Main menu

Background

Tuesday, 29 Nov 2011

                        ရန်ကုန်မြို့မှာ ပဲအရောင်းအဝယ်ပြုလုပ်နေတဲ့ စိန်နန်းထိုက်ကုမ္ပဏီမှ ဦးဇော်ငယ်ဟာ ရင်းနှီးတဲ့ကုမ္ပဏီများနဲ့ နယ်ကုန်သည်များရဲ့ ယုံကြည်မှုကို အလွဲသုံးစားပြုလုပ်ပြီး လိမ်လည်ထွက်ပြေးတိမ်းရှောင်နေတယ်လို့ သိရပါတယ်။ ဒီသတင်းနဲ့ပတ်သက်လို့ ဘုရင့်နောင် ကုန်စည်ဒိုင်မှ တာဝန်ရှိသူတွေရဲ့ ပြောကြားချက်အရ နိုဝင်ဘာ ၂၅ ရက် နံနက်ပိုင်းမှာ နိုင်ငံခြားကုမ္ပဏီ တစ်ခုက ဦးဇော်ငယ်ရဲ့ဂိုဒေါင်မှာ ပဲသယ်ယူဖို့သွားရောက်စဉ် သိုလှောင်ထားတဲ့ ပဲများမရှိသလို ပိုင်ရှင် ဦးဇော်ငယ်နဲ့လည်း အဆက်အသွယ်မရရှိခဲ့ဘူးလို့သိရပါတယ်။ ဒါနဲ့ပတ်သက်လို့ ၎င်းနေ ထိုင်ရာ နေအိမ်သို့ပါ သွားရောက်ရှာဖွေခဲ့ရာ မိသားစုနှင့်အတူ ထွက်ပြေးတိမ်းရှောင်နေတယ်လို့ သိရပါတယ်။                           ဦးဇော်ငယ်ဟာ ပုံမှန်အရောင်းအဝယ်ပြုလုပ်နေခဲ့ရာမှ လွန်ခဲ့တဲ့ တစ်လခန့်အတွင်းမှာတော့ ရန်ကုန်တိုင်းဒေသကြီး ဘုရင့်နောင်ကုန်စည်ဒိုင်ကို လာရောက်ရောင်းဝယ်မှုနည်းလာပြီး ပြင်ပမှာ သာ သူ့နည်းသူ့ဟန်နဲ့ ရောင်းဝယ်နေတယ်လို့ သိရပါတယ်။ ဘုရင့်နောင်ကုန်စည်ဒိုင်မှ စုံစမ်းသိရှိ ချက်အရ ဦးဇော်ငယ်အနေနဲ့ နယ်ကုန်သည်များနဲ့ ချိတ်ဆက်ရောင်းဝယ်နေတာဖြစ်လို့ လိုအပ် ချိန်မှ ဈေးဖြတ်ယူမယ်ဆိုပြီး ယုံကြည်မှုတစ်ခုထဲနဲ့ပဲလာအပ်တဲ့ နယ်ကုန်သည်များ ဆုံးရှုံးထိခိုက် နစ်နာမှုရှိနိုင်တယ်လို့ ဆိုပါတယ်။ ရင်းနှီးတဲ့ ရန်ကုန်ကုမ္ပဏီအချို့လည်း ယုံကြည်မှုနဲ့ပဲချေးထား မှုတွေရှိနေတဲ့အတွက် အဲဒီလိုကုမ္ပဏီများလည်း ဆုံးရှုံးမှုထဲမှာပါနိုင်တယ်လို့ ကုန်စည်ဒိုင် တာဝန်ရှိသူများမှ ဆိုပါတယ်။ ယခုလို ထွက်ပြေးတိမ်းရှောင်မှုမရှိခင် ယခင်တစ်ပတ်ခန့်ကလည်း ရန်ကုန် ကုန်သည်အချို့ကို ပဲဖိုးချက်လက်မှတ်များ ထုတ်ပေးခဲ့ရာ ယင်းချက်လက်မှတ်များမှာ ဘဏ်သို့ သွားရောက်ထုတ်ယူရာမှာ ငွေမရှိတော့လို့ ထုတ်မရဖြစ်ခဲ့ကြောင်း စုံစမ်းသိရှိရတယ်လို့ ဆိုပါတယ်။                          လတ်တလောမှာတော့ ဘုရင့်နောင်ကုန်စည်ဒိုင် တာဝန်ရှိသူများမှ စုံစမ်းလျက်ရှိနေပြီး လက်ရှိအချိန်ထိတော့ အဆက်အသွယ်မရရှိသေးဘူးလို့ ဆိုပါတယ်။ ဘုရင့်နောင် ကုန်စည်ဒိုင် တာဝန်ရှိသူများအနေနဲ့ ဆုံးရှုံးနစ်နာတဲ့ ရရန်ရှိကုန်သည်များကို လည်း အထောက်အထားများနဲ့ စာရင်းစုစည်းလျက်ရှိကြောင်း၊ လက်ရှိအချိန်ထိ စာရင်းပြုစုဆဲဖြစ်လို့ ဆုံးရှုံးမှုအတိအကျကို ထုတ်ဖော်ပြောကြားနိုင်ခြင်း မရှိသေးကြောင်း သိရပါတယ်။ ပဲလုပ်ငန်းရှင်အသင်းသားများ ထိခိုက်နစ်နာမှုမရှိရအောင် ကုန်စည်ဒိုင်တာဝန်ရှိသူများအနေနဲ့ ရရှိတဲ့သတင်းအချက်အလက် များကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သည်/စက်မှုအသင်းချုပ်နဲ့ မြန်မာ နိုင်ငံပဲမျိုးစုံနှင့် နှမ်းကုန်သည်များအသင်းကို အချိန်နဲ့တစ်ပြေးညီတင်ပြနေတယ်လို့ သိရပါတယ်။                                    ပဲလောကမှာ ၂၀၀၈ ခုနှစ် ဖြစ်စဉ်မှာလည်း အထက်ဖော်ပြပါ ဖြေရှင်းတဲ့နည်းလမ်းများနဲ့ ညှိနှိုင်းဖြေရှင်းပေးခဲ့တယ်လို့ သိရပါတယ်။ ကုန်စည်ဒိုင်မှာ ခိုင်မာတဲ့စာချုပ် ချုပ်ဆိုရောင်းဝယ်ခြင်း မရှိဘဲ လေရောင်းလေဝယ်ရောင်းနဲ့ ပဲရောင်းဝယ်မှုကို ပြုလုပ်ခဲ့ကြတဲ့အတွက် ပဲလုပ်ငန်းရှင် တချို့မှာ လက်ရှိအချိန်ထိ ထွက်ပြေးတိမ်းရှောင်နေဆဲဖြစ်ပြီး လုပ်ငန်းရှင် တော်တော်များများ မှာလည်း ဆုံးရှုံးမှုများစွာရှိခဲ့ကြောင်း သိရပါတယ်။ ယခုလို ပဲအရှုပ်အရှင်းကိစ္စကို ဖြေရှင်းရာမှာ ဘုရင့်နောင်ကုန်စည်ဒိုင်မှာ ဖွဲ့စည်းထားတဲ့ အငြင်းပွားမှု ဖြေရှင်းရေးဆိုင်ရာကော်မတီမှ ဦးဇော်ငယ်နဲ့ ဆက်သွယ်ဆောင်ရွက်နေတဲ့ ကုန်သည်များရဲ့ ရရန် ပေးရန် စာရင်းများကို အရင်ဆုံးပြုစုကောက်ခံသွားရမှာဖြစ်ပါတယ်။ အဲဒီ နောက်မှာ ကာယကံရှင်ရဲ့ ပိုင်ဆိုင်ပစ္စည်းဥစ္စာတန်ဖိုးနဲ့ ပေးရန်၊ ရရန်ရှိပမာဏတို့ကို အချိုးကျခွဲေ၀ ညှိနှိုင်းပေးလျော် ဖြေရှင်းခြင်းနည်းလမ်းဖြစ်ပါတယ်။ ဘုရင့်နောင်ကုန်စည်ဒိုင်ဖြေရှင်းခြင်းအပေါ် မကျေလည်မှုရှိပါက ကုန်သည်/စက်မှုအသင်းချုပ်ရဲ့ အငြင်းပွားမှုဖြေရှင်းရေးဆိုင်ရာ ကော်မတီကို ထပ်မံတင်ပြပြီး၊ ယင်းကော်မတီမှ အလားတူ ပေးရန် ရရန်စာရင်းနဲ့ ပိုင်ဆိုင်ပစ္စည်းတန်ဖိုးကို ညှိနှိုင်းပေးလျော်ဖြေရှင်းဖို့ပဲဖြစ်ပါတယ်။ ဒါဟာဆိုရင် ကုန်သည်အချင်းချင်းကြား ဖြစ်ပွားတဲ့ ပြဿနာကို ကုန်သည်များမှ ဖြေရှင်းခြင်းပဲဖြစ်ပါတယ်။ ဒီလိုဖြေရှင်းမှုများအပေါ်မှာမှ ကျေနပ်မှု မရှိဘူးဆိုရင် ကာယကံရှင်တွေက သက်ဆိုင်ရာမြို့နယ်ရဲစခန်းနဲ့ တရားရုံးတွေကတစ်ဆင့် နောက် ဆုံးအဆင့်အနေနဲ့ ဖြေရှင်းခြင်းပဲဖြစ်ပါတယ်လို့ ဘုရင့်နောင်ကုန်စည်ဒိုင်မှ တာဝန်ရှိသူတစ်ဦးက ပြောကြားပါတယ်။ ယမင်းခင်

