Background
ယခုနောက်ပိုင်းတွင် ထိုင်းနိုင်ငံမှ စားသုံးသူများသည် Lazada e-commerce platform ပေါ်မှ တရုတ်နိုင်ငံထုတ်ကုန်ပစ္စည်းများကို ဝယ်ယူနေကြပြီး၊ ကွမ်ရှီးတက္ကသိုလ်မှ ထိုင်းဘာသာသင်ကြားသည့် ဆရာမတစ်ဉီးက နန်နင်းမြို့ရှိ Tus-Innovation မှနေ၍ ထိုင်းဘာသာစကားဖြင့် တိုက်ရိုက်ထုတ်လွှင့်ပေးကာ ကြော်ငြာပေးနေသည်ဟု သိရပါသည်။ Tus-Innovation ၏ နိုင်ငံရပ်ခြားစီမံကိန်းမှာ အရှေ့တောင်အာရှနိုင်ငံများဆီသို့ လျင်မြန် စွာ တိုးချဲ့နေပြီး၊ ၎င်းမှာ တရုတ်နိုင်ငံ၏ နိုင်ငံဖြတ်ကျော် e-commerce ကုမ္ပဏီကြီးများ အနက် တစ်ခုဖြစ်ကြောင်း သိရပါသည်။
ယခုနှစ် ပထမ (၉)လအတွင်း ဟူနန်ပြည်နယ်၏ ပို့ကုန်သွင်းကုန်တန်ဖိုးမှာ ယွမ်ငွေ (၄၂၅.၁) ဘီလီယံ (အမေရိကန်ဒေါ်လာ ၆၆ ဘီလီယံခန့်) ရှိခဲ့ကာ ယခင်နှစ်ကထက် (၂၈.၄) ရာခိုင်နှုန်းမြင့်တက်လာကြောင်း ချန်းရှအကောက်ခွန်ဌာန၏ ထုတ်ပြန်ချက်အရ သိရပါသည်။
၎င်းအနက် ပို့ကုန်တန်ဖိုးမှာ (၃၄.၉) ရာခိုင်နှုန်းမြင့်တက်ခဲ့ကာ ယွမ်ငွေ (၂၉၃.၃) ဘီလီယံရရှိခဲ့ပြီး၊ သွင်းကုန်တန်ဖိုးမှာ (၁၆) ရာခိုင်နှုန်းမြင့်တက်ခဲ့ကာ ယွမ်ငွေ (၁၃၁.၈) ဘီလီယံ ရရှိခဲ့သည်ဟု စာရင်းများတွင် တွေ့ရပါသည်။
တရုတ်အစိုးရ၏ ဂိုဘီသဲကန္တာရအပါအဝင် အခြားကန္တာရဒေသများ၌ အကြီးအကျယ် တည်ဆောက်နေသည့် လေအားနှင့် နေရောင်ခြည်မှ စွမ်းအင်ထုတ်လုပ် သည့် စီမံကိန်းများ၏ တစ်စိတ်တစ်ဒေသအဖြစ် ချင်းဟိုင်နှင့် ဟာနန် ပြည်နယ်များတွင် photovoltaic စီမံကိန်းတစ်ရပ်ကို အောက်တိုဘာလ (၁၅)ရက်နေ့မှ စတင်တည်ဆောက်ပြီ ဖြစ်ကြောင်း State Power Investment Corp က ထုတ်ဖော် ပြောကြားလိုက်ပါသည်။
သကြားအများအပြားထုတ်လုပ်သည့် ဘရာဇီးလ်နိုင်ငံအလယ်ပိုင်း၏ တောင်ဘက်ခြမ်းဒေသများမှ စက်တင်ဘာလဒုတိယလဝက်အတွင်း သကြားကြိတ်ခွဲထုတ်လုပ်မှုသည် တန်ချိန် ၂.၁၉၈ သန်းဝန်းကျင် ထွက်ရှိနိုင်ရန်ခန့်မှန်း ထားပြီး တစ်နှစ်ထက်တစ်နှစ် ၂၃.၃ ရာခိုင်နှုန်း လျှော့ကျလျက်ရှိကြောင်း အောက်တိုဘာလ ၈ ရက်နေ့တွင်ထုတ်ဝေသည့် S&P Global Platts ၏ လေ့လာ တွေ့ရှိချက်စာစောင်တွင် ဖော်ပြထားသည်။
