Background
အလေးထားရမည့် ဝန်ဆောင်မှုကုန်သွယ်ရေး ဝန်ဆောင်မှုကုန်သွယ်ရေး၏ အခန်းကဏ္ဍ တိုင်းပြည်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရန်အတွက် ကုန်သွယ်မှု လုပ်ငန်းများ တိုးတက်ကောင်းမွန်နေရန် အထူးလိုအပ် ပါသည်။ အထူးသဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် ကုန်သွယ်မှုသည် နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု အား မောင်းနှင်ပေးသော အင်ဂျင် (Engine of Economic Growth) ဖြစ်သည်ဟု ပညာရှင်များက ခံယူထားကြပါသည်။ယေဘုယျအားဖြင့် ကုန်သွယ်မှု (Trade) ဟုဆိုရာတွင် ကုန်စည်(ဝါ)ကုန်ပစ္စည်းများ ကုန်သွယ်ခြင်း(Trade in Goods)နှင့် ဝန်ဆောင်မှုလုပ်ငန်းများ ကုန်သွယ်ခြင်း (ဝါ) ဝန်ဆောင်မှု ကုန်သွယ် ရေး(Trade in Services) ဟူ၍ ကုန်သွယ်မှုပြုလုပ်သည့် နည်းလမ်း နှစ်မျိုးတွေ့ရှိရပါသည်။ ယင်းသို့ကုန်သွယ်မှုနည်းလမ်းနှစ်မျိုးရှိသော်လည်း ကုန်သွယ်မှု (Trade) ဟုဆိုလိုက်လျှင် သာမန်အားဖြင့် ကုန်စည်ဖြင့် ကုန်သွယ်မှု ကို သာပြေး၍မြင်မိကြပါသည်။ ကုန်စည်ဖြင့် ကုန်သွယ်ခြင်းသည် ရှေးပဝေဏသီ ကာလကမှ မျက်မှောက်ကာလအထိ ကုန်သွယ်ရေး ၏ အဓိကအကျဆုံးနှင့် အချိုးအစား အကြီးဆုံးအခန်းကဏ္ဍအဖြစ် ရပ်တည်လျက်ရှိပါသည်။ သို့ရာတွင် ဝန်ဆောင်မှုကုန်သွယ်ခြင်း၏ အခန်းကဏ္ဍမှာ သတင်းအချက်အလက်နည်းပညာ (Information Technology) နှင့် အသိပညာ (Knowledge) ကို အခြေခံထား သော မျက်မှောက်ခေတ်တွင် ပို၍ပို၍ အရေးပါလာသည်ကို တွေ့ရှိရပါသည်။ လက်ရှိအခြေအနေတွင် ကမ္ဘာကြီး၏ တန်ဖိုးမြှင့် ထုတ်ကုန် စုစုပေါင်းတန်ဖိုး၏ သုံးပုံနှစ်ပုံ သည် ဝန်ဆောင်မှုလုပ်ငန်းများ၏ ထုတ် လုပ်မှုတန်ဖိုးများဖြစ်ကြောင်း တွေ့ရှိရပါသည်။ဝန်ဆောင်မှု ကုန်သွယ် ရေး၏ တန်ဖိုးသည် ကမ္ဘာ့စုစုပေါင်းကုန်သွယ်မှုတန်ဖိုးတွင် ပါဝင်မှုမှာ ၂ဝ ရာခိုင်နှုန်းအထက်သို့ ရောက်ရှိလာခြင်း မရှိသေးသော်လည်း ရေရှည်တွင် ဝန်ဆောင်မှုကုန်သွယ်ရေးမှ ရရှိသည့်အားသာချက်များ ကြောင့် ဝန်ဆောင်မှုကုန်သွယ်ခြင်းကို တိုးမြှင့်ဆောင်ရွက်နိုင်ရေး အလေးထားဆောင်ရွက်လာကြပြီး စုစုပေါင်း ပြည်ပကုန်သွယ်မှု တန်ဖိုး (Volume of Trade) တွင် ပါဝင်သည့် ၎င်း၏တန်ဖိုးမှာ ပိုမိုတိုးတက်လာမည်ဟု ခန့်မှန်းထားပါသည်။ ကမ္ဘာ့နိုင်ငံများနှင့် ဝန်ဆောင်မှုကုန်သွယ်ရေး ဝန်ဆောင်မှုကုန်သွယ်ရေးတွင် ဝန်ဆောင်မှုပို့ကုန်များ (Services Export) သည် ဖွံ့ဖြိုးဆဲ နိုင်ငံများ၏ ဖွံ့ဖြိုးတိုးတက်မှု မဟာဗျူဟာတွင် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်လျက်ရှိပါ သည်။ ဥပမာအားဖြင့် အိန္ဒိယနိုင်ငံနှင့် ဗီယက်နမ်နိုင်ငံတို့တွင် ဆော့ဖ် ဝဲလ် (Software) ပို့ကုန်သည် ၎င်းတို့၏ ဖွံ့ဖြိုးတိုးတက်မှု အစီအမံ အတွက် အဓိကကျသည့် ပို့ကုန်ဖြစ်ပါသည်။ ဝန်ဆောင်မှုသွင်းကုန် (Services Import) များသည် ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် လက် ပြောင်း ရရှိမည့်နည်းပညာနှင့် အရင်းအနှီးဖွံ့ဖြိုးမှုမှ တစ်ဆင့် နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုလမ်းကြောင်းပေါ်သို့ ဆွဲတင်သွားနိုင်ပါသည်။သို့ရာတွင် လေ့လာတွေ့ရှိချက်များအရ ဝန်ဆောင်မှု ကုန်သွယ်ရေးလုပ်ငန်းများမှာ အချို့သော ဖွံ့ဖြိုးဆဲနိုင်ငံများ၌ ဖွံ့ဖြိုးမှု အားနည်းလျက်ရှိပါသည်။ အဆိုပါတိုင်းပြည်များ၏ စုစုပေါင်းပြည်ပ ကုန်သွယ်မှု တန်ဖိုး (Volume of Trade) တွင် ဝန်ဆောင်မှု ကုန်သွယ်ရေးတန်ဖိုး (Volume of Services Trade) ပါဝင်မှုမှာ ဖွံ့ဖြိုးပြီးနိုင်ငံများနှင့် နှိုင်းယှဉ်ပါက များစွာလျော့နည်း လျက်ရှိပါသည်။ သို့ရာတွင် ပြီးခဲ့သော ဆယ်စုနှစ်များအတွင်း၌ အချို့သော ဖွံ့ဖြိုးဆဲ နိုင်ငံများ၏ ဝန်ဆောင်မှုကုန်သွယ်ရေးမှာ အလွန်လျင်မြန်သောနှုန်း ဖြင့် ဖွံ့ဖြိုးတိုးတက်လျက်ရှိသည်ကို တွေ့ရပါသည်။ ဖွံ့ဖြိုးပြီးနိုင်ငံများ ၏ဝန်ဆောင်မှုကုန်သွယ်ရေးမှာ ဖွံ့ဖြိုးတိုးတက်မှုအကောင်းဆုံးဖြစ်ပြီး ၎င်းတို့၏ စုစုပေါင်း ပြည်ပကုန်သွယ်မှုတန်ဖိုးတွင် ပါဝင်သော လာ ၉၆၁ ဘီလီယံဖြစ်ပါသည်။ အာရှနိုင်ငံများမှ ကုန်သွယ်မှုထိပ်သီးနိုင်ငံ တရုတ်၏ ၂ဝ၁ဝခုနှစ် ပို့ကုန်ဝန်ဆောင်မှု တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၁၇ဝ ဘီလီယံနှင့် သွင်းကုန် ဝန်ဆောင်မှု တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၁၉၂ ဘီလီယံဖြစ် ပါသည်။ တရုတ်နိုင်ငံသည် ကမ္ဘာ့နိုင်ငံများနှင့် နှိုင်းယှဉ်ပါက ၂ဝ၁ဝ ခုနှစ်၌ ပို့ကုန်ဝန်ဆောင်မှုတန်ဖိုးတွင် စတုတ္ထမြောက်နှင့် သွင်းကုန် ဝန်ဆောင်မှုတန်ဖိုးတွင် တတိယမြောက် အများဆုံးဆောင်ရွက်နိုင်ခဲ့ ကြောင်း တွေ့ရှိရပါသည်။ ဝန်ဆောင်မှုကုန်သွယ်ရေး သတ်မှတ်ပုံစံများ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ကြီ(WTO) ၏ ဝန်ဆောင်မှု ကုန်သွယ်ရေးဆိုင်ရာ အထွေထွေ သဘောတူညီချက်(General Agreement on Trade in Services) တွင် ဝန်ဆောင်မှုကုန်သွယ်ရေး အဖြစ် အသိအမှတ်ပြုနိုင်သည့် ဝန်ဆောင်မှုကုန်သွယ်ရေးပုံစံ (၄) မျိုးကို ဖော်ပြထားပါသည်။ ပထမပုံစံကို Cross Border Trade ဟု သတ်မှတ်ထားပါ သည်။ နိုင်ငံတစ်ခု (သို့မဟုတ်) ၎င်း၏ အခွင့်အာဏာဖြန့်ကျက်ထား သော နယ်ပယ်အပိုင်းအခြားတစ်ခုမှ အခြားနိုင်ငံတစ်ခုသို့ နိုင်ငံဖြတ် ကျော်ဝန်ဆောင်မှုပေးရာတွင် ဝန်ဆောင်မှုလုပ်ငန်းများကို စာတိုက်၊ ဖုန်း၊အီးမေးလ်နှင့် အင်တာနက်တို့မှ တစ်ဆင့် ဝန်ဆောင်မှုပေးခြင်း မျိုးဖြစ်ပါသည်။ ၎င်းသည် သမားရိုးကျကုန်စည်ဖြင့် ကုန်သွယ်ခြင်း ပုံစံနှင့် ဆင်တူဖြစ်ပြီး ဝန်ဆောင်မှုအသုံးပြုသူ(Service Consumer) နှင့် ဝန်ဆောင်မှုဖြန့်ဖြူးသူ (Service Supplier) တို့သည် မိမိတို့၏ သက်ဆိုင်ရာနိုင်ငံ အသီးသီးတွင် နေထိုင်ကာ စာတိုက်၊ ဖုန်း၊ အီးမေးလ်နှင့် အင်တာနက်တို့မှတစ်ဆင့် တိုက်ရိုက်ကူးလူး ဆက်ဆံကြခြင်းဖြစ်သည်။ ထို့အပြင် ကုန်စည်များ ကူးသန်းရောင်း ဝယ်ခြင်းလုပ်ငန်းများအတွက် မရှိမဖြစ် လိုအပ်သော ထောက်ပံ့ ပို့ဆောင်ရေးဆိုင်ရာ ဝန်ဆောင်မှုများကိုလည်း ယင်းပုံစံတွင်ထည့် သွင်းစဉ်းစားပါသည်။ ဒုတိယပုံစံကို Consumption Abroad ဟု သတ်မှတ်ထား ပါသည်။ နိုင်ငံတစ်ခုမှ ဝန်ဆောင်မှု အသုံးပြုသူသည် အခြားနိုင်ငံ တစ်ခုရှိ ဝန်ဆောင်မှုရှိရာသို့ သွားရောက်ကာ ဝန်ဆောင်မှုခံယူ ကြခြင်း (သို့မဟုတ်) အသုံးပြုကြခြင်းမျိုးဖြစ်ပါသည်။ ယင်းသို့သော ဝန်ဆောင်မှုပုံစံမျိုးကို မိမိတို့နိုင်ငံမှ ပြည်ပသို့အပန်းဖြေခရီးသွားခြင်း၊ ပြည်ပသို့ ပညာသင်ကြားရန်သွားခြင်းနှင့် ကျန်းမာရေးအရ ဆေး ကုသရန် ပြည်ပသို့သွားရောက်ခြင်းစသည်တို့တွင် တွေ့ရှိရပါသည်။ တတိယပုံစံကို Commercial Presence ဟု သတ်မှတ်ထားပါသည်။ နိုင်ငံတစ်ခုမှ ဝန်ဆောင်မှု အသုံးပြုသူသည် အခြားနိုင်ငံ တစ်ခုရှိ ဝန်ဆောင်မှုဆောင်ရွက်ပေး သော Firm တစ်ခုမှ မိမိ နိုင်ငံသို့လာရောက်ကာ အခြေစိုက် ဖွင့်လှစ် သော လုပ်ငန်းခွဲ (သို့မဟုတ်) ရုံးခွဲသို့သွားရောက်ကာ ဝန်ဆောင်မှု အသုံးပြုခြင်း မျိုး ဖြစ်ပါသည်။ ပြည်ပ နာမည်ကြီး ဆေးရုံတစ်ခုမှ မိမိတို့နိုင်ငံတွင် ရင်းနှီး မြှုပ်နံှဖွင့်လှစ်ထားသော ၎င်းဆေးရုံပိုင် ဆေးရုံ ခွဲများတွင် တက်ရောက် ဆေးကုသမှုခံယူခြင်း၊ ပြည်ပတက္ကသိုလ် တစ်ခုမှ မိမိတို့နိုင်ငံတွင် ရင်းနှီးမြှုပ်နံှဖွင့်လှစ်ထားသော ၎င်း တက္ကသိုလ်ပိုင်သင်တန်း၊ ကျောင်းများတွင် ပညာတက်ရောက် သင်ကြားခြင်းတို့သည် အဆိုပါ ဝန်ဆောင်မှု ပုံစံတွင် ပါဝင် ပါသည်။ စတုတ္ထပုံစံကို Presence of Natural Persons ဟုသတ်မှတ် ထားပါသည်။ အဆိုပါ စတုတ္ထ ပုံစံကို ဝန်ဆောင်မှုပေးခြင်း (Services) နှင့် ယာယီလုပ်သားအဖြစ် အခစားဝင်ရောက်လုပ်ကိုင်ခြင်း (Short-term Employment) ဟူ၍ ပုံစံနှစ်မျိုးထပ်မံခွဲခြားထားပါ သည်။ နိုင်ငံတစ်ခုရှိ စီးပွားရေးလုပ်ငန်းတစ်ခုအနေဖြင့် ဘဏ္ဍာရေး ဆိုင်ရာ စာရင်းစစ်ဆေးခြင်း ဝန်ဆောင်မှုလုပ်ငန်းကို အခြားနိုင်ငံ တစ်ခုရှိ စာရင်းစစ် Firm တစ်ခု၏ ကျွမ်းကျင်သူ ဝန်ထမ်း (သို့မဟုတ်) အခြားနိုင်ငံတစ်ခုရှိ ပုဂ္ဂလိက စာရင်းစစ် ကျွမ်းကျင်သူတစ်ဦးအား ငှားရမ်းစစ်ဆေးခြင်းမျိုးသည် စတုတ္ထပုံစံ၏ ပထမအမျိုးအစားတွင် ပါဝင်ပါသည်။ နိုင်ငံတစ်ခုရှိ ဆောက်လုပ်ရေးလုပ်ငန်းတစ်ခုအနေဖြင့် အခြားနိုင်ငံတစ်ခုမှ ကျွမ်းကျင်ဝန်ထမ်းအား ယာယီ ကာလအပိုင်း အခြားတစ်ခု သတ်မှတ်စာချုပ်ချုပ်ဆိုခေါ်ယူကာ ယာယီလုပ်သား အဖြစ် အသုံးပြုခိုင်းစေခြင်းသည် စတုတ္ထပုံစံ၏ ဒုတိယအမျိုးအစား တွင်ပါဝင်ပါသည်။ ဝန်ဆောင်မှုနယ်ပယ်များနှင့် သွင်းအားစုများ ဝန်ဆောင်မှုကုန်သွယ်ရေးဆောင်ရွက်နိုင်သော နယ်ပယ် (၁၂) မျိုးကို ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ကြီးမှ သတ်မှတ်ထားပါသည်။ အဆိုပါနယ်ပယ်များမှာ စီးပွားရေးဝန်ဆောင်မှုလုပ်ငန်း၊ဆက်သွယ် ရေး ဝန်ဆောင်မှု လုပ်ငန်း၊ ဆောက်လုပ်ရေးနှင့် အင်ဂျင်နီယာလုပ်ငန်း များ ပါဝင်ဆက်စပ်နေသော ဝန်ဆောင်မှုလုပ်ငန်း၊ ကုန်ဖြန့်ဖြုူးမှု ဆိုင်ရာဝန်ဆောင်မှုလုပ်ငန်း၊ ပညာရေးဝန်ဆောင်မှုလုပ်ငန်း၊ ပတ်ဝန်း ကျင်ဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်း၊ ဘဏ္ဍာရေးနှင့် ငွေကြေးဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်း၊ ကျန်းမာရေးနှင့်လူမှုရေးဆိုင်ရာ ဝန်ဆောင်မှု လုပ်ငန်း၊ခရီးသွားဝန်ဆောင်မှု လုပ်ငန်း၊ ယဉ်ကျေးမှုနှင့် အားကစား ဖွံ့ဖြိုးမှုဆိုင်ရာ ဝန်ဆောင်မှု လုပ်ငန်း၊ သယ်ယူပို့ဆောင်ရေးဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်း၊ အထက်ဖော်ပြပါ ဝန်ဆောင်မှုလုပ်ငန်းများ တွင် မပါဝင်သော အခြားဝန်ဆောင်မှုလုပ်ငန်းများ ပါဝင်ပါသည်။ အထက်ဖော်ပြပါဝန်ဆောင်မှုနယ်ပယ်များကို ဆောင်ရွက်ရာ၌ လိုအပ်သည့်အထူးပြု သွင်းအားစုများမှာ ဝန်ဆောင်မှု သဘော သဘာဝအရ တူညီမှုမရှိနိုင်ဘဲ ကွဲပြားခြားနားနိုင်ပါသည်။ ဝန် ဆောင်မှု လုပ်ငန်းများအတွက် လိုအပ်သော အထူးပြုသွင်းအားစုများကို အခြေခံကာ ဝန်ဆောင်မှုလုပ်ငန်းများကို လုပ်သားအထူးပြု ဝန်ဆောင်မှုလုပ်ငန်း (Labour Intensive Services)၊လုပ်သားနှင့် မူလရင်းမြစ်အထူးပြုဝန်ဆောင်မှုလုပ်ငန်း (Labour and Resource Intensive Services) ၊ ကျွမ်းကျင်မှုနှင့် နည်းပညာအထူးပြု ဝန်ဆောင်မှုလုပ်ငန်း (Skill and Technology Intensive Services) ဟူ၍ သတ်မှတ်ကြပါသည်။ ဥပမာ-ဆောက်လုပ်ရေး ဝန်ဆောင်မှု လုပ်ငန်းကို လုပ်သားအထူးပြု ဝန်ဆောင်မှုလုပ်ငန်း၊ ခရီးသွားဝန်ဆောင်မှုလုပ်ငန်းကို လုပ်သားနှင့် မူလရင်းမြစ်အထူးပြု ဝန်ဆောင်မှုလုပ်ငန်း၊ ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်းကို ကျွမ်းကျင်မှုနှင့် နည်းပညာအထူးပြုဝန်ဆောင်မှုလုပ်ငန်းဟူ၍ ယေဘုယျ အားဖြင့် သတ်မှတ်နိုင်ပါသည်။ ရေရှည်အကျိုးစီးပွားနှင့် ဝန်ဆောင်မှုကုန်သွယ်ရေး ဝန်ဆောင်မှုကုန်သွယ်ရေးကို လေ့လာကြည့်မည်ဆိုပါက ရင်းမြစ်များ အားပြုရယူ သုံးစွဲရသည့် ဝန်ဆောင်မှုလုပ်ငန်းများနှင့် ရင်း မြစ်များကို ရယူသုံးစွဲမှုနည်းပါး သည့် ဝန်ဆောင်မှုလုပ်ငန်းများဟူ၍ အကြမ်းဖျဉ်းအားဖြင့် ထပ်မံခွဲခြားနိုင်ပါသည်။ ရင်းမြစ်အားပြု သုံးစွဲ ရသည့် ဝန်ဆောင်မှုလုပ်ငန်းသည် ရင်းမြစ်အားပြုသုံးစွဲသည့် ကုန်စည်ထုတ်လုပ်မှုများအပေါ်တွင် မြင်သာသည့် နှိုင်းယှဉ်အားသာချက်ကို ဖော်ပြ ရန် မလွယ်ကူသော်လည်း ရင်းမြစ်သုံးစွဲခြင်း နည်းသည့် ဝန်ဆောင်မှုလုပ်ငန်း သည်ရင်းမြစ်အားပြုသုံးစွဲရသည့် ကုန်စည်ထုတ်လုပ်မှုများအပေါ်တွင် နှိုင်းယှဉ် အားသာချက် များစွာ ရှိပါသည်။ ရင်းမြစ်သုံးစွဲခြင်းနည်းသည့် ဝန်ဆောင်မှု လုပ်ငန်းများတွင် လုပ်သားအင်အား၊ ကျွမ်းကျင်မှုနှင့် နည်းပညာများမှာ အလွန်အခ ရကျသော သွင်းအားစုများဖြစ်ပါသည်။ ၎င်းသွင်းအားစုများသည် ရင်းမြစ်အားပြု သုံးစွဲရသည့် ကုန်စည်ထုတ်လုပ်မှု လုပ်ငန်းများ၏ အဓိကသွင်းအားစုများဖြစ်သည့် သဘာဝသယံဇာတများ၊ အခြားကုန်ကြမ်းများ၊ လောင်စာစွမ်းအားများနှင့် နှိုင်းယှဉ်ပါက ထုတ်နုတ်သုံးစွဲမှုကြောင့် ရေရှည်တွင် အရင်းအမြစ်များကုန်ခမ်း နိုင်ခြင်း၊ ပတ် ဝန်းကျင်ယိုယွင်းပျက်စီးမှု များ ဖြစ်ပေါ်ခြင်း၊ လူမှုပတ်ဝန်းကျင်အား ခြိမ်း ခြောက်ခြင်းကဲ့သို့ ဆိုးကျိုးများမရှိသလောက် နည်းပါးသည်ကို တွေ့ရပါသည်။ အထက်ဖော်ပြပါအချက်များနှင့် ဆက်စပ်ကြည့်မည်ဆိုပါက ရင်းမြစ်များကို ရယူသုံးစွဲမှုနည်းပါးသော ဝန်ဆောင်မှုကုန်သွယ်ရေး လုပ်ငန်းများသည် အနာဂတ် တွင် ရေရှည်တည်ငြိမ်မှုရှိပြီး အာမခံချက် ပေးနိုင်သည့် ဖွံ့ဖြိုးတိုးတက်မှု မျိုး(Sustainable Development) ကိုရောက်ရှိအောင် ဆောင်ကြဉ်းပေးနိုင်ရေး အတွက် ကြီးစွာသော အထောက်အပံ့ဖြစ်စေသည်ဟု ပညာရှင်များက ယူဆကြပါ သည်။ ဝန်ဆောင်မှုကုန်သွယ်ရေး တိုးမြှင့်ရန် ဝန်ဆောင်မှုကုန်သွယ်ရေးကို တိုးမြှင့်ဆောင်ရွက်မည့် အစီအမံများကို ချမှတ် ဆောင်ရွက်ရာ၌ ကနဦးအနေဖြင့် မိမိတို့နိုင်ငံမှ အားသာချက်ရှိသည့် သွင်းအားစု များဖြင့် ဆောင်ရွက်နိုင်သည့် ဝန်ဆောင်မှုလုပ်ငန်းများကို အခြေခံကာ စဉ်းစား လုပ်ဆောင်သွားရမည်ဖြစ်ပါသည်။ ဆက်လက်ပြီး အနာဂတ်အကျိုး မျှော်ကိုးကာ ရေရှည်တွင် အာမခံချက်ရှိသည့် ဖွံ့ဖြိုးတိုးတက်မှုမျိုးကို အထောက် အပံ့ပေးနိုင် သော ဝန်ဆောင်မှုကုန်သွယ်ရေးသို့ တဖြည်းဖြည်း ကူးပြောင်းနိုင်ရေး ရေရှည် စီမံချက်များကို ရေးဆွဲဆောင်ရွက်ရပါမည်။ ဝန်ဆောင်မှုကုန်သွယ်ရေးတိုးမြှင့်ရန်အတွက် အဓိက လိုအပ်သော နည်း ပညာ၊ အခြေခံ အဆောက်အဦနှင့် ကျွမ်းကျင်မှု အရည်အသွေးများရရှိရန်အတွက် ဝန်ဆောင်မှုလုပ်ငန်းများ၌ နိုင်ငံခြား ရင်းနှီးမြှုပ်နံှမှု(FDI)များ ပိုမိုတိုးတက် ရရှိရေး ဆောင်ရွက်ရန် လိုအပ်ပါသည်။ဆက်လက်ပြီး သတင်းအချက်အလက် နည်းပညာ နှင့် ထောက်ပံ့ပို့ဆောင်ရေးဆိုင်ရာ အခြေခံအဆောက်အဦများကိုလည်း ဟန်ချက် ညီညီဖွံ့ဖြိုးတိုးတက်ရန်လိုအပ်ပါသည်။ ယင်းကဲ့သို့ အခြေခံ လိုအပ်များ ပြည့်စုံမည် ဆိုပါက နိုင်ငံ၏ဝန်ဆောင်မှုလုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်လာမည်ဖြစ်ပါသည်။ ဝန်ဆောင်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှ နိုင်ငံ၏ ဝန် ဆောင်မှု ကုန်သွယ်ရေးသည်လည်း မလွဲမသွေတိုးတက်ဖွံ့ဖြိုးလာမည် ဖြစ်ပါသည်။ ထိုမှတစ်ဆင့် နိုင်ငံ၏ ကုန်သွယ်မှုမြှင့်တင်ရေး အစီအစဉ်ကို တိုက်ရိုက် အကျိုးပြု သွားနိုင်မည်ဖြစ်ပါသည်။