Tuesday, 29 Nov 2011

                ယခုတစ်ပတ်တွင် အမေရိကန် ဒေါ်လာဈေးကွက်သည် တဖြည်းဖြည်း နှင့် တက်ရိပ်ပြလာသည်ကို တွေ့ရ သည်။ ကားသွင်းခွင့်ရရန် ဒေါ်လာများ ဝယ်ယူစုဆောင်းနေခြင်းနှင့် ပို့ကုန်ရငွေ ရောင်းလိုအား နည်းပါးနေခြင်းတို့ ကြောင့် ဒေါ်လာဈေး မှာ တဖြည်းဖြည်း တက်ရိပ်ပြလာကြောင်း ဈေးကွက် အတွင်းမှ စုံစမ်းသိရှိရသည်။ ထို့ပြင် ကားဝယ်မည့်သင်္ဘောသား များအနေဖြင့်လည်း ဒေါ်လာကို ယခင် ကကဲ့သို့ အပြင်ကို ထုတ်မရောင်းတော့ ဘဲ ဘဏ်သို့သွင်း၍ ကားတင်သွင်းနိုင် ရန် ပြုလုပ်နေခြင်းကြောင့် အရောင်း နည်းပါးပြီးအဝယ်လိုက်နေခြင်းကြောင့် ဖြစ်ကြောင်း သိရသည်။                " အခုဆို နှစ်ပတ်ရှိပြီ။ဒေါ်လာဈေး ကတဖြည်းဖြည်းချင်းပြန်တက်လာတာ။ ဒါကလည်း ကားတင်သွင်းမယ့်ကုမ္ပဏီ တွေက ဒေါ်လာတွေကို ဝယ်စုနေသလို သင်္ဘောသားတွေကလည်း ဒေါ်လာကို ခါတိုင်းလို ဟွန်ဒီနဲ့မလွှဲတော့ဘဲ ဘဏ်မှာဖွင့်ထားတဲ့ သူတို့အကောင့်ထဲကို ထည့်နေတာ။ သူတို့က အခွန်ကလည်း ၂ရာခိုင်နှုန်းပဲဆောင်ရတော့မှာဆိုတော့ ဘဏ်ထဲကိုပဲသွင်းပြီး အပြင်ကို ထုတ်မရောင်းကြတော့ဘူး။ အဲဒါကြောင့် ဒေါ်လာဈေးက အဝယ်ပဲရှိပြီးအရောင်း ကမရှိတဲ့အခါကျတော့ ဈေးကတက် လာတာပေါ့။ နောက်ပိုင်းထပ်တက်လိမ့် ဦးမယ်ထင်တယ်"ဟု ဒေါ်လာဈေးနှုန်း များ တဖြည်းဖြည်းတက်ရခြင်းနှင့်ပတ် သက်ပြီး ဒေါ်လာပွဲစားတစ်ဦးက သုံး သပ်ပြခဲ့သည်။                       ငွေလဲစင်တာများတွင် ပြီးခဲ့သည့် အမေရိကန်ဒေါ်လာရောင်းဈေးမှာ နို ဝင်ဘာလ ၂၁ ရက်က ၇၉၅ ကျပ် သာရှိခဲ့သော်လည်း နိုဝင်ဘာ၂၅ ရက် တွင် ၁၀ ကျပ်တက်လာခဲ့ပြီး ၈၀၅ ကျပ် ဖြင့် ရောင်းချခဲ့သည်။ဝယ်ဈေးမှာလည်း နိုဝင်ဘာ ၂၁ရက်က ၇၈၅ ကျပ်ရှိခဲ့ပြီး နိုဝင်ဘာ ၂၅ရက်တွင် ၇၉၂ကျပ်အထိ တက်ခဲ့သည်ကို တွေ့ရသည်။ ထို့ပြင် မြန်မာနိုင်ငံတော်ဗဟိုဘဏ် မှလည်း ပုဂ္ဂလိကဘဏ် ၁၁ ခုတို့အား နိုင်ငံခြားငွေရောင်းဝယ်ဖောက်ကားခွင့် လိုင်စင်ကို နိုဝင်ဘာ ၂၅ရက်မှစတင် ကာ လွတ်လပ်စွာ ရောင်းဝယ်ဖောက် ကားခွင့်ရှိကြောင်း ကြေညာချက် ထုတ်ပြန်ခဲ့သည်။ အဆိုပါ ပုဂ္ဂလိကဘဏ် ၁၁ ခုမှာ ကမ္ဘောဇဘဏ်လီမိတက်၊ သမဝါယမဘဏ် လီမိတက်၊ မြန်မာ့စက်မှုလက်မှုဖွံ့ဖြိုးရေးဘဏ်လီမိတက်၊ မြဝတီဘဏ်လီမိတက်၊ အင်းဝဘဏ် လီမိတက်၊ မြန်မာအရှေ့တိုင်းဘဏ်လီမိ တက်၊ အာရှစိမ်းလန်းမှုဖွံ့ဖြိုးရေးဘဏ် လီမိတက်၊ ဧရာဝတီဘဏ်လီမိတက်၊ မြန်မာ့ရှေ့ဆောင်ဘဏ် လီမိတက်၊ ယူနိုက်တက်အမရဘဏ် လီမိတက်နှင့် ထွန်းဖောင်ဒေးရှင်းဘဏ် လီမိတက်တို့ ဖြစ်ကြသည်။                      အဆိုပါဘဏ်များတွင် တရားဝင် ငွေလဲလှယ်ခွင့်ပြုထားသော်လည်း ပြင် ပဒေါ်လာဈေးကွက်မှာ ရှင်သန်နေဆဲ ဖြစ်ကြောင်း သိရှိရသည်။ ထိုကဲ့သို့ဖြစ် ရခြင်းမှာ ငွေလဲစင်တာများတွင် တစ် နေ့လျှင် ဒေါ်လာ ၅၀၀ ကိုသာ လာ ရောက်ရောင်းချနိုင်ပြီး ရောင်းချရာတွင် လည်း အကန့်အသတ်များ များစွာရှိနေ ခြင်းတို့ကြောင့် စင်တာများတွင် ငွေလဲ ခြင်းထက် ပြင်ပဈေးကွက်တွင်သာငွေ လဲနေခြင်းတို့ကြောင့်ဖြစ်ရကြောင်း လေ့ လာတွေ့ရှိရသည်။                   ပို့ကုန်ဝင်ငွေဈေးနှုန်းမှာလည်းတစ် ပတ်အတွင်း မြင့်တက်လာခဲ့ရာ နိုဝင် ဘာ ၂၁ ရက်တွင် ၈၂၉ကျပ်သာရှိခဲ့ရာ မှ နိုဝင်ဘာ ၂၅ရက် ဈေးနှုန်းပိတ် ချိန်တွင် ၈၃၆ကျပ်အထိ ထိုးတက်သွား ခဲ့သည်။ ထိုကဲ့သို့ ပို့ကုန်ရငွေ ဈေးနှုန်းများ မြင့်တက်လာရခြင်းမှာ ယူရိုငွေလဲလှယ် နှုန်းနှင့်လည်း သက်ဆိုင်နေကြောင်း ပို့ ကုန်လုပ်ငန်းရှင်တစ်ဦးက သုံးသပ်ပြခဲ့ သည်။ ကျောက်မျက်ရတနာ လုပ်ငန်း ရှင်များသည် ၎င်းင်းတို့ရရှိထားသည့်ပို့ကုန် ဝင်ငွေများကို ယူရိုငွေတက်လာချိန်ကို စောင့်ပြီး ဒေါ်လာနှင့် လဲလှယ်ခဲ့ကြ ကြောင်း၊ ထို့ပြင် ကားအရောင်းစင်တာ ဖွင့်ခွင့်ရသည့်ကုမ္ပဏီများကလည်းပို့ကုန် ရဝင်ငွေများကိုသာ လိုက်လံဝယ်ယူနေ ကြသည့်အတွက် ယခုကဲ့သို့ Earning  ဈေးနှုန်းများ မြင့်တက်နေရခြင်းဖြစ် ကြောင်း ပို့ကုန်လုပ်ငန်းရှင်တစ်ဦးကသုံး သပ်ပြခဲ့သည်                   " ကျောက်မျက်သမားတွေကလည်း သူတို့ရတဲ့ Earning တွေကို ယူရိုနဲ့လဲ ဖို့ ယူရိုငွေအတက်ကို စောင့်နေကြတယ်။ ယူရိုငွေအတက်မှာ ဒေါ်လာကို လဲပြီး မရောင်းသေးဘူး။ လက်ထဲမှာ ကိုင်ထားတယ်။ အခု ဈေးတက်ပြီဆို တော့ ကျောက်မျက်သမားတွေအတွက် အဆင်ပြေသွားတာပေ့ါ။ ပြည်ပကတင် သွင်းမယ့်ကုန်ပစ္စည်းတွေအတွက် လို အပ်တဲ့ Earning ကို ဒီကျောက်မျက် သမားတွေဆီကပဲ ဝယ်ရတာ။ သူတို့ ကလည်း ယူရိုအတက်ကို စောင့်ပြီး ဒေါ်လာနဲ့ လဲကြတာဆိုတော့ ယူရို မတက်သေးသရွေ့ သူတို့က ကိုင်ထား ကြမှာပဲ၊ အဲဒါကြောင့်အခုလို Earning ဈေးတက်နေရတာပါ" ဟု ပြောသည်။ MTD,KM2O

Sunday, 20 Nov 2011

                  ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးမသေချာမရေရာမှုများ၊ ကိုယ်ကျိုးစီးပွားကာကွယ်ပေးတဲ့ ကုန်သွယ်ရေး  နဲ့ ပြည်တွင်းကုန်ကျစရိတ်တွေ မြင့်တက်လာမှုတို့ကြောင့် တရုတ်ရဲ့ပို့ကုန်အပေါ် ဖိအားတွေရှိနေကြောင်း တရုတ် ကုန်သွယ်ရေးဝန်ကြီးဌာနက နိုဝင်ဘာ ၁၆ ရက်က ပြောကြားလိုက်တယ်။ လာမယ့်ကာလအတွင်း ပို့ကုန်အခြေအနေ အတွက် အလားအလာကောင်းတွေမရှိကြောင်း ကုန်သွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Shen Danyang  က သတင်းစာရှင်းလင်းပွဲမှာ ပြောကြားလိုက် ပါတယ်။ ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးပြန်လည်ကောင်းမွန်လာမှု အရှိန်လျော့ကျမှု၊ အမေရိကန်ပြည်ထောင် စုရဲ့ ကြွေးမြီအဆင့် အတန်းလျော့ကျမှုနဲ့ ဥရောပကြွေးမြီအကျပ်အတည်း ကျယ်ပြန့်လာမှုတို့က တရုတ်ရဲ့ ပို့ကုန်အပေါ် အကျိုးသက်ရောက်နိုင်တဲ့အချက်တွေဖြစ်တယ်။                  စီးပွားရေးဖွံ့ဖြိုးနေတဲ့နိုင်ငံအတွက် ငွေကြေးဖောင်းပွမှုဖိအားတွေ တိုးတက်လာခြင်းနဲ့ စီးပွားရေး တိုးချဲ့ဖို့ ကာလအတွင်းစွန့်စားမှုများနေခြင်းက ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးတိုးတက်နှုန်းအတွက် မသေချာ မရေရာမှုတွေကို ဖန်တီးလျက်ရှိတယ်။ ဒါ့ပြင် မကြာခဏအသုံးပြုနေတဲ့ ကိုယ်ကျိုးစီးပွားကာကွယ်မှု ဆောင်ရွက်ချက်တွေနဲ့ ကုန်သွယ်ရေးအငြင်းပွားမှုတွေက တရုတ်ရဲ့ ပို့ကုန်အပေါ် သိသိသာလွှမ်းမိုးလျက်ရှိ ကြောင်း Shen Danyang  က ထောက်ပြထားတယ်။ တရုတ်နိုင်ငံရဲ့ အောက်တိုဘာလက နိုင်ငံခြားကုန် သွယ်ရေးက စက်တင်ဘာလနဲ့ နှိုင်းယှဉ်ရာမှာ ၈ ဒသမ ၃ ရာခိုင်နှုန်း ကျဆင်းသွားကာ ကန်ဒေါ်လာ ၂၉၇ ဒသမ ၉၅ ဘီလီယံ ရရှိခဲ့ပေမဲ့လည်း ၎င်းင်းနှုန်းက နှစ်စဉ် ၂၁ ဒသမ ၆ ရာခိုင်နှုန်း တက်နေသေး ကြောင်း တရားဝင်ကိန်းဂဏန်းတွေအရ သိရှိပါတယ်။                    အောက်တိုဘာလအတွက် ပို့ကုန်က ယခင်လထက် ၇ ဒသမ ၂ ရာခိုင်နှုန်း တိုးတက်ကာ ကန် ဒေါ်လာ ၁၅၇ ဒသမ ၄၉ ဘီလီယံရရှိခဲ့ချိန်မှာ သွင်းကုန်မှာတော့ ၉ ဒသမ ၅ ရာခိုင်နှုန်း လျော့ကျကာ ကန်ဒေါ်လာ ၁၄၀ ဒသမ ၄၆ ဘီလီယံရရှိခဲ့ကြောင်း သတင်းရရှိပါတယ်။  Source:news.xinhuanet.com,အေးမွန်မွန်လှိုင်

