Background
မြန်မာနိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့အကြား ၂၀၀၈ ခုနှစ်၌ လက်မှတ်ရေးထိုး ဆောင်ရွက်ခဲ့သော ကုလားတန် ဘက်စုံသယ်ယူပို့ဆောင်ရေးစီမံကိန်း၏ အိန္ဒိယဘက်ခြမ်း မီဇိုရမ်ပြည်နယ်အတွင်း တည်ဆောက်ရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်မှုမှာ ပြီးစီးလုနီးပါး အခြေအနေသို့ ရောက်ရှိနေပြီဖြစ်ကြောင်း သိရှိရသည်။
အိန္ဒိယနိုင်ငံ၌ ၂၀၂၅-၂၆ ဘဏ္ဍာနှစ်မှစတင်၍ အီသနောလောင်စာဆီ ရောစပ်မှု ၂၀% ပါဝင်သည့် ဓာတ်ဆီကိုသာ ရောင်းချခွင့်ပြုရန် အစိုးရက စီစဉ်ဆောင်ရွက်လျက်ရှိရာ မော်တော် ယာဉ်အသစ်များအား ရောစပ်လောင်စာဆီနှင့် ကိုက်ညီမှုရှိစွာ ထုတ်လုပ်ရောင်းချရမည်ဖြစ်ပြီး မော်တော်ယာဉ်ထုတ်လုပ်သူများအနေဖြင့် လက်ရှိထုတ်လုပ်ထားသော ဓာတ်ဆီသုံး မော်တော် ကားများကိုလည်း လိုက်ဖက်ညီသည့် လောင်စာစနစ် ပြန်လည်ပြုပြင် တပ်ဆင်ရဖွယ်ရှိကြောင်း သိရှိရပါသည်။
၂၀၂၁-၂၀၂၂ ခုနှစ် သီးနှံကာလအတွင်း ဘရာဇီးလ်နိုင်ငံ၏သီးနှံမျိုးစုံစိုက်ပျိုးထုတ်လုပ်မှု တန်ချိန် ၂၈၉.၈ သန်းအထိ ရောက်ရှိနိုင်ကြောင်း ၂၀၂၀-၂၀၂၁ ခုနှစ်သီးနှံကာလတွင် ရာသီဥတုဖောက်ပြန်မှုများကြောင့် သီးနှံမျိုးစုံစိုက်ပျိုးထုတ်လုပ်မှုတွင် တန်ချိန် ၂၅၂.၇၅ သန်းသာ စိုက်ပျိုးထုတ်လုပ်နိုင်ခဲ့ကြောင်း နိုဝင်ဘာလ ၁၁ ရက်နေ့တွင်ထုတ်ပြန်သည့် အစိုးရပိုင်ကုမ္ပဏီတစ်ခုဖြစ်သည့် National Supply Company(Conab)၏ ဒုတိယအကြိမ်မြောက် သုတေသနတွေ့ရှိချက်တွင် ဖော်ပြထားသည်။
စွမ်းအင်/လောင်စာဆီဈေးနှုန်းများ မြင့်တက်မှုကြောင့် ၂၀၂၁ ခုနှစ် အောက်တိုဘာလတွင် ဘယ်လ်ဂျီယံနိုင်ငံ၏ ငွေကြေးဖောင်းပွမှုနှုန်းသည် (၄.၁၆) ရာခိုင်နှုန်းသို့ မြင့်တက်ခဲ့ပြီး၊ ၂၀၀၈ ခုနှစ် နောက်ပိုင်း အမြင့်ဆုံးအဆင့်ဖြစ်ခဲ့ကြောင်း၊ စက်တင်ဘာလနှင့်နှိုင်းယှဉ်လျှင် ငွေကြေးဖောင်းပွမှုနှုန်း မှာ (၂.၈၆) ရာခိုင်နှုန်းမြင့်တက်လာခဲ့ခြင်းဖြစ်ကြောင်း သိရပါသည်။
၂၀၂၁ ခုနှစ်၊ အောက်တိုဘာလတွင် ကမ္ဘာ့စားသောက်ကုန်ဈေးနှုန်းများသည် (၁၀) နှစ်ကာလ အတွင်း အမြင့်ဆုံးအဆင့်သို့ ရောက်ရှိခဲ့ကြောင်း ကုလသမဂ္ဂ စားနပ်ရိက္ခာနှင့်စိုက်ပျိုးရေးအဖွဲ့ (FAO) ၏ စာရင်းဇယားများအရ သိရပါသည်။ နှံစားသီးနှံများ၊ ဟင်းသီးဟင်းရွက်ဆီနှင့် နို့ထွက် ပစ္စည်းဈေးနှုန်းများသည် သိသာစွာ မြင့်တက်ခဲ့ပြီး၊ အသားနှင့် သကြားဈေးနှုန်းများမှာမူ အနည်းငယ် ကျဆင်းခဲ့သည်ဟု FAO အစီရင်ခံစာက ဆိုသည်။
