နဲ့၊ ငွေလှည့်ပတ်တဲ့အကြိမ် Turn Over များများရအောင်လုပ်နိုင်တဲ့ ဈေးကွက်မျိုးကိုဖော်ဆောင်သင့်ပါတယ်။ ဒီနေရာမှာ မြန်မာ့ဆိပ်ကမ်းနယ်မြေတွေမှာ Bonded warehouse တွေတည်ဆောက်ပြီး၊ သက်ဆိုင်ရာ Buyer တွေနဲ့ နိုင်ငံတကာ ကုန်သွယ်မှု လုပ်ထုံးလုပ်နည်းတွေအတိုင်း သဘောတူညီမှုတွေရယူ ကာ ပစ္စည်းအပ်၊ ငွေထုတ်ယူတဲ့စနစ်ကို ကျင့်သုံးသင့်ပြီလို့ အကြံပြု လိုပါတယ်။ တရားဝင် ရင်းနှီးမြှုပ်နံှဖို့နဲ့ ကုန်သွယ်ဖို့လိုအပ်                 ပြည်ပက လုပ်ငန်းရှင်တွေကို မြန်မာနိုင်ငံထဲမှာ ဥပဒေနှင့်အညီ ရင်းနှီးမြှုပ်နံှဖို့အမြဲ ဖိတ်ခေါ်နေပါတယ်။ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နံှမှု ဥပဒေ၊ မြန်မာ့အထူးစီးပွားရေးဇုန်ဥပဒေ၊ ထားဝယ်အထူးစီးပွားရေး ဇုန်ဥပဒေတွေ ထုတ်ပြန်ပြီး ရင်းနှီးမြှုပ်နံှမှုတွေကို ဖိတ်ခေါ်နေတာ အားလုံးအသိပါပဲ။                 မြန်မာတိုင်းရင်းသားတွေက အမည်ခံပြီး တရားမဝင်တဲ့ နည်းလမ်းတွေနဲ့ ငွေတွေသယ်ယူလာပြီး ရင်းနှီးမြှုပ်နံှ ဆောင်ရွက်နေမဲ့အစား ရင်းနှီးမြှုပ်နံှမဲ့ငွေတွေကို ဘဏ်တွေကတစ်ဆင့် တရားဝင် ဝင်ရောက်ကာ ရင်းနှီးမြှုပ်နံှကြဖို့လိုပါပြီ။ ဒီလိုပဲ ကုန်သွယ်မှုပိုင်း မှာလည်း တရားဝင်လမ်းကြောင်းပေါ်က ကုန်သွယ်ရောင်းဝယ်သူ တွေရှိသလို ခုအချိန်ထိ တရားမဝင်လမ်းကြောင်းနဲ့ ရောင်းဝယ်နေသူတွေရှိနေပါတယ်။ တရားမဝင် ကုန်သွယ်မှုကြောင့် တရားဝင် ကုန်သွယ်မှုတွေအနေနဲ့ ဈေးကွက်မှာယှဉ်ပြိုင်မှုတွေကျဆင်းရသလို တရားမဝင်စီးဆင်းနေတဲ့ ငွေကြေးလမ်းကြောင်းတစ်ခုလည်း ပေါ်ပေါက်နေပါတယ်။ လုပ်ငန်းရှင်များပြောတဲ့ ''အဝေး''လို့ခေါ်တဲ့ ဟွန်ဒီ လမ်းကြောင်းပါ။ ငွေကြေးဈေးကွက်တည်ငြိမ်ရေးကို ဦးတည်ကြိုးပမ်း ရာမှာ တရားမဝင်လမ်းကြောင်းနဲ့ ဖြစ်ပေါ်နေတဲ့ ကုန်ပစ္စည်းနဲ့ ငွေကြေးစီးဆင်းနေမှုတွေကို တရားဝင်လမ်းကြောင်းပေါ်ကို ရောက်လာအောင်ဆောင်ရွက်ဖို့ တစ်နည်းအားဖြင့် မျှတတဲ့ ကုန်သွယ်မှု ပတ်ဝန်းကျင် (Fair Trade Environment) ဖြစ်အောင် ထိန်းကျောင်းသွားဖို့လိုပြီလို့ ထောက်ပြချင်ပါတယ်။ ဒီနေရာမှာ ဥပမာ တစ်ခုအနေနဲ့ စီးပွားရေးမှာ အဓိကကျတဲ့ စက်သုံးဆီ တင်သွင်းတဲ့ နယ်ပယ်တစ်ခုထဲကိုပဲ လေ့လာမယ်ဆိုရင် တရားဝင်တင်သွင်းမှုကို ဆောင်ရွက်နေသူတွေရှိသလို၊ တရားမဝင် တင်သွင်းမှုတွေ ရှိနေတယ် ဆိုတာတွေ့မြင်နိုင်ပါတယ်။ ဒါတွေဟာ မဖြစ်သင့်တော့ဖူးလို့ ထင်မြင် ယူဆပါတယ်။ တရားမဝင်ကုန်သွယ်မှုနဲ့အတူ တရားမဝင်ငွေကြေး စီးဆင်းမှုတွေ ရှိနေမှာပဲဖြစ်ပါတယ်။                 အထက်က အချက်အားလုံးကို ခြုံပြီးသုံးသပ်ကြည့်ရင် ပြင်ပ မှာ ဒေါ်လာဈေးကျအောင် အစိုးရက လုပ်နေသလို ပြောဆိုနေကြပေမဲ့ အရင်းစစ်တော့ မည်သူမပြု မိမိမှုပါပဲ။ ပဲသမား၊ ဆန်သမား၊ ရေထွက်သမား၊ သစ် သမား၊ ပို့ကုန် သမားတွေ ထိခိုက်နေရတာ မှန်ပါတယ်။ ဒေါ်လာဈေးကျလို့ပေါ့။ ဒေါ်လာဈေးကျရတာဟာ တရားမဝင်ရင်းနှီးမြှုပ်နံှမှု အသုံး စရိတ် လိုအပ်ငွေအတွက် တရားမဝင် ဒေါ်လာသွင်းယူ ဖလှယ်သုံး ရတာတွေ၊ ပို့ကုန်၊ သွင်းကုန် ဈေးနှုန်းကွာခြားမှုအရ နိုင်ငံခြားမှာ မိမိတို့ပိုင် ဒေါ်လာငွေတွေကို မိမိတို့ ပြည်တွင်းသုံးစွဲလည်ပတ်ဖို့ တရားမဝင် ပြန်သွင်းရတာတွေ၊ တရားမဝင် မှောင်ခိုသွင်းပစ္စည်း တန်ဖိုးကို ယခင်က မှောင်ခိုသစ်၊ ကျောက်မျက်၊ ကွဲျနွား ပို့ပြီး ဖလှယ် ရာက ခက်ခဲလာတဲ့အတွက် မြန်မာကျပ် ငွေတွေ ရွှေလီမှာ ဆာလာ အိတ်နဲ့ပုံနေရတာတွေ၊ တရားမဝင် စက်သုံးဆီတင်သွင်းမှုအပါအဝင် တရားမဝင် လုပ်ငန်းတွေအတွက် တရားမဝင်ငွေကြေးဖလှယ်ရတာ တွေ၊ ဒါတွေအားလုံးဟာ စီးပွားရေးနယ်ပယ်သားတွေ သာ အသိဆုံးဖြစ်ပါတယ်။ ကုန်သည်ထိခိုက်ရင် စက်မှုလုပ်ငန်းသမား ဒေါ်လာသွင်း လုပ်မှု အချို့ကြောင့်ဖြစ်သလို စက်မှုလုပ်ငန်းသမား တွက်ခြေမကိုက် ရင်လည်း အပြန်အလှန် သဘောဆောင်နေသလို၊ မှန်မှန်ကန်ကန် လုပ်သူတို့ ဈေးကွက်မယှဉ်နိုင်တာ အခွန်မဆောင်ပဲ မှောင်ခိုသွင်းသူ ကြောင့်ဖြစ်ရတာ အားလုံးအသိပါပဲ။ ကုန်သည်နဲ့ စက်မှုလုပ်ငန်း ရှင်ကြားမှာ ကုန်သည်၊ စက်မှုအသင်းဟာ ဒိုင်လူကြီးဖြစ်သလို (Shadow Investment) တရားမဝင်အမည်ခံ ရင်းနှီးမြှုပ်နံှတာတွေ ရဲ့ ငွေလိုအပ်ချက်နဲ့ စီးဝင်မှုကို ကုန်သည်နဲ့စက်မှုလုပ်ငန်းရှင်အားလုံး အသိဆုံးပါပဲ။ အစိုးရက ဒေါ်လာတရားဝင်ပို့လာရင် Account Transfer  နဲ့ ဖလှယ်သုံးခွင့်ပေးပြီး ဖြစ်ပါတယ်။ INGO အပါအဝင် ရင်းနှီးမြှုပ်နံှမှုတွေဟာ တရားဝင်ဘဏ်မှာ နိုင်ငံခြားငွေပေးပို့ဆောင် ရွက်ကြရင် ဈေးကွက်မှာ Dollar Supply  များတဲ့ပြဿနာ ဒေါ်လာဈေးကျတဲ့ပြဿနာအထိုက်အလျောက်လျော့ပြီး ကုန်သည်တို့ ခံသာမှာပါ။ ကုန်သည်တို့ ခံသာအောင် လုပ်ငန်းရှင်တို့ကပဲ မိမိတို့လုပ် ရပ်တွေကို ပြုပြင်ကြရမှာပါ။                 အချုပ်အားဖြင့် မြန်မာ့စီးပွားရေးလောကကြီး ဖွံ့ဖြိုးတိုးတက်ပြီးကမ္ဘာနဲ့ ရင်ဘောင်တန်းချင်ရင် ွGood Govermance/ Clean Government ဆိုပြီး အစိုးရဌာနဆိုင်ရာ ဝန်ထမ်းများသာ ကောင်းလို့မရသလို၊ ဥပဒေလုပ်ထုံးလုပ်နည်းပြင်ရုံနဲ့လည်း စီးပွားရေးဝန်းကျင် (Business Environment) ကြီး ကောင်းမလာသရွေ့ ကောင်းလာဖို့ အလားအလာဝေးနေအုံးမှာပါ။                    စီးပွားရေးဝန်းကျင် (Business Environment)  ကြီးတစ်ခု လုံးကောင်းလာဖို့ စီးပွားရေးလောကသားတွေဟာ ခေတ်သစ်၊ စနစ်သစ်မှာ လူသစ်၊ စိတ်သစ်နဲ့ ညီညီညွတ်ညွတ် မျှမျှတတနဲ့ အမျိုးသားအကျိုးစီးပွား ရှေးရှုလုပ်ဆောင်ကြရန် လိုအပ်ပါကြောင်း အစိုးရ ရော ပုဂ္ဂလိကပါ ပူးပေါင်းလက်တွဲကြိုးပမ်းကြရမှာဖြစ်ကြောင်း တင်ပြလိုက်ရပါတယ်။" အစိုးရက ဒေါ်လာတရားဝင်ပို့လာရင် Account Transfer နဲ့ ဖလှယ်သုံးခွင့်ပေးပြီးဖြစ်ပါတယ်။ INGO အပါအဝင် ရင်းနှီးမြှုပ်နံှမှုတွေဟာ တရားဝင်ဘဏ်မှာ နိုင်ငံခြားငွေပေးပို့ဆောင်ရွက်ကြရင် ဈေးကွက်မှာDollar Supply  များတဲ့ ပြဿနာ ဒေါ်လာဈေးကျတဲ့ ပြဿနာ အထိုက်အလျောက်လျော့ပြီး ကုန်သည်တို့ခံသာမှာပါ . ."

Sunday, 12 Jun 2011

 ပထမဆုံး ပုဂ္ဂလိကပိုင် ရန်ကုန်တာယာစက်ရုံ                   မြန်မာနိုင်ငံက နှစ်စဉ်ရော်ဘာတွေ ပြည်ပကို တင်ပို့လျက် ရှိပါတယ်။ ၂ဝဝ၆-၂ဝဝ၇ ဘဏ္ဍာနှစ်ကနေ ၂ဝ၁ဝ-၂ဝ၁၁ ထိ လွန်ခဲ့ တဲ့ ငါးနှစ်က ပြည်ပကိုတင်ပို့ခဲ့တဲ့ပမာဏကိုကြည့်ရင် တစ်နှစ်ပျမ်းမျှ တန် ၆၃ဝဝဝ တင်ပို့ခဲ့တဲ့အတွက် ပျမ်းမျှဝင်ငွေဒေါ်လာ ၁၄၁ သန်း ရရှိခဲ့တာ လေ့လာသိရှိရပါတယ်။ တစ်ဖက်မှာလည်း ရော်ဘာကို အဓိကကုန်ကြမ်းအဖြစ် သုံးစွဲပြီး ထုတ်လုပ်ရတဲ့ ကားတာယာတွေ တင်သွင်းခဲ့ တာကိုကြည့်ရင် လွန်ခဲ့တဲ့ ငါးနှစ် (၂ဝဝ၆-ဝ၇ မှ ၂ဝ၁ဝ- ၁၁) မှာ တစ်နှစ်ပျမ်းမျှဒေါ်လာ ၅၃ သန်း တန်ဖိုးရှိခဲ့ပါတယ်။ ဒါဟာ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နံှမှုတစ်နေရာ အသေအချာ ရှိနေတယ် ဆိုတာကို တွေ့ရမှာပါ။                 မြန်မာနိုင်ငံမှာ အစိုးရနဲ့ Semi Government  ပိုင်တဲ့ တာယာ စက်ရုံတွေရှိပေမဲ့ ပြည်တွင်းလိုအပ်ချက်ကို လုံလောက်အောင် ထုတ်လုပ်နိုင်မှုမရှိပါဘူး။ ဒါကြောင့်လဲ ပြည်ပကတာယာတွေ နှစ်စဉ် တင် သွင်းနေရတာဖြစ်ပါတယ်။                  ယခင်က ပြည်တွင်းမှာ ပုဂ္ဂလိက ကဏ္ဍ တာယာထုတ်လုပ်မှု မရှိခဲ့ပေမဲ့ အခုတော့ ပြည်တွင်းမှာ ရန်ကုန်တိုင်းဒေသကြီး ရွှေပြည်သာ စက်မှုဇုန် ၄ အမှတ် ၃၆/၃၇ ပန်းပဲ မောင်ခက်လမ်းရှိ မြေဧက ၁ဝ ဧကပေါ်တွင် ရန်ကုန်တာယာစက်ရုံကို ၂ဝဝ၈ ခုနှစ်မှာ စတင် တည်ဆောက်ခဲ့ပြီး ၂ဝ၁ဝ ဇူလိုင်လမှာ ပြည်ပသွင်းကုန် အစားထိုး ဖြစ်တဲ့ နိုင်လွန်တာယာများကို တရုတ်(တိုင်ပေ) စက်သစ်ကြီးများ အသုံးပြုကာ နိုင်ငံခြားသားကျွမ်းကျင် ပညာရှင်များဦးစီးပြီး EUROPEAN STANDARD  နဲ့အညီ ဂျပန်နည်းပညာကို အသုံးပြု ကာ နိုင်ငံတကာအရည်အသွေးမီ နိုင်လွန်တာယာများကို စတင်ထုတ် လုပ်နေပြီလို့ သိရပါတယ်။ ဈေးကွက်အကြိုက် ကားတာယာများကို ပြည်တွင်း၌ တွင်ကျယ်စွာ ထုတ်လုပ်လျက်ရှိ                  ''စက်ရုံက လုပ်သားအင်အား ၈ဝ လောက်နဲ့ တစ်နေ့ကို တာယာဆိုက်ဒ်စုံ ၂၅ဝ ခန့်ကို နိုင်ငံတကာ အရည်အသွေးအတိုင်း ထုတ်လုပ်နေပါတယ်။ ထုတ်လုပ်တဲ့တာယာ အမျိုးအစားများက တော့ 5.00-12 (8 PR) ၊ 5.00-13 (8 PR) ၊ 6.00-13 (10 PR)၊ 6.00-14 (8 PR) ၊ 650-14 (10 PR)၊ 7.00-15 (14 PR) ၊ 7.00-16 (14 PR) ၊ 7.50-16 (16 PR)(Rib) ၊ (Lug) ၊ 8.25-16 (18 PR)၊ (Lug) တွေပါဘဲ'' လို့ စက်ရုံမှ တာဝန်ရှိသူတစ်ဦးက ရှင်းပြပါတယ်။ ''စက်ရုံက တာယာများကို ထုတ်လုပ်တဲ့အခါမှာ စက်ယူနစ်တွေကို PLC System  နဲ့ပဲ သုံးပါတယ်။ လောလောဆယ်တော့ ပြည်တွင်း ဈေးကွက်ကို အဓိကထားပါတယ်၊ အခြေအနေပေးရင်တော့ Export အထိသွားမှာပါလို့'' အဆိုပါ ပုဂ္ဂိုလ်ကပဲ ထပ်မံ ရှင်းပြပါတယ်။ ကုန်ကြမ်းရရှိမှု အခြေအနေ                    တာယာထုတ်လုပ်ရန် လိုအပ်နေတဲ့ ကုန်ကြမ်းတွေဖြစ်တဲ့ RSS-1 ရော်ဘာများကို မွန်ပြည်နယ် သထုံ၊ သံဖြူဇရပ်နှင့် ထားဝယ် မြို့နယ်များရှိ ခြံများသို့ တိုက်ရိုက်ဆင်းဝယ်ယူသလို ပစ္စည်းပြတ် လပ်မှုမရှိအောင်လည်း ကြိုတင်ဝယ်ယူစုဆောင်းတာတွေလည်း ရှိတယ်လို့ သိရပါတယ်။ ဒါ့အပြင် ဂျာမဏီ၊ ကိုရီးယား၊ ရုရှား၊ တရုတ် (တိုင်ပေ)တို့မှ ထုတ်လုပ်သော Synthetic ရော်ဘာ၊ အပူဒဏ်ခံနိုင် တဲ့ နိုင်လွန်ကြိုး (Nylon 66) ISO  အဆင့်အတန်းရှိသော ဓာတု ကုန်ကြမ်းများကိုလည်း မှာယူသုံးစွဲပြီး အဆင့်မြင့် တာယာတွေကို ထုတ်လုပ်လျက်ရှိတယ်လို့ သိရပါတယ်။ ပြည်တွင်းဖြန့်ဖြူးရောင်းချမှု                      စက်ရုံမှထုတ်လုပ်တဲ့ တာယာများကို ရန်ကုန်တိုင်းဒေသကြီး ဘုရင့်နောင် Show Room  မှာရောင်းသလို စက်ရုံကလည်း တိုက် ရိုက်စနစ်နဲ့ တစ်ပြည်လုံးသို့ ဈေးနှုန်းခိုျသာစွာနဲ့ ဖြန့်ဖြူးရောင်းချ ပေးနေပြီလို့ သိရပါတယ်။ စက်ရုံကထုတ်လုပ်တဲ့ ဒီတာယာတွေကို လုပ်ငန်းသုံး အုတ်သဲကျောက်ယာဉ်တွေ၊ မထသယာဉ်တွေ၊ ဒိုင်နာ၊ ဟိုင်းလပ်နဲ့ ဘိလပ်မြေတင်တဲ့ယာဉ်တွေက အများဆုံးဝယ်ယူသုံးစွဲ တယ်လို့ ဆိုပါတယ်။ စက်ရုံက ထုတ်လုပ်တဲ့တာယာတွေက Fresh  ဖြစ်တဲ့အပြင် ထုတ်လုပ်တဲ့ Manufacturing Date  လည်းပါရှိတာမို့ ဝယ်ယူသုံးစွဲသူတွေ အကြိုက်တွေ့လို့ ထုတ်လုပ်မှုကို တိုးမြှင့်ထုတ်လုပ်သွားမယ်လို့ သိရပါတယ်။ အုတ်သဲကျောက်ကားပိုင်ရှင်တစ်ဦး က ''ဒီရန်ကုန်တာယာက ထုတ်လုပ်တဲ့တာယာတွေက နိုင်ငံတကာ ထုတ်လုပ်တဲ့ တာယာတွေနဲ့ အရည်အသွေးတူသလို ဈေးနှုန်းချိုသာ ခြင်း၊ ပိုမိုကြာရှည်ခံခြင်း၊ အာမခံအပြည့်အဝပေးနိုင်ခြင်း တို့အပြင် Fresh တာယာများဖြစ်တာကြောင့် သုံးစွဲရတာ ပိုပြီး အဆင်ပြေ တယ်''လို့ ပြောပါတယ်။ ပြည်တွင်းတာယာသုံးစွဲသူ အများစုကလည်း ပြည်ပကဝင်လာတာတွေနဲ့ အရည်အသွေးတူရင် ဈေးနှုန်းသက်သာပြီး Fresh  ဖြစ်တဲ့ ပြည်တွင်းထုတ်တွေကိုဘဲ သုံးစွဲလာတာ တွေ့ရပါတယ်။ ထပ်မံတိုးခဲျ့ ထုတ်လုပ်မည်                   ဈေးကွက်တောင်းဆိုမှုအရ နောက် နှစ်လလောက်ဆိုရင် တစ်နေ့ကို တာယာဆိုက်ဒ်စုံ ၅ဝဝ ခန့် ထပ်မံတိုးခဲျ့ထုတ်လုပ်သွားမယ်'' လို့ စက်ရုံမှ တာဝန်ရှိသူတစ်ဦးကဆိုပါတယ်။ ၎င်းကပဲ ထပ်မံပြော ဆိုရာမှာ လုပ်ငန်းသုံးယာဉ်ပိုင်ရှင်တွေအနေနဲ့ ပြည်တွင်းမှာ အချိန်တို အတွင်း ဈေးနှုန်း ချိုချိုQuality  ကောင်းကောင်းနဲ့ Fresh ဖြစ်တဲ့ တာယာတွေကို သုံးစွဲနိုင်ဖို့ရည်ရွယ်ပြီး ထုတ်လုပ်ခဲ့တယ်လို့ ရှင်းပြပါတယ်။ အခုဆိုရင် ဈေးကွက်တောင်းဆိုချက်အရ တာယာထုတ်လုပ်မှု ကို တိုးမြှင့်ထုတ်လုပ်ရာမှာ လုပ်သားဦးရေ ၁၈ဝ ခန့်အထိ အလုပ် အကိုင် အခွင့်အလမ်းတွေပိုပြီး ရရှိလာတာတွေ့ရပါတယ်။ လုပ်သား တွေကျွမ်းကျင်ဖို့အတွက် ပြည်ပပညာရှင်များက မကြာခဏ သင် တန်းတွေ ပို့ချတာကြောင့် လုပ်ငန်းလုပ်ကိုင်ရာမှာ ပိုပြီးအဆင်ပြေလာတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် တာယာထုတ်လုပ်ရာမှာ အရင်က မီးမမှန်လို့ အခက်အ ခဲရှိပေမယ့် အခုတော့ မီးကပုံမှန်နီးပါးရတော့ ထုတ်လုပ်ရတာ ပိုပြီးအဆင်ပြေလာတယ်လို့ သိရပါတယ်။                       သွင်းကုန်အစားထိုးတာယာထုတ်လုပ်တဲ့ စက်မှုလုပ်ငန်းတွေ ပိုမိုတိုးတက်လာရင် ပြည်ပသွင်းကုန်မှာယူမှု လျော့နည်း လာကာ ပြည်တွင်းဈေးကွက်မှာ ဈေးနှုန်းချိုသာစွာနဲ့ ဖြန့်ဖြူးရောင်းချနိုင်မယ်။ ပြည်တွင်းမှာလည်း အလုပ်အကိုင် အခွင့် အလမ်းတွေ များလာမှာ ဖြစ်ပါတယ်။                        ပြည်ပက တင်သွင်းရတဲ့ တာယာတွေနေရာမှာ အောင်မြင်စွာ အစားထိုးရောင်းချနိုင်တာဟာ မြန်မာ့တာယာထုတ်လုပ်မှု လုပ်ငန်းရဲ့ တိုးတက်မှုတစ်ခုပါပဲ။                           အထက်မှာ တင်ပြခဲ့တဲ့အတိုင်း နှစ်စဉ်ပြည်ပကို တန်ချိန် တစ် သိန်းနီးပါးတင်ပို့နေရတဲ့ ရော်ဘာတွေကို ပြည်တွင်းဈေးကွက်မှာ လက်ရှိလည်း ဝယ်လိုအားရှိနေပြီး အနာဂတ်ကာလမှာလည်း ပိုမို တိုးတက်ဖို့သာရှိတဲ့ တာယာတွေကို စက်ရုံထူထောင်ကာ ရင်းနှီးမြှုပ် နံှလုပ်ကိုင်ဖို့ အခွင့်အလမ်းများရှိနေကြောင်းပါခင်ဗျား။

