Background
ယခု စက်တင်ဘာလ တတိယပတ်အတွင်း သွပ် (Zinc)ဈေးနှုန်းများ တစ်တန်လျှင် ယွမ်ငွေ (၂၂,၈၁၀)ယွမ်သို့ (၀.၃၆) ရာခိုင်နှုန်းခန့်ကျဆင်းခဲ့ပါသည်။ ၎င်းသတ္တု၏ ဈေးနှုန်းမှာ စက်တင်ဘာလ (၁)ရက်နေ့တွင် တစ်တန်လျှင် (၂၂,၆၁၃)ယွမ်၊ စက်တင်ဘာလ (၇) ရက်နေ့တွင် (၂၂,၈၉၃)ယွမ်စသည်ဖြင့် ဈေးနှုန်းအတက်အကျ အနည်းငယ်ဖြစ်ပေါ် ခဲ့သော်လည်း ၎င်းဈေးနှုန်းဝန်းကျင်တွင် တည်ငြိမ်နေသည်ကို တွေ့ရပါသည်။
စက်တင်ဘာလဆန်းမှစ၍ တရုတ်ပြည်တွင်း နိုင်ငံတော်က အရန်သိုလှောင်ထားသည့် ပဲပုတ်များမှာလည်း ဈေးကွက်အတွင်းသို့ ဝင်ရောက်လာသဖြင့် ပဲပုတ်ဈေးကွက်မှာ အားနည်းနေပြီး ဈေးအတက်အကျအနည်းငယ်သာရှိကာ ဈေးကွက်တည်ငြိမ်နေခဲ့ပါသည်။ စက်တင်ဘာလ (၁၅) ရက်နေ့တွင် ပျမ်းမျှပြည်တွင်းပဲပုတ်ဈေးကွက်ပေါက်ဈေးမှာ တစ်တန်လျှင် ယွမ်ငွေ (၅,၇၄၀)ဖြစ်ကာ စက်တင်ဘာလဆန်းကထက် (၀.၃၅) ရာခိုင်နှုန်း ကျဆင်းလာသည်ကိုတွေ့ရ ပါသည်။
၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ ၁၅ ရက်နေ့တွင် အမေရိကန်နိုင်ငံ၊ Chicago စတော့ဈေးကွက် တွင် ဝယ်ယူမှုများမြင့်တက်ခဲ့ပြီး အကျိုးဆက်အဖြစ် ဘရာဇီးလ်သီးနှံဈေးကွက်တွင်လည်း ပဲပုတ်စေ့ ဈေးနှုန်းများမြင့်တက်ခဲ့ပြီး ဈေးကွက်အတွင်းသို့ သီးနှံများပိုမိုဝင်ရောက်လာခဲ့ကြောင်း လယ်ယာထွက်ကုန်ရောင်းဝယ်ရေးနှင့် အကြံပေးကုမ္ပဏီ Safras ကပြောကြားခဲ့သည်။
ပြည်တွင်း အမဲသားဈေးနှုန်းများ အနည်းငယ်ကျဆင်းလျက်ရှိ
ဘရာဇီးလ်နိုင်ငံမှ တရုတ်နိုင်ငံသို့တင်ပို့သည့်အမဲသားပို့ကုန်များတွင် နွားရူးရောဂါပိုးတွေ့ရှိမှု ဖြစ်စဉ်ဖြစ်ပွားခဲ့ပြီးနောက် အမဲသားတင်ပို့မှုများကို လတ်တလောဆိုင်းငံ့ထားကာ တရုတ်အစိုးရ၏ အရေးယူဆောင်ရွက်မှုအား စောင့်ဆိုင်းလျက်ရှိကြောင်း၊ အဆိုပါ ရောဂါပိုးတွေ့ရှိမှုဖြစ်စဉ်ကြောင့် ဆော်ဒီအာရေဗျနိုင်ငံကလည်း ဘရာဇီးလ်အမဲသားတင်သွင်းမှုများအား ဆိုင်းငံ့ထားကြောင်း လယ်ယာထွက်ကုန်ရောင်းဝယ်ရေးနှင့် အကြံပေးကုမ္ပဏီ Safras & Mercado က ပြောကြားခဲ့သည်။
အိန္ဒိယ ကူးသန်းရောင်းဝယ်ရေးနှင့်စက်မှုဝန်ကြီးဌာနသည် ပဲစင်းငုံ၊ ပဲတီစိမ်းနှင့် မတ်ပဲ တို့အား ကန့်သတ်ကုန်စည်အဖြစ်မှ လွတ်လပ်စွာ(Free)တင်သွင်းခွင့်ပြုသည့် ကုန်စည်အဖြစ်သို့ ပြောင်းလဲသတ်မှတ်လျက် ၃၁-၁၀-၂၀၂၁ အထိ တင်သွင်းခွင့်ပြုကြောင်းကို ၁၅-၅-၂၀၂၁ နေ့ တွင် အမိန့်ကြော်ငြာစာ ထုတ်ပြန်ခဲ့ပါသည်။