Sunday, 20 Nov 2011

                       ဒီတစ်ပတ်မှာတော့ အမေရိကန် ဒေါ်လာဈေးကွက်ဟာ တလှုပ်လှုပ်နဲ့ အနည်းငယ်တက်လာခဲ့တာကို တွေ့ရပါတယ်။ ပွင့်လင်းရာသီကို ရောက်လာ တဲ့အပြင် ဗုဒ္ဓဂါယာဘုရားဖူးတွေ ခရီး သွားများလာတာကြောင့် ငွေဈေး အနည်းငယ်တက်သွားရတာ ဖြစ်တယ် လို့ သိရပါတယ်။                         ပြီးခဲ့တဲ့ သီတင်းပတ်အတွင်းက ပိတ်ရက်တွေများတဲ့အတွက် အမေရိ ကန်ဒေါ်လာဈေးကွက်ဟာ အရောင်းအဝယ် မဆိုစလောက်သာရှိခဲ့ပြီး အေး ဆေးတည်ငြိမ်ခဲ့တာကို တွေ့ရပါတယ်။ နိုဝင်ဘာလ ၁၄ ရက်နဲ့ ၁၅ ရက်တို့မှာ အမေရိကန်ဒေါ်လာဈေးဟာ ရောင်း ဈေးမှာ ၇၈၂ ကျပ်နဲ့ ငြိမ်ချက်သား ကောင်းနေပေမယ့် ဝယ်ဈေးမှာတော့ နိုဝင်ဘာ ၁၄ရက်မှာ ၇၇၅ ကျပ်ရှိပြီး နိုဝင်ဘာ ၁၅ ရက်မှာ ၇၇၈ ကျပ်ကို တက်သွားခဲ့တာကို တွေ့ရပါတယ်။ အဲဒီနောက်ပိုင်း နိုဝင်ဘာ ၁၆ ရက်မှစပြီး အမေရိကန်ဒေါ်လာဈေး ဟာ ၇၈၅ ကျပ်သို့ တက်သွားခဲ့ရာက နိုဝင်ဘာ ၁၈ရက်မှာတော့ ၇၉၂ ကျပ် အထိ တက်သွားခဲ့တာကို တွေ့ရပါတယ်။                           ယခုတစ်ပတ်မှာတော့ အမေရိကန် ဒေါ်လာဈေးဟာ လေးရက်အတွင်းမှာ ၁၀ ကျပ် တက်လာခဲ့တာဟာ ပွင့်လင်းရာသီကိုရောက်လာတဲ့အတွက် နိုင်ငံ ခြားသို့ အလည်အပတ် သွားရောက် မည့်သူတွေ များပြားလာခြင်း၊ ဗုဒ္ဓဂါယာ ဘုရားဖူးရန် သွားရောက်မည့်သူများ များပြားလာခြင်းတို့ကြောင့် ဖြစ်ရ ကြောင်း ဒေါ်လာပွဲစားတစ်ဦးက သုံး သပ်ပြခဲ့ပါတယ်။                        " ကျွန်တော်တို့ အခုဒီတစ်ပတ်မှာ အပြင်ပေါက်ဈေးဆိုရင် ၇၉၃ ကျပ် အထိတက်ခဲ့တာ။ ပြီးခဲ့တဲ့အပတ်တုန်း က ၇၇၃ ကျပ်ပဲ ရှိတာလေ။ ဒီတစ်ပတ်မှာ အပြင်မှာ အဝယ်လိုက်နေတာ။ ဒီအချိန်ဆိုရင် ဘုရားဖူးတဲ့အဖွဲ့တွေ များလာသလို နိုင်ငံခြားကို အလည် အပတ်ထွက်တဲ့သူတွေလည်း များလာ တတ်လို့ဈေးက နည်းနည်းတက်သွား ရတာပါ။ နောက်ပြီး ပို့ကုန်ဝင်ငွေဈေးနှုန်းကိုလည်း ဖျက်မယ်လို့ ကြား နေတော့ ဒီငွေဈေးကွက်က ဘာဖြစ်ဦး မလဲဆိုတာ စောင့်ကြည့်နေကြတာ။ ဒီနေရာမှာကတော့ နေ့တိုင်းလိုလို အရောင်းအဝယ်က ဖြစ်နေတာပဲလေ" လို့ ဒေါ်လာပွဲစားတစ်ဦးက သုံးသပ်ပြခဲ့ပါတယ်။                         ပြင်ပ အမေရိကန်ဒေါ်လာဈေးနှုန်း မှာ ယခုတစ်ပတ်အတွင်း အတက်ဘက် သို့ ဦးတည်နေတာကို တွေ့ရပါတယ်။ နိုဝင်ဘာ ၁၄ရက်က ပြင်ပပေါက်ဈေး မှာ ၇၇၈ ကျပ်ရှိပြီး နေ့စဉ်တက်လာခဲ့ ရာ နိုဝင်ဘာ ၁၈ ရက်မှာ ၇၉၃ကျပ်အထိ မြင့်တက်လာခဲ့ကြောင်း သိရပါတယ်။                         ထို့အတူ အက်ဖ်အီးစီ ဈေးနှုန်းမှာ လည်း နိုဝင်ဘာ ၁၄ရက်က ၇၇၅ကျပ် သာရှိခဲ့ရာမှ နိုဝင်ဘာလ ၁၈ ရက်တွင် ၇၉၀ကျပ်အထိ မြင့်တက်လာခဲ့ကြောင်း သိရပါတယ်။                        ပို့ကုန်ဝင်ငွေဈေးနှုန်းမှာလည်း ယခု တစ်ပတ်အတွင်း ၈၂၂ကျပ်မှ ၈၃၃ကျပ် အထိ မြင့်တက်လာခဲ့တာကို တွေ့ရပါတယ်။ အဲဒီလို မြင့်တက်လာရခြင်းမှာအမေရိကန်ဒေါ်လာ ငါးသောင်းနှင့် အထက်ဝင်ငွေရှိတဲ့ ဟိုတယ်၊ မိုတယ်၊ အင်း စတဲ့လုပ်ငန်းရှင်တွေကို နိုင်ငံ ခြားမှကားများ တင်သွင်းခွင့်ပြုမည်ဆို သည့်သတင်းကြောင့် ပို့ကုန်ဝင်ငွေဈေး နှုန်း တက်ရခြင်းဖြစ်ကြောင်း ပို့ကုန် လုပ်ငန်းရှင်တစ်ဦးက သုံးသပ်ပြခဲ့ပါတယ်။ MTD,KM2O