Monday, 6 Jun 2011

တို့ဆေး မှဲ့ဆေး နဲ့ ယနေ့သရက်သီးဈေးကွက်             တစ်ရက်မှာ ဈေးထဲကဝါဝင်းမဲှ့နေတဲ့ စိန်တလုံးသရက်သီးကိုတွေ့လို့ စားချင်စိတ်နဲ့ဝယ်စားမိပါတယ်။ အိမ်ရောက်တော့ခွဲပြီးစားတဲ့အခါ ချဉ်စုတ်စုတ်အရသာနဲ့အသားကလည်း ပျော့စိစိဖြစ်နေတာတွေ့ရတယ်။ သရက်သီး စားချင်စိတ်ကလည်း ပြင်းပြတော့ သကြားဖြူးပြီး အချိုအရသာရှိအောင် လုပ်ပြီးမှ စားရပါတော့တယ်။ ဘာကြောင့်ဒီလို ဖြစ်ရသလဲလို့ စုံစမ်းတဲ့အခါရင့်မှည့်မှုမရှိသေးတဲ့အသီးတွေကို တို့ဆေးနဲ့ မှည့်အောင်လုပ်တာကြောင့်လို့ သိရတဲ့အတွက်သရက်သီးနဲ့ တို့ဆေးပြဿနာကို ရှာပုံတော် ဖွင့်ခဲ့ပါတော့တယ်။ တို့ဆေးနဲ့ စိမ်ဆေး နှစ်မျိုး                  သရက်သီးရောင်းသူပွဲစားများနဲ့ တောင်သူများအသုံးပြုနေတဲ့ သရက်သီးမှည့်ဆေးမှာ ၂ မျိုး ရှိပါတယ်။ အသီးအညှာကိုတို့ထိစေပြီး မှည့်တဲ့ဆေးနဲ့ အသီးတစ်လုံး လုံးကိုဆေးရည် စိမ်တဲ့မှည့်ဆေး ဖြစ်ပါတယ်။ အသီးကိုတို့တဲ့ ဆေးမှာ ယိုဒယားနိုင်ငံမှဝင်ရောက်လာတဲ့ ethylene  ၃ ရာခိုင်နှုန်း နဲ့ ၅ ရာခိုင်နှုန်းဆေးများ ဖြစ်ပြီး သစ်သီးများအရွယ်ရောက်ချိန် မဆွတ်ခူးမီ အမှည့်ညီညာစေဖို့ ပက်ဖြန်းတဲ့ ဆေးရည် ဖြစ်ပါတယ်။ စိမ်ဆေးအဖြစ်အသုံးပြုနေတဲ့ ဆေးမှာ တရုတ်နိုင်ငံမှဝင်ရောက်လာတဲ့ ဆေးဖြစ်ပါတယ်။ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးတို့မှာ အသုံးပြုနေတဲ့ဆေးနဲ့ ဧရာဝတီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေ သကြီးတို့မှာ အသုံးပြုနေတဲ့ ဆေးများမှာ ထုတ်လုပ်တဲ့ ကုမ္ပဏီများ မတူညီပေမဲ့ ethylene ဆေးပါဝင်မှု ၄ဝ ရာခိုင်နှုန်း ချင်းတူညီပါတယ်။ အသုံးပြုသောဆေးများအားလုံး ဟာ မြန်မာစာလိုရော အင်္ဂလိပ်လိုပါ ရေးသားထားခြင်းလုံးဝမပါရှိဘဲ ထုတ်လုပ်တဲ့ နိုင်ငံသုံးဘာသာစကား ဖြင့်သာ ရေးသားထားတာဖြစ်လို့ အသုံးပြုနေတဲ့ မြန်မာများ လုံးဝနားလည်မှုမရှိနိုင်ခြင်းမရှိတာလည်း သိရပါတယ်။ မဲှ့ဆေးသုံးတာ ဒေသအလိုက်ကွဲပြား                      မြန်မာနိုင်ငံမှာပင်ဒေသတစ်ခုနဲ့တစ်ခု မှည့်ဆေးအသုံးပြုပုံခြင်းမတူညီတာတွေ့ရပါတယ်။ မွန်ပြည်နယ်ဘက်က ယိုးဒယားနိုင်ငံထုတ်ဆေး ၅ ရာခိုင်နှုန်းကို တို့ဆေးအဖြစ်အသုံးပြုပြီး မှည့်စေပါတယ်။ ဧရာဝတီ တိုင်းဒေသကြီးမှာ အသုံးပြုသောဆေးမှာ ထိုင်းနိုင်ငံထုတ် ၃ ရာခိုင်နှုန်း မှည့်ဆေးနဲ့ တရုတ်နိုင်ငံထုတ်ဆေး ၂ မျိုးကို ရေနဲ့ ရောစပ်အသုံးပြုပါတယ်။ ရောစပ်မှုနှုန်းထားမှာ ရေတစ်ဂါလံကို ယိုးဒယားဆေး အဖုံးတစ်ဖုံး (၁ဝ စီစီ)ခန့် နဲ့ တရုတ်ဆေးဖုံး ၃ ဖုံး (၅ဝ စီစီ)မှ ၅ ဖုံး (၈ဝ စီစီ) ထိသရက်ရင့်မှည့်မှု အနေအထားအရ ရောစပ်ပါတယ်။ နုတဲ့အသီးဆိုရင် ဆေးပိုမိုသုံးစွဲသည်ကိုတွေ့ရှိရပြီး အလွန်အမင်းနုပါက အရက်ဆီ ထည့်သွင်းရောစပ်တာကိုလည်း သိရပါတယ်။ ၎င်းဖျော်ရည်ကိုစတီးဇလုံအတွင်း ထည့်စပ်ဖျော်ပြီး သရက် သီးများကို စွတ်စိုရုံထည့် ပြီးချက်ချင်းပြန်ဆယ်ကာ အခြောက်ခံထုပ်ပိုးပါတယ်လို့ သိရပါတယ်။ ဆေးသုံးတဲ့ သစ်သီးများရဲ့ သွင်ပြင်လက္ခဏာ              ယင်းမှည့်ဆေးမှာသရက်သီးများသာမက ခရမ်းချဉ်သီး၊ ငှက်ပျောသီး၊ နာနတ်သီးတို့၌ပင် တွင်တွင် ကျယ်ကျယ်အသုံးပြုနေတာကိုလည်း သိရပါတယ်။ ဆေးတို့၊ ဆေးစိမ်ထားသောသရက်သီးများ၏ သွင်ပြင် လက္ခဏာများမှာ - - သရက်သီးပေါ်ရှိဖယောင်းသားအလွှာပြောင်လက်ခြင်းမရှိတော့ပါ။- အသီးအညှာမှာ အနီရောင်သမ်းပြီး မည်းခြောက်ခြောက် ဖြစ်လာပါတယ်။- ဆေးရည်အသုံးမပြုသောအသီးထက်အရည် ပါဝင်မှုပျော့ပျောင်းမှု ပိုဖြစ်ပါတယ်။- အချိုဓာတ်ပါဝင်မှုလျော့နည်းပါတယ်။- ဆေးရည်အမျိုးအစား သိပ်မများပါက ၇ ရက်အထိ အထားခံပြီး ဆေးရည်များပါက ၃ - ၄ ရက်မှာ ပျော့ပျောင်း ပျက်စီးသွားတတ်ပါတယ်။- သဘာဝအတိုင်း သရက်သီး ရင့်မှည့်ပြီးပါက ၁ဝ ရက်ခန့် အနည်းဆုံးအထားခံပါတယ်။  သုံးစွဲသူများ သိရှိနိုင်တဲ့ ဆေးအညွန်းများ ပါဝင်ဖို့လို           လက်ရှိ မြန်မာနိုင်ငံမှာ ဆေးရည်များအသုံးပြုသူ အားလုံးဟာ ဆေးအကြောင်း ပြည့်စုံစွာသိရှိသူများမဟုတ်ကြဘဲ  တစ်ဆင့်စကားတစ်ဆင့်နဲ့သာ သိရှိအသုံးပြုသူများဖြစ်ပါတယ်။ဆေးအညွှန်းများ၊ သတိပေး ချက်များမှာလည်း မြန်မာများနားမလည်တဲ့ တရုတ်စာ၊ ယိုးဒယားစာများဖြင့်ရေးသားထားတဲ့အတွက် သုံးစွဲသူအနေနဲ့ အကျိုးအပြစ်နဲ့ သုံးစွဲနည်းတွေကို ဘယ်လိုမှမသိနိုင်ပါ။ အမှန်တကယ်တော့ ပိုးသတ်ဆေး ဥပဒေအရ မြန်မာများနားလည်စေဖို့ မြန်မာစာနဲ့သာ ရေးသားဖို့ သတ်မှတ်ထားပါတယ်။ လက်ရှိ အသုံးပြုနေတဲ့ ဆေးဟာ သီးနံှများမဆွတ်ခူးမီအသီးများ အပင်ပေါ် ရှိစဉ်အမှည့်ညီညာစေဖို့ အတွက် ကြိုတင်ပက်ဖျန်းတဲ့ ဆေးများသာဖြစ်ပါတယ်။ တကယ်တော့ ဆေးရည်များကို ရေသန့်နဲ့ ရောစပ် အသုံးပြုရမှာ ဖြစ်ပေမဲ့ လက်ရှိအသုံးပြုနေတာတွေမှာ ဆေးရည်သီးသန့် အသုံးပြုခြင်းနဲ့ နှစ်နိုင်ငံထုတ်ဆေးများကို စိတ်ကူးရှိသလို ရောစပ်အသုံးပြုနေခြင်းများ ဖြစ်ပါတယ်။  မှည့်ဆေးမသုံးသေးတာ ရှမ်းပြည်နယ်တောင်ပိုင်းပါ              အသီးမှည့်ဆေးများကိုအသုံးပြုနေတဲ့ မွန်ပြည်နယ်၊ ဧရာဝတီတိုင်းဒေသကြီး၊ ပဲခူးတိုင်း ဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးတို့အနက် အများဆုံးအသုံး ပြုနေတဲ့ ဒေသမှာ ဧရာဝတီတိုင်းဒေသကြီးဖြစ်ပါတယ်။ ကွင်းဆင်းလေ့လာမှုအရရော တွေ့ဆုံမေးမြန်း မှုအရပါ ဧရာဝတီတိုင်းဒေသကြီးမှထွက်ရှိတဲ့ ရင်ကွဲ၊ မချစ်စု စတဲ့ သရက်သီးအားလုံးနီးပါး (၁ဝဝ) ရာခိုင်နှုန်းဟာ ဆေးစိမ် သရက်သီးများဖြစ်ကြပါတယ်။ လုံးဝနီးပါး မှည့်ဆေးအသုံးမပြုသေးတဲ့ ဒေသကတော့ ရှမ်းပြည်နယ်တောင်ပိုင်း သရက်ခြံများ ဖြစ်ပါတယ်။ သရက်ပေါ်စမှာ အသုံးများ              သရက်မှည့်ဆေးအသုံးပြုမှုကာလဟာ သရက်သီးစပေါ်စ ဧပြီ၊ မေလအထိဆေးရည်စိမ်ကြပြီး ရင့်မှည့်ချိန်ရောက်တဲ့ မေလကုန်ခါနီးနဲ့ ဇွန်လထွက်သရက်သီးများကိုတော့ ဆေးစိမ်မှု မပြုလုပ်ကြတော့ ပဲ သဘာဝအတိုင်းလှေသမ္ဗာန်များပေါ်မှာ တာလပတ်အုပ်ခြင်း၊ ကောက်ရိုးအုပ်ခြင်းတို့နဲ့ ခရီးလမ်း မှာ မှည့်စေကာ ရန်ကုန်ဈေးကွက်ကို ဧရာဝတီတိုင်းဒေသကြီးမှ တင်ပို့တယ်လို့ သိရပါတယ်။ အသုံးပြုမှုမမှန်ပါက ဆုံးရှုံးမှုများ                  နိုင်ငံခြားတိုင်းပြည်များမှာလည်း သရက်သီးများမှည့်ဝင်းလာစေဖို့ ethylene  ဖြန်းခြင်း၊ ကာဗိုက် ထည့်ခြင်းများပြုလုပ်မှုရှိပါတယ်။ အတိုင်းအဆမှန်ကန်စွာအသုံးပြုမယ်ဆိုရင် အကျိုးရှိတဲ့ ဓာတ်ပစ္စည်းများ ဖြစ်ပေမဲ့ မြန်မာနိုင်ငံမှာတော့ မှည့်ဆေးအသုံးပြုမှုဟာ အချိုးအဆမမှန်ကန်ခြင်း၊ သုံးစွဲပုံလွဲချော်ခြင်း တို့ကြောင့် အသီးများ ကြာရှည်အထားမခံဘဲ ပျက်စီးလွယ်ကာ နိုင်ငံခြားကို တင်ပို့ဖို့အခွင့်အလမ်း နည်းရတာ ဖြစ်ပါတယ်။ မှည့်ဆေး လွန်လွန်ကဲကဲအသုံးပြုလာ                    လွန်ခဲ့တဲ့နှစ်များကလည်း မှည့်ဆေးများအသုံးပြုခဲ့ကြပေမဲ့ ယခုနှစ်မှာမှည့်ဆေးအသုံးပြုမှု လွန် လွန်ကဲကဲ ဖြစ်ပြီး လူသိများလာရခြင်းအကြောင်းရင်းကတော့ ရာသီဥတုကြောင့် ယခုနှစ်သရက်သီးခူးရက် နောက် ကျ ခဲ့ပေမဲ့ ပုံမှန်နှစ်အတိုင်း သရက်သီး ရာသီစချိန်ခူးတဲ့ သရက်သီးများဟာ နုနယ်နေသေးခြင်းနဲ့ မိုးဦးလေဦးလေပြင်းတိုက်ပြီးအသီးများေြွကကျ ပျက်စီးဆုံးရှုံးမှာကိုစိုးရိမ်ကာ မရင့်မီ ခူးရောင်းချခြင်း တို့ကြောင့် မှည့်ဆေးကို ပိုမိုသုံးစွဲလာကြတဲ့အတွက် လူအများသိလာတာ ဖြစ်ပါတယ်။   သုံးစွဲသူများ အသိပညာြွကယ်ဝဖို့လို                 မှည့်ဆေးအသုံးပြုသူများအားလုံးဟာ တိတိကျကျသိရှိနားလည်ခြင်းမဟုတ်ဘဲ တစ်ဆင့်စကားနဲ့သာ လုပ်ဆောင်နေကြသူများဖြစ်ပြီး ကောင်းနိုးရာရာကို လိုက်လုပ်ကြခြင်းသာဖြစ်ပါတယ်။ ဆေးများသွားရင် စားသုံးသူဒုက္ခဖြစ်နိုင်ကြောင်းပြောပြရာ ဆေးသုံးစွဲသူမှ ဘာမှမဖြစ်ကြောင်း၊ ဆေးရည်ကိုပါးစပ်နဲ့ တို့ပြပြီး ချဉ်ပြုံးပြုံးအရသာရှိကြောင်းပြောပြပါတယ်။ မှည့်ဆေးအသုံးပြုသူများဟာ ဆေးများအလွယ်တကူရရှိခြင်း (သရက်သီးပွဲရုံများမှာပင် ဝယ်ယူရနိုင်ပါတယ်)ဈေးနှုန်းချိုသာခြင်း( ၂၃ဝဝ ကျပ်မှ ၂၅ဝဝ ကျပ် သာရှိခြင်း၊) မိရိုးဖလာမီးခိုးမှိုင်းကြပ်တိုက်ခြင်းဟာ ခက်ခဲလက်ဝင်မှုရှိပြီးအပျက်အစီးရှိခြင်း၊ မှည့်ဆေးစတင်အသုံးပြုခဲ့တဲ့ ယခင်နှစ်များကလည်း စားသုံးသူများမသိရှိဘဲ အရောင်အဆင်းမှည့်ဝင်းမှုကြောင့် နှစ်သက်စွာဝယ်ယူခြင်း စတဲ့အချက်တွေကြောင့် ယခုနှစ်မှာ ပိုမိုအသုံးပြုလာခြင်းဖြစ်တယ်လို့ လေ့လာသိရှိရပါတယ်။ စိုက်ပျိုးသူများနဲ့ သုံးစွဲသူများကို ပညာပေးဖို့လို               အလွန်အကံျွ ဆေးသုံးထားတဲ့ အသီးများရဲ့ အရသာကွာခြားတဲ့အပြင် ကျန်းမာရေးလုံခြုံ စိတ်ချရမှု မရှိတဲ့ အသီးများကို အမြင်လှပမှုတစ်ခုတည်းနဲ့ စားသုံးသူများဝယ်ယူမစားသင့်သလိုသုံးစွဲသူများလည်း ကိုယ်တိုင်သုံးစွဲမှုနဲ့ အကျိုးအာနိသင်တို့ကို နားလည်ဖို့လိုပါတယ်။ လက်ရှိမှာ သုံးစွဲသူများဟာ မှည့်ဆေး အသုံးပြုမှုကို မသိရှိ၊ နားမလည်သလိုစိုက်ပျိုးရေးဆိုင်ရာနည်းပညာ၊ ဗဟုသုတများလည်း နားမလည်      "ဆေးများသွားရင် စားသုံးသူဒုက္ခဖြစ်နိုင်ကြောင်းပြောပြရာ ဆေးသုံးစွဲသူမှ ဘာမှမဖြစ်ကြောင်း၊ ဆေးရည်ကိုပါးစပ်နဲ့ တို့ပြပြီး ချဉ်ပြုံးပြုံးအရသာရှိကြောင်း ပြောပြပါတယ် "              ကြောင်း တွေ့ရှိရပါတယ်။ ဒါကြောင့် သရက်သီးအများအပြားထွက်ရှိရာ ဒေသများကို သက်ဆိုင်ရာဌာန စိုက်ပျိုးရေး ပညာရှင်များး၊ အသင်း အဖွဲ့များမှလည်းကောင်း၊ စိုက်ပိုျးရေးဆိုင်ရာသင်တန်းများ ပို့ချခြင်းဖြင့် GAP (စိုက်ပျိုးရေးဆိုင်ရာအလေ့အထကောင်းများ) ပါထည့်သွင်းဆွေးနွေးပို့ချပြီး ပြန်လည်တည့်မတ် ပေးသင့်ပါ တယ်။ အဲဒီလို ပညာပေးရာမှာ စိုက်ပျိုးသူများအပြင် ရောင်းဝယ်သူများကိုလည်း ပညာပေးဖို့ လိုအပ်ပါ တယ်။ ဒါ့အပြင် ယင်းဆေးများတင်သွင်းရောင်းချနေတဲ့ ကုမ္ပဏီများ၊ ဆေးဆိုင်များအနေနဲ့လည်း တရား ဝင်တင်သွင်းတဲ့ ဆေးများဖြစ်စေဖို့နဲ့ မြန်မာစာဖြင့်နားလည်လွယ်စေရန် ရေးသားရောင်းချမှု များပြုလုပ်လာစေဖို့ သက်ဆိုင်ရာဌာနများမှ ကြီးကြပ်ဆောင်ရွက်သင့်ပါကြောင်း စားသုံးသူကာကွယ်ရေးနဲ့ ပြည်ပတိုးတက်တင်ပို့ရေး အကျိုးမျှော်ပြီး ရေးသားလိုက်ရပါတယ်။                                   သစ်သီးဝလံ အသင်းတရုတ်နိုင်ငံထုတ် မှည့်ဆေးဘူးပေါ်တွင် ဖော်ပြထားသည့် အထူးသတိပြုရမည့် အချက်များ၁။ ဆပ်ပြာဓာတ်ပါဝင်သောဆေးရည်များနှင့် ရောနှောခြင်းလုံးဝမပြုရ။၂။ ရာသီဥတုမိုးခေါင်ခြင်းနှင့် မြေဆီမပြည့်ဝသော နေရာနဲ့ ပိုျးပင်နုနယ်တဲ့ အချိန်မှာ ဆေးရည် ကို ကဲျကဲျသာအသုံးပြုပါ။ ဒါ့အပြင် ပထမအကွက်ငယ်ပေါ်မှာ စမ်းသပ်သုံးစွဲပါ။ သို့မှသာ ဆေးရည်အကဲျ၊ အပျစ်ကို မှန်းဆပြီး မှန်ကန်စွာသုံးစွဲနိုင်ပါမယ်။ ဒါ့အပြင် မြေဆီပြည့်ဝဖို့် မိုးရေချိန်များတဲ့ အပူချိန်နိမ့် ဒေသ၊ အပင်ရှင်သန်မှု ပုံမှန်မဟုတ်တဲ့ဒေသမှာ ကျန်ဆေးရည် ကို အကွက်ငယ်ပေါ် စမ်းသပ်သုံးစွဲကာ ဆေးရည်အပျစ်အကဲျကိုမှန်းဆပြီး သုံးစွဲရပါမယ်။၃။ အသုံးမပြုမီ နည်းပညာကို စိုက်ပျိုးရေးဝန်ထမ်းများနဲ့ တိုင်ပင်ဆွေးနွေးကာ အခြားဆေးရည် မသုံးဘူးတဲ့ မြေကွက်ငယ်ပေါ် စမ်းသပ်ပြီးမှ ကျယ်ပြန့်စွာအသုံးပြုပါ။၄။ ရက် ၂ဝ မှ ၃ဝ အတွင်း ခြား အသုံးပြုပါ။၅။ ဆေးရည်ကို ရေသန့်နဲ့ ရောနှောပြီး လယ်မြေအတွင်းသို့ ရောပက်ဖျန်းရမယ်။  သိုလှောင်ပုံနဲ့ သယ်ယူခြင်း               ethylene ဓာတ်ပြုဆေးရည်ဟာ ချုပ်တဲ့ဂုဏ်သတ္တိရှိတဲ့အရည်ဖြစ်ပါတယ်။ ဒါကြောင့် ဆပ်ပြာ ဓာတ်ပါတဲ့ ပစ္စည်းများနဲ့ ထိတွေ့ခြင်းမပြုရပါ။ ဒါကြောင့်သစ်သားရေပုံး၊ အလူမီနီယံရေပုံးများနဲ့ သိုလှောင်ခြင်း များမပြုလုပ်ရပါ။ သံထည်နဲ့အခြားသတ္တုအမျိုးအစားများဖြင့်လည်း မသိုလှောင်ရပါ။ မီးနဲ့ ဝေးရာတွင် ထားပါ။ အပူလိုင်းဓာတ်ဆားပေါက်သောမြေ Oxygen နဲ့ ရောစပ်တဲ့ ပစ္စည်းများနဲ့ ဝေးရာမှာထားပါ။ အခန်းအပူချိန်တည်ငြိမ်တဲ့ နေရာမှာထားပြီး ဆေးရည်ကိုလှုပ်ယမ်းခြင်း မပြုလုပ် ရပါ။ သိုလှောင်ရာမှာ အဖုံးကို တင်းကြပ်စွာပိတ်ထားပါ။ အဖုံး၊ အဆို့များကို သေချာစွာထိန်းသိမ်းကာ မှောင်ပြီး အေးမြတဲ့နေရာမှာ ထားပါ။               ဆေးရည်ဟာ ethylene ဓာတ်ပြုဆေးရည်ဖြစ်တာကြောင့် လှိုက်စားပျက်စီးခြင်းကို အားပေးပါတယ်။ ဒါကြောင့်သယ်ယူရာမှာ ညင်သာစွာသယ်ယူရမယ်။ စားသောက်ကုန်၊ မျိုးပင်၊ မျိုးစေ့များ၊ ကစားစရာပစ္စည်းများနဲ့ ရောမသိုလှောင်ရပါ။သီးနှံအမျိုးအစား       အသုံးပြုပုံ             ဆေးရည်အသုံးပြုရန်ပမာဏ          အသုံးပြုနည်းခရမ်းသီး            သီးနံှအမှည့်မြန်စေရန်         ၅၃ဝ-၁ဝဝဝ စီစီ                 ဖျန်းပက်ရန်ဝါဂွမ်း               သီးနံှအမှည့်မြန်စေရန်          ၃၃ဝ-၅ဝဝ စီစီ                    ဖျန်းပက်ရန်ဝါဂွမ်း               အထွက်တိုးစေရန်               ၃၃ဝ-၅ဝဝ စီစီ                    ဖျန်းပက်ရန်တည်သီးပင်      သီးနံှအမှည့်မြန်စေရန်            ၄ဝဝ စီစီ                         ဖျန်းပက်ရန်စပါး                 သီးနံှအမှည့်မြန်စေရန်            ၈ဝဝ စီစီ                         ဖျန်းပက်ရန်စပါး                 အထွက်တိုးစေရန်                 ၈ဝဝ စီစီ                         ဖျန်းပက်ရန်ငှက်ပျောပင်      သီးနံှအမှည့်မြန်စေရန်           ၄ဝဝ စီစီ                        ဖျန်းပက်ရန်ရော်ဘာပင်      အထွက်တိုးစေရန်               ၅-၁ဝ စီစီ                            ဆေးပင်                      သီးနံှအမှည့်မြန်စေရန်       ၁ဝဝဝ-၂ဝဝဝ စီစီ                ဖျန်းပက်ရန်ဆေးရည်တွင်ပါဝင်သောဓာတုပစ္စည်း                  ဆေးရည်ဟာ သိပ္ပံနည်းကျ ဓာတုဗေဒနဲ့ ပြုလုပ်ပြီး ကောက်ပဲသီးနံှများရဲ့ ကြီးထွားနှုန်းကိုမြှင့်တင်ပေးနိုင်ပါတယ်။ အဓိကအားဖြင့် (ethyl - အီသိုင်း)ဓာတ်ပါဝင်တာကြောင့် ဆေးရည်များ သီးနံှများအတွင်းသို့ ဝင်ရောက်ရှိပါက  ethylene  ဓာတ်များ တဖြည်းဖြည်းပံျ့နံှ့ဝင်ရောက်သွားပါမယ်။ ဒါကြောင့် သီးနံှများကြီးထွားစေဖို့နဲ့ အရွက်များဝေဆာစေဖို့အတွက် များစွာအကျိုးပြုစေပါတယ်။ ဆေးရည်ဟာ သီးနံှများအမှည့်မြန်စေဖို့ အထောက်အကူပြုပြီး အပင်များကျွတ်ခြင်းနဲ့ အားနည်း ခြင်းတို့မှ ကာကွယ်ပေးပါတယ်။

