Main menu

Background

Tuesday, 27 Dec 2011

           မန္တလေးဈေးကွက်အတွင်းကို နှစ်သစ်ကူးကာလ နီးလာတာနဲ့အမျှ သစ်သီးဝင်ရောက်မှုများ များလာပါတယ်။ သစ်သီးဝလံပွဲရုံများကို နေ့စဉ် ကျောက်မဲ၊ သီပေါတို့မှ လိမ္မော်သီးများ အဝင်လှိုင်လာသလို မူဆယ်ဘက်မှ ပန်းသီးနဲ့ ရွှေလိမ္မော်မှာလည်း  လှိုင်လှိုင်ဝင်ရောက်နေတာကို တွေ့ရပါ တယ်။

Tuesday, 27 Dec 2011

    မူဆယ် ၁၀၅ မိုင်သို့ ပြည်တွင်းမှ ဖရဲသီးများ အဝင်များချိန်တွင် တရုတ်နိုင်ငံဘက်၌ အအေးပို၍ ဖရဲစားသုံးသူ နည်းလာခြင်းကြောင့် ဖရဲသီးလေလံဈေး ပြန်ကျလာကြောင်း သိရပါတယ်။ မူဆယ် ၁၀၅ မိုင်သို့ ဖရဲသီးကား နေ့စဉ်ဝင်ရောက်လျက်ရှိရာ ရှေ့တစ်ပတ်က တန်ချိန် ၁၀၀၀ နဲ့ ၂၀၀၀ ကြား အဝင်ရှိပြီး ယခုတစ်ပတ်မှာ တန်ချိန် ၂၀၀၀ ကျော်ဝင်နေ ကြောင်း သိရပါတယ်။

Monday, 19 Dec 2011

              မန္တလေးမြို့ သီရိမာလာဈေးသို့ မန်လာဥ၊ ဂေါ်ဖီ၊ မုန်ညှင်း၊ ဘိုစားပဲသီး၊ ခါကြက်ဥ၊ ဂေါ်ရခါးသီးများဟာ ဒီဇင်ဘာလ ပထမပတ်ထက် ပိုမိုဝင်ရောက်လာပါတယ်။ ပန်းပွင့် (ပန်းမုန်လာ)များ ရှမ်းပြည်ဘက်မှသာမက၊ မြင်းခြံ ဘက်မှလည်း ဝင်လာလို့ အခုပတ်မှာ တစ်သိန်းကျော်ဝင်လျက်ရှိတဲ့အတွက် ကျန်ဟင်းသီးဟင်းရွက်များ ဈေးအေးသွား ကြောင်း သိရပါတယ်။

Monday, 19 Dec 2011

                မန္တလေးတိုင်းဒေသကြီး နေပြည်တော်တပ်ကုန်းဒေသတွင် ယခုနှစ် ငရုတ်စိုက်တောင်သူများ အထွက်နှုန်းကောင်းခဲ့သလို ဈေး ကောင်းလည်းရ ရှိခဲ့တဲ့အတွက် တောင်သူများ အကျိုးအမြတ်ရရှိခဲ့ ပါတယ်။ ငရုတ်စပေါ်စက ငရုတ်ခြောက် မိုးထောင်တစ်ပိဿာ ၂၀၀၀ ကျပ်ဈေးနဲ့စဖွင့်ခဲ့ပြီး၊ ရာသီကုန်ခါနီးမှာ တစ်ပိဿာ ၃၅၀၀ ကျပ်သို့ ဈေးနှုန်း တဖြည်းဖြည်း မြင့်တက်ခဲ့ပါတယ်။ တပ်ကုန်းဒေသတွင် ယခုနှစ် ငရုတ်တစ်ဧကကို အခြောက်ပိဿာ ၂၀၀ ထွက်ရှိခဲ့ပါတယ်။ နေပြည် တော်တပ်ကုန်းဒေသမှထွက်တဲ့ ငရုတ်ခြောက်များကို ရန်ကုန်ဝယ် လက်များမှဆွဲတယ်လို့ သိရပါတယ်။                      ဝါဝါခင်

