Background
ကမ္ဘာ့စီးပွားရေးနှေးကွေးတဲ့ အလားအလာကြောင့် ကုန်စည်ဝယ်လိုအား နည်းလာခြင်းနဲ့အတူ ချီကာကိုမှာ ပဲပုပ်ဆီဈေးကျဆင်းလာတဲ့အတွက် ဘာစာ မလေးရှားကုန်စည်ဒိုင်မှာ အောက်တိုဘာလ ၅ ရက်နေ့ စားအုန်းဆီ ကြမ်းကြိုပွိုင့် ဈေးဟာ ၂၀၁၁ ခုနှစ်မှာ အနိမ့်ဆုံးကို ကျဆင်းခဲ့ပါတယ်။ ဒီဇင်ဘာလ စာချုပ်ဈေး ဟာ ယခင်နေ့ထက် သုည ဒသမ ၉ ရာခိုင်နှုန်းကျဆင်းပြီး၊ တစ်တန်ကို ရင်းဂစ် ၂၇၈၀ (ကန်ဒေါ်လာ ၈၇၂)ဈေးဖြစ်ခဲ့ပါတယ်။ ချီကာကိုမှာ ဒီဇင်ဘာလ ပဲပုပ်ဆီဈေးဟာ ၂ ရာခိုင်နှုန်းကျဆင်းပြီး၊ တစ်ပေါင်ကို ကန်ဒေါ်လာ ၄၉ ဆင့် (တစ်တန် ကန်ဒေါ်လာ ၁၀၈၀)ဈေးဖြစ်ခဲ့ပါတယ်။ ရေနံဈေးနဲ့ ပဲပုပ်ဆီဈေးကျဆင်းခြင်းကြောင့် သိုလှောင်မှုမြင့်တက်ပြီး ဝယ်လို အားနည်းနေတဲ့ စားအုန်းဆီဈေးလည်း ကျဆင်းလာတာဖြစ်ပါတယ်။ မလေးရှားနိုင်ငံရဲ့ စက်တင်ဘာလကုန် စားအုန်းဆီသိုလှောင်မှုဟာ တန်ချိန် ၂ သန်းနီးပါးထိရှိလာပြီး၊ သြဂုတ်လကုန်မှာ တန်ချိန် ၁ ဒသမ ၈၈ သန်းရှိခဲ့ပါတယ်။ စားအုန်းဆီအဓိက စားသုံးတဲ့ အိန္ဒိယမှာလည်း ယခုလကုန်မှာ ဒီဝါလီပွဲတော်ပြီးရင် ဝယ်လိုအားကျဆင်းဖွယ်ရှိတာကြောင့် အောက်တိုဘာလ မလေးရှားစားအုန်းဆီ သိုလှောင်မှု ထပ်မံတိုးတက်နိုင်တယ်လို့ ဆိုပါတယ်။ ဈေးကွက်မှ ကမ္ဘာ့စီးပွားရေးအကြီးဆုံး အမေရိကန်ရဲ့အခြေအနေကို စောင့် ကြည့်နေကြပါတယ်။ တရုတ်နိုင်ငံ ဒေလီယံကုန်စည်ဒိုင်ဟာလည်း အမျိုးသားပိတ် ရက်ရှည်အပြီး လာမယ့်တနင်္လာနေ့မှာ ပြန်လည်ဖွင့်လှစ်သွားမှာ ဖြစ်ပါတယ်။ ဈေးပြန်ဖွင့်ပါက စားအုန်းဆီဈေးကွက်ကို အထောက်အပံ့ဖြစ်လာနိုင်တယ်လို့ ဆိုပါတယ်။ လက်ငင်း ဈေးကွက်မှာ မလေးရှားဆိပ်ကမ်း FOB ဈေးဟာ ဇန်နဝါရီ၊ ဖေဖော်ဝါရီ၊ မတ်လအတွက် သန့်စင်ပြီး စားအုန်းဆီ(Refined Palm Olein) ဈေးဟာ တစ်တန် ကန်ဒေါ်လာ ၉၄၂ ဒသမ ၅၀ နဲ့ ဧပြီ၊ မေ၊ ဇွန်လဈေးဟာ ကန် ဒေါ်လာ ၉၄၂ - ၉၄၅ ဒသမ ၅၀ ရှိပါတယ်။ ချက်ချင်းတင်ပို့ရမယ့် စားအုန်းဆီ ကြမ်းလက်ငင်းဈေးကတော့ ရင်းဂစ် ၂၀ လျော့ကျပြီး ရင်းဂစ် ၂၈၃၀ (ကန်ဒေါ်လာ ၈၈၈)ဈေးရှိတယ်လို့ သိရပါတယ်။ ယုဇန Source: palmoilhq.com
စားသုံးမှု မြင့်တက်တာကြောင့် တရုတ်နိုင်ငံ ပဲပုပ်နဲ့မုန်ညှင်းဆီ တင်သွင်းမှုမြင့်တက် တရုတ်နိုင်ငံဟာ ပြည်တွင်းလိုအပ်ချက်ကို ပြည့်မီအောင် ထုတ်လုပ်နိုင်မှုမရှိတဲ့အတွက် ပဲပုပ်နဲ့ မုန်ညှင်းဆီ တင်သွင်းမှုမြင့်တက်ဖွယ်ရှိတယ်လို့ ဟမ်းဘတ်အခြေစိုက် သုတေသနဌာန Oil World မှ ပြောကြားပါတယ်။ အောက်တိုဘာ ၁ ရက်နေ့မှာစတင်တဲ့ ယခုနှစ်အတွင်း ပဲပုပ်၊ မုန်ညှင်းနဲ့ စားအုန်းဆီအပါအဝင် စားဆီတင်သွင်းမှုဟာ ၁၀ ရာခိုင်နှုန်း မြင့်တက်ပြီး၊ တန်ချိန် ၁၀ ဒသမ ၇ သန်းရှိမယ် လို့ ဆိုပါတယ်။ ပြည်တွင်းထုတ်လုပ်မှုဟာ ၃ ဒသမ ၅ ရာခိုင်နှုန်း တိုးတက်ပြီး၊ တန်ချိန် ၂၃ ဒသမ ၉ သန်းအထိ ထွက်ရှိခဲ့တဲ့တိုင် အဆီနဲ့ ဆီစားသုံးမှုက ယခုနှစ် အတွင်း ၃ ဒသမ ၉ ရာခိုင်နှုန်း အထိ မြင့်တက်မယ်လို့ ဆိုပါတယ်။ ဆီထွက်သီးနှံကဏ္ဍမှာ တရုတ်နိုင်ငံရဲ့ တင်သွင်းမှုကိုမီခိုရ မှုက သတိထားရမယ့် အနေအထားကို ရောက်ရှိလာနေတယ် လို့ ဆိုပါတယ်။ လူဦးရေတိုးပွားလာခြင်းနဲ့ ဝင်ငွေတိုးတက်လာတဲ့ နည်းတူ အသားစားသုံးမှု ပိုများလာတဲ့ စားသောက်မှုပုံစံ ပြောင်းလဲလာခြင်းတို့ကြောင့် ပြည်တွင်းမှာ ဆီနဲ့ အဆီစားသုံးမှု အလားတူ ဆီကြိတ်ဖတ်သုံးစွဲမှုလည်း သိသိသာသာမြင့်တက် နေတယ်လို့ Oil World မှ ထပ်လောင်းပြောကြားပါတယ်။ ဆီထွက်သီးနှံစိုက်ပျိုးမှုဟာ ၂၀၀၅ ခုနှစ်မှာ ဟတ်တာ ၂၉ ဒသမ ၆ သန်းအထိ အမြင့်ဆုံးကို ရောက်ရှိခဲ့ရာမှ ယခုနှစ်မှာ ယခင်နှစ်ထက် ၂ ရာခိုင်နှုန်း လျော့ကျပြီး ဟက်တာ ၂၇ ဒသမ ၁ သန်းကို ကျဆင်းဖွယ်ရှိတယ်လို့ ဆိုပါတယ်။ အထွက်နှုန်းက တော့ လျော့ကျမှုမရှိတာကြောင့် ၂၀၁၁-၂၀၁၂ ဈေးကွက် ရာသီအတွင်း ဆီထွက်သီးနှံ တန်ချိန် ၅၁ ဒသမ ၆ သန်းအထိ အနည်းငယ်တိုးဖွယ်ရှိတယ်လို့ ဆိုပါတယ်။ ဆီထွက်သီးနှံစိုက်ပျိုးမှုဟာ ၂၀၀၄-၀၅ မှာ အများဆုံး စိုက်ပျိုးခဲ့ရာမှ အဲဒီနောက်ပိုင်းမှာ အခြားသီးနှံတွေကို ပြောင်းလဲစိုက်ပျိုးခြင်းနဲ့ စိုက်ပျိုးမြေလျော့နည်းလာခြင်း တို့ကြောင့် တဖြည်းဖြည်း စိုက်ပျိုးမှု လျော့ကျခဲ့ပါတယ်။ တိုးတက်မှုတစ်ခု ကတော့ မကြာခင်နှစ်များအတွင်း အထွက်နှုန်း ပိုမိုမြင့်တက် လာခဲ့ခြင်းပဲဖြစ်တယ်လို့ သုတေသန ပညာရှင်က ဆိုပါတယ်။ ဝက်သားစားသုံးမှု မြင့်တက်လာတဲ့အတွက် တရုတ်နိုင်ငံရဲ့ ဝက်မွေးမြူရေးကဏ္ဍ တိုးချဲ့လာတာကြောင့် ဆီထွက်သီးနှံမှ တိရစ္ဆာန်အစာဖတ်သုံးစွဲမှုဟာ ၅ ဒသမ ၅ ရာခိုင်နှုန်းမြင့်တက် ပြီး တန်ချိန် ၆၈ ဒသမ ၇ သန်းအထိရှိလာမယ်လို့ဆိုပါတယ်။ ယခုနှစ် ဝက်သားဈေးမြင့်တက်ခဲ့ခြင်းဟာ ဝက်မွေးမြူ ရေးကဏ္ဍ သိသိသာသာတိုးချဲ့ဖို့ဖြစ်လာခဲ့ပြီး တစ်ဆက်တည်း မှာဘဲ တိရစ္ဆာန်အစာသုံးစွဲမှုလည်း တိုးတက်လာခဲ့ခြင်းဖြစ် တယ်လို့ ဆိုပါတယ်။ ယမင်းခင် Source:bloomberg.net
အမေရိကန်စီးပွားရေး အကျပ်အတည်းကို စိုးရိမ်ပေမယ့် အိန္ဒိယ ဝယ်လိုအားကြောင့် စားအုန်းဆီကြမ်း ကျဆင်းမှု ကန့်သတ် မလေးရှား ဘာစာကုန်စည်ဒိုင်မှာ စားအုန်းဆီကြိုပွိုင့်ဈေးများဟာ အမေရိကန်စီးပွားရေး အကျပ်အတည်း စိုးရိမ်မှုများကြောင့် ဈေးလျော့ကျနေခဲ့ရာမှ အချို့ အထောက်အပံ့ဖြစ်စေတဲ့အချက်များကြောင့် ဈေးကျဆင်းမှု ကန့်သတ်ခဲ့ပါတယ်။ ချီကာကိုမှာ ပဲပုပ်ဆီကြိုပွိုင့်ဈေး အနည်းငယ်မြင့်တက်ခဲ့ပြီး၊ ဒီဇင်ဘာလ စာချုပ် ဈေးဟာ တစ်ပေါင် ၀ ဒသမ ၃ ရာခိုင်နှုန်းမြင့်တက်ပြီး၊ ကန်ဒေါ်လာ ၅၅ ဒသမ ၈၂ ဆင့် (တစ်တန်ကန်ဒေါ်လာ ၁၂၃၀ ) ဖြစ်လာခဲ့ ပါတယ်။ အဓိကဝယ်လက်ဖြစ်တဲ့ အိန္ဒိယက အောက်တိုဘာလမှာကျင်းပမယ့် ဒီပဝါလီ ပွဲတော်အတွက် ဆီသိုလှောင်မှု ပြန်လည်စတင်တော့မှာဖြစ်လို့ ပြည်ပဝယ်လိုအား မျှော်လင့်ချက်အရလည်း ဈေးနှုန်းကို အထောက်အပံ့ဖြစ်စေပါတယ်။ ကုန်သည် များက ဥရောပဇုန်နဲ့ အမေရိကန်တို့နဲ့ပတ်သက်လို့ မသေချာတဲ့အနေအထားအရ ဈေးမြှင့်ပေးဝယ်လိုခြင်းမရှိတာကြောင့် ကျန်တဲ့လများမှာလည်း စားအုန်းဆီကြမ်း ဈေးဟာ တစ်တန်ကိုရင်းဂစ် ၃၀၀၀ နဲ့ ၃၁၀၀ (ကန်ဒေါ်လာ ၉၅၁-၉၈၃ ) ကြား ရှိနေလိမ့်မယ်လို့ ကွာလာလမ်ပူမှ ကုန်သည်တစ်ဦးက ခန့်မှန်း ထားပါတယ်။ ဒါပေမဲ့ စက်တင်ဘာမှာ စားအုန်းဆီထွက်ရှိမှု သိသိသာသာမြင့်တက်ဖွယ်ရှိလို့ စားအုန်းဆီကြမ်းဈေးဟာ တစ်တန်ရင်းဂစ် ၂၉၀၀ (ကန်ဒေါ်လာ ၉၁၉ ) ကို ထပ်မံကျဆင်းနိုင်တယ်လို့ အခြားကုန်သည်တစ်ဦးကဆိုပါတယ်။ သြဂုတ်လကုန်မှာ မလေးရှားစားအုန်းဆီသိုလှောင်လက်ကျန်ဟာ တန်ချိန် ၁ ဒသမ ၈၈ သန်းရှိတယ် လို့ မလေးရှား စားအုန်းဆီအဖွဲ့က စက်တင်ဘာလ ၁၂ ရက်နေ့မှာ ပြောကြားပါ တယ်။ လက်ငင်းဈေးကွက်မှာ အောက်တိုဘာလအတွက် သန့်စင်ပြီးစားအုန်းဆီ (Palm Olein) ဈေးဟာ တစ်တန်ကန်ဒေါ်လာ ၁၀၇၅ ရှိပြီး ချက်ချင်းပို့ရမယ့် စားအုန်းဆီကြမ်းဈေးဟာ တစ်တန်ရင်းဂစ် ၃၀၈၀ (ကန်ဒေါ်လာ ၉၇၇) ဈေးရှိတယ်လို့သိရပါတယ်။ ယုဇန Source: palmoilhq.com
တရုတ်၊ ဂျပန်၊ ကိုရီးယားကို နှမ်းတင်ပို့မှု ပိုလာ ယခင်သီတင်းပတ်က ပင်လယ်ရေကြောင်း နှမ်းတင်ပို့မှု တန် ၅ဝဝခန့်ရှိခဲ့ရာမှ ယခုတစ်ပတ်မှာ တရုတ်၊ ဂျပန်၊ ကိုရီးယား နိုင်ငံတွေကိုတန်ချိန် ၆၃ဝခန့်အထိ ပိုမိုတင်ပို့လာတာတွေ့ရပါတယ်။ ပို့ကုန်ခွန်ကင်းလွတ်ခြင်းနဲ့ နှမ်းနီ၊ နှမ်းညိုတို့ပါ တင်ပို့ ခွင်ြ့ပုထားပြီးဖြစ်လို့ လာမယ့်သီတင်းပတ်တွေမှာ ပိုမိုတင်ပို့ဖွယ်ရှိတယ်လို့ ခန့်မှန်းကြပါတယ်။ လက်ရှိဘဏ္ဍာနှစ် သြဂုတ်လ ၂၆ ရက်နေ့အထိ နှမ်းတင်ပို့ပြီးစီးမှုဟာ တန်ချိန် ၁၉ဝဝဝ ခန့်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၂၇ သန်းဖိုးရှိပြီး ယခင် ဘဏ္ဍာနှစ်ကာလတူက တင်ပို့မှုဟာ တန်ချိန် ၂ဝဝဝဝ ကျော်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၂၈ သန်းကျော်ရရှိလို့ ယခုနှစ်မှာ လျော့ကျတင်ပို့တာတွေ့ရပါတယ်။ MIRT - MAPT
အမေရိကန်ပဲပုပ်အထွက်နိမ့်ကျခြင်းက စားအုန်းဆီဈေးနှုန်းကို မြင့်တက်စေဖွယ်ရှိ ကမ္ဘာ့ပဲပုပ်နဲ့ မုန်ညှင်းစေ့ထုတ်လုပ်မှုကျဆင်းခြင်းနဲ့အတူ ဟင်းသီးဟင်းရွက်ဆီ ဝယ်လိုအားတိုးတက်နေခြင်း တို့က စားအုန်းဆီဈေးနှုန်းကိုမြင့်တက်ဖို့ အထောက် အပံ့ဖြစ်စေပါတယ်လို့ Rabobank မှ ပြောကြားပါတယ်။ ကမ္ဘာမှာအများဆုံး စားသုံးတဲ့ ဟင်းသီးဟင်းရွက်ဆီတစ်မျိုးဖြစ်တဲ့ စားအုန်းဆီဈေးဟာ ဖေဖော်ဝါရီလ အစောပိုင်းက ဘာစာမလေးရှားကုန်စည်ဒိုင်မှာ အခြေခံစံနှုန်းစာချုပ်ဈေးဟာ ၃ နှစ်အတွင်း အမြင့်ဆုံးဖြစ်တဲ့ တစ်တန်ရင်းဂစ် ၃၉၆၇ (ကန်ဒေါ်လာ ၁၃၃၆ )ရှိခဲ့ရာမှ သိသိသာသာကျဆင်းခဲ့တာဖြစ်ပါတယ်။ ဒါပေမဲ့ အထွက်နှုန်းအနည်းငယ် လျော့ ကျခြင်း၊ လက်ကျန်ကျဆင်းခြင်းနဲ့ ဝယ်လိုအားပြန်လည်ကောင်းလာခြင်း တို့ကြောင့် ကာလတိုအတွင်းမှာ ပြန်လည်မြင့်တက်နိုင် တယ်လို့ဆိုပါတယ်။ ကမ္ဘာ့ဟင်းသီးဟင်းရွက်ဆီ သိုလှောင်လက်ကျန်က ၇ နှစ်အတွင်း အနိမ့်ဆုံး ဖြစ်တဲ့တန်ချိန် ၉ ဒသမ ၄ သန်းကို