Sunday, 29 May 2011

ရာသီဥတု ပြောင်းလဲခြင်း အကျိုးဆက်များအတွက် ပြင်ဆင်ဖွယ်ရာများ                 ကမ္ဘာ့ရာသီဥတုအပြောင်းအလဲ ကြီးမားလာနေတာနဲ့အမျှ ကမ္ဘာ့ စားနပ်ရိက္ခာအကျပ်အတည်း အတွက်စိုးရိမ်ဖွယ်ရာဖြစ်တာ အားလုံး သတိထားမိမှာပါ။ လူ၊ သတ္တဝါတို့ရဲ့ အသက်အိုးအိမ် စည်းစိမ်ကို တခဏအတွင်းမှာ ပျက်စီးဆုံးရှုံးစေနိုင်တဲ့ ရာသီဥတု ဖောက်ပြန်ပြောင်းလဲမှုတွေကို ကြိုတင်သိရှိနိုင်ခြင်းဖြင့် ကြိုတင် ကာကွယ်မှု ပြုနိုင်သလို ရာသီအပြောင်းအလဲနဲ့ လိုက်လျောညီထွေ လုပ်ကိုင်နိုင်ဖို့ဆိုတာလည်း မိုးလေဝသအခြေအနေကို သိရှိနားလည် နိုင်ဖို့ အရေးပါပါတယ်။ ဒါကြောင့်လည်း မိုးလေဝသ အခြေအနေ တွေကို သိရှိနိုင်ဖို့ ၂ဝ၁၁ ခုနှစ် မေလ ၂၈ ရက်နေ့ ရန်ကုန်တိုင်း ဒေသကြီး၊ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း (ဘုရင့်နောင် ကုန်စည်ဒိုင်)မှာ မိုးလေဝသပညာရှင် ဦးထွန်းလွင် ဟောပြောတဲ့ ''မြန်မာနိုင်ငံရဲ့ လက်ရှိရာသီဥတုပြောင်းလဲခြင်းနဲ့ ယင်းရဲ့ အကျိုးဆက်များ'' ဟောပြောပွဲကို စာရေးသူတက် ရောက်ခဲ့ပါတယ်။                     ဘုရင့်နောင်ကုန်စည်ဒိုင်မှာ ကျင်းပတဲ့ ပထမအကြိမ် ဟောပြောပွဲ ဖြစ်တယ်လို့ ဆိုပါတယ်။ သီးနံှရောင်းဝယ် နေတဲ့ ကုန်စည်ဒိုင်၊ ကုန်သည်များအတွက် သီးနံှအထွက်ကောင်းပြီး အရည်အသွေး ကောင်းမွန်ရေးဟာ အရေးပါသလို အဲဒီလိုသီးနံှတွေ ထုတ်လုပ်ဖို့ အဓိကကျတဲ့ မိုးလေဝသဟာ အရေးကြီးတာမို့ အသင်းဝင်တွေ အသိပညာဗဟုသုတတိုးပွားစေဖို့ ဒီဟောပြောပွဲ ကျင်းပခြင်းဖြစ်တယ်လို့ ကုန်စည် ဒိုင်ဥက္ကဌဦးအုန်းဆိုင်က ဆိုပါတယ်။ မိမိ ပြည်တွင်း မိုးလေဝသ နဲ့အတူ လယ်ယာထွက်ကုန်တွေ အဓိကဝယ်ယူနေတဲ့ အိန္ဒိယနဲ့ တရုတ်နိုင်ငံရဲ့ မိုးလေဝသဟာလည်း ကုန်သည်တွေအတွက် အရေး ပါတယ်လို့ ထပ်လောင်း ပြောကြားပါတယ်။                  မိုးလေဝသနှင့် ဇလဗေဒညွှန် ကြားမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် အဖြစ် တာဝန်ထမ်းဆောင်ပြီး အနားယူခဲ့တဲ့ မိုးလေဝသ ပညာရှင်ဦးထွန်းလွင်ဟာ လက်ရှိမှာလည်း Myanmar Climate Change Watch  ကို ထူထောင်ပြီး ပြည်တွင်းပြည်ပအဖွဲ့အစည်း တွေနဲ့ ဆက်သွယ်ဆောင်ရွက်လျက်ရှိသလို လူထုမိုးလေဝသဆိုင်ရာ အသိပညာ တိုးပွားဖို့လည်း ဒေသအသီးသီးမှာ ဟောပြောပွဲတွေ ကျင်းပလျက်ရှိတယ်လို့ သိရပါတယ်။ ဒီနှစ်အတွင်း  တိုင်း/ပြည်နယ် များမှာ ဟောပြောပွဲပေါင်း ၆ဝ ကျော်ရှိပြီဖြစ်ပြီး ကုန်စည်ဒိုင်မှာ ဟောပြောမှုအနေနဲ့ မန္တလေးမှာ ပထမအကြိမ်နဲ့ အခုရန်ကုန်မှာ ဒုတိယအကြိမ် ဟောပြောခြင်းဖြစ်တယ်လို့ သိရပါတယ်။ ကမ္ဘာကြီးပူနွေးလာမှု                  ကမ္ဘာကြီးပူနွေးလာတဲ့ အကြောင်း ရင်းတွေထဲမှာ လူဦးရေ တိုးပွားလာတာနဲ့အမျှ နိုင်ငံရဲ့စီးပွားရေး (GDP) တိုး တက်ဖို့ မြေယာတွေ ခုတ်ထွင်ရှင်းလင်းတာတွေ၊ ဒီရေတောတွေမှာ စီးပွားရေး လုပ်ပြီး လူတွေနေထိုင်လာခြင်း၊ ကမ္ဘာမြေက စွမ်းအင်ထုတ်ယူ သုံးစွဲခြင်းနဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ်ထုတ်လုပ်ခြင်းတွေဟာ အဓိကပါဝင်တယ်လို့ ဦးထွန်းလွင်က ဆိုပါတယ်။ ဒါကြောင့်လည်း ဥရောပမှာ မိုးရွာပြီး အရှေ့အလယ်ပိုင်းမှာ မိုးခေါင်မှုဆိုတဲ့ ရာသီဥတုဖောက်ပြန်မှုတွေ တိုးတက်လာခဲ့တယ်လို့ ဆိုပါတယ်။ အယ်နီညှိ၊လာနီညာဖြစ်စဉ် မြန်ဆန်လာနေ                  ကမ္ဘာ့ရာသီဥတုပြောင်းလဲမှု အနေနဲ့ အယ်နီညိုဆိုတဲ့ ပူနွေးတဲ့ ဖြစ် စဉ်၊ လာနီညာလို့ခေါ်တဲ့ အေးပြီးစွတ်စိုတဲ့ဖြစ်စဉ်၊ Neutral ဆိုတဲ့ ပုံမှန်ဖြစ် စဉ် ၃ မျိုးရှိရာမှာ အရင်က လာနီညာ နဲ့ အယ်နီညို ဖြစ်စဉ်ဟာ ၇ နှစ်မှ တစ် ကြိမ်သာဖြစ်လေ့၊ ပြောင်းလဲလေ့ရှိ တယ်လို့ ဦးထွန်းလွင်က ဆိုပါတယ်။                  ၁၉၇၈ ခုနှစ်နောက်ပိုင်းမှာ ၂ နှစ် တစ်ကြိမ်ကနေ နှစ်စဉ် ပြောင်းလဲမှုတွေ ဖြစ်လာတယ်လို့ ဆိုပါတယ်။ ၂ဝဝ၉ ဇူလိုင်ကနေ ၂ဝ၁ဝ မတ်လအထိ အယ်နီညို၊ ၂ဝ၁ဝ မေကနေ ၂ဝ၁ဝ ဇူလိုင် အထိ ပုံမှန်နှစ်ရာသီဖြစ်ပြီး ၂ဝ၁ဝ သြဂုတ်လကနေ ၂ဝ၁၁ အထိ လာနီညာဖြစ်လို့ ၂ဝ၁ဝ မှာ သုံးရောင်ခြယ် ရာသီဥတုဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ ဒါကြောင့်လည်း ၂ဝဝ၉-၂ဝ၁ဝ မှာ တစ်နှစ်ရဲ့ အပူဆုံး ရာသီနှစ် ဖြစ်ခဲ့ပြီး ၂ဝ၁ဝ-၂ဝ၁၁ အတွင်းမှာ အအေးဆုံး ဖြစ်လာခဲ့ တယ်လို့ ဆိုပါတယ်။ နှစ်စဉ်အပူချိန်မြင့်တက်နေ                     ၁၉ဝ၁ ခုနှစ်ကနေ ၁၉၉၆ ခုနှစ် အထိ နှစ်စဉ်အပူချိန်ပြောင်းလဲမှုတွေကို လေ့လာချက်အရ မြန်မာနိုင်ငံမြောက် ဖျားပိုင်းနဲ့ အရှေ့မြောက်ပိုင်းဒေသမှအပ ကျန်ဒေသတွေမှာ နှစ်စဉ်အပူချိန် ၁ ဒီဂရီနဲ့ ၂ ဒီဂရီကြားတိုးပြီး မိုးရွာနှုန်း အနေနဲ့ မြန်မာနိုင်ငံ အထက်ပိုင်းနဲ့ ဧရာဝတီမှာ မိုးရွာရက်တိုးပြီး ကချင်ပြည်၊ ရခိုင်မြောက် ပိုင်း၊ မွန်၊ တနင်္သာရီတို့မှာ မိုးရေချိန်တိုးလာသလို တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ညအပူချိန် နှစ်စဉ်တိုးနေတယ်လို့ ဆိုပါတယ်။ မုတ်သုန်အားနည်းမှုဖြစ်လာ                   အရင်က မုတ်သုန်အဝင်အားကောင်းပေမယ့် ၁၉၇၈ ခုနှစ် နောက်ပိုင်းမှာ မုတ်သုန်အားနည်းပြီး မုတ်သုန် အဝင်နောက်ကျခြင်း၊ မုတ်သုန်ဆုတ်စောခြင်းတို့ကြောင့် မိုးရာသီတိုတောင်းမှုတွေ ဖြစ်လာ တယ်လို့ ဆိုပါတယ်။ ၁၉၇၈-၈၃ ခုနှစ်အတွင်း မုတ်သုန်လေ အလွန်အမင်း ကျဆင်းမှုဖြစ်ခဲ့ပြီး ၁၉၉ဝ ပြည့်နှစ်များကစပြီး မုတ်သုန်လေအားပျက် ပျောက်ကွယ်လာကာ မိုးတွင်းကာလမှာ မုတ်သုန်မုန်တိုင်းဖြစ်ပေါ်မှု လျော့နည်းလာတယ်လို့ ဆိုပါတယ်။ အပူအညွှန်းကိန်းများမြင့်တက်လာပြီး နှစ်စဉ်မိုးရွာသွန်းမှု လျော့နည်း လာကာ သမားရိုးကျ မဟုတ်တဲ့ မိုးလေဝသဖြစ်စဉ်များ ပိုမို ကြုံတွေ့ လာရတယ်လို့ နှစ် ၅ဝ အတွင်း မှတ်တမ်းများအရ ရှင်းလင်းပါတယ်။ မိုးကြိုးနဲ့ မိုးလွန်မှာ မုန်တိုင်းပိုဝင်ရောက်                 ဒါကြောင့်လည်း ၁၉၇၉ ခုနှစ် နောက်ပိုင်းမှာ မိုးတွင်းကာလ မုန်တိုင်း ဖြစ်ပေါ်မှုလျော့နည်းပြီး မိုးကြိုနဲ့မိုးလွန်ကာလမှာ မုန်တိုင်းများလာတယ်လို့ ဆိုပါ တယ်။ ၁၉၇၇ မှ ၂ဝ၁၁ ထိ နှစ်ပေါင်း ၃၄ နှစ်အတွင်း ဘင်္ဂလားပင်လယ်အော်မှာ မုန်တိုင်း ၁၃ဝ၈ လုံး ဝင်ရောက်တဲ့အနက် မြန်မာနိုင်ငံကို ၈၄ လုံး ဝင်ရောက်တယ်လို့ ဆိုပါတယ်။ မုန်တိုင်း ၈၄ လုံးထဲမှာ ၅၁ ရာခိုင်နှုန်းက ဧပြီနဲ့ မေလမှာ ဝင်ရောက်ပြီးနောက် ၄၆ ရာခိုင်နှုန်းကတော့ အောက်တိုဘာ- နိုဝင်ဘာနဲ့ ဒီဇင်ဘာလတွေမှာ ဝင်ရောက်တယ်လို့ ဆိုပါတယ်။ အဲဒီလို မိုးကြို၊ မိုးလွန်မုန်တိုင်းဖြစ်ခြင်းဟာ မြန်မာနိုင်ငံစိုက်ပျိုးရေး အတွက်ပါ အန္တရာယ်များတယ်လို့ ဆိုပါတယ်။ မိုးရာသီတိုတောင်းပြီး မိုးကြိုး၊ မိုးလွန်ရှည်လာ                   ၁၉၇၈ ခုနှစ်မတိုင်မီက မေလ ၁၅ ရက်မှ ဇွန်လကုန်ထိ ၄၅ ရက်အတွင်း မိုးဦး၊ ဇွန်လကုန်ကနေ သြဂုတ်လကုန် ထိ ၆၂ ရက်မှာ မိုးလယ်နဲ့ အောက်တိုဘာလ ၁ဝ ရက်အထိရက် ၄ဝ အတွင်း မိုးနှောင်းဆိုပြီး မိုးရာသီကာလ ၁၄၇ ရက်ထိရှိခဲ့တယ်လို့ ဆိုပါတယ်။ မုတ်သုန်မဝင်မီ ဧပြီလ ၁၅ ရက်မှ မေလ ၁၅ ရက်ထိ ရက် ၃ဝ အတွင်း မိုးကြိုနဲ့ အောက်တိုဘာ ၁ဝ ရက်မှ နိုဝင်ဘာလကုန်ထိ ရက် ၅ဝ အတွင်း မိုလွန်ဆိုပြီး ရွာသွန်းခဲ့တယ်လို့ ဆိုပါ တယ်။ ၁၉၇၈ ခုနှစ်နောက်ပိုင်းမှာတော့ မေလကုန်မှ ဇွန်လကုန်အထိ မိုးဦး၊သြဂုတ်လကန်ထိ ၆၂ ရက်ကို မိုးလယ်နဲ့  သြဂုတ်လကုန်မှ စက်တင်ဘာလလယ်အထိ မိုးလယ်နဲ့ သြဂုတ်လကုန်မှ စက်တင်ဘာလ လယ် အထိ ၁၅ ရက်ကို မိုးနှောင်းဆိုပြီး မိုးရာသီ(၁ဝ၇) ရက်ကို ကာလ တိုတောင်းလာခဲ့တယ်လို့ ဆိုပါတယ်။ မိုးကြိုအနေနဲ့ ဧပြီလ ၁၅ ရက်မှ မေလကုန်အထိ ၄၅ ရက်နဲ့ စက်တင်ဘာလလယ်မှ နိုဝင်ဘာလကုန်အထိ ရက်ပေါင်း ၇၅ ရက်မှာ မိုးလွန်ကာလအဖြစ် မိုးကြိုနဲ့ မွန်လွန်ကာလ ရှည်လျားလာခဲ့တယ်လို့ ဆိုပါတယ်။ မုတ်သုံကာလမှာ လေထု တည်ငြိမ်ပြီး နေရာ အနံှ့အပြား မိုးရက်ဆက် ရွာသွန်းမှုရှိပေမဲ့ မိုးကြိုးပစ်ခြင်း၊ လေဆင်နှာမောင်းကျရောက်ခြင်း၊ စိုက်ဆင်း လေပြင်းကျရောက်ခြင်းတို့ မဖြစ်ပေါ်တတ်ဘူးလို့ ဆိုပါတယ်။ မိုးကြိုးပစ်မှုများလာ                 ဒါပေမဲ့ မိုးကြိုနဲ့ မိုးလွန်ကာလများမှာတော့ တိမ်တောင်များ ဖြစ်ပြီး လေထုမတည်ငြိမ်ခြင်း၊ နေရာကွက်ကျားမိုးသည်းထန်ခြင်း၊ မိုးကြိုးပစ်ခြင်း၊ လေဆင်နှာမောင်းကျရောက်ခြင်း၊ စိုက်ဆင်းလေပြင်း ကျရောက်ခြင်း၊ မိုးသက်လေပြင်းတိုက်ခတ်ခြင်း၊ မိုးခြိမ်းခြင်း၊ လျှပ်စီးလက်ခြင်း အများဆုံးဖြစ်ပေါ်တယ်လို့ ဆိုပါ တယ်။ ဒါကြောင့်လည်း ကမ္ဘာတစ်ဝှမ်းဘေးအန္တရာယ်အများဆုံးဖြစ် ပေါ်တက်တာ အဲဒီကာလ တွေလို့ ဆိုပါတယ်။ ၂ဝဝ၆ ခုနှစ်နောက်ပိုင်း မှာ မိုးကြိုး ပစ်ခံရလို့ သေဆုံးသူ ဦးရေဟာ တစ်ခါတစ်ရံမှာ လူပေါင်းရာကျော် တယ်လို့လဲ ဆိုပါတယ်။ မြန်မာမှာ နှစ်စဉ်မုန်တိုင်းဝင်ရောက်                  မြန်မာနိုင်ငံကို မုန်တိုင်းဝင်ရောက် မှုဟာ ၂ဝဝ၆ ခုနှစ် မေလမှာ မာလာ မုန်တိုင်း၊ ၂ဝဝ၇ မေလမှာ အာကတ်ရှ် ၂ဝဝ၈ မေလမှာ နာဂစ်၊ ၂ဝဝ၉ မေလ မှာ ဘီဂျလီနဲ့ ၂ဝ၁ဝ အောက်တိုဘာ လမှာ ဂီရိတို့ဖြစ်ပြီး ငါးနှစ်ဆက်တိုက် ဝင်ရောက်တဲ့မုန်တိုင်းများမှာ လေးနှစ် ဆက်တိုင်ဟာ မေလအတွင်းမှာ ဝင် ရောက်တယ်လို့ ဆိုပါတယ်။ အဲဒီမုန် တိုင်းငါးလုံးဟာ ဖြစ်ပေါ်တဲ့အချိန်၊ ရာသီ၊ တည်နေရာ အားလုံး ပုံမှန်အတိုင်းဖြစ်ခဲ့ပေမယ့် နာဂစ်မုန်တိုင်း  ကတော့ သွားရာ လမ်းကြောင်း ဖောက်ပြန်ခဲ့တဲ့အတွက် အပြင်းထန်ဆုံးနဲ့ ပျက်စီးဆုံးရှုံးမှု အများဆုံးဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ ၂ဝ၁၁ မြန်မာ့မိုးလေဝသ ခန့်မှန်းချက်                  ၂ဝ၁၁ အတွက် ခန့်မှန်းချက်များအနေနဲ့ မြန်မာနိုင်ငံမှာ ဇွန်လ အတွက် အချို့ဒေသတွေမှာ ပုံမှန်ဖြစ်ပြီး၊ ရန်ကုန်၊ ဧရာဝတီ၊ ပဲခူးတိုင်း ဒေသကြီး၊ ကယားစတဲ့ဒေသတွေမှာ ပုံမှန်အထက် ၄ဝ ရာခိုင်နှုန်းခန့် ရွာနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။ မေ၊ ဇွန်၊ ဇူလိုင်လများ အတွက် မြန်မာနိုင်ငံအထက်ပိုင်းမှအပ ကျန်ဒေသတွေမှာ ပုံမှန်အထက်ရွာနိုင် ဖွယ်ရှိပြီး၊ အပူချိန်အနေဖြင့် ၂ဝ၁၁ ဇွန်လအတွက် မြန်မာနိုင်ငံ အထက်ပိုင်းမှာ ဖြစ်မြဲခန့်၊ အောက်ပိုင်းဒေသတွေမှာ ဖြစ်မြဲအောက် နိမ့်ကျမယ်လို့ ခန့်မှန်းထားပါတယ်။ ဇူလိုင်၊ သြဂုတ်လများ အတွက် ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်မြောက်ပိုင်းတို့မှာ အပူချိန်ဖြစ်မြဲ ခန့် ရှိနိုင်ပြီး၊ ကျန်ဒေသတွေမှာ ဖြစ်မြဲအောက်ရှိမယ်လို့ ခန့်မှန်း ပြော ကြားပါတယ်။ ၂ဝ၁၁ အတွက် အိန္ဒိယနဲ့ တရုတ် မိုးလေဝသ                   အိန္ဒိယနဲ့ တရုတ်နိုင်ငံတို့အတွက် မိုးရွာသွန်းမှုအနေနဲ့ ဇွန်လမှာ ပုံမှန်ရွာ သွန်းပြီး၊ ဇူလိုင်၊ သြဂုတ်လများမှာ အိန္ဒိယမြောက်ပိုင်းမှာ မိုးပိုလာနိုင်ပေမယ့် တရုတ်နိုင်ငံမှာတော့ အချို့ဒေသ တွေမှာ မိုးပါးမယ်လို့ ခန့်မှန်းထားပါတယ်။ အပူချိန်အနေနဲ့ ဇွန်၊ ဇူလိုင်၊ သြဂုတ်လတွေမှာ တရုတ်မှာပူပြီး အိန္ဒိယမှာ အပူလျော့နိုင်တယ်လို့ ဆိုပါတယ်။ သြဂုတ်၊ စက်တင်ဘာ၊ အောက်တိုဘာလတွေမှာ အိန္ဒိယပုံမှန် ဖြစ်နိုင်ပြီး၊ တရုတ်နိုင်ငံမှာ မိုးခေါင် ခြောက်သွေ့မှုဖြစ်နိုင် တယ်လို့ ခန့်မှန်းထားပါတယ်။ မိုးလေဝသပညာရှင်များ မွေးထုတ်ဖို့လို                 ရာသီဥတုပြောင်းလဲခြင်းတွေကို တုန့်ပြန်ရာမှာ ဖောက်ပြန်ပြောင်းလဲမှု လျော့ပါးအောင် ဆောင်ရွက်ဖို့ဆိုတာ နည်းပညာ မြောက်များစွာလိုအပ်လို့ ခက်ခဲတဲ့အတွက် ပြောင်းလဲတဲ့ ရာသီဥတုနဲ့ အညီ လိုက်လျောညီထွေ နေမယ်ဆိုရင် ပျက်စီးဆုံးရှုံးမှုနည်းမယ် လို့ ဦးထွန်းလွင်က အကြံပြုထားပါတယ်။ အချိန်နဲ့အမျှ ပြောင်းလဲနေ တဲ့ ရာသီဥတုအခြေအနေကို ကြိုတင်သိရှိ နိုင်ဖို့ဆိုတာ မြန်မာနိုင်ငံ မှာ ဘာသာရပ်တစ်ခုအနေနဲ့ သင်ကြားပေး ဖို့လိုပြီး ပညာရှင်မြောက် မြားစွာ မွေးထုတ်ဖို့နဲ့ ခေတ်မီစက်ကိရိယာများလည်း လိုအပ်နေသေး တယ်လို့လည်း ထောက်ပြပါတယ်။                    နာဂစ်မုန်တိုင်း ဖြစ်ပြီးတဲ့ နောက်ပိုင်း ပြည်သူလူထုအတော်များများဟာ မိုးလေဝသကို အလေးထားလာသလို အသိအမြင်လည်း တိုးပွားလာတယ်လို့ ဆိုပါတယ်။ ယခုထက်ပိုမို တိုးတက်သိမြင်ပြီး ရှောင်ကြဉ်သတိ ထားနိုင်ဖို့လည်း ပညာပေးဟောပြောပွဲတွေ၊ ဆောင်းပါးတွေနဲ့ ဆက်လက် အသိပေးသွားမယ်လို့လည်း ဆိုပါတယ်။ စိုက်ပျိုးထုတ်လုပ်သူတွေ အရောက် လက်ဆင့်ကမ်းသင့်                   စိုက်ပျိုးရေးအခြေခံတဲ့ မြန်မာနိုင်ငံအနေနဲ့ ဒီလိုပြောင်းလဲမှု မြန်ဆန်နေတဲ့ ကမ္ဘာ့ရာသီဥတုကို အချိန်နဲ့တစ်ပြေးညီသိရှိပြီး ကြိုတင် ကာကွယ်ဖို့ဆိုတာ စိုက်ပျိုးထုတ်လုပ်သူတွေသာမက ဆက်စပ်လုပ် ကိုင်နေတဲ့ အသင်းအဖွဲ့များအနေနဲ့လည်း ကိုယ်တိုင် အသိ ြွကယ်ဝဖို့ အပြင် ဆောင်ရန်ရှောင်ရန်ကို သတင်းအချက်အလက်ဖြန့်ဝေဖို့ အရေးပါလှပါတယ်။ အထူးသဖြင့် ယခုလို မိုးကြို၊ မိုးနှောင်းတွေမှာ ဖြစ်ပွားတတ်တဲ့ သဘာဝဘေး အန္တရာယ်က ကင်းလွတ်စေဖို့ စိုက်ပျိုး ထုတ်လုပ်သူတွေ ကိုယ်တိုင်သိမြင်ဆောင်ရွက်နိုင်ရေး ယခုလို ဟောပြောပွဲများကို တောင်သူတွေရှိရာ မြို့နယ်၊ ကျေးရွာများ အရောက် လက်ဆင့်ကမ်းပေးမယ်ဆိုရင် ကျေးလက်နေပြည်သူများ အတွက် ပိုမိုအကျိုးရှိမှာဖြစ်ပါတယ်။                       ဒါ့အပြင် စိုက်ပျိုးကာလ၊ ရိတ်သိမ်းချိန်လွန် ကာလတွေမှာ သဘာဝဘေးအန္တရာယ်ကြောင့် ဖြစ်ပေါ်လာမယ့် ဆုံးရှုံးမှုတွေ နည်း နိုင်သမျှ နည်းအောင်လည်း မျိုးစေ့၊ ခေတ်မီလယ်ယာ သုံးစက် ပစ္စည်းတွေ၊ အထူးသဖြင့် ရိတ်သိမ်းေြွခလှေ့စက်တွေ၊အခြောက်ခံ စက်တွေ၊ကုန်သယ်ယူတဲ့ထရပ်ကားတွေ ဝိုင်းဝန်းကူညီ ဖြည့်ဆည်းဝန် ဆောင်ပေးဖို့ လိုအပ်နေပါပြီ။ ကမ္ဘာ တစ်ဝန်းမှာ ရာသီဥတုပြောင်းလဲမှုတွေအရ စားနပ်ရိက္ခာပြဿနာဟာလည်း တဖြည်းဖြည်းကြီး ထွားလို့လာနေတဲ့အတွက် မြန်မာနိုင်ငံအနေနဲ့ မိုးလေဝသ ဆိုင်ရာ သတင်းအချက်အလက်များ ကြိုတင်သိရှိပြီး၊ စားနပ်ရိက္ခာထုတ်လုပ်မှု တိုးတက်ဖို့ဆိုတာ စိုက်ပိုျးထုတ်လုပ်တဲ့ တောင်သူသာမက ဆက်စပ်လုပ်ကိုင်နေတဲ့ ကုန်သည်၊ အသင်းအဖွဲ့များ နဲ့ သက်ဆိုင်ရာ ဌာနများက Public Private Partnership အရ ပိုမို ပူးပေါင်း ဆောင်ကြရင်ဖြင့် ကမ္ဘာ့ရာသီဥတု ပြောင်းလဲမှုဆိုတဲ့ Climate Change  စိန်ခေါ်မှုကြီးကို အတိုင်းအတာတစ်ခုအထိ ရင်ဆိုင်နိုင် လိမ့်မယ်လို့ မျှော်လင့်ကြောင်းပါ။