အိန္ဒိယအစိုးရသည် စားအုန်းဆီနှင့် ပဲပုတ်ဆီများအပေါ်တင်သွင်းသည့် ကုန်စည်ပမာဏ တန်ချိန်အလိုက် ကောက်ခံသည့် အခွန်နှုန်းထားများအား ၂၀၂၁ ခုနှစ် ဇွန်လအတွင်း၌ လျော့ချ ခဲ့ပြီးနောက် ယခုတစ်ဖန် စားသုံးဆီများအပေါ် ကောက်ခံသည့် သွင်းကုန်အခွန်နှုန်းထားများကို ထပ်မံလျော့ချခဲ့ပါသည်။
ကမ္ဘာတစ်ဝန်း ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါ ဖြစ်ပွားမှုကြောင့် ၂၀၂၀ ခုနှစ်တွင် နိုင်ငံ တကာ ဖက်ရှင်အဝတ်အထည် လုပ်ငန်းကဏ္ဍအပေါ် များစွာသက်ရောက်မှုရှိခဲ့ပါသည်။ ယခုအခါ ဥရောပနိုင်ငံအများအပြားသည် Lockdown ကန့်သတ်ချက်များကို စတင် ဖြေလျှော့မှုများပြုလုပ်လာကြခြင်း၊ ဈေးဆိုင်/စားသောက်ဆိုင်များ ပြန်လည်ဖွင့်လှစ်ခြင်းနှင့် စားသုံးသူများအနေဖြင့် အပြင်ထွက်၍ ဈေးဝယ်ခြင်းများကို ပြန်လည်ဆောင်ရွက်နိုင်လာခြင်း တို့ကြောင့် ဥရောပ၏ ဖက်ရှင်အဝတ်အထည် ဈေးကွက်သည် ပုံမှန်အခြေအနေသို့ ပြန်လည် ဉီးတည်လာနေကြောင်း သိရသည်။
ဥရောပကော်မရှင်သည် စားသောက်ကုန်များ၌ ကင်ဆာရောဂါဖြစ်စေနိုင်သည့် cadmium ဒြပ်စင်နှင့် ခဲဓါတ် (lead) အမြင့်ဆုံးပါဝင်နိုင်မှုအဆင့် သတ်မှတ်ချက်အသစ်များ ကိုချမှတ်ခဲ့ပါသည်။ ခဲဓါတ်ပါဝင်မှု အဆင့်သတ်မှတ်ချက်အသစ်သည် ၂၀၂၁ ခုနှစ်၊ ဩဂုတ်လ ၃၀ ရက်နေ့တွင်လည်းကောင်း၊ cadmium ပါဝင်နိုင်မှုအဆင့်သတ်မှတ်ချက်သည် ၂၀၂၁ ခုနှစ်၊ ဩဂုတ်လ ၃၁ ရက်နေ့တွင်လည်းကောင်း စတင် အသက်ဝင်မည်ဟု သိရသည်။
ဥရောပသည် အသိအမှတ်ပြုလက်မှတ်ရကော်ဖီ (certified coffee) အတွက် ကမ္ဘာ့ အကြီးမားဆုံး ဈေးကွက်တစ်ခုဖြစ်ပါသည်။ အသိအမှတ်ပြုလက်မှတ်ရကော်ဖီ (Certified coffee) သည် ထုတ်လုပ်ရာ၌ သဘာဝပတ်ဝန်းကျင်နှင့် ညီညွတ်မှုရှိခြင်း၊ စိုက်ပျိုးသူ များအတွက် စီးပွားရေးအရ အလားအလာကောင်းမွန်ခြင်း၊ ကော်ဖီစိုက်သူနှင့် အလုပ်သမား များအကြား မျှတမှုကို မြှင့်တင်ပေးနိုင်ခြင်း စသည့် ရေရှည်တည်တံ့မှု (Sustainability) ဆိုင်ရာ သွင်ပြင်လက္ခဏာတစ်ရပ်ဖြစ်စေ၊ အားလုံးဖြစ်စေ ပါဝင်၍ စိုက်ပျိုးထုတ်လုပ်ထား သော ကော်ဖီဟု ယေဘုယျဖွင့်ဆိုထားပါသည်။
စွတ်စိုသောနွေဉီးရာသီဖြစ်ပေါ်ခဲ့ပြီး၊ နွေရာသီကာလတစ်လျှောက်တွင်လည်း မိုးသည်း ထန်စွာရွာသွန်းခဲ့ခြင်းတို့ကြောင့် ဘယ်လ်ဂျီယံနိုင်ငံ၏ ကောက်ပဲသီးနှံများ၊ ဟင်းသီး ဟင်းရွက်/သစ်သီးဝလံများ ရိတ်သိမ်း/ထွက်ရှိမှုအပေါ် သက်ရောက်နိုင်ကြောင်း သိရသည်။ ဆိုးရွားသည့်ရာသီဉတုဒဏ်ကြောင့် ကောက်ပဲသီးနှံ၊ သစ်သီးဝလံတို့နည်းတူ ဘယ်လ်ဂျီယံ နိုင်ငံ၏ အဓိကသီးနှံဖြစ်သည့် အာလူးစိုက်ပျိုးထုတ်လုပ်မှုအပေါ်လည်း သက်ရောက်နိုင်သည် ဟု ဆိုသည်။