Main menu

Background

Tuesday, 18 Oct 2011

ဝန်ဆောင်မှု                     ဝန်ဆောင်မှုဟူသော စကားရပ်နှင့်ပတ်သက်၍ အနက်အဓိပ္ပာယ် အမျိုးမျိုးရှိသည့်အနက် အရိုးရှင်းဆုံးသော ဖွင့်ဆိုချက်မှာ ဝန်ဆောင်မှု ဟူသည် ဖောက်သည်  (Customer)  အတွက် ပြုလုပ်ဆောင်ရွက်ပေးသည့် လုပ်ဆောင်ချက် (ဝါ) လုပ်ငန်းစဉ် (ဝါ)ဖျော်ဖြေမှုပင်ဖြစ်ပါသည်။ သာမန် အားဖြင့် ထိုဖွင့်ဆိုချက်မှာ ပြည့်စုံလုံလောက်ခြင်း မရှိဟု မှတ်ထင်နိုင်သော်လည်း ဝန်ဆောင်မှု အဓိပ္ပာယ်အား တိုတိုနှင့်လိုရင်းကို ခြုံငုံမိသည့် ဖွင့် ဆိုချက်ဖြစ်၍ အလွယ်တကူ သဘောပေါက်နိုင်ပါသည်။                       ဝန်ဆောင်မှုလုပ်ငန်းများ၏ သဘောသဘာ ဝကိုလိုက်၍ ငွေစုငွေချေး၊ အာမခံနှင့် အပေါင်ဆိုင် စသော ဝန်ဆောင်မှုလုပ်ငန်းများကို တန်ဖိုးမြှင့်ဝန်ဆောင်မှုလုပ်ငန်းများ (Value Added Services) ဟုလည်းကောင်း၊ ဆက်သွယ်ရေး၊ သယ်ယူပို့ဆောင်ရေးနှင့် ဘဏ်စသော ဝန်ဆောင်မှုလုပ်ငန်း များကို အခြေခံအဆောက်အဦဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်းများ (Infrastructure Services) ဟု လည်းကောင်း၊ ငွေစာရင်း၊ တရားရေးနှင့် သုတေသန စသော ဝန်ဆောင်မှုလုပ်ငန်းများကို ထုတ်လုပ်မှုနှင့် ပတ်သက်သော ဝန်ဆောင်မှုလုပ်ငန်း များ (Manufacturing Services)  ဟု လည်းကောင်း၊ အကြံပေး၊ စာရင်းစစ်နှင့် ကြော်ငြာ စသော ဝန်ဆောင်မှုလုပ်ငန်းများကို စီးပွားရေးဆိုင်ရာ ဝန်ဆောင်မှု လုပ်ငန်းများ(Business Services)  ဟုလည်းကောင်း၊ လက်လီလက်ကား အရောင်းလုပ်ငန်းများနှင့် ပြုပြင်ထိန်းသိမ်းမှု စ သော ဝန်ဆောင်မှုလုပ်ငန်းများကို ဖြန့်ဖြူးရောင်းချခြင်းဆိုင်ရာ ဝန်ဆောင်မှု လုပ်ငန်းများ (Distribution Services)  ဟု လည်းကောင်း၊ ပညာရေး၊ တရားရေး၊ ကာကွယ်ရေး၊ ရဲနှင့် မီးသတ်စသော ဝန်ဆောင်မှုလုပ်ငန်းများကို အစိုးရ ဝန်ဆောင်မှုလုပ်ငန်းများ (Government Services)  ဟု လည်းကောင်း၊ ကျန်းမာရေး၊ အလှ ပြင်နှင့် အစားအသောက်စသော ဝန်ဆောင်မှုလုပ်ငန်းများကို ပုဂ္ဂလိက တစ်ကိုယ်ရေဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်းများ (Personal Services) ဟု လည်းကောင်း အကြမ်းဖျဉ်းအားဖြင့် အုပ်စုများ ခွဲခြားနိုင်ပါသည်။                  အထက်ဖော်ပြပါ ဝန်ဆောင်မှုလုပ်ငန်းများ ကို အကြမ်းဖျဉ်းကြည့်ရုံဖြင့် လူမှုနေ့စဉ်ဘဝတွင် ဝန်ဆောင်မှုလုပ်ငန်းများမှာ မည်မျှလွှမ်းမိုးမှုရှိမည်၊ အရေးပါမည်ကို ခန့်မှန်းကြည့်နိုင်ပါသည်။ ဝန်ဆောင်မှု အဓိကစီးပွားရေးပုံစံ                     ဝန်ဆောင်မှုလုပ်ငန်းများနှင့် ဆက်စပ်ပြီး ကမ္ဘာပေါ်ရှိနိုင်ငံများ၏ စီးပွားရေးလုပ်ငန်းများကို လေ့လာကြည့်မည်ဆိုပါက အဓိကအားဖြင့် ကုန်စည်နှင့် ဝန်ဆောင်မှု (Good and Services) နှစ် မျိုးဖြင့်သာ တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ နှီးနွယ် ပတ်သက်နေကြောင်း တွေ့ရှိရမည်ဖြစ်ပါသည်။ အတိတ်ကာလများသို့ ပြန်ပြောင်းကြည့်လျှင် ကုန်စည်ထုတ်လုပ်မှုနှင့်ပတ်သက်သည့် စီးပွားရေးလုပ်ငန်းများကိုသာ အသားပေးလုပ်ကိုင် ခဲ့ကြသည်ကို တွေ့ရှိရမည်ဖြစ်ပါသည်။ ယင်းသို့ ကုန်စည်ထုတ်လုပ်မှုကို အသားပေးသည့် စီးပွားရေးလုပ်ငန်းများမှ တဖြည်းဖြည်းဖြင့် ဝန်ဆောင်မှုကို အသားပေးသည့် စီးပွားရေးလုပ်ငန်းများကို ပြောင်းလဲလုပ်ကိုင်လာခဲ့ကြပါသည်။                         အဆိုပါအချက်နှင့်ပတ်သက်၍ ကမ္ဘာ့စီးပွားရေးအင်အားအကြီးဆုံးဖြစ်သည့် အမေရိကန်ပြည် ထောင်စု၏ စီးပွားရေးလုပ်ငန်းများ တိုးတက် ပြောင်းလဲမှုပုံစံတွင် ထင်ရှားစွာ တွေ့ရပါသည်။ အမေ ရိကန်ပြည်ထောင်စုတွင် ၁၉ ရာစုအစောပိုင်းကာလများ၌ အလုပ်သမား အားလုံး၏ ၃၀ ရာခိုင်နှုန်းခန့်သာ ဝန်ဆောင်မှုလုပ်ငန်းများတွင် လုပ်ကိုင်ခဲ့ကြပြီး ၁၉ ရာစုအလယ်ပိုင်းကာလများ၌ အလုပ်သမားအားလုံး၏ ၅၀ ရာခိုင်နှုန်းအထိ ဝန်ဆောင်မှုလုပ်ငန်းများတွင် တိုး၍ လုပ်ကိုင်လာနိုင်ခဲ့ကြပါသည်။ လက်ရှိအချိန်တွင်မူ အမေရိကန် ပြည်ထောင်စု၌ အလုပ်သမားအားလုံး၏ ၈၀ ရာ ခိုင်နှုန်းအထက်သည် ဝန်ဆောင်မှုလုပ်ငန်းများတွင် လုပ်ကိုင်လျက်ရှိသည်ကို တွေ့မြင်ရမည်ဖြစ်ပါသည်။                       ကမ္ဘာ့စီးပွားရေးဖွံ့ ဖြိုးမှု ဆင့်ကဲဖြစ်စဉ်နှင့် ဝန်ဆောင်မှုလုပ်ငန်းများ                 အခြားတစ်ဖက်မှာလည်း ကမ္ဘာ့စီးပွားရေး ဖွံ့ဖြိုးမှုတိုးတက်မှုအဆင့်များကို စီးပွားရေးလုပ်ငန်း ပြောင်းလဲမှု ဖြစ်စဉ်များကိုမူတည်၍ ခွဲခြားသတ်မှတ် ထားပြီး အဆိုပါအဆင့်အလိုက် ဝန်ဆောင်မှုလုပ်ငန်းများ ဖွံ့ဖြိုးအရေးပါလာမှုကို လေ့လာနိုင်ပါသည်။                         စက်မှုခေတ်မတိုင်မီကာလ (Preindustrial Age) တွင် စက်မှုနည်းပညာ ဖွံ့ဖြိုးမှုနည်းပါး၍ လုပ်သားအားကိုး လုပ်ကိုင်နိုင်သော စိုက်ပျိုးရေး၊ သတ္တုတူးဖော်ရေးနှင့် မွေးမြူရေး စသော လုပ်ငန်းများကို အဓိကထားလုပ်ကိုင်နိုင်ခဲ့ပြီး အလုပ်လက်မဲ့ပြဿနာများ အများအပြားပေါ်ပေါက်ခဲ့ပါသည်။                         ဝန်ဆောင်မှုလုပ်ငန်းများနှင့်ပတ်သက်၍ အိမ်တွင်း လက်မှုလုပ်ငန်းအနည်းအကျဉ်းသာ ရှိခဲ့ပါသည်။ စက်မှုခေတ် (Industrial Age) တွင် ထုတ်လုပ်မှုပမာဏကို အဓိကထားခဲ့ပြီး အလုပ်ချိန်နှင့် လုပ်အားကို စက်ပစ္စည်း များနှင့်အပြိုင် လိုက်ပါလုပ်ကိုင်နိုင်ရေး တွန်းအားပေး ဆောင်ရွက်ခဲ့ပါသည်။ အရည်အချင်းနှင့် အရည်အသွေးထက် အရေအတွက်ကိုသာ ဦးစားပေးသည့်အပြင် အုပ်စုဖွဲ့ လုပ်ကိုင်မှုများကိုသာ အဓိက ဦးစားပေးနေရ သဖြင့် ထုတ်လုပ်မှုဆိုင်ရာ လုပ်သားအင်အား လိုအပ်ချက် မြင့်တက်လာခဲ့ပါသည်။ သို့ရာတွင် အရည်အသွေးနှင့် တစ်ဦးချင်း လိုအပ်ချက်ကို အခြေခံရသော ဝန်ဆောင်မှုလုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရန်အတွက် အခွင့်အရေး နည်းပါးခဲ့ရပါသည်။                              စက်မှုခေတ်လွန်ကာလ (Postindustrial Age) ဖြစ်သော မျက်မှောက်ခေတ်တွင်မူ ထုတ်လုပ်မှုလုပ်ငန်းများ၏ အသီးအပွင့်ဖြစ်သည့် ရုပ်ပိုင်း ဆိုင်ရာ တိုးတက်ကြွယ်ဝမှုထက် လူမှုနေထိုင်မှုဘ၀ အရည်အသွေး (Quality of Life)  တို့ကို ရှေ့တန်း တင်လာရာ ပညာရေး၊ ကျန်းမာရေးနှင့် စိတ်ကျေ နပ်ချမ်းသာမှုတို့မှာ အဓိက တိုင်းတာသည့် လူမှုစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ စံများဖြစ်လာ ပါသည်။ အခြေအနေနှင့် အချိန်အခါအလျောက် ၎င်းတို့နှင့်တိုက်ရိုက်ပတ်သက်နေသည့် ဝန်ဆောင် မှုလုပ်ငန်းများမှာလည်း လိုအပ်ချက်အရ တစ်ဟုန် ထိုး ဖွံ့ဖြိုးတိုးတက်လာခဲ့ပါသည်။  ကျန်၍ ချန်၍မရသည့် ဝန်ဆောင်မှုလုပ်ငန်းများ ဖွံ့ ဖြိုးရေး                  သတင်းအချက်အလက်နည်းပညာနှင့် အသိ ပညာဉာဏ်တို့ကို အခြေခံထားသည့် မျက်မှောက်ခေတ်၌ ဝန်ဆောင်မှုလုပ်ငန်းများသည် ပညာရေး၊ လူမှုရေးနှင့် ကျန်းမာရေးတည်းဟူသော အခြေခံပင်မနယ်ပယ်ကြီးများ တွင်သာမက စီးပွားရေးလုပ်ငန်းနယ်ပယ်အားလုံးနှင့် ချိတ်ဆက်လျက်ရှိပါသည်။ သို့ဖြစ်ရာ နိုင်ငံ၏စီးပွားရေး ဖွံ့ဖြိုးတိုး တက်ရေးအတွက် ဝန်ဆောင်မှုလုပ်ငန်းများမှာ အလွန်အရေးကြီးသည့် အခန်းကဏ္ဍမှ ပါဝင်နေပါသည်။                           သာဓကအားဖြင့် သယ်ယူပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်းများမှာ နိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရန်အတွက် ပင်မဒေါက်တိုင်သဖွယ် အလွန်အရေးပါလျက်ရှိသည်ကို တွေ့ရပါသည်။ ထို့အပြင် အစိုးရ ဝန်ဆောင်မှုလုပ်ငန်းများ၊ စီးပွားရေး ဝန်ဆောင်မှု လုပ်ငန်းများ၊ ထုတ်လုပ်မှုဆိုင်ရာ ဝန်ဆောင်မှုလုပ် ငန်းများ၊ ကုန်သွယ်မှုဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်းများ စသည်ဖြင့် အလယ်အလတ်နှင့် အကြီးစား အဆင့် ဝန်ဆောင်မှု လုပ်ငန်းများမှသည် လူတစ်ဦး ချင်းစီ၏ အခြေခံလိုအပ်ချက်များကို ဖြည့်ဆည်း ပေးနေသော ဆေးခန်း၊ စာအုပ် အငှားဆိုင်၊ ဆံသ လုပ်ငန်း စသော အသေးစားဝန်ဆောင်မှုလုပ်ငန်း များအထိ ဝန်ဆောင်မှုလုပ်ငန်းအမျိုးမျိုးကို လူ့ အဖွဲ့အစည်း အတွင်း၌ပုံစံအရွယ်အစားနှင့် အသွင်သဏ္ဌာန်စုံလင်စွာ တွေ့မြင်ရမည်ဖြစ်ပါသည်။                        ကမ္ဘာပေါ်တွင် ဝန်ဆောင်မှုလုပ်ငန်းများနှင့် ကင်းကွာ၍ ရပ်တည်နိုင်သည့် လူ့အဖွဲ့အစည်းရှိ နိုင်မည်မဟုတ်ဟုဆိုလျှင် ဝန်ဆောင်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ခြင်းမရှိဘဲ နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုး တိုးတက်အောင် လုပ်ဆောင်ရန်မှာ ခြေထောက် တစ်ဖက်တည်းဖြင့် လမ်းလျှောက်ရသကဲ့သို့ ခရီး တွင်ရန် ခက်ခဲမည်သာဖြစ်သည်။ ဝန်ဆောင်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအား အလေးထား ဆောင်ရွက်ခြင်းဖြင့် ခေတ်သစ်၏ တောင်းဆိုချက် (ဝါ) လိုအပ်ချက်ကို ဖြည့်ဆည်းပေးရာ ရောက်ပါသည်။ ခေတ်မီဖြင့် ကမ္ဘာကြီး၏ စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုကို ရှုမြင်ကြည့်ပါက ဝန်ဆောင်မှုလုပ်ငန်းများ၏ အရေးပါအရာရောက်မှုကို အားကျအတုယူဖွယ်ရာ တွေ့မြင်နိုင်မည်ဖြစ်ပါသည်။ သို့ ဖြစ်ရာ ခေတ်မီဖွံ့ဖြိုးတိုးတက်မှု၏ အသီးအပွင့်များ ကို အပြည့်အဝခံစားနိုင်ရေး၊ နိုင်ငံ၏စီးပွားရေးကို ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေး တု့ိအတွက် ဝန်ဆောင်မှုလုပ်ငန်းများကို ချန်လှပ်ထား၍မရဘဲ ခေတ်နှင့် အညီ ခေတ်မီဖွံ့ဖြိုးအောင် အကောင်အထည် ဖော် ဆောင်ရွက်သွားရမည်သာဖြစ်ပါသည်။ ဝန်ဆောင်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေခြင်းဖြင့် နိုင်ငံ၏ အလုပ်အကိုင် အခွင့်အလမ်းများ တိုးတက်စေသကဲ့သို့ နည်းပညာ၊ အရည် အသွေးနှင့် ထုတ်လုပ်မှုစံချိန်စံညွှန်းများ တိုးတက် ကောင်းမွန်မှုကို တိုက်ရိုက်အကျိုးပြုသွားနိုင်ပါသည်။ ယင်းသို့ တိုက်ရိုက်အကျိုးပြုမှုမှတစ်ဆင့် အရည်အသွေးကောင်းမွန် သည့် ကုန်စည်နှင့် ဝန် ဆောင်မှုများကို နိုင်ငံတကာနှင့် ယှဉ်ပြိုင်ထုတ်လုပ် ရောင်းချနိုင်စွမ်းရှိလာမည်ဖြစ်ပါသည်။ ဤနည်း အားဖြင့် နိုင်ငံခြားဝင်ငွေ ပိုမိုတိုးတက်ရရှိလာစေ ကာ နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အရှိန်အဟုန်မပြတ် ဆွဲတင်သွားနိုင်မည်ဟု ယုံကြည်မိပါသည်။

Tuesday, 18 Oct 2011

အရှေ့မျှော် အိန္ဒိယ               အိန္ဒိယသည် ၁၉၉၀ ခုနှစ်များမ တိုင်ခင် အထိ ၎င်းင်း၏အရှေ့ဘက်တွင် တည်ရှိနေသော နိုင်ငံများကို သတိမမူနိုင်ဘဲ ကိုယ့်အရေးနှင့် ကိုယ်လှုပ်ရှားနေခဲ့သည့် နိုင်ငံတစ်နိုင်ငံဖြစ်ခဲ့သည်။ ပြည်တွင်း စီးပွားရေး၊ ဘဏ္ဍာရေး အကျပ်အတည်းများ ဆိုက်ခဲ့ပြီးနောက်ပိုင်းမှသာ မိမိနှင့်အတူ အင်္ဂလိပ် ကိုလိုနီလက်အောက် ကျရောက်ခဲ့သော မြန်မာ နိုင်ငံအပါအဝင်၊ အာရှထွန်းသစ်စ ကျားနိုင်ငံများ၊ ကျားပေါက်နိုင်ငံများ၊ အရှိန်နှင့်ထိုးတက်လာသော ကမ္ဘာ့ဒုတိယစီးပွားရေးအင်အားအကြီးဆုံး တရုတ် နိုင်ငံနှင့် ဖီးနစ်ငှက်ကဲ့သို့ ပြာပုံထဲမှ ရုန်းကန်ထ ခဲ့သော စစ်ပြီးကာလ စက်မှုနှင့် နည်းပညာ အင်အားကြီး ဂျပန်နိုင်ငံတို့တည်ရှိရာ အာရှဒေသကို သတိထားရကောင်းမှန်း သိလာခဲ့သည်။ မူလ လက်ဟောင်းအမြင်များကို ပြောင်းလဲကာ အရှေ့ မျှော်ဝါဒဖြင့် နိုင်ငံအရှေ့ဘက်ရှိ အာရှဒေသတစ် ခွင်လုံးနှင့် ဆက်စပ်နိုင်ရေး အားထုတ်ခဲ့သည်။ ဝန်ကြီးချုပ်နာရာဆင်ဟရောင်း လက်ထက်မှစခဲ့ သော ထိုဝါဒသည် ယနေ့ကာလအထိ သက်ဝင် လှုပ်ရှားလျက်ရှိကာ အိန္ဒိယနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုး မှု၊ လုံခြုံရေး၊ စစ်ရေး၊ ဒေသတွင်း ဆက်ဆံရေးတို့ အတွက်အသက်တမျှ အရေးကြီးလာနေတော့သည်။ မြန်မာမျက်လုံးထဲမှ အိန္ဒိယ                   အိန္ဒိယသည် မြန်မာနိုင်ငံနှင့် ကီလိုမီတာ ၁၆၀၀ နီးပါးနယ်နိမိတ် ဆက်စပ်မှုရှိနေသည့် ဧရိယာကျယ် လူဦးရေများပြားသည့် ဒီမိုကရေစီ နိုင်ငံကြီးဖြစ်သည်။ အင်္ဂလိပ်တို့လက်အောက်ကျ ရောက်ခဲ့သည့် အချိန်ကတည်းကယခုအထိ မြန်မာ နိုင်ငံနှင့် စီးပွားရေး၊ ကုန်သွယ်ရေး၊ ယဉ်ကျေးမှု နယ်ပယ်တို့တွင် အဆက်အစပ် ကြီးမားနေဆဲ ဖြစ်သည်။ ယခုလက်ရှိအခြေအနေတွင် မြန်မာနိုင်ငံမှ ပဲမျိုးစုံပမာဏအများဆုံး ဝယ်ယူတင်သွင်းနေ သော ကုန်သွယ်ဖက်နိုင်ငံ တစ်နိုင်ငံလည်းဖြစ်သည်။ အိန္ဒိယနိုင်ငံ၏ စီးပွားရေးပြုပြင်ပြောင်းလဲ မှုများမှာ ဆယ်စုနှစ်နှစ်ခုနီးပါးပင် ကြာမြင့်ခဲ့ပြီဖြစ် ရာ၎င်းတို့၏ အကျိုးရလဒ်များကိုလည်း ခံစားနေရပြီဖြစ်ပေသည်။ စီးပွားရေး ဖွံ့ဖြိုးမှုနှုန်းတွင်လည်း ကမ္ဘာ့ဒုတိယစီးပွားရေးအင်အားအကြီးဆုံး