သမင်လည်ပြန် ကြည့်မိသည် ၄၄ နှစ်ပြည့် အာဆီယံ အခြေအနေနှင့် အချိန်အခါကောင်း ၂ဝ၁၁ ခုနှစ် သြဂုတ် ၈ ရက်နေ့သည် အာဆီယံ (အရှေ့တောင်အာရှနိုင်ငံများအသင်း) ၏ ၄၄ နှစ်မြောက် မွေးနေ့ (ဝါ) အာဆီယံဖွဲ့စည်းတည်ထောင်သည့် နှစ်ပတ်လည်နေ့အား (၄၄)ကြိမ် မြောက်ကျင်းပခဲ့သော နေ့ဖြစ်ပါသည်။ အာဆီယံကို သက်ရှိလူသား တစ်ယောက်အဖြစ် တင်စားရှုမြင်မည်ဆိုပါက သက်တမ်းလေးဆယ် ကျော်ခဲ့ပြီးဖြစ်၍ အာဆီယံသည်လူလားမြောက်ခဲ့ပြီဟု ဆိုရပေတော့ မည်။ တစ်နည်းအားဖြင့်ဆိုရလျှင် အာဆီယံသည် ကိုယ်စွမ်းဉာဏ်စွမ်း အပြည့်ဝဆုံးသော အချိန်ကိုရရှိပိုင်ဆိုင်ထားပြီး ရှေ့ဆက်ရမည့်ခရီး ကို အားအင်ပြည့်ပြည့်၊ အတွေ့အကြုံ ြွကယ်ြွကယ်ဖြင့် ရင်ဆိုင် လျှောက်လှမ်းနိုင်ရန် အစွမ်းအစများ ပြည့်ဝလျက်ရှိနေပြီဖြစ်ပါသည်။ အခြေအနေ အချိန်အခါအရ အာဆီယံအတွက် ၎င်း၏အနာဂတ်ကို လက်ရှိအနေအထားထက် ပိုမိုတောက်ပြောင်အောင် ဖန်တီးနိုင်မည့် အချိန်အခါကောင်းသို့ ရောက်ရှိနေချိန်ဟုလည်း ဆိုနိုင်ပါသည်။ တာထွက်နှေးသော်လည်း ဖွံ့ ဖြိုးချိန်တွင် အရှိန်ကောင်းနေ အာဆီယံ ( ASEAN- Association of Southeast Asian Nations) ဟုလူသိများသော အရှေ့တောင်အာရှနိုင်ငံများအသင်း မှာ ၁၉၆၇ ခုနှစ် သြဂုတ် ၈ ရက်နေ့၌ ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် လက်မှတ်ရေးထိုး ထုတ်ပြန်ခဲ့သော ဘန်ကောက်ကြေညာချက် ( Bangkok Declaration) နှင့်အတူ ပေါ်ထွက်လာခဲ့သော ဒေသ တွင်းအဖွဲ့အစည်းတစ်ခု ဖြစ်ပါသည်။ စတင်ဖွဲ့စည်းစဉ်က အင်ဒိုနီးရှား၊ မလေးရှား၊ ဖိလစ်ပိုင်၊ စင်ကာပူနှင့် ထိုင်းနိုင်ငံတို့သာ ပါဝင် ခဲ့ပါသည်။ ဒေသတွင်းနိုင်ငံရေးနှင့် စီးပွားရေးတို့၌ ပူးပေါင်းဆောင်ရွက်ရန်ဟူသော အခြေခံမူဘောင်ဖြင့် အာဆီယံကိုဖွဲ့စည်းခဲ့သော် လည်း ဖွဲ့စည်းပြီးဆယ်စုနှစ်တစ်စုကာလအထိ ခိုင်မာသောရေရှည် မျှော်မှန်းချက်၊ အမြဲတမ်းလုပ်ငန်းစဉ်များနှင့် ပဋိညာဉ်တို့ကို တိတိ ကျကျ သတ်မှတ်ဆောင်ရွက်နိုင်ခဲ့ခြင်းမရှိပါ။ အာဆီယံ၏ ပထမဦးဆုံးဆွေးနွေးပွဲ ( First ASEAN Summit) ကိုပင် အာဆီယံဖွဲ့စည်းပြီး ကိုးနှစ်အကြာ ၁၉၇၆ ခုနှစ်မှသာ အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်း၌ စတင်ခေါ်ယူကျင်းပနိုင်ခဲ့ပါသည်။ ၁၉၈၄ ခုနှစ်တွင် ဘရူးနိုင်းနိုင်ငံသည် အာဆီယံ၏ ဆဋ္ဌမမြောက် အဖွဲ့ဝင်နိုင်ငံအဖြစ် အာဆီယံအဖွဲ့သို့ ဝင်ရောက်ခဲ့ပါသည်။ အာဆီယံ အတွက် လက်ရှိ၌အရေးပါလျက်ရှိသော အာဆီယံဒေသတွင်းဖိုရမ် (ASEAN Regional Forum) ကို ၁၉၉၄ ခုနှစ်တွင် စတင်ကျင်းပ နိုင်ခဲ့ပါသည်။ ယင်းနောက် ၁၉၉၅ ခုနှစ်တွင် ဗီယက်နမ်နိုင်ငံသည် အာဆီယံ၏ သတ္တမမြောက်အဖွဲ့ဝင်နိုင်ငံဖြစ်လာခဲ့ပြီး ၁၉၉၇ ခုနှစ် တွင် လာအိုနှင့် မြန်မာနိုင်ငံတို့သည် အာဆီယံ အဖွဲ့ဝင်နိုင်ငံများ ဖြစ်လာခဲ့ပါသည်။ ၁၉၉၉ ခုနှစ်တွင် ကမ္ဘောဒီးယား နိုင်ငံသည် အာဆီယံ၏ ဒသမမြောက်အဖွဲ့ဝင်နိုင်ငံများ ဖြစ်လာခဲ့ပါ သည်။ ထိုအချိန်မှစ၍ အရှေ့တောင်အာရှရှိ နိုင်ငံများအားလုံး (လက်ရှိတွင် အရှေ့တီမောနိုင်ငံမပါ) ပါဝင်သည့် တက်ြွက၍ အား ကောင်း သောဒေသတွင်း အဖွဲ့အစည်းတစ်ခုအဖြစ် အခိုင်အမာ ရပ်တည်ခဲ့ပါသည်။ အာရှတိုက်၌ အခြားသော ဒေသတွင်းဆိုင်ရာ အဖွဲ့အစည်းများ ရှိသော်လည်း လက်ရှိအချိန်တွင် အာဆီယံသည် အခြားသော ဒေသတွင်းအဖွဲ့များထက် အောင်မြင်မှုများရရှိနေပြီး အလားအလာ အကောင်းဆုံးသော ဒေသတွင်း အဖွဲ့အစည်းအဖြစ် အသိအမှတ်ပြု ခံထားရပါသည်။ ကိုယ်ပိုင်အသွင်လက္ခဏာအပြည့်နှင့် အာဆီယံလမ်းစဉ် အရှေ့တောင်အာရှဒေသတွင်းရှိ နိုင်ငံများကို ခြုံငုံကြည့်လျှင် ဒေသတွင်းရှိ အဖွဲ့ဝင်နိုင်ငံများ၏ ကိုယ်ပိုင်သွင်ပြင်လက္ခဏာ များမှာ အပေါ်ယံတွင် ဆင်တူယိုးမှားဖြင့် အတူတူပင်ဖြစ်သည်ဟု ရုတ်တရက် ထင်မှတ်နိုင်သော်လည်း အတွင်းပိုင်းအနှစ်သာရများတွင် သီးသန့် အသွင်အပြင်စရိုက်လက္ခဏာများ ပြည့်ဝနေပါသည်။ ထိုသို့သော အခြေအနေတွင် အာဆီယံဒေသတွင်း၏ တစ်ခုတည်း သော သွင်ပြင်လက္ခဏာကို သတ်မှတ်ဖော်ပြရန်မှာမူ လွယ်ကူမည် မဟုတ်ပေ။ ဥပမာအားဖြင့် ဘာသာစကား၊ ကိုးကွယ်သည့်အယူဝါဒ များနှင့် ကွဲပြားခြားနားသော မျိုးနွယ်စုများရှိနေသည့်အပြင် ဒေသ တွင်းနိုင်ငံများ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု အဆင့်ကွာခြားချက် များနှင့် နိုင်ငံရေးအတွေးအခေါ်များ၌ပါ ကွဲပြားခြားနားမှုများရှိနေပါသည်။ သို့ဖြစ်ရာ မတူကွဲပြားမှုများဖြင့် ပေါင်းစည်းထားသော အာဆီယံအဖွဲ့ကြီး၏ လမ်းစဉ်နှင့်ချဉ်းကပ်မှု နည်းလမ်းများသည် အခြားသောဒေသတွင်း အဖွဲ့အစည်းများ၏ လမ်းစဉ်များမှ ခွဲထွက် ကာ ကိုယ်ပိုင်အသွင်လက္ခဏာများဖြင့် ပြည့်ဝနေမည်သာ ဖြစ်ပါ သည်။ အာဆီယံ၏ အခြေခံလမ်းစဉ်သည် မိတ်ဖက်ဆက်ဆံရေးကို အစဉ်ထိန်းသိမ်းကာ ငြိမ်းချမ်းစွာဖြင့် အတူတကွ ပူးပေါင်းဆောင်ရွက်ကြရန်ပင်ဖြစ်ပါသည်။ ထိုလမ်းစဉ်သည် အာဆီယံ၏ အောင်မြင် သောလမ်းစဉ်ဖြစ်ကြောင်းကို ထွက်ပေါ်လာခဲ့သည့် ပူးပေါင်းဆောင်ရွက်မှုရလဒ်များက သက်သေပြလျက်ရှိပါသည်။ အဖွဲ့ဝင်နိုင်ငံများ၏ ကိုယ်ပိုင် အခုျပ်အခြာအာဏာကို လေးစားလျက် အပြန်အလှန် ချစ်ကြည်လေးမြတ်မှုဖြင့် သာတူညီမျှအခွင့်အရေးရရှိစေရေး၊ အဖွဲ့ဝင် နိုင်ငံများ၏ ပြည်တွင်းရေးရာများကို အခြားအဖွဲ့ဝင်နိုင်ငံများက ဝင်ရောက်စွက်ဖက်ခြင်းမပြုရေး၊ မည်သို့သော အငြင်းပွားမှုများနှင့် ပြဿနာများကိုမဆို အကြမ်းဖက်ဖြေရှင်း မှုမျိုးကို လက်မခံဘဲ သံတမန်နည်းလမ်းအရသာ ငြိမ်းချမ်းစွာ ညှိနှိုင်းပေါင်းစပ် အဖြေရှာ ရေး စသော အာဆီယံ၏အမြုတေ စည်းမျဉ်းများကို လေ့လာကြည့် မည်ဆိုပါက ကိုယ်ပိုင်အသွင်လက္ခဏများနှင့် အနှစ်သာရ ပြည့်ဝ နေသော အာဆီယံလမ်း စဉ်ကိုရှင်းရှင်းလင်းလင်းတွေ့မြင်နိုင်ပါသည်။ ဒေသအတွင်း၌ဖြစ်ပွားခဲ့သော ပြဿနာများအတွက် ဆွေးနွေး ညှိနှိုင်းအဖြေရှာခြင်း သည် အကောင်းဆုံးသော နည်းလမ်း (ဝါ) အာဆီယံ၏ ကိုယ်ပိုင်လမ်းစဉ်အဖြစ် အာဆီယံက ခံယူထားပြီး ယင်း ခံယူချက်ကို နိုင်ငံတကာအသိုင်းအဝိုင်းမှလည်း အစဉ်လေးစား လိုက် နာခဲ့သည်ကို တွေ့ရှိရပါသည်။ အထူးသဖြင့် အာဆီယံ လမ်းစဉ်သည် ဒေသတွင်းပူးပေါင်းဆောင်ရွက်မှုကို ပိုမိုအားကောင်းစေခဲ့ပြီး ပြဿနာများနှင့် အငြင်းပွားမှု များ ဖြစ်ပေါ်မှုကိုလျှော့ချနိုင်ခဲ့ပါသည်။ပေါ်ပေါက်လာသော ပြဿနာများ၌ အကြမ်းဖက်မှု အနည်းဆုံး အဆင့်ထိ လျှော့ချနိုင်ခဲ့ပြီးနောက် ပြဿနာကိုအကြမ်းဖက်ဖြေရှင်း ခြင်းနည်းလမ်းမှ ဆွေးနွေးညှိနှိုင်းအဖြေရှာရေးလမ်းပေါ်သို့ ရောက်ရှိ အောင် ဆောင်ကြဉ်းနိုင်ခဲ့ပါသည်။ ဆက်လျှောက်ရမည့် သုံးပွင့်တစ်ခိုင် အာဆီယံအသိုက်အဝန်း ရည်မှန်းချက် အာဆီယံအဖွဲ့ဝင် နိုင်ငံများအနေဖြင့် ကျစ်လျစ်ခိုင်မာသည့် အာဆီယံ အသိုက်အဝန်းတစ်ခု တည်ထောင်ရေးကို အာဆီယံမျှော် မှန်းချက် ၂ဝ၂ဝ ၏ အစိတ်အပိုင်းတစ်ခုအနေဖြင့် လမ်းပြ မြေပုံရေး ဆွဲကာ စနစ်တကျအကောင် အထည်ဖော်လျက်ရှိပါသည်။ အာဆီယံအသိုက်အဝန်းဟူသော ဘုံခေါင်းစဉ်အောက်တွင် အာဆီယံနိုင်ငံ ရေးနှင့် လုံခြုံရေးအသိုက်အဝန်း၊ အာဆီယံ စီးပွားရေးအသိုက်အဝန်း နှင့် အာဆီယံလူမှုယဉ်ကျေးမှု အသိုက်အဝန်းဟူ၍ ခေါင်းစဉ်သုံးခု ခွဲခြားကာ သက်ဆိုင်ရာခေါင်းစဉ်ခွဲအလိုက် လမ်းပြမြေပုံ ၂ဝဝ၉- ၂ဝ၁၅ ကို အချိန်အပိုင်းအခြားသတ်မှတ်ထားပြီး ရည်မှန်းချက်နှင့် လုပ်ငန်းစဉ်များကို အစီအစဉ်တကျရေးဆွဲကာ အကောင်အထည် ဖော်လျက် ရှိပါသည်။ လမ်းပြမြေပုံတစ်ခုချင်းအလိုက် အဖွဲ့ဝင်နိုင်ငံများအနေဖြင့် လုပ်ငန်းတာဝန် များကို အကောင်အထည်ဖော်ဆောင်ရွက်လျက် ရှိရာတွင် သက်ဆိုင်ရာလုပ်ငန်းစဉ် အသီးသီး၌ တိုးတက်မှု စဉ်ဆက်မပြတ်ရရှိရန်အတွက် အကဲဖြတ်စောင့် ကြည့်ခြင်း လုပ်ငန်းစဉ်ကိုလည်း အဆင့်အလိုက်ထည့်သွင်း ဆောင်ရွက်လျက်ရှိပါသည်။ ယင်းသို့ ဆောင်ရွက်လျက်ရှိသည့်တိုင် အာဆီယံ အသိုက်အဝန်း၏ ကြီးမားကျယ်ပြန့်သည့် လုပ်ငန်းစဉ်များအောက်ရှိ ရည်မှန်းချက်အသီးသီးကို အချိန်ပြည့် မီအောင် ဆောင်ရွက်ပြီးစီးရန်အတွက် ရေရာသည့် အာမခံချက်ပေးနိုင်ရန် ကြိုးစားနေဆဲ ဖြစ်ပါ သည်။ ခြုံငုံလေ့လာကြည့်မည်ဆိုပါက သုံးပွင့်တစ်ခိုင် အာဆီယံအသိုက်အဝန်း ရည်မှန်းချက် အောင်မြင်ရန်အတွက် ရှေ့ဆက်လျှောက်လှမ်းရမည့် ခရီးများကျန်ရှိနေ ပါသည်။ ခိုင်မာသည့် မျှော်မှန်းချက်နှင့်အတူ လှပသည့်အနာဂတ်သို့ အာဆီယံအနေဖြင့် အာဆီယံမျှော်မှန်းချက် ၂ဝ၂ဝ (ASEAN Vision 2020) ကို ၁၉၉၇ ခုနှစ်ကပင် အခိုင်အမာချမှတ်ထားခဲ့ပြီးဖြစ်ပါသည်။ လက်ရှိအခြေ အနေတွင် စုစုပေါင်းပြည်တွင်းအသားတင်ထုတ်လုပ်မှုတန်ဖိုး အမေရိကန်ဒေါ်လာ ၁ ဒသမ ၉ ထရီလီယံရှိနေပြီး စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနှုန်းအနေဖြင့် နှစ်စဉ် ပျှမ်းမျှ ၅ ရာခိုင်နှုန်းကျော်အထိ စီးပွားရေးတိုးတက်မှုများ ရရှိနေသော အာဆီယံ အနေဖြင့် အာဆီယံမျှော်မှန်းချက် ၂ဝ၂ဝ ကိုအောင်မြင်အောင် အကောင်အထည် ဖော်နိုင်မည့် အလားအလာများကို တွေ့မြင်နေရပါသည်။ အခြားတစ်ဖက်မှလည်း စုစုပေါင်းလူဦးရေ သန်း ၆ဝဝ ကျော်ရှိသော မတူကွဲပြားခြားနားမှုများစွာဖြင့် ပေါင်း စည်းထားသည့် အာဆီယံ၏ ဘုံမျှော်မှန်းချက်များ အပြည့်အဝ အကောင်အထည် ဖော်ရန်အတွက် အခက်အခဲ၊ အဟန့်အတားများနှင့် ခြိမ်းခြောက်မှုများလည်း ရှိနေ ပါသည်။ သို့ရာတွင် အတိတ်ကို သမင်လည်ပြန်ကြည့်မည်ဆိုပါက အာဆီယံသည် မည်သည့်အခက်အခဲ အကျပ်အတည်းမိုျးကိုမဆို ၎င်း၏ညှိနှိုင်းပေါင်းစပ်၍ ငြိမ်းချမ်း သော နည်းလမ်းသုံးပြုအဖြေရှာခြင်း မူဝါဒလမ်းစဉ်ကို ကျင့်သုံးကာ ကျော်လွှား နိုင်ခဲ့သည် သာ ဖြစ်ပါသည်။ အချုပ်အားဖြင့်ဆိုသော် အာဆီယံသည် ၎င်း၏ ကိုယ်ပိုင်အသွင်လက္ခဏာ နှင့် အနှစ်သာရပြည့်ဝသည့် အာဆီယံလမ်းစဉ် (ASEAN Way) မှ သွေဖည်ခြင်း မရှိဘဲ ချစ်ကြည်ရင်းနှီးမှုနှင့် ပေါင်းစည်ခြင်းအားကိုအခြေပြုကာ ပွင့်လင်းမြင်သာ မှုများကို ပိုမိုတိုးတက်အောင် တည်ဆောက်သွားခြင်းဖြင့် မိမိတို့၏ ခိုင်မာသော မျှော်မှန်းချက်နှင့် အတူလှပသောအနာဂတ်ကို ရရှိပိုင်ဆိုင်သွားနိုင်မည်ဟု ယုံကြည် မိပါသည်။
ပိုးသတ်ဆေးအန္တရာယ်နဲ့ စားသုံးသူကာကွယ်ရေး ယခုတလောပြည်တွင်းက စားပင် သီးနံှစိုက်ခင်းအချို့မှာ ကွဲျနွားများ အဆိပ် သင့်တဲ့သတင်း၊ သီးနံှများခူးဆွတ်တဲ့ တောင်သူလယ်သမားများ မူးဝေ၊ အော့အန်ကြ တဲ့ သတင်းတွေကို ကြားသိရပါတယ်။ ပိုးသတ်ဆေး ကို ရေရှည်ကိုင်တွယ် အသုံးပြုနေကြတဲ့ တောင်သူလယ်သမားများ အနေနဲ့ စနစ်တကျသုံးစွဲမှုမရှိရင် ကာလကြာတဲ့အခါ ကင်ဆာရောဂါ အထိဖြစ် ပွားစေနိုင်ပြီး သက်တမ်းစေ့မ နေရဘဲ အသက်ဆုံးရှုံးကြရကြောင်းလည်း လေ့လာ သိရှိရပါတယ်။ စိုက်ပျိုးရေးကို အားထားနေတဲ့ ကျွန်မတို့နိုင်ငံမှာ အဓိကအင်အားဖြစ်တဲ့ တောင်သူလယ်သမားတွေနဲ့ သူတို့ရဲ့ လုပ်ငန်းခွင်လက်တွဲဖော်ဖြစ်တဲ့ ကွဲျနွားတွေ ကျန်းမာ သန်စွမ်းစွာ စိုက်ပျိုး ထွန်ယက်ထုတ်လုပ်နိုင်ဖို့ အရေးကြီးပါတယ်။ သူတို့ တစ်တွေ ရောဂါအန္တရာယ်တွေခံစားရပြီး၊ အသက်ဆုံးရှုံးကြရရင် နိုင်ငံအတွက် နစ်နာ ဆုံးရှုံးမှု ကြီးမားလှပါတယ်။ ဒါကြောင့်စိုက်ပျိုးရေး လုပ်ငန်းသုံး ပိုးသတ်ဆေးများနဲ့ စပ်လျဉ်းလို့ လေ့လာ ကြည့်မိပါတယ်ရှင်။ စိုက်ပျိုးရေးလုပ်ငန်းသုံး ပိုးသတ်ဆေးများ တင်သွင်းမယ်ဆိုရင် လယ်ယာစိုက် ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ပိုးသတ်ဆေးမှတ်ပုံတင်အဖွဲ့ထံတင်ပြပြီး စစ်ဆေးမှုများပြုလုပ်၍ ထောက်ခံချက်ရရှိတဲ့အခါ သွင်းကုန်လိုင်စင်ကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှာ လျှောက်ထားရမှာဖြစ်ကြောင်း သိရှိရပါ တယ်။ တရားဝင်တင်သွင်းခွင့်ပြုတဲ့ ပိုးသတ်ဆေးဘူး များပေါ်မှာ ဓာတုဆေးဝါးများ ပါဝင်မှုအချိုးအစား အသုံးပြုရမယ့်ပမာဏ၊ အသုံးပြုပုံနည်းစနစ်များနဲ့ သတိထား ရမယ့်အချက်များကို တင်သွင်းမယ့်နိုင်ငံရဲ့ ဘာသာစကားနဲ့ ဖော်ပြထားရမှာပါ။ ဥပမာ-မြန်မာနိုင်ငံက မှာယူတင်သွင်းရင် ဘူးပေါ် မှာ မြန်မာဘာသာနဲ့ ဖော်ပြပေးခြင်းဖြင့် အသုံးပြုမယ့် တောင်သူလယ်သမားများက ဖတ်ရှုပြီး စနစ်တကျ သုံးစွဲနိုင်မှာပါ။ တရားမဝင် လမ်းကြောင်းများမှ တင်သွင်းလာတဲ့ ကန့်သတ်တားမြစ် ထားတဲ့ ပိုးသတ်ဆေးများ မှာတော့ မြန်မာဘာသာ နဲ့ ဖော်ပြထားခြင်းမရှိတာမို့ သုံးစွဲတဲ့ တောင်သူလယ်သမားကလည်း စိတ်ထဲထင်သလို အချိန်အဆမဲ့ အသုံးပြု နေကြတာမျိုးရှိနိုင်ပါတယ်။ ဒါကြောင့်လည်း အန္တရာယ်ဖြစ်ကြတာပါ။ ပိုးသတ်ဆေး များကို ကိုင်တွယ်အသုံးပြုနေ တဲ့ တောင်သူလယ်သမားများအနေနဲ့ ပိုးသတ်ဆေး သုံးစွဲမှုဆိုင်ရာ ပညာပေးသင်တန်းများကို တက်ရောက်ဖို့ အရေးကြီးပါတယ်။ သို့မှသာ ပိုးသတ်ဆေးများကို ကိုင်တွယ် အသုံးပြုရာမှာ လိုက်နာရမယ့် နည်းစနစ်များနဲ့ သတိထားရမယ့် အချက်များကို တိတိကျကျသိရှိလိုက် နာနိုင်မှာဖြစ်ပါတယ်ရှင်။ တီဗွီမှန်သားပြင်ထက်မှာ ကြည့်နေရတဲ့ စိုက်ပျိုးရေးလုပ်ငန်း သုံး ပိုးသတ်ဆေးကြော်ငြာတွေမှာ ပြည်သူချစ်တဲ့ အနုပညာရှင် မော်ဒယ်လ်လေးများရဲ့ လှလှပပဝတ်စားဆင်ယင်မှုတွေနဲ့ အတူ တေးသံသာများနဲ့ လှုပ်ရှားသရုပ်ဆောင်ကြပုံလေးတွေကို ကြည့်နေရင်း အခုချက်ချင်းအဲဒီပိုးသတ်ဆေးတွေ အပြေးသွားဝယ်ပြီး ပိုးသတ်ဆေးတွေကို မြူးမြူးြွက ြွကလှလှပပ ပက်ဖျန်းလိုက်ချင်ပါရဲ့ ရှင်။ လက်တွေ့သုံးစွဲကြမယ့် တောင်သူလယ်သမားတွေလည်း ဒီကြော်ငြာတွေကြည့်ရင်း ပိုးသတ်ဆေးကို အကာအကွယ်မဲ့ သုံးနေကြ လေမလား၊ နှာခေါင်းစည်း၊ လက်အိတ်၊ အင်္ကျီရှည်၊ ဘောင်းဘီရှည်တွေ လုံလုံခြုံခြုံဝတ်ဆင်ပြီးမှ ပိုးသတ် ဆေးသုံးရမယ် ဆိုတဲ့ အသိပညာကို ဒီကြော်ငြာတွေ က ပေးနိုင်ပါ့မလားလို့ တွေး မိပါတယ်ရှင်။ ပိုးသတ်ဆေးများကို အကာအကွယ်မဲ့လွယ်လင့်တကူ အသုံးပြု ရင်း ကာလကြာရှည်လာရင် အရေပြားကင်ဆာ၊ အစာအိမ်လမ်းကြောင်း၊ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါတွေ၊ အာရုံကြော ထိခိုက်တဲ့ ရောဂါတွေဖြစ်ပွားနိုင်တယ်လို့စိုက်ပျိုးရေး ပညာရှင်များ က ပြောပါတယ်။ မြန်မာနိုင်ငံ အော်ဂဲနစ်ဆိုင်ရာ စာတမ်းဖတ်ပွဲရဲ့ ဆွေးနွေးချက်များအရ မြန်မာနိုင်ငံမှာ ကင်ဆာရောဂါဖြစ်ပွားမှု နှုန်းများပြားလာတဲ့အတွက် ဆန်းစစ်တဲ့အခါ အဓိကအားဖြင့် လယ်ယာ စိုက်ပျိုးရေးသမားတွေ၊ အထူးသဖြင့် ပိုးသတ်ဆေး ကိုင်တွယ်သုံးစွဲနေသူတွေမှာ ကင်ဆာရောဂါအများဆုံးဖြစ်နေကြောင်း၊ ကျေးလက်ဒေသက တောင်သူလယ်သမား မိသားစုများမှာ အများဆုံးကင်ဆာဖြစ်ပွားတာ တွေ့ရှိရကြောင်း ကြားသိရပါတယ်။ ပိုးသတ်ဆေးထိတွေ့သုံးစွဲနေသူတွေမှာ တွေ့ကြုံရတဲ့ ဝေဒနာ များကတော့ ပျို့အန်ခြင်း၊ အရေပြားကင်ဆာ ဖြစ်ခြင်း၊ မျက်လုံး ထဲကို ပိုးသတ်ဆေးဝင်လို့ မျက်စိပျက်စီးခြင်းတို့ဖြစ်ပါတယ်။ ဒါတွေကိုလေ့လာမိရင်း က ရှေးယခင် က သဘာဝအတိုင်း ရိုးရိုး ရှင်းရှင်း နေထိုင်စားသောက်ရင်း ရောဂါကင်းရှင်း၊ ကျန်းမာ သန်စွမ်း၊ အသက်ရှည် စွာ နေထိုင်လာခဲ့ကြတဲ့ ကျေးလက်တောင်သူလယ် သမားတို့ရဲ့ အစဉ်အလာကို သတိရမိပါတယ်ရှင်။ နိုင်ငံတကာမှာလည်း ပိုးသတ်ဆေးကြောင့် ကျန်းမာရေး ထိခိုက်ဆုံးရှုံးရတဲ့ စိုက်ပျိုးရေးလုပ်သားများရဲ့ သတင်းတွေကို လေ့လာတွေ့ရှိရပါတယ်။ အိန္ဒိယနိုင်ငံရဲ့ ဝါစိုက်ခင်း လုပ်သား အများစုမှာ ရောဂါအမျိုးမျိုးခံစားကြရပြီး အချိန်မတိုင်မီ အသက် ဆုံးရှုံးကြရပါတယ်။ ဒါကြောင့် သေဆုံးသူများကို စစ်ဆေးတဲ့အခါ ပိုးသတ်ဆေးဓာတ်ြွကင်းတွေက အရိုး၊ ခြင်ဆီ၊ ကလီစာအနံှ့အပြား မှာ ရောက်နေပြီး ကင်ဆာရောဂါဝေဒနာ ဖြစ်ပွားနေတာ တွေ့ရပါသတဲ့။ ဒါ့အပြင် ဝါစိုက်ခင်းရဲ့ မြေကြီးတွေကိုယူပြီး စစ်ဆေးတော့ လည်း ပိုးသတ်ဆေးဓာတ်ြွကင်းအများအပြားပါရှိတဲ့ မြေသား တွေဖြစ်နေပါတယ်တဲ့။ ဒီမြေကြီးတွေနဲ့ ဒီစိုက်ပျိုးပင်တွေပေါ်မှာ ရှိ ကြတဲ့အင်းဆက်ပိုးမွှားများကအစ သက်ရှိသတ္တဝါတွေ ပိုးသတ် ဆေးဓာတ်ြွကင်းကြောင့် ပျက်စီးဆုံးရှုံးကြပြီး သဘာဝပတ်ဝန်းကျင် ဖောက်လွဲဖောက်ပြန်ဖြစ်စေပါတယ်လို့ သိရပါတယ်။ ပိုးသတ်ဆေးသုံးထားပြီးနောက် ဆွတ်ခူးရမယ့် စောင့်ဆိုင်း ကာလ (Pre Harvest Interval-PHI) ကို တိတိကျကျလိုက်နာမှု မရှိဘဲ ခူးဆွတ်ရောင်းချ စားသုံးကြလို့ ပိုးသတ်ဆေးရဲ့ ဘေးထွက် ဆိုးကျိုးအန္တရာယ်ကြုံတွေ့ရတဲ့ ဖြစ်ရပ်များကိုလည်း ကြားသိရပါ တယ်ရှင်။ ပိုးသတ်ဆေးရောင်းချတဲ့ အရောင်းဌာန ဆိုင်များအနေနဲ့လည်း ပိုးသတ် ဆေးဖျန်းခွင့်လိုင်စင်ရှိ သူကိုသာ ရောင်းချပေးရ မှာဖြစ်ပါတယ်။ လွယ်လင့်တကူ ရောင်းချနေတာကို လွယ်လွယ်ဝယ်ပြီး လွယ်လွယ်သုံးရင်ဖြင့် ဘေးအန္တရာယ် များကို အလွယ်တကူ ရယူ ကြရပါလိမ့်မယ်။ သီးနံှများသိုလှောင်ထားတဲ့ အခန်းတွင်းမှာ ပိုးသတ်မှိုင်း တိုက်လုပ်ငန်း (Fumigation) လုပ်ရာမှာလည်း သတိထား ရမှာပါ။ Celphos ဆိုတဲ့ ဆေးပြား ၂ ပြား ၃ ပြားကို လေလုံတဲ့ အခန်းထဲမှာ ထည့်ထားရင် ပိုးသာမက လူပါသေစေနိုင်တယ် လို့ သိရပါတယ်။ နေအိမ်ရဲ့အောက်ထပ်မှာ ကောက်ပဲသီးနံှများသို လှောင်ပြီး ပိုးသတ်ဆေးပြားထည့်၊ ပိုးသတ်ဆေးဖျန်းပြီး အပေါ်ထပ် မှာ မိသားစုအိပ်နေရင်း အဆိပ်ငွေ့ကြောင့် မိသားစုလိုက် သေဆုံး ခဲ့ကြတာလည်း ကြားခဲ့ဖူးပါတယ်။ အလွန် အန္တရာယ်ကြီးတာမို့ မပေါ့ဆ စေချင်ပါဘူးရှင်။ စိုက်ပျိုးရေးသုံးပိုးသတ်ဆေးများ အကြောင်း စိတ်ဝင်တစား လေ့လာမိရင်းက လူသားတွေကို အန္တရာယ်ဖြစ်စေတဲ့ ပိုးသတ်ဆေး နောက်တစ်မျိုးရဲ့ အကြောင်းကိုပါ သိရှိလာရပါတယ်။ ဒါကတော့ ပြည်ပအိမ်နီးချင်းနိုင်ငံများက တင်သွင်းလာ တဲ့ ခြင်ဆေးခွေတွေရဲ့ အကြောင်းပါ။ ဒီခြင်ဆေးခွေတွေကို စစ်ဆေးတဲ့အခါ Meperfluthrim ဆိုတဲ့ အဆိပ်ပမာဏက WHO ကခွင့်ပြုထားတဲ့ သုည ဒသမ ဝ၃ ရာခိုင်နှုန်းထက် ၃-၄ ဆမကပိုများနေတာ စစ်ဆေးတွေ့ ရှိရလို့ တင်သွင်းခွင့်မပြုဘဲ တားဆီးခဲ့ရပါတယ်။ သို့ပေမယ့် တရားမဝင် လမ်းကြောင်းနဲ့ ခိုးပြီးဝင်လာတဲ့ ဒီခြင်ဆေးခွေတွေကို အချို့သောဆိုင်များမှာ ရောင်းသူနဲ့ ဝယ်ယူသဘောတူ ရောင်းချ ဝယ်ယူအသုံးပြုနေကြဆဲပါလို့ ကြားသိရပါတယ်။ တချို့ကလည်း နံ့သာဖြူ ရနံ့ကလေးသင်း သင်းမွှေးနေတဲ့ ခြင်ဆေးခွေရဲ့ ရနံ့ရယ်၊ သုံးလိုက်တာနဲ့ ခြင်ပေါက်စကမကျန် တဖြုတ်ဖြုတ်နဲ့ ပြုတ်ကျသေ ဆုံးတာမြင်ရလို့ရယ် သိပ်သဘောကျပါသတဲ့။ သူတို့က ပြောကြ သေးတယ်။ ''အဆိပ်ကြောင့် ရောဂါရမှာကနောက်၊ ခုလောလော ဆယ် ခြင်ကိုက်မခံရရင် ပြီးရော'' တဲ့၊ ကဲ--- ကောင်းကြသေးရဲ့ လားရှင်--- ဒါကြောင့်ပစ္စည်းတင်သွင်းသူတွေကို တရားဝင်လမ်းကြောင်း မှ မှန်မှန်ကန်ကန်တင်သွင်းခြင်းဖြင့် မိမိနိုင်ငံသူ နိုင်ငံသား စားသုံး သူများကို အကာအကွယ်ပေးစေလိုကြောင်း မေတ္တာရပ်ခံ ပါရစေ လား၊ ''ဘယ်သူသေသေ ငတေမာရင်ပြီးရော''ဆိုတဲ့ ဝိသမ လောဘစိတ်နဲ့ မမှန်ကန်တာတွေကို မှောင်ခိုတင်သွင်းလာရင် မိမိ နိုင်ငံသားများပဲ ထိခိုက်နစ်နာကြရမှာပါရှင်။ ပိုးသတ်ဆေးများကို ကိုင်တွယ်အသုံးပြုသူတွေကလည်း စနစ် တကျသုံး စွဲခြင်းဖြင့် မိမိကိုယ် မိမိကာကွယ်ကြစေလိုပါတယ်။ အိမ်ရှင်မများ ဈေးဝယ်သွားရင် အမြင်မလှသော်လည်း ပိုးဖောက် ရာပါတဲ့ ဟင်းသီးဟင်းရွက် ကို ရွေးဝယ်ခြင်းဖြင့် ပိုးသတ်ဆေးအန္တရာယ်က လွတ်ကင်းပါလိမ့်မယ်။ ဒါမှမဟုတ်ရင်လည်း မချက်ပြုတ် ခင်မှာ ဟင်းသီးဟင်းရွက်များ ကို ရေစိမ်ထား၊ ရေစင်စင်ဆေးကြော ပြီးမှ ချက်ပြုတ်ပါ၊ အစိမ်းစားမယ့် အစား ချက်ပြုတ်ပြီးမှ စားပါလို့ တိုက်တွန်းလိုပါတယ်။ စားသုံးသူများကို ပိုးသတ်ဆေးရဲ့ ဘေးအန္တရာယ်က အကာ အကွယ်ပေးကြဖို့လိုအပ်သလို စားသုံးသူများ ဘက်ကလည်း အသိရှိရှိ သတိရှိရှိဖြင့် မိမိကိုယ်မိမိ ကာကွယ်ကြပါစို့လားရှင်။
ပြည်ပဈေးကွက်ဝယ်လိုအားရှိတဲ့ တန်ဖိုးမြှင့်ထုတ်ကုန်နှမ်းလှော်မှုန့် မြန်မာ့နှမ်းဟာ နိုင်ငံတကာဈေးကွက်နယ်ပယ်မှာ နေရာရရှိထား တဲ့ပြည်ပပို့ကုန်ပစ္စည်းတစ်မျိုးပဲဖြစ်ပါတယ်။ မြန်မာ့နှမ်းကို နိုင်ငံတကာဈေးကွက်အတွင်းသို့ တင်ပို့ရောင်းချ ရာမှာ နှမ်းလှော်မှုန့်ပြုလုပ်ပြီးတင်ပို့ရောင်းချခြင်းက ပိုမိုတွက်ခြေကိုက်တယ်လို့ ဆိုပါတယ်။ နှမ်းများကို ကုန်ကြမ်းအတိုင်းသန့်စင်ပြီး ပြည်ပသို့ တင်ပို့ခြင်းထက် နှမ်းတန်ဖိုးမြှင့်ထုတ်ကုန် နှမ်းလှော်မှုန့် (White Sesame Powder) အဖြစ် ထုတ်လုပ်ခြင်းဖြင့် ဈေးနှုန်းပိုမို ရရှိလာခြင်း၊ တန်ဖိုးမြှင့်ထုတ်လုပ်မှု နည်းပညာများ ရှာဖွေလေ့လာ တိုးတက်မှုရှိခြင်း၊ အပြည်ပြည်ဆိုင်ရာ တန်ဖိုးမြှင့်ဈေးကွက်တွင် နေရာ ရလာခြင်း၊ အလုပ်အကိုင် အခွင့်အလမ်းများ ပိုမိုရရှိခြင်းနဲ့ ဒေသတွင်း အသေးစားနှင့် အလတ်စား စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက် လာခြင်းစတဲ့ အကျိုးကျေးဇူးများရရှိလာမှာဖြစ်ပါတယ်။ မြန်မာနိုင်ငံ မှ နှမ်းကို ဂျပန်၊ တောင်ကိုရီးယား၊ စင်ကာပူ၊ တရုတ်နဲ့ မလေးရှား နိုင်ငံတို့က နှစ်စဉ်ပုံမှန် ဝယ်ယူနေကြကြောင်း သိရပါတယ်။အဲဒါ ကြောင့်လည်း နှမ်းလှော်မှုန့်ထုတ်လုပ်သူလုပ်ငန်းရှင်ကြီးများဟာ အဲဒီ ဈေးကွက်ကိုအခြေပြုပြီး ထုတ်လုပ်တင်ပို့လျက်ရှိကြပါတယ်။ မြန်မာနိုင်ငံမှာ နှမ်းကို တင်ပို့လျက်ရှိရာမှာ ၂ဝဝ၇-၂ဝဝ၈ ခုနှစ်မှာ တန်ချိန် ၁၁၇ဝဝဝ ကျော်တင်ပို့နိုင်ခဲ့ပြီး၊ ၂ဝဝ၈- ၂ဝဝ၉ခုနှစ်မှာ တန်ချိန် ၁ဝဝဝဝဝ ကျော်တင်ပို့နိုင်ခဲ့ပါတယ်။ ၂ဝဝ၉- ၂ဝ၁ဝ ခုနှစ်မှာတော့ တန်ချိန် ၉ဝဝဝဝ နီးပါးနဲ့ ၂ဝ၁ဝ-၂ဝ၁၁ခုနှစ် မှာ တန်ချိန် ၈ဝဝဝဝ နီးပါး တင်ပို့နိုင်ခဲ့တာကို တွေ့ရှိရပါတယ်။ ဒါပေမယ့် နှမ်းကို သန့်စင်ပြီး ပြည်ပတင်ပို့တဲ့ ပမာဏကများနေပြီး နှမ်းကို Value Added ပြုလုပ်ပြီးတင်ပို့တဲ့ပမာဏက တော်တော် လေးနည်းနေသေးတာ တွေ့ရပါတယ်။ ဒါကြောင့် နှမ်းတွေကိုValue Added ပြုလုပ်ပြီး ပြည်ပဈေးကွက်သို့ များများတင်ပို့ရန် လိုအပ် နေသေးကြောင်း ပို့ကုန်လုပ်ငန်းရှင်တစ်ဦးက ဆိုပါတယ်။ နှမ်းလှော်မှုန့် ထုတ်လုပ်တဲ့သူတွေ များလာပြီ ယခင်က ပြည်တွင်းမှာ နှမ်းများကို နှမ်းတန်ဖိုးမြှင့်ထုတ်ရန် နှမ်းလှော်မှုန့် (White Sesame Powder) အဖြစ် ထုတ်လုပ်တဲ့ စက်ရုံ ၂ ရုံ ၃ ရုံလောက်ရှိရာက အခုအခါမှာတော့ ပြည်တွင်းစက်မှုဇုန်တွေ မှာ နှမ်းလှော်မှုန့်ထုတ် လုပ်တဲ့ စက်ရုံတွေ အပြိုင်အဆိုင်ထုတ်လုပ် လာတာတွေ့ရပါတယ်။ အဲဒီလို အပြိုင်အဆိုင်ထုတ်လုပ်လာကြတဲ့ အတွက် ပြည်တွင်းစီးပွားရေးလုပ်ငန်းရှင်ကြီးများဟာ နှမ်းလှော်မှုန့်ကို အရည်အသွေးကောင်းအောင် ဖန်တီး ထုတ်လုပ်လာကြတဲ့ အတွက် မြန်မာ့နှမ်းလှော်မှုန့်ဟာ ပြည်ပဈေးကွက်ဝင် ကုန်ပစ္စည်းတစ်ခုအဖြစ် ရပ်တည်လာနိုင်တာကို တွေ့မြင်နေရပါပြီ။ ဒီလုပ်ငန်းတွေထဲမှ ပြည်တွင်းမှာ နှမ်းလှော်မှုန့်တွေကို အောင်မြင်စွာ ထုတ်လုပ်နေတဲ့ ကုမ္ပဏီတွေကတော့ New Golden gate ၊ First Top ၊ အောင်ကျွန်းသာနဲ့ စိမ်းရောင်စိုစတဲ့ ကုမ္ပဏီများပဲဖြစ်ပါတယ်။ ''အရင်တုန်းကဆိုရင် ပြည်တွင်းမှာ နှမ်းလှော်မှုန့်ထုတ်လုပ်တဲ့ စက်ရုံကနည်းပါတယ်။ အခုတော့ ပြည်တွင်းမှာ နှမ်းလှော်မှုန့် ထုတ်လုပ်တဲ့ စက်ရုံတွေ အပြိုင်အဆိုင်ထုတ်လုပ်လာတော့ ကိုယ့် ဘက်ကလည်း အရည်အသွေးကို ဒီထက်ကောင်းအောင် ဈေးကွက် မပျောက်အောင် ဂရုစိုက်ပြီး ထုတ်လုပ်နေရတယ်''လို့ အောင်ကျွန်း သာကုမ္ပဏီမှ မန်နေးဂျင်းဒါရိုက်တာ ဦးစိုးကြင်က ပြောပြခဲ့တာပါ။ ယခင်က နှမ်းလှော်မှုန့်ပြုလုပ်ရာမှာ သဘာဝအတိုင်း ထင်းမီးဖိုကို အသုံးပြုကြပါတယ်။ အဲဒီလိုအသုံးပြု တဲ့အတွက် နှမ်းရဲ့ပင်ကိုယ် သဘာဝပျက်စီးခြင်း၊ ထင်းမီးဖို၏မီးခိုးငွေ့များ ရိုက်ခတ်မှုကို ခံစားရ ခြင်း၊ သဘာဝပတ်ဝန်းကျင်ကို ထိခိုက်စေခြင်းစတဲ့အချက်တွေကြောင့် နှမ်းလှော်မှုန့်ထုတ်လုပ်တင်ပို့သူ လုပ်ငန်းရှင်များဟာ ဖောက်သည်များရဲ့ ငြိုငြင်မှုကို ခံစားခဲ့ကြရပါတယ်။ နိုင်ငံခြားဝယ်လက်များ ဟာ မြန်မာနိုင်ငံကရရှိတဲ့နှမ်းလှော်မှုန့်ကို သဘော ကျနှစ်ခြိုက်ပေမယ့် နှမ်းလှော်မှုန့်ကို သမားရိုးကျ ထုတ်လုပ်ထားတာကြောင့် မူရင်း အရောင်ပျက်ပြားတဲ့အပြင် အနံ့အရသာပါ ပျက်ပြားတဲ့အတွက် ယခင်ကနှမ်းလှော်မှုန့်ထုတ်လုပ်သူတွေဟာ ပြည်ပဝယ်လက်များရဲ့ ငြင်းပယ် (Reject) လုပ်ခြင်းကို မကြာခဏဆိုသလို ခံစားခဲ့ကြရပါ တယ်။ ''ကျွန်တော်တို့ကုမ္ပဏီအနေနဲ့ နှမ်းလှော်မှုန့်တွေ ပြုလုပ်ဖို့ အတွက် သန့်စင်ပြီး နှမ်းဖြူကိုသာ ကုန်ကြမ်း အဖြစ် အသုံးပြုပါတယ်။ သန့်စင်ပြီး နှမ်းဖြူတွေကို နှမ်းလှော်အိုးအတွင်းထည့်ပြီး ထင်းမီးဖိုနဲ့ အပူပေးပြီး ထုတ်လုပ်နေပါတယ်၊ နှမ်းလှော် စက်တွေက အဓိကကိုရီးယားစက်တွေပါ၊ ထုတ်လုပ်မှုပမာဏကတော့ တစ်နေ့ကို ၇ တန်၊ ၈ တန်လောက်ပါဘဲ၊ စက်ရုံ ၂ ရုံဆိုတော့ စုစုပေါင်း ၁၅ တန်လောက်တော့ ထုတ်လုပ်နေပါတယ်။ နှမ်းကို ထင်းမီးနဲ့ လှော်ရတာမှာ အလွန်သတိထားရပါတယ်။ ဘာလို့လဲဆိုတော့ မီးများ သွားရင် ဆီတွေထွက်ပြီး မီးလောင်မှာ စိုးတာကြောင့် ဂရုစိုက်ပြီး ထုတ်လုပ်ရပါတယ်။ ဒါ့အပြင် ပတ်ဝန်းကျင်တွေကို အနံ့မထိခိုက် အောင်လည်း လုပ်ရပါတယ်။ နောက်ပြီး နှမ်းလှော်မှုန့်ထုတ်လုပ် ရာမှာ Colour ဘိုင်အိုစီပယ်နဲ့ Size 3 မျိုးလုံးညီအောင် ထုတ်လုပ် ရတာမို့ စက်နဲ့ လူအပေါ် များစွာ မူတည်နေပါတယ်'' လို့ First Top Group ကုမ္ပဏီမှ ဥက္ကဌဖြစ်သူ ဦးအင်းယားက ရှင်းပြပါတယ်။ မျိုးပြောင်းစိုက်ဖို့ စီစဉ်နေ နှမ်းလှော်မှုန့်ပြုလုပ်ဖို့အတွက် ကုန်ကြမ်းဖြစ်တဲ့ နှမ်းဖြူကို မြန်မာနိုင်ငံအလယ်ပိုင်းဒေသဖြစ်တဲ့ မကွေး၊ မန္တလေးနဲ့ ကျောက်ဆည်ဒေသတွေကနေရရှိတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် လည်း မြန်မာ့နှမ်းဟာ တစ်ဧက အထွက်နှုန်း ၅ တင်းခန့်သာရှိတာကြောင့် ဒီထက်အထွက်နှုန်းများတဲ့ ကိုရီးယားနှမ်းမျိုးကို မကွေးဘက် မှာ ဧက ၁ဝဝဝ လောက်စိုက်မယ်လို့ စီစဉ်ထားကြောင်း သိရပါတယ်။ အဆိုပါကိုရီးယားနှမ်းမျိုးဟာ ရေကြိုက်ပြီး၊ အပင်က ၆ ပေလောက်ရှည်ပြီး အထွက်နှုန်းလည်းများကြောင်း သိရပါတယ်။ ''နှမ်းဖြူကို မကွေးနဲ့ မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်အစ တွေကိုပဲ အများဆုံးသုံးပါတယ်။ ပြည်တွင်းမှာ နှမ်းသီးနံှကုန်ကြမ်း တွေကို ဝယ်ယူသုံးစွဲရတာ အခက်အခဲမရှိပါဘူး အဆင်ပြေပါတယ်။ ကိုယ်ပိုင်ဓာတ်ခွဲခန်းလည်းရှိတော့ နှမ်းရဲ့အရည်အသွေးကို အမြဲ မပြတ်စစ်ဆေးပြီး ဝယ်ယူစုဆောင်းပါတယ်''လို့ အဆိုပါပုဂ္ဂိုလ်ကပဲ ထပ်မံရှင်းပြပါတယ်။ အရေအတွက်များများ အရည်အသွေးကောင်းကောင်း တင်ပို့နေကြပြီ တောင်ကိုရီးယားနိုင်ငံဟာ နှမ်းလှော်မှုန့်ကို အဓိက တင်သွင်း နေတဲ့နိုင်ငံတစ်နိုင်ငံဖြစ်တယ်လို့ ဆိုပါတယ်။ ဒီနှမ်းလှော်မှုန့်ကို ဆီအဖြစ် ပြုပြင်ပြောင်းလဲပြီး ဟင်းချက်ရာမှာ ဟင်းရွက်ဆီအဖြစ် အသုံးပြုကြတယ်လို့ ဆိုပါတယ်။ First Top Group ကုမ္ပဏီမှ ဥက္ကဌဖြစ်သူ ဦးအင်းယားက ''ကျွန်တော်တို့စက်ရုံက နှမ်းလှော်မှုန့်ကို အဓိက တင်ပို့တဲ့နိုင်ငံက ကိုရီးယားနိုင်ငံပါ။ ပြီးခဲ့တဲ့နှစ်က တန် ၂ဝဝဝ ခန့် ရှိပါတယ်။ ဒါပေ မယ့် နှမ်းလှော်မှုန့်ထဲမှာ ကျပ်ခိုးနံ့အနည်းငယ်ပါလို့ ကွန်တိန်နာ ၂ လုံးလောက်ပြန်ပို့ခံရတယ်။ ဒါကြောင့် အခု နှမ်းလှော်မှုန့်ထုတ်လုပ် ရာမှာ ပိုပြီးဂရုစိုက်ထုတ်နေရသလို ဈေးကွက်ကလည်းရှိနေတော့ ပုံမှန်ထုတ် လုပ်နေပါတယ်''လို့ ဆိုပါတယ်။ အောင်ကျွန်းသာကုမ္ပဏီမှ ဦးစိုးကြင်က ''ကျွန်တော်တို့က နှမ်းလှော်မှုန့်ကို ရွှေပြည်သာစက်မှုဇုန် ၃ မှာ ၂ဝဝ၉ ခုနှစ်လောက်က စပြီး ထုတ်လုပ်ခဲ့တာပါ။ တစ်နေ့ကို အရင်က ၁ဝ တန်လောက် ထုတ်လုပ်ပြီး အခုတော့ တစ်နေ့ကို ၁၂ တန်အထိ ထုတ်လုပ်နေ ပါတယ်။ ကုန်ကြမ်းကတော့ နှမ်းဖြူကိုပဲသုံးပြီး သမားရိုးကျထင်းမီးနဲ့ လှော်ပါတယ်။ ထင်းမီးနဲ့ လှော်ရတော့ အခက်အခဲတွေ အများကြီး ရှိပါတယ်။ မီးမများအောင်၊ အနံ့ကင်းအောင် ဂရုစိုက်ရပါတယ်။ အရင်က တစ်လကို ကွန်တိန်နာ အလုံး ၂ဝ လောက် ပုံမှန်တင်ပို့ခဲ့ပါ တယ်။ အဓိကပို့တာတော့ ကိုရီးယားပါ။ အဲဒီတုန်းက အမှုန့်ဖြစ်ရင် ပြီးရောဆိုပြီး ပို့ခဲ့တယ်။ နည်းစနစ်ကလည်း မကျသေးတာကြောင့် ကွန်တိန်နာ ၁၇ လုံးလောက် Reject ဖြစ်ခဲ့ရတယ်။ ဒါကြောင့် နောက်ပိုင်းမှာ အမှုန့်ပြဿနာမရှိအောင် Quality ကောင်းအောင် ထုတ်လုပ်ခဲ့ရတယ်'' လို့ ရှင်းပြပါတယ်။ စိမ်းရောင်စိုကုမ္ပဏီမှ ဒါရိုက်တာ ဦးဟန်ဝင်းက ''ဒီနှမ်းလှော်မှုန့် တွေကို မကွေးမြို့မှာ ၂ဝဝ၉ ခုနှစ် စက်တင်ဘာလလောက်မှာ လုပ်သားအင်အား ၁၅ ဦးနဲ့ စထုတ်လုပ်ခဲ့တာပါ။ ထုတ်လုပ်တာ ကတော့ သမားရိုးကျထင်းမီးနဲ့ပဲ လှော်တာပါ။ စထုတ်လုပ်တုန်းက တစ်နေ့ကို တစ်တန်လောက်ပါပဲ။ အခုနောက်ပိုင်းမှာတော့ တစ်နေ့ကို ၃ တန်အထိ တိုးပြီးထုတ်လုပ်နေပါတယ်။ နှမ်းလှော်မှုန့်ထုတ်လုပ်တဲ့ ကုန်ကြမ်းတွေကတော့ နှမ်းဖြူနဲ့ နှမ်းနက် ၂ မျိုးစလုံးပါ။ စပြီး ထုတ်လုပ်တဲ့အချိန်က ယနေ့အထိ ကိုရီးယားပို့တာ ကွန်တိန်နာအလုံး ၅ဝ လောက်ရှိပါပြီ။ အခုလည်း ဈေးကွက်တောင်းဆိုမှုအရ တောက် လျှောက်ထုတ်လုပ်နေပါတယ်'' လို့ ရှင်းပြပါတယ်။ New Golden Gate ကုမ္ပဏီမှ ဦးအုန်းဆိုင် ကလည်း ''ဒီနှမ်းလှော်မှုန့်တွေကို ကိုရီးယားကိုအဓိကတင်ပို့ ရောင်းချပါတယ်။ စထုတ်လုပ်ကတည်းက အခုချိန်ထိ ကိုရီးယားကို ကွန်တိန်နာအလုံး ၅ဝ လောက်ရှိပြီ။ Reject မရှိသေးဘူး။ ကိုရီးယားပို့တဲ့အခါမှာ Acid value 3% ထက်မပိုအောင် ဂရုစိုက်ရပါတယ်။ ဈေးကွက်မှာ နှမ်းလှော်မှုန့်က Quality ကောင်းတာကြောင့် တောက်လျှောက် ထုတ်လုပ်နေရတယ်''လို့ ဆိုပါတယ်။ အလုပ်အကိုင် အခွင့်အလမ်းများ တိုးပွားလား နှမ်းလှော်မှုန့်ထုတ်လုပ်မှုလုပ်ငန်းဟာ တွင်ကျယ်လာတာနဲ့အမျှ အလုပ်အကိုင်အခွင့်အလမ်းတွေလည်း ပိုမိုရရှိလာပါတယ်။ ဒါ့ပြင် လုပ်သားများ လုပ်ငန်းခွင်ကျွမ်းကျင်ဖို့အတွက် ကိုရီးယားပညာရှင်တွေ မကြာခဏလာရောက်ပြီး သင်တန်းပို့ချပေးနေတာကြောင့် အလုပ် သမားတွေအနေနဲ့ စက်ယူနစ်ကိုင်တွယ်ရာမှာ ပိုမိုအဆင်ပြေလာ ကြောင်း သိရှိရပါတယ်။ နှမ်းလှော်မှုန့်ကို လျှပ်စစ်နဲ့ ထုတ်လုပ်ရာမှာ အားသာချက်တွေ ရှိလာ နှမ်းလှော်မှုန့်ထုတ်လုပ်ရာမှာ သမားရိုးကျထင်းမီး ထက်စာရင် လျှပ်စစ်နဲ့ထုတ်လုပ်ရတာပိုပြီး အဆင်ပြေကြောင်း သိရပါတယ်။ လျှပ်စစ်မီးနဲ့တပ်ဆင်ထားတဲ့နှမ်းလှော်စက်ဟာ ရေဆေးသန့်စင် စက်ရှိတဲ့အတွက် အရည်အသွေး ပိုမိုကောင်းမွန်စေတယ်။ လှော်စက်တွေမှာ အလိုအလျောက်ထိန်းသိမ်းတဲ့စနစ် တပ်ဆင်ထားလို့ နှမ်း ပျက်စီးမှုမရှိဘူး။ နှမ်းရဲ့မူရင်းအရသာမပျက်တဲ့အပြင် ကြပ်ခိုးနံ့ နံခြင်းကိုပါ ကာကွယ်ပေးတဲ့အတွက် ပြည်ပအကြိုက် နှမ်းလှော်မှုန့် အဖြစ် ဈေးကွက်အတွင်း နာမည်ကောင်း ရရှိစေကြောင်း သိရပါ တယ်။ ဒါ့ပြင် စက်နဲ့အအေးခံတဲ့အတွက် အချိန်တိုအတွင်းမှာ များများထုတ်လုပ်နိုင်ပါတယ်။ အမှုန့်ကြိတ်စက်၊ အမှုန့်ချ ဆန်ကာ စက်တွေကလည်း ခေတ်မီ စက်တွေဖြစ်တာကြောင့် ပြည်ပဈေးကွက် အကြိုက် အရည် အသွေးကောင်းတဲ့ နှမ်းလှော်မှုန့်ကို ရရှိနိုင်ကြောင်း သိရပါတယ်။ ဒါ့ပြင် ထင်းမီးကို သုံးစွဲခြင်းဟာ ပတ်ဝန်းကျင်ညစ်ညမ်း မှုကို ဖြစ်ပေါ်စေနိုင်တဲ့အပြင် မီးဘေးအန္တရာယ်ကိုပါ စိုးရိမ်ရပါတယ်။ ဒါကြောင့် ထင်းမီးနဲ့စာရင် လျှပ်စစ်နဲ့အပူပေးပြီး နှမ်းလှော်မှုန့် ပြုလုပ်ခြင်းဟာ ပိုမိုအဆင်ပြေနိုင်ကြောင်း နှမ်းလှော်မှုန့်ထုတ်လုပ်သူ များရဲ့ပြောပြချက်အရ သိရှိရပါတယ်။ အရည်အသွေးကောင်းကောင်း ထုတ်လုပ်နိုင်သည့် ခေတ်မီစက်ရုံများ ဖြစ်ပေါ်လာရန် လိုအပ်နေသေး နှမ်းလှော်မှုန့်ဟာ ကိုးရီးယားဈေးကွက်မှာ ရောင်းတန်းဝင်ပစ္စည်း တစ်မယ်ဖြစ်နေပေမယ့်လည်း ပြည်ပဈေးကွက်ရဲ့လိုအပ်ချက်ကို ပြည့်မီအောင် တင်ပို့နိုင်ခြင်းမရှိသေးတာကို တွေ့ရှိနေရပါတယ်။ First Top ကုမ္ပဏီရဲ့ဥက္ကဌဖြစ်သူ ဦးအင်းယားက''ကျွန်တော် တို့ နှမ်းလှော်မှုန့် ထုတ်လုပ်ရာမှာ လိုအပ်တဲ့ ကုန်ကြမ်းတွေကို ပြည် တွင်းထွက်ရှိရာ ဒေသများမှာ ဝယ်ယူရတာအဆင်ပြေလို့ ကုန်ကြမ်း အတွက် အခက်အခဲမရှိပါဘူး။ နှမ်းလှော်မှုန့်က ကိုရီးယားဈေးကွက် ရဲ့ တစ်နှစ် လိုအပ်ချက်ပမာဏက တန်ချိန် ၈ဝဝဝ ခန့်ရှိနေတယ်။ ပြည်တွင်းရှိ နှမ်းလှော်မှုန့်ထုတ်လုပ်တဲ့ လုပ်ငန်းရှင်တွေ စုစုပေါင်းပို့တဲ့ ပမာဏက တစ်နှစ်ကို တန်ချိန် ၃ဝဝဝ လောက်ပဲရှိတယ်ဆိုတော့ ပြည်ပဝယ်လိုအားက များနေ တယ်။ ပြည်တွင်းထုတ်လုပ်မှုက နည်းနေတော့ ပြည်ပဈေးကွက်ရဲ့ လိုအပ်ချက်ပမာဏကို ပြည့်မီအောင် ထုတ်လုပ် မှုကို မြှင့်တင်ရန် လိုအပ်တယ်'' လို့ ရှင်းပြပါတယ်။ ခေတ်စနစ်တွေ ပြောင်းလဲလာတာနဲ့အမျှ စက်မှုနည်းပညာတွေ လည်း တိုးတက်လာသလို ပြည်တွင်းရှိ နှမ်းတွေကို Value Added ထုတ်လုပ်တဲ့ စက်ရုံတွေများလာပါတယ်။ ဒါပေမယ့် နှမ်းဖြူကိValue Added တန်ဖိုးမြှင့်ထုတ်ကုန် နှမ်းလှော်မှုန့်အဖြစ် ထုတ်လုပ်တဲ့ သမားရိုးကျထင်းမီးနဲ့ ထုတ်လုပ်တဲ့စက်ရုံတွေကများပြီး ခေတ်မီစက်ကြီး ခေတ်မီနည်းပညာနဲ့ ထုတ်လုပ်တဲ့ စက်ရုံက တော်တော်လေး နည်းနေတာတွေ့ရပါတယ်။ နှမ်းဖြူအား ကုန်ကြမ်းအတိုင်း သန့်စင်ပြီး တင်ပို့ရောင်းချခြင်းထက် တန်ဖိုးမြှင့်ထုတ်ကုန်နှမ်းလှော်မှုန့် အဖြစ် ထုတ်လုပ်တင်ပို့ပါက တောင်သူတွေလည်း အကျိုးရှိ ထုတ်လုပ်တင်ပို့ သူတွေလဲ အဆင်ပြေ နိုင်ငံတော်ဘက်ကပါ နိုင်ငံခြားဝင်ငွေ ပိုမိုရရှိ လာတဲ့အတွက် နှမ်းတန်ဖိုးမြှင့်ထုတ်ကုန်နှမ်းလှော်မှုန့်ကို ဒီထက်ပိုပြီး ထုတ်လုပ်တင်ပို့နိုင်ရန် ကြိုးပမ်းဖို့ လိုအပ်ပါကြောင်း ရေးသားလိုက်ရ ပါတယ်။