Monday, 14 Nov 2011

                      အိန္ဒိယ-တရုတ်ကုန်သွယ်ရေးက ယခုကန်ဒေါ်လာ ၆၃ ဘီလီယံရှိရာမှ လာမယ့်လေးနှစ်အတွင်းမှာ ကန်ဒေါ်လာ ၁၀၀ ဘီလီယံကို ရောက်ရှိနိုင်ကြောင်း အိန္ဒိယနိုင်ငံ စက်မှုလက်မှုနဲ့ ကုန်သည်ကြီးများ အသင်း (Associated Chambers of Commerce and Industry of India- Assocham) က ပြောကြားလိုက်တယ်။ ၂၀၃၀ ခုနှစ်မှာ အာရှရဲ့ စီးပွားရေးအကြီးဆုံးနှစ်နိုင်ငံက ကမ္ဘာ့အကြီးမားဆုံးသော ကုန်သွယ်ဖက်နိုင်ငံတွေ ဖြစ်လာနိုင်တယ်။                       တရုတ်က အမေရိကန်ပြည်ထောင်စု၊ ဗြိတိန်နဲ့ ဂျပန်တို့ကိုကျော်လွန်ကာ အိန္ဒိယရဲ့ အကြီးမားဆုံး သောကုန်သွယ်ဖက်နိုင်ငံဖြစ်လာခဲ့တယ်။ အိန္ဒိယကုမ္ပဏီတွေက တရုတ်ရဲ့ ရင်းနှီးမြှုပ်နှံမှု ကုန်စည်တွေကို ဆွဲဆောင်မှုရှိတဲ့ ဈေးနှုန်းနဲ့ စဉ်ဆက်မပြတ်တင်သွင်းနိုင်ခြေရှိတယ်။                         အိန္ဒိယမှ တရုတ်ကို တင်ပို့မှုက ၂၀၀၉-၂၀၁၀ဘဏ္ဍာနှစ်က ကန်ဒေါ်လာ ၁၁ ဒသမ ၆ ဘီလီယံရှိ ရာမှ ၂၀၁၀-၂၀၁၁ ဘဏ္ဍာနှစ်မှာ ၆၈ ဒသမ ၈ ရာခိုင်နှုန်းခုန်တက်သွားကာ ကန်ဒေါ်လာ ၁၉ ဒသမ ၆ ဘီလီယံကို ရောက်ရှိခဲ့တယ်။ ဒါ့အပြင် သွင်းကုန်ကလည်း အလားတူကာလမှာ ကန်ဒေါ်လာ ၃၀ ဒသမ ၈ ဘီလီယံရှိရာမှ ၄၁ ရာခိုင်နှုန်းခုန်တက်ကာ ကန်ဒေါ်လာ ၄၃ ဒသမ ၅ ဘီလီယံကို ရောက်ရှိခဲ့တယ်။ ဒါပေမဲ့ အိန္ဒိယအစိုးရက တရုတ်ရဲ့ ကုန်စည်အချို့ (စွမ်းအင်နဲ့ ဆက်သွယ်ရေး ကုန်စည်များ) အပေါ်မှာ အကောက်ခွန်မဟုတ်တဲ့ အတားအဆီးတွေဖြစ်တဲ့ အခွန်နှုန်းမြင့်မားမှု အဆိုပြုချက်ကြောင့် အဓိကကဏ္ဍတွေမှာ ရင်းနှီးမြှုပ်နှံမှုအပေါ် အကျိုးသက်ရောက်စေမှာဖြစ်ပြီး အဓိကကုန်သွယ်ဖက်နိုင်ငံ အပေါ် ဆိုးကျိုးတွေဖြစ်ထွန်း စေမှာဖြစ်ပါတယ်။                      အိန္ဒိယနဲ့ တရုတ်နိုင်ငံအကြား စီးပွားရေးဆက်ဆံမှုတွေက ယခုကမ္ဘာ့စီးပွားရေးလောကမှာ သိသိ သာသာထင်ရှားလျက်ရှိကြောင်း Assocham  အထွေထွေအတွင်းရေးမှူး D S Rawat က ပြောကြား လိုက်တယ်။ အိန္ဒိယကုမ္ပဏီတွေက မိမိတို့ရဲ့တန်ဖိုးမြင့်ထုတ်ကုန်တွေကို တိုးမြှင့်တင်ပို့နိုင်ရေးအတွက် မိမိတို့ထုတ်ကုန် အချက်အလက်တွေကို ကျယ်ကျယ်ပြန့်ပြန့်သိနိုင်ဖို့ ဆောင်ရွက်ရမှာဖြစ်တယ်။ အိန္ဒိယနဲ့ တရုတ်က ကုန်သွယ်ရေး သဘောတူညီချက်ကို ၁၉၈၄ ခုနှစ်မှာ ရေးထိုးခဲ့ကြပြီး အချင်းချင်း အထူးအခွင့် ရေးပေးတဲ့ Most Favoured Nation (MFN)  အဆင့်အတန်းကို ခွင့်ပြုခဲ့ကြတယ်။                   အိန္ဒိယက ဝန်ဆောင်မှုကဏ္ဍ အဓိကမှာ အသိပညာကိုအခြေခံတဲ့ ဝန်ဆောင်မှုလုပ်ငန်းတွေမှာ ထူးခြားပြောင်မြောက်ပြီး တရုတ်က ကုန်ထုတ်လုပ်မှုကဏ္ဍမှာ ထူးခြားထင်ရှားတယ်။ အိန္ဒိယက တရုတ်ကို သတ္တုများ၊  သတ္တုရိုင်းများ၊ သံနဲ့ သံမဏိ၊ ချည်မျှင်တို့ကိုတင်ပို့လျက်ရှိပြီး တရုတ်မှ လျှပ်စစ်ပစ္စည်းများ၊ အဏုမြူဓာတ်ပေါင်းဖိုများ၊ ဘွိုင်လာအိုးများ၊ အော်ဂင်းနစ်ဓာတုပစ္စည်းများ၊ ဓာတ်မြေသြဇာများ၊ သံနဲ့ သံမဏိတို့ကို တင်သွင်းလျက်ရှိကြောင်း သတင်းရရှိပါတယ်။ Source:economictimes.indiatimes.com,အေးမွန်မွန်လှိုင်