တရုတ် နိုင်ငံကဲ့သို့ပင် အရှိန်ကောင်းကောင်းကို ရရှိနေ သည်။ ၁၉၉၀ ခုနှစ်မတိုင်ခင်ကမူ အကျပ်အတည်းများကြား ရုန်းကန်နေရပြီး သိပ်မကြာလိုက်ရသည့် ကာလများအတွင်း ဖွံ့ဖြိုးမှုရုပ်သဏ္ဌာန်များ ဖြစ်ထွန်းခဲ့သဖြင့် အိန္ဒိယအစိုးရ၏ ပြုပြင်ပြောင်းလဲမှု ဆောင်ရွက်မှုများမှာ လျင်မြန်သွက်လက်သည်ဟု သုံးသပ်နိုင်သည်။ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ကန့်သတ်ချက်များကို လျှော့ချခဲ့သည်။ ပြည်တွင်းစီးပွားရေးလုပ်ငန်းများအပေါ် ထိန်းချုပ်ထားမှု များကိုလည်း ဖြေလျော့ခဲ့သည်။ အခွန်အခဆိုင်ရာ လျှော့ချမှုများ၊ ဖြတ်တောက်မှုများကိုလည်း ပြုလုပ် ခဲ့ကြသည်။                       ပြုပြင်ပြောင်းလဲမှုများကြောင့် စီးပွားရေး အဆောက်အဦ တစ်ခုလုံးနီးပါး တိုးတက်မှုများရှိ လာခဲ့ပြီး၊ လူတစ်ဦးချင်း ဝင်ငွေမှာလည်း ၆ ဆခန့်အထိတက်လာခဲ့သည်ဟု သုတေသီများကထောက် ပြခဲ့ကြသည်။ အစိုးရ၏ အရန်ငွေကြေး ပမာဏမှာ လည်း အမေရိကန်ဒေါ်လာ ၆ သန်းမျှသာ ရှိနေရာမှ သန်းပေါင်း ၃ သိန်းအထိ အဆပေါင်းများစွာ မြင့်မားလာခဲ့သည်။ ပုဂ္ဂလိက ကဏ္ဍ၏ လွတ်လပ် စွာလုပ်ဆောင်နိုင်မှုကို အလေးပေးလျက် အိန္ဒိယ လုပ်ငန်းများ၏ စွန့်ထွင် ကြံဆလုပ်ဆောင်သည့် အလေ့အထကို ပိုမိုအားပေးခဲ့သည်။ သတင်းနှင့် နည်းပညာအပါအဝင် ဝန်ဆောင်မှုကဏ္ဍကို ဖွံ့ဖြိုး အောင်လုပ်ဆောင်ခဲ့သည်။ အမေရိကန်အပါအဝင် အနောက်နိုင်ငံများတွင် သွားရောက်လုပ်ကိုင်နေ ကြသော အိန္ဒိယနိုင်ငံသား လူစွမ်းအားအရင်း  အမြစ်များကို ထိရောက်စွာအသုံးချနိုင်ခဲ့သည်ဟ လည်း သုံးသပ်သူများကဆိုကြသည်။ ဤအချက် နှင့်ပတ်သက်၍ ကွန်ပျူတာဆော့ဖ်ဝဲလုပ်ငန်းများ ထွန်းကားရာ ဘင်္ဂလိုမြို့ရှိ နိုင်ငံရပ်ခြားမှ ပြန်လည် ဝင်ရောက်၍ အလုပ်လုပ်ကိုင်နေသော အိန္ဒိယ နိုင်ငံသားလုပ်သားများက သက်သေပြလျက်ရှိသည်။                        အင်္ဂလိပ်စကားပြောလုပ်သားများ ပေါများပြီး ကွန်ပျူတာဆော့ဖ်ဝဲလုပ်ငန်း၊ ဆေးဝါးနည်းပညာ ကဏ္ဍတွင် ဦးဆောင်နေသည့် အိန္ဒိယနိုင်ငံသည် ကမ္ဘာ့စီးပွားရေးစူပါပါဝါနိုင်ငံတစ်နိုင်ငံ ဖြစ်လာနေ သည့် တရုတ်နိုင်ငံနှင့် လိုတိုးပိုလျှော့ချိန်ချိန်ဆဆ နှင့် ဆက်ဆံနေသည်ကိုလည်း မြင်တွေ့နေရသည်။  အိန္ဒိယမြင်သော မြန်မာ                  မြန်မာနိုင်ငံသည် ပထဝီအနေအထား ရှုထောင့်မှကြည့်ပါက အိန္ဒိယနိုင်ငံ၏ အနီးကပ်ဆုံး အာရှဒေသဖြစ်ပြီး အိန္ဒိယ၏ အရှေ့မျှော်ဝါဒ အမြင်ထဲလည်း အနီးကပ်ဆုံး ပုံရိပ်နှင့် အရေးပါ ဆုံးဒေသဖြစ်သည်။ ထို့ပြင်ကုန်းလမ်းခရီးဖြင့်ကြည့် ပါက မြန်မာနိုင်ငံသည် အိန္ဒိယ၏ အရှေ့ဒေသ တစ်ခုလုံးသို့ ဝင်ပေါက်ဖြစ်သကဲ့သို့ ၎င်းင်း၏ ပြိုင်ဘက် တရုတ်နိုင်ငံ၏ပါဝါကို ထိန်းချုပ်နိုင် ရေးအတွက်လည်း အရေးပါသော မဟာဗျူဟာ ကျသည့်တည်နေရာဖြစ်သည်ဟု အိန္ဒိယသုတေသီ များသုံးသပ်ကြသည်ကိုလည်းတွေ့ရသည်။ အိန္ဒိယ ဗဟိုအစိုးရနှင့် အလှမ်းကွာလှသော အရှေ့ မြောက်ဒေသရှိ ပြည်နယ်များ ဖွံ့ဖြိုးတိုးတက်ရေး နှင့် ထိုဒေသရှိလက်နက်ကိုင် အဖွဲ့အစည်းများနှင့် ပဋိပက္ခများ လျော့ပါးသက်သာလာစေရန်အတွက် မြန်မာနိုင်ငံနှင့် နီးကပ်စွာဆက်ဆံနိုင်မှုများမှ အခြေ အနေသစ်များ ဖန်တီးနိုင်စွမ်းရှိသည်ကိုလည်း ယုံကြည်ထားသည်။ ထို့ကြောင့် အိန္ဒိယ၏ အရှေ့ မျှော်ဝါဒအကောင်အထည်ဖော်ရေးတွင် မြန်မာ နိုင်ငံ၏ အခန်းကဏ္ဍမှာ ကြီးမားလျက်ရှိသည်။ အိန္ဒိယနိုင်ငံသည် ၎င်းပြိုင်ဘက် တရုတ် နိုင်ငံမှ အာရှတစ်ခွင်လုံးနီးပါး ချဉ်းကပ်နေစဉ် အတွင်းမှာပင် ဖိလစ်ပိုင်၊ စင်ကာပူ၊ ဗီယက်နမ်၊ ကမ္ဘောဒီးယားနိုင်ငံများနှင့် ကူးသန်းရောင်းဝယ်ရေး၊ ယဉ်ကျေးမှု၊ စစ်ရေးနယ်ပယ်တို့တွင် ခိုင်မာသော ဆက်ဆံမှုများ၊ သီရိလင်္ကာ၊ ထိုင်း၊ တောင်ကိုရီး ယား၊ ဂျပန်၊ တရုတ်(တိုင်ပေ)နိုင်ငံများနှင့်လည်း ကုန်သွယ် ရေးသဘောတူစာချုပ်များ ချုပ်ဆိုခဲ့ပြန် သည်။ အာရှဒေသတွင်း အဖွဲ့အစည်းများ၏ လှုပ်ရှားမှုတွင် BIMSTEC  (ဘင်းစတက်)၊ ASEA (အာဆီယံ)ကဲ့သို့ အဖွဲ့အစည်းများတွင် ပိုမိုပါဝင် လာခဲ့ပြီး အာဆီယံအဖွဲ့ဝင်သစ် ၄ နိုင်ငံဖြစ်သည့် CLMV  (ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ဗီယက်နမ်) နိုင်ငံများကိုလည်း အကူအညီများ ပံ့ပိုးလျက် ဒေသတွင်းတွင် ၎င်း၏အခန်းကဏ္ဍကို မြှင့်တင်ရေး နည်းလမ်းသစ်များ ရှာဖွေဆောင်ရွက်နေသည်။                      အာဆီယံနှင့် ဘင်းစတက်အဖွဲ့များ၏ အဖွဲ့ဝင် လည်းဖြစ်၊ အနီးကပ်ဆုံး အရှေ့ဘက် အိမ်နီးချင်း မြန်မာနိုင်ငံနှင့်လည်း ကုန်သွယ်ရေးနှင့် ရင်းနှီး မြှုပ်နှံမှုနယ်ပယ်တွင် တိုးမြှင့်ဆောင်ရွက်လျက်ရှိသည်။            အမျိုးသားအကျိုးစီးပွားအတွက် စေ့စေ့ကြည့်ခြင်း                 အရှေ့မျှော်ဝါဒကို ကျင့်သုံးခဲ့ပြီးနောက် မဟာဗျူဟာကျစွာ အာရှနှင့် ခပ်စိတ်စိတ်ဆက်ဆံ ခဲ့သော အိန္ဒိယနိုင်ငံသည် မြန်မာနိုင်ငံနှင့် ဆက်ဆံ ရေးတွင်လည်း ပိုမိုအားထည့်၍ ဆောင်ရွက်ခဲ့သည် ကို အထင်းသားတွေ့ရသည်။ အထူးသဖြင့် ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုကဏ္ဍများတွင် မျက်မြင် ပင်။ ပင်လယ်ရေကြောင်း ကုန်သွယ်မှုရှိနေစဉ်မှာပင် နှစ်နိုင်ငံကြား နယ်စပ်ကုန်သွယ်ရေးကဏ္ဍ တိုးတက်လာစေရေးအတွက် ၁၉၉၅ ခုနှစ်တွင် တမူး-မိုရေး နယ်စပ်ကုန်သွယ်ရေးစခန်းကိုလည်း ကောင်း၊ ၂၀၀၄ ခုနှစ်တွင် ရိဒ်-ဇိုခေါဒါ စခန်း ကိုလည်းကောင်း ဖွင့်လှစ်ခဲ့သည်။ နောက်ထပ်စခန်းများလည်းဖွင့်လှစ်နိုင်ရန် အားထုတ်နေဆဲဖြစ် သည်။                     မြန်မာနိုင်ငံဘက်မှ အိန္ဒိယသို့တင်ပို့သော ကုန်ပစ္စည်းများတွင် လယ်ယာ၊ သစ်တော၊ သားငါး ကဏ္ဍ ထွက်ကုန်များသာဖြစ်ပြီး အိန္ဒိယဘက်မှ မြန်မာနိုင်ငံသို့ ပို့ကုန်တွင် အသေးစား၊ အကြီးစား စက်မှုထုတ်ကုန်များ၊ သံနှင့် သံမဏိထွက်ကုန်များ၊ ဆေးဝါးများသည် အများစုဖြစ်သည်။ ရင်းနှီးမြှုပ် နှံမှုအပိုင်းတွင် အိန္ဒိယနိုင်ငံသည် မြန်မာ့စီးပွား ရေး၏ နယ်စုံပယ်စုံတွင် ဝင်ရောက်ရန် ရည်ရွယ် ထားပြီး ယခုလတ်တလောအခြေအနေတွင် ရေနံ နှင့်သဘာဝဓာတ်ငွေ့ ရှာဖွေထုတ်လုပ်ရေး၊ မီးရ ထားလမ်း၊ မော်တော်ကားလမ်း စီမံကိန်းများ၊ ရေ အားလျှပ်စစ်စီမံကိန်းများတွင် အိန္ဒိယရင်းနှီးမြှုပ်နှံ မှုများကို တွေ့နေရသည်။ ၎င်းင်းတို့အနက် ၂၀၀၈ ခုနှစ်က သဘောတူညီခဲ့သော ဒေါ်လာသန်း ၁၂၀ နီးပါးတန်ဖိုးရှိ ကုလားတန်မြစ်ဘက်စုံသုံးသယ်ယူပို့ ဆောင်ရေးလမ်းကြောင်းနှင့် ၂၀၁၀ ခုနှစ်မှစခဲ့သော ဒေါ်လာသန်း ၁၂၀ တန်ဖိုးရှိ စစ်တွေရေနက်ဆိပ် ကမ်းစီမံကိန်းတို့မှာ မြန်မာနိုင်ငံအတွင်း ရင်းနှီးမြှုပ် နှံထားသော စီမံကိန်းများအနက် စိတ်ဝင်စားဖွယ် ကောင်းသော အိန္ဒိယ၏ ရင်းနှီးမြှုပ်နှံမှုများဖြစ် သည်။ ထို့ပြင် တမူး-ကလေး-ရိဒ်-တီးတိန်ကား လမ်းအဆင့်မြှင့်တင်ခြင်း စီမံကိန်းများနှင့် အိန္ဒိယ- မြန်မာ-ထိုင်း သုံးနိုင်ငံအမြန်လမ်းမကြီးစီမံကိန်းများ မှာလည်း အိန္ဒိယ၏ မြန်မာနိုင်ငံထဲသို့ တိုးဝင်လျက် ရှိသောရင်းနှီးမြှုပ်နှံမှုခြေလှမ်းကျဲကြီးများဖြစ်သည်။ အိန္ဒိယနိုင်ငံသည် စီးပွားရေး အရှိန်ကောင်း လာနေပြီဖြစ်သော်လည်း အချို့ကဏ္ဍများတွင် ထိန်းချုပ်မှုများ ရှိနေဆဲဖြစ်ပြီး ဆင်းရဲမွဲတေမှု ပြဿနာကိုလည်း တိုင်းပြည်လူဦးရေ၏ ထက်ဝက် နီးပါး ရင်ဆိုင်နေရသည်။ ငွေဖောင်းပွမှု၊ အစိုးရ ဝန်ထမ်းများ အကျင့်ပျက်ခြစားမှုစသဖြင့် ပြည်တွင်းပြဿနာမျိုးစုံနှင့်လည်း ရင်ဆိုင်နေရဆဲဖြစ်သည်။ ထို့ကြောင့် ပြည်တွင်း ပြဿနာများဖြေရှင်းရင်း ဒေသတွင်း၊ နိုင်ငံတကာအခြေအနေများနှင့် မျက်ခြည်မပြတ် ရင်ဘောင်တန်းနိုင်ရေးအတွက် အိန္ဒိယသည် အရှေ့မျှော်ဝါဒဖြင့် ၂၁ရာစုကို ဆက်လက်ချီတက်နေသည်။ ၎င်းင်းတို့၏အမျိုးသားအကျိုး စီးပွားအတွက် မြန်မာအပါအဝင် အာရှဒေသတစ် ခုလုံးကို မဟာဗျူဟာအရ အလေးထားနေခြင်းဖြစ် သည်ဟု သုံးသပ်နိုင်သည်။ ဒေသတွင်းလုံခြုံရေး၊ ကုန်သွယ်မှုမြှင့်တင်ရေး၊ ရင်းနှီးမြှုပ်နှံမှု၊ နည်းပညာ၊ နယ်စပ်ဖြတ်ကျော်လမ်းပန်းဆက်သွယ်ရေး စသည်ဖြင့် ၎င်းင်းတို့၏ အမျိုးသားအကျိုးစီးပွား အတွက် အစီအစဉ်များ ရေးဆွဲဆောင်ရွက်နေရာ မြန်မာနိုင်ငံသည်လည်း နှစ်ဖက် အကျိုးစီးပွား သမမျှတစေရေးအတွက် အိန္ဒိယ၏ ခြေလှမ်းများ ကို အမျိုးသားအကျိုးစီးပွား မျက်လုံးများဖြင့် စေ့ စေ့စပ်စပ်ဖြင့် ကြည့်ရှုလေ့လာရန် လိုအပ်ပေသည်။

Monday, 17 Oct 2011

                ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာနမှ ကန့်သတ်ထားသည့် ဆက်သွယ်ရေး စက်ပစ္စည်း အမျိုးအစားများမှလွဲ၍ တယ်လီဖုန်းနှင့် ဖက်(စ်) များအား ပြည်ပမှ တင်သွင်းလိုသည့် တယ်လီဖုန်းကိရိယာနှင့် ဆက်စပ် ပစ္စည်း များ၊ ရောင်းဝယ်ခွင့်လိုင်စင် ရရှိထားသူ ကုမ္ပဏီအဖွဲ့အစည်းများသည် မိမိတို့ တင်သွင်းလိုသည့် တယ်လီဖုန်းနှင့် ဖက်(စ်)အမျိုးအစားများဖော်ပြ၍ တင်သွင်း ခွင့် ထောက်ခံချက်ရရှိရန် Online  စနစ်ဖြင့် လျှောက်ထားနိုင်ကြောင်း သတင်းရရှိသည်။                လျှောက်ထားသူသည် အောက်ပါအချက်အလက်များဖော်ပြပြီး ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန၏ အီးမေးလ်လိပ်စာ ptd@mptmail.net.mm သို့ တိုက်ရိုက်လျှောက်ထားနိုင်ပါသည် -(က) အမည်( ခ ) မှတ်ပုံတင်အမှတ်( ဂ ) တယ်လီဖုန်းကိရိယာနှင့် ဆက်စပ်ပစ္စည်းများ ရောင်းဝယ်ခွင့် လိုင်စင်အမှတ်(ဃ)INVOICE (Sca ဖတ်ပြီး Online မှ ပေးပို့နိုင်ပါသည်)( င ) CATALOGUE (Online မှ ပေးပို့နိုင်ပါသည်)

Monday, 18 Jul 2011

 နှစ်နှစ်ဆယ်ပြည့် တရုတ်-အာဆီယံ စီးပွားရေးပေါင်းစည်းမှု၏ အနာဂတ်အား မျှော်ကြည့်ခြင်း ဆယ်စုနှစ် နှစ်ခုအကြာခရီးလမ်းမှာ              ၁၉၉၁ ခုနှစ်က အစပျိုးခဲ့သော အာဆီယံ-တရုတ်ဆက်ဆံရေး သည် ၂ဝ၁၁ ခုနှစ်တွင် နှစ်ပေါင်း နှစ်ဆယ်ကြာကြာ လျှောက်လှမ်း လာနိုင်ခဲ့ပေပြီ။ အာဆီယံ-တရုတ်တို့၏ နှစ်နှစ်ဆယ်ကြာဆက်ဆံရေး ကို ပြန်ပြောင်းကြည့်ပါက လျှောက်လှမ်းခဲ့သောခရီးလမ်းသည် စိတ်ဝင်စားစရာတို့ဖြင့် အတိပြည့်နေပါသည်။ မလေးရှားနိုင်ငံ ကွာလာ လမ်ပူမြို့တွင် ကျင်းပခဲ့သော (၂၄)ကြိမ်မြောက် အာဆီယံနိုင်ငံခြား ရေးဝန်ကြီးများ၏ အစည်းအဝေးဖွင့်ပွဲအခမ်းအနားသို့ တရုတ် နိုင်ငံခြားရေးဝန်ကြီး တက်ရောက်ခဲ့ခြင်းသည် အာဆီယံ-တရုတ် ဆက်ဆံရေး၏ အဖွင့်နိဒါန်းကို စတင်ခြင်းဟုလည်း ဆိုနိုင်ပါ သည်။             ထိုအချိန်မှ အစပြုခဲ့သော အာဆီယံ-တရုတ်ဆက်ဆံရေးသည် ၁၉၉၇ အာရှငွေကြေးအကျပ်အတည်းကာလ၌ နှစ်ဖက်ပေါင်းစည်းမှု ပင်စည်ကို ပိုမိုခိုင်မာစေခဲ့ပြန်ပါသည်။ ၁၉၉၇ အာရှငွေကြေးအကျပ် အတည်းကြောင့် အာဆီယံအဖွဲ့ဝင်နိုင်ငံအချို့ စီးပွားရေး ကသောင်း ကနင်းဖြစ်နေချိန်တွင် တရုတ်နိုင်ငံအနေဖြင့် ၎င်းကိုယ်တိုင် ငွေကြေး အခက်အခဲဖြစ်နေသော်လည်း အာဆီယံအဖွဲ့ဝင် နိုင်ငံများကို အတတ်နိုင်ဆုံးအကူအညီပေးနိုင်ရန်အတွက် ၎င်း၏ယွမ်ငွေတန်ဖိုးအား ချမသွားရန် ဆုံးဖြတ်ချက်ကို ပြတ်သားစွာ ချမှတ်ခဲ့သည်။ တရုတ်နိုင်ငံ၏ရပ်တည်ပေးခဲ့မှုသည် အာရှငွေကြေး အကျပ်အတည်းဒဏ် ခံနေရသော အာဆီယံအဖွဲ့ဝင်နိုင်ငံများအား အဆိုပါငွေကြေး အကျပ်အတည်းမှ လျင်မြန်စွာရုန်းထွက်နိုင်ခဲ့သည့် အကြောင်းအရင်း တစ်ခုဖြစ်ခဲ့သည်ဟု လေ့လာသူများကဆိုပါသည်။               ၁၉၉၇ အာရှငွေကြေး အကျပ်အတည်းကာလ ပြီးဆုံးခဲ့ပြီး နောက် အာဆီယံ-တရုတ်တို့၏ဆက်ဆံရေးသည် အိမ်နီးချင်းကောင်း ဆက်ဆံရေးနှင့် အပြန်အလှန်အကျိုးစီးပွားကို ဖော်ဆောင်သည့် မိတ်ဖက်ဆက်ဆံရေးသို့ တက်လှမ်းခဲ့ပါသည်။ ၂ဝဝ၃ ခုနှစ်မှ စတင် ကာ အာဆီယံ-တရုတ် ဆက်ဆံရေးအား ဒေသတွင်းတည်ငြိမ်အေး ချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဟူသော ၂၁ ရာစုနှစ်မျှော်မှန်းချက် တို့ဖြင့် ဘက်ပေါင်းစုံ မဟာဗျူဟာမြောက်ဆက်ဆံရေး အဆင့်သို့ တိုးမြှင့်သွားရန် ရည်ရွယ်ချက် ချမှတ်ဆောင်ရွက်ခဲ့ပါသည်။ စီးပွားရေးပူးပေါင်းဆောင်ရွက်မှု၏ အမြင့်မားဆုံး အစီအစဉ်ဖြစ်သော အာဆီယံ-တရုတ် လွတ်လပ်သော ကုန်သွယ်မှုဒေသကို ၂ဝ၁ဝ ပြည့် နှစ်တွင် အပြည့်အဝအကောင်အထည်ဖော်ရန် သဘောတူညီမှုရရှိ ခဲ့ပါသည်။ အာဆီယံ-တရုတ် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုသည် အာဆီယံ-တရုတ်ဘက်ပေါင်းစုံ ပူးပေါင်းဆောင်ရွက်မှုအစီအစဉ်များ အနက် အခြေခံအကျဆုံးနှင့် အရေးပါဆုံးသော ပူးပေါင်းဆောင် ရွက်မှုပင်ဖြစ်ပါသည်။ အာဆီယံ၏ စီးပွားရေးကောက်ကြောင်း              အာဆီယံဟု အများသိကြ သည့် အရှေ့တောင်အာရှနိုင်ငံများ အသင်းသည် အရှေ့တောင်အာရှဒေသရှိ နိုင်ငံများအနက် အရှေ့ တိမောနိုင်ငံမှအပ ကျန် ၁ဝနိုင်ငံဖြစ်သည့် ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ စင်ကာပူ၊ လာအို၊ ဖိလစ်ပိုင်၊ ဘရူးနိုင်း၊ မလေးရှား၊ မြန်မာ၊ ဗီယက်နမ်နှင့် ထိုင်းနိုင်ငံတို့ဖြင့် ဖွဲ့စည်းထားပါသည်။ ၁၉၆၇ ခုနှစ် တွင် စတင်ဖွဲ့စည်းခဲ့သော အာဆီယံတွင် အင်ဒိုနီးရှား၊ စင်ကာပူ၊ ဖိလစ်ပိုင်၊ ဘရူးနိုင်း၊ မလေးရှားနှင့် ထိုင်းနိုင်ငံတို့ ပါဝင်ခဲ့ကြပြီး၊ အဆိုပါနိုင်ငံများကို အာဆီယံ၏ မူလအဖွဲ့ဝင်နိုင်ငံများဟု အများက သတ်မှတ်ထားကြပါသည်။ မူလအဖွဲ့ဝင်နိုင်ငံများမှာ စီးပွားရေး အခြေခံအဆောက်အအုံကောင်းများ ရရှိထားပြီး၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအရှိန်ရနေပါသည်။ မူလအဖွဲ့ဝင် (၆) နိုင်ငံနှင့် ကျန်အဖွဲ့ဝင် (၄)နိုင်ငံတို့အကြား စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုမှာ ကွာခြားချက်ရှိ နေဆဲဖြစ်ပြီး၊ အဖွဲ့ဝင်နိုင်ငံများအနေဖြင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ကွာခြားချက်နည်းနိုင်သမျှ နည်းအောင် ကြိုးပမ်းဆောင်ရွက်လျက် ရှိပါသည်။                လက်ရှိအခြေအနေတွင် အာဆီယံ၏ စုစုပေါင်း ပြည်တွင်း အသားတင်ထုတ်လုပ်မှုတန်ဖိုး (ဂျီဒီပီ)မှာ အမေရိကန်ဒေါ်လာ ၁ ဒသမ ၉ ထရီလီယံအထိရှိပါသည်။ ၎င်းသည် အာရှရှိ စီးပွားရေး အင်အားကြီး အိန္ဒိယနိုင်ငံ၏ စုစုပေါင်းပြည်တွင်းအသားတင် ထုတ်လုပ်မှုတန်ဖိုးထက် ပိုမိုပါသည်။ အာဆီယံရှိ စားသုံးသူဈေးကွက်ကို ကြည့်ပါက စုစုပေါင်းလူဦးရေ သန်း ၆ဝဝ ကျော်မျှရှိပြီး၊ အမေရိကန် ပြည်ထောင်စုရှိ စုစုပေါင်းလူဦးရေ၏ နှစ်ဆနီးပါးမျှရှိပါသည်။ အာဆီယံ၏ လူတစ်ဦးချင်းပျမ်းမျှဝင်ငွေမှာ ကမ္ဘာ့စီးပွားရေးအင်အားကြီး တရုတ်နိုင်ငံမှ နိုင်ငံသားတစ်ဦးချင်း၏ပျမ်းမျှဝင်ငွေနီးပါး ရှိပါသည်။ ပြီးခဲ့သည့်ဆယ်စုနှစ်မှစတင်ကာ အာဆီယံအဖွဲ့ဝင်နိုင်ငံများ ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှုန်းမှာ နှစ်စဉ် ၅ ရာခိုင်နှုန်းကျော် ဖွံ့ဖြိုးတိုးတက်လျက်ရှိပါသည်။ အကယ်၍ အာဆီယံအား နိုင်ငံတစ်ခု အဖြစ် ရှုမြင်ကြည့်မည်ဆိုပါက အာဆီယံသည် ကမ္ဘာပေါ်တွင် နဝမမြောက် စီးပွားရေးအင်အားကြီးနိုင်ငံ ဖြစ်လာပါမည်။ အာဆီယံသည် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် ကုန်သွယ်မှုကို အဓိကအားထား နေရပြီး ၎င်း၏ ပြည်တွင်းအသားတင်ထုတ်လုပ်မှုတန်ဖိုး၌ ကုန်သွယ် မှုတန်ဖိုးပါဝင်မှုအချိုးမှာ လွန်စွာအားကောင်းလျက်ရှိပါသည်။ နဂါးကြီး၏ အားကြီးလာသည့် စီးပွားရေး             ကမ္ဘာပေါ်တွင် လူဦးရေအများဆုံး တရုတ်နိုင်ငံသည် လက်ရှိ အခြေအနေတွင် ကမ္ဘာ့ဒုတိယစီးပွားရေးအင်အား အကြီးဆုံးနိုင်ငံ အဖြစ် တက်လှမ်းလာခဲ့ပြီဖြစ်ပါသည်။ အရှိန်အဟုန်ဖြင့် မြန်ဆန်စွာ ကြီးထွားနေသည့် စားသုံးသူဈေးကွက်ကြီးတည်ရှိရာ တရုတ်နိုင်ငံတွင် လူဦးရေသန်းပေါင်း ၁၃ဝဝ ကျော်ရှိပါသည်။ လက်ရှိတွင် တရုတ်နိုင်ငံ ၏ စုစုပေါင်း ပြည်တွင်းအသားတင်ထုတ်လုပ်မှုတန်ဖိုး (ဂျီဒီပီ) မှာ အမေရိကန်ဒေါ်လာ ၁ဝ ထရီလီယံကျော်ရှိပါသည်။ တရုတ်နိုင်ငံ၏ လူတစ်ဦးချင်းပျမ်းမျှဝင်ငွေမှာ ၂ဝ၁ဝ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၇၅၁၈ ဖြစ်ပြီး၊ ကမ္ဘာ့အဆင့်တွင် အဆင့် ၉၃ ၌ ရပ်တည်လျက်ရှိပါသည်။ ၂ဝ၁ဝ ခုနှစ်တွင် တရုတ်နိုင်ငံသည် ဂျပန်နှင့် အမေရိကန် နိုင်ငံများကိုကျော်ဖြတ်ကာ ကမ္ဘာ့ပို့ကုန်အများဆုံးတင်ပို့သည့် နိုင်ငံ ဖြစ်လာပါသည်။ ဆယ်စုနှစ်သုံးခုအကြာ နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုး တက်မှုကို နှစ်စဉ်ပျမ်းမျှ ၁ဝ ရာခိုင်နှုန်းအထိ ဆက်လက်ထိန်းထား နိုင်သည့် တရုတ်နိုင်ငံသည် မကြာတော့မည့် အနာဂတ်ကာလ၌ ကမ္ဘာ့စီးပွားရေးအင်အားအကြီးဆုံးနိုင်ငံဖြစ်လာနိုင်သည်ဟု စီးပွားရေး ကျွမ်းကျင်ပညာရှင်များက ခန့်မှန်းထားပါသည်။ လက်ရှိအနေအထား အရ စီးပွားရေးအင်အားကြီး တရုတ်နဂါးကြီးနှင့် ဖွံ့ဖြိုးဆဲအာဆီယံ တို့၏ အနာဂတ်ပေါင်းစည်းဖြစ်ထွန်းမှုကို ကမ္ဘာက စိတ်ဝင်တစား စောင့်ကြည့်လျက်ရှိပါသည်။ တိုးတက်နေသော အာဆီယံ-တရုတ် ကုန်သွယ်ရေး                အာဆီယံသည် ကမ္ဘာ့စီးပွားရေးအင်အားကြီးနိုင်ငံများ၊ အခြား သော စီးပွားရေးအဖွဲ့အစည်းများနှင့် ကုန်သွယ်မှု အများအပြား ဆောင်ရွက်နေသော်လည်း အာဆီယံ၏ အကြီးမားဆုံးသော ကုန်သွယ်ဖက်နိုင်ငံကိုပြပါဆိုလျှင် တရုတ်နိုင်ငံကိုသာ ညွှန်ပြရပါမည်။ ယင်းအချက်သည် အာဆီယံနှင့် တရုတ်နိုင်ငံတို့၏ ခိုင်မာသည့် စီးပွား ရေးအကောင်အထည်ဖော်ဆောင်ရွက်နေမှုကို သက်သေပြလျက်ရှိပါသည်။ ၁၉၉၁ ခုနှစ်တွင် အာဆီယံ-တရုတ်ကုန်သွယ်မှုမှာ ကုန်သွယ်မှု တန်ဖိုး အမေရိကန်ဒေါ်လာ ၈ ဘီလီယံသာ ဆောင်ရွက်နိုင်ခဲ့ရာမှ လက်ရှိတွင် ကုန်သွယ်မှုတန်ဖိုး အမေရိကန်ဒေါ်လာ ၃ဝဝ ဘီလီယံ အထိ ရောက်ရှိဆောင်ရွက်နိုင်ခဲ့ပြီဖြစ်ပါသည်။ တိုးတက်မှုအခြေ အနေမှာ အဆ ၄ဝ နီးပါး တိုးတက်လာခြင်းပင်ဖြစ်ရာ သိသာထင် ရှားလှပါသည်။ တိုးတက်မှုမှာ ထိုမျှနှင့် ရပ်တံ့နေမည်မဟုတ်ဘဲ လာမည့် ၂ဝ၁၅ ခုနှစ်တွင် အာဆီယံ- တရုတ်ကုန်သွယ်မှုအား အမေရိကန် ဒေါ်လာ ၅ဝဝ ဘီလီယံအထိ ရောက်ရှိအောင် တိုးမြှင့်သွား မည်ဟု နှစ်ဖက်စလုံးမှ ရည်မှန်းချက်ထား ဆောင်ရွက်နေပါသည်။ ကုန်သွယ်မှုတိုးတက်လာမှု အခြေခံအကြောင်းတရားများတွင် အာဆီယံ-တရုတ်လွတ်လပ်သော ကုန်သွယ်မှုဒေသကို တည်ထောင် နိုင်ခဲ့ခြင်းသည်လည်း တစ်ခုအပါအဝင် ဖြစ်ပါသည်။ အာဆီယံတ ရုတ်လွတ်လပ်သော ကုန်သွယ်မှုအစီအစဉ်ကို စတင်ခဲ့သည့် ၂ဝ၁ဝ ခုနှစ်၏ ကုန်သွယ်မှုသည် ၎င်းအစီအစဉ် မစတင်မီ ၂ဝဝ၉ ခုနှစ်၏ ကုန်သွယ်မှုထက် ၃၇ ဒသမ ၅ ရာခိုင်နှုန်း ပိုမိုတိုးတက် ဆောင်ရွက်နိုင်ခဲ့သည်ဟုဆိုပါသည်။                အာဆီယံ-တရုတ် လွတ်လပ်သော ကုန်သွယ်မှုအစီအစဉ်၏ သဘောတူညီချက်အရ အာဆီယံနိုင်ငံများမှ တရုတ်နိုင်ငံသို့ တင်ပို့သည့်ကုန်ပစ္စည်းများအပေါ် အကောက်ခွန်နှုန်းများကို ပျမ်းမျှအား ဖြင့် ၉ ဒသမ ၈ ရာခိုင်နှုန်းမှ သုည ဒသမ ၁ရာခိုင်နှုန်းအထိ လျှော့ချ ပေးနိုင်ခဲ့ပြီး အပြန်အလှန်အားဖြင့် တရုတ်နိုင်ငံမှ အာဆီယံမူလ အဖွဲ့ဝင် (၆)နိုင်ငံသို့တင်ပို့သည့် ကုန်ပစ္စည်းများအပေါ် အကောက် ခွန်နှုန်းများကို ပျမ်းမျှအားဖြင့် ၁၂ ဒသမ ၈ ရာခိုင်နှုန်းမှ သုည ဒသမ ၆ ရာခိုင်နှုန်းအထိ လျှော့ချပေးနိုင်ခဲ့ပါသည်။ တရုတ်နိုင်ငံ အနေဖြင့် အာဆီယံအဖွဲ့ဝင်သစ်(၄)နိုင်ငံနှင့် ကုန်သွယ်မှုပြုရာ၌မူ အကောက်ခွန်နှုန်းထားများကို အထူးအစီအစဉ်ဖြင့် တစ်ဖက်သတ် လျှော့ချ ဆောင်ရွက်ပေးလျက်ရှိပါသည်။ အာဆီယံ-တရုတ် လွတ်လပ်သော ကုန်သွယ်မှုအစီအစဉ်အရ ထိုကဲ့သို့ဆောင်ရွက်နိုင်ခဲ့ခြင်း သည် နှစ်ဖက်စလုံးအတွက် အကိုျးအမြတ်ကို ပိုမိုရရှိစေခဲ့ပါသည်။                ထို့ကြောင့်ပင်လျင် အာဆီယံ-တရုတ်လွတ်လပ်သော ကုန်သွယ်မှုအစီ အစဉ်ဖော်ဆောင်နိုင်ခဲ့ခြင်းအား Win -Win for All ဟု စီးပွားရေး ပညာရှင်များက သုံးသပ်ကြပါသည်။ အနာဂတ် အလားအလာ               အာဆီယံအနေဖြင့် စီးပွားရေးအင်အားကြီးမားပြီး အလား အလာရှိသည့် နိုင်ငံများဖြစ်သည့် အမေရိကန်၊ ဂျပန်၊ တောင်ကိုရီးယား၊ သြစတြေးလျ၊ ကနေဒါ၊ အိန္ဒိယ စသည်တို့နှင့်လည်းကောင်း ဒေသဆိုင်ရာ စီးပွားရေးအဖွဲ့အစည်းဖြစ်သော ဥရောပသမဂ္ဂစသော အင်အားကြီးအဖွဲ့များနှင့် လည်းကောင်း စီးပွားရေးပူးပေါင်းဆောင် ရွက်မှုများ ပြုလုပ်လျက်ရှိသော်လည်း ၎င်းအနေဖြင့် တရုတ်နိုင်ငံနှင့် ပိုမိုနီးစပ်စွာ ဆောင်ရွက်လျက်ရှိသည်ဆိုသောအချက်ကို ကုန်သွယ်မှု ဆိုင်ရာ ကိန်းဂဏန်းအချက်အလက်များက ဖော်ညွှန်းပြသလျက်ရှိပါသည်။ ရှေ့ဆက်၍လည်း အာဆီယံနှင့် တရုတ်တို့သည် ပိုမိုပူးပေါင်း ဆောင်ရွက်သွားမည့် အလားအလာများရှိနေပါသည်။ ပြီးခဲ့သည့် အောက်တိုဘာလတွင် ကျင်းပပြီးစီးခဲ့သည့် (၁၃) ကြိမ်မြောက် အာဆီယံ-တရုတ် ဆွေးနွေးပွဲ၌ အာဆီယံနှင့် တရုတ်တို့၏ ဒုတိယ ငါးနှစ်လုပ်ငန်းစီမံချက်ကို ရေးဆွဲပြီးစီးကာ ဆက်လက်အကောင် အထည်ဖော်သွားကြမည် ဖြစ်ပါသည်။                အာဆီယံ-တရုတ် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုများတွင် ကုန်သွယ်မှုလုပ်ငန်းသာမက အခြားသောကဏ္ဍများဖြစ်သော စိုက်ပျိုးရေး၊ သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးလုပ်ငန်းများ၊ ပတ် ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းများ၊ စွမ်းအင်ရှာဖွေဖော်ထုတ် အသုံး ချရေးလုပ်ငန်းများ၊ ခရီးသွားလုပ်ငန်းများနှင့် အခြေခံအဆောက် အအုံဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုလုပ်ငန်းများတွင် ပိုမိုပူးပေါင်းဆောင် ရွက်သွားကြရန် နှစ်ဖက်စလုံးမှ အလေးထားပြင်ဆင်လျက်ရှိပါ သည်။                 အာဆီယံ-တရုတ် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုကို သုံးသပ် ကြည့်မည်ဆိုပါက ကာလရှည်ကြာစွာ ပူးပေါင်းဆောင်ရွက်နိုင်ခဲ့ခြင်း မှာ အပြန်အလှန် အကျိုးဖြစ်ထွန်းနေမှုသည် ပဓာနကျသော အခြေခံ အကြောင်းအရင်းတစ်ရပ် ဖြစ်ပါသည်။ ၎င်းအပြင် ဒေသတွင်း ရေရှည်တည်ငြိမ်အေးချမ်းဖွံ့ဖြိုးတိုးတက်ရန် နှစ်ဖက်စလုံးမှ လိုလားလျက် ရှိရာ ထိုအချက်သည်ပင်လျင် အာဆီယံနှင့် တရုတ်တို့၏ ဘုံရည်မှန်း ချက်ဖြစ်လာပါသည်။ အတိတ်ကို သမင်လည်ပြန် ကြည့်မည်ဆိုပါကလည်း နှစ်ဖက်စလုံးမှ အခက်အခဲ၊ အကျပ်အတည်းများ ပေါ်ပေါက် လာသည့်အခါတိုင်း တစ်ဖက်နှင့်တစ်ဖက် ဖေးမကူညီခဲ့သည်သာ ဖြစ်ပါသည်။ အခြားတစ်ဖက်မှ ပြန်ကြည့်မည်ဆိုပါက အာဆီယံတ ရုတ် ဆက်ဆံရေးအား အဖုအထစ်ဖြစ်စေနိုင်သည့် အကြောင်း တရားများလည်း ရှိနေပါသည်။ သာဓကအားဖြင့် တောင်တရုတ်ပင် လက် ပြဿနာ၌ အာဆီယံအဖွဲ့ဝင် ဗီယက်နမ်၊ မလေးရှား၊ ဘရုနိုင်း၊ ဖိလစ်ပိုင်တို့နှင့်အတူ တရုတ်နိုင်ငံသည် ပါဝင်ပတ်သက်လျက်ရှိပြီး ၎င်းသည်အ ဖြေမထွက်သေးသည့် ပုစ္ဆာတစ်ပုဒ်အနေဖြင့် ရှိနေဆဲဖြစ်ပါသည်။ သို့ရာတွင် ယင်းအချက်ကြောင့် အာဆီယံ-တရုတ် ဆက်ဆံ ရေးအား ထိခိုက်စေမည့်အနေအထားမိုျး ရောက်ရှိလာနိုင်မည်မဟုတ် ဟု လေ့လာသူများက သုံးသပ်ထားပါသည်။ မည်သို့ပင်ဆိုစေကာမူ အာဆီယံ-တရုတ်တို့၏ ဆက်ဆံရေးသည် မဟာဗျူဟာမြောက် မိတ် ဖက်ဆက်ဆံရေးအဖြစ် ဆက်လက်တည်ရှိနေမည်ဖြစ်ပြီး မည်သည့် အတိုင်းအတာအထိ ပူးပေါင်းဆောင် ရွက်သွားမည်ဆိုသောအချက် ကိုမူ အနာဂတ်တွင် ဆက်လက်ရှုစားသွားကြရပါမည်။ ကိုးကား-အင်တာနက်သတင်းများ

Tuesday, 21 Jun 2011

သွင်းကုန်အစားထိုးလုပ်ငန်းအဖြစ် အောင်မြင်စွာ ရပ်တည်လျက်ရှိသော PVC  ပိုက် ထုတ်လုပ်မှုလုပ်ငန်းများ              နိုင်ငံတစ်နိုင်ငံရဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်စေဖို့ ဆောင်ရွက်ရာမှာ ကုန်ထုတ်စွမ်းအားတိုးတက်လာဖို့ လိုအပ်ပါတယ်။ ပြည်တွင်း ထုတ်ကုန်တွေ တိုးတက်ထုတ်လုပ်ဖို့ လိုအပ်သလို ပြည်ပထွက်ငွေ ယိုစီးမှုကို လျှော့ချနိုင်မယ့် သွင်းကုန်အစားထိုးလုပ်ငန်းတွေ ပိုမိုလုပ် ကိုင်ဖို့ လိုအပ်နေပါတယ်။ ဒါ့အပြင် နိုင်ငံတော်အပိုင်းကလည်း သွင်းကုန်အစားထိုးလုပ်ငန်းတွေကို တိုးတက်စေဖို့ အားပေးကူညီမှု တွေလည်း လုပ်ပေးနေပါတယ်။ ဒါကြောင့် စက်မှုလုပ်ငန်းတွေဖွံ့ဖြိုး ပြီး နိုင်ငံရဲ့ကုန်ထုတ်လုပ်ငန်းတွေလည်း တိုးတက်လာမှာဖြစ်ပါတယ်။ ယခင်က လယ်ယာသုံး၊ ဆောက်လုပ်ရေးလုပ်ငန်းသုံး၊ ဆည်မြောင်း ရေသွင်း/ရေထုတ်လုပ်ငန်း၊ အဝီစိတွင်းတူးလုပ်ငန်းနဲ့ စည် ပင်သာယာရေးလုပ်ငန်းတွေမှာ ပြည်တွင်းဈေးကွက်အတွက် လိုအပ် တဲ့ သံပိုက်၊ GI ပိုက်နှင့် သွပ်ပိုက်တွေကို အများဆုံးတင်သွင်းခဲ့ပြီး အသုံးပြုခဲ့တာ တွေ့ရပါတယ်။ နောက်ပိုင်းမှာ ခေတ်စနစ်တွေ တိုးတက်လာတာနဲ့အမျှ သံပိုက်နေရာမှာ ပြည်ပနိုင်ငံထုတ် PVC ပိုက်များကို ထပ်မံ မှာယူသုံးစွဲခဲ့ကြတာပါ။ အဲဒီအချိန်ကာလမှာ ပြည် တွင်းမှာ PVC ပိုက်ထုတ်လုပ်တဲ့ ပုဂ္ဂလိကစက်ရုံတွေ မရှိသေးပါဘူး။ ပြည်တွင်းလုပ်ငန်းရှင်တွေက PVC ပိုက် ဆိုဒ်မျိုးစုံကို ပြည်ပက မှာ ယူတင်သွင်းခဲ့ရာမှာ ကုန်ပွဖြစ်တာကြောင့်၊ သယ်ယူပို့ဆောင်ရာမှာ စရိတ်စကကြီးမားမှုနဲ့ အခက်အခဲမျိုးစုံနဲ့ ကြုံတွေ့ခဲ့ရပါတယ်။ အခု အခါမှာတော့ ပြည်တွင်းမှာ PVC ပိုက်ပျော့နှင့် ပိုက်မာထုတ်လုပ်တဲ့ စက်ရုံတွေ ခုနစ်ရုံလောက်ရှိပြီး PVC ပိုက်ဆိုဒ်မျိုးစုံကို တွင်ကျယ်စွာ ထုတ်လုပ်နေပြီလို့ သိရပါတယ်။ အဲဒီအထဲက ယနေ့ ပြည်တွင်းဈေး ကွက်မှာ အများဆုံးထုတ်လုပ်နေတဲ့ စက်ရုံတွေကတော့ အောင်ကမ္ဘာ နဲ့ တိုကျို၊ ဘင်ဟာ၊ PPI  ၊ ဘိုဆန်းနဲ့ နေရှင်နယ်တို့ပါပဲ။ အခုလက်ရှိ အခြေအနေမှာတော့ ပြည်တွင်းပုဂ္ဂလိကထုတ်တဲ့ PVC ပိုက်ပျော့နဲ့ ပိုက်မာတွေဟာ ပြည်တွင်းဈေးကွက်မှာ တွင်ကျယ်စွာ အသုံးပြုနေတာ တွေ့ရပါတယ်။ ပြည်တွင်းဈေးကွက်                 