လျှပ်စစ်ဓာတ်အား သုံးစွဲမှု လျှော့ချနိုင်မဲ့ LED မီးချောင်းများ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များကို အကောင် အထည်ဖော် ဆောင်ရွက်ရာမှာ လျှပ်စစ်ဓာတ်အား ဟာ မရှိမဖြစ် သုံးစွဲရမယ့် ကုန်ထုတ်စွမ်းအားစုတစ်ခုပဲဖြစ်ပါတယ်။ အဲဒီကုန် ထုတ် စွမ်းအားစု မြင့်မားလာတာနဲ့အမျှ နိုင်ငံတစ်ဝန်း စီးပွားရေးလုပ်ငန်း များဟာ ပိုမိုအကောင်အထည်ဖော် ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်။ ဒီလိုဆောင်ရွက်နိုင်ဖို့ အတွက် တစ်ဖက်က ကုန်ထုတ်စွမ်းအားစု တွေကို ပိုမိုတိုးတက်အောင် လုပ်ဆောင်လျက်ရှိ နေပေမယ့် တစ်ဖက် က သုံးစွဲမှုပမာဏ များပြားနေမယ်ဆိုရင်တော့ ဝန်နဲ့အား မျှခြေမှာ မရှိတဲ့အတွက် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုမှာ နှောင့်နှေးမှု တွေဖြစ်ပေါ်လာမှာအမှန်ပါ။ ဒါကြောင့်လည်း ပြည်တွင်းက တီထွင်သူများဟာ ကုန်ထုတ်စွမ်း အားစုတွေ တိုးမြှင့်ထုတ်လုပ်နိုင်ဖို့ နိုင်ငံတော် အတွင်း လျှပ်စစ်ဓာတ် အားတွေ ချွေတာနိုင်ဖို့အတွက် အဖက်ဖက်က စဉ်းစားပြီး လုပ်ဆောင် လျက်ရှိကြပါတယ်။ LED Japan ပြပွဲ မကြာသေးခင်ကပဲ ဂျပန်နိုင်ငံမှာ LED JAPAN Strategies in Light 2011 ပြပွဲတစ်ရပ်ကိုကျင်းပပြီး LED မီးချောင်း မီးသီးတွေကို အသုံးပြုဖို့နဲ့ ပြည် ပနိုင်ငံအများအပြားကို အဆင့်မြင့် LED မီးသီးတွေ တင်ပို့နိုင်ရေးအတွက် ဆွေးနွေးပွဲတစ်ခု ကျင်းပပြုလုပ်ခဲ့တာကို အင်တာနက် ဝက်ဘ်ဆိုက်တစ်ခုမှာ ဖတ်လိုက်ရပါတယ်။ အဲဒီသတင်းကြောင့် LED မီးသီး တွေဟာ ခေတ်နဲ့အညီဖွံ့ဖြိုး တိုးတက်နေပြီဆိုတာကို သိရှိခဲ့ရပါတယ်။LED မီးသီးတွေဟာ ယခင်က စာဖတ်လို့မရတဲ့ အပြင် ကြာရှည်ကြည့်ပါက မျက်စိပျက် တဲ့အထိ ဖြစ်နိုင်တာမို့ LED မီးသီးတွေကို အလှမီးထွန်းခြင်း၊ ဘုရားမီ ပူဇော်ခြင်း၊ မီးမလာသည့်အခါတွင် အလင်းရောင်ရရှိစေရန် ထွန်းညှိ ခြင်းစတဲ့နေရာတွေမှာသာ အသုံးများခဲ့ပါတယ်။ ဒါပေမယ့်လည်း ဒီနေ့ဒီအချိန်မှာတော့ တိုးတက်ထွန်းကားလာ တဲ့ နည်းပညာတွေကြောင့် LED မီးချောင်းမီးသီးတွေဟာ စာဖတ်လို့ ရတဲ့အထိ တိုးတက်လာခဲ့ပါပြီ။ ကမ္ဘာ့နိုင်ငံအတော်များများမှာ ဒီ LED မီးသီးတွေကို တွင်တွင်ကျယ်ကျယ် အသုံးပြုနေတဲ့အတွက် LED မီးသီးဈေးကွက်ဟာ မြန်မာနိုင်ငံအတွင်းကို စိမ့်ဝင် ပံျ့နံှ့ဝင် ရောက် လာခဲ့ပါပြီ။ အရင်က LED မီးသီး ယခင်က မြန်မာနိုင်ငံကိုဝင်ရောက် လာတဲ့ LED မီးသီးတွေဟာ အဆင့်နိမ့် LED မီးသီးတွေဖြစ်တာကြောင့် အလင်းရောင် ရရှိဖို့ တစ်ခုအတွက်သာ အသုံးဝင်ခဲ့တာကိုတွေ့ရှိခဲ့ရပါတယ်။ LED မီးသီး တွေဟာ သဘာဝအရ မီးအားစားသက်သာစေတာမို့ ဒီ LED မီးသီး တွေကိုအသုံး ပြုပြီး မီးချောင်းအသွင်သဏ္ဍန်နဲ့ အသုံးပြုခဲ့ကြပါတယ်။ ၁၄ဝပ်သာရှိတဲ့ LED မီးချောင်းဟာ ဝပ် ၄ဝရှိတဲ့ လေးပေမီး ချောင်းတစ်ချောင်းရဲ့ အလင်းရောင်ရရှိမှုပမာဏ ညီမျှပါတယ်။ အလင်းရောင် ရရှိမှုပမာဏညီမျှပေမယ့် လျှပ်စစ်ဓာတ်အားသုံးစွဲမှုပမာဏမှာ တော့ အများကြီး ကွာဟနေတာကို တွေ့ရပါတယ်။ LED မီးချောင်းတစ်ချောင်းကို ၂၄ နာရီအပြည့် မီးထွန်းပါက မီတာခကျသင့်ငွေမှာ ၇ကျပ် ၂ဝပြားသာကျသင့်ပြီး သာမန်လေးပေ မီးချောင်း တစ်ချောင်းကို တစ်နေ့တာပတ်လုံးထွန်းထားပါက မီ တာခ ကျသင့်ငွေမှာ ၂၆ကျပ် ၄ဝပြား ကျသင့်မှာဖြစ်တဲ့အတွက် ငွေကုန် ကြေးကျသက်သာတဲ့အပြင် လျှပ်စစ်ဓာတ်အားကိုလည်း သက်သာ စေမှာ ဖြစ်ပါတယ်။ LED မီးချောင်းအရေအတွက် သုံးစွဲမှုများလာပါက ကုန်ကျ စရိတ်မှာ သိသိ သာသာ များလာတာကိုလည်းတွက်ချက်မှုများအရ သိရှိရပါတယ်။ LED မီးချောင်းဟာ သာမန်မီးချောင်းထက်ဈေး က အဆ ၂ဝ ကွာဟတဲ့အတွက် သုံးစွဲသူများဟာ ချိန်ဆနေရတယ်လို့ ဆိုပါတယ်။ ကနဦး ကုန်ကျစရိတ်ရှိ ''ဒီ LED မီးချောင်းကို ထွန်းရင် မီ တာခသက်သာတယ် ဆိုပေ မယ့် သူရဲ့ ကနဦးတပ်ဆင်ခလို့ ခေါ်ရမှာပေါ့။ မီး ချောင်းရဲ့မူလတန်ဖိုး ကသာမန်မီးချောင်းတွေထက် အဆ ၂ဝလောက်ကွာနေတဲ့ အခါကျ တော့သုံးဖို့က နည်းနည်းစဉ်းစားနေရတယ်။ အိမ်တစ်အိမ်မှာ အနည်း ဆုံး မီးချောင်းငါးချောင်းတပ်မယ် ဆိုရင်တောင် တစ်သိန်းလောက်ကျ နေပြီဆိုတော့ ဒီ LED မီးချောင်းဈေးကွက်က မထင်ပေါ်တော့ ဘူးပေါ့။ ဒီထက် ဈေးနည်းနည်းလောက် လျှော့ပေးနိုင်မယ်ဆိုရင် တော့ ပိုပြီးအဆင်ပြေနိုင်လိမ့်မယ်လို့ထင်တယ်''ဟုလျှပ်စစ်ပစ္စည်းများ ရောင်းဝယ်ရေးဈေးကွက် အတွင်းမှ ပြောစကားများအရ သိရပါတယ်။ LED မီးချောင်းကို မြန်မာနိုင်ငံမှာ တပ်ဆင်ထုတ်လုပ် ဖြန့်ဖြူး ရောင်းချလျက်ရှိတဲ့ FUDAK Electronic မှ တာဝန်ရှိသူများနဲ့ တွေ့ဆုံပြီး ဒီ LED မီးချောင်း ထုတ်လုပ်နေမှု၊ ဈေးကွက်သို့ရောက်ရှိ နေမှုများကို ဆွေးနွေးခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ LED မီးသီးတွေကို သုံးစွဲခဲ့တာဟာ ၂ဝဝ၈ခုနှစ် နာဂစ်မုန်တိုင်းကာလ အလွန်မှာ ဖြစ်တည်ခဲ့တာပါ။ မုန်တိုင်း ကာလလွန်မြောက်ချိန်မှာ လျှပ်စစ်ဓာတ် အား လုံလောက်စွာမရရှိခဲ့တာမို့ ပြည်သူများဟာ တရုတ်နိုင်ငံက ထုတ်လုပ်တဲ့ LED မီးသီးတွေကို အသုံးပြုထားတဲ့ မီးအိမ်တွေကို လျှပ်စစ်မီး မရရှိချိန်မှာအသုံးပြုခဲ့ကြတာဖြစ်ပါတယ်။ FUDAK Electronic မှ မန်နေဂျာ ဦးမင်းသိန်းက''ကျွန်တော် တို့အနေနဲ့ဒီ LED မီးချောင်းကို ထုတ်လုပ်နိုင်ဖို့အတွက် ကျွန်တော်တို့ ဒီ မြန်မာနိုင်ငံမှာ မီးတွေ ခဏခဏပြတ်တဲ့အချိန်တုန်းက အင်ဗာတာ တို့၊ မီးစက်တို့သုံးရတဲ့အချိန်မှာ သာမန်မီးချောင်းတွေဟာ မီးအား အဝင်မမှန်တာတို့ မီးအားစားတာတို့အဲဒါမျိုးတွေဖြစ်တဲ့အခါကျ တော့ ဆုံးရှုံးမှုတွေ အများကြီးဖြစ်တယ်။ အဲဒါနဲ့ ဒီ LED မီးချောင်းကို စမ်းသပ်ပြီး ထုတ်လုပ်ခဲ့တာပါ''လို့ မြန်မာနိုင်ငံရဲ့ LED မီးချောင်း ထုတ်လုပ်မှုအစ ပထမကို ရှင်းပြခဲ့ပါတယ်။ နာဂစ်လွန်ကာလ မြန်မာနိုင်ငံကို ရောက်ရှိလာတဲ့ LED မီးသီး တွေဟာ အရည်အသွေးမပြည့်ဝတာကြောင့် စာဖတ်၍မရဘဲ မျက်စိ တအားစူးခြင်း၊ အလင်းရောင်ရရှိမှုမမျှတခြင်းတို့ ဖြစ်ခဲ့တဲ့အတွက် လူအများဟာ ဒီ LED မီးသီး ကို စိတ်ဝင်စားမှု လျော့နည်းလာကြပါတယ်။LED မီးသီးရဲ့ လင်းအားစူးရှမှု ဒဏ်ကို ခံစားရတဲ့အတွက်လည်း ဒီ LED မီးသီးကို စိတ်မဝင်စားကြတာပါ။ ဒါပေမယ့်လည်း တိုးတက် လာတဲ့နည်းပညာများကူနီမီးသီးရဲ့အရည်အသွေးကို မြှင့်တင်ပေး လိုက်နိုင်တာကြောင့် ဒီနေ့ကမ္ဘာမှာ LED မီးချောင်း မီးသီးဈေးကွက် ဟာ ပထမတန်းစားအဆင့်ကို ရောက်ရှိလာပါပြီ။ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်း LED မီးသီးတွေဟာ သာမန်မီးသီး မီးချောင်းများလို ဓာတ်ငွေ့ ကိုသုံးထားခြင်းမဟုတ်တဲ့အတွက် သဘာဝပတ်ဝန်း ကျင်ညစ်ညမ်းမှု ကို များစွာလျှော့ချပေးနိုင်တဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး နည်း စနစ်တစ်ခုလည်းဖြစ်တယ်လို့ ဆိုပါတယ်။ ဒါ့ပြင် သာမန်မီးသီး မီးချောင်းများဟာ ပျက်စီးလွယ်ပေါက်ကွဲလွယ် ကျိုးပဲ့လွယ်တဲ့အပြင် အပူလွန်ကဲပြီး မီးလောင်မှုတွေဖြစ်ပွားနိုင်တာကြောင့်လည်း ပတ်ဝန်း ကျင် သဘာဝ အလှတရားတွေကို ထိခိုက်နိုင်ပါသေးတယ်။ LED မီးသီး မီးချောင်းတွေဟာ ပျက်စီးလွယ်ကျိုးပဲ့လွယ် ခြင်း မရှိတဲ့အပြင် Circuit ပြားများကို အသုံးပြုထားတာကြောင့် ပျက်စီး သွားပါက ပျက်စီးတဲ့အပိုင်းကို ပြန်ပြင်ပြီးအသုံးပြုလို့ရပါ တယ်။ LED မီးချောင်းဟာ တစ်ခုပျက် ရင် တစ်ခုပြန်ပြင်လို့ရတဲ့အတွက် တစ်ခါ ဝယ်ထားရုံနဲ့ တစ်သက်လုံး သုံးလို့ရတဲ့ ပစ္စည်းလို့လည်း ဆိုနိုင် ပါတယ်။ '' LED မီးချောင်းက ဓာတ်ငွေ့တွေ ထည့်မထားပါဘူး။PVC ပိုက်ထဲမှာLED မီးသီးတွေကို Circuit ပြားတွေနဲ့ ချိတ်ဆက်ပြီး အသုံးပြုထားတာပါ။ တရုတ်နိုင်ငံက ကုန်ကြမ်းပစ္စည်းတွေကို အသုံးပြုပြီး တရုတ်နိုင်ငံကရတဲ့နည်း ပညာကိုပဲ အသုံးပြုပြီး ထုတ် လုပ်ထားတာပါ။ အရင်တုန်းကတော့ LED မီးသီးတွေက အလင်း အား အရမ်းစူးတယ်။ အခု LED မီးသီးတွေရဲ့ Quality တက်လာ တဲ့အတွက် အလင်းအား သိပ်မစူးတော့ဘူး။ နောက်ပြီး ခရမ်းလွန် ရောင်ခြည် ထုတ်လွှတ်မှုတွေမရှိတဲ့အ တွက် ပတ်ဝန်းကျင်ညစ်ညမ်းမှု ကိုလည်း ကဏ္ဍတစ်ရပ်အနေနဲ့ လျှော့ချပေးနိုင်မှာပါ''လို့ FUDAK Electronic မှ ဦးငြိမ်းက ဆိုပါတယ်။ လင်းအားကောင်းမွန် LED မီးချောင်းက ထုတ်လွှတ်လိုက်တဲ့အလင်းအားဟာ သာမန် မီးချောင်းများလို ပြာလဲ့လဲ့ အလင်းရောင်မျိုး မဟုတ်ဘဲ နေ့လည်ခင်း နေရောင်ခြည် အတိုင်းသာရရှိတာကိုလည်းတွေ့မြင်ခဲ့ ရပါတယ်။ LED မီးချောင်းရဲ့သက်တမ်းဟာ နာရီပေါင်း ငါးသောင်းနဲ့တစ်သိန်း ကြားထွန်းလို့ရတယ်လို့ အဆိုပါပုဂ္ဂိုလ်ကပဲ ဆက်လက်ပြောကြားခဲ့ပါ သေးတယ်။ ဒါ့ပြင် LED မီးချောင်းရဲ့အလင်းရောင်ဟာ ခရမ်းလွန်ရောင်ခြည် မပါဝင်တာကြောင့် မိုးအကုန်ဆောင်းအကူးမှာ ရောက်လာတတ်တဲ့ ပိုးကောင်ကလေးများ ကိုပါ တားဆီးပေးနိုင်တယ်လို့ ဆိုပါတယ်။ LED မီးချောင်းက ထွက်ရှိလာ တဲ့အလင်းရောင်ရဲ့အောက်မှာ မြင်ရ တဲ့ ရုပ်ပုံများရဲ့အရောင်ဟာ သာမန်နေ့ အလင်းရောင်အောက်မှာမြင် ရတဲ့ ရုပ်ပုံများရဲ့အရောင်နဲ့တစ်ထပ်တည်းကျတာ ကိုမြင်တွေ့ရတယ် လို့ အဆိုပါပုဂ္ဂိုလ်ကပဲ ထပ်မံ ရှင်းပြခဲ့ပါတယ်။ တရုတ်နိုင်ငံအပါအဝင် အာဆီယံ နိုင်ငံအများအပြားမှာLED မီးချောင်းဈေးကွက်ဟာ တွင်ကျယ်စွာရောင်းချ လျက်ရှိနေပါပြီ။ ဒါပေမယ့်လည်း မြန်မာနိုင်ငံရဲ့ LED မီးချောင်းဈေးကွက် ဟာ သာမန် မီးချောင်းများလောက် ဈေးကွက်တွင်ကျယ်ခြင်းမရှိသေးသလို လူ သိနည်းနေသေးတဲ့ ကုန်ပစ္စည်းတစ်ခုလည်းဖြစ်နေပါသေးတယ်။ ဒါ့ပြင် LED မီးချောင်းရဲ့တန်ဖိုးဟာ သာမန်မီး ချောင်းများထက် အဆ မတန် မြင့်မားနေတာကြောင့် မီးချောင်းသုံးစွဲသူတွေအနေနဲ့ လက် တွန့် နေရတဲ့ပစ္စည်းတစ်ခုအဖြစ် ရပ်တည်နေပါသေးတယ်။ LED မီးချောင်းကိုမြန်မာနိုင်ငံရဲ့ဈေးကွက်အတွင်း ကျယ်ကျယ်ပြန့်ပြန့် ရောက်စေဖို့အတွက် ပြည်တွင်းမှာ အရည်အသွေးမီ LED မီးသီးတွေ ထုတ်လုပ်နိုင်ဖို့နဲ့ မီးချောင်းပြုလုပ်ရာမှာအဓိကအသုံးပြုရတဲChip ပြားတွေကိုထုတ်လုပ်နိုင်ခဲ့မယ့်ဆိုရင် ဒီ LED မီးချောင်းကို မြန်မာနိုင်ငံ တွင်းမှာ ဈေးသက်သာစွာနဲ့ဖြန့်ဖြူးရောင်းချနိုင်မှာဖြစ်တယ်လို့ ဆိုပါ တယ်။ နယ်စပ်က ဝင်ရောက် အိမ်နီးချင်းတရုတ်နိုင်ငံကလည်း LED မီးချောင်းတွေကို ထုတ် လုပ်နေတာကြောင့် ဈေးသက်သာပြီး အရည် အသွေးမမီတဲ့ LED မီးချောင်းတွေ ဝင်ရောက်လာနိုင်တာကိုလည်း သတိပြုရမှာပါ။ ''ကျွန်တော်တို့စမ်းသပ်ပြီးပြီ။ တရုတ်နယ်စပ်ကနေ ဝင်လာတဲ့ LED မီးချောင်းကို။ ဈေးကတော့ ကျွန်တော် တို့ထက် သက်သာ တယ်။ အရည်အသွေးမီတဲ့ LED မီးချောင်းဆိုရင် မီးအား ဘယ်လောက် တက်တက် မီးအားဘယ်လောက်ကျကျ အလင်းရောင် မှိန်သွားတာတို့၊ မှိတ်တုတ်မှိတ်တုတ်ဖြစ်တာတို့ မရှိဘူး။ အဲဒီ တရုတ် နယ်စပ်ကသွင်းလာတဲ့အရည်အသွေးမမီတဲ့ LED မီးချောင်းကတော့ သာမန်မီးချောင်းလိုပဲ။ မီးအားတက်ရင် လင်းလာတယ်၊ မီးအားကျ ရင် မှိန်သွားတယ်။ ကျွန်တော်တို့အထဲကို ဖွင့်ပြီးစမ်းတဲ့အခါကျတော့ အထဲမှာ ဆားကစ်ပြားကို လျှော့ထားတယ်။ ဒိုင်အုတ် လေးငါးလုံးနဲ့ Transister တစ်လုံးလောက်နဲ့ထိုင်ထားတာ။ တကယ့်ကို အရည် အသွေး မရှိတာမျိုး၊LED မီးချောင်း အစစ်အမှန်ဆိုရင် Voltage Constant, Current Constant ဖြစ်အောင်လုပ်ထားတာ။ သုံးဖူး တဲ့သူတွေသိမှာပါ။ စသုံးတဲ့ အချိန်မှာတော့ မသိသေးဘူး။ တစ်လ လောက်ဆိုရင်တော့ သိသာလာပြီ''လို့ အရည်အသွေးမြင့်LED မီးချောင်းနဲ့ အရည်အသွေးနိမ့် LED မီးချောင်းတို့ အကြောင်းကို လည်း ရှင်းပြခဲ့ပါသေးတယ်။ ရေရှည်မှာ အကျိုးရှိ LED မီးချောင်းကို သုံးစွဲသူတွေဟာ ကနဦး အသုံးပြုစရိတ် ကြောင့် သုံးစွဲရမှာ ကြောက်နေ ကြတာပဲဖြစ်ပါတယ်။ ဒါပေမယ့် လည်း ရေရှည်အကျိုးစီးပွား ဖြစ်ထွန်းမှုမှာ မိမိအတွက်သာမက နိုင်ငံ တော်အတွက်လည်း အကျိုးရှိစေတာ အမှန်ပါ။ လျှပ်စစ်ဓာတ်အား သုံးစွဲမှု လျော့နည်းလာပါက လျှပ်စစ်ဓာတ် အားကြောင့် ကုန်ကျလာ မယ့် ကုန်ကျစရိတ်များအစား တခြားလိုအပ်မယ့် နေရာများမှာ အစားထိုး အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် LED မီးချောင်း ဈေးကွက် တွင်ကျယ်လာစေဖို့၊ LED မီးချောင်းများကို အရည်အသွေး ရှိရှိ ဈေးသက်သာစွာနဲ့ ထုတ်လုပ်နိုင်ဖို့ ဝိုင်းဝန်း ကြိုးစားကြပါစို့လို့ တိုက်တွန်းလိုက်ရပါတယ်။ မယ်သီတာ၊ခင်မောင်အုန်း
ကုန်သွယ်လုပ်ငန်းခွန်လျှော့ချိန်တွင် စဉ်းစားချက်က တစ်ပုံတစ်ပင်စဉ်းစားချက် (၁) ၂ဝ၁၁ ခုနှစ် ဇူလိုင်လ ၁ ရက်နေ့မှစ၍ ပို့ကုန်သမားတို့အနေဖြင့် ကုန်သွယ်လုပ်ငန်းခွန်ကို ယခင် ၈ ရာခိုင်နှုန်း ရှိနေရာမှ ၃ ရာခိုင်နှုန်းလျှော့ချကာ ၅ ရာခိုင်နှုန်းသာ ပေးရတော့မည်ဟု သိရသည်။ ပို့ကုန်သမားများအတွက် သတင်းကောင်းဖြစ်သည်။ လှုပ်လှုပ်ရှားရှား ဖြစ်ကြ၏။ သို့သော် သိပ်မကြာသော အချိန်မှာပင် ဟိုတစ်စ ဒီတစ်စ အသံမျိုးစုံကြားရသည်။ ဒီထက်ပို၍လျှော့စေချင်ကြသည်။ လုံးဝ မကောက် စေချင်သည့် အသံများလည်း ကြားရသည်။ ဆန္ဒမပြည့်ဝသည့် အသံစုံဖြစ်သည်။ လူ့သဘာဝဖြစ်သောကြောင့် အပြစ်ဆိုစရာ မဟုတ်ပေ။ လောလော လတ်လတ် ၃ ရာခိုင်နှုန်း လျှော့ချပေးခြင်းကို အစိုးရသစ်၏ ကုန်သွယ်မှုကဏ္ဍ တိုးတက်ရေး အားထုတ်မှုတစ်ရပ်ဟုတော့ ရှုမြင်ဖို့လိုသည်။ ယခင်က ကုန်သွယ်လုပ်ငန်းခွန် ၈ ရာခိုင်နှုန်းသတ်မှတ် ထားခြင်း နောက်ကွယ် တွင် နိုင်ငံတော်၌ ကုန်သွယ်မှု ကဏ္ဍနှင့်ပတ်သက်၍ ရည်ရွယ်ချက်များရှိသည်ဟု သုံးသပ်နိုင်သည်။ ယခုအစိုးရသစ်၏ စနစ်သစ်အုပ်ချုပ်မှုအောက်တွင် ဘက်ပေါင်းစုံ၊ အခြေအနေအလုံးစုံကို အကဲခတ်သုံးသပ်၍ ဆောင်ရွက်လျက် ရှိနေသော်လည်း စီးပွားရေး အဆောက်အဦအတွင်းရှိ ကမ္ဘာအားလုံး တစ်ချိန်တည်း တစ်ပြိုင်တည်း တူညီစွာ အလျင်အမြန် အပြောင်းအလဲ များစွာ ပြုလုပ်ရန်မှာ မလွယ်ကူပေ။ သတိပြုစရာများလည်းရှိသည်။ ရုတ်တရက် လျင်မြန်သော ပြောင်းလဲမှုများ သည် ရှော့ခ်ကို ဖြစ်စေသည်။ ရှော့ခ်ကြောင့် ''အကောင်း'' များဖြစ်သွားသည်များ ရှိသကဲ့သို့ ''အဆိုး'' ဖြစ်သွားသည်များလည်း ရှိသည်။ အားလုံးမျှော်လင့်သည်မှာ ''အကောင်း'' များသာဖြစ်သည်။ အချိန်ယူနိုင်ခြင်းနှင့် ချိန်ဆနိုင်မှုသည် ရလဒ်တွင် အကောင်းများနိုင်သမျှ များရန်နှင့် အဆိုးနည်းနိုင်သမျှ နည်းစေရန် အထောက်အကူ ရစေသည်။ စဉ်းစားချက်(၂) ဤသို့ ကုန်သွယ်လုပ်ငန်းခွန် ၃ ရာခိုင်နှုန်း လျှော့ချလိုက်ခြင်းသည် နိုင်ငံတော် အစိုးရအတွက် နိုင်ငံခြားဝင်ငွေ လျော့နည်း သွားခြင်းဖြစ်ပြီး ပို့ကုန်လုပ်ငန်းရှင် တို့အတွက် ၎င်းတို့၏ နိုင်ငံခြားဝင်ငွေ တိုးလာခြင်းလည်းဖြစ်သည်။ ယေဘုယျ ဆိုရလျှင် ပို့ကုန်မြှင့်တင်ရေး အားပေးခြင်းဟု ဆိုနိုင်သော်လည်း စေ့စေ့တွေးကြည့် ပါက ရောင်းလိုအား ကွင်းဆက်တစ်ခုလုံး၏ ဇာစ်မြစ်ဖြစ်သည့် ပြည်တွင်းထုတ်လုပ်မှု ကိုပါ မြှင့်တင်ရန် ရည်ရွယ်သည်ဟု ဆိုနိုင်သည်။ ပို့ကုန်သမားများ အနေဖြင့် ကုန်သွယ်လုပ်ငန်းခွန်လျှော့ပေးလိုက်သဖြင့် ပြည်တွင်းမှ ဝယ်ယူသည့်အခါ ဈေးနှုန်း မြင့်၍ ဝယ်ယူနိုင်တော့မည်ဖြစ်သဖြင့် ပြည်တွင်း စိုက်ပျိုး ထုတ်လုပ်သူများ (စိုက်ပျိုး ရေးကဏ္ဍ ထုတ်ကုန်များကိုသာ ဦးတည်ရေးခြင်း ဖြစ်သည်) အနည်းငယ်ဈေးရလာ စရာရှိမည်ဟု ယူဆနိုင်သည်။ ထို့သို့သော ယူဆချက်ကြောင့် ပြည်တွင်းစိုက် ပျိုး ထုတ်လုပ်မှုကိုပါ မြှင့်တင်ရာရောက်သည်ဟု သုံးသပ်ခြင်းဖြစ်သည်။ လက်တွေ့ကား မည်သို့နည်း။ ပို့ကုန်သမားများအနေဖြင့် နိုင်ငံတော်သို့ ကျသင့်သည့် အခွန် အခများပေးနိုင်ရန် အားထုတ်သည့်အခါ မိမိ အမြတ်ငွေထဲမှ မပွန်း ပဲ့ရေးအတွက် အတတ်နိုင်ဆုံးကြိုးစားကြပေလိမ့်မည်။ ကိုယ်တိုင် ထုတ်လုပ် တင်ပို့သည်ဖြစ်စေ၊ တစ်ဆင့်ဝယ်ယူတင်ပို့ ရသည်ဖြစ်စေ၊ မိမိ အသာစီးရရေးအတွက် ဘက်ပေါင်းစုံမှ စဉ်းစားအားထုတ်ကြ လိမ့်မည်။ နိုင်ငံတကာဈေးကွက် ထဲတွင် ဈေးနှုန်း (သို့) အရည်အသွေး ယှဉ်ပြိုင်နိုင်စွမ်းတို့ဖြင့် ထိုးဖောက်ရောင်ဝယ်နေကြရာ တစ်ခု မဟုတ် တစ်ခု အာရုံစိုက်ဖို့လို သည်။ ဈေးနှုန်းယှဉ်ပြိုင် နိုင်စွမ်းကို အာရုံစိုက်ပါ က နိုင်ငံတကာဈေးကွက်ထဲတွင် ဖြစ်ပေါ်နေသော ပေါက်ဈေးထက် ပိုမိုမြင့်မား ၍ တင်ပို့ရောင်းချမှုမှာ မည်သို့မှ မဖြစ်နိုင်ပေ။ ထို့ပြင် မြန်မာ့ပို့ကုန် အများစုမှာ အခြေခံကဏ္ဍ ပို့ကုန်များ ဖြစ်ပြီး အပြိုင်အဆိုင်ရောင်းချ နေသော နိုင်ငံများလည်း ရှိနေ ပြန်သည်။ ထို့ကြောင့် ဈေးနှုန်းအနိမ့် အမြင့် ပေါ် တွင် ပို၍ပင် ဂရုစိုက် စဉ်းစားကြရသည်။ ပို့ကုန်သမားများ အနေဖြင့် ပြည်ပဝယ်လက်များကြားတွင် ရောင်းသူဈေးကွက်ဖြစ်အောင် မဖန်တီးနိုင်သေးသောကြောင့် ပြည်တွင်းစိုက်ပျိုးထုတ်လုပ်သူများထံမှ ဝယ်ယူရာတွင် ဝယ်သူဈေးကွက်ဖြစ်အောင် ဖန်တီးနေရသည်။ ဆိုလို သည်မှာ ပို့ကုန်သမားများသည် မြင့်တက်လာသည့် အခွန်အခ မှန်သမျှကို ပြည်တွင်း ထုတ်လုပ်သူများထံသို့ ဈေးနှုန်းနိမ့်ဝယ် ယူခြင်း ဖြင့် ရွှေ့လိုက်ကြခြင်းဖြစ်သည်ကို ဆိုခြင်းဖြစ်သည်။ ပို့ကုန်သမားများ နစ်နာနိုင်ခြေ များမများ စဉ်းစားနိုင်သည်။ စဉ်းစားချက်(၃) တချို့ကမူ ပို့ကုန်လုပ်ငန်းရှင်များနှင့် ပြည်တွင်းစိုက်ပျိုးထုတ်လုပ် သူ တောင်သူများအကြား ဖြစ်ပေါ်နေသော ဈေးကွက်ပုံ စံကြောင့် စိုက်ပျိုးသူ တောင်သူလယ်သမားများသာ ပိုမိုနစ်နာသည်ဟု သုံးသပ် သည်။ စီးပွားရေး အဆောက်အအုံအတွင်းရှိ ပို့ကုန် လုပ်ငန်းရှင်အရေ အတွက်နှင့် တောင်သူလယ်သမားဦးရေ နှိုင်းယှဉ်ကြည့်သည့်အခါ တွေ့ရသည့် ဈေးကွက် အခြေအနေမှာ ဝယ်လိုအားအခွင့်သာသည့် ဈေးကွက်ဖြစ်နေသည်ကို ရိပ်စားနိုင်သည်။ RUMFCCI အဖွဲ့အစည်း အောက်တွင် အစုအဖွဲ့လိုက် ဖွဲ့စည်းထားသော ဆန်စက်လုပ်ငန်းရှင် များ၊ ဆန်ကုန်သည်များ၊ ဆန်စပါးစိုက်ပျိုး ထုတ်လုပ်သူများ ဖွဲ့စည်းမှု အခြေအနေမှာလည်း ဘက်မညီသည်ဟု တွေ့ရှိရသည်။ ဆိုလိုသည်မှာ ဝယ်လိုအားဘက်တွင်ရှိနေသည့် ဆန်စက်လုပ်ငန်း ရှင်များ၊ ဆန်ကုန်သည်များ၊ အစုအဖွဲ့များသာ ပိုမိုကျစ်လစ် ခိုင်မာပြီး ရောင်းလိုအားဘက်အခြမ်း ဖြစ်သည့် မြေပြင် တွင် လှုပ်ရှားနေရသော တောင်သူ လယ်သမား ကိုယ်စားပြုသည်ဟု ပြောနိုင်သည့် စိုက်ပျိုးထုတ် လုပ်သူများ အစုအဖွဲ့ကိုမူ စနစ်ကျစွာ မစုစည်း နိုင်ပေ။ ထို့ကြောင့် စုစည်းထားသော ဝယ်လို အားနှင့် မစုစည်းနိုင်သော ရောင်းလိုအား မညီမျှသည့် အင်အားနှစ်ရပ်ရှိနေသည့် ဈေးကွက်သည် မည်သို့ဖြစ်မည်နည်း။ ဤအခြေအနေတွင် တောင်သူ လယ်သမားများ ရပ်တည်နိုင်စွမ်း ခက်ခဲသည်မှာ ထူးဆန်းသော အခြေအနေ မဟုတ်ပေ။ သုံးသပ်သူ တချို့က ကားစီး၊ တိုက်ဆောက် ကြီးပွားချမ်းသာနေ သော လယ်သမားကြီး များရှိသည်ဟု ဆိုကြ သည်။ လက်တစ်ဆုပ် စာလူနည်းစုသာဖြစ် ပြီး ၎င်းတို့အများစု မှာ ကုန်သည် အလုပ် ပို့ကုန် လုပ်ငန်းတို့ဖြင့် တွဲဖက်လုပ်ဆောင် နေသူများဖြစ်သည် မှာ သေချာသည်။ စဉ်းစားချက်(၄) သဘာဝဘေးအန္တရာယ်အထိခိုက်ခံရဆုံး၊ ဈေးနှုန်းအတက် အကျဒဏ် အခံရဆုံး စသဖြင့် ဆုံးရှုံးမှုများ မရေရာမှုများ အများဆုံး ရှိနေသည့် ထုတ်လုပ်မှုကဏ္ဍသည် စိုက်ပျိုးရေးကဏ္ဍအပါ အဝင် အခြေခံထုတ်ကုန်ကဏ္ဍဖြစ်ရာ ပြုပြင်ပြောင်းလဲမှု ဆောင်ရွက်သည့် အခါတိုင်း ထိုကဏ္ဍကို ထိလွယ်ခိုက်လွယ်သော ကဏ္ဍအဖြစ် သတိပြု ဆောင်ရွက်ရန်လိုသည်။ လက်ပြောင်းလက်လွဲ ရောင်းချရသည့် ကုန်သည်တို့၏ ဈေးနှုန်းအခြေအနေကို စောင့်ရင်း မှန်းချက်လွဲှချော်မှု ကြောင့်လည်းကောင်း၊ ဝယ်လက်တို့နှင့် မတိုက်ဆိုင်သောကြောင့် လည်းကောင်း ဖြစ်ပေါ်လာနိုင်သည့် ရံဖန်ရံခါဆုံးရှုံးမှုနှင့် နှိုင်းယှဉ်လျှင် စိုက်ပျိုးထုတ်လုပ်သူ တောင်သူလယ်သမားတို့၏ ဆုံးရှုံးမှုမှာ များပြား လှသည်။ တောင်သူလယ်သမားများမှာ ဈေးနှုန်းအမြင့်ကို မျှော်မှန်း၍ စိုက်ပျိုး ထားသော သီးနံှများသည် သီးနံှပေါ်ချိန်တွင် ဝယ်လက်တို့၏ တွက်ချက်ထားရှိသော ဈေးနှင့်သာ အလုပ်ဖြစ်သွားရသည်မှာ မကြာ ခဏပင်။ စိုက်ပျိုးထုတ်လုပ်သူ တောင်သူအနေနှင့် မည်သို့မျှ တင်းခံ နိုင်စွမ်းမရှိပေ။ သိုလှောင်ထားနိုင်မှုအပါအဝင် အခြားလိုအပ်သော စရိတ်စကအားနည်းသောကြောင့် ဖြစ်သည်။ ယခုအခါ နိုင်ငံ တော် အစိုးရမှ ကုန်သွယ်လုပ်ငန်းခွန် ၃ ရာခိုင်နှုန်း လျှော့ချပြီးဖြစ်သည်။ စိုက်ပျိုး ထုတ်လုပ်သူတောင်သူလယ်သမား များ လျှော့လိုက်သော ၃ ရာခိုင်နှုန်းနှင့်ညီမျှသည့် ဈေးပိုရနိုင်မည်လော။ သို့မဟုတ် ပို့ကုန် သမားများနှင့် စိုက်ပျိုးထုတ်လုပ်သူ လယ်သမားများ နှစ်ဖက်စလုံး မျှတစွာ အကိုျးခံစားခွင့်ရှိမည်လော။ အခြေအနေကို မှန်းဆစရာ မလိုပေ။ ဈေးကွက်ပုံစံ က ပြဋ္ဌာန်းပေးပြီး ဖြစ်သည်။ အဆုံးမသတ်သောစဉ်းစားချက်များ အစိုးရသစ်သည် နိုင်ငံတော်စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေး အတွက် အမြင်သစ်ဖြင့် အားထုတ်လျက်ရှိသည်။ မကြာခင် ပေါ်ထွန်း လာတော့မည့် အာဆီယံလွတ်လပ်သော ကုန်သွယ်ရေးဇုန် AFTA တွင် မြန်မာနိုင်ငံပါဝင်မှု အတွက်လည်း တွန်းအားပေးလုပ် ဆောင်လျက်ရှိသည်။ AFTA ကွင်းပြင်ကြီးထဲတွင် ပို့ကုန်တင်ပို့နိုင်မှုစွမ်းရည် ပြိုင်ဆိုင်ရတော့မည်ဖြစ်ရာ ပို့ကုန်သမား များ မျှော်လင့်နေသည့် အခြေအနေများမှာလည်း ဖြစ်လာနိုင်စရာ ရှိပေသည်။ သို့သော် အခွန်အခများ လျှော့ချပေးရုံဖြင့် ပို့ကုန်မြင့်တက်လာမည်ဟု ယူဆ ချက်များသုံးသပ်ချက်များရှိရာ ဤတစ်ချက်တည်းဖြင့် ပို့ကုန်ပမာဏ တိုးတက်လာနိုင်ခြင်း ရှိ၊ မရှိ ပြန်လည်ဆန်းစစ်ဖို့လိုသည်။ ငွေကြေးလဲ လှယ်နှုန်းများ၊ ငွေဖောင်းပွမှုနှုန်း၊ အတိုးနှုန်း၊ ကုန်သွယ်မှုရှင်းတမ်း၊ ငွေပေးငွေယူရှင်းတမ်း၊ သွင်းအားစုရရှိမှု၊ ပြည်တွင်းစုဆောင်းမှု၊ ရင်းနှီးမြှုပ်နံှမှု စသဖြင့် ထည့်သွင်းစဉ်းစားစရာ၊ တွက်ချက်သုံးသပ်၍ ချိန်ဆ ဆောင်ရွက်စရာ အများသားရှိနေပေသည်။ အစိုးရဌာနချင်း ညှိနှိုင်း ဆောင်ရွက်မှုများ၊ ပြည်သူပိုင်ကဏ္ဍနှင့် ပုဂ္ဂလိကကဏ္ဍ ညှိနှိုင်းဆောင် ရွက်မှုများ မြေပြင်တွင်လှုပ်ရှားနေရသော တောင်သူလယ်သမားကြီး များနှင့် တွေ့ဆုံအဖြေရှာမှုများကိုလည်း ထည့်သွင်းစဉ်းစားရန်လိုပေ သည်။ ဤစဉ်းစားခန်းများသည် တစ်ခန်းရပ်မဟုတ် ဆက်၍ ဆက်၍ စဉ်းစားရမည့် အခန်းဆက်များ ဖြစ်သည်။
၂၀၁၁ ပထမနှစ်ဝက်ရဲ့ ပဲမျိုးစုံကုန်သွယ်မှုနဲ့ ဒုတိယနှစ်ဝက်အတွက် အလားအလာ ၂ဝ၁၁ ခုနှစ်ရဲ့ ပထမ နှစ်ဝက်ကုန်ဆုံးလို့ ဒုတိယနှစ်ဝက်ကို ချင်းနင်းဝင်ရောက်လို့လာပါပြီ။ ကဏ္ဍအလိုက် တိုးတက်ပြောင်းလဲမှုတွေလည်း အမျိုးမျိုးရှိခဲ့ပါတယ်။ ကဏ္ဍစုံတွေမှာ ကုန်သွယ်မှုနဲ့ ပတ်သက်လို့ ပြောင်းလဲတိုးတက်မှုကို လေ့လာ ကြည့်မိ တဲ့အခါ မြန်မာ့ပို့ကုန်လုပ်ငန်းမှာ ပမာဏများများ တင်ပို့မှုရှိနေတဲ့ ပဲမျိုးစုံကဏ္ဍကို စိတ်ဝင်တစား လေ့လာမိခဲ့ပါတယ်။ ပထမနှစ်ဝက်တင်ပို့မှု မနှစ်ကထက် ပိုပေမယ့် ၂ဝဝ၉ ခုနှစ်ကိုမမီ ယခုနှစ် ပြီးခဲ့တဲ့ ၆ လအတွင်း ပဲမျိုးစုံတင်ပို့မှုကို လေ့လာကြည့်မယ်ဆိုရင် တန်ချိန် ၆ သိန်းနီးပါးရှိခဲ့တာကို တွေ့ရပါတယ်။ ၂ဝ၁ဝ ဇန်နဝါရီလက ဇွန်လကုန်ထိ တင်ပို့ပြီးစီးမှု တန်ချိန် ၅ သိန်းခွဲနဲ့ နှိုင်းယှဉ်ရင် တန် ၅ သောင်းလောက် ပိုမိုတင်ပို့ပြီး တာတွေ့နိုင်ပေမဲ့၂ဝဝ၉ ခုနှစ်ကာလတူတင်ပို့မှု တန် ၉ သိန်းကျော်နဲ့ ယှဉ်ရင်တော့ ဒီနှစ် ပထမ ၆ လမှာတန် ၃ သိန်းကျော် လောက် လျော့ကျတင်ပို့တာတွေ့ရပါတယ်။ ဒါကပြက္ခဒိန်နှစ် ပထမ ၆လရဲ့ ပဲမျိုးစုံတင်ပို့ပြီးစီးမှုကို အရင်နှစ်များရဲ့ ကာလတူနဲ့ နှိုင်းယှဉ်ကြည့်တာပါ။ ရေတွက်ပုံတန်ချိန်ထောင်ပေါင်းပဲအမျိုးအစား ၂ဝ၁၁ ပထမ ၆ လ ၂ဝ၁ဝ ပထမ ၆ လ ၂ဝဝ၉ ပထမ ၆ လမတ်ပဲ ၂၉၄ .၁၈၁ ၂၆ဝ .၁၉၉ ၁၈၈ .၃၉၉ပဲတီစိမ်း ၁၁၉ .၆၇၆ ၁၅၂ .၃ဝ၃ ၁၇ဝ .၆၃၂ပဲစင်းငုံ ၁၁၂ .၃၅၃ ၉၁ .၄၄၃ ၃၇၄ .ဝ၄၉ကုလားပဲ ၃၂ .၃၅၉ ၅ .၃၄၅ ၂၄ .၃၉ဝဘဏ္ဍာနှစ် ပထမ ၃ လအတွင်း ပဲတင်ပို့မှု စံချိန်တင် ပမာဏနဲ့ပိုမို ၂ဝ၁၁-၁၂ ဘဏ္ဍာနှစ်ရဲ့ ပထမ ၃ လအတွင်း တင်ပို့ပြီးစီးမှုကို ကြည့်မယ် ဆိုရင်တော့ လက်ရှိဇူလိုင်လ ၁ ရက်နေ့အထိ တန်ချိန် ၄ သိန်း တင်ပို့ပြီးတာ တွေ့ရပါတယ်။ ပြီးခဲ့တဲ့ ၂ဝ၁ဝ-၁၁ ဘဏ္ဍာနှစ်ရဲ့ ကာလတူ တင်ပို့ပြီးစီးမှု အနေနဲ့ တန်ချိန် ၂ သိန်းခွဲကျော် ဖြစ်လို့ ကာလတူနှိုင်းယှဉ်ကြည့်ရင် ဒီဘဏ္ဍာနှစ် ပထမ ၃ အတွင်းမှာ တန်ချိန် ၁ သိန်းခွဲ လောက်ပိုမိုတင်ပို့နိုင်တာတွေ့ရပါတယ်။ ရေတွက်ပုံတန်ချိန်ထောင်ပေါင်းပဲအမျိုးအစား ၁ .၄ .၂ဝ၁၁ မှ ၁ .၇ .၂ဝ၁၁ ၁ .၄ .၂ဝ၁ဝ မှ ၁ .၇ .၂ဝ၁ဝမတ်ပဲ ၁၈၉ .၆၅၇ ၁၂၇ .၂၅၈ပဲတီစိမ်း ၉၆ .၂၆၂ ၆၃ .၉၇၆ပဲစင်းငုံ ၄၈ .၃၇၃ ၃ဝ .၉၇ဝကုလားပဲဖြူလုံးကြီး ၂၈ .၄၄၄ ဝ .၄၆၇ပထမ ၃ လ အတွင်း ဈေးအမြင့်ဆုံးရောက်ခဲ့ ပဲစပေါ်တဲ့ ဇန်နဝါရီလကုန် ဖေဖော်ဝါရီလတွေမှာ ဝယ်လှောင်တဲ့ ကုန်သည် တွေကလည်းအရင်နှစ်တွေလို ဈေးအမြင့်မှန်းပြီး ဈေးပေးဝယ်ယူမှုတွေရှိသလို တောင်သူတွေကလည်း ဈေးကိုင်ရောင်းကြလို့ သီးနံှပေါ်စမှာပဲ ဈေးက ခေါင်ခိုက် ခဲ့ပါတယ်။ ဒါကြောင့်လည်း မတ်ပဲ FOB ဈေးဟာ ဖေဖော်ဝါရီလ၊ မတ်လတွေမှာ တစ်တန်ကန်ဒေါ်လာ ၉ဝဝ အထက်မှာ ရှိနေသလို ပဲစင်းငုံ FOB ဈေးကလည်း ကန်ဒေါ်လာ ၉ဝဝ တော်တော်စွန်းခဲ့တာတွေ့ရပါတယ်။ ပဲရိတ်သိမ်းပြီးတာနဲ့ ပေါက်ဈေးနဲ့ ရောင်းခဲ့ကြတဲ့ တောင်သူများအနေနဲ့ ဒီနှစ်အနေအထားမှာ လက်ခမောင်း ခတ်နိုင်ပေမဲ့ ဈေးကိုင်ပြီး ပစ္စည်းတွေပိုက်ထားတဲ့ တောင်သူကြီးများ၊ လှောင်လက် သမားတွေအနေနဲ့ အကျဘက်ကို တောက်လျှောက် ဆင်းခဲ့တဲ့ ဒီနှစ်ပဲဈေးကွက်မှာ အထိနာခဲ့တယ်လို့ သတင်းစကားကြား သိရပါတယ်။ သြင်္ကန်အပြီး တက်ဈေးကို မျှော်ကိုးပြီး ပဲအရွှေ့နည်း မြန်မာနိုင်ငံရဲ့ ပဲမျိုးစုံထွက်ရှိမှုဟာ ဖေဖော်ဝါရီ၊ မတ်လမှာ အများဆုံးကာလ ဖြစ်ပြီး ပုံမှန်အားဖြင့် ပြည်ပတင်ပို့မှု အများဆုံး ကာလဟာလည်း မတ်လ၊ ဧပြီလ တွေမှာပဲ ဖြစ်ပါတယ်။ ဒါကြောင့်လည်း ယခင်နှစ်တွေရဲ့ တင်ပို့မှုကို လေ့လာရင် ပြက္ခဒိန်နှစ် တစ်နှစ်လုံး တင်ပို့မှုအနက် ပထမ ၆ လအတွင်းမှာ ပမာဏပိုမိုတင်ပို့တာ တွေ့ရပါတယ်။ ဒါပေမဲ့ ယခုနှစ် တင်ပို့မှုအနေအထား ကိုကြည့်ရင် ပဲအများဆုံး ထွက်ရှိတဲ့ ဖေဖော်ဝါရီ၊ မတ်လတွေမှာ တင်ပို့မှုနည်းတဲ့ အနေအထားရှိခဲ့တာ တွေ့ရပါတယ်။ ဖောက်သည်အိန္ဒိယဈေးကွက်ကို လေ့လာကြည့်တော့ မနှစ်ကစိုက်ဧရိယာ တွေပိုပြီး ရာသီဥတုကလည်း မျက်နှာသာပေးခဲ့လို့ ပဲအထွက်တွေတိုးတယ်ဆိုပြီး ဝယ်လိုအားပါးပြီး ဈေးလျော့ဝယ်ခဲ့ပါတယ်။ ဝယ်လိုအားပါးပေမဲ့လည်း ပြည်တွင်း ကုန်သည်တွေက သြင်္ကန်အပြီးမှာတော့ ဈေးတက်မှာပဲဆိုပြီး ကြိုက်ဈေးမရလို့ မရောင်းကြတော့ ဇန်နဝါရီလ ကနေ မတ်လအထိ တင်ပို့မှုဟာ တစ်လကို တန် ၈ သောင်း ၉ သောင်းဝန်းကျင်နဲ့ ဧပြီလမှာတော့ တန် ၆သောင်းဝန်းကျင်သာ ခပ်ပါး ပါးပဲ တင်ပို့ခဲ့တာ တွေ့ရပါတယ်။ ဒါကြောင့်လည်း ဖေဖော်ဝါရီ၊ မတ်၊ ဧပြီလတွေမှာ ပဲအရွေ့နည်းခဲ့လို့ ကုန်သည်တွေကဆိုပါတယ်။ မေနဲ့ ဇွန်မှ စံချိန်သစ်နဲ့ တင်ပို့နိုင် သြင်္ကန်အပြီးမှာတော့ ပြည်ပဝယ်လိုအားတွေရှိလာသလို ပြည်တွင်းကုန်သည်တွေကလည်း ပိတ်ရက် ခံထားလို့ မတင်ရသေးတဲ့ ကုန်တွေအပြီးတင်ဖို့ရော၊ နောက်ထပ်စာချုပ်အသစ်အတွက်ပါ တင်ပို့မှုတွေ အားကောင်းလာခဲ့ပါတယ်။ ဒါကြောင့်လည်း မေ၊ ဇွန်လမှာ ကွန်တိန်နာကားအခက်အခဲတွေရှိတယ်လို့ သတင်းတွေ ထွက်ပေမဲ့ တစ်လကို တန်ချိန် တစ်သိန်းခွဲ ဝန်းကျင်နဲ့ စံချိန်တင်တိုးတက် တင်ပို့နိုင်တာ တွေ့ရပါတယ်။ နောက်တစ်ချက်အနေနဲ့ ဇွန်လအတွင်းမှာ ပြည်ပပို့ကုန် ဝင်ငွေ တစ်ယူနစ်တန်ဖိုး အပြောင်း အလဲအတက်အကျကြမ်းခဲ့တာကြောင့် ပို့ကုန်လုပ်ငန်းရှင်တွေ ထိခိုက်မှုရှိခဲ့တဲ့အတွက် ပဲအရောင်း အဝယ် နည်းနည်း တန့်သွားသေးတယ်လို့ ဆိုပါတယ်။ တကယ်လို့သာ ငွေဈေးလဲလှယ်နှုန်းသာ တည်ငြိမ် နေခဲ့ မယ်ဆိုရင် ဒီထက်ပိုပြီးတင်ပို့နိုင်လိမ့်မယ်လို့လည်း ဝါရင့်ပဲကုန်သည်ကြီးတွေက ဆိုပါတယ်။ ဒါက ပြီးခဲ့ တဲ့လတွေရဲ့ အရောင်းအဝယ်အခြေအနေတွေပါ။ ကြိုက်ဈေးရလို့ ဝယ်လက်တွေ စိတ်ဝင်စားလာ လတ်တလော ရောင်းမှုအနေနဲ့ နေ့စဉ်ဆိုသလို ပြည်ပအဝယ်ရှိလို့ အရောင်းအဝယ်နေ့တိုင်း ဖြစ်နေတယ်လို့ သိရပါတယ်။ အထူးသဖြင့် ပဲစင်းငုံနဲ့ အညာ ပဲတီစိမ်းတွေရဲ့ လက်ရှိပေါက်ဈေးတွေက ပြည်ပဝယ်လက်အကြိုက် တွေ့နေပြီဖြစ်လို့ နေ့စဉ် FOB အရောင်းအဝယ် စာချုပ်ချုပ် ဆိုမှုတွေ များနေတယ်လို့လည်း သိရပါတယ်။ ပဲစင်းငုံအနေနဲ့ လင်းခေးစတွေ ပြတ်သလောက်ဖြစ်နေလို့ ပဲစင်းငုံအနီစအဟောင်းရော အသစ်ပါ အဝယ်လိုက်လာပြီဖြစ်ပြီး ပဲတီစိမ်းဆိုရင်လည်း ဈေးကွက်ထဲဝင်လာတဲ့ အရည် အသွေးနိမ့် အညာပဲတီစိမ်းတွေကို ဆွဲနေတယ်လို့ ကုန်သည် တွေက ဆိုပါတယ်။ ဒါကြောင့်လည်း ဇူလိုင်လ ၁၄ ရက်အတွင်းမှာ မတ်ပဲ SQ၊ FAQ နဲ့ အခွံချွတ်စုစုပေါင်း တန် လေးသောင်းကျော်၊ ပဲတီ စိမ်း၊ ပဲတီရွှေဝါ စုစုပေါင်း တန် ၇ဝဝဝ၊ ပဲစင်းငုံနီ၊ ဖြူနီ၊ ခွဲခြမ်းတန် ၁၆ဝဝဝ ကျော်နဲ့ ကုလားပဲ တန် ၆ဝဝဝ လောက် အရောင်းအဝယ် စာချုပ်ထားတာ တွေ့ရပါတယ်။ ဒီနှုန်း အတိုင်း အရောင်း အဝယ်ဖြစ်ပြီး တင်ပို့မယ်ဆိုရင် ဒီဇူလိုင်မှာလည်း ပဲအရွှေ့ကောင်းမယ့် အလားအလာ ရှိနေတဲ့သဘောပါ။ စိုက်ဧရိယာလျော့လို့ အိန္ဒိယပဲဈေး အကျတန့် လက်ရှိအိန္ဒိယအနေအထားကိုကြည့်ရင်ပဲ မုတ်သုံမိုးနောက်ကျပြီး မိုးနည်းပါးတဲ့အတွက် ပဲစိုက်ပျိုးမှု နှေးကွေးနေလို့ အရင်နှစ်စိုက်ပျိုးမှုကို မမီနိုင်ဘူးလို့ သတင်းတွေမှာ တွေ့ရပါတယ်။ ဒါကြောင့်လည်း အိန္ဒိယဈေးကွက်တွေမှာ ပဲလက်ကျန်တွေ အထူးသဖြင့် ပဲစင်းငုံလက်ကျန်တွေ အလုံအလောက်ရှိနေတယ် လို့ ဆိုပေမဲ့ စိုက်ဧရိယာလျော့ကျတဲ့ သတင်းတွေက ဈေးနှုန်းထပ်မကျအောင် ပဲဈေးမာအောင် အခြေအနေပေးနေတာမို့ လတ်တလော အိန္ဒိယပဲ ဈေးကွက်မှာလည်း ပဲဈေးအကျဘက် မဆင်းတော့ဘဲ ဈေးတန့် နေတာ တွေ့နေရပါတယ်။ မိုးနောက်ကျလို့ ငွေပိုရတဲ့ အခြားသီးနံှများ ပြောင်းလဲစိုက်ပျိုးလာ အိန္ဒိယမှာ မုတ်သုံမိုးက လက်ရှိကာလဟာ အရေးပါဆုံးပဲဖြစ်ပါတယ်။ အိန္ဒိယ မိုးလေဝသဌာနရဲ့ ထုတ်ပြန်ချက်အရ ဇူလိုင်လ ၁၂ ရက်နေ့အထိ မိုးရွာသွန်းမှုဟာ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ပုံမှန်အောက် ၄ ရာခိုင်နှုန်း လျော့ကျတယ်လို့ဆိုပါတယ်။ ကာနာတာကာမှာ ဇူလိုင်လ ၄ ရက်နေ့အထိ မိုးပဲ မျိုးစုံ စိုက်ပျိုးမှုဟာ မနှစ်က ဒီလိုအချိန်မှာ ဟက်တာ ၆ ဒသမ ၃၈ သိန်းစိုက်ပြီး ပြီဖြစ်ပေမဲ့ ဒီနှစ်မှာ တော့ ၂ ဒသမ ၉၂ သိန်းသာ ရှိလို့ မနှစ်ကထက် ၅ဝ ရာခိုင်နှုန်းကျော် လျော့နည်း နေတယ်လို့ သိရပါတယ်။ ပဲအများဆုံးစိုက်တဲ့ မဟာရပ်ရှတရာနဲ့ မဒ္ဒရာပရာဒေ့ရှ် တို့မှာ မိုးပြန်လည်ရွာသွန်းလာပြီဖြစ်ပေမဲ့ မိုးနောက်ကျလို့ အခြားငွေပိုရတဲ့ ပြောင်းလိုသီးနံှတွေကို ပြောင်းလဲစိုက်ပျိုးလာကြလို့ ပဲစိုက် ဧရိယာ လျော့ကျမယ်လို့လည်း ခန့်မှန်းထားပါတယ်။ အိန္ဒိယရဲ့ ပဲမျိုးစုံစိုက်ပျိုးမှု အခြေအနေဟာ ဇူလိုင်လထဲမှာ ရွာသွန်းမယ့် မိုးအပေါ် မူတည်နေတယ်လို့ မြန်မာကုန်သည်ကြီးတွေက ဆိုပါတယ်။ ဒါပေမဲ့လည်း မနှစ်က စိုက်ဧရိယာကိုတော့ မမီနိုင်တော့ဘူးလို့ သုံးသပ်ကြပါတယ်။ စပ်ကူးမတ်ကူး လက်ကျန် မြန်မာနိုင်ငံရဲ့ လက်ရှိပဲလက်ကျန်အခြေအနေနဲ့ လာမယ့်ဒုတိယနှစ်ဝက်အတွင်း အရောင်းအဝယ် အခြေအနေကို ဝါရင့်ပဲကုန်သည်ကြီးများ ခန့်မှန်း ဆွေးနွေးခဲ့တာကို ဖောက်သည်ချရမယ်ဆိုရင် မတ်ပဲ လက်ကျန်အနေနဲ့ တန်ချိန် ၃ သိန်းအထက်မှာရှိပြီး ပဲစင်းငုံကတော့ တန် ၁ သိန်းခွဲလောက်နဲ့ ပဲတီစိမ်း၊ ပဲတီရွှေဝါကတော့ တစ်နှစ်ပတ်လုံး ထွက်နေတာဖြစ်လို့ လက်ရှိအချိန် မှာ ခရမ်းသုံးခွနဲ့ အညာပေါင်း ၅ သောင်း၊ ၆ သောင်းလောက်ရှိမယ်လို့ ဆိုပါတယ်။ လက်ရှိပဲ လက်ကျန် အခြေအနေကို ပြန်သုံးသပ် မယ်ဆိုရင် ပဲစင်းငုံပမာဏနည်းနည်းများ နေတာကလွဲပြီး ကျန်တဲ့ပဲတွေကတော့ အရင်နှစ်တွေ တုန်း ကလည်း ဒီလိုအချိန် ဒီပမာဏက ကျန်လေ့ကျန်ထရှိတယ်လို့ ဆိုပါတယ်။ ပဲမျိုးစုံရဲ့ ထူးခြားချက်အနေနဲ့ ဈေးတက်တက်ကျကျ ဒီလိုစပ်ကူးမတ်ကူးကာလမှာ လက်ကျန်ကတော့ ကျန်စမြဲပါလို့လည်း ကုန်သည် တစ်ဦးကဆိုပါတယ်။ တစ်ကျော့ပြန်ဈေးကွက် ဝင်လာတဲ့ ကုလားပဲ အလားအလာ ပဲမျိုးစုံဈေးကွက်ရဲ့ ရှေ့အလားအလာကို ဆွေးနွေးရာမှာတော့ အရင်နှစ်တွေက တင်ပို့မှုမရှိ သလောက် ကျဆင်းခဲ့တဲ့ ကုလားပဲဖြူလုံးကြီးဟာ ဒီနှစ်မှာ အခြားပဲတွေထက် ဈေးပိုရပြီး အခြေအနေ အကောင်းဆုံးပဲ ဖြစ်တယ်လို့ ဆိုပါတယ်။ ပြည်တွင်းမှာလည်းအသုံးများသလို ပါကစ္စတန်၊ အိန္ဒိယက လည်းတအားဆွဲလို့ တောင်သူရော၊ ကုန်သည်တွေမှာပါ လက်ကျန်နည်းပြီး အကျိုးအမြတ်ရှိခဲ့တဲ့ ပဲပါပဲ လို့ ဆိုပါတယ်။ နိုင်ငံတကာအနေနဲ့ ကုလားပဲစိုက်တဲ့ အမေရိကန်နဲ့ ကနေဒါတို့မှာ ရာသီဥတု အခြေ အနေအရ စိုက်ဧရိယာလျော့မယ့်သတင်းတွေအရရော လက်ရှိ ပါကစ္စတန်နဲ့ အိန္ဒိယရဲ့ ဝယ်လိုအားတွေ အရရော လာမယ့်ကာလမှာလည်း အလားအလာရှိတယ်လို့ သုံးသပ်ကြပါတယ်။ ဒီလိုဝယ်လို အားကောင်းတဲ့ ပဲကို ဈေးကွက်ဝင် မျိုးသန့်တွေနဲ့ တိုးခဲျ့ စိုက်ဖို့ ပဲကုန်သည်နဲ့ အထူးပြုကုမ္ပဏီကြီးများက မျိုးသန့်တွေဖြန့်ဖြူးပြီး တိုက်တွန်းအားပေးမယ်ဆိုရင် နောင်နှစ်မှာ ရလဒ်ကောင်းတွေ ခံစားရမှာ ကျိန်းသေ ပါ။ အလားအလာကောင်းတဲ့ မတ်ပဲ ပုံမှန် ရောင်းဝယ်ဖို့တော့လို မတ်ပဲအနေနဲ့လည်းအိန္ဒိယဝယ်လက်တွေက လက်ရှိမှာလည်းတောက်လျောက်ဆွဲနေတယ်။ ဒီလထဲ မှာလည်း တင်ပို့မှု ကောင်းဦးမှာဖြစ်သလို သြဂုတ်လမှာလည်း မေ၊ ဇွန်လတွေလိုပဲ ပဲအရွေ့များမယ်ဆိုရင် မြန်မာမတ်ပဲအတွက် စိုးရိမ်စရာ မရှိပါဘူးလို့ ဆိုပါတယ်။ အထူးသဖြင့် အိန္ဒိယနိုင်ငံမှာ ဒေဝါလီပွဲမတိုင်မီ ၁ လအလိုမှာ demand ကြီးကြီး တစ်ခါရှိတယ်။ လက်ရှိဈေးကလည်း သင့်တင့်တဲ့ ဈေးဖြစ်နေလို့ သြဂုတ်လမှာ အိန္ဒိယအဝယ်ကြီးကြီးကို ရောင်းလိုက်ရင် နှစ်ကုန်ပိုင်းမှာ လက်ကျန်မများနိုင်ပါဘူးလို့ ဝါရင့် ကုန်သည်တစ်ဦးကဆိုပါတယ်။ ဒါပေမဲ့ ရောင်းသင့်တဲ့အချိန်မှာ ရောင်းထွက်နိုင်ဖို့အတွက် ကုန်သည်ကြီးများ ဈေးဆွဲတင် ဆွဲချတာမျိုး မလုပ်ဘဲ ပုံမှန်ရောင်းဝယ်ဖို့တော့ လိုပါတယ်လို့ ကုန်သည်တစ်ဦးက ထောက်ပြပါတယ်။ လက်ရှိမတ်ပဲဈေးကွက်အနေအထားက ပြည်တွင်းထုတ်လုပ် ရောင်းချနိုင်မှုနဲ့ ပြည်ပ ဝယ်လိုအားက မျှတနေတဲ့ သဘောရှိနေတဲ့အတွက် လာမယ့် ရာသီတွေမှာ ဈေးကောင်းရဖို့ အတွက်တော့ အရည်အသွေးကို ထိန်းသိမ်းနိုင်ရေး အရေးပါလှပါတယ်။ ပဲတီစိမ်းအရည်အသွေး ထိန်းနိုင်ရေးအတွက် ခေတ်မီစက်များ တစ်နှစ်ပတ်လုံးထွက်တဲ့ ပဲတီစိမ်း၊ ပဲတီရွှေဝါဈေးကွက် ကတော့ အိန္ဒိယနဲ့ တရုတ်ဘက်က ဝယ်လိုအားတွေ ရှိနေပါတယ်။ ဒီနှစ်ပဲထွက်ချိန်မှာ မိုးမိကြလို့ အရည်အသွေးနိမ့်တဲ့ အစတွေပါပေမဲ့ ဝယ်လက်က Quality ခွဲပြီး သူ့ဈေးနဲ့သူ ဝယ်ယူတယ်လို့ ဆိုပါတယ်။ အိန္ဒိယမှာ အရည်အသွေးညံ့နဲ့ အကောင်းအပြင် ရေစိုပဲကို ခွဲထုတ်တဲ့ စက်ကောင်းကောင်းပဲ ရှိလားမသိဘူး။ ဒါမှမဟုတ် တန်ဖိုးမြှင့် ထုတ်ကုန်ထုတ်ဖို့ပဲ ဝယ်ယူသလားဆိုတာ ကျွန်တော်တို့ လေ့လာရမယ်လို့ ကုန်သည် တစ်ဦးက ဆိုပါတယ်။ ဒါပေမဲ့လည်း ရေစိုမိုးမိပဲကို ဈေးတစ်မျိုးနဲ့ ဝယ်တော့တောင်သူတွေနဲ့ ကျွန်တော်တို့ ကုန်သည်တွေ အရည်အသွေးအတွက် စိတ်ပူခဲ့ရပေမဲ့ ရောင်းထွက်တယ်လို့ ကုန်သည် တစ်ဦးက ဆိုပါတယ်။ ဒါပေမဲ့ နောက်ဆိုရင် ကိုယ့်ပဲဈေး မလျော့ရအောင် အရည်အသွေး ပျက်စီးမှု နည်းပါးအောင် ရာသီဥတုကို အမြဲမပြတ်စောင့်ကြည့်ပြီး လက်ဦးမှုရယူပြီး လေလွင့်မှု နည်းအောင်လည်း ရိတ်သိမ်းချိန်လွန် ခေတ်မီ စက်ပစ္စည်းတွေနဲ့ ဆောင်ရွက်နိုင်ဖို့ ပဲတင်ပို့သူများ၊ ပဲအစုအဖွဲ့၊ အထူးပြု ကုမ္ပဏီကြီးများအနေနဲ့ ဝန်ဆောင်မှုတွေ တိုးတက်ဆောင်ရွက်ရေးကို အထူးဂရုစိုက်ဖို့တော့လိုပါပြီ။ တရုတ်နိုင်ငံက ပဲတီစိမ်းကို စိုက်ပြီးကိုယ်တိုင်သုံးသလို ပိုလံျှရင်လည်း ပြည်ပ တင်ပို့ပါတယ်။ဒါပေမဲ့ ရာသီဥတု အခြေအနေ မပေးလို့ ထွက်ရှိမှု နည်းလာတဲ့အတွက် မြန်မာနိုင်ငံက အရည်အသွေး ကောင်း တွေကို ဒီနှစ်ပိုင်းတွေမှာ တင်သွင်းလာနေပါတယ်။ သြစတြေးလျကတော့ ပြည်တွင်းသုံးမရှိဘဲ ပြည်ပ ကိုသာ တင်ပို့တာဖြစ်လို့ ဒီလို ဈေးကွက်ပြိုင်ဆိုင်ရတဲ့ ပဲတွေကို အရည်အသွေးမကျအောင်နဲ့ ဈေးကွက်ဝင် ဈေးကောင်းရတဲ့ ပဲတွေရွေးစိုက်ဖို့ နှိုးဆော်ကြရမှာဖြစ်ပါတယ်။ အိန္ဒိယရာသီပေါ် တည်မီနေတဲ့ ပဲစင်းငုံဈေးကွက် မြန်မာတောင်သူအများစုဟာ သီးနံှဈေးတက်သည်ဖြစ်စေ၊ ကျသည်ဖြစ်စေ သူ စိုက်ပျိုးနေကျသီးနံှကို ပုံမှန်စိုက်ပျိုး ခြင်းဟာလည်း တစ်ခါတစ်ရံမှာ အားနည်းချက် တစ်ခုပါလို့ ကုန်သည်အချို့က ဆိုပါတယ်။ အထူးသဖြင့် အိန္ဒိယဝယ်လက်တစ်ခုထဲကို အပြည့်အဝအားထားနေရတဲ့ ပဲစင်းငုံဈေးကွက်ဟာ ဒီနှစ် အနေအထားမှာ ပြည်တွင်းမှာရော အိန္ဒိယမှာပါ လက်ကျန်တွေများလို့ ဘယ်လိုမှ မျှော်မှန်းမထားတဲ့ အောက်ဈေးကိုရောက်ရှိခဲ့ရပါတယ်။ ဖေဖော်ဝါရီ၊ မတ်လများမှာ ဘုရင့်နောင် ပေါက်ဈေး တစ်တန်ကို ကျပ် ၇ သိန်းကျော်ရှိခဲ့ရာမှ လက်ရှိ ဇူလိုင်လ အတွင်းမှာတော့ တစ်တန် ၄ သိန်း ၃ သောင်းကျော် အထိ ရောက်ခဲ့ရပါတယ်။ လက်ရှိ ပြည်တွင်းဈေးကွက်ပေါက်ဈေးတွေကလည်း ဝယ်လက်တွေ ဝယ်နိုင်တဲ့ အနေအထား ရောက်နေပြီဖြစ်လို့ ပဲစင်းငုံအနီစကို အိန္ဒိယဝယ်လက်တွေ အဝယ်သွက်လာ နေပြီလို့ ကုန်သည်များကဆိုပါတယ်။ လတ်တလော သတင်းတွေအရ အိန္ဒိယမှာလည်း ပဲစင်းငုံစိုက်ဧရိယာက မနှစ်က ကာလတူထက် လျော့ကျနေတယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ အတိအကျ ခန့်မှန်းဖို့တော့ စောနေ သေးလို့ ဒီနှစ်ရှေ့အလားအလာ အနေနဲ့တော့ အိန္ဒိယစိုက်ပျိုးမှုအပေါ် အများကြီး မူတည်နေတယ်လို့ ကုန်သည်တစ်ဦးက ဆိုပါတယ်။ ဈေးကွက်ယှဉ်ပြိုင်ရတဲ့ အာဖရိက ရာသီဥတုနဲ့ ထုတ်လုပ်မှုကို ထည့်သွင်းစဉ်းစား ပဲစင်းငုံကို အဓိကစားသုံးတာ အိန္ဒိယလူမျိုးပဲရှိပြီး မြန်မာနိုင်ငံလောက် ထုတ်လုပ်မှုမများပေမဲ့ ပဲစင်းငုံ ထုတ်လုပ်တင်ပို့တဲ့ အာဖရိက၊ တန်ဇန်းနီးယားနဲ့ မာလာဝီတို့ကလည်း အိန္ဒိယဈေးကွက်ဝေစုပိုရဖို့ ကြိုးစားနေကြပါတယ်။ ဒါကြောင့် ပဲစင်းငုံ ဈေးကွက်အနေအထားက အိန္ဒိယရဲ့ ထုတ်လုပ်မှု အခြေအနေ တစ်မျိုးထဲသာမက အာဖရိကရဲ့ ရာသီဥတုနဲ့ ထုတ်လုပ်မှုတို့ကိုပါ သတိထားစောင့်ကြည့်ရမယ့် အနေအထားပါ။ အာဖရိကအချို့နိုင်ငံတွေမှာ ရာသီဥတုမကောင်းဘူးလို့ အချို့သတင်းတွေရပေမဲ့ သြဂုတ်လ ကုန်လောက်မှာတော့ အာဖရိကပဲစင်းငုံတွေ ဝင်လာတော့မယ့်ကာလဖြစ်တယ်လို့ ကုန်သည်တွေက ဆိုပါတယ်။ ဒီလိုအခြေအနေမျိုးမှာ မြန်မာနိုင်ငံတောင်သူနဲ့ ကုန်သည်ကြီးများက ဈေးတွေ မတန်တဆ တင်ပြီး လက်ပိုက်ကြည့်နေမယ်ဆိုရင်တော့ အထိနာတယ်ဆိုတာ လက်တွေ့ကြုံတွေ့ ရပြီးသားပါ။ အမှန်တော့ ကုန်ရောင်းသူရော ဝယ်သူပါ နှစ်ဦးနှစ်ဖက် အကျိုးအမြတ်ကို ထည့်တွက်ပြီး ရောင်းသင့်တဲ့ အချိန်ရောင်း၊ ဝယ်သင့်တဲ့အချိန်မှာ ဝယ်တာတော့ အဖြစ်သင့်ဆုံးပါပဲ။ စိန်ခေါ်မှုများကိုလည်း ပြင်ဆင် ပြည်ပပို့ကုန်လုပ်ငန်းရှင်တွေ ကြုံတွေ့ရတဲ့ စိန်ခေါ်မှုတွေထဲမှာ ပို့ကုန်ဝင်ငွေတစ်ယူနစ်တန်ဖိုး မတည် မငြိမ်ဖြစ်တာလည်း အချက်တစ်ချက်ပဲလို့ ဆိုပါတယ်။ ဒီနှစ်နှောင်းပိုင်းမှာ ငွေလဲလှယ်နှုန်းသာ တည်ငြိမ်နေ မယ်ဆိုရင် ပို့ကုန်လုပ်ငန်းရှင်တွေ လုပ်သာကိုင်သာ ရှိမယ်လို့ ဆိုပါတယ်။ မြန်မာ့ပဲမျိုးစုံဟာ နိုင်ငံစုံကိုသွား တာဖြစ်ပေမဲ့ ပမာဏကြီးကြီးမားမားသွားတဲ့ နိုင်ငံတွေ ကတော့ အိန္ဒိယ၊ တရုတ်၊ ပါကစ္စတန်တို့ဖြစ်လို့ ဒီနိုင်ငံတွေရဲ့ ရာသီဥတုအခြေအနေ၊ စိုက်ပျိုးထုတ်လုပ်မှု၊ အဲဒီနိုင်ငံ တွေရဲ့ မူဝါဒ၊ ငွေကြေးဈေးကွက် တွေကို မျက်ခြေမပြတ် စောင့်ကြည့်သွားရမှာဖြစ်ပါတယ်။ ဒါ့အပြင် ပဲအများဆုံးတင်ပို့နေရတဲ့ အိန္ဒိယ ဈေးကွက်တစ်ခုကိုပဲ မှီခိုနေရမှု လျှော့ချဖို့အတွက် အခြားဈေးကွက်နိုင်ငံတွေရဲ့ လိုအပ်တဲ့ သီးနံှတွေ ကိုလည်း တိုးစိုက်ဖို့ လိုအပ်နေပါပြီ။ အထူးသဖြင့် ဈေးကွက်ကြီးမားတဲ့ တရုတ်နိုင်ငံရဲ့ ဝယ်လိုအားရှိတဲ့ ပဲတီရွှေဝါကို ပိုစိုက်သင့်သလို ပြောင်းတို့ ပဲပုပ်တို့ကိုလည်း တိုးခဲျ့ စိုက်ပျိုးရတော့မှာဖြစ်ပါတယ်။ ဒီစိန်ခေါ် မှုနဲ့ လိုအပ်ချက်တွေကိုသာ ပဲတင်ပို့သူ၊ အစုအဖွဲ့(Cluster)၊ အထူးပြုကုမ္ပဏီများမှ တောင်သူများ အပါအဝင် သက်ဆိုင်ရာ အစိုးရဌာနများကပါ ဝိုင်းဝန်းပြီး လက်ရှိအခြေအနေထက်ပို တိုးတက်ပြင်ဆင် ထားရင်တော့ ၂ဝ၁၁ ဒုတိယနှစ်ဝက်အတွက်ရော လာမယ့်ရာသီသစ်အတွက်ပါ ပဲမျိုးစုံပို့ကုန်ဈေးကွက်ရဲ့ စိန်ခေါ်မှုတွေကို အောင်မြင်စွာနဲ့ ဖြတ်ကျော်နိုင်မယ်လို့ ယုံကြည်ကြောင်းပါ။ ယမင်းရွှေစင်
စမစ်၊ရီကာဒို တို့နှင့်အတူ နယ်စပ်ကုန်သွယ်ရေးကို အကဲခတ်ကြည့်ခြင်း အလုပ်ဖြစ် နယ်စပ်ကုန်သွယ်ရေး မြန်မာ-အိန္ဒိယနယ်စပ် ရိဒ်နှင့် တမူးနယ်စပ်ကုန်သွယ်ရေးစခန်းတို့တွင် မကြာခဏ တာဝန်ထမ်းဆောင်ဖူးသော မိတ်ဆွေနယ်စပ် ကုန်သွယ်ရေးဝန်ထမ်း တစ်ယောက်၏ အတွေ့အကြုံများကို နားထောင်ရင်း လွန်ခဲ့သောနှစ်က မိမိကိုယ်တိုင် ရောက်ရှိခဲ့သည့် မူဆယ် ၁ဝ၅ မိုင် နယ်စပ်ကုန်သွယ်ရေးဇုန် မြင်ကွင်းကို ပြန်လည် သတိရနေမိသည်။ ဇုန်အတွင်းသို့ နံနက် ၉ နာရီခွဲရောက်ရှိ ချိန် ရုတ်တရက်မြင်တွေ့လိုက်ရသော မြင်ကွင်းမှာ စိတ်လှုပ်ရှားဖွယ်ကောင်းလှ၏။ ပျားပန်းခပ်မျှ လှုပ်ရှားနေသော ကားများ၊ ဥဒဟို သွားလာနေသော လူအများကို တွေ့နေရသည်။စိတ်ဝင်တစား ရှိလှ၍ နားနှင့်မျက်စိကို အစွမ်းကုန်ဖွင့်ကာ ဇုန်တစ်ဇုန်လုံးကို လေ့လာချင်စိတ် ဖြစ်ပေါ်ခဲ့သည်။ဇုန်အတွင်း ကားများ၊ လူများ လှုပ်ရှားမှုများကို စုပေါင်းရုံးဟုခေါ်သည့် အဆောက်အအုံ အပေါ်ထပ်မြင်ကွင်းမှ မြင်တွေ့နေရသည်မှာ ဟန်ချက်ညီလှုပ်ရှားနေသည့် အကအဖွဲ့တစ်ဖွဲ့လိုပင် ကြည့်၍ပင် ကောင်းနေတော့သည်။ ဤမြင်ကွင်းသည် မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်ရေး အလုပ်ဖြစ် နေသည်ကို သက်သေပြပုံရိပ်ဖြစ်၏။ သီအိုရီဟောင်းနှင့် အခြေခံကုန်သွယ်မှုအိုင်ဒီယာ ကျမ်းရိုးဘောဂဗေဒပညာရှင်ဟု သမုတ်ထား သည့် အဒမ်စမစ်က ကုန်သွယ်မှုနှင့်ပတ်သက်၍ ပကတိအကိုျးကျေးဇူး(Absolute Advantage) သီအိုရီကို ဖော်ထုတ်ခဲ့ဖူးသည်။ တိုင်းပြည်တစ်ပြည် အနေဖြင့် အခြားတိုင်းပြည်များထက် ပို၍ စရိတ်သက်သာသော ကုန်စည်များကို ထုတ်လုပ်တင်ပို့ ရောင်းချခြင်းအားဖြင့် ပကတိအကျိုးကျေးဇူးဖြစ်ထွန်းမှုများ ရှိနိုင်သည်ဟု ဆိုခဲ့သည်။ ယခုခေတ် အခြေအနေနှင့်ကြည့်လျှင် အလွန်ရိုးစင်းသော အယူအဆပင်။ အကြံတူနောက်လူသာစမြဲ ဆိုသည့် စကားအတိုင်း ဒေးဗစ်ရီကာဒိုက နှိုင်းယှဉ် အကျိုးကျေးဇူးကို ထပ်မံဖန်တီးသည်။ စမစ်အနေဖြင့် ကမ္ဘာပေါ်တွင် ပကတိအကျိုးကျေးဇူးမရှိ သည့် ကုန်စည်များဖြင့် နိုင်ငံများရှိနေသည်ကို သတိမမူခဲ့ဟု ရီကာဒိုက ထောက်ပြခဲ့သည်။ နိုင်ငံ တစ်နိုင်ငံအနေဖြင့် ကုန်စည်များ အားလုံးတွင် ပကတိ အကျိုးကျေးဇူးမရှိသည့်တိုင် နှိုင်းယှဉ် အကျိုးကျေးဇူးများ(Comparative advantage) ရှိနိုင်သည်။ နှိုင်းယှဉ်အကျိုးဖြစ်ထွန်းမှုရှိသည့် ကုန်စည်များ ထုတ်လုပ်တင်ပို့ပါက ကုန်သွယ်ခြင်း ဖြင့် အကိုျးဖြစ်ထွန်းနိုင်သည်ဟု ဆိုထားသည်။ စမစ်နှင့်ရီကာဒိုနှစ်ဦးကဲ့သို့ ကုန်စည်များအပေါ် အာရုံမစိုက်ဘဲ သွင်းအားစု သယံဇာတများပေါ် တွင်အလေးပေးလေ့လာခဲ့သည့် ဆွီဒင်ဘောဂဗေဒ ပညာရှင် နှစ်ဦးတို့ကြောင့် အက်ရှာအိုးလင်း (Heckscher-Ohlin) သီအိုရီ ပေါ်ထွက်လာခဲ့ပြန် သည်။ စွမ်းအားစုပိုင်ဆိုင်မှု အချိုးကွာခြားသော တိုင်းပြည် နှစ်ပြည်တို့သည် မိမိနိုင်ငံတွင်ပေါများ စွာ အသုံးပြုနိုင်သည့် စွမ်းအားစုသုံး ကုန်စည်များ ကိုထုတ်၍ နှစ်နိုင်ငံကုန်သွယ်လျှင် နှစ်ဖက်အကျိုး ရှိနိုင်မည်ဟု ထပ်မံဖော်ထုတ်ခဲ့သည်။ ယခုတင်ပြမှုသည် ကုန်သွယ်မှုသီအိုရီများ ဖြစ်ပေါ်လာပုံကို သိစေလို၍မဟုတ်။ ယနေ့ ၂၁ ရာစု ကမ္ဘာ့အခြေအနေသည်လည်း ၁၉ ရာစု၊၂ဝ ရာစု သီအိုရီများနှင့် အံဝင်ခွင်ကျ သိပ်မဖြစ်တော့ပေ။ အသစ်အသစ်သောအိုင်ဒီယာများ၊အယူအဆ များစွာ အဆက်မပြတ် ပေါ်ထွက်နေသည်။ယနေ့ ကာလတွင် ဈေးနှုန်း၊ စရိတ်၊ စွမ်းအားစုစသဖြင့် သမားရိုးကျစဉ်းစားခန်းများထက် တီထွင်ကြံဆမှု ပိုင်း၊ နည်းပညာပိုင်းတို့ကို ပိုမိုအလေးထားလာကြသည်။ နည်းပညာတိုးတက်မှုနှင့် ၎င်းတို့၏ အသုံးဝင်မှုနောက်သို့ တစိုက်မတ်မတ် လိုက်နေသည်။ စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေး၊ ကျန်းမာရေး စသည်ဖြင့် နယ်ပယ်အလုံးစုံတွင် နည်းပညာအသုံး ပြု၍ ပိုမိုကောင်းမွန်သော လူ့အဖွဲ့အစည်း ဖန်တီး နိုင်ရေးကိုသာ ဦးတည်နေကြသည်။ မည်သို့ပင်ဆို စေကာမူ ကမ္ဘာပေါ်ရှိနိုင်ငံတိုင်းသည် ဒေါင်လိုက် ဖြစ်စေ၊ အလျားလိုက်ဖြစ်စေ နှိုင်းယှဉ်မှုသဘော ဖြင့်သာ တိုးတက်မှုလမ်းကြောင်းကို ဖြတ်သန်းနေ သည်ဟု ဆိုနိုင်သည်။ မရိုးနိုင်သော သီအိုရီနှင့် နယ်စပ်ကုန်သွယ်ရေး မြန်မာ-တရုတ် နယ်စပ်ဒေသတွင် နယ်စပ် ကုန်သွယ်ရေး အလွန်ထွန်းကား၏။ မြန်မာနိုင်ငံမှ ထွက်သော စိုက်ပျိုးရေးထွက်ကုန်များ၊ ရေထွက် ကုန်များအပါအဝင် အခြားသော ကုန်ပစ္စည်းမျိုးစုံ ကို တရုတ်နိုင်ငံမှကုန်သည်များက လာရောက်ဝယ် ယူနေကြသည်။ မြန်မာနိုင်ငံဘက်မှ ကုန်သည်များ ကလည်း တရုတ်နိုင်ငံထုတ် လူ့အသုံးအဆောင် များ၊ စက်ကိရိယာများ၊ ကုန်ကြမ်းပစ္စည်းမျိုးစုံကို အပြန်အလှန်ဝယ်ယူနေကြသည်။ သေချာသည်မှာ မိမိနိုင်ငံနှင့်နှိုင်းယှဉ်ပါက ပိုမိုဈေးသက်သာသော၊ ပိုမိုအသုံးဝင် အသုံးတည့်သော၊ ပို၍အရည်အသွေး ကောင်းသော စ သည်ဖြင့် နှစ်နိုင်ငံ နှိုင်းယှဉ်ပြီးသော အိုင်ဒီယာတို့ဖြင့် ရရှိလာသည့် ကုန်စည် များကိုသာ အရောင်းအဝယ် လုပ်နေ ကြခြင်းဖြစ်သည် ဆို သည့် အချက်ဖြစ် သည်။ စီးပွားရေး တဖြည်းဖြည်း ဖွံ့ဖြိုး လာနေပြီး ကမ္ဘာ့ဒုတိယ အကြီး ဆုံး စီးပွားရေး အဆောက်အအုံ အနေ ဖြင့် ရပ်တည်နေသည့် တရုတ်နိုင်ငံတွင် ဝင်ငွေ မညီ မျှမှုသည် ကြီးမားစွာ ဖြစ်ပေါ် နေသည့် ပြဿနာတစ်ရပ်ဖြစ်သည်။ စက်ရုံ၊ အလုပ်ရုံများ တဖြည်းဖြည်းတိုးပွားနေသော်လည်း လယ်ယာ ကဏ္ဍကို မှီခိုနေရသည့် လုပ်သား ဦးရေ မှာလည်းများစွာ ကျန်ရှိနေသေးသည်။ မြန်မာ နိုင်ငံနှင့် ရေမြေသဘာဝ သယံဇာတ ပိုင်ဆိုင်မှု ကွာခြားမှုမရှိလှသော တရုတ်နိုင်ငံနှင့် ကုန်သွယ် ရာတွင် မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကဏ္ဍနှင့် ရေထွက်ကဏ္ဍ ထုတ်ကုန်များကိုသာ အဓိက အား ပြုနေရသဖြင့် မြန်မာနိုင်ငံအနေဖြင့် ကာလရှည် အခြေအနေများကို သတိပြု ပြင်ဆင်ထားရန် လိုအပ်ပေသည်။ လက်ရှိမြန်မာ့ပို့ကုန်များသည် တရုတ်နိုင်ငံထက် နှိုင်းယှဉ်အကျိုးကျေးဇူး ပိုမိုရှိနေ သည့် ကုန်စည်များဖြစ်ကြ၏။ တရုတ်နိုင်ငံမှ ကုန်စည်များထက် ပို၍ဈေးသက်သာကာ အရည် အသွေးကောင်း၏။ နောင်တစ်ချိန်တွင် ထို ကုန်စည်များသည် တရုတ်နိုင်ငံတွင်း၌ ပိုမိုပေါ များကာ ဈေးသက်သာလာပြီး အရည်အသွေး ကောင်းမွန်နေပါက မြန်မာ့ပို့ကုန် ဈေးကွက် ပျက် စီးသွားနိုင်ဖွယ်ရှိသည်။ ဤအချက်ကို အလေး အနက်ထား ဆွေးနွေးကြရန်လိုသည်။ ကုန်သွယ် ရေးနှင့် ပတ်သက်၍ သီအိုရီများမည်မျှပင် ပေါ် ထွက်လာနေသည်ဖြစ်စေ ၎င်းတို့၏နောက်တွင် နှိုင်းယှဉ်ခြင်း သဘောတရား အမြဲတမ်း ကပ် လျက်ပါနေမည်ဖြစ်သည်။ မြန်မာနိုင်ငံ၏ နယ်စပ် ကုန်သွယ်ဘက်နိုင်ငံများဖြစ်သော အိန္ဒိယ၊ တရုတ် နှင့် ထိုင်းနိုင်ငံတို့သည် မြန်မာနိုင်ငံနှင့် ရေခံမြေခံ သဘာဝသယံဇာတပိုင်ဆိုင်မှု တူညီကာ မြန်မာ နိုင်ငံထက် လုပ်သားအင်အားပိုမိုသော၊ နည်းပညာ ပိုင်း သာလွန်သော နိုင်ငံများဖြစ်သည်။ မြန်မာ့ စိုက်ပျိုးရေး ပို့ကုန်များနှိုင်းယှဉ်အကျိုး ဆက်လက် ရရှိ၍ စဉ်ဆက်မပြတ် တင်ပို့နိုင်ရေးအတွက် မိမိ တို့၏ ပို့ကုန်အခြေအနေမှန်များကို လေ့လာကာ ပံ့ပိုးရမည့်ကိစ္စများ၊ လိုအပ်ချက်များကို သုံးသပ် အဖြေရှာ၍ နှိုင်းယှဉ်တတ်သော မျက်လုံးများဖြင့် မျက်စိတစ်ဆုံး ကြည့်လျက် အရှိန်အဟုန်ဖြင့် ဆောင်ရွက်ရန် လိုနေပြီဖြစ်သည်။