Monday, 14 Nov 2011

                         အီရန်နိုင်ငံရဲ့ နျူကလီးယား အစီအစဉ်တွေက အရှေ့အလယ်ပိုင်းဒေသ တည်ငြိမ်အေးချမ်းရေးကို ခြိမ်းခြောက် မှုတွေဖြစ်ပေါ်စေခြင်း၊ အီတလီနိုင်ငံ ဝန်ကြီးချုပ် ဘာလူစကိုနီ ရာထူးမှ နုတ် ထွက်ဖို့ ကမ်းလှမ်းလိုက်ရာ ဥရောပသမဂ္ဂရဲ့ကြွေးမြီအကျပ်အတည်းကို ဖြေ ရှင်းဖို့ နီးစပ်လာပြီလိ့ု ယူဆကြခြင်း နဲ့ ယခင်အပတ်က အမေရိကန်မှာ လောင်စာဆီသိုလှောင်ထားရှိမှု လျော့ ကျသွားခြင်းတို့ကြောင့် နယူးယောက် မှာ ရေနံစိမ်းဈေးနှုန်းတွေ ၆ ရက် မြောက်နေ့အဖြစ် မြင့်မားလာတယ်။                              ဒီဇင်ဘာလ အရောက်ပို့ရမယ့် ရေနံ စိမ်းက တစ်စည်ကို ၅၂ ဆင့် မြင့်မား လာပြီး ၉၇ ဒသမ ၃၂ ဒေါ်လာနဲ့ နယူးယောက် ကုန်စည်ရောင်းဝယ်ရေး (Nymex) မှာ အရောင်းအဝယ်ဖြစ်ခဲ့ တယ်။ ဒီဇင်ဘာလငွေချေရမယ့် ဘရန့် အမျိုးအစားရေနံစိမ်းမှာလည်း တစ် စည်ကို ၅၉ ဆင့် (သုည ဒသမ ၅ ရာခိုင်နှုန်း) မြင့်မားကာ ၁၁၅ ဒသမ ၅၉ ဒေါ်လာနဲ့ လန်ဒန်အခြေစိုက် ICE Futures Europe Exchange မှာ အရောင်းအဝယ်ဖြစ်ခဲ့တယ်။ လက်ရှိကာလမှာ ဥရောပဒေသက ကြွေးမြီအကျပ်အတည်း ကြုံတွေ့နေရပြီး အမေရိကန်စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနှေးကွေးနေသော်လည်း အာရှမှ ထွန်းသစ်စနိုင်ငံတွေရဲ့ စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုကြောင့် လာမယ့် လေးနှစ် အတွင်း ကမ္ဘာ့ရေနံစိမ်းသုံးစွဲမှုက ၅ ဒသမ ၃ ရာခိုင်နှုန်းမြင့်မားကာ တစ်ရက်ကို ရေနံစည်ပေါင်း ၉၂ ဒသမ ၉ သန်းထိ ရောက်ရှိလိမ့်မယ်လိ့ု OPEC မှ နိုဝင်ဘာ ၈ ရက်ထုတ်ဝေတဲ့ နှစ်အလိုက် ကမ္ဘာ့ရေနံစိမ်း အလားအလာ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ Source:Bloomberg.comပပ

Monday, 14 Nov 2011

                  ဒီတစ်ပတ်မှာတော့ အမေရိကန်ဒေါ်လာဈေးကွက်ဟာ အရောင်းအဝယ် မရှိ သလောက်ကို တည်ငြိမ်နေတာ တွေ့ရပါတယ်။ သိမ်ဖြူငွေလဲစင်တာနဲ့ ပြင်ပမှာ ဖွင့်လှစ်ထားတဲ့ ငွေလဲစင်တာများမှာ လဲလှယ်တဲ့ ဒေါ်လာဈေးနှုန်း ဟာလည်း ဒီတစ် ပတ်အတွင်းမှာ အတက်အကျမရှိဘဲ ငြိမ်နေခြင်းကတော့ ပိတ်ရက်များ ရှိနေခြင်း ကြောင့်ဖြစ်ကြောင်း ဒေါ်လာပွဲစားတစ်ဦးက သုံးသပ်ပြပါတယ်။             " ဒီတစ်ပတ်အတွင်းမှာပဲ ပိတ်ရက်က နှစ်ရက်ဆိုတော့ ငွေဈေးက ထင်သလို ကျလည်းမကျ တက်လည်းမတက်နဲ့ ငြိမ်နေတာ။ နိုဝင်ဘာ ၇ ရက်က ဘက္ကဒီးအစ် နေ့၊ နိုဝင်ဘာ ၁၀ရက်က တန်ဆောင်မုန်းလပြည့်နေ့ ဆိုတော့ အရောင်းအဝယ်က သိပ်မရှိတော့ ဈေးကငြိမ်နေတာပေါ့။ နောက်တစ်ပတ်လောက်ဆို ရင်တော့ ပြန်တက် လာမယ်လို့ထင်တယ်။ အခုလို ပိတ်ရက်များရင် ငွေဈေးက  ငြိမ်နေတတ်တယ်။                အဲဒီလိုဖြစ်ပြီဆိုရင် နောက်တစ်ပတ်လောက်ဆို ငွေဈေးက အနည်းနဲ့အများတော့ ပြန်တက်တာပဲ"လို့ ဒေါ်လာပွဲစားတစ်ဦးက သုံးသပ်ပြခဲ့ပါတယ်။ အမေရိကန်ဒေါ်လာဈေးကွက်ဟာ နိုင်ငံတော်အစိုးရမှ တရားဝင်ဖွင့်လှစ် ထားတဲ့ ငွေလဲစင်တာများမှာ နိုဝင်ဘာ ၅ရက်က ၇၈၇ကျပ်ရှိခဲ့ရာမှ ဘက္ကဒီးအစ်နေ့ ပိတ်ရက်အပြီး ပြန်ဖွင့်သည့်အခါတွင် ၇၈၂ကျပ်သို့ ကျဆင်းလာခဲ့တာကို တွေ့ရှိရပါတယ်။ အဲဒီနေ့မှစပြီး တန်ဆောင်မုန်းလပြည့်နေ့ ပိတ်ရက်အပြီး ပြန်ဖွင့်သည့်အခါ တွင် ရောင်းဈေး ၇၈၂ကျပ်ရှိခဲ့ပြီး ဝယ်ဈေးမှာ ၇၇၅ ကျပ်ရှိတာကို တွေ့ရပါတယ်။ တစ်ပတ်အတွင်း ငွေဈေးမှာ အတက်အကျမရှိဘဲ တည်ငြိမ်နေတာကို တွေ့ရှိရပါတယ်။ ပြင်ပဒေါ်လာဈေးကွက်မှာလည်း အမေရိကန်ဒေါ်လာဈေးကွက်က နိုဝင်ဘာ ၈ ရက်မှာ ရောင်းဈေး ၇၇၁ ကျပ်ရှိခဲ့ပြီး ဝယ်ဈေးမှာ ၇၆၈ ကျပ်ရှိကြောင်း သိရှိရပါတယ်။ နိုဝင်ဘာ ၁၁ ရက် ဒေါ်လာဈေးပိတ်ချိန်တွင် ပြင်ပဒေါ်လာဈေးမှာ ရောင်းဈေး ၇၈၀ကျပ်ရှိပြီး ဝယ်ဈေး ၇၇၇ကျပ်ရှိတာကို သိရှိရပါတယ်။                 " ပြင်ပဈေးကွက်မှာတော့ ငွေဈေးက နည်းနည်းလေး အလှုပ်အခတ်ရှိတယ်။ စင်တာမှာ အရောင်းအဝယ်ပါးပေမယ့် ပြင်ပဈေးကွက်မှာတော့ သူ့ဟာနဲ့သူ အရောင်းအဝယ်ဖြစ်နေတာ။ ဒါကြောင့်လည်း ပြင်ပငွေဈေးက အတက်ဘက်ကို ပြန်ရောက်လာတာ" လို့ ဒေါ်လာမှောင်ခိုဈေးကွက်အတွင်းမှ စုံစမ်းသိရှိရပါတယ်။ ပို့ကုန်ဝင်ငွေဈေးနှုန်းမှာမူ နိုဝင်ဘာ ၈ရက်က ၈၁၁ ကျပ်ရှိခဲ့ပြီး နှစ်ရက်မျှ တည်ငြိမ်နေတာကို တွေ့ရပါတယ်။ တန်ဆောင်မုန်းလပြည့်ပိတ်ရက်အပြီး ရုံးများ ပြန်ဖွင့်ချိန်တွင် ပို့ကုန်ဝင်ငွေဈေးနှုန်းမှာ ကိုးကျပ်ခုန်တက်ခဲ့ကာ ၈၂၀ ကျပ်ဖြင့် ဈေးပိတ်ခဲ့တာကို တွေ့ရှိရပါတယ်။                    ယင်းကဲ့သို့ ပို့ကုန်ဝင်ငွေဈေးနှုန်းများ ရုတ်တရက် မြင့်တက်လာရခြင်း အကြောင်းမှာ ပို့ကုန်ဝင်ငွေဒေါ်လာ တစ်သိန်းနဲ့ အထက်ရှိတဲ့ လုပ်ငန်းရှင်တွေကို နိုင်ငံခြားမှ ကားများတင်သွင်း ခွင့်ပြုမည်ဆိုသည့်သတင်းကြောင့်ဖြစ်ကြောင်း ပို့ကုန် လုပ်ငန်းရှင်တစ်ဦးက သုံးသပ်ပြခဲ့ပါတယ်။ MTD,KM2O