Monday, 19 Dec 2011

            တောင်လှေခါးမြို့တော်၊ ပန်းမြို့တော် ပြင်ဦးလွင် အမျိုးသားကန် တော်ကြီးဥယျာဉ်မှာ ပဉ္စမအကြိမ်မြောက် ပန်းပွဲတော်ကို ၂၀၁၁ ခုနှစ် ဒီဇင်ဘာ ၁ ရက်မှ ၂၀ ရက်အထိ ကျင်းပခဲ့ပါတယ်။

Monday, 19 Dec 2011

              မန္တလေးသစ်သီးဈေးကွက်မှာ ပန်းသီးများ ဈေးငြိမ်ပြီး အရောင်း သွက်ပါတယ်။ နာနတ်သီးကတော့ ရာသီမဟုတ်တဲ့အတွက် အရောင်း အေး၊ ဈေးအေးနေပါတယ်။ ဖရဲသခွားက အဝင်များတဲ့အတွက် ဈေးချို ပြီး ရာသီအေးလို့ အရောင်းအဝယ်လည်းအေးပါတယ်။ လိမ္မော်သီးက ဈေးကောင်းအရောင်းသွက်နေပြီး လိမ္မော်ဈေးနှုန်းကတော့ မိုးကုတ်သီး ပေါ်မူတည်ပါတယ်။ မိုးကုတ်သီးအဝင်များရင် ဈေးချိုပြီး၊ အဝင်နည်းရင် ဈေးမြင့်ပါတယ်။

Tuesday, 13 Dec 2011

    မြန်မာ့ဖရဲကို တရုတ်နိုင်ငံဘက်မှ ရောင်းချနိုင်သလောက် ဝယ်ယူနေခြင်း များကြောင့် ဖရဲအရည်အသွေး ကောင်း ရင် ကောင်းသလိုအမြင့်ဆုံးဈေးထိ ရရှိ နိုင်ကြောင်း သိရပါတယ်။ မြန်မာနိုင်ငံမှ အစေ့မဲ့ ဖရဲနဲ့ ရိုးရိုးဖရဲများကို မန္တလေး မြို့မှတစ်ဆင့်  မူဆယ် ၁၀၅ မိုင်သို့ ရောင်းချလျက်ရှိပါတယ်။

Wednesday, 30 Nov 2011

                နေပြည်တော်တပ်ကုန်းမြို့ဟာ ဖရဲကို တစ်နှစ်ပတ်လုံး စိုက်ပျိုးကြပြီး၊ နိုဝင်ဘာလမှာတော့ အဓိက အများဆုံး စိုက်ကြပါတယ်။ ညောင်ကိုင်း၊ ကျေးချောင်း၊ ခရမ်းစပ်ကုန်း၊ ကျားသေအိုင်၊ မကျီးပင်၊ ညောင်လွတ်၊ အင်ပင်၊ ညောင်ပင်သာတို့မှာ အများဆုံးစိုက်ပျိုးပြီး ဧက ၇၀၀ ကျော်စိုက်ထားကြောင်း သိရပါတယ်။ တောင်သူ များစိုက်တဲ့ မျိုးကတော့ ၈၅၅၊ ၁၆၈ မျိုးဖြစ်ကြောင်း သိရပါတယ်။                  တစ်ဧက အပင်ဝင်ဆံ့မှု ၁၅၀၀ ဝန်းကျင်ခန့်ဖြစ်ပြီး တစ်လုံး အလေးချိန် ၁၀ ကီလိုမှ ၁၃ ကီလိုထိဈေးရှိပြီး ဈေးကွက်ဝင် ဖရဲသီးဖြစ်တယ်လို့ ကုန်သည်အဖွဲ့များမှ ပြောပါတယ်။ မူဆယ်မှာ ရိုးရိုးဖရဲတစ်ကီလို ၃ ယွမ် ရရှိခဲ့ ကြောင်း သိရပါတယ်။ တပ်ကုန်းတောင်သူများဟာ စုဖွဲ့ပြီးကားငှားကာ မူဆယ်သို့ တက်လေ့တက်ထ ရှိကြပါတယ်။ ရောင်းချတဲ့အခါမှာလည်း တစ်ဦးနဲ့တစ်ဦး တိုင်ပင်ပြီး တရုတ်ကုန်သည်များကို မူဆယ်ဈေးကွက်မှာပဲ ကြိုက်ရောင်း ကြိုက်ဝယ်ရောင်းချခဲ့တယ်လို့ ဖရဲတောင်သူမှ ပြောပါတယ်။ ခင်မောင်ဆွေ