Sunday, 29 May 2011

အကျိုးအမြတ်မျှတပြီး  စားသုံးသူဈေးနှုန်းကြီးမြင့်မှုမရှိစေရေး တင်သွင်းဖြန့်ဖြူးသွားမယ့် စားအုန်းဆီလုပ်ငန်းရှင်များ                   စားအုန်းဆီဟာ အခြေခံလူတန်းစားတွေအတွက် ဆန်ပြီးရင် ဒုတိယအရေးပါတဲ့ ကုန်စည်ဖြစ်သလို လူချမ်းသာရော လူလတ်တန်းစားအားလုံး နေ့စဉ်စားသုံးနေတဲ့ ဘီစကစ်၊ မာဂျရင်း၊ နို့ဆီက အစ အလှကုန်ပစ္စည်းတွေမှာပါ ထည့်သွင်းပါဝင်နေပါတယ်။ ဟိုးယခင်က မြန်မာနိုင်ငံဟာ ပြည်တွင်းထွက်ရှိတဲ့ မြေပဲ၊ နှမ်း၊ နေကြာ အစရှိတဲ့သီးနံှဆီနဲ့ ပြည်တွင်းဖူလုံမှုရှိခဲ့ပေမဲ့ နောက်ပိုင်း လူဦးရေ တိုးတက်လာတာနဲ့အမျှ ဆီစားသုံးမှုနဲ့ စက်မှုသုံးအတွက် ပြည်တွင်း လိုအပ်ချက်ကို ပြည်ပက စားအုန်းဆီတင်သွင်းပြီး ဖြည့်ဆည်းခဲ့ ရပါတယ်။ ရာသီအချိန်အခါလိုက် စားအုန်းဆီတင်သွင်းမှု အတိုးအလျော့ရှိ                     အဲဒီလို တင်သွင်းခွင့်ပြုခဲ့ရာမှ ဆီထွက်သီးနံှ ထုတ်လုပ်တဲ့ တောင်သူတွေရဲ့ အကျိုး၊ ပြည်တွင်းဆီစက်လုပ်ငန်းရှင်တွေရဲ့ အကျိုး ကို မထိခိုက်စေဘဲ ပြည်တွင်းစားသုံးသူတွေ ဖူလုံမှုရှိအောင်နဲ့ ဈေးနှုန်း ဖိစီးမှုမဖြစ်စေအောင် လစဉ်လိုအပ်ချက်ကို ချိန်ညှိပြီး တင်သွင်းစေ ခဲ့တယ်လို့ သိရပါတယ်။ လွန်ခဲ့တဲ့ ဘဏ္ဍာနှစ် သုံးနှစ်အတွင်း တင်သွင်းခဲ့တဲ့ ပမာဏအပေါ် ပျမ်းမျှတွက်ချက်မှုအရ တစ်လကို တန်ချိန် ၂ သောင်းကျော် တင်သွင်းမှုရှိခဲ့ပေမဲ့ ဆောင်းပဲ၊ မိုးပဲဆီထွက်သီးနံှ ပေါ်ချိန်မှာ တင်သွင်းမှုကျဆင်းပြီး ပြည်တွင်းဆီထွက်ချိန်လည်း မဟုတ်တဲ့ ပွဲတော်ကာလများမှာတော့ တင်သွင်းမှုမြင့်တယ်လို့ မြန်မာ နိုင်ငံ ဆီလုပ်ငန်းရှင်များနဲ့ဆီကုန်သည်များအသင်း ဥက္ကဋ္ဌ ဦးသိန်းဟန် က ပြောကြားပါတယ်။ အကျိုးအမြတ်ကို ပဓာဏမထားဘဲ ပုံမှန်တင်သွင်းသူကို ခွင့်ပြု                     ယခင်က အစိုးရတာဝန်ပေးအပ်ထားတဲ့ အဖွဲ့အစည်းတစ်ခု ထဲကသာ တင်သွင်းဖြန့်ဖြူးခဲ့ရာမှ ယခုအခါမှာတော့ လုပ်ငန်းရှင်တွေ အားလုံး လုပ်သာကိုင်သာရှိစေဖို့ ပုဂ္ဂလိကလုပ်ငန်းရှင်များကို တင် သွင်းခွင့်ပြုနေပြီလို့ သက်ဆိုင်ရာဌာနက သိရပါတယ်။ ဒီလိုတင်သွင်း ခွင့်ပြုရာမှာ လုပ်ငန်းရှင်တိုင်း တင်သွင်းခွင့်ရှိတယ်ဆိုပေမဲ့ တစ်လ တင်သွင်းဖို့ လိုအပ်တဲ့ပမာဏကို နိုင်ငံ တကာဈေးနဲ့ ပြည်တွင်း ဈေးများ တက် သည်ဖြစ်စေ၊ ကျသည် ဖြစ်စေ၊ မိမိတို့ရဲ့ အကျိုး အမြတ်တစ်ခ ထဲကို ပဓာဏမထားဘဲ ပုံမှန်တင်သွင်းသူတွေကို ခွင့်ပြုသွားဖို့ အသင်းနဲ့ သက်ဆိုင်ရာဌာနတို့ ညှိနှိုင်းထားတယ်လို့လည်း သိရပါတယ်။ ပထမအသုတ်အနေနဲ့ လုပ်ငန်းရှင်ကြီး ၁ဝ ဦးမှ စတင် တင်သွင်းလျက်ရှိရာ မေလ ၁၂ ရက်မှာ ကုမ္ပဏီတစ်ခုက တင်သွင်း ထားတဲ့ ဆီသင်္ဘောဆိုက်ရောက်နေပြီလို့ သိရပါတယ်။ ကျန်လုပ်ငန်း ရှင်များရဲ့ ဆီသင်္ဘောများလည်း ဆက်တိုက်ဝင်ရောက်လာတော့ မယ်လို့ သိရပါတယ်။ စားအုန်းဆီတင်သွင်းသူများရဲ့ တာဝန်ပိုင်း                        တင်သွင်းမယ့်ကုမ္ပဏီများဟာ စားအုန်းဆီ တင်သွင်းဖြန့်ဖြူးမှုမှာ ကာလကြာရှည်စွာ ပါဝင်ဆောင်ရွက်နေပြီး ဈေးကွက်စီးပွားရေး စနစ်နဲ့အညီ ပြည်တွင်းလိုအပ်ချက်များကို ပုဂ္ဂလိက ကဏ္ဍမှ ပူးပေါင်း ဆောင်ရွက်နိုင်သူတွေဖြစ်တယ်လို့ သိရပါတယ်။ တင်သွင်းသူများ ဟာ စည်းမျဉ်းစည်းကမ်းများကို လိုက်နာပြီး ဈေးကွက် မပြတ်လပ် စေရေး ပုံမှန်တင်သွင်းနိုင်သူ၊ သိုလှောင်မယ့်စနစ်နဲ့ သိုလှောင်နိုင်တဲ့ အခြေခံလိုအပ်ချက်ပြည့်စုံသူဖြစ်တဲ့အပြင် တင်သွင်းသူလက်ကားဖြန့် ဖြူးသူ၊ လက်လီရောင်းချသူတို့အနေနဲ့ ဝန်ဆောင်စရိတ်နဲ့ အကျိုး အမြတ်မျှတပြီး စားသုံးသူ ဈေးနှုန်းကြီးမြင့်မှု မရှိစေရေး ဆောင်ရွက် သွားမယ်လို့ သက်ဆိုင်ရာဌာနမှာ ဝန်ခံကတိပြုထားတယ်လို့ သိရပါ တယ်။ ဒါ့အပြင် စားသုံးသူ ကျန်းမာရေးမထိခိုက်စေဖို့ အမျိုးအစား အရည်အသွေးကောင်းမွန်တဲ့ စားအုန်းဆီကို တင်သွင်းပြီး ပြည်တွင်း ဖြန့်ဖြူးရာမှာလည်း ဝင်ငွေနည်း ပြည်သူများ၊ ဆင်ခြေဖုံးရပ်ကွက် များရှိ ပြည်သူများ အဆင်ပြေစားသုံးနိုင်ဖို့ လက်လီအရောင်းဆိုင်များ ကျယ်ကျယ်ပြန့်ပြန့်ဖွင့်လှစ်ပြီး မှန်မှန်ကန်ကန် ရောင်းချသွား မယ်လို့လည်း တညီတညွတ်တည်း သဘောတူထားကြောင်း သိရပါ တယ်။ လစဉ်ပုံမှန်တင်သွင်းမယ်လို့ဆို                  တင်သွင်းရာမှာလည်း ပြည်တွင်း လိုအပ်ချက်ပမာဏ မမီဘဲ တင်သွင်းမှုနည်းရင် ပြည်တွင်းမှာ ကုန်ပစ္စည်း ပြတ်လပ်ပြီး ဈေးနှုန်းကြီးမြင့်မှု တွေ ဖြစ်နိုင်သလို လိုတာထက် အလွန် အမင်း ပိုလံျှတင်သွင်းပြန်ရင်လည်း ပြည်တွင်းထုတ်လုပ်တဲ့ ပဲဆီ၊ နှမ်းဆီဈေး တွေ ကမောက်ကမဖြစ်ပြီး ထုတ်လုပ်တဲ့ တောင်သူတွေ၊ ဆီစက်လုပ်ငန်းရှင်တွေ ထိခိုက်နိုင်ပါတယ်။ ဒါ့အပြင် ဆီတင်သွင်းသူ တွေအနေနဲ့လည်း နစ်နာဆုံးရှုံးမှုတွေ ရှိလာနိုင်ပြီး ဈေးကိုက် တဲ့အချိန်မှာ တင်သွင်းဖြန့်ဖြူးပြီး အကျိုးအမြတ် မရှိချိန်မှာ တင်သွင်း ခြင်းမပြုတာမျိုးတွေမရှိရအောင် ကုမ္ပဏီတွေအနေနဲ့ လစဉ်ပုံမှန်တင်သွင်းရမယ့် ပမာဏတွေလည်း ညှိနှိုင်းသတ်မှတ်ထားကြောင်း သိရပါတယ်။ ပြည်ပက တင်သွင်းရောက်ရှိလာတဲ့ ဆီတွေကို သိုလှောင် ထားဖို့ သိုလှောင်ကန်အသင့်မရှိသေးတဲ့ ကုမ္ပဏီများအတွက် အဆင် ပြေစေဖို့ အထုတ်အသွင်းအဆင်ပြေချောမွေ့ဖို့နဲ့ စနစ်တကျဖြန့်ဖြူးမှု အပိုင်းတွေကိုလည်း အသင်းအနေနဲ့ နိုင်ငံတော်မူဝါဒများအတွင်းက ကူညီဆောင်ရွက်သွားမယ်လို့လည်း အသင်းဥက္ကဋ္ဌက ဆိုပါတယ်။ စားသုံးသူတွေ အာမခံချက်ရှိတဲ့ဆီသာ ဖြန့်ဖြူးမယ်                   နေ့စဉ်စားသုံးမှုမှာ အနည်းနဲ့အများဆိုသလို ပါဝင်နေတဲ့ စား အုန်းဆီဟာ ကျန်းမာရေးနဲ့ညီညွတ်ဖို့ အဓိကကျလှပါတယ်။ ဒါကြောင့်လည်း ဆီတင်သွင်းရာမှာ ကျန်းမာရေးနဲ့ ညီညွတ်ပြီး စားသုံးဖို့ သင့်တော်တဲ့ဆီ (Fit for Human Consumption )ဖြစ်ဖို့ စံချိန် စံညွန်းများနဲ့ကိုက်ညီတဲ့ ဆီကိုသာ တင်သွင်းဖို့ သတ်မှတ်ထားတာ ဖြစ်ပါတယ်။ ကုမ္ပဏီတွေက တင်သွင်းလာတဲ့ စားအုန်းဆီများ အရည်အသွေး မှန်၊ မမှန်ကို FDA က နမူနာ ဓာတ်ခွဲစမ်းသပ်စစ်ဆေးပြီး ပြည်သူလူထုစားသုံးဖို့ သင့်တော်တဲ့ ထောက်ခံချက်ရရှိမှသာ ပြည်တွင်းမှာ ဖြန့်ဖြူးရောင်းချသွားမယ်လို့လည်း သိရပါတယ်။ ဒါဆိုရင် စားသုံးသူတွေလည်း ယုံကြည်စိတ်ချစွာနဲ့ ဝယ်ယူစားသုံးနိုင်ပြီလို့ ဆိုရမှာပါ။ ရေရှည်အဆင်ပြေပြီး ဈေးတည်ငြိမ်ရေး အချိုးကျဖြန့်ဝေ                        ပြည်တွင်းဖြန့်ဖြူးမှုအပိုင်းမှာ ယခင်ကတင်သွင်းမှု ပမာဏရဲ့ ၄ဝ ရာခိုင်နှုန်းနီးပါးကို တင်သွင်းအဖွဲ့အစည်းက ဈေးကွက်တွေကို တာဝန်ယူဖြန့်ဖြူးပြီး ကျန်တဲ့ရာခိုင်နှုန်းပမာဏကိုတော့ နေပြည်တော် ကုန်ဈေးနှုန်းထိန်းသိမ်းရေးကော်မတီနဲ့ မြန်မာနိုင်ငံ ဆီကုန်သည်နဲ့ ဆီလုပ်ငန်းရှင်များအသင်းရဲ့ကြီးကြပ်မှုနဲ့ ကိုယ်စားလှယ် အရောင်း ဆိုင်များကတစ်ဆင့် စားသုံးသူတွေထံကို တိုက်ရိုက် လစဉ် ဖြန့်ဖြူးပေးခဲ့တယ်လို့ အသင်းဥက္ကဋ္ဌက ပြောကြားပါတယ်။ လက်ရှိလုပ်ငန်းရှင်များ တင်သွင်းလာတဲ့ဆီကိုလည်း အချို့ ပမာဏကို ပြည်ထောင်စုကုန် ဈေးနှုန်းတည်ငြိမ်ရေးကော်မတီရဲ့ ကြီးကြပ်မှုနဲ့ မြန်မာနိုင်ငံဆီကုန်သည်နဲ့ ဆီလုပ်ငန်းရှင်များ အသင်းက ကိုယ်စားလှယ်တွေကတစ်ဆင့် စားသုံးသူထံ တိုက်ရိုက် ရောင်းချ ဖြန့်ဖြူးပေးသွားမှာဖြစ်ပြီး ကျန်ပမာဏကိုတော့ တင်သွင်းတဲ့ကုမ္ပဏီ လုပ်ငန်းရှင်များရဲ့ အစီအစဉ်နဲ့ဖြန့်ဖြူးဖို့ စီစဉ်ညှိနှိုင်းထားကြောင်း အသင်းမှ သိရပါတယ်။ အဲဒီလိုခွဲဝေဖြန့်ဖြူးရတာကတော့ လုပ်ငန်းရှင်တွေကလည်း ရေရှည်လုပ်ကိုင်နိုင်အောင်နဲ့ စားသုံးသူတွေ အတွက်လည်း ဈေးတည်ငြိမ်စေဖို့ ရည်ရွယ်ခြင်းဖြစ်တယ်လို့ သိရပါတယ်။ စားသုံးသူထံအရောက် ဖြန့်ဖြူးရေးအသင်းက ကြီးကြပ်မယ်                        အရောင်းကိုယ်စားလှယ်များမှတစ်ဆင့် လက်လီဆိုင်များ ဖြန့်ဖြူးရာမှာလည်း ဝင်ငွေနည်းတဲ့ပြည်သူများ အများစုနေထိုင်တဲ့ ဆင်ခြေဖုံးရပ်ကွက်၊ ဈေးစတဲ့နေရာများနဲ့ နိုင်ငံ့ဝန်ထမ်း အများစုနေ ထိုင်ရာ ရပ်ကွက်တွေမှာ လက်လီဆိုင်များ တိုးခဲျ့ဖွင့်လှစ်ဖို့လည်း စီစဉ်နေတယ်လို့ သိရပါတယ်။ သက်ဆိုင်ရာဌာနနဲ့ အသင်းပိုင်းက ဒီလို စည်းကမ်းတကျစီစဉ်နေပြီဖြစ်လို့ စားသုံးသူလက်ထဲ တိုက်ရိုက် ရောင်းချနေတဲ့ လက်လီအရောင်းဆိုင်များကလည်း ဈေးနှုန်းမှန်ကန် တည်ငြိမ်ရေး စနစ်တကျဖြန့်ဖြူးသွားဖို့လိုမှာဖြစ်ပါတယ်။ လက်လီအရောင်းဆိုင်တွေကို ဖြန့်ဖြူးပေးတဲ့ အရောင်းကိုယ်စားလှယ်တွေကလည်း သတ်မှတ်ထားတဲ့ဈေးနှုန်းနဲ့ လက်လီဆိုင် တွေအရောက် မှန်မှန်ကန်ကန်ဖြန့်ချိဖို့လိုသလို တင်သွင်းကုမ္ပဏီများ ကလည်း မိမိအကျိုးအမြတ်တစ်ခုကိုသာ မကြည့်ဘဲ စားသုံးသူ လက်ဝယ်အရောက် အမှန်တကယ်ဖြန့်ဖြူးပေးမှသာ စားသုံးသူတွေ ဈေးနှုန်း ဝန်မပိမှာဖြစ်ပါတယ်။ ဒါနဲ့ပတ်သက်လို့ ကုမ္ပဏီများမှ အရောင်းကိုယ်စားလှယ်များကို အမြတ်ငွေပေး၊ အမည်ခံစေပြီး ဆီကို ပြင်ပဈေးကွက်မှာ ရောင်းချမှုမျိုးတွေမရှိအောင်လည်း အသင်းက ကြီးကြပ်သွားမယ်လို့ သိရပါတယ်။ ကိုယ်စားလှယ်ရောင်းဈေးနဲ့ ပြင်ပဈေးကွာဟမှု မများစေလို                     လုပ်ငန်းရှင်များ တင်သွင်းလာတဲ့ စားအုန်းဆီကို အသင်းမှ တစ်ဆင့်ဖြန့်ဖြူးရာမှာ ဈေးနှုန်းသတ်မှတ်မှုအနေနဲ့ ယခင်အစဉ် အလာလည်း မပျက်ဘဲ တင်သွင်းကုမ္ပဏီ၊ ဖြန့်ဖြူးသူ အတွက် ထိုက်သင့်တဲ့ အကျိုးအမြတ်ရရှိဖို့အပြင် စားသုံးသူများ သင့်တင့်မျှတစွာ ဝယ်ယူစားသုံးနိုင်ဖို့လည်း နိုင်ငံတကာ ပေါက်ဈေးပေါ်အခြေခံပြီး တွက်ချက်မယ်လို့ သိရပါတယ်။ ဒါ့အပြင် ခရီးအကွာ အဝေးအရ လက်လီရောင်းချသူများရဲ့ တစ်ပိဿာအပေါ် အမြတ်တင်မှုကိုလည်း ညှိနှိုင်း သတ်မှတ်ထားတယ်လို့ သိရပါတယ်။ တင်သွင်းကုမ္ပဏီက ကျန်တဲ့ပမာဏကို မိမိအစီအစဉ်နဲ့ ဖြန့်ဖြူး ရာမှာ လုပ်ငန်းရှင်များအနေနဲ့ မိမိတို့ကုမ္ပဏီအကျိုး၊ နိုင်ငံတော် အကျိုးအပြင် အခြေခံကုန်ဈေးနှုန်း တည်ငြိမ်ရေးကိုပါ ထည့်သွင်းစဉ်း စားပြီး ကိုယ်စားလှယ်ရောင်းဈေးနဲ့ ကွာခြားမှုမများဘဲ ထိုက်သင့်တဲ့ ဈေးနဲ့ဖြန့်ဖြူးပေးမယ်ဆိုရင် စားသုံးသူတွေ သက်သက်သာသာနဲ့ ဝယ်ယူနိုင်မှာဖြစ်ပါတယ်။ အဲဒီဈေး နှစ်ခုအကြား ကွာဟမှုမများ ဘူးဆိုရင် နေ့ဈေးတစ်မျိုး၊ ညဈေးတစ်မျိုး ဆွဲတင်ဆွဲချ၊ အတက် အကျ ကြမ်းတာမရှိနိုင်တော့ဘဲ ဈေးတည်ငြိမ်မှာဖြစ်လို့ ရေရှည်မှာကုမ္ပဏီအတွက်လည်း အကျိုးရှိမှာ အသေအချာပါ။ စားသုံးသူ တွေလည်း ဝမ်းသာကြမှာ ဖြစ်ကြောင်းပါ။