အိန္ဒိယနိုင်ငံ၌ အကောက်ခွန်နှင့်သွယ်ဝိုက်အခွန်များ ကြီးကြပ်မှုဗဟိုအဖွဲ့ (CBIC) သည် စားသုံးဆီတင်သွင်းမှုအပေါ် ကောက်ခံလျက်ရှိသော အကောက်ခွန်များနှင့် စိုက်ပျိုးရေးအခြေခံအဆောက်အအုံဖွံ့ဖြိုးတိုးတက်မှု ထပ်ဆောင်း အခွန် (AIDC) များအား ပြင်ဆင်သတ်မှတ်သည့် အမိန့်ကြော်ငြာစာ ၂ စောင်ကို ၁၃-၁၀-၂၀၂၁ နေ့၌ ထုတ်ပြန်လျက် အခွန်နှုန်းထားများကို ထပ်မံလျော့ချခဲ့ပါသည်။
ဘရာဇီးလ်နိုင်ငံသည် ကုန်သွယ်မှုမှ ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ၏ ပထမရက်သတ္တပတ် ၂ ပတ်တာကာလ(၁ ရက်နေ့မှ ၁၀ ရက်နေ့အထိ)အတွင်း အမေရိကန်ဒေါ်လာ ၁.၉၂၉ ဘီလီယံ ကုန်သွယ်မှုပိုငွေ ရရှိခဲ့သည်။
ပြည်တွင်းဈေးကွက်၌ ဈေးနှုန်းများမြင့်တက်မှုကိုထိန်းချုပ်နိုင်ရန်အတွက် ပြည်ပမှတင်သွင်းလာသည့်စားသုံးဆီများအပေါ် ကောက်ခံလျက်ရှိသောအခွန်နှုန်းထားများအား လျော့ချခဲ့ပြီးနောက် ယခုအခါလုပ်ငန်းရှင်များ လက်ဝယ်၌ စားသုံးဆီနှင့်ဆီထွက်သီးနှံများ သိုလှောင်ထားရှိနိုင်ခွင့်ကို အိန္ဒိယအစိုးရကကန့်သတ်လိုက်ပါသည်။
အိန္ဒိယနိုင်ငံ၌ လုပ်ငန်းအရှုံးပေါ်လျက်ရှိသော နိုင်ငံပိုင် Air India လေကြောင်းလိုင်းအား ပုဂ္ဂလိကပိုင်ပြုလုပ်ရန်အတွက် တင်ဒါလုပ်ငန်းစဉ်များ ဆောင်ရွက်ခဲ့ရာ ယခုအခါ Talace Pvt Ltd အား အပြီးသတ် တင်ဒါအောင်မြင်သူအဖြစ် ရွေးချယ်လိုက်ကြောင်း အိန္ဒိယအစိုးရက ၈-၁၀-၂၀၂၁ နေ့တွင် ကြေညာချက်ထုတ်ပြန်ခဲ့ပါသည်။
အိန္ဒိယနိုင်ငံတွင် ပြည်တွင်းကြံစိုက်ပျိုးထုတ်လုပ်မှုမှ ပိုလျှံသည့်ပမာဏအား အီသနောလောင်စာဆီအဖြစ် ထုတ်လုပ်ခြင်းအပြင် ၂၀၂၅ ခုနှစ်၌ ဓာတ်ဆီတွင်၂၀ ရာခိုင်နှုန်းအထိ ရောနှောအသုံးပြုရန်ရည်မှန်းချက်ချမှတ်ထားမှုကို ဖြည့်ဆည်းနိုင်ရေးအတွက် ဆန်နှင့်ပြောင်းတို့ ကဲ့သို့သော ကောက်ပဲသီးနှံများ ထုတ်လုပ်မှုမှ ပိုလျှံမည့်ပမာဏကိုလည်း အီသနောအဖြစ်သို့ ပြောင်းလဲအသုံးပြုမည်ဖြစ်ကြောင်း သိရှိရပါသည်။
၂၀၀၉ ခုနှစ်၌ လက်မှတ်ရေးထိုးခဲ့ပြီး ၂၀၁၀ ပြည့်နှစ်မှ စတင်အကျိုးသက်ရောက်လျက်ရှိသော အာဆီယံ-အိန္ဒိယ လွတ်လပ်စွာကုန်သွယ်မှု သဘောတူညီချက်အား တတိယနိုင်ငံများ၏ အလွဲသုံးစားပြုမှုမှ ကာကွယ်နိုင်ရေးအတွက် ပြန်လည်သုံးသပ်မှုများလုပ်ဆောင်လျက် ပြင်ဆင်ရန်လိုအပ်မည်ဟု အိန္ဒိယကူးသန်းရောင်းဝယ်ရေးနှင့်စက်မှုဝန်ကြီး Mr. Piyush Goyal က ၈-၁၀-၂၀၂၁ နေ့၌ တိုက်တွန်းပြောကြားလိုက်ပါသည်။