Background
မြကျောက်ပြီးတော့ ရင်ကွဲ ဈေးချိုချိုနဲ့ အရောင်းအဝယ်သွက် ဧပြီနောက်ဆုံးပတ်မှာ စတင်အရောင်းအဝယ်ဖြစ်ခဲ့တဲ့ ပြည်မြို့ရဲ့သရက်သီးဈေးကွက်မှာ မြကျောက်သရက်နဲ့ ရင်ကွဲ သရက်များ အရောင်းအဝယ်ဖြစ်နေဆဲရှိပါတယ်။ ဧပြီ၊ မေနဲ့ ဇွန်လပထမပတ်အထိ မြကျောက်များအရောင်းအဝယ် ကောင်းခဲ့ပြီး ဇွန်နောက်ဆုံးပတ်မှာတော့ မြကျောက်သရက်သီး ရှားပါးလာခဲ့တာကြောင့် ရင်ကွဲသရက်များ နေရာယူလာတာကို တွေ့ရပါတယ်။ ယခုနှစ်သရက်သီးအထွက်ကောင်းတာကြောင့် သရက်သီးပေါများပြီး ရင်ကွဲသရက် အမျိုးအစား မှာ အလုံးအကြီး အသေးအလိုက် တစ်လုံးလျှင် ၁ဝ ကျပ် မှ ၅ဝ ကျပ်ထိရှိကာ ဈေးနှုန်းချိုချိုနဲ့ အရောင်းအဝယ်ဖြစ်နေတယ်လို့ သိရပါတယ်။ အိဆွေဇင်
မန်းဈေးကွက်ရဲ့ ဒူးရင်းသီး ထိုင်းဒူးရင်းသီးများ ရန်ကုန်မှတစ်ဆင့် မန်းသို့ Express ကားများနဲ့ ဝင်ရောက်လာပါတယ်။ ဒူးရင်းသီးတစ်လုံး ရန်ကုန်- မန်း တန်ဆာခ ကျပ် ၂ဝဝ ပေးရပြီး ၂ ရက်ခြားလုံးရေ ၁ဝဝဝ ခန့် ဝင်ရောက်ကြောင်း သိရပါတယ်။ ပွဲရုံဈေးအရ တစ်လုံး အနိမ့်ဆုံး ၃ဝဝဝ ကျပ်မှ အမြင့်ဆုံး ၆ဝဝဝ ကျပ်အထိဈေး နှုန်းရှိပြီး လက်လီရောင်းချသူများ အနေနဲ့ တစ်လုံးကို ၈ဝဝဝ ကျပ်၊ ၁ဝဝဝဝ ကျပ်အထိ အရောင်းအဝယ်ရှိပါတယ်။ ဒူးရင်းသီးရောင်းချသူများက မန်းဈေးကွက် အပြင် မေမြို့၊ နောင်ချို၊ ကျောက်မဲ၊ လားရှိုး၊ မူဆယ်အထိ ခရီးစဉ်အဆင့်ဆင့် ရောင်းချသွားကြပါတယ်။ ထိုင်းဒူးရင်းသီးက သံတောင် ထွက် ဒူးရင်းထက် အရသာကောင်း ပိုချိုပြီးအသားထူ၊ အလုံးလှလို့ အရောင်း အဝယ်ကောင်းကြောင်း သိရပါတယ်။ ခင်မြင့်မြင့်သန်း
သရက်အခံပျိုးပင်အတွက် အဝယ်များတာကြောင့် ရွှေကူသရက်စေ့များ အရောင်းသွက် ယခုအချိန်ဟာ သရက်သီးအရောင်းသွက်တဲ့ကာလဖြစ်ပါတယ်။ စားသုံးသူများကြောင့် သရက်သီးအရောင်း သွက်သလို စိုက်ပျိုးထုတ်လုပ်သူများအတွက် သရက်စေ့မျိုး လိုအပ်တာကြောင့် သရက်စေ့ဟာလည်း ဈေးကွက်တစ်ခု အနေနဲ့ ရပ်တည်နေတာကို တွေ့ရပါတယ်။ ရွှေကူ (ငအိုး) ဘက်မှလာသော