Tuesday, 8 Nov 2011

                     ဥရောပကြွေးမြီးပြဿနာ၊တရုတ်ရဲ့ မော်တော်ကားထုတ်လုပ်မှုနှုန်းနဲ့ အမေရိကန် ဈေးကွက် အထိနာနေတဲ့အကြောင်း များကြောင့် တိုကျိုကုန်စည်ဒိုင် (TOCOM)  မှာ ရော်ဘာရဲ့အလား အလာ ကျဆင်းနေဆဲဖြစ်ပါတယ်။ (TOCOM) မှာ ဧပြီလအတွက် စာချုပ်  ဈေးနှုန်းက ၄ ဒသမ ၈ ရာခိုင်နှုန်း ကျဆင်းပြီး အနီးဆုံးနိုဝင်ဘာလ ဈေးနှုန်းက ၆ ရာခိုင်နှုန်း ကျဆင်းကြောင်း သိရပါတယ်။ အိန္ဒိယကုန်စည်ဒိုင်  NMCE မှာတော့ နိုဝင်ဘာလအတွက် စာချုပ် ဈေးနှုန်းက ၁ ဒသမ ၂၉ ရာခိုင်နှုန်း ကျဆင်းကြောင်းသိရပါတယ်။ ရေနံဈေး နှုန်းကျခြင်း၊ စီးပွားရေးတိုးတက်မှုကို ထိခိုက်စေတဲ့ ဥရောပကြွေးမြီးပြဿနာနဲ့ အာရှမှာ ကုန်ပစ္စည်းတွေ ဝယ်လိုအား ကျဆင်းခြင်း၊ အိန္ဒိယမှာ မောင်တော်ကားရောင်းရနှုန်းတွေကျဆင်းခြင်းတွေ က ရော်ဘာဈေးနှုန်းကို ကျဆင်းစေတဲ့ အကြောင်းများပဲဖြစ်ပါတယ်။ အရှေ့မြောက်ဒေသမှာ မုတ်သုံမိုး မပြတ်ရွာ သွန်းခြင်းကလည်း အနုတ်သဘော ဆောင်တဲ့ ပြယုဂ်တစ်ခုဖြစ်ပါတယ်။                     ဟွန်ဒိုင်းကုမ္ပဏီက အောက်တိုဘာလ အတွင်း အရောင်း ၅ ရာခိုင်နှုန်းကျဆင်း ပြီး မာရုတိကုမ္ပဏီက အရောင်း ၅၂ ရာခိုင်နှုန်းကျဆင်းကြောင်းသိရပါတယ်။ အခြားကားထုတ်လုပ်ရေးတွေဖြစ်တဲ့ တာတာနဲ့အမ်အမ်ကုမ္ပဏီ တွေကတော့ လက်ကားအရောင်းနှုန်း ကျမသွားအောင် ထိန်းထားနိုင်ကြောင်း သိရပါ တယ်။အမေရိကန်ရဲ့ အောက်တိုဘာလ ကားရောင်းချနှုန်းကတော့ သက်တမ်း ကြာ မော်တော်ယာဉ်တွေနေရာမှာ အစားထိုးသုံးစွဲခြင်းနဲ့ တိုယိုတာ၊ ဟွန်ဒါနဲ့ ထရပ်ကားအမျိုးအစားများကို ရွေး ချယ်သုံးစွဲခြင်းများကြောင့် ရှစ်လ အတွင်း အမြင့်ဆုံးနှုန်းနဲ့ ရောင်းချရခဲ့ တယ်လို့ သိရပါတယ်။ Source:Commodity online KZW

Tuesday, 8 Nov 2011

                          အမေရိကန် ဒေါ်လာငွေကြေးဈေးကွက်ဟာ အခုတစ်ပတ်အတွင်းမှ ကျရိပ်ကို ပြစပြုလာတယ်လို့ ဒေါ်လာ ဈေးကွက်ကျွမ်းကျင်သူတွေက ခြုံငုံ သုံးသပ်နေကြပါတယ်။ အမေရိကန် ဒေါ်လာဈေးဟာ ပြီးခဲ့တဲ့ အောက်တို ဘာလ ၂၈ ရက်က ၈၀၂ ကျပ်ဈေးရှိ ခဲ့ပေမယ့် နိုဝင်ဘာ ၁ ရက်ရောက်တဲ့ အခါမှာတော့ ၇၉၇ ကျပ်အထိ ကျဆင်း ခဲ့ပါတယ်။ သုံးလေးရက်မျှ တည်ငြိမ်နေ ခဲ့ပြီးမှ အခုရက်ပိုင်းအတွင်းမှာ အမေရိကန်ဒေါ်လာဈေးဟာ တဖြည်းဖြည်းနဲ့ အကျဖက်ကို ဦးတည်လာတာကို တွေ့ရပါတယ်။                            သိမ်ဖြူငွေလဲစင်တာနှင့် ပြင်ပ ပုဂ္ဂလိက ငွေလဲစင်တာများတွင်လည်း လာရောက်ဝယ်သည့် အရေအတွက် ထက် ရောင်းသည့်ပမာဏကသာ များ ပြားနေဆဲပင်ဖြစ်သည်။ သို့သော် ပြင်ပ ပုဂ္ဂလိက ဘဏ်များတွင်လည်း ငွေလဲ စင်တာများ ဖွင့်လှစ်ခွင့်ပေးထားခြင်း ကြောင့် အဆိုပါသိမ်ဖြူလမ်းရှိ ငွေလဲ ကောင်တာများတွင် ငွေလာရောက် ရောင်းဝယ်သူများမှာ ယခင်ကထက်ပိုမို နည်းပါးသွားသည်ကို တွေ့ရှိရသည်။                               အမေရိကန်ဒေါ်လာ ငွေကြေးဈေး ကွက်သည် ပြီးခဲ့သည့်အောက်တိုဘာလ ၃၁ ရက်က ရောင်းဈေး ၈၀၂ ကျပ်ရှိခဲ့သော်လည်း နိုဝင်ဘာ ၁ရက်မှ ၈ ရက် အထိ ၇၉၂ကျပ်သို့ကျဆင်းကာ တည် ငြိမ်နေသည်ကို တွေ့ရှိရသည်။ ပြင်ပ ငွေကြေးဈေးကွက်တွင် နိုဝင်ဘာ ၁ ရက်က ရောင်းဈေး ၇၉၀ကျပ် ရှိခဲ့ပြီး ဝယ်ဈေးမှာ ၇၈၅ ကျပ်ရှိခဲ့သည်ကို တွေ့ရသည်။ ပြင်ပဈေးကွက်တွင် အမေရိကန်ဒေါ်လာဈေးသည် နေ့စဉ် ကျဆင်းလျက်ရှိနေပြီး နိုဝင်ဘာလ ၈ ရက်တွင် ၇၈၀ အထိ ကျဆင်းခဲ့သည် ကို တွေ့ရသည်။                           ပို့ကုန်ဝင်ငွေဈေးနှုန်းမှာ အောက် တိုဘာ ၃၁ရက်က ၈၂၅ ကျပ်ရှိခဲ့သော် လည်း နိုဝင်ဘာ ၈ ရက်တွင်မူ ၈၁၉ ကျပ်အထိ ကျဆင်းခဲ့သည်ကို တွေ့ရ သည်။ အဆိုပါ ပို့ကုန်ဝင်ငွေဈေးနှုန်း မှာ တည်ငြိမ်နေခြင်းမရှိဘဲ နေ့စဉ်ဆက် တိုက် ကျဆင်းနေခဲ့သည်ကို တွေ့ရသည်။ထိုကဲ့သို့ပို့ကုန်ဝင်ငွေများ ကျဆင်း ရခြင်းမှာ ယခုသီတင်းပတ်အတွင်း ပြည်ပမှ တင်သွင်းလာသည့် ကားများ ရောက်တော့မည်ဟူသည့် သတင်းများ လုပ်ငန်းရှင်များကြားတွင် ရေပန်းစား နေခြင်းကြောင့်ဖြစ်ရကြောင်း ပို့ကုန် လုပ်ငန်းရှင်တစ်ဦးက သုံးသပ်ပြခဲ့သည်။ MTD,KM2O