ဘဏ္ဍာရေးပေါ်လစီကို ချင့ ်ချိန်စွာ ကိုင်တွယ်ခြင်း ဘဏ္ဍာရေးအီကွစ်လိုက်ဇာ မေခရိုစီးပွားရေး ပေါ်လစီတစ်ခုဖြစ်သည့် ဘဏ္ဍာရေးပေါ်လစီ (Fiscal Policy) သည် စီးပွားရေး အဆောက်အအုံတစ်ခု၏ စီးပွားရေး နိုးထနိုင်စွမ်းအတွက် လွန်စွာအရေးပါသည်။ ထို့အပြင် ငွေကြေးဖောင်းပွမှုကိုလည်း ထိန်းကျောင်းပေး နိုင်သည်။ ပေါ်လစီတွင် အစိုးရအသုံးစရိတ်ပိုင်းနှင့် အစိုးရ ရငွေပိုင်းဟူ၍ နှစ်မျိုးရှိသည်။ အစိုးရ ရငွေ ပိုင်းတွင် အခွန်သည် အဓိကဇာစ်မြစ်ဖြစ်ပြီး အသုံး စရိတ်ပိုင်းတွင် နိုင်ငံ၏ စီးပွားရေး၊ လူမှုရေး၊ လုံခြုံရေး၊ ကာကွယ်ရေး၊ တရားဥပဒေစိုးမိုးရေး စသည် ဖြင့် အစိုးရတာဝန်ယူထားသော နယ်ပယ်အားလုံး အတွက် ဖြည့်ဆည်းမှု ကုန်ကျစရိတ်အားလုံး အကံျုးဝင်သည်။ အစိုးရတစ်ရပ်သည် ဘဏ္ဍာရေး ပေါ်လစီကိုကိုင်တွယ်အသုံးပြုရာတွင် ၎င်း၏ ရငွေ နှင့် အသုံးစရိတ်တို့ကို အတိုးအလျော့ညှိ၍ ဘတ် ဂျက်ကို ချိန်ဆကြသည်။ ချင့်ချိန်မှုစွမ်းရည် ဘဏ္ဍာရေးပေါ်လစီတွင် နှစ်မျိုးရှိသည်။ လေးလံထုံထိုင်းနေသော စီးပွားရေး အဆောက်အအုံကို သွက်လက်လျင်မြန်စေရန် ပံ့ပိုးပေးရ သည့် ပေါ်လစီတွင် အစိုးရအသုံးစရိတ်များ တိုးခဲျ့ သုံးစွဲရခြင်း၊ အစိုးရငွေတွင် အဓိကဖြစ်သည့် အခွန် အကောက်များကို လျှော့ချရခြင်းတို့ ပါဝင်သည်။ ဤသို့ ကိုင်တွယ်လုပ်ဆောင်ခြင်းကို အခဲျ့ဘဏ္ဍာ ရေး ပေါ်လစီ (Expansionary Fiscal Policy) ကို သုံးခြင်းဟုဆိုသည်။ အလွန်အမင်း အရှိန်ပြင်းစွာ ဖွံ့ထွားလာသော စီးပွားရေးကို အရှိန်မလွန် စေရန် ထိန်းကျောင်းရာတွင် အစိုးရအသုံးစရိတ်များ လျှော့ချရခြင်း၊ အခွန်ကောက်များ တိုးမြှင့် ရခြင်း ဆောင်ရွက်ကြရသည်။ ဤအခြေအနေကိုမူ အကံျု့ဘဏ္ဍာရေးပေါ်လစီ (ContractionaryFiscal Policy) ဟု ခေါ်သည်။ စီးပွားရေး အဆောက်အအုံတစ်ခုလုံး၏ အခြေအနေကိုကြည့် ကာ ထိန်းညှိရခြင်းဖြစ်၍ ဘဏ္ဍာရေးပေါ်လစီကိုကိုင်တွယ်ရာတွင် မက်ခရိုစီးပွားရေး အချက် အလက်များကို ဘက်စုံထောင့်စုံလေ့လာနိုင်မှသာ ပိုမိုထိရောက်နိုင်ပေသည်။ ဘဏ္ဍာရေးပေါ်လစီ၏ အဓိကရည်ရွယ် ချက်မှာ စီးပွားရေးအဆောက်အအုံအတွင်း စီးပွား ရေးဖွံ့ဖြိုးမှု ဟန်ချက်ညီပြီး ကုန်ထုတ်လုပ်မှု တိုး တက်ရန်ဖြစ်သည်။ သို့သော် ဤပေါ်လစီကို အသုံးပြုတိုင်း မျှော်မှန်းချက်ကို အပြည့်အဝ ရရှိနိုင်မည် မဟုတ်ပေ။ စီးပွားရေး အဆောက်အအုံအတွင်းရှိအခြေအနေ အရပ်ရပ်သည် ပေါ်လစီကိုင်တွယ် အသုံးပြုသူတို့၏ ချင့်ချိန်နိုင်စွမ်းကို စိန်ခေါ်လျက် ရှိသည်။ ပိုမိုထိရောက်သောအဖွင့်ဝါဒ တံခါးပိတ်ဝါဒ ကျင့်သုံးသော စီးပွားရေး အဆောက်အအုံတစ်ခုတွင် အခွန်အကောက်ကို နှိမ့်၍ အစိုးရအသုံးစရိတ်ကို တိုးမြှင့်သုံးစွဲပါက ကနဦး၌ စုစုပေါင်း ဝယ်လိုအား မြင့်မားလာပြီး ထုတ်လုပ်မှု တိုးတက်လာသည်။ သို့သော် ကာလရှည်တွင်ဘတ်ဂျက်လိုငွေနှင့်အစိုးရချေးငွေ ပမာဏ မြင့် တက်လာနိုင်ပြီး ထိုမှတစ်ဆင့် အတိုးနှုန်းများ ပါ မြင့်တက်လာကာ ပုဂ္ဂလိက ရင်းနှီးမြှုပ်နံှမှုများ ထိခိုက်လာနိုင်သည်။ ရေရှည်တွင် ကုန်ထုတ်လုပ်မှု ကျဆင်းခြင်းကို ပြန်လည်ကြုံတွေ့ရနိုင်သည်။ နိုင်ငံ တကာနှင့်အဆက်အစပ်ရှိသော တံခါးဖွင့်ဝါဒ ကျင့်သုံးသည့် စီးပွားရေး အဆောက်အအုံများ တွင်မူ အတိုးနှုန်းမြင့်တက်လာမှုသည် နိုင်ငံတွင်းသို့ ပြင်ပအရင်းအနှီးစီးဝင်လာမှု မြင့်မားလာစေနိုင်ပြီး အတိုးနှုန်း မြင့်မားမှုကိုလည်း ပြန်လည်ထိန်းကျောင်းပေးနိုင်သည်။ ပုဂ္ဂလိက ရင်းနှီးမြှုပ်နံှမှုများ အပေါ်ထိခိုက်မှုများလည်း လျော့နည်းလာနိုင်ပြီး ထုတ်လုပ်မှုကျဆင်းခြင်း အန္တရာယ်ကိုပါ လျော့ နည်းသွားစေသည်။ ထို့ကြောင့် ဘဏ္ဍာရေး ပေါ်လစီအသုံးပြုမှုကြောင့်ဖြစ်ပေါ်လာသောအကျိုး သက်ရောက်မှုများတွင် စီးပွားရေး အဆောက် အအုံ၏ နိုင်ငံတကာနှင့် ဆက်စပ်မှုအခြေအနေ ပေါ်မူတည်၍ ကွာခြားမှုရှိသည်။ တံခါးပိတ်စီးပွားရေးစနစ် ကျင့်သုံးသော နိုင်ငံထက် နိုင်ငံ တကာသို့ စီးပွားရေးတံခါးဖွင့်ထားသောနိုင်ငံများ တွင် ပိုမိုထိ ရောက်မှုရှိသည်ကို တွေ့ရှိရသည်။
အပြည်ပြည်ဆိုင်ရာကို ထိုးဖောက်နိုင်ဖို့ စီးပွားရေးလုပ်ငန်းတွေမှာ ဘာတွေပြင်ဆင်ရမလဲ နိုင်ငံများဟာ မိမိနိုင်ငံရဲ့ ပို့ကုန်တွေ အပြည်ပြည်ဆိုင်ရာဈေးကွက်ထဲကို တိုးခဲျ့ တင်ပို့နိုင်စေဖို့ ဒေသဆိုင်ရာ ပူးပေါင်းမှုတွေ၊ နှစ်နိုင်ငံချင်း ကုန်သွယ်မှု သဘောတူညီစာခုျပ်တွေ (Bilateral Agreement)၊ နိုင်ငံများအကြား ကုန်သွယ်မှု သဘောတူညီတဲ့ စာချုပ်တွေ (Bilateral Agreement) စတာတွေ ချုပ်ဆိုခြင်းတို့နဲ့အတူ အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှုမှာ ပါဝင်လာခဲ့ကြတယ်။ ပုဂ္ဂလိကပိုင်း ဆိုင်ရာမှာလည်း ပြည်ပဈေးကွက်ကို ထိုးဖောက်ဖို့ ကြိုးပမ်းမှုတွေ ရှိလာခဲ့ကြတယ်။ •အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှုမှာ ပါဝင်လာနိုင်ဖို့ ဘာတွေဘယ်လိုပြင်ဆင်ရမလဲ။ မိမိနိုင်ငံရဲ့ စီးပွားရေးလုပ်ငန်းများကို အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှုမှာ ပါဝင်လာနိုင်ဖို့၊ အပြည်ပြည်ဆိုင်ရာ ဈေးကွက်တွင် ထိုးဖောက်ဝင်ရောက်ဖု့ိအတွက် အစိုးရဘက်က ဘာတွေဘယ်လို ချောမွေ့အောင် လုပ်ဆောင် ပေးမှာလဲ၊စီးပွားရေးလုပ်ငန်း အစုအဖွဲ့တွေ အနေနဲ့ ဘာတွေဘယ်လိုပြင်ဆင်ရမလဲ ဆိုတာ အဓိက တွေးရမဲ့ အချက်ဖြစ်ပါတယ်။ အပြည်ပြည်ဆိုင်ရာဈေးကွက်မှာ ထိုးဖောက်ဝင်ရောက်နိုင်ဖို့အတွက် အခြေခံ အဆောက်အဦပိုင်းဆိုင်ရာ၊ သွင်းကုန်ပို့ကုန် အဆင့်ဆင့် လုပ်ဆောင်ချက်များ၊ ကုမ္ပဏီ မှတ်ပုံတင်ခြင်း၊ သင့်တော်သော အခွန်အကောက်နှုန်းထား၊ ငွေ လဲလှယ်မှုနှုန်း စသည်ဖြင့် နိုင်ငံတော် အစိုးရဘက်က မူဝါဒနဲ့ ဥပဒေပိုင်းဆိုင်ရာ အထောက်အပံ့တွေနဲ့ လွယ်ကူချော မွေ့စေဖို့ ကုန်သွယ်မှုကို ဖန်တီးပံ့ပိုးနိုင်ပါတယ်။စီးပွားရေးလုပ်ငန်းတွေဟာ အပြည်ပြည်ဆိုင်ရာ စီးပွားရေး ပတ်ဝန်းကျင် (International Business Environment)ကို သိရှိနားလည်ဖို့ လိုအပ်ပါတယ်။စီးပွားရေးလုပ်ငန်းတွေကို မိသားစု စီးပွားရေးလုပ်ငန်း (Family Business) ကနေ တကယ့် ကုန်သွယ်မှု စီးပွားရေးလုပ်ငန်း (Commercial Business) အဖြစ်ကို ကူးပြောင်းနိုင်ရပါမယ်။ စီးပွားရေးနှင့် ပတ်သက်တဲ့ စီမံခန့်ခွဲမှု (Management) ၊ ဈေးကွက် ရှာဖွေမှု (Marketing)၊ နည်းပညာအသုံးချမှု (Utilization of Technology) ၊ ဘဏ္ဍာငွေရှာဖွေမှု (Financing)၊ ထုတ်ကုန်ဒီဇိုင်းနှင့် ထုပ်ပိုးမှု (Product Design and Packaging) ၊ အင်္ဂလိပ် စကားပြော ၊ ကွန်ပျူတာအသုံးချမှု၊ ကုန်သွယ်မှုနဲ့ဆိုင်တဲ့ အပြည်ပြည်ဆိုင်ရာ လုပ်ထုံးလုပ်နည်း၊ ဥပဒေစတဲ့ ဧရိယာတွေမှာ မိမိကိုယ်တိုင်နှင့် မိမိ ဝန်ထမ်း လုပ်ဖော်ကိုင်ဖက်များကို လူသားရင်းမြစ် ဖွံ့ဖြိုးတိုးတက်အောင် ပြင်ဆင်ရပါလိမ့်မယ်။ ဆက်သွယ်ရေး နည်းပညာ၊ ထုတ်လုပ်မှုနည်းပညာနှင့် သယ်ယူပို့ဆောင်ရေး စနစ်များ ကောင်းမွန်လာခြင်းစတဲ့ Globalization ရဲ့ ကောင်းကျိုး တွေကို အသုံးချတတ်ရပါမယ်။ နိုင်ငံတကာမှာ ကျင့်သုံးထုတ်လုပ်နေတဲ့ စံချိန်စံညွှန်း (Standard) တွေ သိရှိနားလည်ပြီး အပြည်ပြည်ဆိုင်ရာ ကုန်သွယ်ရေး လုပ်ထုံးလုပ်နည်းများ (International Business Rules and Regulations) နဲ့ စီးပွားရေး လုပ်ငန်းဆိုင်ရာကျင့်ဝတ်များ ( International Business Ethics) ကိုလည်း သိရှိလိုက်နာ ကျင့်သုံးနိုင်ရပါမယ်။ နိုင်ငံအနံှ့အပြားမှာ ဈေးကွက်ကိုဖော်ဆောင်တဲ့ စီးပွားရေးစနစ်တွေ ပြောင်းလဲလာပြီး စီးပွားရေးတံခါးတွေ ဖွင့်ထား ကြပြီဖြစ်ပါတယ်။ ပြင်ပကို ရှေ့ရှုတဲ့မဟာဗျူဟာ ( Outward oriented strategy) ကို ကျင့်သုံးလာခဲ့ကြတဲ့ အတွက် ဈေးကွက်တွေ ကျယ်ပြန့်လာမှု၊ စီးပွားရေးလွပ်လပ်ခွင့်များ ရှိလာခြင်းတို့ကြောင့် အပြည်ပြည် ဆိုင်ရာ ကုန်သွယ်မှုမှာ ကုန်စည်ကုန်သွယ်မှု ( Merchandise Trade) သာမက ဝန်ဆောင်မှုကုန်သွယ်မှု (Services Trade)ပါ တိုးတက် လာခဲ့တယ်။ • မိမိနိုင်ငံနဲ့ ကုန်သွယ်မှုများတဲ့ နိုင်ငံတွေက ဘယ်လိုနိုင်ငံတွေလဲ။ မိမိနိုင်ငံနဲ့ ကုန်သွယ်မှုများတဲ့ နိုင်ငံတွေကတော့ အာဆီယံနိုင်ငံတွေနဲ့ အိမ်နီးချင်း တရုတ်၊ အိန္ဒိယနဲ့ ဘင်္ဂလား ဒေ့ရှ့်စတဲ့ နိုင်ငံတွေဖြစ်တယ်။ အခြေအနေတွေပေးရင် ပေးသလို အမေရိက၊ ဥရောပ၊ အရှေ့အလယ်ပိုင်းအာရှနဲ့ အာဖရိကအထိ ဈေးကွက်တွေ တိုးခဲျ့ နိုင်ပါတယ်။ လက်ရှိတင်ပို့နေတဲ့ အဓိက ကုန်စည်တွေကတော့ ဆန်၊ ပဲအမျိုးမျိုး၊ ပြောင်း၊ရော်ဘာ၊ ဝါ၊ ဂုံလျှော်စတဲ့ စိုက်ပျိုးရေးထွက်ကုန်များနဲ့ ငါး၊ ပုစွန်အစရှိတဲ့ ရေထွက်ပစ္စည်း၊ သစ်နဲ့သစ်အချောထည် ပစ္စည်း၊ အဝတ်အထည်စတာတွေဖြစ်တယ်။ အဲဒီဈေးကွက်တွေက ဘာတွေကြိုက်ပြီး မိမိကဈေးကွက်ကို ဘယ်လောက် စိုးမိုးနိုင်လဲ၊ စိုမိုးနိုင်ဖို့ ဘာတွေလုပ်ရမှာလဲ။ မိမိနဲ့ ပြိုင်ဘက်တွေက ဘယ်နိုင်ငံတွေလဲ၊ ဘယ်ကုမ္ပဏီတွေလဲ။ မိမိပြိုင်ဖက်အကြောင်းကို မိမိသိပါ။ ( Know your competitors.) မိမိတို့နိုင်ငံက တင်သွင်းနေရတဲ့ ပစ္စည်းတွေကတော့ အဝတ်အထည်၊ အသုံးအဆောင်ပစ္စည်း၊ လျှပ်စစ်ပစ္စည်း၊ စက်ပစ္စည်း၊ စားသုံးဆီနဲ့ စက်သုံးဆီတို့ဖြစ်တယ်။ • မိမိတို့ဟာ အခြားဘယ်နိုင်ငံနဲ့ ဘယ်ထုတ်လုပ်မှုတွေမှာ အခွင့်သာနိုင်မလဲ။ နှိုင်းယှဉ်အကျိုးကျေးဇူး ဘာတွေရှိနိုင်မလဲ စဉ်းစားပါ။ ဈေးကွက်တွေကိုကြည့်ရင် ဘယ်နိုင်ငံတွေကဘာတွေလိုအပ်နေသလဲ။ ဘာတွေတင်သွင်းနေရသလဲ။ သူတို့ တင်သွင်း တဲ့ ပစ္စည်းမျိုး မိမိတို့မထုတ်နိုင်ဘူးလား။သူတို့ရဲ့စံသတ်မှတ်ချက် (Standard) တွေက ဘာတွေလဲ။ ဘယ်လို ဒီဇိုင်း ( Design) ၊ ဘယ်လို ထုပ်ပိုးမှုစနစ် ( Packaging System) မျိုးတွေမှ သဘောကျတာလဲ။ စတဲ့စားသုံးသူအကြိုက် ( Customer’s taste) ကို စဉ်းစားဖို့ လိုအပ်ပါတယ်။ ဒီနေရာမှာ ပြောင်းပြန် ပြန်စဉ်းစားဖို့လည်း လိုအပ်ပါတယ်။ ကိုယ့်ဆီက ဘာထုတ်ကုန်တွေ ထွက်ရှိနေသလဲ။ အဲဒီထုတ်ကုန်တွေကို ဘယ်လို လူမျိုးတွေက ကြိုက်တတ်မလဲ။ ကြီး ကြီးကျယ်ကျယ် မစဉ်းစားရင်နေပါ။ လက်ရှိ ထုတ်ကုန်ကိုပဲ နိုင်ငံခြားသားတွေ ကြိုက်တတ်အောင် ဘယ်လိုပြုပြင်ပြောင်းလဲမလဲပေါ့။ သူ့အရပ်နဲ့ သူ့ဇာတ်နဲ့ကိုက်ဖို့လိုအပ်တယ်။ ဒီနေရာမှာ ဖောက်သည်တွေ ရဲ့စရိုက် Character ကို ကြည့်ဖို့ လိုအပ်ပါတယ်။ ဒီနေရာမှာ စာရေးသူရဲ့ အတွေ့အကြုံအရ ဥပမာပေးပါရစေ။ စာရေးသူ အိန္ဒိယမှာ ပါရဂူသင်တန်းသွားတက်စဉ်က တက္ကသိုလ်မှာ နိုင်ငံပေါင်းစုံက လာတက်တဲ့ ကျောင်းသားတွေ ရှိတဲ့အတွက် အပြည်ပြည်ဆိုင်ရာ အစားအစာနဲ့ ယဉ်ကျေးမှုပွဲတော(International Food and Cultural Festival) လုပ်ပါတယ်။ ပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မှသာ မိမိနိုင်ငံအလံကို လွှင့်ထူခွင့်ရပါတယ်။ စာရေးသူကလည်း သူများ နည်းတူ အားကျမခံ မြန်မာကို ကိုယ်စားပြုပြီး မြန်မာ အလံလွှင့်တင်ခွင့် ရဖို့အရေး (Myanmar Food Stall)တစ်ခုပြုလုပ်ပြီး ပြိုင်ပွဲစည်းကမ်းသတ်မှတ်ချက်အရ အယောက် ၁ဝဝ စာ ချက်ပြီး မန္တလေးကြာဇံချက် (Vermicelli Soup) နဲ့ လက်ဖက် သုပ်(Pickled tea leaf salad) နဲ့ ပါဝင်ဆင်နွဲှ ရောင်းချပါတယ်။ မြတ်ဖို့ မဟုတ်ပါ။ (ရှုံှုးနိုင်တယ်လို့လည်းဖ မျှော်လင့်ထားပြီးသား ဖြစ်ပါတယ်။) အဓိက ရည်ရွယ်ချက်ကတော့ ဒီပွဲမှာ ပါဝင်မှု (Participation) လုပ်ချင်တဲ့အတွက် ဖြစ်ပါတယ်။ မိမိနိုင်ငံရဲ့ အစားအစာ ဘယ်လိုရှိသလဲ ဆိုတာရယ်၊ အခြား လူမျိုးတွေသိအောင် Marketing လုပ်တာပါ။ နောက်အိန္ဒိယနိုင်ငံသားတွေရဲ့ Taste အရ ကြာဇံချက် မကြိုက်ဘူး။ တရုတ်၊ ဂျပန်နဲ့ ဗီယက်နမ်တွေက ကြာဇံချက် ကြိုက်ပါတယ်။ မြန်မာဆိုတာ မသိ၊ မရင်းနှီးတဲ့သူတွေ အများကြီးပါ။ စာရေးသူကတော့ ကူပွန်မဝယ်ရင်နေပါစေ။ နိဗ္ဗာန်ဈေးလို သဘောထားပြီး လက်ဖက်သုပ်တွေ ပန်းကန်အကြီးစား နဲ့ သုပ်ပြီး တစ်ခါသုံး ပန်းကန်၊ ဇွန်းလေးတွေနဲ့ ချထားပေးပါတယ်။Festival ကို လာတဲ့သူတွေက စိတ်ဝင်စားတဲ့သူတွေက အရင်ဆုံး ဆိုင်ခန်းတွေရဲ့ အခင်းအကျင်း၊ နမူနာပြထားတဲ့ အစားအသောက်ကို ကြည့်ပြီးမှ ဝယ်ယူ စားသုံးကြပါ တယ်။ ဒီတော့ စာရေးသူကလည်း အတတ်နိုင်ဆုံး ရှိစုမဲ့စုသော မြန်မာ့လက်မှု ရွှေခြည်ထိုးကားလေးတွေ၊ ကချင်လွယ်အိတ်၊ နိုင်ငံအလံ စတာလေးတွေနဲ့ ကိုယ့် Stall ကို လှပအောင်၊ ဆိုင်ခန်းအား ဆွဲဆောင်မှု ရှိအောင် ပြင်ဆင်ရပါတယ်။ နောက်အခြားတက္ကသိုလ်က မြန်မာကျောင်းသားတွေကိုလည်း ဖိတ်ခေါ်ပြီး မြန်မာဝတ်စုံနဲ့ တက်ပေးဖို့ request လုပ်ခဲ့ပါတယ်။နောက်လာတဲ့ ပရိသတ်ကို ဒီအစားအသောက် အကြောင်းကို ရှင်းပြကြပါတယ်။ ကြုံတုန်းလေး ပြောပြရရင် ဧည့်ခံ အကောင်းဆုံးဆု ( Best Hospitality Prize)၊ဆိုင်ခန်းပြင်ဆင်မှု အကောင်း ဆုံးဆု (Best Decoration Prize) ၊ အကောင်း ဆုံး အစားအသောက်ဆု ( Best Food Prize) အစရှိသဖြင့် ဆုသုံးဆုပေးတဲ့အခါမှာ စာရေးသူတို့ Myanmar Stall က ဧည့်ခံအကောင်းဆုံးဆု (Best Hospitality Prize) ရခဲ့ပါတယ်။ Best Hospitality Prize ရခဲ့ခြင်းကတော့ အလကား အမြည်းကျွေးတဲ့ ဆိုင်တစ်ဆိုင်မှ မရှိပါဘူး၊ နောက်ရိုးရာဝတ်စုံ ဝတ်ရောင်းတဲ့ ဆိုင်တစ်ဆိုင်မှာ မရှိသလို ဘယ်လို ချက်တာလဲ၊ ဘာတွေ ထည့်ချက် တာလဲလို့ မေးရင်လဲ ရှင်းပြပေးတဲ့ မိမိ ရောင်းချတဲ့ အစားအစာ ဥပမာ-Pickled tea leaf အကြောင်းကို စိတ်ရှည် လက်ရှည် ရှင်းပြ တာမျိုး ဘယ် Stall မှာမှ မရှိပါဘူး၊ မြန်မာလူမျိုးရဲ့ စရိုက်ကို ပြလိုက်နိုင်ခဲ့လို့ အဲဒီဆုရခဲ့တာဖြစ်ပါမယ်။ ပထမဦးဆုံးနှစ်ရဲ့ ပထမဆုံး အတွေ့အကြုံ ဖြစ်ပါတယ်။ Myanmar Stall ကို လာတဲ့နေရာမှာ အိန္ဒိယနိုင်ငံသားတွေက လက်ဖက်သုပ် ကြိုက်ပါတယ်။ သူတို့လည်း လက်ဖက်ပင် စိုက်ပျိုးတယ်။ အိန္ဒိယရဲ့ ဒါဂျီလင် လက်ဖက်ခြောက်ဟာ ကမ္ဘာမှာ နာမည်ကြီးပါတယ်။ ဒါပေမယ့် သူတို့ ဒီလို Tea leaf ကိုနှပ်ပြီး စားသုံးရမှန်း မသိဘူး။ “ We have no idea” လို့ ပြောပြပါတယ်။ နောက်နှစ်ပြိုင်ပွဲကျတော့ ကျွန်မ Strategy ပြောင်းလိုက်ပါပြီ။ အမှတ်ပေး အကဲဖြတ်တဲ့သူတွေက အိန္ဒိယနိုင်ငံသား ပါမောက္ခတွေဖြစ်လို့ ကျွန်မ အုန်းနို့ခေါက်ဆွဲ ချက်ပြီး ဝင်ပြိုင် ပါတယ်။ အိန္ဒိယ နိုင်ငံတောင်ပိုင်း ( Southern India) ဟာ ပင်လယ် ကမ်းခြေ ဒေသဖြစ်တဲ့အတွက် အုန်းသီးနဲ့ ရင်းနှီးမှုရှိပါတယ်။ အဲဒီနှစ်မှာပဲ အစား အသောက်နဲ့ ပတ်သက်တဲ့ Best Food ဆုကို ရခဲ့ပါတယ်။ နောက်နှစ်တွေ ကြရင် မြန်မာအစား အသောက်ကို သိနေပြီ။ ဒီလိုဆုရရှိခဲ့ခြင်းက Marketing စာတွေထဲမှာ ပါသလို Know your customer. ( မိမိ ဖောက်သည်အကြောင်း မိမိ သိပါ) ဆိုတဲ့ အတိုင်း ဈေးကွက်ရဲ့ လိုအပ်ချက်ကို သိအောင်လုပ်နိုင်ခဲ့တဲ့အတွက် ဖြစ်ပါတယ်။ ဒီတော့ ကျွန်မတို့တတွေဟာ ကျွန်မတို့ရဲ့ အစားအသောက်တွေကို အခြားနိုင်ငံခြားသားတွေ စားတတ်၊ သုံးတတ် အောင် ဆွဲဆောင်ဖို့ မလိုဘူးလား။ ဒီလိုပဲ ဈေးကွက်ထဲကို ထိုးဖောက် ရမှာပဲပေါ့။ စိတ်ရှည်ရှည်နဲ့ အစပိုင်းမှာတော့ အနစ်နာခံရမှာပေါ့။ စာရေးသူ တို့နိုင်ငံမှာ ပီဇာ၊ ဟော့ဒေါ့၊ ဟော့ပေါ့၊ ဆူရှီ ၊ ကြေးအိုး၊ ကိုရီးယားပဲခေါက်ဆွဲနဲ့ ကင်မ်ချီ စတာတွေကို စားသုံးတတ်နေသလို မြန်မာအစားအစာကိုလည်း ကမ္ဘာသိအောင် လုပ်သင့်တာပေါ့။ ကမ္ဘာအထိမစဉ်းစားချင်နေပါ၊ စာရေးသူတို့နဲ့ကပ်လျက်ရှိနေတဲ့ လူဦးရေ အများဆုံးနှစ်နိုင်ငံ (တရုတ်၊ အိန္ဒိယ)နဲ့ အိမ်နီးချင်း အာဆီယံနိုင်ငံတွေ ပေါင်းလိုက်ရင် ကမ္ဘာ့ လူဦးရေရဲ့ သုံးပုံ တစ်ပုံကျော်က ကျွန်မတို့ နိုင်ငံဘေးမှာ ရှိနေတယ်။ လူလတ်တန်းစားများလာပြီး ဝယ်နိုင်စွမ်း (Purchasing Power) ရှိတဲ့နိုင်ငံမျိုးတွေကို ချဉ်းကပ်ရမှာ ဖြစ်ပါတယ်။ အလွန်ကြီးမားတဲ့ဈေးကွက်ကြီး ဖြစ်ပါတယ်။ သုံးတတ်ရင် အခွင့်အရေး (Opportunity) ဖြစ်ပြီး မသုံးတတ်ရင် ခြိမ်းခြောက်မှု (Threat) ပဲဖြစ်ပါတယ်။ ဈေးကွက်အကြောင်းပြောပြီးတဲ့နောက် မိမိထုတ်ကုန်ကို ဘယ်လိုနည်းနဲ့ အချိန်မီရောက်ရှိအောင်ပို့နိုင်မလဲစတဲ့ ထောက်ပံ့သယ်ယူပို့ဆောင်ရေး (Logistics)ဟာလည်း ပို့ကုန်ပို့သူတွေအတွက် အရေးပါတဲ့ထည့်သွင်း စဉ်းစားမှုတစ်ရပ် ဖြစ် ကြောင်းကို ဆွေးနွေးပါမယ်။ ယိုးဒယားလို သစ်ခွပန်း ပန်းလှလှတွေပို့မှာလား၊ တရုတ်နိုင်ငံလို လီလီပန်းလှလှတွေ ၊ သစ်သီးတွေပို့မှာလား၊ သြစတြေးလျလို ပန်းသီး တွေ၊ စပျစ်သီးတွေ ပို့မှာလား၊ ဂျပန်က စင်ကာပူကို မုံလာဥနီတွေ ပို့သလို ပို့မှာ လား၊ အအေးခန်း ကွန်တိန်နာတွေ၊ အမြန်သင်္ဘောတွေရှိတဲ့ခေတ်မှာများများ ပို့ဖို့ တော့ လိုပါလိမ့်မယ်။ ကွန်တိန်နာ သင်္ဘောတွေက ကိုက်မှ ပြေးဆွဲနိုင်မှာပေါ့။ ပန်းတွေကို လေကြောင်းလိုင်းနဲ့ ပို့ကြတယ်။ လာအိုက နံနက် ၆ နာရီကနေ ပို့တဲ့ ပန်းတွေကဂျပန်မှာ ၁ဝ နာရီလောက်ဆိုရင် ဈေးကွက်ထဲကို ရောက်ပြီး ရောင်းနေပြီ။ ထောက်ပံ့ သယ်ယူပို့ဆောင်ရေး (Logistics) နဲ့ဈေးကွက်ချိတ်ဆက်မှု ( Supply Chain) တွေ ကောင်းမွန်ဖို့ လိုအပ်ပါတယ်။ အစားအသောက်နဲ့ ပတ်သက်တဲ့ ကုန်ပစ္စည်း တွေမှာ ကျန်းမာရေးကို ထိခိုက်နိုင်တဲ့ ဓာတုဗေဒဆေး ပါတာမျိုး၊ အသုံးပြုတဲ့ ဓာတ်မြေ သြဇာ အစရှိတဲ့ အရည်အသွေး သတ်မှတ်ချက်တွေ ပြည့်မီဖို့ လိုအပ်ပါတယ်။ လွန်ခဲ့တဲ့ နှစ်က စင်္ကာပူ ရောက်တုန်း ခရီးသွားဟန်လွဲနဲ့ Channel News Asia line မှာ ကြည့်ရင်း မြန်မာသနပ်ခါးအကြောင်းကို ရှင်းပြ၊ ပြောပြနေတာတွေ့တော့ စာရေးသူ တော်တော်လေး ဝမ်းသာသွားပါတယ်။ လူတော်တော်များများ သိသွားရင်တော့ ဒါလဲ အလားအလာရှိတဲ့ ပို့ကုန်တစ်ရပ် ဖြစ်လာနိုင်ပါတယ်။ အခုဈေးကွက်တွေထဲမှာ လူဖန်တီးတာ (Artificial) ထက် သဘာဝ (Natural) ကို ဦးစားပေးလာကြတယ်။ သဘာဝ သစ်ဥသစ်ဖုနဲ့လုပ်တဲ့ အသုံးအဆောင်တွေ ခေတ်စားလာပြီး သဘာဝတရား ကို ပြန်လည်မြတ်နိုး တန်ဖိုးထား တတ်လာကြပြီ ဖြစ်ပါတယ်။ စက်နဲ့လုပ်တာ(Machine made) ထက် လက်နဲ့လုပ်တဲ့ ( Hand Made) ကို ဦးစားပေးလာကြတာ တွေကိုလည်း တွေ့ရှိရပါတယ်။ စာရေးသူငယ်ငယ်တုန်းက မုံရွာမြို့မှာနေစဉ်အခါက တမူး၊ မိုးရေးကနေ တစ်ဆင့် မြန်မာနိုင်ငံကဇီးထုပ်တွေ အိန္ဒိယဘက်ကို တင်ပို့တာတွေ့ဖူး၊ မြင်ဖူးပါတယ်။ အိန္ဒိယ နယ်စပ်မှာရှိတဲ့သူတွေက ဇီးယိုကို ရေနွေးနည်းနည်းနဲ့ ထည့်ဖျော်ပြီး ဇီးဟင်းချိုလုပ်သောက်တယ်။ ထမင်းနဲ့ စားတယ်လို့ ပြောပါတယ်။ ဒါကြောင့် ဘာပဲ တင်ပို့ပါစေ မိမိတင်ပို့ချင်တဲ့ ပစ္စည်းကို တင်ပို့ရောင်းချနိုင်မယ့် ဈေးကွက်ရဲ့ အခြင်းအရာ၊ လူမျိုးတွေရဲ့ ဓလေ့စရိုက်တွေနဲ့ ညီညွတ်အောင် စဉ်းစားဖို့ ထုတ်ကုန်ကို ခွဲခြားထုတ်လုပ် ( Product differentiation) ပေးရပါမယ်။ စားသုံးသူတွေက အကြိုက်မတူတဲ့အတွက် ဈေးကွက်တစ်ခုတည်းမှာ တောင် ထုတ်ကုန်ကို ခွဲခြားထုတ်လုပ်ရမှာ ဖြစ်ပါတယ်။ ဥပမာ - အိန္ဒိယမှာ ပီဇာထဲကို မဆလာထည့်စားတယ်။ တရုတ်စတိုင် ကြော်ထားတဲ့ ခေါက်ဆွဲကြော်ထဲကို မဆလာ ထည့်စားတယ်။ Indianization ပေါ့။ ဒီလိုပဲ ဂျပန်နိုင်ငံက ကားတွေကို တင်ပို့ရင် ဖွံ့ဖြိုးမှုအဆင့်အလိုက် ဝင်ငွေ အဆင့်အတန်းမြင့်တဲ့ နိုင်ငံတွေဆိုရင် ကားအသစ်စက်စက်တွေ ကိုပို့ပြီး၊ ဝင်ငွေနိမ့်ကျတဲ့ နိုင်ငံတွေဆိုရင် သုံးပြီးသား ကားကို ပြန်လည်ပြင်ဆင်ထားတဲ့ ( Reconditioned or Used Car) များကို တင်ပို့ပါတယ်။ မြန်မာနိုင်ငံအတွက်ဆိုရင် အဖြူရောင်တွေ ပို့တာများတယ်။ အိန္ဒိယဘက်မှာဆိုရင် အရောင်တောက်တောက်နဲ့ ကားတွေ တင်ပို့တာများပါတယ်။ နိုင်ငံတစ်ခုကို ကားပို့ချင်ပြီဆိုရင် အဲဒီနိုင်ငံရဲ့ လမ်းစည်းကမ်း (Traffic Rule) က ဘယ်လိုလဲ။ လမ်းကို ညာဘက်ကပ်မောင်းတဲ့နိုင်ငံလား၊ ဘယ်ဘက် ကပ်မောင်းတဲ့ နိုင်ငံလား၊ လမ်းကို ဘယ်ဘက် ကပ်မောင်းတဲ့ နိုင်ငံဆိုရင်ကားရဲ့ Steering က ညာဘက်မှာ ရှိရမယ်။ လမ်းကို ညာဘက်ကပ်မောင်းတဲ့နိုင်ငံဆိုရင် ကားရဲ့ Steering က ဘယ်ဘက်မှာ ရှိရမယ်။ ဒါ့ကြောင့် သက်ဆိုင်ရာ နိုင်ငံတွေရဲ့ Traffic Rule ကို လေ့လာရပါမယ်။ ဒါကြောင့် ပြန်ချုပ်ကြည့်မယ်ဆိုရင် မိမိတင်ပို့မယ့် နိုင်ငံရဲ့ ဈေးကွက်နဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တွေကို စုစည်းရပါမယ်။ စီးပွားရေးလုပ်ငန်းမှာ သတင်းအချက်အလက်ဆိုတာ ငွေ ( Information is money) ပဲဖြစ်ပါတယ်။ ဈေးကွက်နှင့် ပတ်သက်သည့် အသင်းအချက်အလက်များ စီးပွားရေး လုပ်ငန်းအတွေးအခေါ်များ ပြောင်းလဲလာခြင်း စီးပွားရေး လုပ်ငန်းဆိုင်ရာ အတွေးအခေါ်များ ပြောင်းလဲလာခြင်းကိုလည်း ကောင်းစွာသတိပြုမိဖို့ လိုအပ်ပါတယ်။ တိုးတက်တဲ့ နိုင်ငံတွေနဲ့ အသိပညာရှိလာတဲ့လူတွေဟာ သဘာဝကို ဦးစားပေးလာကြပြီ ( Back to the Nature) ဆိုတာကိုလည်း မမေ့ကြဖို့ လိုအပ်ပါတယ်။ ယခုအချိန်မှာ သုတေသနဆန်းစစ်ချက်များအရ ဓာတုဗေဒပစ္စည်းများ ( Chemicals) ပါဝင်သော အစားအစာ၊ အသုံးအဆောင်များသည် အန္တရာယ်ဖြစ် စေတတ် ခြင်းကြောင့် သဘာဝအရ ထုတ်လုပ်တဲ့ ပစ္စည်းတွေကိုသာ ဦးစားပေး အသုံးပြုလာကြပြီ ဖြစ်ပါတယ်။ ဥပမာ- သြဂဲနစ် အသီးအနံှများကို ဈေးကြီးပေးပြီး ဝယ်စားလာတတ်ကြသလို သဘာဝနှင့် ပြုလုပ်ထားသည့် ဆေး၊ အလှပြင် ပစ္စည်းများကိုသာ အလေးပေးပြီး သုံးစွဲလာတတ်ကြပါတယ်။ ဒါ့အပြင် သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်း စေပြီး စွမ်းအင် သုံးစွဲမှုကို အနည်းဆုံး (Minimum Energy Consumption) ဖြစ်ပေါ်စေသော ထုတ်လုပ်မှု သဘောတရားကို သုံးပြီးတော့လည်း ထုတ်လုပ်သည့် ပစ္စည်းအပေါ် ဆွဲဆောင်မှု ( Attraction) ယူလာကြ သည်ကိုလည်း တွေ့ရှိလာရပြန် ပါတယ်။ ဒါ့အပြင် စီးပွားရေးလုပ်ငန်းများ၊ အဖွဲ့အစည်းများ၊ Corporation များသည် အမြတ်အတွက်သာ ဦး တည်လှုပ်ရှားခြင်း(Profit Motive) နဲ့သာမက လူ့အဖွဲ့အစည်း (Society) ကိုလည်း တန်ဖိုးထားရမှာ ဖြစ်ပါ တယ်။ မိမိတို့လုပ်ငန်းဟာ လူ့အဖွဲ့အစည်း (မိမိတို့ ဖောက်သည်များ) တည်ရှိနေခြင်းကြောင့်သာ စီးပွား ရေးဆက်လက်ရပ်တည်နေနိုင်ပြီး လူ့အဖွဲ့အစည်း ကောင်းမွန် တိုးတက်စေရန် စေတနာထားပြီး ထုတ်ကုန်များကို ရွေးခြယ်ထုတ်လုပ်ခြင်း၊ ထုတ်ကုန် ဖွံ့ဖြိုးအောင် လုပ်ဆောင်ခြင်း၊ ပတ်ဝန်းကျင်ထိန်းသိမ်းကာကွယ်မှုနှင့် စွမ်းအင် အသုံး ပြုရာတွင် ချွေတာမှုဖြစ် စေသော (Environmental Friendly Technologies and Energy Saving Technologies) များတီထွင်ခြင်း၊ အသုံးပြုခြင်း၊ မိမိတို့ရရှိသည့်အမြတ်ထဲမှ လူ့အဖွဲ့အစည်း အကျိုးပြု လုပ်ငန်းများမှာ ပါဝင်လှူဒါန်းခြင်း၊ မိမိလုပ်သားများ လူမှုရေး စောင့်ရှောက်မှုများ ဆောင်ရွက်ခြင်း၊ စဉ်ဆက် မပြတ် ဖွံ့ဖြိုးမှု (Sustainable Development) အတွက် အလေး ထားဆောင်ရွက်ခြင်း စတာတွေကို ဆောင်ရွက်လာခဲ့ကြဖို့ လိုအပ်တယ်။ စီးပွားရေးလုပ်ငန်း တွေဟာ ခိုင်မာတဲ့ အောင်မြင်မှု ရရှိစေဖို့ လူမှုရေး လုပ်ဆောင်ချက် (Social Activities) တွေနဲ့ အကျိုးပြု လုပ်ငန်းတွေမှာ အမြတ်ရဲ့ အချို့ သော ရာခိုင်နှုန်းကို လှူဒါန်းဆောင်ရွက်လာခဲ့ကြတယ်။ ဒါ့ကြောင့် စီးပွားရေးလုပ်ငန်းတွေ နဲ့ လူ့အဖွဲ့အစည်းတွေဟာ အပြန် အလှန်အကျိုးပြုနေကြတာကို တွေ့မြင်ရမှာ ဖြစ်ပါတယ်။ အဲဒီ သဘောတရားကို Corporate Social Contribution-CSC (သို့မဟုတ်) Corporate Social Responsibility-CSR လို့ စီမံခန့် ခွဲမှု ဘာသာရပ်မှာ ခေါ်ဝေါ်သုံးစွဲလာကြတယ်။ ဒီသဘောတရားကြောင့်သာ အရင်းရှင်စနစ် ရေရှည် တည်မြဲနေရခြင်း ဖြစ်တယ်။ အပြည်ပြည်ဆိုင်ရာဈေးကွက်ကိုရောက်ရှိချင်တဲ့ စီးပွားရေး လုပ်ငန်းတစ်ခုဟာ (က) ကမ္ဘာ့ဈေးကွက်အထိ အဘယ့်ကြောင့် တွေးခေါ်ဖို့ လိုအပ်သလဲ။(Why do we think globally?)(ခ) ကမ္ဘာ့ဈေးကွက်ဆိုင်ရာမဟာဗျူဟာတွေကို ဘာကြောင့် သိသင့်တာလဲ။ (Why do we know about global strategy?)(ဂ) ကုမ္ပဏီတစ်ခုအနေဖြင့် ကမ္ဘာ့ဈေးကွက်အထိ တက်လှမ်းရန် နည်းလမ်းတွေက ဘာတွေလဲ။ (What are the ways that a company can do to go global?)(ဃ) ကမ္ဘာ့ဈေးကွက်မှာရှိနေတဲ့ စိန်ခေါ်မှုတွေက ဘာတွေလဲ။ (What are some of the challenges of going global?) ဆိုတာတွေကို စဉ်းစားရပါလိမ့်မယ်။ အပြည်ပြည်ဆိုင်ရာဈေးကွက်တွင် ထိုးဖောက်ဝင်ရောက်နိုင်ဖို့၊ စီးပွားရေးလုပ်ငန်းတွေ (အထူးသဖြင့် အသေးစားနဲ့ အလတ်စား စီးပွားရေးလုပ်ငန်းတွေ)ကို အပြည်ပြည်ဆိုင်ရာ ကုန်သွယ်ရာမှာ ပါဝင်လာနိုင်အောင် ပြင်ဆင်နိုင်ဖို့ Five I's ကို ဂရုစိုက်ရမှာ ဖြစ်တယ်။ အဲဒါတွေကတော့- - ပြည်တွင်းတွင် အောင်မြင်အောင် ထိုးဖောက်ထုတ်လုပ်ခြင်း။ (Internalization )- တီထွင်မှု(Innovation) အားကောင်းစေခြင်း။- ရင်းနှီးမြှုပ်နံှမှု (Investment)များ (ပြည်တွင်း၊ ပြည်ပ)မှ ရရှိစေခြင်း။- ပေါင်းစည်းဆောင်ရွက်ခြင်း။ (Integration)- အပြည်ပြည်ဆိုင်ရာသို့ ဦးတည်ခြင်း (Internationalization) တို့ပဲ ဖြစ်တယ်။ Five I's ကို မေခရိုအဆင့် (အစိုးရဘက်မှ မိမိနိုင်ငံ၏ နိုင်ငံ တစ်နိုင်ငံလုံး ခြုံ၍သော်လည်းကောင်း)၊ မိုက်ခရိုအဆင့် (စီးပွားရေး လုပ်ငန်း၊ စီးပွားရေးကဏ္ဍ တစ်ခုချင်းသော်လည်းကောင်း) စဉ်းစားနိုင်ပါတယ်။ စီးပွားရေးကုမ္ပဏီများတွင် မိမိတို့လုပ်ငန်းအနေနဲ့ ဘဏ္ဍာရေးကဏ္ဍမှာ မဏ္ဍိုင်လေးရပ်(Four Financial Pillars)ကို ထည့် သွင်းစဉ်းစားလေ့ရှိတယ်။ အမြတ်ရရှိမှု(Profitability)၊ပေးရန်ရှိ သည်များအားပေးဆပ်နိုင်မှု(Solvency)၊ ငွေရလွယ်မှု (Liquidity)၊ စွမ်းဆောင်ရည်ပြည့်ဝမှု (Efficiency) နှင့် ထိရောက်မှု (Effectiveness) တို့ဖြစ်ပါတယ်။ PSLEEလို့ အတိုကောက် ခေါ်ဝေါ် နိုင်ပါတယ်။ Five I's နဲ့ PSLEE တို့ဟာလည်း အပြန်အလှန် ဆက်စပ်မှုရှိနေတာကို တွေ့ရပါတယ်။ စီးပွားရေး လုပ်ငန်းတွေဟာ အမြတ်ပိုမိုရရှိချင်ရင် မိမိတို့လုပ်ကိုင် ထုတ်လုပ်နေတဲ့ကုန်စည် (Product) ၊ ဖောက်သည် (Customers)၊ ဈေးကွက် (Market)နဲ့ ဝင်ငွေရရှိမှု မော်ဒယ် (Revenue Model) တို့ကို စီမံခန့်ခွဲသုံးသပ်ဖို့ လိုအပ်ပါတယ်။ PSLEE ၏ အခြေအနေကိုကြည့်ပြီး ထုတ်ကုန်ခွဲခြားလုပ်ကိုင်ခြင်း (Diversification) ပြုလုပ်ရမှာဖြစ်ပါတယ်။ PSLEE အခြေအနေကို ကြည့်ရင် ကုမ္ပဏီတွေရဲ့ အခြေအနေကို သုံးသပ်နိုင်ပါတယ်။ စီးပွားရေးလုပ်ငန်းတွေရဲ့ အမြတ်ရရှိမှုနှုန်း ((Profit Rating –PR) ဟာ စီးပွားရေးလုပ်ငန်းတွေရဲ့ Business Model၊ ဖောက် သည်တွေရဲ့ အရည်အသွေး (Quality of Clients) ၊ ရောင်းချသူတွေရဲ့အရည်အသွေး (Quality of suppliers) ၊ လုပ်ငန်းလည် ပတ်မှုစွမ်းရည် (Efficiency of operation) ၊ လုပ်ငန်းတွေရဲ့ စီမံ ခန့်ခွဲနိုင်မှုနဲ့ ကုန်ကျစရိတ်ထိန်းချုပ်မှု (Ability to manage and control costs) တို့အပေါ် မူတည်တယ်။ Business plan တွေ ဟာ ကောင်းပါတယ် ဆိုပေမယ့် Over Planning ဖြစ်ခြင်းဟာ လည်း Business operation ရဲ့ အရှိန် (Speed)ကို နှေးကွေးစေတယ်။ ဒါကြောင့် လုပ်ငန်းတွေရဲ့ Business Model ဟာ အား ကောင်းမှု (Strong) ဖြစ်ဖို့လိုအပ်သလို ခိုင်မာမှု(Sound) ဖြစ်ဖို့လည်း လိုအပ်ပါတယ်။ လုပ်ငန်းတွေရဲ့ တန်ဖိုးဖန်တီးနိုင်မှုစွမ်းရည် (Value creating skill)၊တန်ဖိုးဖန်တီးနိုင်ရန်တီထွင်မှု( Innovation) တို့ဟာ အရေးပါလာတယ်။ လုပ်ငန်းတွေအကြား ယှဉ်ပြိုင်နိုင်မှု အကျိုးကျေးဇူး (Competitive Advantages) ရရှိစေနိုင်ရန်မှာ မိမိပြိုင်ဘက် လုပ်ငန်းများအပေါ် ကွဲပြားစွာလုပ်ဆောင်နိုင်မှု အကျိုး ကျေးဇူး (Differentiated Advantages) ကိုရရှိအောင် ထုတ်ကုန် ကွဲပြားစွာ ထုတ်လုပ်နိုင်မှု (Product Differentiation)မှာ အရေးပါ လာတယ်။ အပြည်ပြည်ဆိုင်ရာနိုင်ငံတွေအကြား ကုန်စည်နဲ့ ဝန်ဆောင်မှု တွေသယ်ဆောင်ရာမှာ သိရှိနားလည်ရမယ့် စည်းမျဉ်းစည်းကမ်းတွေ (Regulatory requirement and current legislation) ၊ ပို့ကုန် သွင်းကုန်နဲ့ပတ်သက်တဲ့ လုပ်ဆောင်ချက်တွေ (Export/ Import procedures)၊စီးပွားရေးလုပ်ငန်းတွေရဲ့ ထောက်ပံ့သယ်ယူပို့ဆောင် ရေးအစီအမံ (Logistics plan) ကောင်းရင်ကောင်းသလို လုပ်ငန်း ရဲ့ စီမံခန့်ခွဲမှုတွေအားလုံး လွယ်ကူအဆင်ပြေ ချောမွေ့သွားမှာ ဖြစ်တယ်။ ထောက်ပံ့သယ်ယူပို့ဆောင်ရေး အစီအမံ (Logistics plan) ကောင်းမွန် အဆင်ပြေစေဖို့ဖောက်သည် (Customers) ၊ ထောက်ပံ့ပို့ဆောင်ရေးဆိုင်ရာ စီမံခန့်ခွဲမှု (Logistics Management) ၊ ပြည်တွင်း သယံဇာတများ (Internal resources) နဲ့ နည်းပညာ(Technology) စတာတွေအပေါ် မူတည်ပါတယ်။ ဒါ့ကြောင့် စီးပွားရေးလုပ်ငန်းတွေဟာ ဥစ္စာရင်လို ဥစ္စာရင်ခဲ ဆိုတဲ့ မြန်မာစကားပုံရှိသလိုပဲ နိုင်ငံတွင်းမှာ ထိုးဖောက်နိုင်အောင် ဦးစွာကြိုးစားကြဖို့၊ အခြားနိုင်ငံတွေရဲ့ ထုတ်လုပ်မှုတွေကို ကောင်းစွာ လေ့လာပြီး သရုပ်ပြအကိုျးသက်ရောက်မှု (Demonstration effect) အရ မိမိထုတ်ကုန်ကို ဖွံ့ဖြိုးတိုးတက်အောင်လုပ်ဖို့ လိုအပ် နေပါတယ်။ အခိုျ့လက်မှုကုန်စည်များသည် မြန်မာနိုင်ငံအတွက် ကုန်ကြမ်းပေါများသော်လည်း လက်ရာကြမ်းနေ၍ ဈေးကွက်မဝင်ဘဲ ဖြစ်နေသည်ကို တွေ့ရှိရပါတယ်။ အချို့မှာ စိတ်ကူးစိတ်သန်းများ (Ideas)လိုအပ်နေပါသေးတယ်။ ထိုကဲ့သို့သော လိုအပ်ချက်ကို မည်သို့ ဖြည့်ဆည်းမည်နည်းကို စဉ်းစားရန် လိုအပ်ပါတယ်။ ဥပမာအစိုးရ မှ နိုင်ငံခြားသံရုံးများမှတစ်ဆင့် Handicraft နှင့် Souvenir များတင်သွင်း၍ လက်မှုပညာကျောင်းများ၊ ယွန်းသင်တန်းကျောင်း များ၊ ယက္ကန်းကျောင်းများတွင် ပြသခြင်း၊ မိမိတို့ နိုင်ငံထုတ် ကုန်စည် များကို ကုန်စည်ပြပွဲများတွင် ပြသရောင်းဝယ်စေခြင်း၊ ပုဂ္ဂလိက ကဏ္ဍမှလည်း အသင်းအဖွဲ့များဖွဲ့စည်း၍ မိမိနိုင်ငံ၏ လက်မှုပညာ ရှင်များအား လေ့လာရေးစေလွှတ်ခြင်းတို့ ဆောင်ရွက်နိုင်ရမှာ ဖြစ်ပါတယ်။ လက်မှုလုပ်ငန်းရှင်များအနေဖြင့် ပညာအခြေခံရှိပြီး ဖြစ်သည့်အတွက် အချို့သောကုန်စည်များသည် မြင်ရုံနှင့်ပင် သရုပ်ပြ အကျိုးသက်ရောက်မှုအရ စိတ်ကူးစိတ်သန်းများကို ရရှိသွားစေနိုင်ပါသည်။ ထုတ်ကုန်များ တိုးတက်စေရန် ပထမအဆင့်အနေနဲ့ အတုယူ လုပ်ကိုင်ခြင်း (Imitation) ကနေတစ်ဆင့် တီထွင်ဆန်းသစ်မှုများ ဖြင့် မိမိတို့ကိုယ်ပိုင် ဖန်တီးထုတ်လုပ်ခြင်း (Innovation and Creativity) အဆင့်ရောက်အောင်လုပ်ကိုင်နိုင်ပါတယ်။ ပြည်တွင်းမှ စားသုံးသူများကလည်း မိမိနိုင်ငံရဲ့ထုတ်ကုန်ကို ဦးစားပေးပြီး စားသုံးဖို့၊ မိမိနိုင်ငံရဲ့ စီးပွားရေးလုပ်ငန်းရှင်များကို အားပေးဖို့ လိုအပ် ပါတယ်။ နိုင်ငံများဟာ ဒေသဆိုင်ရာ ပူးပေါင်းမှုတွေ၊ နှစ်နိုင်ငံချင်း ကုန်သွယ်မှု သဘောတူညီစာချုပ်တွေ (Bilateral Agreement)၊ နိုင်ငံများအကြား ကုန်သွယ်မှုသေဘောတူစာချုပ်တွေ (Multilateral Agreement) ချုပ်ဆိုခြင်းရဲ့ အကျိုးကျေးဇူးရလဒ် ထွက်ပေါ်လာဖို့ ဆိုတာ ပုဂ္ဂလိက ကဏ္ဍတိုးတက်မှု(Private Sector Development) ကတစ်ဆင့် အပြည်ပြည်ဆိုင်ရာကို ဆင့်တိုးတန်ဖိုးများတဲ့ ကုန်စည်(Value Added Products) တွေ တင်ပို့ရောင်းချနိုင်မှ သာလျင် ဖြစ်ပေါ်နိုင်ပါမယ်။ မြန်မာနိုင်ငံထုတ်လုပ်မှုရဲ့ ၈ဝ ရာခိုင်နှုန်းဟာ ပုဂ္ဂလိက ကဏ္ဍမှ ဦးဆောင်နေတဲ့အတွက် အတတ်နိုင်ဆုံး မိမိနိုင်ငံရဲ့ နိုင်ငံငွေကြေးချွေတာနိုင်အောင် သွင်းကုန်တွေကို အစား ထိုးနိုင်တဲ့ အခြေအနေ (Import Substitution) ဖြစ်အောင် ထုတ်လုပ်နိုင်ခြင်းနှင့်အတူ ယှဉ်ပြိုင်မှုစွမ်းရည် (Competitiveness) တိုးတက်လာမှုမှတစ်ဆင့် ပို့ကုန်ဈေးကွက် (Export Market) အထိ ပို့နိုင်ဖို့ ကြိုးပမ်းကြရမှာဖြစ်ပါတယ်။ စာရေးသူအနေနဲ့ Made in Myanmar ထုတ်ကုန်များ အပြည်ပြည်ဆိုင်ရာဈေးကွက်မှာ ထိုး ဖောက်ဝင်ရောက်နိုင်ပါစေလို့ ဆန္ဒပြုလိုက်ပါတယ်။