Sunday, 29 May 2011

အိန္ဒိယရဲ့ ပဲစိုက်ပျိုးထုတ်လုပ်မှုမြင့်တက်မည်ဆိုသော ခန့်မှန်းချက်များနှင့် တွေးဆဖွယ်ရာများ အိန္ဒိယပဲလျော့သွင်းမယ့် သတင်းများထုတ်ပြန်နေ             ယခုတလော မြန်မာနိုင်ငံရဲ့ အဓိကပဲဖောက်သည် အိန္ဒိယနိုင်ငံရဲ့သတင်းတွေမှာ ပဲအထွက်မြင့်တက်လို့ ဒီနှစ်ပြည်ပက ပဲလျှော့သွင်းရမယ်ဆိုတဲ့ သတင်းတွေ ဆက်တိုက်ဆိုသလို တွေ့နေရပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်က သတင်းတစ်ခုမှာ ၂ဝ၁ဝ-၁၁ (ဇူလိုင်- ဇွန်) သီးနံှရာသီအတွင်း မနှစ်က တင်သွင်းခဲ့တဲ့ ပဲမျိုးစုံတန်ချိန် ၃ ဒသမ ၅ သန်းထက် ၁၄ ဒသမ ၂၈ ရာခိုင်နှုန်းလျော့ကျပြီး တန်ချိန် ၃ သန်းလောက်သာ သွင်းရမယ်လို့ ကုန်သည်တွေက ခန့်မှန်းထားပါတယ်။ မေလ ၅ ရက်နေ့ သတင်းတစ်ခုမှာလည်း ၂ဝ၁ဝ-၁၁ အတွင်း ပဲမျိုးစုံတန်ချိန် ၂ ဒသမ ၇၅ သန်း တင်သွင်းခဲ့ရတယ်လို့ အစောပိုင်းခန့်မှန်းခဲ့ပြီး ဧပြီလ ၁ ရက်မှာ စတင်တဲ့ လက်ရှိ ၂ဝ၁၁-၁၂ ဘဏ္ဍာနှစ်အတွင်း စုစုပေါင်း ပဲမျိုးစုံတင်သွင်းမှုဟာ တန်ချိန် ၁ ဒသမ ၅ သန်းမှ ၁ ဒသမ ၇၅ သန်းဝန်းကျင်သာ တင်သွင်းရလိမ့်မယ်လို့ စိုက်ပျိုးရေးဝန်ကြီးဌာနက ခန့်မှန်းထားပြန်ပါတယ်။ ပဲအထွက်မြင့်တက်အောင် အထူးစီမံကိန်းများနဲ့ ဆောင်ရွက်               လူဦးရေထူထပ်များပြားပြီး ပဲကို အဓိကထားစားသုံးတဲ့ အိန္ဒိယနိုင်ငံဟာ ပြည်တွင်းမှာ စားနပ်ရိက္ခာရောင်းချမှု ဖူလုံအောင်နဲ့ ပြည်တွင်းမှာ ထုတ်လုပ်မှု မြင့်တက်ဖို့ နည်းလမ်းအမျိုးမျိုးနဲ့ ကြိုးစားနေသလို အစိုးရအနေနဲ့လည်း နိုင်ငံရေး တည်ငြိမ်မှုရရှိဖို့ အရေးပါတဲ့ ကုန်စည်ဈေးနှုန်း မတက်အောင် ငွေကြေးဖောင်းပွမှုမရှိအောင် ဘက်ပေါင်းစုံက ဆောင်ရွက်နေ တာတွေ့ရပါတယ်။ ပဲအထွက်မြင့်တက်အောင် ဆောင်ရွက်မှုတွေအနေနဲ့ အထူးစီမံကိန်း တစ်ရပ်ဖြစ်တဲ့ ပဲမျိုးစုံအရှိန်အဟုန် မြင့် ထုတ်လုပ်မှုအစီအစဉ် (A3P) လို စီမံကိန်းတွေနဲ့ ဆောင်ရွက်နေသလို ပဲမျိုးစေ့သစ်များ ထုတ်လုပ်ပြီး၊ စောစီးစွာ ရင့်မှည့်ထွက်ရှိတဲ့ အထွက်နှုန်းကောင်းတဲ့ မျိုးစေ့တွေ စိုက်ပျိုးဖို့ သုတေသနနဲ့ နည်းပညာကောင်းတွေနဲ့ လေ့ကျင့် သင်ကြားပေးတာတွေကိုလည်း ဆောင်ရွက်ပေးလျက်ရှိပါတယ်။ ထောက်ပံ့မှုအစီအစဉ်တွေကြောင့် ပဲပိုစိုက်လို့ အထွက်တိုး                ဒါတင်မကသေးပါဘူး။တောင်သူတွေ ပဲပိုစိုက်ချင်လာအောင် စိုက်ဧရိယာတွေတိုးခဲျ့ လာအောင်လည်း အဓိကကျတဲ့ ပဲတွေအတွက် အနိမ့်ဆုံးထောက်ပံ့ဈေးနှုန်း (MSP) တွေကိုလည်း တစ်နှစ်ထက်တစ်နှစ် တိုးမြင့်ပြီး တွန်းအားပေးနေတာတွေလည်း သိရပါတယ်။ အဲဒီလို ထောက်ပံ့စီစဉ်ပေးမှုတွေကြောင့်လည်း အိန္ဒိယစိုက်ပျိုးရေး ဝန်ကြီးဌာန က ထုတ်ပြန်တဲ့ စာရင်းတွေအရ ၂ဝ၁ဝ-၁၁ အတွင်း ပဲမျိုးစုံစိုက်ဟက်တာ ၂၃ ဒသမ ဝ၅ သန်း စိုက်ခဲ့လို မနှစ်ကထက် ၁၂ ရာခိုင်နှုန်း ပိုမိုလာခဲ့တာဖြစ်ပါတယ်။ ဒီလိုစိုက်ဧကတွေ ပိုတိုးစိုက်လာသလို ပဲစိုက်ချိန် ရာသီဥတုကလည်း အိန္ဒိယတောင်သူတွေကို မျက်နှာ သာပေးခဲ့လို့ ၂ဝဝ၉-၁ဝ မှာထွက်ရှိတဲ့ တန်ချိန် ၁၄ ဒသမ ၆၆ သန်းထက် ဒီနှစ်မှာ ၁၈ ရာခိုင်နှုန်း မြင့်တက်ပြီး တန်ချိန် ၁၇ ဒသမ ၂၉ သန်းအထိ ရှိလာမယ်လို့လည်း ခန့်မှန်းထားပါတယ်။ ဈေးမတက်အောင်လည်း စီမံ                    ဒီလိုအထွက်ပိုလာအောင် ဆောင်ရွက်နေတာတင်မက လျင်မြန်စွာတိုးတက်နေတဲ့ လူဦးရေကို အမီလိုက်ထုတ်လုပ်နိုင်ခြင်း မရှိသေးလို့ ကုန်ဈေးနှုန်းတွေ ကြီးမြင့်မှုမရှိရအောင်လည်း အစီအမံ ပေါင်းများစွာ ချမှတ်တာလည်း တွေ့ရပါတယ်။ ပြည်တွင်းမှာ ရောင်းချမှု မပြတ်လပ်ရအောင် ကာဘူလီကုလားပဲကလွဲပြီး အခြားပဲ မျိုးစုံကို ပြည်ပတင်ပို့မှု ပိတ်ပင်တာကိုလည်း တစ်နှစ်ပြီး တစ်နှစ် သက်တမ်းတိုးနေသလို ပြည်ပက တင်သွင်းပဲတွေကို ဈေးကွက် ပေါက်ဈေးထက် တစ်ကီလို ရူပီး ၁ဝ (ကန်ဒေါ်လာ ဝ ဒသမ ၂၂) လျှော့ပြီး အများပြည်သူဖြန့်ဝေရေးအစီအစဉ် (PDS ) နဲ့လည်း ပြည်သူတွေကို ထောက်ပံ့ပေးနေပြီး အဲဒီလို ဖြန့်ဝေပေးဖို့ တင်သွင်း လာတဲ့ နိုင်ငံပိုင် အဖွဲ့အစည်းတွေကိုလည်း ဆုံးရှုံးနစ်နာမှုအတွက် ပြန်လျော်ပေးတဲ့အနေနဲ့ ၁၅ ရာခိုင်နှုန်းထောက်ပံ့ ပေးမှုတွေလည်း လုပ်ပေးပါတယ်။ ပြည်ပနိုင်ငံတွေမှာလည်း လယ်ယာစိုက်ပျိုးဖို့ ရင်းနှီးမြှပ်နှံ                       ကျားကြီးခြေရာကြီးဆိုသလို ခြေလှမ်းကျယ်တဲ့ အိန္ဒိယနိုင်ငံဟာ ပြည်တွင်းလိုအပ်ချက်ပြည့်မီဖို့ တခြားနိုင်ငံတွေကို အားထားနေရမှု လျှော့ချဖို့အတွက် အီသီယိုးပီးယားလို အာဖရိကနိုင်ငံတွေမှာ ပဲမျိုးစုံ ထုတ်လုပ်ဖို့ အိန္ဒိယတောင်သူတွေနဲ့ ရင်းနှီးမြှပ်နံှမှုတွေ တိုးခဲျ့လုပ်နေပါတယ်။ ဒါ့အပြင် နိုင်ငံပိုင် အဖွဲ့အစည်း ဦးဆောင်တဲ့ ကုမ္ပဏီအစု အဖွဲ့ကလည်း လက်တင်အမေရိကားမှာ ကန်ထရိုက်လယ်ယာစနစ်နဲ့ ပဲမျိုးစုံစိုက်ပျိုးဖို့ ဆောင်ရွက်နေပြီဖြစ်ပါတယ်။ ကနေဒါနဲ့ မာလာဝီတို့ကလည်း  အိန္ဒိိယဈေးကွက်ကို မျက်စိကျ                  အဲဒီလို အိန္ဒိယက အခြားပြည်ပနိုင်ငံတွေမှာ ပဲထုတ်လုပ်ဖို့ စီမံဆောင်ရွက်နေသလို ပဲဝါလေးအဓိကထုတ်တဲ့ ကနေဒါနဲ့ ပဲစင်းငုံ ထုတ်လုပ်တဲ့ မာလာဝီနိုင်ငံတွေကလည်း ဈေးကွက်ကြီးမားတဲ့ အိန္ဒိယ ကို မျက်စိကျပြီး ဈေးကွက်ပိုရရှိရေး ကြိုးပမ်းနေကြတာလည်း တွေ့ရပါတယ်။ ပဲစင်းငုံကို ဈေးသက်သက်သာသာနဲ့ ရောင်းချနေတဲ့ မာလာ ဝီအစိုးရက အိန္ဒိယရဲ့ လိုအပ်ချက်ကို ပိုမိုဖြည့်ဆည်းနိုင်ရေး ပဲတောင်သူတွေ ပဲပိုစိုက်ဖို့ တွန်းအားပေးနေလို့ လက်ရှိမှာ ပဲမျိုးစုံတန် ချိန် ၅ဝဝဝဝ ခန့် တင်ပို့နေရာက ပမာဏများများတင်ပို့မယ့် အလား အလာတွေရှိနေပါတယ်။ ကနေဒါက အိန္ဒိယရဲ့ ပဲစင်းငုံဈေးကွက်ကို သိမ်းပိုက်ဖို့ အစားထိုးပဲများနဲ့ စမ်းသပ်                   ကမ္ဘာ့ပဲတင်ပို့မှုမှာ ထိပ်ဆုံးကပြေးနေတဲ့ ကနေဒါနိုင်ငံကလည်း ရရှိပြီးသာ ဈေးကွက်ဝေစုနဲ့ အားမရလို့ ၂ဝ၁၁ ခုနှစ်မတ်လမှာ ဒုတိယဝန်ကြီးအဆင့် ဦးဆောင်ပြီး ကုန်သွယ်ရေး ကိုယ်စားလှယ်အဖွဲ့ ဟာ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်နဲ့ သီရိလင်္ကာနိုင်ငံတွေကို ခြေဆန့်ခဲ့ပြန်ပါတယ်။ ကနေဒါနိုင်ငံရဲ့ ပဲဝါလေးတင်ပို့မှု စတုတ္ထအများဆုံးဖြစ်တဲ့ အိန္ဒိယနိုင်ငံမှာ ရိုးရာအစားအစာတွေကို ပဲရာဇာ (အစိမ်း)နဲ့ အစားထိုး အသုံးပြုဖို့ စမ်းသပ်ခဲ့ရာမှ စတင်လက်ခံလာပြီလို့ သိရပါတယ်။ အိန္ဒိယပြည်သူတွေဟာ ပဲစင်းငုံကို အဓိကစားသုံးပြီး အခုလို ပဲရာဇာ (အစိမ်း)ကို လက်ခံစားသုံးမှု လေ့လာချက်အရ အိန္ဒိယတင်သွင်းနေတဲ့ ပဲစင်းငုံဈေးကွက် ၂ဝ ရာခိုင်နှုန်း၊ တစ်နည်းဆိုရင် တန်ချိန် ၂ သိန်း လောက်ရရှိတဲ့ ဈေးကွက်ကို ကနေဒါ ရယူသွားမယ့် အလားအလာကို တွေ့ရပါတယ်။ ဈေးသက်သာတဲ့ ပဲဝါလေးကို အိန္ဒိယကုန်သည်နဲ့ စားသုံးသူတွေ ပိုစိတ်ဝင်စားလာ                      ဒါ့အပြင် အိန္ဒိယနိုင်ငံမှာ ပဲမျိုးစုံဈေးနှုန်း ခေါင်ခိုက်ခဲ့တဲ့ ၂ဝဝ၉ ခုနှစ်မှာ ဈေးသက်သက်သာသာနဲ့ရတဲ့ ကနေဒါ၊ ယူကရိန်းနဲ့ အမေရိကန်တို့က ပဲဝါလေးကို ဈေးကွက်ဖြန့်ဖို့ ကုန်သည်တွေ ပိုကြိုက်လာ ကြသလို စားသုံးသူတွေကလည်း ဈေးကြီးမြင့်တဲ့ ပဲစင်းငုံအစားထိုး ပဲဝါလေးသုံးစွဲမှုလည်း ကြီးထွားလာခဲ့တယ်လို့ ဆိုပါတယ်။ လတ်တလောအိန္ဒိယမှာ ပဲမျိုးစုံဈေးနှုန်းတွေထက်ဝက်နီးပါးကျဆင်း လာနေပေမဲ့ ပဲဝါလေးခွဲခြမ်းဈေးက နိုင်ငံတစ်ဝန်းလုံးမှာ တစ်ကီလို ရူပီး ၁၅-၁၈ (ကန်ဒေါ်လာ ဝ ဒသမ ၃၄-ဝ ဒသမ ၄၁ )နဲ့ ဈေးအချိုဆုံးဖြစ်လို့ နေပါတယ်။ ဒါကြောင့်လည်း နိုင်ငံပိုင် အေဂျင်စီ တွေက အမြတ်အစွန်းပိုရတဲ့ ပဲဝါလေးလို ပိုသွင်းမယ်လို့ ဆိုပါတယ်။ ဒီနှစ်တင်သွင်းမယ့် ပဲပမာဏရဲ့ ထက်ဝက်နီးပါးဟာ ပဲဝါလေးပဲ ဖြစ်မယ်လို့လည်း လေ့လာဆန်းစစ်သူတွေက သုံးသပ်ထားတာ တွေ့ရပါတယ်။ လျှော့သွင်းမယ့်ပဲ ဘာပဲလဲ                    အိန္ဒိယ နိုင်ငံဖက်က ရရှိတဲ့ သတင်းတွေအရ ဒီနှစ်မှာ ပဲမျိုးစုံ တင်သွင်းမှု ပုံမှန်ထက် တစ်သန်းလောက် လျော့ကျမယ်ဆိုတော့ လျှော့သွင်းမယ့်ပဲတွေက ဘာပဲတွေလဲဆိုတာ ပဲတင်ပို့နိုင်ငံတွေအနေ နဲ့ လေ့လာထားသင့်ပြီ ဖြစ်ပါတယ်။ ၂ဝ၁ဝ-၁၁ ရဲ့ မိုးနဲ့ဆောင်း ပဲအထွက်ခန့်မှန်းထားတာတွေကတော့ မတ်ပဲက မနှစ်ကထက် ၄၈ ရာခိုင်နှုန်းမြင့်တက်ပြီး တန်ချိန် ၁ ဒသမ ၈၂ သန်း၊ ပဲစင်းငုံက ၂၉ ရာခိုင်နှုန်းမြင့်တက်ပြီး တန်ချိန် ၃ ဒသမ ၁၅ သန်းနဲ့ ပဲတီစိမ်းက ၂၂ ဒသမ ၃၂ ရာခိုင်နှုန်းမြင့်တက်ပြီး တန်ချိန် ၁ ဒသမ ၃၇ ရာခိုင် နှုန်း ထွက်မယ်လို့ ဆိုပါတယ်။ အိန္ဒိယပဲစင်းငုံဈေးကွက်ပေါက်ဈေးက အစိုးရပေးတဲ့ ဈေးအောက်ရောက်လို့ရေ                   ကဲ ဒါဆိုရင် ဆေးဝါးအဖြစ်ရော အဓိကမရှိမဖြစ်အနေနဲ့ပါ စားသုံးတဲ့ ပဲစင်းငုံဟာ အိန္ဒိယဈေးကွက်မှာ မှေးမိန်လာမလားဆိုတာ စဉ်းစားစရာပါ။ သေချာတာတစ်ခုက အိန္ဒိယနိုင်ငံအနေနဲ့ မနှစ်က ပဲလက်ကျန်အချို့နဲ့ အတူ ဒီနှစ်ပဲစင်းငုံက အထွက်ပိုခဲ့လို့ မြန်မာနိုင်ငံ က နှစ်စဉ်တင်သွင်းနေတဲ့ ပမာဏထက် လျော့တာကတော့ အထင် အရှားပါပဲ။ အိန္ဒိယဈေးကွက်ထဲကို ကြည့်မယ်ဆိုရင်လည်း ဇန်နဝါရီ လကုန်ပိုင်းကနေ ပဲစင်းငုံရိတ်သိမ်းမှု စတင်ခဲ့တာ အခုချိန်ထိ အချို့ ပြည်နယ်တွေမှာ ရိတ်သိမ်းနေဆဲ ဖြစ်ပါတယ်။ ဈေးကွက်တွေကို ပဲအသစ်ဝင်ရောက်မှု မရပ်သေးလို့ ဈေးကွက်ပေါက်ဈေးက အစိုးရ ပေးတဲ့ အနိမ့်ဆုံးထောက်ပံ့ဈေး (MSP ) ရူပီး ၃ဝဝဝဝ (ကန်ဒေါ်လာ ၆၇၃) အောက်ကျနေတာ တွေ့ရပါတယ်။ ဒါကြောင့်လည်း နိုင်ငံပိုင်အေဂျင်စီတွေနဲ့ ဈေးမြင့်ပေးဝယ်ထားတဲ့ ပုဂ္ဂလိက ကုမ္ပဏီ တွေအနေနဲ့ လက်ရှိဈေးထက် မြင့်စေလိုနေကြပါတယ်။ ဒါပေမဲ့လည်း လတ်တလောမှာ အိန္ဒိယ ပဲမျိုးစုံဈေးက ကုလားပဲကလွဲပြီး ကျန်ပဲတွေ အကျဘက်ဆင်းနေတာတွေ့ရပါတယ်။ သတင်းကို လေ့လာသုံးသပ်ဖို့လို                        ဒီလိုအခြေအနေမျိုးမှာ မြန်မာနိုင်ငံက ပဲတင်ပို့သူတွေအနေနဲ့ အိန္ဒိယက ပဲလျှော့သွင်းမယ်ဆိုတဲ့သတင်းအပေါ် နည်းလမ်းပေါင်းစုံနဲ့ လေ့လာသုံးသပ်သင့်ပါပြီ။ လတ်တလော တကယ်တမ်းထွက်ရှိလာတဲ့ သတင်း နှစ်ပုဒ်မှာ ပထမသတင်းအနေနဲ့ ၂ဝ၁ဝ-၁၁ (နှစ်စဉ် ဇူလိုင်လမှ နောက်နှစ် ဇွန်လအထိ) သီးနံှရာသီမှာ တန်ချိန် ၃ သန်း လောက်သွင်းခဲ့တယ်လို့ ဆိုထားပြီး ဒုတိယသတင်းအနေနဲ့ ၂ဝ၁ဝ- ၁၁ အတွင်း တန်ချိန် ၂ ဒသမ ၇၅ သန်းဝန်းကျင်သွင်းခဲ့တယ်လို့ ဆိုထားပြန်ပါတယ်။ အဲဒီသတင်းတွေအရ ၂ဝ၁ဝ-၁၁ ခုနှစ်မှာ ပဲ တင်သွင်းမယ့် ပမာဏကိုလည်း ပြောင်းလဲခန့်မှန်းထားတာတွေ့ရှိရပါတယ်။ မီဒီယာကို ဗျူဟာတစ်ရပ်လို အသုံးချတာမခံရဖို့လည်း သတိရှိစေချင်                အိန္ဒိယနိုင်ငံအနေနဲ့ မီဒီယာကို ဗျူဟာတစ်ရပ်လို အသုံးချပြီး ပဲရောင်းချနိုင်ငံတွေကို ဖိအားပေးနေသလားဆိုတာလည်း ထည့်သွင်း စဉ်းစားရမယ့်အချက်ပါပဲ။ ပြီးခဲ့တဲ့ ဇန်နဝါရီလမှာ အအေးလှိုင်း ရာသီ ဥတုကြောင့် အိန္ဒိယပဲအထွက်လျော့မယ်လို့ သတင်းဖြန့်ပြီး ပဲအသစ်စပေါ်ချိန် အိန္ဒိယမှာရော မြန်မာနိုင်ငံမှာပါ အိန္ဒိယကုမ္ပဏီ အချို့ဈေးကစားခဲ့သေးတယ်လို့ ကုန်သည်ကြီးတစ်ဦးက ဆိုထားပါတယ်။ အဲဒီလို ဈေးမြှောက်ခဲ့တဲ့ အချိန် ဝယ်လှောင်ထားမိတဲ့ ကုန်သည်ကြီးများ ဈေးတွေတရိပ်ရိပ်ကျလာတော့ မလူးသာမလွန့်သာနဲ့ ပိုက်မိ နေတာ အိန္ဒိယမှာရော ကျမတို့ပြည်တွင်းမှာပါ ရှိနေတယ်လို့ ဆိုပါတယ်။ ဆိုလိုချင်တာကတော့ ရရှိတဲ့ သတင်းနဲ့ တကယ့်မြေပြင် အခြေအနေတွေကို စဉ်းစားချင့်ချိန်နိုင်မှသာ တန်ကာကျမယ်ဆိုတာပါပဲ။ ပြည်တွင်းပဲ အထွက်ကောင်းဖို့ အသင်းရဲ့ အစီအမံ                      အိန္ဒိယက တကယ်လျှော့သွင်းမယ်ဆိုရင် မြန်မာနိုင်ငံက ထုတ်လုပ်ထားတဲ့ ပဲတွေကို ဘယ်လိုအစီအမံတွေ လုပ်မလဲဆိုတာနဲ့ ပတ်သက်လို့ မြန်မာနိုင်ငံ ပဲမျိုးစုံ၊ ပြောင်းနှမ်းကုန်သည်များအသင်း၊ အတွင်းရေးမှူး ဦးမင်းကိုဦးက ခုလိုပြောပြပါတယ်။ '' ပဲလျှော့သွင်းမယ့်သတင်း ဖြစ်နိုင်ချေရှိမရှိ လေ့လာမယ်၊ လျှော့သွင်းမယ့် ပဲက ဘာပဲတွေလည်းဆိုတာ စုံစမ်းမယ်၊ ကိုယ့်ဘက်က ပဲတွေကို မြန်မြန်ဆန်ဆန်တင်ပို့နိုင်မယ့်နည်းလမ်းတွေကို အမြန်ဆုံးစီမံပါမယ်။ လက်ရှိ အခြေအနေအရ ဈေးကျဆင်းမှုရှိပေမဲ့ မတ်ပဲက ပုံမှန်အရောင်း အဝယ်ဖြစ်နေပါတယ်။ ပဲတီစိမ်းအနေနဲ့ မိုးမိပဲတစ်ချို့ အရည်အသွေး နိမ့်တဲ့အတွက် ဈေးလျော့သလို လတ်တလော တရုတ်က အဝယ် နည်းတယ်ဆိုပေမဲ့ အထိုက်အလျောက် ရောင်းဝယ်မှုရှိပါတယ်။ ပဲစင်းငုံလည်း ဟိုဘက်မှာဈေးကျလို့ ဒီမှာ ဈေးလျော့လာတယ်ဆိုပေ မဲ့ အရောင်းအဝယ်အသင့်အတင့်ဖြစ်နေပါတယ်။ မေလ၊ ဇွန်လမှာ တင်ပို့မှုများနိုင်ပါတယ်။ ကျွန်တော်တို့ သတိထားရမှာက အာဖရိက ပဲစင်းငုံတွေ ဇွန်၊ ဇူလိုင်လမှာ ဈေးချပြီးဝင်လာတတ်တဲ့အတွက် အဲဒီကာလအတွက် ကြိုတင်ပြင်ဆင်စရာရှိတာ စီမံသွားမယ်လို့''ဆိုပါတယ်။ ရောင်းသင့်တဲ့ အချိန် မရောင်းမိလို့ ပိုက်မိနေတာလည်း ပြဿနာ                    အိန္ဒိယပဲလျှော့သွင်းမယ့် သတင်းတွေ၊ လက်ရှိပြည်တွင်းမှာ ဖြစ်နေတဲ့ အခြေအနေတွေအရ ဝါရင့်ကုန်သည်ကြီး တစ်ဦးကလည်း ''အိန္ဒိယ ဝယ်လက်တွေ ဒီနှစ်ပဲစင်းငုံဝယ်တဲ့ ပမာဏလျော့တယ်။ အဝယ်ရှိတဲ့ ပဲတွေကျတော့လည်း ဒီဘက်က ကုန်သည်တွေဈေးမကိုက်တော့ အရောင်းအဝယ်အထိုက်အလျောက်ဖြစ်ပေမဲ့ အရင်နှစ်တွေလို မှန်မှန်သွက်မနေဘူးပေါ့ဗျာ။ ပဲစပေါ်ချိန် ဈေးအမြင့်နဲ့ ဝယ်ယူထားတဲ့ ကုန်သည်ကြီးတွေ လက်ရှိဈေးနဲ့ မကိုက် တော့ ပိုက်မိနေကြတယ်။ ဒီတော့ ငွေလည်ပတ်မှုမရှိဘဲ ငွေကြပ်တဲ့ ပြဿနာဖြစ်ရတာပေါ့။ အမှန်တော့ ရောင်းသင့်တဲ့ အချိန်မှာ မရောင်းမိကြလို့ ဒီလိုဖြစ်ရတာပါလို့'' ထောက်ပြပါတယ်။              အိန္ဒိယဖက်က အဖြစ်မှန် သတင်းတွေကို ရရှိအောင် ဆောင် ရွက်ပြီး ပဲတင်ပို့မှုကို ဘယ်လိုစနစ်နဲ့စီမံဆောင်ရွက်မလဲဆိုတာ စဉ်းစား သင့်ပါပြီ။ ပဲ Supply Chain  မှ ပါဝင်သူတွေ၊ အသင်းအဖွဲ့တွေ အနေနဲ့ နောင်နှစ်တွေမှာဈေးကွက်ကျယ်ကျယ်ပြန့်ပြန့်ရှိတဲ့ ပဲနဲ့ အခြား သီးနံှတွေကို ဦးစားပေးစိုက်ပျိုးဖို့၊ အိန္ဒိယဈေးကွက်အစား အခြား ဈေးကွက်တွေကို တိုးခဲျ့ဖို့ ပဲကုန်ကြမ်း ဈေးကွက်အားနည်းရင် တန်ဖိုး မြင့်ထုတ်ကုန်တွေထုတ်ပြီး ဈေးကွက်ရှာဖို့ ဒါမှမဟုတ် ကနေဒါ နည်းလမ်းကို နမူနာယူပြီး အိန္ဒိယအပြင် တစ်ခြားပဲစားသုံးတဲ့ နိုင်ငံတွေမှာ ပဲစင်းငုံပိုစားဖို့ လေ့ကျင့်ဈေးကွက်ရှာဖို့ ကြိုးစားကြမလား၊ အဲဒီလိုမှ မဟုတ်သေးဘူး ဆိုရင် အိန္ဒိယစားသုံးသူတွေလည်း ဝယ်ယူစားသုံးနိုင်ပြီး တိုးမြှင့်ထုတ်လုပ်ဖို့ မစဉ်းစားတဲ့ဈေးနှုန်းမျိုးနဲ့ ရောင်းနိုင်အောင် မိမိတို့နိုင်ငံမှာ ထုတ်လုပ်မှုကုန်ကျစရိတ် နည်းနည်း နဲ့ စိုက်ပျိုး ထုတ်လုပ်တင်ပို့နိုင်ဖို့ ဆောင်ရွက်ကြမလား စဉ်းစားစရာပါပဲ။ ကမ္ဘာ့ နိုင်ငံတိုင်းက မိမိတို့ ပြည်တွင်းစားနပ်ရိက္ခာ ဖူလုံအောင်၊ တိုးမြှင့် ထုတ်လုပ်တင်ပို့နိုင်အောင် ဆောင်ရွက်နေကြတာဖြစ်လို့ မိမိ တို့ နိုင်ငံအနေနဲ့ ကမ္ဘာ့ပဲဈေးကွက်မှာ ဒုတိယအများဆုံး တင်ပို့မှု နေရာက ထပ်မကျဆင်းရအောင် စိုက်ပျိုးထုတ်လုပ်သူ၊ ကုန်သည်၊ ပြည်ပ တင်ပို့သူတွေ၊ အသင်းအဖွဲ့နဲ့ သက်ဆိုင်ရာဌာနများ ပူးပေါင်း ဆွေးနွေးပြီး ပိုမိုကောင်းမွန်တဲ့ မဟာဗျူဟာ၊ နည်းဗျူဟာတွေ ချမှတ်ဖို့ လိုပါကြောင်း နှိုးဆော်လိုက်ပါတယ်။ ယမင်းရွှေစင်