သရက်သီးအမှည့်လွန်များကို မန္တလေးမြို့ရှိ သစ်သီးပွဲရုံများမှ ၁ဝ ရာခိုင်နှုန်းအမြတ်ယူပြီး ရောင်းချပေးနေတယ်လို့ သိရပါတယ်။ ယင်းရွှေကူသရက်စေ့တစ်စေ့ကို လက်ရှိပေါက်ဈေး ၃၅ ကျပ်နှုန်းဖြင့် အရောင်းသွက်ကြောင်း သိရပါတယ်။ မန္တလေးနဲ့ အနီးပတ်ဝန်းကျင်သရက်စိုက်ပျိုးသူများက အခံပျိုးပင်အဖြစ် အဝယ်သွက်သလို နေပြည်တော်ရှိ သရက်စိုက် ပျိုးသောခြံများက ယခုနှစ်အစေ့တစ်သိန်းကျော်ဝယ်ယူကြောင်း မန္တလေးတိုင်းဒေသကြီး သစ်သီးဝလံအသင်း တာဝန်ရှိ သူတစ်ဦးက ပြောပါတယ်။ ကျော်ဇင်သန်း
နယ်စပ် သစ်သီးဝလံ ကုန်သွယ်မှု ဇွန်လ ၁၅ ရက်မှ ၂၁ ရက်ကာလ အတွင်း နယ်စပ်မှ သစ်သီးဝလံ ကုန်သွယ်မှုကိုကြည့်မယ်ဆိုလျင် မူဆယ်၊ မောင်တောနဲ့ ချင်းရွှေဟော်နယ်စပ် များမှာ ကန်ဒေါ်လာ ဝ ဒသမ ၄၃၆ သန်းတန်ဖိုးရှိ သရက်သီးများကို မူဆယ်မှ တန် ၃၉၉ဝ ကျော်၊ မောင်တောမှ ၄၅ တန်ကျော်နဲ့ ချင်းရွှေဟော် မှ တန် ၅ဝ၊ စုစုပေါင်း ၄ဝ၈၅ တန်ကျော် တင်ပို့မှုရှိခဲ့ပါတယ်။ ယခင်အပတ်က ထက် ၁၁၆ တန်ကျော် လျော့နည်း တင်ပို့ခဲ့ပါတယ်။ မူဆယ်နယ်စပ်မှ ယခင် အပတ်က တန် ၄၂၂ဝ ကျော်တင်ပို့မှု ရှိခဲ့ပေမယ့်၊ ယခုအပတ်မှာ ၄ဝ၈၅ တန် သာ တင်ပို့နိုင်ခဲ့ပြီး မောင်တောနယ်စပ် ကလည်း ယခင်အပတ်ကထက် ၄၅ တန် လျော့နည်းတင်ပို့ခဲ့တာ တွေ့ရ ပါတယ်။ ယခုအပတ်မှာ ကန်ဒေါ်လာ ဝ ဒသမ ၁၅ဝ သန်းတန်ဖိုးရှိ သရက် ပြားခြောက် ၁၆၉ တန်ကျော်တင်ပို့ခဲ့ပြီး ယခင်အပတ်တင်ပို့မှုထက် တန် ၃ဝ ကျော် လျော့နည်းတင်ပို့ခဲ့ပါတယ်။ ကန်ပိုက်တီးနယ်စပ်မှ ယခုအပတ် မှာ ကျပ် ၁ဝ၅ သန်းတန်ဖိုးရှိ တစ်သျှူး ငှက်ပျော ၁ဝ၅ တန် တင်ပို့မှု ရှိခဲ့ပါ တယ်။ သွင်းကုန်ပိုင်းမှာတော့ မူဆယ် နယ်စပ်မှ ကန်ဒေါ်လာ ၁၅၉ဝဝ ကျော် တန်ဖိုးရှိ ပန်းသီး ၄၈ တန်ကျော် တင် သွင်းခဲ့ပြီး ယခင်အပတ်ကထက် တန် ၄ဝ ကျော် လျော့နည်းတင်သွင်းခဲ့ပါတယ်။