Monday, 21 Nov 2011

               မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင် ရေစကြိုမြို့နယ်အတွင်း ပခုက္ကူ၊ ရေစကြို၊ မုံရွာ၊ မန္တလေးကားလမ်းပေါ် ရှိ ဟောက်အို ကျေးရွာအနောက်ဘက် တစ်မိုင်ခန့်အကွာမှာရှိတဲ့ သစ်ခေါက်ဆိပ်၊ ပိတ်သင်းကပ်၊ ဝက်ကတော့ စတဲ့ ကျေးရွာအုပ်စု ၃ ရွာဟာ တစ်ရွာနဲ့တစ်ရွာ ကပ်လျက်ရှိပြီး နာမည်ကျော် ဓားအမျိုးမျိုး၊ ကတ်ကြေးအမျိုးမျိုး၊ တူအမျိုးမျိုး၊ တံစဉ်၊ ပေါက်ပြား၊ တူရွင်း၊ ပေါက်ဆိန်၊ ရဲဒင်း၊ ဆိတ်ချို၊ ပဲခွပ်၊ လက်သမားသုံးဆောက်အမျိုးမျိုး၊ လွန်းအမျိုးမျိုး၊ တောင်သူသုံးပစ္စည်းများကို ထုတ်လုပ်လျက်ရှိပါတယ်။                 သစ်ခေါက်ဆိပ်၊ ပိတ်သင်းကပ်၊ ဝက်ကတော့စတဲ့ ရွာ ၃ ရွာဟာ မိသားစုလိုက် မိရိုးဖလာလုပ်ကိုင်ကြ တဲ့ လက်မှုပညာနဲ့ မြန်မာ့ရိုးရာ ပန်းပဲလုပ်ငန်းဖြင့် အသက်မွေးကြကြောင်း၊ ရွာလုံးကျွတ်နီးပါး၊ ပန်းပဲလုပ်ငန်းကို နံနက် ၄ နာရီခန့်ရောက်ပြီဆိုရင် တူသံ၊ ပေသံ၊ တညံညံနဲ့ ပန်းပဲလုပ်ကိုင်ကြရာမှာ စက်မှုဇုန်အလား ထင်မှားရကြောင်း၊ ပန်းပဲလုပ်ငန်းဆိုပေမယ့် အသေးစား ပစ္စည်းတွေသာလုပ်တာပြန်ပြီး အော်ဒါအမှာများ လက်ခံဆောင်ရွက်ကြောင်း၊ သံတံဆိပ်တုံးများကိုလည်း အထူးလက်ခံဆောင် ရွက်ပေးကြောင်း၊ ရွာထဲကငွေကြေး တတ်နိုင်သူများက ကုန်ကြမ်းပေး၊ ကုန်ချောယူစနစ်နဲ့ လည်းကောင်း၊ ကျေးရွာအတွင်းက ထွက်သမျှ ပန်းပဲပစ္စည်းများကို ဝယ်ယူပြီး၊ နယ်လှည့်ရောင်းချသူများကို အဟောင်းပေး၊ အသစ်ယူစနစ်နဲ့လည်းကောင်း၊ အမြတ် တစ်ဝက်ယူစနစ်ဖြင့် လည်းကောင်း၊ မုံရွာ၊ မန္တလေး၊ ပခုက္ကူမြို့များရှိ ကုန်မာဆိုင်များနဲ့ တန်ခိုးကြီးဘုရားပွဲတော်များကို တင်ပို့ ရောင်းချကြကြောင်း၊ လုပ်သားတစ်ဦးအနေနဲ့ တစ်နေ့ ၁၅၀၀ ကျပ် - ၂၅၀၀ ကျပ် - ၃၀၀၀ ကျပ်နှုန်းနဲ့ ကျွမ်းကျင်မှုအလိုက် ရရှိကြကြောင်း ဒေသခံပန်းပဲသမားတစ်ဦးက ပြောပြပါတယ်။                သစ်ခေါက်ဆပ်၊ ပိတ်သင်းကပ်၊ ဝက်ကတော့ကျေးရွာထွက် ပန်းပဲပစ္စည်းများကို အနိမ့်ဆုံး ၃၀၀ ကျပ်မှ ၈၀၀၀ ကျပ်နှုန်းနဲ့ လက်လီ၊ လက်ကားဝယ်ယူရရှိနိုင်ပါကြောင်း ...... အောင်မြိုင်