ကျဆင်းဖွယ်ရှိခြင်း၊ ပဲပုပ်နဲ့မုန်ညှင်းစေ့ ကမ္ဘာ့ ထုတ်လုပ်မှု လျော့ကျလာခြင်းတို့ကြောင့် ကမ္ဘာ့ လက်ကျန်နဲ့စားသုံးမှုအချိုးဟာ ၇ ရာခိုင်နှုန်းအောက်ကို နှစ်ပေါင်း ၄ဝ အတွင်း ပထမအကြိမ်အနေနဲ့ ရောက်ရှိ လာဖွယ်ရှိခြင်းတို့ကြောင့် တင်သွင်းသူများဟာစားအုန်းဆီဘက်ကိုပြောင်းလဲဝယ်ယူ လာမယ့်သဘော ရှိတယ်လို့ ဆိုပါတယ်။ ရာသီဥတုဆိုးဝါးခြင်းကြောင့် အထွက်နှုန်း လျော့ကျတဲ့အတွက် အမေရိကန် စိုက်ပိုျးရေးဌာနရဲ့ ခန့်မှန်းထားတဲ့ ပမာဏ အောက် ၁ ရာခိုင်နှုန်းလျော့ပြီး ထွက်ရှိမယ်လို့ ခန့်မှန်းထားတာဖြစ်ပါတယ်။ အမေရိကန်နိုင်ငံရဲ့ သီးနံှထုတ်လုပ်မှုအပေါ် စိုးရိမ်မှုများကြောင့် ချီကာကိုမှာ ပဲပုပ်ဆီ ဈေးလည်း မြင့်တက်လာဖွယ်ရှိတယ်လို့ ဆိုပါတယ်။ ဇူလိုင်လမှ စက်တင်ဘာလထိ ၃ လပတ်အတွက် စားအုန်းဆီပျမ်းမျှဈေးနှုန်း ဟာ တစ်တန်ရင်းဂစ် ၃၁၅ဝ (ကန်ဒေါ်လာ ၁ဝ၆၁ ) ရှိနိုင်တယ်လို့ဆိုပါတယ်။ သြဂုတ်လ ၃ဝ ရက်နေ့က ဘာစာမလေးရှားကုန်စည်ဒိုင်မှာ နိုဝင်ဘာလအတွက် အခြေခံစံနှုန်းဟာ တစ်တန်ရင်းဂစ် ၃ဝဝ၉ (ကန်ဒေါ်လာ ၁ဝ၁၃ ) ဈေးနဲ့ အရောင်းအဝယ်ဖြစ်ခဲ့လို့ သြဂုတ်လ ၉ ရက်နောက်ပိုင်း ၃ ရာခိုင်နှုန်း မြင့်တက်ခဲ့ တယ်လို့ဆိုပါတယ်။ အင်ဒိုနီးရှားပြီးရင် စားအုန်းဆီ ထုတ်လုပ်မှု အကြီးဆုံးဖြစ်တဲ့ မလေးရှား နိုင်ငံရဲ့ထုတ်လုပ်မှုဟာ လွန်ခဲ့တဲ့ ၃ လအတွင်း ပျမ်းမျှထွက်ရှိမှု တစ်ဟက်တာ ဝ ဒသမ ၄ တန်ထက် အနည်းငယ်လျော့ကျမယ်လို့ဆိုပါတယ်။ အခြားတစ်ဖက်မှာတော့ ပြည်ပတင်ပို့မှုဟာ ဇူလိုင်လအတွင်းမှာ တန်ချိန် ၁ ဒသမ ၇၂ သန်းအထိ မြင့်တက်ခဲ့ပါတယ်။ ပဲပုပ်ဆီဈေးနဲ့ စားအုန်းဆီဈေး ၂ ခု အကြား ကွာဟမှုဟာ ဇူလိုင်လမှာ တစ်တန်ကန်ဒေါ်လာ ၁၉ဝ ထိရှိခဲ့ခြင်းကလည်း စားအုန်းဆီကိုဝယ်လိုအား ပိုမိုလာစေမယ်လို့ Rabobank မှဆိုပါတယ်။ ဒါ့အပြင် တရုတ်နဲ့ အိန္ဒိယတို့မှာလည်း ဟင်းသီးဟင်းရွက်ဆီလက်ကျန် လျော့ကျမှုကြောင့် ဝယ်လိုအား ဆက်လက်ကောင်းနိုင်ဖွယ်ရှိတယ် လို့ဆိုပါတယ်။ ယုဇန၊Source: palmoilhq.com
အင်ဒိုနီးရှား ပြည်ပတင်ပို့ခွန်ပြင်ဆင်မှုကြောင့် စားအုန်းဆီကြမ်းဈေး ၂ပတ်အတွင်း အနိမ့်ဆုံးကိုလျော့ကျ စားအုန်းဆီ အဓိကထုတ်လုပ်တဲ့ အင်ဒိုနီးရှားနိုင်ငံက စားအုန်းဆီတင်ပို့ခွန်ကို ပြန်လည်ပြင်ဆင်မှုကြောင့် မလေးရှားဘာစာကုန်စည်ဒိုင်မှာ စားအုန်းဆီကြမ်းကြိုပွိုင့် ဈေးများ သီတင်း ၂ ပတ်အတွင်း အနိမ့်ဆုံးကို ကျဆင်းခဲ့ပါတယ်။ နိုဝင်ဘာလ အခြေခံ စံနှုန်း စားအုန်းဆီကြမ်းဈေးဟာ ၂ ရာခိုင်နှုန်းလျော့ကျခဲ့ပြီး၊ တစ်တန်ကို ရင်းဂစ် ၂၉၇၈ဝ (ကန်ဒေါ်လာ ၉၉၅) ဖြစ်ခဲ့လို့ သြဂုတ်လ ၁၁ ရက်နောက်ပိုင်း အနိမ့်ဆုံးကို လျော့ကျခဲ့ပါတယ်။ မလေးရှားစားအုန်းဆီသန့်စင်စက်များက အင်ဒိုနီးရှားအစိုးရရဲ့ ဝယ်လက်တွေ ကို ပိုမိုဆွဲဆောင်ဖို့ အခွန်ကို ပြန်လည်ပြင်ဆင်မယ့်ကိစ္စအပေါ် စိုးရိမ်မှုဖြစ်ခဲ့တယ်လို့ မွန်ဘိုင်းမှ ကုန်သည်တစ်ဦးကဆိုပါတယ်။ အောက်တိုဘာလ ၁ ရက်မှာ စတင် အကံျုးဝင်မယ့် အင်ဒိုနီးရှားနဲ့ စားအုန်းဆီအမြင့်ဆုံးတင်ပို့ခွန်ကို ၂၅ရာခိုင်နှုန်းမှ ၂၂ ဒသမ ၅ ရာခိုင်နှုန်းကို လျှော့ချပြီး၊ အနိမ့်ဆုံးအခွန်နှုန်းကို ၁ ဒသမ ၅ ရာခိုင်နှုန်းမှ ၇ ဒသမ ၅ ရာခိုင်နှုန်းကို တိုးမြင့်ခဲ့တယ်လို့ ဝန်ကြီးဌာနကဆိုပါတယ်။ မလေးရှားနိုင်ငံရဲ့ သြဂုတ်လ ၁ ရက်မှ ၂၅ ရက်အတွင်း စားအုန်းဆီတင်ပို့မှုဟာ တန်ချိန် ၁ ဒသမ ၃၆ သန်းနဲ့ ၁ ဒသမ ၃၇ သန်းရှိတယ်လို့Intertek Agri Services နဲ့ Y SGS တို့မှ ဖော်ပြထားပါတယ်။ ဝယ်လိုအားနည်းခြင်းနဲ့ အင်ဒိုနီးရှားရဲ့ ပြည်ပတင်ပို့ခွန် လျှော့ချခြင်းတို့ကြောင့် မကြာခင် စားအုန်းဆီတစ်တန်ရင်းဂစ် ၂၉၁၇ (ကန်ဒေါ်လာ ၉၇၄) အထိ ကျဆင်းနိုင်တယ်လို့ ကွာလာလမ်ပူရှိ ကုန်သည် တစ်ဦးက ဆိုပါတယ်။ စားအုန်းဆီဈေးကျဆင်းနိုင်ခြင်း အကြောင်းရင်းတစ်ခုက အမေရိကန်ပဲပုပ်သီးနံှထွက်ရှိမှုအခြေအနေကြောင့်ပါလို့လည်းဆိုပါတယ်။ ဇန်နဝါရီ၊ ဖေဖော်ဝါရီ၊ မတ်လအတွက် သန့်စင်ပြီးစားအုန်းဆီခဲ(Palm olien) FOBဈေးဟာ တစ်တန်ကို ကန်ဒေါ်လာ ၁ဝ၈ဝ နဲ့ ၁ဝ၈၂ ဒသမ ၅ဝ ဈေးရှိပြီး ချက်ချင်း ပို့ရမယ့် စားအုန်းဆီကြမ်းဈေးက ရင်းဂစ် ၃ဝ လျော့ကျပြီး၊ တစ်တန်ကို ရင်းဂစ် ၃၁၂ဝ (ကန်ဒေါ်လာ ၁ဝ၄၂) ဈေးဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ယုဇန၊Source: palmoilhq.com
ဇူလိုင်လအတွင်း တရုတ်နိုင်ငံက ပဲပုပ်တန်ချိန် ၅ ဒသမ ၃၅ သန်း တင်သွင်းခဲ့ တရုတ်နိုင်ငံရဲ့ ဝက်သား ထုတ်မှုလုပ်ငန်းပြန်လည် ကောင်းမွန်လာခြင်းနဲ့ ပဲပုပ်ဆီကြိတ်ခွဲသူများရဲ့အကျိုးအမြတ် ပိုမိုလာခြင်းတို့ကြောင့် ပဲပုပ် တင်သွင်းမှုဟာ တိုးတက်နေတဲ့ဘက်ကို ဦးတည်နေဆဲဖြစ်ပါတယ်။ ဇူလိုင်လ အတွင်း တန်ချိန် ၅ ဒသမ ၃၅ သန်း၊ တင်သွင်းခဲ့လို့ ယခင်လများထက် ၂၄ ဒသမ ၄ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး ၈ လအတွင်း အမြင့်ဆုံး တင်သွင်းခဲ့ခြင်း ဖြစ်တယ်လို့ အကောက်ခွန် အထွေထွေအုပ်ချုပ်ရေးဌာနက ထုတ်ပြန်တဲ့ စာရင်းအရ သိရပါတယ်။ ၂ဝ၁၁ ရဲ့ ပထမ ၇ လအတွင်း စုစုပေါင်းတင်သွင်းမှုဟာ တန်ချိန် ၂၉ သန်း ရှိပြီး၊ ယခင်နှစ်တွေထက် ၅ ဒသမ ၅ ရာခိုင်နှုန်း လျော့ကျခဲ့ပါတယ်။ ပဲပုပ်ဆီထုတ်လုပ်သူများဟာ ၎င်းတို့ရဲ့အကျိုးအမြတ် တိုးတက်နေတဲ့ အတွက် ပိုမိုတင်သွင်းဖို့ ဝယ်ယူလိမ့် မယ်လို့ kdY Jingyi Futures Co မှ လေ့ လာ ဆန်းစစ်သူ Zhang Xingchao ကဆိုပါတယ်။ တရုတ်အစိုးရဟာ နိုဝင်ဘာ လအတွင်း စားဆီအဓိကထုတ်လုပ် သူများကို တင်းကျပ်ထားတဲ့ ဈေးနှုန်း သတ်မှတ်မှုကို မကြာခင်က ဖြေလျှော့ ခဲ့ပါတယ်။ အစိုးရက ငွေကြေးဖောင်း ပွမှုကို လျှော့ချနိုင်ရေး ဈေးနှုန်းထိန်း ထားဖို့ ညွှန်ကြားခဲ့တာ ဖြစ်ပါတယ်။ တစ်ချိန်တည်းမှာပဲ ဝက်သားထုတ် လုပ်မှု ပြန်လည်ကောင်းမွန်လာခြင်းက ပဲပုပ်ဖတ်အတွက် ဝယ်လိုအားကို တိုး တက်စေပြီး၊ တင်သွင်းမှု တက်လာတာလည်း ဖြစ်ပါတယ်လို့ Zhong ကဆို ိုပါတယ်။ ၂ နှစ်ခန့် ထုတ်လုပ်မှု ကျဆင်းခဲ့ ပြီးနောက် ဝက်မွေးမြူသူများဟာ ဝက်သားဈေးမြင့်တက်ခြင်းနဲ့ အစိုးရက ဝက် အရှင်ရောင်းချမှုကို မြှင့်တင်ဖို့ကြိုးပမ်းမှု တွေကြောင့် ဝက်ပိုမို မွေးမြူဖို့ စိတ်အား သန်လာခဲ့ပါတယ်။ ဇူလိုင်လ ဝက်သား ဈေးဟာ ယခင်လထက် ၅၆ ဒသမ ၇ ရာခိုင်နှုန်း တိုးတက်ခဲ့ပြီး အဲဒီလို ဝက်သားဈေး တိုးတက်ခြင်းကြောင့် ၃ နှစ် အတွင်း တရုတ်နိုင်ငံရဲ့ ငွေကြေး ဖောင်းပွမှုကို အကြီးမားဆုံး မြင့်တက်စေခဲ့ပါတယ်။ ကမ္ဘာ့ပဲပုပ် အကြီးမားဆုံး တင် သွင်းတဲ့ တရုတ်နိုင်ငံဟာ ၂ဝ၁ဝ ခုနှစ် မှာ တန်ချိန် ၅၄ ဒသမ ၈ သန်းအထိ အမြင့်ဆုံးတင်သွင်းခဲ့ပြီး၊ ပြည်တွင်း ထုတ်လုပ်မှုဟာ တန်ချိန် ၁၅ ဒသမ ၂ သန်းရှိခဲ့တယ်လို့ဆိုပါတယ်။ ဒါပေ မယ့် ပဲစိုက်ဧရိယာကတော့ ကျဆင်းနေပါတယ်။ ၂ဝ၁ဝ ခုနှစ်၊ ဆောင်းပဲရိတ် သိမ်းမှုဟာ ယခင်နှစ်က ဟတ်တာ ၇ ဒသမ ၆ သန်းရှိရာမှ ဟက်တာ ၉၃ဝဝဝဝ ကျဆင်းခဲ့တယ်လို့ နိုင်ငံတော် ဖွံ့ဖြိုးမှုနဲ့ ပြန်လည်ထူထောင် ရေးကော် မရှင်မှ ထုတ်ပြန်ထားပါတယ်။ အကယ် လို့သာ တရုတ်နိုင်ငံက ပဲပုပ်တင်သွင်းမှု ဆက်လက်ကြီးမားနေပြီး ရာသီဥတု ဆိုးရွားမှု ဖြစ်ပွားနေမယ်ဆိုရင် ကမ္ဘာ့ ဈေးကွက်အတွင်း စားနပ်ရိက္ခာဈေးနှုန်း ဖောင်းပွမှုကို ဖြစ်ပေါ်စေနိုင်မယ်လို့ အဓိက စိုက်ပျိုးရေးအကြံပေး ကုမ္ပဏီမှ ဝါရင့်လေ့လာ ဆန်းစစ်ပညာရှင် Ma Wenferg က ဆိုပါတယ်။ ယမင်းခင်၊Source: chinadaily
ကမ္ဘာ့စီးပွားရေး အခြေအနေအရ စားအုန်းဆီကြမ်းဈေး အနည်းငယ် ပြောင်းလဲ ရင်းနှီးမြှုပ်နံှသူများဟာ ကမ္ဘာ့စီးပွားရေးတိုးတက်မှုအပေါ် ပိုမိုအလေးထားလာကြခြင်းနဲ့အတူ မလေးရှား စားအုန်းဆီကြမ်းဈေးဟာလည်း သြဂုတ်လ ၁၈ ရက်နေ့မှာ အနည်းငယ်ပြောင်းလဲခဲ့တယ်လို့ ကုန်သည်များက ပြောကြားပါတယ်။ မလေးရှားကုန်စည်ဒိုင်မှာ နိုဝင်ဘာလ အခြေခံစံနှုန်း စားအုန်းဆီကြမ်းဈေးဟာ ယခင်ရက်ထက် ဝ ဒသမ ၂ ရာခိုင်နှုန်း ကျဆင်းပြီး၊ တစ်တန်ကို ရင်းဂစ် ၃ဝ၂၆ (ကန် ဒေါ်လာ ၁ဝ၁၂) ဖြစ်ခဲ့ပါတယ်။ ရင်းနှီးမြှုပ်နံှသူများဟာ ဥရောပဇုန်နဲ့ အမေရိကန်စီးပွားရေးတိုးတက်မှု ရှိမရှိကို စောင့်ကြည့်နေကြတယ်လို့ ဆိုပါတယ်။ ရင်းနှီးမြှုပ်နံှသူများအနေနဲ့ ပြည်ပဈေးကွက် အခြေအနေ စီးပွားရေးအလားအလာများနဲ့ ပတ်သက်ပြီး စိုးရိမ်မှုရှိနေကြဆဲလို့ ဂျကာတာအခြေစိုက် ဟင်းသီးဟင်းရွက်ဆီ တင်ပို့သူတစ်ဦးက ဆိုပါတယ်။ ဒါပေမယ့် ယခုတစ်ပတ်အတွင်း အမြောက်အမြား ဝယ်ယူမှုရှိခဲ့ပါတယ်။ အထူး သဖြင့် တောင်အာရှနိုင်ငံတွေက ဝယ်လိုအားရှိတာကြောင့် စားအုန်းဆီဈေး တည်ငြိမ်သ လောက်ရှိနိုင်တယ်လို့ ဆိုပါတယ်။ ယခုလအတွင်း အင်ဒိုနီးရှားနဲ့ မလေးရှား ဆိပ်ကမ်းများမှာ ပြည်ပတင်ပို့မယ့် စားအုန်းဆီ သင်္ဘောအများအပြား တင်နေတာကြောင့် မလေးရှားမှာ စားအုန်းဆီ လက်ကျန်ကျဆင်းနိုင်တယ်လို့ ဆိုပါတယ်။ အချို့ခြံများက ထုတ်လုပ်မှု အနည်း ငယ်ကျဆင်းတဲ့အတွက် စားအုန်းဆီဈေးဟာ လက်ရှိပမာဏမှာ တည်နေနိုင်တယ်လို့ မလေးရှား နိုင်ငံရဲ့ အဓိကစိုက်ပိုျးတဲ့ ကုမ္ပဏီတစ်ခုမှ မန်နေဂျာ တစ်ဦးက ဆိုပါတယ်။ မလေးရှားနဲ့ အင်ဒိုနီးရှားနိုင်ငံတို့က ထုတ်လုပ်မှုအနေနဲ့ သြဂုတ်လအတွင်း အလုပ်သမားအများစုဟာ ဥပုသ်လ ပိတ်ရက်များမှာ နားတဲ့အတွက် ကျဆင်းဖွယ်ရှိ တယ်လို့ ဆိုပါတယ်။ လက်ငင်းဈေးကွက်မှာ အောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာ အတွက် စားအုန်းဆီခဲ FOB ဈေးဟာတစ်တန် ကန်ဒေါ်လာ ၁ဝ၉ဝ ဈေးနဲ့ ရောင်း ဝယ်ခဲ့ပြီး ချက်ချင်း တင်ပို့ရမယ့် စားအုန်းဆီကြမ်း လက်ငင်းဈေးဟာ ရင်းဂစ် ၁ဝ လျော့ကျပြီး၊ တစ်တန် ရင်းဂစ် ၃၁၆ဝ (ကန်ဒေါ်လာ ၁ဝ၅၇)ဖြစ်ခဲ့ပါတယ်။ ယုဇန Source: panpalloilhuh.com
ရောင်းလိုအားတိုးတက်မှုကြောင့် စားအုန်းဆီဈေးနှုန်းများ တစ်တန်လျှင် ကန်ဒေါ်လာ ၉၅၂ သို့ ဈေးထိုးကျသွားနိုင် စားအုန်းဆီအများဆုံးစိုက်ပျိုးတဲ့ မလေးရှားနဲ့ အင်ဒိုနီးရှားတို့မှာ စားအုန်းဆီ ထုတ်လုပ်မှုခုန်တက်သွားတာကြောင့် စက်တင်ဘာလသင်္ဘောတင်မဲ့ စားအုန်းဆီ ဈေးနှုန်းက တစ်တန်ကို ၂၈ဝဝ ရင်းဂစ် (တစ်တန်ကို ကန်ဒေါ်လာ ၉၅၂) ကို ဈေးကျသွားနိုင်ကြောင်း Godrej International Ltd ရဲ့ ညွှန်ကြားရေးမှူး Dorab Mistry က ပြောကြားလိုက်တယ်။၂ဝ၁၁ ခုနှစ်မှာ မလေးရှားရဲ့ စားအုန်းဆီထုတ် လုပ်မှု တန်ချိန် ၂ သန်းပိုမိုထွက်ရှိ ကာ တန်ချိန် ၁၉ သန်းကို ရောက်ရှိနိုင်ကြောင်းနဲ့ အင်ဒိုနီးရှားက တန်ချိန် ၃ သန်းပိုမိုထွက်ရှိကာ တန်ချိန် ၂၅ ဒသမ ၅ သန်းကို ရောက်ရှိနိုင်ကြောင်း Dorab Mistry ကဖြည့်စွက်ပြောကြားလိုက်တယ်။ စားအုန်းဆီဈေးနှုန်းကျဆင်းမှုကြောင့် ဖေဖော်ဝါရီလက စံချိန်တင်မြင့်တက်ခဲ့တဲ့ ကမ္ဘာလုံးဆိုင်ရာ စားသောက်ကုန် ကုန်ကျစရိတ်ကို လျော့ကျသွားစေနိုင်ကြောင်း ကုလသမဂ္ဂက သုံးသပ်လိုက်တယ်။ ယခုနှစ်မှာ စားအုန်းဆီထုတ်လုပ်မှုက မြင့်တက်ဖွယ်ရှိပြီး စက်တင်ဘာနောက် ပိုင်းမှာ ဝယ်လိုအား ကျဆင်းသွားနိုင်တာကြောင့် ကုန်လက်ကျန်လည်းများနေဦးမှာ ဖြစ်ကြောင်း သိရှိရပါတယ်။စားအုန်းဆီဈေးနှုန်းတွေ ဖေဖော်ဝါရီလမှာ စံချိန်တင်မြင့် တက်ခဲ့မှုက ၃၅ လအတွင်း အမြင့်ဆုံးဖြစ်ပြီးမှသာ ထွက်ရှိမှုပိုမိုကောင်းမွန်နိုင်တာ ကြောင့် မလေးရှား ကြိုပွိုင့်ရောင်းဝယ်ရေးမှာ စားအုန်းဆီဈေးနှုန်း ၂၂ ရာခိုင်နှုန်း ကျဆင်းသွားခဲ့တယ်။ ဒါပေမဲ့၎င်းဈေးကပဲ လွန်ခဲ့တဲ့နှစ်နဲ့ နှိုင်းယှဉ်ရာမှာ ၂၄ ရာခိုင်နှုန်းမြင့်မားနေသေးတယ်။ ပြီးခဲ့တဲ့ တစ်နှစ်အတွင်း ရေနံစိမ်းဈေးနှုန်း ၂၆ ရာခိုင်နှုန်းမြင့်တက်မှုကြောင့်လည်း ဇီဝလောင်စာအတွက် ဟင်းသီးဟင်းရွက်ဆီ ဝယ်လိုအားကို ဆွဲဆောင် နိုင်ခဲ့တယ်။ အင်ဒိုနီးရှားနိုင်ငံရဲ့ စားအုန်းဆီကြမ်းထုတ်လုပ်မှုက သိသိသာတိုးတက်လာမှာ ဖြစ်ပြီး မလေးရှားကလည်း သိုလှောင်ထားမှု ဒီဇင်ဘာလမှာ စံချိန်တင်နိုင်မှာဖြစ်တယ်။ ၂ဝဝ၈ ခုနှစ်က စားအုန်းဆီဈေးနှုန်းက တစ်တန်ကို ရင်းဂစ် ၄ဝဝဝ အထိ စံချိန်တင်ရောက်ရှိခဲ့တယ်။ မလေးရှားနိုင်ငံမှာ စားအုန်းဆီအများဆုံးထုတ်လုပ်တဲ့ Sime Darby Bhd. (SIME) ကုမ္ပဏီကမူ စားအုန်းဆီကြမ်းဈေးနှုန်းက ယခုနှစ်ကုန်အထိ တစ်တန်ကို ရင်းဂစ် ၃ဝဝဝ နီးပါး ရှိနေဦးမယ်လို့ ခန့်မှန်းထား တယ်။ ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ လူနေမှုအဆင့်အတန်းမြင့်မားလာမှုနဲ့ လူဦးရေတိုးတက် လာမှုကြောင့် ကမ္ဘာလုံးဆိုင်ရာ ဇီဝလောင်စာဝယ်လိုအားက ယခုနှစ်မှာ တန်ချိန် ၃ သန်းကို တိုးတက်နိုင်ပြီး စားသောက်ကုန်ဝယ်လိုအားက တန်ချိန် ၃ ဒသမ ၅ သန်းတိုးတက်နိုင်ကြောင်း Mistry ကခန့်မှန်းလိုက်တယ်။ စားသောက်ကုန်နဲ့ လောင်စာဆီအတွက် စားအုန်းဆီက ပဲပုပ်ဆီနဲ့ ပြိုင်ဆိုင်လျက်ရှိတယ်။ ပဲပုပ်ဆီ ဈေးနှုန်းက တစ်တန်ကို ကန်ဒေါ်လာ 1250 (FOB) နဲ့ တည်ငြိမ်နေဦးမယ် လို့ ခန့်မှန်းရတယ်။ ၂ဝ၁၁ ခုနှစ်မှာ အာဂျင်တီးနား၊ ဘရာဇီးနဲ့ ပါရာဂွိုင်းတို့မှာ ပဲပုပ်ထွက်နှုန်းက မျှော်မှန်းထားတာ ထက်ကောင်းမွန်တာကြောင့် သိုလှောင်ထားမှု ကောင်းမွန်နိုင် ကြောင်း သိရှိရတယ်။ ဒါကြောင့် ၂ဝ၁၁ ခုနှစ်မှာ ပဲပုပ်ဆီ ၂ သန်း ပိုမိုထုတ်လုပ် နိုင်မှာဖြစ်တယ်။ပဲပုပ်ဆီဈေးနှုန်းတွေက တောင်အမေရိနိုင်ငံတွေရဲ့ ဒီဇင်ဘာလနဲ့ ဇန်နဝါရီလအကြား ရာသီဥတု စပ်ကူးမတ်ကူးကာလမှာ ဈေးနှုန်းအမြင့်ဆုံးကို မြင့်တက်လေ့ရှိတယ်။ အရည်အသွေးမြင့် ပဲပုပ်ဆီနဲ့ စားအုန်း ဆီကြမ်းဈေးနှုန်း ကွာဟချက်က တစ်တန်ကို ကန်ဒေါ်လာ ၂၁၁ ဒသမ ၇၃ ကြားရှိကြောင်း သိရှိရပါတယ်။ အေးမွန်မွန်လှိုင်၊Source:www.bloomberg.com
၂ဝ၁၁ အတွင်း တရုတ်ပဲပုပ် တင်သွင်းမှု လျော့ကျဖွယ်ရှိ တရုတ်နိုင်ငံတော် ကောက်ပဲသီးနံှနဲ့ ဆီသတင်းအချက်အလက် ဌာန မှ ပြောကြားချက်အရ အစိုးရက နိုင်ငံ တော် အရန်သိုလှောင်မှုထဲက ပဲပုပ်များ ဆက်တိုက် ထုတ်ရောင်းနေတာကြောင့် ယခုနှစ် တရုတ်နိုင်ငံရဲ့ ပဲပုပ်တင်သွင်းမှု ဟာ ယခင်နှစ်ထက် ၆ ဒသမ ၉ ရာခိုင် နှုန်းကျဆင်းပြီး တန်ချိန် ၅၁ သန်းခန့် ရှိမယ်လို့ သိရပါတယ်။ အဲဒီပမာဏဟာ ၂ဝဝ၄ ခုနှစ်နောက်ပိုင်း တင်သွင်းမှုတွေ ထဲမှာ ပထမအကြိမ် တင်သွင်းမှု လျော့ ကျခြင်း ဖြစ်လာလိမ့်မယ်လို့ ဆိုပါတယ်။ ဒေလီယံကုန်စည်ဒိုင်မှာ ပဲပုပ်ဖတ် ဈေးမြင့်တာကြောင့် ဇူလိုင်လ ၁၈ ရက် နေ့ ပဲပုပ်ကြိုပွိုင့်ဈေးကလည်း အမြင့်နဲ့ ပိတ်ခဲ့ပါတယ်။ တရုတ်တောင်သူများ ဟာ ဝက်သားဈေး သိသိသာသာ မြင့် တက်မှုကြောင့် ဝက်မွေးမြူရေးကိုတိုးခဲျ့ ခဲ့တဲ့အတွက် တိရစ္ဆာန်အစာကုန်ကြမ်း ဝယ်လိုအားကြီးမားလာတဲ့ သတင်းများ အရ ပဲပုပ်ဖတ်ကြိုပွိုင့်ဈေး မြင့်တက်ပြီး တစ်တန်ကို ယွမ် ၄၆၆၄ (ကန်ဒေါ်လာ ၆၉၁) ဈေးဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ဇွန်လအတွင်းမှာ ဆိပ်ကမ်းများ ကြပ်ညှပ်မှုကြောင့် ဇူလိုင်လ ပဲပုပ် တင်သွင်းမှုအနေနဲ့ တန်ချိန် ၅ ဒသမ ၁၆ သန်းဝန်းကျင်ကို တိုးတက်ဖွယ်ရှိ တယ်လို့လည်း သိရပါတယ်။ ယမင်းခင် Source: nnscommodityonline