ပြည်ဈေးကွက်အတွင်း ခရမ်းချဉ်သီးများ ဈေးမြင့်ပေမယ့် အရောင်းအဝယ် ကောင်းနေ ပြည်ဈေးကွက်အတွင်း ရှမ်းပြည်နယ်ထွက် ခရမ်းချဉ်သီးများ အဆက်မပြတ် ဝင်ရောက်လျက်ရှိတာကို တွေ့ရပါတယ်။ ယခင်လများက ဒေသထွက် ကိုင်းသီးနှင့် ရှမ်းသီး နှစ်မိုျးရှိပေမယ့် ယခုဒေသထွက်ကိုင်းသီးများတုံးချိန်တွင် ရှမ်းသီး တစ်မျိုးသာ အရောင်းအဝယ်ဖြစ်နေတာကို တွေ့ရပါတယ်။ ယခင်လများက ခရမ်းချဉ်သီးတစ်ပိဿာ ၁ဝဝဝ ကျပ်သာရှိခဲ့ပြီး ဇွန်လပထမပတ်တွင် တစ်ပိဿာ ၁၂ဝဝ ကျပ် မှယခုဇွန်လကုန်မှာတော့တစ်ပိဿာ ၁၄ဝဝ ကျပ်ထိ ဈေးမြင့်တက်ခဲ့ပါတယ်။ ဈေးမြင့်ပေမယ့် အဝယ်လိုက်ကာ အရောင်း အဝယ် ကောင်းလျက်ရှိကြောင်း သိရပါတယ်။ အိရွှေစင်
ပဲခူးတိုင်းဒေသကြီး(ပြည်)မှ ပန်းထိမ်မနိုင်ပန်းများ ပြည်ပဈေးကွက်သို့ တင်ပို့နိုင်ရေး ဆောင်ရွက်နေ မိုးရာသီကာလဖြစ်တဲ့ ဇွန်လမှ သြဂုတ်လအထိမှာ ပန်းထိမ်မနိုင်ပန်း များ ထွက်ရှိတဲ့ကာလဖြစ်ပါတယ်။ ပဲခူး တိုင်းဒေသကြီး (ပြည်) ဒေသအတွင်း ပေါင်းတည်နှင့် နတ်တလင်းမြို့နယ်များ တွင် ပန်းထိမ်မနိုင်ပန်းများကို အများ ဆုံးစိုက်ပျိုးကြပြီး အဖြူရောင်အပြင် ခရမ်းရောင်ကိုပါ စိုက်ပျိုးကာ စီးပွားဖြစ် အနေနဲ့ ဧက ၃ဝဝ ကျော်ခန့် စိုက်ပျိုး ထားကြောင်းသိရပြီး အခြားမြို့နယ်များ တွင်လည်း ဧကအနည်းငယ်စီ စိုက်ပျိုး ကြောင်း သိရပါတယ်။ ပန်းထိမ်မနိုင် ၁ ဧကစိုက်ပျိုးရင် ကုန်ကျစရိတ်အနေနဲ့ ၃ သိန်းနီးပါးခန့် ကုန်ကျပြီး ၁ ဧကပန်းခိုင် ၄ သောင်းခန့် ထွက်ရှိကြောင်း သိရပါတယ်။ စိုက်ပျိုးသူမှ ပန်းဒိုင်သို့ တစ်ခိုင်ပျမ်းမျှ ရောင်းဈေး ၂၅ ကျပ်နှုန်းနဲ့တွက်ရင် ၁ဝ သိန်း ရရှိနိုင်သဖြင့် တစ်ဧကအကျိုးအမြတ်မှာ ၇ သိန်းခန့်ရှိတယ်လို့ သိရပါတယ်။ ပန်း ဒိုင်များမှ တိုင်းဒေသကြီးအတွင်း ဈေး ကွက်များသို့ ဖြန့်ဖြူးသည့်အပြင် မကွေး၊ ရန်ကုန်၊ ပဲခူးနှင့် ဘားအံမြို့များသို့ပါ တင်ပို့ရောင်းချကြောင်း သိရပါတယ်။ ပဲခူးတိုင်းဒေသကြီး (ပြည်) ဒေသ အတွင်းရှိ ပန်းစိုက်ပျိုးသူများအား ပန်းထိမ်မနိုင်ပန်းများ တိုးခဲျ့စိုက်ပျိုး ရေးကို လယ်ယာထွက်ကုန်ဝန်ထမ်း များမှ ကွင်းဆင်း၍ စိုက်ပျိုးတောင်သူများနှင့် ဆွေးနွေးစည်းရုံး ဆောင်ရွက် ခဲ့ပြီးဖြစ်သည့်အပြင် ပြည်တွင်းဈေး ကွက်မှသည် ပြည်ပဈေးကွက်သို့ပါ တိုက်ရိုက်တင်ပို့ရောင်းချနိုင်ရေးအတွက် ပန်းအသင်းအဖွဲ့များနဲ့ ချိတ်ဆက် ဆောင်ရွက်လျက်ရှိကြောင်း သိရပါတယ်။ အိဆွေဇင်
မန်းဈေးကွက်အတွင်း ဝင်ရောက်လာတဲ့ လိုက်ချီးနဲ့ မင်းဂွတ်သီးဈေးကွက် မန္တလေးမြို့ သစ်သီးပွဲရုံများမှာတော့ လားရှိုး၊ မိုးကုတ်ကလာတဲ့ လိုက်ချီးသီးနဲ့ မော်လမြိုင်၊ တောင်ငူကလာတဲ့ မင်းဂွတ်သီးများ ဝင်ရောက်လျက်ရှိပါတယ်။ လိုက်ချီးသီးကို ဝါးပိုများနဲ့ထည့်သွင်းပြီး တစ်နေ့ ပျမ်းမျှ ပို ၅ဝ - ၄ဝ ဝင်ရောက်လျက်ရှိပြီး ရောင်းချမှုအနေနဲ့ကတော့ ပိဿာချိန်ရောင်းလျှင် တစ်ပိဿာ ၆ဝဝ ကျပ်၊ ၁ဝဝဝ ကျပ်၊ ၁၂ဝဝ ကျပ်၊ ၁၅ဝဝ ကျပ်နှုန်းဖြင့် အလုံးအရွယ်နှင့် ဝင်ရောက်မှုအပေါ်မူတည် ရောင်းချပါတယ်။ အစည်းအနေနဲ့ကတော့ တစ်စည်းလျှင် ၁၅ဝ ကျပ်- ၅ဝဝ ကျပ်-၆ဝဝ ကျပ်ရောင်းချပြီး တစ်စည်းကို အလုံး ၅ဝ - ၁ဝဝ ပါရှိကြောင်း သိရပါတယ်။ မင်းဂွတ်သီးကတော့ တောင်ငူသီးထက် မော်လမြိုင်သီးက ပို၍ အရသာကောင်းမွန်ပါတယ်။ မင်းဂွတ်သီးကို အသားသေတ္တာဖြင့် ထုပ်ပိုး ထည့်သွင်းပြီး တစ်သေတ္တာကို အလုံး ၃ဝဝ မှ ၄ဝဝ ကျော် ပါရှိပါတယ်။ ရောင်းဈေးအနေနဲ့ကတော့ အလုံးအကြီးအသေးပေါ်မူတည်ပြီး တစ်လုံး လျှင် ၈ဝ ကျပ်၊ ၁ဝဝ ကျပ်၊ ၁၂ဝ ကျပ် နှုန်းဖြင့်ရောင်းချကြောင်းသိရပါတယ်။ အေးအေးမြင့်
အိန္ဒိယ အိုင်တီကုမ္ပဏီတို့က ပြည်တွင်းဈေးကွက်ကို ဦးပြန်လှည့် လုပ်ငန်းကြီးထွားဖို့နဲ့ စီးပွားရေးအခွင့်အလမ်းသစ်တွေ ရရှိဖို့အတွက် အိန္ဒိယ အိုင်တီကုမ္ပဏီတွေက ပြည်တွင်းဈေးကွက်ကို ပြန်လည် ဦးလှည့်လာပါတယ်။ အိန္ဒိယနဲ့ တရုတ်မှာ အိုင်တီအတွက် သုံးစွဲတာက လွန်ခဲ့တဲ့ လေးနှစ်လောက်က လူတစ်ဦးဟာ သူ့ဝင်ငွေရဲ့ တစ်ရာခိုင်နှုန်းပင် မပြည့်ခဲ့ပေမဲ့ ယခုအခါ ခုနစ်ရာခိုင်နှုန်း အထိ မြင့်တက်လာပါတယ်။ အစိုးရက ကျန်းမာရေး၊e- governance နဲ့ ပညာရေး ကဏ္ဍတွေမှာ သုံးစွဲလာတဲ့အတွက် လာမဲ့ငါးနှစ်အတွင်းမှာ ၁၅ ရာခိုင်နှုန်းအထိ မြင့်တက်လာမယ်လို့ ခန့်မှန်းထားကြောင်း Zensar Technologies ရဲ့ ဒုတိယ ဥက္ကဋ္ဌနဲ့ အမှုဆောင်အရာရှိချုပ် ဂါနက်နာတာရာဂျန်က ပြောပါတယ်။ ဘုံဘေစတော့ဒိုင်မှာ မှတ်ပုံတင်ထားတဲ့ Zensar ကုမ္ပဏီဟာ လွန်ခဲ့တဲ့ သုံးလပတ်က ၂၃ ရာခိုင်နှုန်း တိုးတက်မှုရှိခဲ့ပါတယ်။ ဝင်ငွေတိုးလာရတဲ့အထဲမှာ အများစုက အိန္ဒိယကုမ္ပဏီတွေက အိုင်တီအသုံးပြုတာ များလာလို့ ဖြစ်ပါတယ်။ အိန္ဒိယမှာ အိုင်တီဝန်ဆောင်မှုကို အကြီးကျယ်ပေးနေတဲ့ တာတာအတိုင်ပင်ခံ လုပ်ငန်းTCS ) က iON- a cloud ကွန်ပျူတာစနစ်တစ်ခုကို ထုတ်လုပ်ခဲ့ပါတယ်။ အဓိက ရည်ရွယ်ချက်က ပြည်တွင်းရှိ အသေးစားနဲ့ အလတ်စား စီးပွားရေးလုပ်ငန်း တွေအတွက် ဖြစ်ပါတယ်။ iON ဟာ လာမဲ့ငါးနှစ်အတွင်းမှာ ဒေါ်လာ တစ်ဘီလီယံ ဖိုးအထိ ဖြစ်ထွန်းလာမယ်လို့ TCS က ခန့်မှန်းပါတယ်။ အိန္ဒိယ ဆော့ဖ်ဝဲထုတ်လုပ်မှုက ၂ဝ၁ဝ-၁၁ ခုနှစ်မှာ ၁၄ ရာခိုင်နှုန်း တိုးတက်ပြီး ရူပီး ၁၅၇ ဘီလီယံ ဖိုးရှိမယ်လို့ ခန့်မှန်းထားပါတယ်။ လာမဲ့ သုံးနှစ်အတွင်းမှာ အစိုးရရဲ့ အိုင်တီ အသုံးပြုမှုက လက်ရှိ ဒေါ်လာ ၁ ဘီလီယံ (ရူပီး ၄၅ ဘီလီယံ) ရှိနေရာမှ နှစ်စဉ် ၃ ဒသမ ၅ ဘီလီယံ ရှိလာမယ်လို့ ခန့်မှန်းပါတယ်။ Source: businessstandard.com
ဂျပန်နိုင်ငံကို ပါကစ္စတန်သရက်သီးတင်ပို့ဖို့ ရေငွေ့ ပူပေးခြင်း အဆင့်သတ်မှတ်ချက်က အဟန့်အတားဖြစ်
ဂျပန်နိုင်ငံကို ယခုနှစ်မှာလည်း ပါကစ္စတန်သရက်သီး တင်ပို့ ရဖွယ်မရှိဘူးလို့ အရာရှိများက ဆိုပါတယ်။ အသီးရဲ့ အသားထိုးပိုး ကာကွယ်တဲ့ ရေငွေ့ပူပေးခြင်း Vapour Heat Treatment (VHT) သတ်မှတ်ချက်ဟာ ပါကစ္စတန် သရက်သီး တင်သွင်းဖို့ ဂျပန်နိုင်ငံတကာအာဏာပိုင်များက သတ်မှတ်တဲ့ အခြေခံအချက် ဖြစ်တယ်လို့ ပါကစ္စတန်အစိုးရအရာရှိများက ဆိုပါတယ်။ ဂျပန် နိုင်ငံက ပါကစ္စတန်သရက်သီးတင်သွင်းမှုကို ၁၆ နှစ်တိုင် ပိတ်ပင် ထားရာမှ ပြန်လည်တင်သွင်းခွင့်ပြုခဲ့ပေမဲ့ VHT သတ်မှတ်ချက်က တော့ ဆက်လက်သတ်မှတ်ထားဆဲဖြစ်တယ်လို့ ဆိုပါတယ်။ ပါကစ္စတန်နိုင်ငံမှာကို စီးပွားဖြစ် ထုတ်လုပ်နိုင်တဲ့ VHT စက်ရုံမရှိသေးဘူးလို့ ဆိုပါတယ်။ ဂျပန်အကူအညီနဲ့ တည်ထောင် ထားတဲ့ ကရာချိက VHT စက်ကလည်း တစ်ကြိမ်ကို သရက်သီး ၂၅ ကီလိုသာ ဆောင်ရွက်နိုင်စွမ်းရှိလို့ အဲဒီလိုပြုပြင်ထားပြီး ပြည်ပ တင်ပို့နိုင်ဖို့ မရရှိနိုင်သေးတဲ့ အခြေအနေဖြစ်ပါတယ်။ ပါကစ္စတန် အာဏာပိုင်များအနေနဲ့ လွန်ခဲ့တဲ့ နှစ်အနည်းငယ်ကပင် VHT ဆောင်ရွက်မှုအခြေအနေကို သတိထားလာမိခဲ့ကြပေမဲ့ စက်ပစ္စည်း တပ်ဆင်နိုင်ခြင်းမရှိသေးဘူးလို့ ဂျပန်ပြည်ပကုန်သွယ်ရေး အရာရှိ များက ဆိုပါတယ်။
ဂျပန်နိုင်ငံမှာရှိတဲ့ ပါကစ္စတန် အရာရှိများဟာ ပါကစ္စတန် သရက်သီးတင်သွင်းမှုကို ၁၆ နှစ်ကြာ ပိတ်ပင်ထားခြင်းကို ဖယ်ရှားဖို ကြိုးစားမှုဟာ ရလဒ်ကောင်း မထွက်လာသေးဘူးလို့ တိုကျိုရှိ ပါကစ္စတန်သံရုံး အရာရှိတစ်ဦးက ဆိုပါတယ်။ ပါကစ္စတန်နိုင်ငံ ဟာ ဂျပန်ကို သရက်သီးတင်ပို့ဖို့ နောက်ထပ်အခွင့်အလမ်း ဆုံးရှုံးနေ ဆဲဖြစ်တယ်လို့ ဆိုပါတယ်။ အကယ်လို့သာ ပါကစ္စတန်အာဏာပိုင် များက ဂျပန်သတ်မှတ်ချက်တွေ ပြည့်မိအောင်ဆောင်ရွက်ဖို့ VHT စက်တစ်လုံး တည်ဆောက်ပေးမယ်ဆိုရင် ဂျပန်နိုင်ငံကို ကောင်း ကောင်း တင်ပို့နိုင်လိမ့်မယ်လို့ ဆိုပါတယ်။ ယမင်းခင်၊ Source: thrnews.com.pk
ရှမ်းပြည်နယ်တောင်ပိုင်းမှာ သရက်သီးများ အရည်အသွေးကောင်းလို့ ဈေးကောင်းရခဲ့ မေလကုန်ပိုင်းက ဈေးကွက် တင်ပို့ဖို့ ပြင်ဆင်နေတဲ့ ရှမ်းပြည် နယ်တောင်ပိုင်း သရက်သီးဟာ ဇွန် ၁၁ ရက်က ကားကြီးတစ်စီး နဲ့ ခြင်း ၁ဝဝဝ မူဆယ်ဈေးကွက် သို့ စပြီးတင်ပို့တာ တွေ့ရပါတယ်။ ခြင်းတစ်ခြင်း သရက်သီး ၁၂ ဒသမ ၅ ကီလို ဂရမ်မှ ၁၃ ကီလိုဂရမ်အထိ အလေးချိန် ရှိပြီး၊ ခြင်းအလွတ်ကတော့ ၈ဝဝ ဂရမ်လေးတယ်လို့ သိရပါတယ်။ ကျောက်ဆုံ၊ ရွှေသံလွင်၊ ကမ္ဘော ဇခြံ ၃ ခြံက ကားတစ်စီးပေါင်း ပြီး တင်ပို့တာဖြစ်လို့ ကျောက်ဆုံ နဲ့ ကမ္တောဇခြံများမှ ခြင်း ၄ဝဝ စီနှင့် ရွှေသံလွင်ခြံက ခြင်း၂ဝဝ တင်ဖြစ်တယ်လို့ သိရပါတယ်။ မူဆယ်ကုန်သွယ်ရေးဇုန် ရောက် တာနဲ့ ပလတ်စတစ်ခြင်းမှ တစ် ဆင့် ကုမ္ပဏီတံဆိပ်ပါ စက္ကူဂျပ် ဖာများဖြင့် ၁၅ ကီလိုဂရမ်ဝန်း ကျင်အလေးချိန်များဖြင့် ပြောင်း လိုက်ပါတယ်။ ကျောက်ဆုံနဲ့ ကမ္ဘောဇခြံများမှ ၂ဝဝ ဖာစီ၊ ရွှေသံလွင်မှ ၅ဝ ဖာကို ကွမ်ကျိုး တိုက်ရိုက်ချိတ်ဆက် တင်ပို့ တယ်လို့သိရပါတယ်။ ဒီနှစ် တော့ ကမ္ဘောဇခြံက အလုံးညီ ပြီး ပယ်သီးနည်းတာကြောင့် ကွမ်ကျိုးဈေးကွက်က ၁၈၉ဝဝ ယွမ် (ကျပ် ၂၂ သိန်းကျော်) ရပြီး၊ ဖာအရေအတွက် တူတဲ့ ကျောက်ဆုံခြံကတော့ ၁၅ဝ၈၃ ယွမ် (ကျပ် ၁၈ သိန်းနီးပါး) ရတယ်လို့သိရပါတယ်။ ရွှေသံလွင် ကတော့ အထွက်နည်းတဲ့ အတွက် ၄၅၅ဝ ယွမ် (ကျပ် ၅ သိန်းကျော်)ပဲရပါတယ်။ ကျန် တဲ့အသီးကိုတော့ မူဆယ်ဈေး ကွက်မှာပဲ ချရောင်းခဲ့တယ်လို့ သိရပါတယ်။ အရည်အသွေးကောင်း တစ်ဖာကို ၆ဝ ယွမ် (၇ဝ၈ဝ ကျပ်) မှ ၇ဝ ယွမ် (၈၂၆ဝ ကျပ်) နှုန်းရတာကြောင့် တစ်ကီ လို ၄ ယွမ်အထက် ရပါတယ်။ ငွေဈေးက တစ်ယွမ်ကို ဇွန် ၁၁ ရက်ပေါက်ဈေး ၁၁၈ ကျပ်ရှိတာ ကြောင့် ၄၇၂ ကျပ်အထက်ရပါတယ်။ သရက်သီး အလုံးလှတာ ကြောင့် တစ်လုံးကို ၄ဝဝ ဂရမ် အထက်ရှိတာကြောင့် ဈေး ကွက်အရောက် တစ်လုံးကို ၂၂ဝ ကျပ်အထက်ရနေတယ်လို့ သိရပါတယ်။ ဒေသတွင်းမှာဘဲ ချရောင်းမယ်ဆိုရင် တစ်လုံးကို ၁ဝဝ ကျပ်အထက်ဈေးသာ ရတာရယ်၊ ထွက်သမျှ သရက်သီး ဒေသတွင်းစားမကုန်တာကြောင့် ပျက်စီးဆုံးရှုံးမှု များနိုင်တာကို တွေ့ရပါတယ်။ ဒါကြောင့် ဇွန် ၁၄ ရက်နေ့မှာလည်း ထပ်မံပြီး ၆၅ဝ ဖာတင်ပို့တယ်လို့ သိရပါတယ်။ တစ်ချိန်က အင်တော၊ ကျောက်ဂူဒေသမှာ သရက်သီး တစ်လုံး ၃ ကျပ်ပင် ဝယ်ယူမယ့် သူမရှိတဲ့ အခြေအနေကနေ ယခု ရှမ်းပြည်နယ်တောင်ပိုင်း သရက်သီးတွေ အရည်အသွေး ကောင်းလို့ ဈေးကောင်းရနေ တာတွေ့ရတော့ ဖိုးသာအောင် တို့ ခြံရှင်တွေ ပြုံးပျော်မဆုံးဖြစ် နေတာ တွေ့ရကြောင်းပါ။ ဖိုးသာအောင်-တောင်ကြီး