Monday, 21 Nov 2011

                         ၂၀၁၁-၂၀၁၂ ခုနှစ်ထွက် မန္တလေး ဖရဲသီးများဟာ ၂၀၁၁ အောက်တိုဘာလဆန်းမှာ မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်မှတစ်ဆင့် တရုတ်နိုင်ငံကို စတင်တင်ပို့နေပါပြီ။ သခွားမွှေးတွေ လည်း အောက်တိုဘာလကုန် နိုဝင်ဘာ လဆန်းလောက်မှာ ဖြိုင်ဖြိုင်ထွက်တော့ မယ်လို့ ဖရဲ၊ သခွားစိုက်တောင်သူများက ပြောပါတယ်။ တင်ပို့နေတဲ့ ဖရဲသီးများ အနေနဲ့ တပ်ကုန်း၊ မိတ္ထီလာ၊ ဝမ်းတွင်း၊ ကူမဲ၊ မြစ်သားဒေသထွက်သီးများ ဖြစ်ပါတယ်။ ကျောက်ဆည်၊ တံတားဦး၊ နွားထိုးကြီး၊ မြင်းခြံ စတဲ့ မန္တလေးတိုင်း ဒေသကြီးထွက် ဖရဲသီးများလည်း ဈေးကွက်ကိုဝင်လာဖို့ တာစူနေကြပြီလို့ သိရပါတယ်။ မန္တလေးတိုင်းဒေသကြီးထွက် ဖရဲသီးများ အောက်တိုဘာ ပထမ ပတ်မှ ဒုတိယပတ်အထိ နှစ်ပတ်အတွင်း ကားစီးရေ ၉၀ ကျော်၊ တန်ချိန် ၁၈၀၀ ကျော်နဲ့ စစ်ကိုင်း၊ မုံရွာ၊ ချောင်းဦး၊ မြင်းမူ၊ မြောင်၊ လှည်းကူး၊ ကျိုက်ထို၊ ဘီးလင်းစတဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ် တို့မှလည်း နှစ်ပတ်အတွင်း တရုတ်ကို ကားစီးရေ ၈၀ ကျော် တင်ပို့ပြီးပြီလို့ သိရပါတယ်။ တရုတ်ပြည်ဈေးကွက်မှာ အစေ့မဲ့ဖရဲတစ်ကီလို ၄ ဒသမ ၅ ယွမ်မှ ၆ ဒသမ ၅ ယွမ် ထိရှိပြီး ရိုးရိုးဖရဲတစ်ကီ လိုမှာ ၄ ဒသမ ၅ ယွမ်မှ ၅ ယွမ်ထိ ဈေးပေါက်နေပြီး တင်ပို့ဖို့ တာစူနေတဲ့ သခွားဈေးကွက်မှာ တစ်ကီလို ၃ ဒသမ ၅ ယွမ်မှ ၄ ယွမ်ထိ ရနေလို့ ပေါ်ဦး ပေါ်ဖျားမှာထွက်တဲ့ ဖရဲ၊ သခွားဈေး ကွက်ကောင်းလို့ တောင်သူများ တွက် ခြေကိုက်လျက် ရှိပါတယ်။ ဒါပေမယ့် ဈေးကွက် အစ၊ အဆုံး တည်ငြိမ်နေ အောင် ထိန်းသိမ်းဖို့လည်းလိုပါတယ်လို့ ဖရဲ၊ သခွားတောင်သူများက ဆိုပါတယ်။ နိုင်ထွန်း-မန္တလေး

Pages