ပြည်တွင်းဈေးကွက်မှာ PVC  ပိုက်ပျော့နဲ့ ပိုက်မာတွေကို အများဆုံး ဝယ်ယူသုံးစွဲကြတာကတော့ လယ်ယာစိုက်ပျိူးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စည်ပင်သာယာရေးဦးစီးဌာန၊ လျှပ်စစ်စွမ်း အားဝန်ကြီးဌာန၊ ပုဂ္ဂလိက စက်ရုံများ၊ လယ်ယာသုံးနဲ့ ရွှေတွင်းတူးဖော်ရေးလုပ်ငန်းများ ဖြစ်ပါတယ်။ ဒါ့အပြင် အဆင့်မြင့်အိမ်ရာ စီမံ ကိန်းတွေ၊ အဝီစိတွင်းတူးတဲ့သူတွေ၊ မီးသုံးစွဲသူတွေ၊ ရေသွင်း/ရေ ထုတ်လုပ်ငန်းတွေမှာလည်း ဝယ်ယူသုံး စွဲမှုတွေ များလာတယ်လို့ သိရပါတယ်။ပိုက်လက်ရှိထုတ်လုပ်နေတဲ့လုပ်ငန်းတွေထဲက ပြည်တွင်းဈေးကွက်မှာ ဈေးကွက်အကြိုက် အောင်မြင်စွာ ထုတ်လုပ်နေတဲ့ အောင်ကမ္ဘာကုမ္ပဏီနဲ့ ဘိုဆန်းကုမ္ပဏီတို့ကို လေ့လာခဲ့ပါတယ်။ ဝယ်လိုအားရှိသလောက် ထုတ်လုပ်နေတဲ့ အောင်ကမ္ဘာ                     လှိုင်သာယာစက်မှုဇုန်(၂)မှာရှိတဲ့ အောင်ကမ္ဘာစက်ရုံကို ၂ဝဝ၅-၂ဝဝ၆ ခုနှစ်မှာ ထူထောင်ခဲ့ပြီး ကိုရီးယားနဲ့ တရုတ်နိုင်ငံ လုပ်တွေနဲ့ PVC ပိုက်ပျော့ လည်ချောင်းပိုက်ဆိုဒ်မျိုးစုံကို လိုင်း ၁ လိုင်းဖြင့် စတင်ထုတ်လုပ်ခဲ့ပါတယ်။ ''နည်းပညာကတော့ ကိုရီးယားနဲ့ တရုတ်ပါဘဲ၊ စထုတ်လုပ်တုန်းကဆိုရင် လုပ်သားအင်အား ၁၅ ဦးနဲ့ စခဲ့တာပါ။ ထုတ်လုပ်တဲ့ပစ္စည်းက နိုင်ငံတကာအရည်အသွေးမီလို့ ပြည်တွင်းဈေးကွက်မှာ ဝယ်လိုအားက များလာတယ်။ ထုတ်လုပ်မှု ကနည်းနေတော့ ၂ နှစ်ခြား ၁ လိုင်းစီထပ်တိုးခဲျ့ပြီး ထုတ်လုပ်လာတာ အခုဆိုရင် ၆ လိုင်းလောက်ရှိသွားပြီ'' လို့ စက်ရုံ အထွေထွေ မန်နေဂျာ ဦးမြင့်သန်းက ပြောပါတယ်။ ပြည်တွင်းရောင်းချရာမှာ သုံးစွဲသူတွေအကြိုက် ဒီဇိုင်းနဲ့ ဆိုဒ်မျိုးစုံကို စက်ရုံက ထုတ်လုပ်ပေးလို့ ပြည်တွင်းဈေးကွက်က ကြိုက်နှစ်သက်ကြပါတယ်။ PVC ပိုက်တွေကို ပြည်တွင်းမှာထုတ်လုပ်တယ်ဆိုပေမယ့် အခြေခံကုန်ကြမ်းတွေဖြစ်တဲ့ PVC  အမှုန့်၊ DOB အမှုန့်နဲ့ ဓာတုပစ္စည်းမိုျးစုံကို ကိုရီးယား၊ မလေးရှားနဲ့ ယိုးဒယားနိုင်ငံတို့မှ အများဆုံးမှာယူရပြီး ထုံးကို တော့ ပြည်တွင်းဖြစ်ပဲသုံးပါတယ်။ ထုတ်လုပ်မှုက ၁လိုင်းကို ၁ ရက် ၁ တန်ခွဲမှ ၂ တန်အထိ ထုတ်လုပ်နေပါတယ်။ PVC လည်ချောင်း ပိုက်က ၁ လက်မခွဲမှ ၁ဝ လက်မအထိ၊ ပိုက်ပျော့က ၄ လက်မ တစ်မျိုးတည်းဖြစ်ပြီး လေပိုက်က ဆိုဒ်မိုျးစုံထုတ်လုပ်နေတယ်လို့ အဆိုပါပုဂ္ဂိုလ်ကပဲ ထပ်မံရှင်းပြပါတယ်။      PVC ပိုက်ဖြန့်ချိမှုကတော့ ရန်ကုန်၊ မန္တလေး၊ နေပြည်တော်ကို အဓိကဖြန့်ပြီး ကျန် တိုင်းဒေသကြီး၊ ပြည်နယ်များ ကိုလည်း စက်ရုံက ချိုသာသောဈေးနှုန်းနဲ့ တိုက်ရိုက်ရောင်းချပေးနေတာလို့ ဆိုပါတယ်။ ပြည်တွင်းဈေးကွက်မှာ PVC  ပိုက်တွေ နေရာရလာတာနဲ့အမျှ စက်ရုံ အပိုင်းကလည်း တိုးခဲျ့ထုတ်လုပ်လာလို့ အခုဆိုရင် လုပ်သားအင်အား ၁ဝဝ ကျော်ရှိလာပြီလို့ သိရပါတယ်။ စက်မှုလုပ်ငန်းတွေ ဖွံ့ဖြိုး တိုးတက်လာတာနဲ့အမျှ လှိုင်သာယာအနီးတစ်ဝိုက်မှ လုပ်သား တွေလည်း အလုပ်အကိုင်အခွင့်အလမ်းတွေ ရရှိလာပါတယ်။ လုပ် သားတွေ ကျွမ်းကျင်ဖို့အတွက် တရုတ်ပညာရှင်များနဲ့ မကြာခဏ သင်တန်းတွေပေးခဲ့ပြီး လုပ်ငန်းခွင်မှာ ကျွမ်းကျင်လာအောင် စီစဉ် ပေးခဲ့တယ်လို့ သိရပါတယ်။ ''အရင်က PVC ပိုက်တွေကို ထုတ်လုပ်ရာမှာ မီးပုံမှန်မလာလို့ အခက်အခဲတွေရှိခဲ့ပါတယ်။ ဒီ PVC  ပိုက်တွေထုတ်လုပ်ရာမှာ စက်ကို လုံးဝရပ်လို့မရပါဘူး။ မီးပုံမှန်မရ တော့ မီးစက်တို့၊ စက်ဆီတွေသုံးစွဲရလို့ ထုတ်လုပ်မှုကုန်ကျစရိတ်တွေ များလာခဲ့ပါတယ်။ အခုတော့ မီးကပုံမှန်နီးပါးလာလို့ ထုတ်လုပ်မှု စရိတ်တွေသက်သာပြီး ထုတ်လုပ်ရာမှာပိုပြီး အဆင်ပြေလာတယ်''လို့ စက်ရုံကတာဝန်ရှိသူတစ်ဦးက ဆိုပါတယ်။ ထပ်မံတိုးခဲျ့ထုတ်လုပ်နေတဲ့ FRP ပိုက်ကြီးတွေ                   ''FRP ပိုက်ကြီးတွေကို ဒူဘိုင်းနဲ့တရုတ်မှာ သုံးစွဲနေတာ ကြာပါပြီ။ မြန်မာပြည်မှာ အခုဆိုရင် FRP ပိုက်ကြီးတွေကို နိုင်ငံတကာ စံချိန်စံညွှန်းအတိုင်း ကျွန်တော်တို့ ထုတ်လုပ်နေပါပြီ။ FRP 1200 mm ပေါ့၊ အရှည်ကတော့ ၄ဝဒ ရှိပါတယ်။ သံပိုက် အစားထိုးပေါ့။ဒီ FRP က သံပိုက်လို သံချေးမတက်ဘူး။ ပင်လယ်ရေ အဖြတ်ခံတယ်။ အာမခံက အနည်းဆုံးအနှစ် ၅ဝ ပဲ၊ အခုဆိုရင် အောင်တံခွန်က လှော်ကားကို ရေပို့တဲ့နေရာမှာ သုံးနေပြီ''လို့ အထွေထွေမန် နေဂျာ ဦးမြင့်သန်းက ရှင်းပြပါတယ်။ ''အခုလည်း စည်ပင်သာယာရေးဝန်ကြီးဌာနက Order တွေရှိလို့ တောက်လျှောက်ထုတ်လုပ်နေ ရတယ်''လို့ အဆိုပါပုဂ္ဂိုလ်က ထပ်မံရှင်းပြပါတယ်။ ဈေးကွက်အကြိုက်ထုတ်လုပ်နေတဲ့ ဘိုဆန်း                     ''၁၉၉၇ နှစ်က မန္တလေးမှာ ယိုးဒယားက PVC ပိုက်တွေ သွင်းပြီး ပြည်တွင်းမှာ ကုန်စည်မိတ်ဆက်တဲ့အနေနဲ့ စရောင်းခဲ့တာပါ။ နောက်ပိုင်းမှာ သုံးစွဲသူတွေများလာလို့ ၂ဝဝ၂ ခုနှစ်မှာ လှိုင်သာယာ စက်မှုဇုန်ရှိ မြေ ၁ ဧကပေါ်မှာ တရုတ်၊ ဂျာမန်စက်ကြီးတွေနဲ့ PVC ပိုက်ကို လိုင်း ၂ လိုင်းနဲ့ စထုတ်ခဲ့ပါတယ်။ စထုတ်တုန်းက ငါးမူး ဆိုဒ်ကနေ ၁ဝ လက်မအထိ ထုတ်ခဲ့တာပါ။ စထုတ်တုန်းက လုပ်သား အင်အား ၄ဝ ဦးနဲ့စခဲ့တာပါ၊ ကျွန်တော်တို့ထုတ်လုပ်တဲ့ ရည်ရွယ်ချက်ကတော့ သုံးစွဲသူတွေအနေနဲ့ နိုင်ငံတကာအရည် အသွေးမီပစ္စည်း ဖြစ်ဖို့ရယ်၊ ဈေးနှုန်းခိသာစွာနဲ့ သုံးစွဲနိုင်ဖို့ရယ်ဆိုပြီး ထုတ် လုပ်ခဲ့တယ်''လို့ ဒါရိုက်တာ ဦးကျော်မင်းက ဆိုပါတယ်။ PVC ပိုက်ထုတ်လုပ်ဖို့လိုအပ်တဲ့ ကုန်ကြမ်းပစ္စည်းတွေဖြစ်တဲ့ PVC အမှုန့်ရယ်၊ အခြားဆက်စပ် ကုန်ကြမ်းတွေကို ယိုးဒယား၊ ကိုရီးယား၊ ဂျပန်၊ အင်ဒိုနီးရှားနဲ့ တရုတ်နိုင်ငံတို့မှ မှာယူတင်သွင်းပြီး ထုံးကိုတော့ မန္တလေးထုံးစက်ရုံက တိုက်ရိုက်မှာယူပါတယ်။ ကုန်ကြမ်းရရှိမှုအခြေအနေက အဆင်ပြေပါတယ်။ ထုတ်လုပ်တဲ့အခါမှာ အရင်က မီးမမှန်လို့ အခက်အခဲရှိပေမယ့် အခုတော့ မီးပုံမှန်လာနေ လို့ ထုတ်လုပ်ရာမှာ ပိုပြီးအဆင်ပြေကြောင်း ဦးကျော်မင်းကပဲ ပြော ပါတယ်။                   ''စက်ရုံကထုတ်လုပ်တဲ့ PVC ပိုက်တွေကို ဘိုဆန်း၊ ဂျမ်ဘို တံဆိပ်တွေနဲ့ တစ်ပြည်လုံးဖြန့်ပြီးရောင်းပါတယ်။ ဝယ်လိုအားက များနေတယ်။ ကျွန်တော်တို့က ဒီလိုဖောက်သည်တွေကို ပစ္စည်း အပြည့် မပေးနိုင်သေးဘူး။ ဒါကြောင့် ထုတ်လုပ်မှုအပိုင်းကို တိုးခဲျ့ရာ မှာ အခုဆိုရင် လိုင်း ၈ လိုင်းနဲ့ ထုတ်လုပ်ပြီး လုပ်သား အင်အား လည်း