၂၀၂၁ ခုနှစ်၊ ပထမ (၆)လအတွင်း နယ်သာလန်နိုင်ငံ၏ ကုန်စည်တင်ပို့မှုသည် ယခင်နှစ်က ထက် ယူရို (၄၂) ဘီလျံ၊ ကုန်စည်တင်သွင်းမှုသည် ယူရို(၃၅) ဘီလျံ ပိုမိုရရှိခဲ့ရာ ပို့ကုန်/သွင်းကုန် နှစ်ရပ်စလုံးတွင် ကပ်ရောဂါမတိုင်မီကအဆင့်ထက် ပိုမိုကျော်လွန်ခဲ့ကြောင်း၊ ၂၀၁၉ ခုနှစ်၊ ပထမ နှစ်ဝက်နှင့်နှိုင်းယှဉ်လျှင် ပို့ကုန် (၆) ရာခိုင်နှုန်း၊ သွင်းကုန် (၈) ရာခိုင်နှုန်း တိုးတက်ခဲ့ကြောင်း Statistics Netherlands (CBS) ၏ ထုတ်ပြန်ချက်အရ သိရှိရသည်။
အိန္ဒိယနိုင်ငံ၌ ပြည်တွင်းထုတ်လုပ်မှု မြှင့်တင်ခြင်းဖြင့် ပြည်ပမှတင်သွင်းရမှုကို လျော့ချ နိုင်မည့် ဦးစားပေးကုန်စည် ၁၀၂ ခုအား ကူးသန်းရောင်းဝယ်ရေးနှင့် စက်မှုဝန်ကြီးဌာနက ခွဲခြား သတ်မှတ်ခဲ့ကြောင်း သိရှိရသည်။
အိန္ဒိယနိုင်ငံ၌ Covid-19 ကပ်ရောဂါ သက်ရောက်မှုကြောင့် စီးပွားရေးထိခိုက်မှုများအား ကုစားရန် အစီအမံများချမှတ်ဆောင်ရွက်ခဲ့ရာ ယခုအခါ စီးပွားရေး ပြန်လည်နာလည်ထူထောင် လာမှုမှာ မျှော်မှန်းထားသည်ထက် ပိုမိုကောင်းမွန် လျင်မြန်စွာတိုးတက်လျက်ရှိရာ လက်ရှိ ၂၀၂၁-၂၂ ဘဏ္ဍာနှစ်၌ စုစုပေါင်းပြည်တွင်းထုတ်လုပ်မှုတန်ဖိုး တိုးတက်မှုနှုန်း ၉.၅% အထိ ရနိုင်ဖွယ် ရှိကြောင်း အိန္ဒိယဗဟိုဘဏ် ဥက္ကဋ္ဌ Mr. Shaktikanta Das က ၁၀-၁၁-၂၀၂၁ နေ့တွင် ပြောကြား ခဲ့ပါသည်။
နိုဝင်ဘာလ (၄)ရက်နေ့တွင် တရုတ်နိုင်ငံ၏ ပြည်တွင်းဈေးကွက်ရှိ ဆီမုန်ညင်း၏ ပျမ်းမျှဈေးနှုန်းမှာ တစ်တန်လျှင် ယွမ်ငွေ (၆,၂၃၀) ဖြစ်ပါသည်။ ၎င်းဈေးနှုန်း မှာ အောက်တိုဘာလ (၃၁) ရက်နေ့တွင် ဖြစ်ပေါ်ခဲ့သော တစ်တန်ပျမ်းမျှဈေးနှုန်း ယွမ်ငွေ (၆,၁၆၀)မှ (၁.၁၄) ရာခိုင်နှုန်း မြင့်တက်လာခြင်းဖြစ်ပါသည်။ တရုတ်နိုင်ငံ၏ ပြည်တွင်း ဆီမုန်ညင်း ဈေးကွက်မှာ အရောင်းအဝယ်ကောင်းနေပြီး၊ ကုန်သည်များက ဈေးနှုန်းများကို တဖြည်းဖြည်းမြှင့်လာသောကြောင့် ဈေးနှုန်းတက်လာကြောင်း သိရပါသည်။
ရင်းမြစ်၊ SunSirs (၅-၁၁-၂၀၂၁)
တရုတ်နိုင်ငံရှိ ဆေးဝါးသုတေသီများက COVID-19 အားAntibodyဆေးဝါးအချို့ကို အသုံးပြုသည့် ကုထုံးများဖြင့် ကုသပေးနိုင်ရေး ကြိုးစားလျက်ရှိကြရာ အခြေအနေ တိုးတက်လာကြောင်းသိရပါသည်။
ဓာတ်ခွဲခန်းစမ်းသပ်ချက်များအရDXP-604အမည်ရှိ antibodyမှာ မည်သည့်သန္ဓေပြောင်းမှုမျိုးကိုမဆို ကုသနိုင်ဖွယ်ရှိကြောင်း ပီကင်းတက္ကသိုလ်၏ Beijing Advanced Innovation Center for Genomicsမှ ဒါရိုက်တာ SunneyXieက ထုတ်ဖော်ပြောကြားခဲ့ပါသည်။ SunneyXieမှာ ကမ္ဘာပေါ်တွင် လူသိများသည့် ဇီဝဓာတုဗေဒပညာရှင်တစ်ဉီးလည်း ဖြစ်ပါသည်။