Monday, 23 May 2011

 ထိုင်း ဗီယက်နမ်နဲ့ မြန်မာ့ဆန် ဘာကြောင့် ဈေးကွဲသလဲ ပြဿာနာသိလျှင် အဖြေရှိပါသည်                   ကမ္ဘာမှာ ဆန်အများဆုံး စားသုံးတာ အာရှဒေသဖြစ်သလို အဓိကထုတ်လုပ်တင်ပို့နေတာကလည်း အာရှနိုင်ငံတွေပဲဖြစ်ပါတယ်။ အထူးသဖြင့် ဧရာဝတီ၊ ကျောက်ဖရား၊ မဲခေါင်မြစ်များစီးဆင်းရာ (ACMEC)ဒေသက ကမ္ဘာ့ဆန်တင်ပို့မှုရဲ့ ၅၁ ရာခိုင်နှုန်းကျော်ကို တင်ပို့နေပါတယ်။ အဲဒီဒေသမှာ တစ်နှစ်ကို ဆန်တန်ချိန် ၁ဝ သန်း ခန့်တင်ပို့ပြီး၊ ကမ္ဘာ့ဆန်တင်ပို့မှုမှာ ထိပ်ဆုံးနံပါတ်တစ်နေရာယူထားတဲ့ ထိုင်းနိုင်ငံ၊ တစ်နှစ်ကို တန်ချိန် ၆ သန်းခန့်တင်ပို့ပြီး ဒုတိယနေရာ ယူထားတဲ့ ဗီယက်နမ်နိုင်ငံတို့အပြင် ဆန်တင်ပို့နိုင်ငံ စာရင်းဝင် မြန်မာနိုင်ငံနဲ့ ကမ္ဘောဒီးယားနိုင်ငံတို့လည်း ပါဝင်နေပါတယ်။ (ACMEC ) ဆိုတဲ့ ဒေသတစ်ခုတည်းက ဆန်ထုတ်လုပ်တင်ပို့နေ တဲ့နိုင်ငံတွေဖြစ်ပေမယ့်လည်း ပြည်ပဆန်ရောင်းဈေး FOB ဈေးနှုန်း တွေကတော့ တစ်ပြေးညီမရရှိဘဲ နည်းနည်းစီကွာခြားနေတာတွေ့ရပါတယ်။ အထူးသဖြင့် မြန်မာနိုင်ငံရဲ့ ဆန်ပြည်ပရောင်းဈေးနှုန်းတွေက ထိုင်း၊ ဗီယက်နမ်ဆန်ဈေးတွေထက် အမြဲတမ်းလျော့နည်း နေရတာ ကို တွေ့ရပါတယ်။ ဒီနိုင်ငံတွေက တင်ပို့နေတဲ့ ဆန်အရည် အသွေးစုံ ထဲက မြန်မာနိုင်ငံက အများဆုံးကုန်သွယ်မှုပြုနေတဲ့ ၂၅ မှတ်ဆန် ပျမ်းမျှ ဈေးနှုန်းကို နှိုင်းယှဉ်ကြည့်တဲ့အခါမှာ ၂ဝ၁ဝ-၂ဝ၁၁ မှာ မြန်မာ့ဆန်ဈေးက ထိုင်းဆန်ဈေးထက် ဒေါ်လာ ၇ဝ ကျော်လျော့ နည်းပြီး၊ ဗီယက်နမ်ဆန်ဈေးထက် ဒေါ်လာ ၄ဝ ကျော်လျော့နည်း ရရှိခဲ့ပါတယ်။ လက်ရှိ ၂ဝ၁၁-၂ဝ၁၂ မှာလည်း ထိုင်းဆန်ဈေးထက် ဒေါ်လာ ၅ဝ ကျော်လျော့ပြီး၊ ဗီယက်နမ်ဆန်ဈေးထက် ဒေါ်လာ ၄ဝ ကျော် လျော့နည်းဆဲဖြစ်တာတွေ့ရပါတယ်။                        ဒီလိုအရည်အသွေးသတ်မှတ်ချက်ခြင်းတူတဲ့ ဆန်ရောင်းဈေးနှုန်းတွေ ကွာခြားရခြင်းကို မြန်မာ့လယ်ယာထွက်ကုန်ပစ္စည်းရောင်းဝယ်ရေးက ပြည်ပဆန်တင်ပို့တဲ့လုပ်ငန်းမှာ အတွေ့အကြုံအများ အကြီးရှိခဲ့တဲ့ အရာရှိကြီးတစ်ဦးနဲ့ဆွေးနွေးတဲ့အခါမှာတော့ မြင်သာတဲ့ အကြောင်းအချက်တွေကို တွေ့ရှိရပါတယ်။                          ၂၅ မှတ်ဆန် ပြည်ပရောင်းဈေးကွာခြားမှု ခုနှစ်           ထိုင်းဆန်        ဗီယက်နမ်        မြန်မာ         ထိုင်းဆန်                 ဗီယက်နမ်                                           ဆန်             ဆန်                ထက်                  ဆန်ထက်                                                                               လျော့နည်းမှု            လျော့နည်းမှု၂ဝ၁ဝ-၁၁     ၄၃၉            ၄၁၁            ၃၆၅                     (-)၇၄                  (-)၄၆၂ဝ၁၁-၁၂    ၄၅၅            ၄၄၅             ၄ဝဝ                      (-)၅၅                 (-)၄၅ဆန်အရည်အသွေးနဲ့ ဆန်အရွယ်အစားညီမျှမှုမရှိခြင်း                  ထိုင်းနဲ့ဗီယက်နမ်နိုင်ငံတို့မှာ ပြည်ပကို အများဆုံးတင်ပို့တဲ့ ဆန်အမျိုးအစားဟာ လုံးသွယ်ဆန် အမျိုးအစားဖြစ်ပါတယ်။ အဲဒီနိုင်ငံ တွေမှာ တောင်သူအများစုဟာ စိုက်ပျိုးစဉ်ကတည်းက မျိုးစပါးကို ကြုံသလို မစိုက်ဘဲ မျိုးစေ့ထုတ်လုပ်တဲ့ လုပ်ငန်းအဖွဲ့အစည်းက မျိုးစေ့တွေ ဝယ်ယူပြီး၊ ဧရိယာအလိုက် အမျိုးအစားတူ မျိုးတူစပါး ကို သီးသီးသန့်သန့်စိုက်ပျိုးထုတ်လုပ်တာဖြစ်လို့ စပါးမှာ မျိုးကွဲများများ မပါဝင်သလို ဆန်အရွယ်အစားကလည်း ညီညာမှုရှိကြောင်းသိရပါတယ်။ ဒါ့အပြင် ဆန်အရွယ်အစား ညီညာမှုရှိတာကြောင့် ဆန် အရောင်သွေး (Appearance)လည်း ပိုမိုကောင်းမွန်တာဖြစ်ပါတယ်။ မြန်မာဆန်ဟာလည်း လုံးသွယ်ဧည့်မထအမျိုးအစားဖြစ်ပေမဲ့ စပါးမျိုးကို မိရိုးဖလာအတိုင်း မိမိလယ်က စပါးကိုပဲ မျိုးအဖြစ်ပြန်စိုက်၊ မျိုးကွဲတွေ မဖယ်ရှားဘဲ စပါးမျိုးကွဲပေါင်းများစွာ စိုက်ပျိုးတာဖြစ်လို့ ကြိတ်ခွဲထွက်ရှိလာတဲ့ဆန်မှာလည်း အရွယ်အစား မညီမညာ၊ အရောင်အသွေးကောင်းမွန်မှု မရှိဖြစ်ရပါတယ်။ အဲဒီလို အမြင်လှပမှုမရှိတဲ့အချက် ဟာလည်း ဆန်ဈေးနှုန်းလျော့နည်းရတဲ့ အကြောင်း အရင်း တစ်ချက်ပဲဖြစ်ပါတယ်။ စက်ကြိတ်အရည်အသွေးကောင်းမွန်မှု                  ထိုင်းနိုင်ငံမှာ ဆန်နဲ့ဆန်ကွဲကို သီးခြားစီခွဲထုတ်သိုလှောင်ပြီးမှသာ မိမိလိုချင်တဲ့ ဆန်အမျိုးအစား၊ အရည်အသွေးကိုလိုက်ပြီး အချိုးအစားအလိုက် တွက်ချက်ရောနှောတဲ့စနစ်ကို သုံးတယ်လို့သိရပါတယ်။ အဲဒီလို အချိုးအစားမှန်မှန်ရောထားတဲ့အတွက် တင်ပို့တဲ့ဆန် အားလုံးဟာ စက်ကြိတ်အရည်အသွေးနဲ့ ဆန်ကွဲပါဝင်မှု ညီညာပြီး၊ ၁၅ မှတ်၊ ၂၅ မှတ် စတဲ့ ဆန်အမျိုးအစားအလိုက် အရည်အသွေး မှန်ကန်မှုရှိတာဖြစ်ပါတယ်။ မြန်မာနိုင်ငံအနေနဲ့ အများအားဖြင့် ဆန်စက်အသစ်၊ ဆန်စက်အဟောင်းမျိုးစုံ၊ ဒေသအစုံက ကြိတ်ခွဲထွက်ရှိတဲ့ဆန်များကို စုစည်းသိုလှောင်ပြီး၊ တင်ပို့တာဖြစ်ပါတယ်။ တစ်ခါတစ်ရံ တချို့သောဆန်တင်ပို့သူများဟာ ဘုရင့်နောင် ကုန်စည်ဒိုင်လိုဈေးကွက်အတွင်းက ဝယ်ယူပြီး၊ တင်ပို့မှုတွေပါရှိလို့ ပါဝင် တဲ့ဆန်များမှာ စက်ကြိတ်အရည်အသွေး၊ နိမ့်မြင့်ညီညာမှုမရှိသလို ဆန်ကွဲပါဝင်မှု အချိုးအစားကျနမှုမရှိ ဖြစ်ရပါတယ်။ အဲဒီလို ဆန်အမျိုးအစားအလိုက် အရည်အသွေးမှန်ကန်ညီညာမှု မရှိခြင်းဟာ လည်း ဆန်ဈေးနှုန်းလျော့နည်းရတဲ့ အချက်ပဲဖြစ်ပါတယ်။ သင်္ဘောငှားရမ်းခများ ကွာခြားခြင်း                  မြန်မာ့ဆန်များ သယ်ယူရာမှာ ကုန်ဝယ်သူဟာ သင်္ဘောငှားရမ်းတဲ့အခါ မြန်မာ့ဆိပ်ကမ်းအခြေအနေ၊ ရေစူးကန့်သတ်ချက်တို့နဲ့ ကိုက်ညီမယ့် သင်္ဘောကို ရွေးချယ်ငှားရမ်းရပါတယ်။ အဲဒီလို ကန့်သတ်ချက်နဲ့ ကိုက်ညီမယ့် သင်္ဘောရရှိဖို့ ခက်ခဲတာကြောင့် ငှားရမ်းခ (Freight Rate) ဟာ အခြားနိုင်ငံတွေ ထက်ဈေးနှုန်းကြီးမြင့် တယ်လို့ သိရပါတယ်။ သယ်ယူစရိတ် ကြီးမြင့်မှုတွေကြောင့်လည်း မြန်မာ့ဆန်ဈေးကို လျော့ပြီးဝယ်ယူမှုတွေ ရှိလာတဲ့အတွက် ဈေး လျော့ရတာလည်း တစ်ချက်လို့ဆိုပါတယ်။ ဆန်ရောင်းချတဲ့ ငွေလွှဲစနစ်                      ပြည်ပဆန်ဝယ်လက်များနဲ့ ချိတ်ဆက်ရောင်းဝယ်ရာမှာ ငွေပေးချေမှုကို LC (Letter of Credit) နဲ့(Telegraphic Transfer) စနစ်များနဲ့ ဆောင်ရွက်လျက်ရှိပါတယ်။ LC စနစ်ဆိုတာ ကတော့ ကုန်ပစ္စည်းကို သင်္ဘောတင်ပြီးကြောင်း အထောက်အထားများနဲ့ ပေးပို့မှ ကြားခံဘဏ်မှတစ်ဆင့် ငွေပေးချေခြင်းဖြစ်ပြီး၊  100% Advanced TTစနစ်ကတော့ ပစ္စည်းမတင်မီကတည်းက ၁ဝဝ ရာခိုင်နှုန်း ကြိုတင်ငွေ ပေးချေတဲ့စနစ်ဖြစ်ပါတယ်။ 100% Advanced TT စနစ်ကတော့ ယုံကြည်မှုကို အဓိက ထားဆောင် ရွက်ရတာဖြစ်ပြီး၊ စွန့်စားရမှုအတွက် LC နဲ့ပေးချေတဲ့ ဈေးနှုန်းထက် ၁ဝ ဒေါ်လာခန့် လျော့နည်းရရှိတယ်လို့ သိရပါတယ်။ မြန်မာ ကုန်ရောင်းသူများက TT စနစ်ဖြင့်သာ ကုန်ရောင်းတာဖြစ်လို့ အဲဒီ ငွေပေးချေတဲ့စနစ်ကလည်း ဈေးလျော့ရတဲ့အကြောင်းထဲက တစ်ချက်လို့သိရပါတယ်။ ပုံမှန်ဖောက်သည်မရှိခြင်း                  ဆန်တင်သွင်းတဲ့ နိုင်ငံအများစုဟာ တစ်နှစ် လိုအပ်ချက်ကို ကြိုတင်စီမံချက်ရေးဆွဲလေ့ရှိပါတယ်။ ဒီလိုရေးဆွဲရာမှာ သူတို့ အတွက် ပုံမှန်ရောင်းချပေးနိုင်တဲ့ ကုမ္ပဏီ၊ နိုင်ငံတွေကို ဦးစားပေး ထည့်သွင်းစဉ်းစားလေ့ရှိပါတယ်။ ဥပမာအနေနဲ့ပြောရမယ်ဆိုရင် ကမ္ဘာ့ဆန်တင်သွင်းမှု ထိပ်ဆုံးစာရင်းဝင် ဖိလစ်ပိုင်နိုင်ငံဟာ ပုံမှန် ပမာဏများများ တင်ပို့နိုင်တဲ့ ထိုင်းနဲ့ ဗီယက်နမ်တို့နဲ့ရေရှည်ကုန်သွယ် မှုစာခုျပ်တွေ ချုပ်ဆိုထားပါတယ်။                    အဓိကကတော့ တင်သွင်းနိုင်ငံတွေမှာ အရေးပေါ်ဆန် လိုအပ်ချက်တွေကို ဖြည့်ဆည်းနိုင်မယ့် အာမခံနိုင်တဲ့ ရောင်းသူတွေနဲ့ ချိတ်ဆက်ထားခြင်းပဲဖြစ်ပါတယ်။ အဲဒီလို ဆန်တင်သွင်းနိုင်ငံတွေရဲ့ ပုံမှန် ဖောက်သည်အဖြစ်ရောင်းဝယ်လိုမှုအပေါ် မြန်မာဘက်က ကုန်သည် တွေက ပုံမှန်ဖောက်သည် (Regular Supplier Buyer ) အဖြစ် ကာလကြာကြာ ချိတ်ဆက် ရောင်းဝယ်နိုင်ခြင်းမရှိသေးတဲ့အတွက် ပုံမှန်ဖောက်သည်နိုင်ငံတွေနဲ့ ယှဉ်ပြိုင်ရောင်းဝယ်တဲ့အခါ ၎င်းတို့ရရှိတဲ့ ဈေးနှုန်းထက်လျော့ပြီး ဈေးပေးဝယ်ယူမှုတွေ လုပ်လာပါတယ်။ ဒါကြောင့် ပုံမှန်ဖောက်သည် မရှိခြင်းဟာလည်း ဈေးနှုန်းလျော့နည်း လာတဲ့ အကြောင်းတစ်ရပ်လို့ ဆိုပါတယ်။ တိုက်ရိုက်စားသုံးနိုင်(End User) ကို တိုက်ရိုက်ချိတ်ဆက် ရရှိမှု နည်းခြင်း                   မြန်မာ့ဆန်တင်ပို့တဲ့ ကုန်သည်များအနေနဲ့ အမေရိကန်ဒေါ်လာ နဲ့ ဘဏ်ငွေကြေးလွဲှပြောင်းရာမှာ အခက်အခဲများရှိနေခြင်း၊ ပြည်ပ နိုင်ငံတွေမှာ ရုံးခွဲဖွင့် လှစ်ဆောင်ရွက်နိုင်မှုနည်းနေသေးခြင်း၊ အမှန် စားသုံးတဲ့နိုင်ငံ (End User)နဲ့ ချိတ်ဆက်မှု အားနည်းခြင်းတို့ကြောင့် တစ်ဆင့်ခံပွဲစား ကုမ္ပဏီများကိုသာ အားကိုးဆောင်ရွက်နေရပါတယ်။ ဒီလိုကြားခံပွဲစားကို တစ်ဆင့်ခံရောင်းချရခြင်းကလည်း ဈေးလျော့ နည်းရတဲ့ အကြောင်းတစ်ရပ်ပဲဖြစ်ပါတယ်။                    တစ်ချိန်က ကမ္ဘာမှာ ဆန်အများဆုံး တင်ပို့ခဲ့တဲ့ မြန်မာနိုင်ငံ အနေနဲ့ လက်ရှိကြုံတွေ့နေရတဲ့ အားနည်းချက်များကို ပြင်ဆင် ဖြည့်ဆည်းနိုင်မယ်ဆိုရင် မြန်မာ့ဆန် ပြည်ပရောင်းဈေးဟာ ကမ္ဘာ့ ဆန် ထိပ်တန်းတင်ပို့နိုင်ငံတွေနဲ့ တန်းတူ ယှဉ်ပြိုင်နိုင်မှာဖြစ်ပါတယ်။ ဒီလိုအားနည်းချက်တွေကို တစ်ဦး တစ်ယောက်ထဲ၊ အဖွဲ့အစည်း တစ်ခုထဲကသာ ပြီးမြောက်အောင်  ကျော်လွှားနိုင်မယ့်ကိစ္စရပ်များ မဟုတ်ပါဘူး။ ပုဂ္ဂလိကပိုင်းဆိုင်ရာ ကရော သက်ဆိုင်ရာဌာနပေါင်းစုံ၊ ကဏ္ဍစုံကပါ ဝင်ရောက်ပူးပေါင်း ဆောင်ရွက်ရမယ့် တစ်နည်း အားဖြင့် Public Private Partnership  အစီအစဉ်နဲ့ဆောင်ရွက် နိုင်မယ့်ကိစ္စရပ်သာဖြစ်ပါတယ်။                   မိမိတို့နိုင်ငံအနေနဲ့ ဆန်ကိုပြည်တွင်းမှာ ဖူလုံတဲ့အပြင် ပိုလံျှ အောင် ထုတ်လုပ်ပြီး ဆန်တိုးတက်တင်ပို့နိုင်အောင် ဆောင်ရွက်နေ တာဖြစ်သလို ဒီလိုတိုးတက်တင်ပို့မယ့် ပမာဏများလေလေ ဈေးနှုန်း လျော့တဲ့အတွက် နစ်နာဆုံးရှုံးရမယ့် ပမာဏကလည်း ကြီးမားလေ ဖြစ်လို့ ဈေးနှုန်းတစ်ပြေးညီရရှိရေးဟာ ပိုပိုပြီး အရေးပါလာပါတယ်။ ဒါကြောင့် အထက်ဖော်ပြပါဈေးနှုန်းလျော့ကျရတဲ့ အကြောင်း ရင်း အားနည်းချက်တွေထဲက ချက်ချင်းပြင်ဆင်နိုင်တာကို ချက်ချင်း ဆောင်ရွက်ပြီး ရေရှည်ဆောင်ရွက်ရမယ့်ကိစ္စကို လက်ရှိအချိန်က စပြီး စီစဉ်ဆောင်ရွက်ခြင်းဖြင့် နိုင်ငံတော်အတွက် ပြည်သူတွေ အတွက် နစ်နာဆုံးရှုံးမှု လျော့နည်းပပျောက်အောင် မဖြစ်မနေ ဆောင်ရွက်ကြဖို့ အချိန်အခါသင့်ပြီဖြစ်ပါကြောင်း တိုက်တွန်းရေး သားလိုက်ရပါတယ်။