Sunday, 30 Oct 2011

                  နိုင်ငံခြားငွေ လဲလှယ်သည့်စင်တာများ ထပ်မံဖွင့်လှစ်လိုက်သော်လည်း အကန့်အသတ်များရှိနေခြင်းကြောင့် ပြင်ပငွေဈေးကွက်မှာ ပြန်လည်ရှင်သန် လျက်ရှိကြောင်း သိရသည်။ အောက် တိုဘာလ ၂၄ ရက်က ငွေလဲလှယ်ရေး စင်တာများတွင် အမေရိကန် တစ်ဒေါ်လာလျှင် ရောင်းဈေး ၈၀၇ ကျပ်ရှိခဲ့ပြီး ဝယ်ဈေးမှာ ၈၀၀ကျပ်ရှိခဲ့သည်။ ထိုဈေးမှာ အောက်တိုဘာ ၂၇ ရက်အထိ တည်ငြိမ်ခဲ့ပြီး အောက်တိုဘာလ ၂၈ ရက်တွင် ၈၀၂ကျပ်သို့ ကျဆင်းခဲ့သည်။                                ထိုနေ့ဝယ်ဈေးမှာ ၇၉၅ ကျပ်ရှိခဲ့ကြောင်းသိရသည်။ ငွေလဲစင်တာများ တွင်လည်း ယခင်ကကဲ့သို့ပင် အကန့် အသတ်များရှိနေသေးကြောင်း သိရ သည်။ ထို့ပြင် မကြာခင်ကမှ ဖွင့်လှစ် ခဲ့သည့် ပုဂ္ဂလိကဘဏ်များတွင်လည်း ငွေလဲ စင်တာများထပ်မံဖွင့်လှစ်ခဲ့သော်လည်း ထိုအကန့်အသတ်များကြောင့် ပင် ငွေလဲလှယ်သူများမှာ စင်တာများ တွင် လဲရသည်ထက် ပြင်ပမှောင်ခိုဈေး ကွက်တွင်သာ အရောင်းအဝယ်လုပ်နေ ကြကြောင်း ဒေါ်လာပွဲစားတစ်ဦး၏ ပြောပြချက်အရ သိရသည်။                 " အခုဆိုရင် မကြာခင်ကမှ ဖွင့်လိုက် တဲ့ ပုဂ္ဂလိကဘဏ်တွေမှာတောင် ငွေ လဲကောင်တာတွေဖွင့်ပြီး လုပ်နေကြ ပြီ။ ဒါပေမယ့် သူတို့ဆီမှာက အကန့် အသတ်တွေကများသား၊ အဲဒီအကန့် အသတ်တွေကို ဖယ်လိုက်ရင်တော့ ငွေလဲသူတွေ သူတို့ဆီမှာ ပိုများလာမယ်လို့ ထင်တယ်။ အခုတော့ ကျွန်တော်တို့ ဆီကိုပဲ ပြန်ရောက်လာကြတာ။ ဒီမှာက ငွေလဲရင် နွမ်းနေရင်လည်း ယူတယ်။ ဈေးကတော့ ကွာတာပေါ့။ လဲတဲ့သူက အဲဒီဈေးကွာတာကို မကြည့်တော့ဘူး။ မြန်တာနဲ့ စကားမပြောရတာကိုပဲ ကြည့်တော့တာ။ ကျွန်တော်တို့ဆီမှာ ကတော့ ရော့ပတ္တမြား၊ ရော့နဂါးပဲ။ ဘာမှစကားပြောနေစရာမလိုဘူး။ ဒီနေ့ ဒီဈေးပေါက်တယ်။ ရောင်းမလား။ ဝယ် မလား။ ဒါပဲ။ ရောင်းတဲ့သူကတော့ သေချာဖို့လိုတာပေါ့။ ငွေပြည့် မပြည့်ဆို တာက လူလယ်တွေ လုပ်စားနေကြ တာ။ ဒီနားမှာက ဒီလိုပဲ လုပ်စားနေကြ တဲ့သူတွေရှိတော့ အမှန်အကန်လုပ်တဲ့ သူတွေ နာမည်ပျက်ရတာပေါ့" ဟု ဒေါ်လာပွဲစားတစ်ဦးက ပြောသည်။                     ပို့ကုန်ဝင်ငွေ (Export Earning ) ဈေးကွက်သည် ယခုတစ်ပတ်အတွင်း ပြောင်းလဲမှုမရှိဘဲ တည်ငြိမ်လျက်ရှိ သည်ကို တွေ့ရသည်။ Export Earning သည် ပြီးခဲ့သည့် အောက်တိုဘာ ၂၄ ရက်က ၈၂၀ ကျပ် ဈေးပေါက်ခဲ့ပြီး အောက်တိုဘာ ၂၈ရက်  Export Earning ဈေးကွက်ပိတ်ချိန်တွင်လည်း ၈၂၀ ကျပ်ဖြင့်သာ ပိတ်သိမ်းခဲ့သည်ကိုတွေ့ရ သည်။ ထိုကဲ့သို့ဖြစ်ရသည်မှာ ယခုရက် ပိုင်းအတွင်း ကားတင်သွင်းမှုများနှင့်ပတ် သက်သည့်သတင်းများ ပြည်သူများ ကြားတွင် အမျိုးမျိုး ဖြစ်ပေါ်နေမှု ကြောင့်ဖြစ်ရကြောင်း Export Earning ဈေးကွက် သုံးသပ်သူတစ်ဦး၏ ပြောပြချက်အရ သိရသည်။ MTD, KM2O

Pages