Wednesday, 4 May 2011

သတ္တုဈေးကွက်မှာ နေရာရလာတဲ့ ငွေသတ္တု                   ငွေသတ္တုရဲ့ ဈေးနှုန်းတွေဟာ ၂ဝ၁၁ ခုနှစ်အတွင်းမှာ အဆ မတန် မြင့်တက်လျက်ရှိပါတယ်။ ကုန်စည်ရင်းနှီးမြှုပ်နံှမှုမှာ နာမည်ကြီးသူတစ်ဦးဖြစ်တဲ့ ဂျင်ရောဂျားက ငွေဈေးနှုန်း မြင့်တက်လာတာကို ထောင်လိုက်မြင့်တက်မှု Parabolic Move  အဖြစ်တင်စားခေါ် ဝေါ်ခဲ့ပါတယ်။ နယူးယောက် ကူးသန်းရောင်းဝယ်ရေး အိပ်ချိန်းရဲ့ comex  ဌာနခွဲမှာ ရွှေရဲ့ ဇွန် ကြိုပွိုင့်ဈေးနှုန်းက တစ်အောင်စကို ၁၅ဝ၃ ဒသမ ၈ဝ ဒေါ်လာထိ မြင့်တက်ခဲ့ပါတယ်။ ရက်သတ္တပတ် အလိုက်တိုးတက်မှုက ၁ ဒသမ ၁၈ ရာ ခိုင်နှုန်းရှိပါတယ်။ ရွှေဈေး နှုန်းဟာ တစ်အောင်စကို ၁၅ဝ၉ ဒသမ ၆ဝ ဒေါ်လာထိ အမြင့်ဆုံး ရောက်ခဲ့ပါတယ်။ ဒါပေမဲ့ မေအတွက် ငွေသတ္တုကြိုပွိုင့်ဈေးနှုန်းက တစ်အောင်စကို ၄၆ ဒသမ ဝ၅၉ ဒေါ်လာနှုန်းကိုရောက်ရှိခဲ့ပြီး တိုးတက်နှုန်း ၇ ဒသမ ၆ ရာခိုင်နှုန်းထိရှိခဲ့ပါ တယ်။ ငွေသတ္တုဈေးဟာ တစ်အောင်စ ကို ၄၆ ဒသမ ၃၈၅ ဒေါ်လာထိအမြင့် ဆုံးကိုရောက် ခဲ့ပါတယ်။ ငွေသတ္တု၏ လတ်တလောအခြေအနေ                       ကမ္ဘာ့နေရာဒေသ အတော်များများမှာ ငွေကြေးဖောင်းပွနှုန်း ဆက်တိုက် မြင့်မားနေတဲ့အတွက် ရွှေနဲ့ ငွေသတ္တု အပါအဝင် အဖိုးတန် သတ္တုတွေဟာ ငွေကြေးရင်းနှီးမြှုပ်နံှသူတွေအတွက် မျက်စိကျစရာဖြစ်ခဲ့ရပါတယ်။ ဒေါ်လာတန်ဖိုးကျဆင်းတာနဲ့ အာရှ နိုင်ငံတွေက ငွေသတ္တုအတုံးလိုက်ဝယ်လိုအား (Physical Demand) မြင့်တက်လာမှုတို့ကြောင့် ငွေသတ္တုဈေးဟာ ကမ္ဘာ့လက်ငင်းဈေး ကွက်ထဲမှာ တစ်ကြိမ်မှမဖြစ်ဘူးသေးတဲ့ တစ်အောင်စကို ၄၉ ဒသမ ၃၁ ဒေါ်လာနှုန်းထိ ဖြစ်ခဲ့ပါတယ်။ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်တဲ့ အရှေ့အလယ်ပိုင်းနဲ့ အာဖရိကမြောက်ပိုင်းရဲ့ မငြိမ်သက်မှုနဲ့ ယူရို ငွေကြေးသုံးစွဲတဲ့ နယ်မြေမှာရှိနေတဲ့ အစိုးရရဲ့ ေြွကးမြီကိစ္စတွေ ကြောင့်လည်း သတ္တုတွေကို ပိုမိုသဘောကျစရာ ဖြစ်စေခဲ့ပါတယ်။ ဒီအချိန်မှာ ကမ္ဘာ့နိုင်ငံခြားအရန်ငွေကြေးကို အများဆုံး လက် ဝယ်ထားရှိတဲ့ နိုင်ငံဖြစ်တဲ့ တရုတ်နိုင်ငံက အထုအထည်လိုက် ရှိနေတဲ့ နိုင်ငံခြားအရန်ငွေကြေးတွေကို နည်းမျိုးစုံနဲ့ ခွဲခြားထား ဖို့စဉ်းစား လာပါတယ်။ ဒါကြောင့် စွမ်းအင်နဲ့ အဖိုးတန်သတ္တုလို နယ်ပယ်တွေ မှာ သီးခြားရန်ပုံငွေထားရှိဖို့ စတင် ဆောင်ရွက်လာပါတယ်။ လက်ရှိခက်ခဲကျပ်တည်းတဲ့ကာလနဲ့ရှေ့မှာ ကြုံတွေ့ရမဲ့ အကျပ် အတည်း အခက်အခဲတွေရှိနေတဲ့အချိန်မျိုးမှာ ဘယ်နေရာ ဘယ်လို ရင်းနှီးမြှုပ်နံှရမယ်ဆိုတာကို လူတွေအစဉ်းစားရ ကျပ်လာတတ်ပါတယ်။ တစ်နည်းတစ်လမ်းအားဖြင့် ငွေကြေးကို ရင်းနှီးမြှုပ်နံှကြသလို ငွေသတ္တုကိုဝယ်ယူစုဆောင်းပြီး ရင်းနှီးမြှုပ်နံှရတာကလည်း လူကြိုက်များလာပါတယ်။                       ငွေကရင်းနှီးစရိတ်နည်းပေမဲ့ အကျိုးအမြတ်များများရပါတယ်။ ပြီးတော့ ရင်းနှီးမြှုပ်နံှရာမှာလည်း လုံခြုံစိတ်ချရပါတယ်။ ငွေသတ္တုကို အချောင်းလိုက်ရနိုင်ရုံသာမက အတုံးလိုက်နဲ့ ငွေပြား လိုက်လည်း ရနိုင်ပါတယ်။ ငွေသတ္တုအချောင်းတွေက ရင်းနှီး မြှုပ်နံှဖို့အတွက် လူကြိုက်အများဆုံး နည်းလမ်းဖြစ်ရုံသာမက ငွေ အဖြစ်လည်း သုံးနိုင်ပါတယ်။                           ငွေအတုံးတွေက ကိုင်တွယ်ဖို့လွယ်ကူပြီး သိုလှောင်သိမ်းဆည်းဖို့ အဆင်ပြေ ညီညွှတ်ပါတယ်။ ဒါကြောင့် ငွေပြန် ဖော်ချင်တဲ့အခါမှာ လုပ်ကိုင်ဆောင်ရွက်တဲ့နည်းလမ်းက အလွယ်တကူဆောင် ရွက်လို့ရ လာပါပြီ။ ထိုမျှမက ဒီသတ္တုတွေက သိုသိုသိပ်သိပ်ရှိတဲ့အတွက် ဒီသတ္တုကို လက်ဝယ်ပိုင်ဆိုင်ထားသူတွေအတွက် ဓနဥစ္စာအဖြစ် သိမ်းဆည်းထားဖို့အဆင်ပြေစေပါတယ်။                         ငွေသတ္တုကို လူကြိုက်များလာရတဲ့ အကြောင်းရင်းတစ်ခုကတော့ စက်မှုလုပ်ငန်းအားလုံးလောက်နီးနီးပါ ငွေ  သတ္တုကဇာတ်လိုက်လို ပါဝင်နေတာပဲ ဖြစ်ပါတယ်။ ငွေသတ္တုကို ဆောက်လုပ် ရေးမှာ သုံးပါတယ်။ အီလက်ထရွန်းနစ်နဲ့ ကွန်ပျူတာပစ္စည်းထုတ်လုပ်ရာမှာ လည်း ပါဝင်ပါတယ်။ ငွေသတ္တုကို ငွေသတ္တုအဖြစ်ရှိနေနိုင်တဲ့ တန်ဖိုး ထက် ကျော်လွန်ပြီး နည်းမျိုးစုံ၊ ပုံစံမျိုးစုံနဲ့ ရောင်းလို့ရနေတာကလည်း တစ်မူထူးနေပါတယ်။ အခုချိန်မှာ ငွေသတ္တုကို ရောင်းဝယ်ချင်ရင် ဘဏ်ကြီးတွေမှာ ရောင်းဝယ်လို့ ရသလို ဝယ်ရောင်းသမားတွေဆီက လည်း ဝယ်လို့ရနေပါပြီ။                      ကမ္ဘာအနံှ့မှာ ရောင်းလက်တွေရှိနေပါပြီ။ ဒီသတ္တုက ဘေးကင်း လုံခြုံအောင် သိမ်းဖို့လွယ်တဲ့အတွက် သိမ်းဆည်းခ အပိုမကုန်ဘဲ ထိန်းသိမ်းလို့ရနေပါတယ်။ ငွေရဲ့တန်ဖိုးက ရွှေလိုမဟုတ်ပါဘူး၊ တခြား စီးပွားရေးပြဿနာတွေရဲ့ ရိုက်ခတ်မှုနည်းတဲ့အတွက် ဈေးကျဖို့ခဲ ယဉ်းပါတယ်။ ငွေသတ္တုသိုက်တွေ နေ့စဉ်တန်နဲ့ချီပြီး တွေ့နေတဲ့တိုင် အောင် ဝယ်လိုအားမြင့်မားနေတော့ ဈေးနှုန်းက တက်နေဆဲဖြစ်ပါ တယ်။                      နိုင်ငံတစ်နိုင်ငံမှာ ငွေကြေးဖောင်းပွမှု၊ အတိုးနှုန်းကျဆင်းမှု၊ ငွေတန်ဖိုးကျ ဆင်းမှုစတဲ့ စီးပွားရေးကျဆင်းတာနဲ့ ငွေတန်ဖိုး ထိခိုက်မှု မဖြစ်စေပါဘူး။ နိုင်ငံစီးပွားရေးအကျပ်အတည်းကြုံပြီဆိုရင် စတော့ရှယ်ယာဈေးတွေ ထိုးကျတတ်ပါတယ်။ ဒီအချိန် ရောင်းထုတ်ဖို့ မလွယ်ကူတဲ့အတွက် ဆုံးရှုံးမှုများပါတယ်။ ဥပမာအားဖြင့် အမေရိကန်ပြည်ထောင်စု ယခုကြုံတွေ့နေရတဲ့ စီးပွားရေး ပြဿနာတွေကြောင့် ဒေါ်လာတန်ဖိုးက တအိအိကျဆင်း နေပါတယ်။ ဆက်ကျဦးမဲ့ လက္ခဏာတွေရှိနေပါတယ်။ ဒါပေမဲ့ အဖိုး တန် သတ္တုတွေက စွမ်းအင်တွေ ပိုင်ဆိုင်ထားတဲ့အတွက် ငွေချောင်း၊ ငွေတုံး၊ ငွေပြားတွေပိုင်ဆိုင်ထားတာဟာ စီးပွားရေးကျဆင်းတဲ့ဒဏ် မခံရအောင် သုံးနိုင်တဲ့ အကာအကွယ်တစ်ခုလို ဖြစ်နေပါတယ်။ ငွေသတ္တုကိုပိုင်ဆိုင်ထားတာဟာ နိုင်ငံစီးပွားရေး ကျဆင်းချိန် မှာပင် ပုံမှန်ဝင်ငွေရနေတဲ့ သဘောကို ဆောင်နေပါတယ်။ ယခုနှစ်အတွင်း ငွေဈေးတက်ရတဲ့ အဓိကအကြောင်းအရင်း ငါးချက်                   လွန်ခဲ့တဲ့လအနည်းငယ်ကစပြီး ငွေသတ္တုက ရွှေထက် စွမ်းဆောင်ရည် ပိုမိုမြင့်မားလာပြီး ကာလလတ်အတွင်းမှာလည်း ဒီအတိုင်းဆက်ပြီး အကျိုးဖြစ်ထွန်းသွားမဲ့  အလားအလာရှိနေပါတယ။် လွန်ခဲ့တဲ့သုံးလအတွင်းမှာ ရွှေဈေးနှုန်းက ၁၂ ရာခိုင်နှုန်းမြင့်တက် ခဲ့ပါတယ်။                      ရွှေရဲ့ဈေးနှုန်းက တစ်သက်နဲ့ တစ်ကိုယ်မကြုံဘူးတဲ့ ဈေးနဲ့မြင့် တက်ခဲ့သလို ငွေကလည်း ၃၁ နှစ်အတွင်း အမြင့်ဆုံးနှုန်းထိ ရောက်ရှိခဲ့ပြီး တစ်ကြိမ်မှမဖြစ်ဘူးတဲ့ ဈေးနှုန်းထိ မြင့်တက်ဖို့ တာစူနေပါတယ်။ ငွေဈေးတက်တာက မတ်မတ်ထောင်တဲ့ အတွက် မကြာမီပြန် ကျတဲ့အခါ ဇောက်ထိုးကျမှာ စိုးရိမ်သူတွေလဲ ရှိပါတယ်။ ဇန်နဝါရီလ က ရှိတဲ့ အနိမ့်ဆုံး ဈေးတစ်အောင်စ ၂၆ ဒသမ ၆၈ ဒေါ်လာနှုန်းနဲ့ နှိုင်းယှဉ်ရင် ၁၉ ဒသမ ၅၈ ဒေါ်လာမြင့်တက်လာပါတယ်။ ရာခိုင်နှုန်း နဲ့ ကြည့်ရင် ၇၃ ရာခိုင်နှုန်းရှိပါတယ်။ ယခုနှစ်အတွင်း ငွေသတ္တုဈေး မြောက်ခဲ့ရတဲ့ အဓိကအချက် တွေကို ကြည့်မယ်ဆိုရင် ယေဘုယျအားဖြင့် အချက် ၅ ချက်ကို တွေ့ရမှာ ဖြစ်ပါတယ်။ ၁။ ငွေသတ္တုရဲ့ ဝယ်လိုအားမြင့်တက်နေခြင်း                 ၂ဝ၁၁ ခုနှစ် ပထမနှစ်လအတွင်း အမေရိကန်ပြည်ထောင်စုက ထုတ်ရောင်းတဲ့ ငွေပြားက ရွှေပြားထုတ် ရောင်းသလောက်ရှိနေပါ တယ်။ ဒီကာလအတွင်းမှာ တရုတ်နိုင်ငံရဲ့  ဝယ်လိုအားတစ်ခု တည်းကပဲ ၂ဝ ရာခိုင်နှုန်း မြင့်တက်ခဲ့ပါတယ်။ အခုချိန်ထိ တရုတ် နိုင်ငံက တင်သွင်းတဲ့ ငွေပမာဏက အောင်စ ၁၁၂ သန်းရှိနေပါ တယ်။ ဒါကို ကြည့်ရင်ပဲ ငွေရဲ့ အခန်းကဏ္ဍမသေး တာကို တွေ့ရမှာဖြစ်ပါတယ်။ ၂။ နည်းပညာကဏ္ဍမှာ ငွေရဲ့ဝယ်လိုအားမြင့်တက်လာခြင်း                 ၂ဝ၁ဝ ပြည့်နှစ်အတွင်းမှာ စက်မှုလုပ်ငန်းကဏ္ဍက ငွေရဲ့ဝယ်လိုအားက ၁၈ ရာခိုင်နှုန်းမြင့်တက်ခဲ့ပါတယ်။ ကွန်ပျူတာ၊ ဆဲလ်ဖုန်းနဲ့ တခြား အီလက်ထရွန်းနစ် ကိရိယာတွေမှာ ငွေကို တိုးတက်သုံးစွဲ လာတာကို တွေ့နေရပါတယ်။ ကွန်ပျူတာ၊ ဆဲလ်ဖုန်းအပါအဝင်ခေတ်သစ်အသုံးအဆောင်တွေရဲ့ ထုတ်လုပ်မှုနှုန်းက တစ်ဟုန်ထိုး မြင့်တက်နေတာဖြစ်တဲ့အတွက် ဒီပစ္စည်းတွေမှာ ထည့်သွင်း အသုံးပြုနေတဲ့ ငွေသတ္တုရဲ့ ဝယ်လိုအားကလည်း ကွဲျကူးရေပါမြင့်တက်လျက် ရှိနေပါတယ်။                 ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းမှာ ငွေရဲ့ အသုံးပြုမှုပိုမို လာတာကို တွေ့ရပါတယ်။ ပြည်သူလူထုအတွင်း ကျန်းမာရေး အသိပညာ ပိုမိုကျယ်ပြန့်လာတာနဲ့အမျှ ပဋိဇီဝ ဂုဏ်သတ္တိတွေရှိနေတဲ့ ငွေသတ္တုဟာ ကျန်းမာရေးလောကထဲကို တစစတိုးဝင်လာ နေပါတယ်။ ငွေကို အဝတ်အထည်တွေမှာ သုံးသလို မြောက်မြားစွာသော ကျန်းမာရေးသုံး ကိရိယာတန်ဆာတွေ ထုတ်လုပ်ရာမှာ ငွေကို အသုံးပြု လာပါတယ်။                   လောလောဆယ်မှာ တရုတ်နိုင်ငံက ဝယ်ယူနေတဲ့ ငွေသတ္တု ဝယ်လိုအားရဲ့ ၇ဝ ရာခိုင်နှုန်းဟာ စက်မှုကဏ္ဍအတွက် ဖြစ်ပါတယ်။ ခေတ်မီ ဆက်သွယ်ရေးလုပ်ငန်းတွေ တိုးတက်လာခြင်း၊ ဆဲလ်ဖုန်းလို အီလက်ထရွန်းနစ် ထုတ်ကုန်တွေမှာပါနေတဲ့  ငွေသတ္တုရဲ့ အသုံးကလည်း တစ်ဟုန်ထိုး ကျယ်ပြန့် လာပါတယ်။ ၂ဝ၁ဝ ပြည့်မှာ တရုတ် နိုင်ငံရဲ့ ဆဲလ်ဖုန်းထုတ်လုပ်မှုဟာ နှစ်အလိုက် ၃၅ ရာခိုင်နှုန်း တိုးတက် နေပြီး လုံးရေသန်း ၉ဝဝ အထိ ရှိခဲ့ပါတယ်။ တစ်လုံးမှာ ငွေပါဝင်မှု သုည ဒသမ ၅၈ ရမ်ပါနေတာကို ကြည့်ရင် ငွေသတ္တုရဲ့ ဝယ်လိုအား ကို ခန့်မှန်းနိုင်မှာဖြစ်ပါတယ်။ မကြာမီနှစ်များအတွင်းက ငွေသတ္တုရဲ့ ဝယ်လိုအားက ဆေးဘက် ဆိုင်ရာမှာသာမက နေစွမ်းအင်နဲ့ ရေသန့် စင်ရေးလုပ်ငန်း တွေမှာပါ ပါဝင်လာပါတယ်။ ၃။ ငွေသတ္တု ပြတ်လပ်မှု                   ရောင်းလိုအားထက် ဝယ်လိုအားကများလာတဲ့အခါ အဲဒီကုန် ပစ္စည်းမျိုးတွေ ပြတ်လပ်သွားတတ်တာ ဓမ္မတာပဲ ဖြစ်ပါတယ်။ မြေအောက် သယံဇာတအဖြစ်နဲ့ ငွေသတ္တုသိုက်တွေဖြစ်တည်နေတာ အောင်စ သန်းပေါင်းများစွာ ထုတ်ယူသုံးစွဲနိုင်ပါတယ်။ ဒါပေမယ့် လောလောဆယ်မှာ ဈေးကွက်ထဲကို ဝင်ရောက်လာနိုင်မဲ့ အနေ အထားတော့ မရှိသေးပါဘူး။ ငွေပြားအဖြစ် ထုတ် လုပ်နိုင်ဖို့အတွက် ရက်သတ္တနှစ်ပတ် လောက်စောင့်နေရတာကို ကြည့်ရင် လောလော ဆယ်မှာ ငွေလက်ကျန် ပေါပေါများများရှိမနေသေးဘူးဆိုတာကို သက်သေပြနေပါတယ်။ ၄။ ကမ္ဘာ့ဈေးကွက်မှာ ငွေစက္ကူအဆမတန်များနေခြင်း                     အမေရိကန်ပြည်ထောင်စု ဗဟိုဘဏ်နဲ့ ကမ္ဘာအရပ်ရပ်ရှိ ဗဟိုဘဏ်တွေ အားလုံးက လည်ပင်းနစ်နေတဲ့ ေြွကးမြီကိစ္စတွေနဲ့ နပန်းလုံးနေရပါတယ်။ ေြွကးမြီဖြေရှင်းနိုင်ဖို့အတွက် လှည့်ပတ် ငွေကြေးမြင့်တက်လာအောင် ဆောင်ရွက်နေရပါတယ်။ ငွေစက္ကူတွေ ကို လှိမ့်ပြီး ထုတ်ရင်းထုတ်ရင်းနဲ့ ကမ္ဘာ့ဈေးကွက်ထဲမှာငွေစက္ကူတွေ  ဖောင်းပွပြီး ဝင်ရောက်လာခဲ့ပါတယ်။ ဒါကြောင့် ငွေစက္ကူတန်ဖိုး ဆက်လက်ကျဆင်းနေမယ်။ ရွှေငွေသတ္တုအပါအဝင် အခြား အက် ဆက် တန်ဖိုးတွေက ဆက်လက် မြင့်တက်နေပါမယ်။ အမေရိကန် ဗဟိုဘဏ်ကို တည်ထောင်ခဲ့တဲ့ နှစ် ၁ဝဝ ကျော်အတွင်း ဒေါ်လာ တန်ဖိုးက တအိအိကျ ဆင်းနေပါတယ်။ အခုဆိုရင် ဒေါ်လာရဲ့ တန်ဖိုးဟာ ၉ဝ ရာခိုင်နှုန်းလောက် ကျခဲ့ပြီးပါပြီ။ အချိန်ကြာလာတာနဲ့ အမျှ ဆက်လက်ကျဆင်းနေမဲ့ သဘောရှိပါတယ်။ ဒါကြောင့် ငွေသတ္တုရဲ့ တန်ဖိုးကလည်း ဆက်လက်တက်နေဦးမှာ ဖြစ်ပါတယ်။ ၅။ ဘဏ္ဍာရေးအကျပ်အတည်း ဖြစ်နေခြင်း                  ရွှေနဲ့ငွေလို ခိုင်မာတဲ့ ရပိုင်ခွင့်တွေ တန်ဖိုးမြင့်တက်ရတာဟာ ငွေကြေး ဖောင်းပွတာက အဓိကအကြောင်းရင်း ဖြစ်တယ်လို့ ယူဆကြတာများပါတယ်။ ဒါပေမယ့် အမြဲတမ်းအဲဒီလိုဖြစ်နေတာတော့ မဟုတ်ပါဘူး။ နှစ်စဉ်ငွေဖောင်းပွနှုန်း ၁ ရာခိုင်နှုန်းကနေ ၆ ရာခိုင်နှုန်း အထိ မြင့်တက်နေတဲ့ ၁၉၉ဝ ပြည့်လွန်နှစ်တွေကို ပြန်ကြည့်ပါ။ အဲဒီကာလအတွင်းမှာ ငွေနဲ့ရွှေသတ္တုဈေးက အများကြီးမြင့်တက် ခဲ့တာ မဟုတ်ပါဘူး။ဘာကြောင့်လဲ။ ဝယ်လိုအားမရှိလို့ ဖြစ်ပါတယ်။ အဲဒီကာလက အမေရိကန် ပြည်ထောင်စုက စန်းထနေတဲ့ ကာလ ဖြစ်ပါတယ်။                 ဒါပေမယ့် ယခုအချိန်မှာ အမေရိကန်စီးပွားရေးက စန်းထနေတဲ့ ကာလ မဟုတ်ပါဘူး။ ၂ဝဝ၈ ခုနှစ်တုန်းက လူတွေရဲ့ ပတ်ဝန်းကျင်မှာ အရာရာဟာ ပြိုကျနေတယ်လို့ ခံစားနေရတဲ့ကာလဖြစ်ပါတယ်။ ဒါကြောင့် ကြီးမားပြင်းထန်တဲ့ ပြဿနာတော့ ရှိနေပြီဆိုတဲ့ အသိနဲ့ ရင်းနှီးမြှုပ်နံှသူတွေက ရွှေနဲ့ငွေလို ခိုင်မာတဲ့ ရပိုင်ခွင့်တွေကို ရွေးချယ်လာကြပါတယ်။ ဒါကြောင့် ငွေသတ္တုရဲ့ ဈေးနှုန်း မိုးထောင်တက်ခဲ့တာ ဖြစ်ပါတယ်။ ငွေသတ္တုရဲ့အနာဂတ်              ငွေသတ္တုကို ရှေးပဝေသဏီကတည်း က အဖိုးတန်သတ္တုအဖြစ် သုံးစွဲ ခဲ့ပါတယ်။ ငွေသတ္တုကို အဆင်တန်ဆာ လက်ဝတ်လက်စား အဖြစ် အသုံးပြုခဲ့သလို စားပွဲခင်း၊ အသုံးအဆောင်လို ငွေ ထည် ပစ္စည်းအဖြစ် သုံးခဲ့ရုံမက တစ်ခေတ်တစ်ခါက ငွေသား အဖြစ် အသုံးပြုခဲ့တဲ့ ပစ္စည်း ဖြစ်ပါတယ်။ ငွေရဲ့ဈေးနှုန်းကို လေ့ လာ ကြည့်မယ်ဆိုရင် ၂ဝ၁၁ ခုနှစ် ဧပြီလ အတွင်းမှာ ထရိုင်တစ်အောင်စကို ၄၉ ဒေါ်လာနှုန်းဝန်းကျင်ထိ ရှိလာပါတယ်။ ရွှေဈေးနဲ့ အချိုးအစားအားဖြင့် ၃ဝ ပုံတစ်ပုံရှိပါတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၁ဝဝ အတွင်းမှာ ၁၅ ပုံ တစ်ပုံကနေ ၁ဝဝ ပုံတစ်ပုံအထိ အမျိုးမျိုး အချိုးအစားပြောင်းလဲမှု ရှိခဲ့ပါတယ်။           ၁၉၈ဝ ပြည့်နှစ်က ဈေးကွက်မှာ ဈေးကစားမှုကြောင့် ငွေသတ္တုတစ်အောင်စကို ၄၉ ဒသမ ၄၅ ဒေါ်လာနှုန်းထိ အထွတ် အထိပ်ကို ရောက်ခဲ့ပါတယ်။ နောက်ပိုင်းမှာ တစ်အောင်စကို ၁ဝ ဒေါ်လာထိ ကျဆင်းခဲ့ရာမှ ၂ဝဝ၁ ခုနှစ်မှာ တစ်အောင်စကို ၄ ဒသမ ၁၅ ဒေါ်လာထိ ထိုးဆင်းခဲ့ပါတယ်။ ၂ဝဝ၆ ခုနှစ် မေလမှာ တစ်အောင်စကို ၁၅ ဒသမ ၂၁ ဒေါ်လာအထိဖြစ်ခဲ့ပါတယ်။ ၂ဝဝ၈ ခုနှစ် မေလမှာ တစ်အောင်စကို ၂၁ ဒသမ ၃၄ ဒေါ်လာနှုန်းထိ တက်လာပါတယ်။ ၂ဝ၁၁ ခုနှစ် ဧပြီလမှာ ၄၉ ဒသမ ၇၆ ဒေါ်လာ ထိမြင့်တက်ခဲ့ပါတယ်။ ဒီဈေးနှုန်းဟာ သက်တမ်းတစ်လျောက်အမြင့် ဆုံးနှုန်းဖြစ်ပါတယ်။              ငွေသတ္တုရဲ့ ဈေးနှုန်းကိုကြည့်ရင် အတက်အကျပြင်းထန် မှုရှိခဲ့တာကို တွေ့ရပါတယ်။ ၂ဝ၁၁ ခုနှစ်အတွင်း ငွေသတ္တုရဲ့ဈေးနှုန်း ဟာ အတက်ကြမ်းကြမ်းနဲ့ မြင့်တက်လာတာကိုတွေ့ရမှာဖြစ်ပါတယ်။ ငွေဈေးနှုန်းရဲ့ အတက်ခပ်ကြမ်းကြမ်းအတက်ကို Parabolic Move  လို့ကျွမ်းကျင်သူတို့က သတ်မှတ်ပါတယ်။ တစ်ချိန်တည်းမှာ အတက် ကြမ်းတဲ့ ကုန်စည်တို့ရဲ့ သဘောအတိုင်း ဈေးပြန်ကျချိန်မှာ ဇောက် ထိုး စိုက်ဆင်းနိုင်တယ်လို့ လေ့လာဆန်းစစ်သူတို့က သုံးသပ်ပါတယ်။ သို့သော် ငွေသတ္တုရဲ့တန်ဖိုးကို အဆုံးအဖြတ်ပေးရာမှာ ငွေသတ္တုသက်သက်အဖြစ် ကြည့်ပြီး ဆုံးဖြတ်သုံးသပ်တာမဟုတ်ပါဘူး။ ငွေသတ္တုဟာ ရှေးဂရိနဲ့ ရောမခေတ်ကတည်းက ကူးစက် ပိုးတွေကို ကာကွယ်တဲ့ပစ္စည်းအဖြစ် အသုံးတော်ခံခဲ့ပြီး၊ အစဉ်အလာ ကြီးခဲ့တဲ့သတ္တုဖြစ်ပါတယ်။ ငွေသတ္တုကို ဆေးဝါးလောကမှာ အသုံး ပြုမှုက အလယ်ခေတ်မှာ တစ်ခေတ်ပြန်ဆန်းခဲ့ပါတယ်။ ငွေသတ္တုရဲ့ဈေးနှုန်းကို ထိန်းသိမ်းပေးရာမှာ ခိုင်မာတောင့် တင်းတဲ့ ကျောထောက်နောက်ခံက စက်မှုလုပ်ငန်းပိုင်းက ဝယ်လိုအား ဖြစ်ပါတယ်။ ငွေသတ္တုဟာ ခေတ်သစ် အခန်းကဏ္ဍနဲ့ နယ်ပယ် အတော်များများမှာ ဝင်ဆံ့လာတဲ့သတ္တုဖြစ်ပါတယ်။ ခေတ်သစ်မှာ အသုံး တွင်ကျယ်လာတဲ့ လျှပ်စစ်ပစ္စည်း၊ အီလက်ထရွန်းနစ်ပစ္စည်း၊ ဆိုလာပြား ထုတ်လုပ်မှုလုပ်ငန်းတွေမှာ ငွေသတ္တုက တစ်ခန်းတစ်ကဏ္ဍမှာ ပါဝင်လျက်ရှိပါ တယ်။             စက်မှုလုပ်ငန်းဝယ်လိုအားကို အရအမိ ဆုပ်ကိုင်ထားတဲ့ ငွေသတ္တုရဲ့ ရှေ့ အလားအလာက ခန့်မှန်းရ ခက်ခဲဖွယ်ရာ မရှိနိုင်ပါ။Source:wikipedia;ibtimes;kitco.News;goldseek

Sunday, 24 Apr 2011

 ပေးကားပေး၏ မရအံ့သြစရာ              ကျွန်တော်ပြန်နေကျလမ်းမှာပြန်ရင်း ဓာတ်ဆီတန်းစီနေတဲ့ကားတွေကို တွေ့တာက ညအချိန်မတော်ကြီးပါ။ ပုဂ္ဂလိကဓာတ်ဆီဆိုင်ကြီးက ညမို့ပိတ်နေပေမယ့် ကားတွေကတော့ တန်းစီထားဆဲပါ။ ကျွန်တော် ဒီလူတွေ ဒီလောက် ဇွဲကောင်းစွာ တန်းစီနေတဲ့အတွက် ချီးကျူးရမှာလား၊ သူတို့ နောက်နေ့ကား မောင်းစရာ မရှိလို့ တန်းစီနေတာလား၊ သိချင်စိတ်က တဖွားဖွား။ ဓာတ်ဆီသွားထုတ်မလို့              သိချင်စိတ်လေးနဲ့အတူ သတိရမိတာက ထိထိမိမိကာတွန်းလေးတစ်ခုကို သတိရသွားမိတယ် ''မိသားစု တွေ စားစရာသောက်စရာ အပြည့်အစုံ ဖတ်စရာ စာအုပ်တွေနဲ့ ဘယ်လဲ''လို့မေးတော့''အော် ဓာတ်ဆီ သွားထုတ်မလို့ပါတဲ့''။အင်း.. ဒင်း ပြောတာမမှားဘူး၊ အိပ်ရာလိပ်ပါ ယူသွားရမလို ဖြစ်နေပြီလို့ စိတ်ထဲက တွေးနေမိပါတယ်။ အတိတ်က လက်တွေ့ဘဝ               အတိတ်ကို တူးဆွမိတယ်။ ကျွန်တော်လည်း ကိုယ်ပိုင်ကားစီးပါတယ်။ အရင်က တစ်နေ့ ၂ ဂါလံနှုန်း ၃ ရက်စာထုတ်ရပါတယ်။ အစိုးရက တိုက်ရိုက် ကိုင်တွယ်ခဲ့တာပါ။ အဲဒီအချိန်တွေတုန်းက ဓာတ်ဆီထုတ်ဖို့ တန်းစီးရရင် အလွန်ဆုံး အဆိုးဆုံးက နာရီဝက်လောက်ပါ။ ဆီစာအုပ်နဲ့ ထုတ်ရတယ်။ သတ်မှတ်ခွဲတမ်းပေး တဲ့ဆိုင်မှာ ထုတ်ရပါတယ်။ ဘာမှ ပြဿနာမရှိပါဘူး။ အဆင်ပြေပါတယ်။ ပျမ်းမျှအားဖြင့်တော့ ၁၅ မိနစ် ၂ဝ မိနစ်လောက်အတွင်းမှာ ထုတ်လို့ပြီးပါတယ်။ အဲဒီတုန်းကတော့ ကျွန်တော်စိတ်ထဲမှာ အော် ငါတို့မလဲ ဒုက္ခလို့ တွေးခဲ့မိပါတယ်။ ဆီထည့်ချင်တဲ့နေရာမှာ လွတ်လပ်စွာထည့်လို့ရရင် သိပ်ကောင်းမှာပဲလို့ တောင့်တ ခဲ့ပါတယ်။ ဆန္ဒပြည့်ဝပျော်ရွှင်ရ              ပြောင်းလဲမှုအစကတော့ ၂ဝ၁ဝ ခုနှစ် ဇွန်လ ၁ဝ ရက်နေ့မှာတော့ နိုင်ငံတော်အနေနဲ့ စက်သုံးဆီ ရောင်းဝယ်ရေးနဲ့ ပတ်သက်ပြီး ပုဂ္ဂလိကလုပ်ပိုင်ခွင့်ပေးလိုက်ပါတယ်။ ရန်ကုန်မှာရှိတဲ့ စက်သုံးဆီ အရောင်းဆိုင်တွေကိုလည်း ပုဂ္ဂလိကကိုလွဲှပြောင်းပေးလိုက် ပါတော့တယ်။ လွဲှပြောင်းပေးတဲ့အချိန်မှာ ပုဂ္ဂလိက စက်သုံးဆီ သမားတွေကို ပြောခဲ့တာရှိပါတယ်။ နိုင်ငံတော်တွင် စက်သုံးဆီ လုံလောက်စွာဖြန့်ဖြူးရောင်းချရေး၊ သင်တင့်မျှတသော ဈေးနှုန်းဖြစ် စေရေးအတွက် အဓိကပါဆိုတာ သိရပါတယ်။ ပျော်ရွှင်မှုက တစ်ခဏတာ              ပုဂ္ဂလိကကို စတင်လွဲှပြောင်းပေးစဉ်က အရင်လို သတ်မှတ်ဆိုင်မှာ ဆီစာအုပ်နဲ့ ထုတ်စရာမလို၊ ကြိုက်တဲ့နေရာ ကြိုက်တဲ့ ဆိုင်မှာ ကြိုက်သလောက်ထုတ်လို့ရတော့ စိတ်ချမ်းသာ လိုက်တာ၊ ကောင်းလိုက်တာ၊ ခရီးဝေးသွားတော့ ကိုယ့်ရောက်တဲ့နေရာ ရောက်ရာမြို့က ဆီဆိုင်မှာ ဝင်ထည့်လို့ရခဲ့တယ်။ ဒါပေမယ့် တာရှည် မခံလိုက်ပါ၊ ပျော်ရွှင်စိတ်ချမ်းသာခဲ့ရတာ ခဏတာပါပဲ။ ဒုံရင်းက ဒုံရင်းသို့              အလွယ်တကူ ထည့်ရနေတာကနေ ဓါတ်ဆီဆိုင်တွေမှာ ဓာတ်ဆီတန်းစီရတဲ့ပြဿနာဟာ ၂ဝ၁၁ နှစ်ဆန်းလောက်မှာ ပြန်စတော့တာပါပဲ။ ဓာတ်ဆီတွေ တန်းစီဝယ်ကြရပါတော့တယ်။ ကျွန်တော်တို့လို တန်းစီဖို့ ဘယ်လိုမှ အချိန်မပေးနိုင်သူတွေက မဖြစ်မနေ ကားသုံးနေရတော့ တန်းမစီရဘဲ အလွယ်တကူဝယ်ရတဲ့ အောက်တိန်းဆီ ဝယ်ထည့်ခဲ့ကြရပါတယ်။ ဓာတ်ဆီဝယ်ဖို့ တန်းစီတာ မှ အံ့သြစရာပါပဲ။ ဘယ်လောက်ထိ ရှည်သလဲဆိုရင်တော့ ဖော်ပြထားတဲ့ ပုံတွေသာ ကြည့်ပါတော့လို့ပဲ ပြောရတော့မှာပါပဲ။ မောင်းဖို့မဟုတ် ရောင်းဖို့ထုတ်                   တစ်ချို့က ဒီလောက်ဓာတ်ဆီ တန်းစီပြီး ထုတ်နေတာ ဘာလို့လဲ၊ ဘာကြောင့်လဲ သိချင်လာတယ်။ စက်သုံးဆီတွေ ထဲမှာ ပြဿနာက ဓာတ်ဆီပဲ ကျန်တာတွေ အဆင်ပြေတယ်။ ဓာတ်ဆီကို ဘာကြောင့် တန်းစီရတာလဲ တွေ့ပါလေပြီ။ အဖြေက မောင်းဖို့ မဟုတ် ရောင်းဖို့ အတွက် ထုတ်နေကြတာတဲ့။ တစ်ဆိုင်ပြီး တစ်ဆိုင် ဓာတ်ဆီ ထုတ် ရောင်းတာ တစ်နေ့ကို ၂ဝဝဝဝ ကျပ်လောက်တောင် ကိုက်နေပြန်သတဲ့။ အော် သူတို့တွေ မစဉ်းစားတာဘဲ။ ဆီရောင်း လို့တော့ မြတ်ပါရဲ့ တစ်ဆက်တစ်စပ်တည်းဖြစ်လာမယ့် ကုန်ဈေးနှုန်း တက်လာမယ့် အခြေအနေကို မစဉ်းစား၊ တစ်ကိုယ် ကောင်းသမား တွေပါပဲ။ ဆီတိုးရောင်းစားတဲ့ အုပ်စုက အလွန်ဆုံးရှိမှ ထောင်ဂဏန်း ပေါ့ သူတို့တွေကြောင့်ကျန်တဲ့သူ သန်းခြောက်ဆယ် ဘယ်လောက် ဒုက္ခရောက်တယ်ဆိုတာ မစဉ်းစား၊ ကိုယ်ချင်း စာတရားမရှိသူများ လို့ပဲ ပြောရမှာလား၊ နိုင်ငံရဲ့ စီးပွားရေးအစီအစဉ်တွေကို မအောင်မြင်အောင် လုပ်နေတာလို့ပဲ ပြောရမလား၊ စေတနာနဲ့ မတန်သူများ လို့ ပြောရမှာလား။ လုံလောက်အောင် မရောင်းနိုင်တာလား/မရောင်းတာလား                     ပုဂ္ဂလိကကို လွဲှပြောင်းရောင်းချခွင့်ပြုတဲ့အချိန်မှာ စက်သုံးဆီကိုလိုတဲ့အချိန်မှာ လိုသလောက် တင်သွင်းခွင့်ပြု ခဲ့တယ်ဆိုတာ သိရပါတယ်။ ကျွန်တော်တို့ လေ့လာကြည့်မိ သလောက်တော့ အောက်တိန်း ဓာတ်ဆီ 92 Rom ဆိုတာကို ပင်လယ်ရေကြောင်းကရော နယ်စပ်ကရော တင်သွင်းထားခဲ့တာ တွေ့ရပါတယ်။ ၂ဝ၁ဝခုနှစ် စက်တင်ဘာကနေ ၂ဝ၁၁ခုနှစ် ဧပြီလဆန်းအထိ ပုဂ္ဂလိက ကဏ္ဍကနေ တင်သွင်းခဲ့တာဟာ စုစုပေါင်း 92 Rom  ဂါလံ ၂၃ဝ သိန်းကျော်တင်သွင်းခဲ့တာပါ။ ဒါက အရင်ပြည်တွင်းမှာ ပေးနေကျ ဓာတ်ဆီအပြင် ပြည်ပက ပိုသွင်းလာတဲ့ အခြေအနေပါ။ တင်သွင်းသမျှ အကုန်ဖြန့်သလား                     ပုဂ္ဂလိက ကဏ္ဍကနေ တင်သွင်းလိုသမျှ ခွင့်ပြုခဲ့လို့ ပုဂ္ဂလိကနေ တင်သွင်းတဲ့ဆီက များပြားလှပါတယ် ။ဒီဆီတွေအားလုံး ကို တင်သွင်းတဲ့ကုမ္ပဏီကဆိုင်မှာ အကုန်ရောင်းသလား...? ၊ တခြားနည်းလမ်းနဲ့ ရောင်းချမှုတွေကောရှိသလား...? ၊ တင်သွင်းသမျှအကုန်ဖြန့်သလား...? ဆိုတာတွေကို ဆက်စပ်စဉ်းစား ကြည့်တဲ့အခါ ကျွန်တော့်အနေနဲ့ အဖြေထုတ်လို့ မရခဲ့ပါဘူး။ မြန်မာနိုင်ငံရဲ့ စက်သုံးဆီဈေးနှုန်း                       ကျွန်တော်တို့နိုင်ငံရဲ့ ၂ဝ၁၁ ဧပြီ ၈ ရက်က စက်သုံးဆီရောင်းဈေးတွေကိုကြည့်တဲ့အခါ ပုဂ္ဂလိက စက်သုံးဆီ အရောင်းဆိုင်မှာ ဓာတ်ဆီတစ်ဂါလံ ၂၅ဝဝ ကျပ်၊ ဒီဇယ်တစ်ဂါလံ ၄ဝဝဝ ကျပ်နဲ့ ရန်ကုန်မှာ ရောင်းချတာပါ။ လမ်းကြားပြင်ပ အရောင်းဆိုင်တွေက ဓာတ်ဆီ တစ်ဂါလံ ၅ဝဝဝ ကျပ်၊ ဒီဇယ်ဆီ တစ်ဂါလံ ၃၈ဝဝ ကျပ်ပါ။ နေပြည်တော်နဲ့ မန္တလေးမှာတော့ ပုဂ္ဂလိကဓါတ်ဆီဈေးတူပြီး၊ ဒီဇယ်ဈေးက ၄၄ဝဝ ကျပ်နဲ့ ရောင်းတာပါ။ လမ်းဘေးပြင်ပအရောင်းဆိုင်တွေက ဓါတ်ဆီ ၅၄ဝဝ ကျပ်၊ ဒီဇယ်တစ်ဂါလံ ၄၅ဝဝ ကျပ်နဲ့ ရောင်းချနေတာ တွေ့ရပါတယ်။ အဲဒီဈေးတွေကို ဧပြီ ၈ ရက်နေ့က ပြင်ပမှာ ရောင်းဝယ် ဖြစ်နေတဲ့ 1 US$ ရောင်းဝယ်ဈေး၊ ၈၆၅ ကျပ်နဲ့တွက်ချက်တဲ့အခါ ဓါတ်ဆီဈေးက ပုဂ္ဂလိကဆိုင်ရောင်းဈေး 3.47 US$  နဲ့ ပြင်ပဈေး 4.50 US$  ဖြစ်ပြီး၊ ဒီဇယ်ကတော့ စွမ်းအင်ဝန်ကြီးဌာနဈေး 2.89 US$  နဲ့ ပုဂ္ဂလိကဆိုင်ဈေး 4.15 US$  ဖြစ်တာတွေ့ရပါ တယ်။ ပြည်ပနိုင်ငံတွေရဲ့စက်သုံးဆီဈေးနှုန်း                 ပတ်ဝန်းကျင်နိုင်ငံရဲ့ ဈေးနှုန်းတွေမှာတော့ ဘရူနိုင်း နိုင်ငံကလွဲရင် ကျန်နိုင်ငံရဲ့ ဈေးနှုန်းတွေဟာ ဓါတ်ဆီတစ်ဂါလံ ၃.၈   US$ ကနေ ၇.၅၃ US$ထိရှိပြီး၊ ဒီဇယ်တစ်ဂါလံရဲ့ ဈေးနှုန်းဟာ ၅.၈၉ US$ ကနေ ၈.၂၄ US$ထိရှိတာ တွေ့ရပါတယ်။ ဥရောပနိုင်ငံတွေထဲမှာတော့ ဓာတ်ဆီတစ်ဂါလံ ၈.၉၁  US$ ကနေ ၁ဝ.၇၄ US$ ထိရှိတာ တွေ့ရပြီး၊ ဒီဇယ်ဆီကတော့ ၈.၈ဝ US$ ကနေ ၁ဝ.၃၉ US$ ထိဖြစ်ပေါ်နေတာတွေ့ရပါတယ်။ ဧပြီ ၇၊ ၈ ရက်နေ့က နိုင်ငံတကာ စက်သုံးဆီဈေးနှုန်းတွေကို သိရှိနိုင်ဖို့ ဖော်ပြပေးထားပါတယ်။ အဖြေ                 သေချာပြီပေါ့ စက်သုံးဆီ တင်သွင်းတဲ့အရေအတွက် နိုင်ငံတော်က တာဝန်ယူတုန်းကထက် များတယ်။ ဒါပေမယ့် ပြည်တွင်းမှာ ပုဂ္ဂလိက ကနေ ပြန်ရောင်းတာက သုံးပုံတစ်ပုံပဲရှိပြီး၊ သုံးပုံနှစ်ပုံ ပျောက်နေတယ်။ အိမ်နီးချင်းနိုင်ငံ စက်သုံးဆီဈေးနှုန်းတွေက မြန်မာ့စက်သုံးဆီ ဈေးနှုန်းထက် များနေတယ်ဆိုတာတွေ့ရပါတယ်။ စီးပွား ရေး ပညာမှာလည်း ကုန်စည်သည် ဈေးနှုန်းနိမ့်ရာမှ ဈေးနှုန်းမြင့်ရာ သို့ စီးဆင်း၏လို့ ဆိုထားတော့.. သေချာတာက ပြည်တွင်းမှာ မရောင်းတဲ့ စက်သုံးဆီတွေဟာ ? ? ? ? ? ဓါတ်ဆီဆိုင်မှာ ကားတန်း စီပြီး၊ အမြတ်နဲ့ရောင်းစားနေတဲ့ စက်သုံးဆီတွေရော ဘာလဲ၊ ..ဘယ်လဲ၊ မိမိနိုင်ငံကလွဲရင် ကျန်တဲ့နိုင်ငံတွေက ဈေးပိုကြီးတာတွေ့ရပါတယ်။ ဥရောပနိုင်ငံတွေရဲ့ စက်သုံးဆီ ဈေးနှုန်းက ၂ ဆလောက်ပိုမိုမြင့်မားနေပါတယ်။ ပေးကာ ပေး၏မရ                 နိုင်ငံတော်သည် အစစ အရာရာ တာဝန်ယူဆောင်ရွက်ရာ မှ တံခါးဖွင့်ဈေးကွက်စီးပွားရေးစနစ်နှင့် အညီ ပုဂ္ဂလိကကဏ္ဍ မြှင့်တင်ပြီး ပုဂ္ဂလိကသို့ လုပ်ငန်းများကို စနစ်တကျဖြင့် ငြင်သာစွာ တစ်ဆင့်ပြီးတစ်ဆင့် ပြောင်းလဲဆောင်ရွက်ပေးခဲ့တာတွေ့ရပါတယ်။ ဒါဟာလည်း ပြည်သူတစ်ရပ်လုံးအတွက် စစ်မှန်တဲ့စေတနာ၊ နိုင်ငံတော်ရဲ့အကျိုးစီးပွားအတွက် ဆောင်ရွက်ပေးခဲ့တာပါပဲ။ အခုထိ ဓာတ်ဆီဈေးနှုန်းတွေ မတက်ရလေအောင် ၂၅ဝဝ ကျပ်ဈေးနဲ့ နိုင်ငံတော်က ပုဂ္ဂလိကဆိုင်တွေဆို ရောင်းချပေးနေဆဲပါ။ ဒီအခြေ အနေကို အခွင့်ကောင်းယူအတ္တဆန်တဲ့ တစ်ကိုယ်ကောင်း သမား တိုင်းပြည်နဲ့လူမျိုးမျက်နှာမထောက် ပြည်သူတစ်ရပ်လုံး ရဲ့ဒုက္ခကို ဂရုမစိုက်ဘဲ ပြောင်ပြောင်တင်းတင်း၊ မှောင်ခိုရောင်းခြင်းဆိုတဲ့ အလုပ်ကို အတ္တသမားလူနည်းစုက ဆောင်ရွက်ခဲ့ကြပါတယ်။ ဓါတ်ဆီဆိုင် တန်းစီဆီထုတ် မှောင်ခိုရောင်းချခြင်းအလုပ်ကို လုပ်ခဲ့ကြပါတယ်။ဒါကြောင့် ပြည်သူလူထုတစ်ရပ်လုံး အစစအရာရာ အဆင်ပြေစိတ်ချမ်းသာအောင် ဆောင်ရွက်ပေးခဲ့ပေမယ့် နိုင်ငံတော်ရဲ့ စေတနာဟာ ပြည်သူလူထုထံမရောက် ဘေးက အတ္တ သမား လက်တစ်ဆုတ်စာ လူတန်းစားများကြောင့်......။                                                                   ပေးကားပေး၏ မရပါတကား....။ ၇-၃-၁၁ ရက်နေ့မှ ၈-၄-၁၁ ရက်နေ့အတွင်း မြန်မာနိုင်ငံနှင့် အိမ်နီးချင်းနိုင်ငံများ၏ စက်သုံးဆီရောင်း ဈေးနှုန်းများ နှိုင်းယှဉ်ချက် Source: Ministry of Foreign Affairsမှတ်ချက်။ မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံတို့၏ ရောင်းဈေးနှုန်းများမှာ ၈-၄-၁၁ ရက်နေ့ ရောင်းဈေးနှုန်းများဖြစ်ပါသည်။ * စွမ်းအင်ဝန်ကြီးဌာနမှ လက်ရှိရောင်းဈေးနှုန်းများဖြစ်သည့် ဒီဇယ်ဆီ တစ်ဂါလန် လျှင် ၃ဝဝဝ .ဝဝ ကျပ်၊ ဓာတ်ဆီ တစ်ဂါလန်လျှင် ၂၅ဝဝ .ဝဝ ကျပ်နှင့် ဂျက် လေယာဉ်ဆီတစ်ဂါလန်လျှင် ၂၅ဝဝ .ဝဝ ကျပ်တို့ကို ၈-၄-၁၁ ရက်နေ့ရှိ ပြင်ပ ဈေးကွက်ငွေလဲလှယ်နှုန်း ၁  US$ = ၈၆၅ ကျပ်နှုန်းဖြင့်တန်ဖိုးသင့် တွက်ချက် ထားခြင်းဖြစ်ပါသည်။  ဥရောပနိုင်ငံများ၏ စက်သုံးဆီရောင်းဈေးနှုန်းနှိုင်းယှဉ်ချက်   ၇-၄-၂ဝ၁၁ နေ့ အဓိကမြို့ ကြီးများ၏ စက်သုံးဆီဈေးနှုန်းများစာရင်း  

Tuesday, 5 Apr 2011

လက်တလော ကမ္ဘာ့စားအုန်းဆီဈေးကွက် နဲ့ အလားအလာ                    စားသုံးဆီအတွက်သာမက မာဂျရင်း၊ ချောကလက်စတဲ့ စားသောက်ကုန်မှအစပြုပြီး အလှကုန်ပစ္စည်းများနဲ့ ဇီဝ လောင်စာ အတွက်ပါ အသုံးဝင်တဲ့ စားအုန်းဆီကို ကမ္ဘာတစ်ဝန်းဝယ်လိုအား ကြီးထွားမှုက မြန်ဆန်လို့နေပါတယ်။ အထူးသဖြင့် သဘာဝတွင်း ထွက်လောင်စာဆီရှားပါးမှုတွေ ကြုံတွေ့လာရတာနဲ့အမျှ ဇီဝ လောင်စာ အတွက်ဝယ်လိုအားကလည်း ပိုလို့လာနေမှာဖြစ်ပါတယ်။ ဝယ်လိုအားတက်လာတာနဲ့အညီ ရာသီဥတုအခြေအနေတွေ၊ သဘာဝဘေးဒဏ်တွေအရ ထုတ်လုပ်မှု တိုးတက်အောင် လိုက်မထုတ်နိုင်ဘူးဆိုရင် ကုန်ဈေးနှုန်းတွေက ဖောင်းပွမြင့်တက်နေဦးမှာ ပဲဖြစ်ပါတယ်။ ၂၀၁၁ ခုနှစ် အခင်းအကျင်း                  ၂ဝ၁၁ ရဲ့ ကမ္ဘာ့စားအုန်းဆီဈေးကွက်အခင်းအကျင်းကို လေ့လာကြည့်မယ်ဆိုရင် အများဆုံးထုတ်လုပ်တဲ့ အင်ဒို နီးရှားနဲ့ မလေးရှားတို့မှာ ၂ဝ၁ဝ နှစ်ကုန်ပိုင်းက လာနီညာကြောင့် မိုးရွာသွန်းခဲ့ လို့ စားအုန်းဆီထုတ်လုပ်မှုထိခိုက်ခဲ့ပြီး ပဲပုပ်ဆီအများဆုံးထုတ်လုပ်တဲ့ အာဂျင်တီးနားမှာလည်း ရာသီဥတုပူပြင်းခြောက်သွေ့လို့ ပဲပုပ် အထွက်လျော့တဲ့ အခြေအနေတွေအရ ၂ဝ၁၁ နှစ်ဆန်းမှာ ၃ နှစ် ကျော်အတွင်း စားအုန်းဆီဈေးဟာ ပထမအကြိမ်အနေနဲ့ ပဲပုပ်ဆီ ဈေးထက် မြင့်တက်ခဲ့ပါတယ်။ ဇန်နဝါရီပထမပတ်ထဲမှာ သန့်စင်ပြီး စားအုန်းဆီဈေးက တစ်တန်ကန်ဒေါ်လာ ၁၂၂ဝ ကျော်ခဲ့ပါတယ်။ ဒါ့အပြင် အဲဒီအချိန်မှာဘဲ ဖေဖော်ဝါရီလဆန်း မှာ ကျရောက်မယ့် တရုတ်နှစ်ကူးပွဲတော်အတွက် ဝယ်လိုအားတက်နိုင်လို့ တစ်တန်ကို ရင်းဂစ် ၄ဝဝဝ (ကန်ဒေါ်လာ ၁၃ဝ၈) ထိမြင့်တက်နိုင်တယ်လို့လည်း ခန့်မှန်းခဲ့ကြပါသေးတယ်။                 ဖေဖော်ဝါရီလ ဒုတိယပတ်အတွင်း တရုတ်နိုင်ငံရဲ့ ငွေကြေးမူဝါဒတင်းကျပ်ခဲ့ပေမဲ့ တရုတ်နိုင်ငံရဲ့ ပဲပုပ် ဝယ်လိုအားခိုင်မာမယ့် အလားအလာများအရ စားအုန်းဆီဈေးကလည်း တက်ပြီးရင်း တက်လာခဲ့ကာ သန့်စင်ပြီး စားအုန်းဆီဈေးက တစ်တန် ၁၂၉ဝ ဒေါ်လာကိုရောက်ရှိခဲ့ပါတယ်။ ဖေဖော်ဝါရီလလယ်ပိုင်းမှာ ရေနံ ထုတ်လုပ်တဲ့ လစ်ဗျားမှာ နိုင်ငံရေးမတည်ငြိမ်မှုကြောင့် ရေနံဈေးနှုန်း တွေ မြင့်တက်လာခဲ့တာနဲ့အမျှ ဘိုင်အိုဒီဇယ်နဲ့ဆက်စပ်နေတဲ့ သန့်စင်ပြီး စားအုန်းဆီဈေးကလည်း တစ်တန်ကို ကန်ဒေါ်လာ ၁၃ဝဝ နီးပါးအထိမြင့်လာခဲ့ပါတယ်။ အထူးသဖြင့် ရင်းနှီးမြှုပ်နံှသူတွေ က စိုက်ပျိုးရေးကုန်စည်တွေကို ယုံကြည်မှုခိုင်မာလာခဲ့တဲ့အတွက် ဈေးပိုလာတာလို့လည်း ဆစ်ဒနီအခြေစိုက် ကုန်စည်လေ့လာ ဆန်းစစ်သူတွေက ဆိုပါတယ်။ ပထဝီနိုင်ငံရေးတင်းမာမှုနဲ့ စားအုန်းဆီ                            အနောက်အာရှနဲ့ မြောက်အာဖရိကနိုင်ငံတွေမှာ မသေချာတဲ့ နိုင်ငံရေးအခြေအနေတွေကြောင့် ဇီဝလောင်စာအတွက် စားအုန်းဆီဝယ်လိုအားဟာ အနည်းဆုံးတန်ချိန် ၂ ဒသမ ၅ သန်း အထိ တိုးနိုင်တယ်လို့ မတ် လ ၇ ရက်ကနေ ၉ ရက်အထိကျင်းပတဲ့ စားအုန်းဆီညီလာခံနဲ့ ၂ဝ၁ဝ ပြပွဲမှာလည်း လေ့လာဆန်းစစ်သူ တွေက သုံးသပ်ထားတာ တွေ့ရပါတယ်။ ရေနံဈေးနှုန်းမြင့်တက်မှု၊ စားအုန်းဆီလက်ကျန်နည်းပါးမှုနဲ့ ဝယ်လိုအားတိုးတက်မှုတွေအရ စားအုန်းဆီကြမ်းဈေးနှုန်းက စံချိန်သစ်တင်လောက်တဲ့အထိ မြင့်တက် နိုင်တယ်လို့လည်း ခန့်မှန်းခဲ့ကြပါတယ်။ ဒါပေမဲ့ ယေဘုယျဘဏ္ဍာ ရေးအခြေအနေ ကျဆင်းတာမိုျးနဲ့ ရုတ်တရက်ဈေးကွက်ကျသွားတာ မိုျး မရှိ ဘူးဆိုရင် ဒီနှစ်ရဲ့ စားအုန်းဆီကြမ်းဈေးနှုန်းက ရင်းဂစ် ၃ဝဝဝ (ကန်ဒေါ်လာ ၉၈၉) အောက်ရောက်နိုင်မှာမဟုတ်ဘူးလို့ လည်း ဆိုခဲ့ကြပါတယ်။ ဆူနာမီနဲ့ စားအုန်းဆီ                      အဲဒီလိုဈေးနှုန်းမြင့်တက်နေတဲ့အချိန်မှာ မမျှော်လင့်ပဲ ဂျပန်နိုင်ငံမှာ ငလျင်နဲ့ ဆူနာမီဖြစ်ပွားခဲ့ပြီး ကုန်စည်ဈေးနှုန်းတွေ ကျဆင်းခြင်းနဲ့အတူ စားအုန်းဆီဈေးလည်း လိုက်ပါကျဆင်းခဲ့ရပြန်ပါတယ်။ ဂျပန်နိုင်ငံဟာ လစဉ် စားအုန်းဆီတန်ချိန် ၄ဝဝဝဝ-၅ဝဝဝဝ လောက်ဝယ်ယူနေပြီး ယခုလိုဆူနာမီကြောင့် နျူကလီးယားစက်ရုံ ပေါက်ကွဲပြီး ဝယ်လိုအားတွေကျဆင်းခဲ့တဲ့ ဂယက်က စားအုန်းဆီ ကြိုပွိုင့်ဈေးတစ်တန်ကို ကန်ဒေါ်လာ ၄ဝ-၅ဝ လောက် လျှော့ချ  လိုက်သလိုဖြစ်ခဲ့ပါတယ်။ မတ်လကုန်တဲ့အထိ စားအုန်းဆီကြိုပွိုင့်ရော လက်ငင်းဈေးပါ အကျဘက်ကို ဆင်းလာခဲ့တာ တွေ့နေရပါတယ်။ ဒါတွေက လတ်တလောဖြစ်ပျက်နေတဲ့ စားအုန်းဆီဈေးကွက်ပါ။ ကမ္ဘာ့ထုတ်လုပ်မှုနဲ့ စားသုံးမှု                          ကမ္ဘာ့စားအုန်းဆီထုတ်လုပ်မှုကို လေ့လာကြည့်မယ်ဆိုရင် အမေရိကန်စိုက်ပျိုးရေးဌာနရဲ့ ခန့်မှန်းတွက်ချက် မှုအရ ၂ဝ၁ဝ-၂ဝ၁၁ မှာ စုစုပေါင်းကမ္ဘာ့စားအုန်းဆီထုတ်လုပ်မှု တန်ချိန် ၄၇- ၄၈ သန်းခန့်မှာ အင်ဒိုနီးရှားက တန်ချိန် ၂ဝ-၂၃ သန်းဝန်းကျင်နဲ့ အများဆုံးထုတ်လုပ်တဲ့ နိုင်ငံဖြစ်နေပါတယ်။ မလေးရှားကတော့ တန်ချိန် ၁၇-၁၈ သန်းနဲ့ ဒုတိယနေရာမှာရှိပြီး ထိုင်းနိုင်ငံက တန်ချိန် ၁ ဒသမ ၅ သန်း၊ နိုက်ဂျီးရီးယားက တန်ချိန် ၈ ဒသမ ၅ သိန်း ကျော်၊ ကိုလံဘီယာက တန်ချိန် ၈ ဒသမ ၂ သိန်းနဲ့ အခြားနိုင်ငံတွေက တန်ချိန် ၃ သန်းကျော်ထုတ်လုပ်မှုရှိတယ် လို့ လေ့လာသိရှိရပါတယ်။                       ကမ္ဘာ့စားအုန်းဆီစုစုပေါင်းတင်သွင်းမှုက တန်ချိန် ၃၆ သန်းကျော်ရှိပြီး လူဦးရေအများဆုံးနိုင်ငံတွေဖြစ်တဲ့ အိန္ဒိယက တန်ချိန် ၇ ဒသမ ၂ သန်းနဲ့ အများဆုံးတင်သွင်းရပါတယ်။ ဒုတိယကတော့ တန်ချိန် ၆ ဒသမ ၂ သန်း ကျော်တင်သွင်းတဲ့ တရုတ်နိုင်ငံဖြစ်ပြီး EU-27  က တန်ချိန် ၅ ဒသမ ၂ သန်းကျော်နဲ့ တတိယ၊ ပါကစ္စတန် က တန်ချိန် ၂ ဒသမ ၃ သန်းနဲ့ စတုတ္ထနေရာကအများဆုံး တင်သွင်းမှုရှိတယ်လို့ ဆိုပါတယ်။ မလေးရှားစားအုန်းဆီတင်ပို့မှုမှာ တရုတ်နိုင်ငံကို နှစ်စဉ် တန်ချိန် ၃ ဒသမ ၄၈ သန်းနဲ့ အများဆုံး တင်ပို့ရပြီး၊ အဓိကတင်ပို့ရတဲ့ ကျန်နိုင်ငံတွေကတော့ ပါကစ္စတန်၊ ဥရောပ၊ အိန္ဒိယ၊ အမေရိကန်၊ အီဂျစ်နဲ့ ဂျပန်တို့ဖြစ်တယ်လို့ သိရပါ တယ်။                 စားအုန်းဆီအများဆုံးထုတ်လုပ်တဲ့ အင်ဒိုနီးရှားနဲ့ မလေးရှားနိုင်ငံတွေမှာ ယခင် ၂ နှစ်ဆက်တိုက် လာနီညာ အကျိုး ဆက်ကြောင့် အထွက်နှုန်းတွေကျဆင်းခဲ့ပေမဲ့ ယခုနှစ်မှာတော့ ရာသီဥတုအခြေအနေ ပြန်ကောင်းလာလို့ အထွက်နှုန်း ပြန်မြင့်တက်မယ်လို့ ခန့်မှန်းထားပါတယ်။ မလေးရှားနိုင်ငံရဲ့ အဓိကစိုက်ပျိုးရာ ဆာဗားပြည်နယ်မှာ အထွက်နှုန်းမြင့်တက်လို့ မတ်လမှာ စားအုန်းဆီထုတ်လုပ်မှု ၁၆ ရာခိုင်နှုန်းထိမြင့်တက်မယ်လို့ ခန့်မှန်းထား တာ လည်း ကြားနေရပါတယ်။ တစ်နိုင်ငံလုံးအနေနဲ့ မလေးရှားနိုင်ငံဟာ ၂ဝ၁ဝ ခုနှစ်မှာ တန်ချိန် ၁၆ ဒသမ ၉ သန်း ထွက်ရှိခဲ့ရာက ၂ဝ၁၁ ခုနှစ်မှာ တန်ချိန် ၁၇ ဒသမ ၈ သန်းအထိထွက်နိုင်ပြီး အင်ဒိုနီးရှား နိုင်ငံကလည်း ယခင်နှစ်က တန်ချိန် ၂၁ ဒသမ ၉ သန်းထွက်ရှိခဲ့ရာက တန်ချိန် ၂၃ ဒသမ ၇ သန်းကို တိုးလာနိုင်တယ်လို့ လန်ဒန်အခြေ စိုက် ွGodrej International မှဒါရိုက်တာ Dorcb Mistry က မတ်လ ၉ ရက်မှာ ခန့်မှန်းပြောကြားထားပါတယ်။ဟင်းသီးဟင်းရွက် ဆီစားသုံးမှုအနေနဲ့ တရုတ်နိုင်ငံက ၈ ရာခိုင်နှုန်းမြင့်တက်နိုင်ပြီးဆီထွက်ရှိမှုနဲ့ လက်ကျန်စာရင်းတွေ ထုတ်ပြန်တဲ့အချိန် ရင်းနှီးမြှုပ်နံှ သူတွေက ဈေးနှုန်းအပြောင်းအလဲလုပ်လာဖွယ်ရှိတယ်လို့လည်း ဆိုပါ တယ်။                  ဒီနှစ်စားအုန်းဆီထုတ်လုပ်မှုက မနှစ်ကထက် ပိုမယ့်အခြေအနေတွေ ရှိနေသလို ဝယ်လိုအားကလည်း ဆက်လက်မြင့်တက်မယ့် လက္ခဏာတွေတွေ့နေရပါတယ်။ မတ်လထဲမှာ စားအုန်းဆီဈေး ပြန်လည်ကျဆင်းလာတယ်ဆိုပေမဲ့ မလေးရှားဘာဆာကုန်စည်ဒိုင်မှာ ဖြစ်ခဲ့တဲ့ ဈေးနှုန်းတွေအရ ၂ဝ၁ဝ ဒီဇင်ဘာလမှာ ဖြစ်ပေါ်ခဲ့တဲ့ ပျှမ်းမျှ ဈေးထက် ပိုနေသေးတာတွေ့နေရပါတယ်။ လာမယ့်အလားအလာ အနေနဲ့ ရေနံဈေးနှုန်းတွေမြင့်တက်နေအုံးမယ်ဆိုရင် ဂျပန်ဆူနာမီ အကျပ်အတည်းကြောင့် ဝယ်လိုအားပါးသွားပေမဲ့ စားအုန်းဆီ ဈေးနှုန်းက များများ မကျဆင်းနိုင်ဘူးလို့ ဈေးကွက်လေ့လာ ဆန်း စစ်သူတွေက သုံးသပ်ထားတာတွေ့ရပါတယ်။ ဒါပေမဲ့ ရင်းနှီး မြှုပ်နံှသူတွေအနေနဲ့ကတော့ ပြောင်းလဲနေတဲ့ ရာသီဥတု အခြေ အနေနဲ့ ထုတ်လုပ်မှု၊ ရေနံဈေးနှုန်း၊ ကမ္ဘာ့စီးပွားရေးအပြောင်းအလဲ၊ နိုင်ငံရေး အခြေအနေတွေအရ ပြောင်းလဲတတ်တဲ့ ကုန်စည်ဈေးနှုန်း တွေကို မပြတ်လေ့လာစောင့်ကြည့်ဖို့တော့လိုကြောင်းပါ။ ယုဇန Source : palmoilhq, USDA, mpob  

Pages