တိုးခဲ့တဲ့အတွက် အခုဆိုရင် အင်အား ၂၆ဝ လောက်ရှိလာပြီ'' ဟု ဦးကျော်မင်းက ရှင်းပြပါတယ်။ လုပ်သားတွေ ကျွမ်းကျင်ဖို့အတွက် စက်စတင်လည်ပတ်တဲ့အခါက တရုတ်ပညာရှင်တွေက သင်တန်း ပေးခဲ့တာကြောင့် အခုဆိုရင် ဆင့်ပွားပြီးတတ်ကျွမ်းတဲ့သူက နောက် ထပ် အသစ်လုပ်သားတွေကို ထပ်မံသင်ကြားစေခဲ့ပါတယ်။ PVC ပိုက်တွေကို အများဆုံးသုံးစွဲတာကတော့ ဆောက်လုပ်ရေးလုပ်ငန်းများ၊ လယ်ယာစိုက်ပျိုးရေး လုပ်ငန်းများ၊ ရေအားလျှပ်စစ်လုပ်ငန်းများ၊ မြစ်ရေ တင်စီမံကိန်းများ၊ မီးကြိုးတပ်ဆင်တဲ့လုပ်ငန်းများ၊ အင်တာနာများ အထိပါပဲ။ နောက်ထပ်တိုးခဲျ့ ထုတ်လုပ်မှုက PVC  ပိုက်ပျော့တွေထုတ်လုပ်သွားဖို့ အစီအစဉ်ရှိပါတယ်။ PVC  ပိုက်မာက ဈေးကွက်ရဲ့ လိုအပ်ချက်ကို မဖြည့်ဆည်းနိုင်သေးဘူး၊ ဒါကြောင့် ပြည်တွင်းမှာ PVC ပိုက်ထုတ်လုပ်တဲ့စက်ရုံတွေ ထပ်မံတိုးခဲျ့ထုတ် လုပ်ဖို့ လိုအပ်နေသေးကြောင်း သိရပါတယ်။                  သွင်းကုန်အစားထိုး စက်မှုလုပ်ငန်းကဏ္ဍတွေ ပိုမိုတိုးတက် လာရင် ပြည်ပသွင်းကုန်မှာ ယူမှု လျော့နည်းလာကာ ပြည်တွင်း ဈေးကွက်မှာ ဈေးနှုန်းခိုျသာစွာနဲ့ ဖြန့်ဖြူးရာင်းချနိုင်မယ်။ ပြည်တွင်း မှာလည်း အလုပ်အကိုင် အခွင့်အလမ်းတွေလဲ များလာမှာဖြစ်ပါတယ်။                          ပြည်တွင်း PVC  ပိုက်ထုတ်လုပ်တဲ့ လုပ်ငန်းရှင်တွေကလည်း ပြည်တွင်းဈေးကွက် ဆက်လက်ခိုင်မာလာဖို့ အရည်အသွေးကို တိုးတက်စေဖို့၊ ဈေးကွက်မှာ ယှဉ်ပြိုင်ရောင်းချနိုင်ဖို့ လိုအပ်သလို ပြည် တွင်းမှာသာမက ပြည်ပဈေးကွက်အထိ တင်ပို့ရောင်းချနိုင်အောင် ကြိုးပမ်းဖို့လိုပါကြောင်း ရေးသားလိုက်ရပါတယ်။

Monday, 13 Jun 2011

 ဈေးကွက်စီးပွားရေး နဲ့ စားအုန်းဆီတင်သွင်းမှု               ယခုနှစ် သြင်္ကန်အပြီး နှစ်သစ်ကူးစမှာ ပြည်ပက စားအုန်းဆီ တင်သွင်းမှုကို ပို့ကုန်ဝင်ငွေရှိပြီး ဆီဖြန့်ဖြူးမှုလုပ်ငန်းကို ထိထိရောက် ရောက်လုပ်ကိုင်နိုင်မယ့် လုပ်ငန်းရှင်များကိုတင်သွင်းခွင့်ပြုခဲ့တာ သိရပါတယ်။ အဲဒီလို တင်သွင်းခွင့်ပြုရာမှာ မည်သူမဆို တင်သွင်းခွင့် ရှိတယ်လို့ ဆိုပေမဲ့ တင်သွင်းကုမ္ပဏီများအနေနဲ့ ဆီတန်ချိန် ၃ဝဝဝ နဲ့ အထက်တင်သွင်းနိုင်ရမယ်လို့ ကြားသိရပါတယ်။ ဒီအတွက် စားအုန်းဆီ တင်သွင်းဖြန့်ဖြူးမှုမှာ ကြီးကြပ်ဆောင်ရွက်နေတဲ့ သက်ဆိုင်ရာဌာနနဲ့ မြန်မာနိုင်ငံဆီကုန်သည်များနှင့် ဆီလုပ်ငန်းရှင် များ အသင်းတို့က တာဝန်ရှိသူတို့ကို စာရေးသူတွေ့ဆုံ မေးမြန်းခဲ့ပါ တယ်။ ကုမ္ပဏီငယ်များ တစ်ပြေးညီ အခွင့်အလမ်းရရှိစေဖို့ စုပေါင်းတင်သွင်းခွင့်ပြု                  တာဝန်ရှိသူတွေ ပြောကြားတာကတော့ '' ပို့ကုန်ဝင်ငွေရှိတဲ့ ကုမ္ပဏီအားလုံး လွတ်လပ်စွာ တင်သွင်းခွင့် ရှိတာ မှန်ပါတယ်။ ဒါပေမဲ့ အဲဒီကုမ္ပဏီများဟာ တန် ၃ဝဝဝ နဲ့အထက် ပုံမှန်တင်သွင်း နိုင်သူဖြစ်ရပါမယ်။ တန် ၃ဝဝဝ နဲ့ အထက်ကို ကုမ္ပဏီတစ်ခုထဲက တင်သွင်းနိုင်ခြင်းမရှိရင်လည်း ပူးပေါင်းလုပ်ကိုင်နိုင်တဲ့ ကုမ္ပဏီ အများ စုပေါင်းပြီး တင်သွင်းခွင့်ပြုထားပါတယ်။ ဒီလို စုပေါင်းတင်သွင်းတာ ဟာလည်း ကုမ္ပဏီငယ်တွေ လုပ်သာကိုင်သာရှိစေဖို့နဲ့ တစ်ပြေးညီ အခွင့်အလမ်းရရှိစေဖို့ပဲ ဖြစ်ပါတယ်။ ဒါ့အပြင် ငွေကြေးဈေးကွက် (Capital Market )ဖြစ်ဖို့ အများပိုင်ကုမ္ပဏီများ ဖြစ်ထွန်းဖို့ လိုအပ်တာဖြစ်လို့ အထူးပြုကုမ္ပဏီ များဖွဲ့စည်ပြီး စိုက်ပျိုးထုတ်လုပ်သူ အကျိုး အတွက် ဆောင်ရွက်နေသလို ယခုလို ကုမ္ပဏီများစုစည်းပြီး တင်သွင်းဖြန့်ဖြူးခြင်းဟာလည်း အလေ့အကျင့် ကောင်းတစ်ခုဖြစ်စေ ပါတယ်'' လို့ ဆိုပါတယ်။ ပမာဏများများ ဝယ်ယူခြင်းက ဈေးပိုသက်သာ                 နောက်တစ်ချက်အနေနဲ့ တစ်ဦးချင်းစီ ပမာဏနည်းနည်းနဲ့ ဝယ်ယူတင်သွင်းတာထက် စုပေါင်းပြီး ပမာဏများများ ဝယ်ယူ တင်သွင်းခြင်းအားဖြင့် တစ်ဖက်ရောင်းသူထံက ဈေးနှုန်းသက်သာစွာ ဝယ်ယူနိုင်တဲ့အပြင် သယ်ယူပို့ဆောင်မှု အပိုင်းမှာလည်း တစ်စု တစည်းနဲ့ အရည်အသွေးအားဖြင့်လည်း တစ်ပြေးညီ ရရှိတဲ့အကျိုး တွေရှိပါတယ်။ ဒါ့အပြင် ဆီသင်္ဘောတွေအနေနဲ့လည်း အနည်းဆုံး တန် ၃ဝဝဝ ဆံ့ သင်္ဘောများရှိတာကြောင့်ပဲ ဖြစ်ပါတယ်'' လို့ ဆိုပါ တယ်။ တင်သွင်းပုံစံအလိုက် ကုန်ကျစရိတ် ကွာခြားမှုရှိ                      ဆက်လက်ပြီး ''တန် ၃ဝဝဝနဲ့အထက် တင်သွင်းရာမှာInbulk၊ ပေပါ၊ ပလပ်စတစ်ပုံ(Jerrycan )၊ Flexi စသဖြင့် ပုံစံအမျိုးမျိုးနဲ့ ကြိုက်နှစ်သက်သလို တင်သွင်းခွင့်ပြုထားပါတယ်။ ဒါပေမဲ့ တင်သွင်း ပုံစံအမျိုးမျိုးရှိသလို ကုန်ကျ စရိတ်ကလည်း ကွာခြားပါတယ်။လက်ရှိငွေလဲနှုန်းများနဲ့ ရန်ကုန်ဆိပ်ကမ်းအရောက် အခြေခံ တွက်ချက်မှုအရ အရင်းဈေးဟာ ပေပါနဲ့ သွင်းရင် Inbulk  နဲ့ သွင်းဈေးထက် တစ်ပိဿာ ၁၁၃ ကျပ် ရာခိုင်နှုန်းအားဖြင့် ၆ ဒသမ ၁ ရာခိုင်နှုန်း ပိုများပြီး ပလပ်စတစ်ပုံးနဲ့ သွင်းမယ်ဆိုရင် တစ်ပိဿာ ၆၅ ကျပ်၊ ရာခိုင်နှုန်း အားဖြင့် ၃ ဒသမ ၅ ရာခိုင်နှုန်း ပိုများတာ တွေ့ရပါတယ်။ ကုမ္ပဏီ တစ်ခုကို တန် ၃ဝဝဝ နှုန်း တင်သွင်းတာဖြစ်လို့ ပေပါနဲ့ တန် ၃ဝဝဝ သွင်းရင် ကျပ်သိန်းပေါင်း ၂ဝ၇၄ သိန်းကျော် ပိုမိုကုန်ကျပြီး ပလပ်စတစ်ပုံးနဲ့ သွင်းရင် သိန်းပေါင်း ၁၁၉၃ သိန်း ပိုကုန်ကျပါတယ်။ တစ်နည်း ပြောရရင် Inbulk  နဲ့ တန် ၃ဝဝဝ အထက် တင်သွင်း တာက ကုန်ကျစရိတ် အမြောက်အမြားသက်သာတဲ့ အတွက် ပြည် တွင်း ဖြန့်ဖြူးရာမှာ ဈေးသက်သက်သာသာနဲ့ ဖြန့်ဖြူးနိုင်လို့ပါပဲ '' လို့ ဆိုပါတယ်။ သုံးဦးသုံးဖလှယ် အကိုျးရှိအောင် ချိန်ဆတင်သွင်း                       ယခင်က မြန်မာနိုင်ငံဟာ '' ဆီကို ရေချိုး၊ ဆေးရိုးမီးလှုံ၊ စပါး တောင်လိုပုံ '' ဆိုတဲ့ ဆိုရိုးစကားနဲ့အညီ ပြည်တွင်းထုတ်လုပ်တဲ့ ဆီနဲ့ ဖူလုံခဲ့ပါတယ်။ ဒါပေမဲ့ လူဦးရေ တိုးပွားလာပြီး စားသုံးမှု ပုံစံ ပြောင်းလဲလာတာနဲ့အမျှ ဆီလိုအပ်ချက်လည်း ကြီးမားလာတဲ့ အတွက် နိုင်ငံတော်အနေနဲ့ ပြည်ပက တင်သွင်းခွင့်ပြုခဲ့တာဖြစ်ပါ တယ်။ ဒီလို တင်သွင်းခွင့်ပြုရာမှာလည်း ပြည်တွင်း ဆီထွက်သီးနံှ စိုက်ပျိုးတဲ့ တောင်သူတွေနဲ့ ကြိတ်ခွဲထုတ်လုပ်တဲ့ ဆီစက်လုပ်ငန်းရှင် များရဲ့ အကျိုးကို မထိခိုက်စေရအောင်နဲ့ စားသုံးသူတွေ ဈေးနှုန်း မဖိစီးရအောင်ဆိုတဲ့ အချက်တွေ ထည့်သွင်းစဉ်းစားပြီး လိုအပ်တဲ့ ကာလမှာ လိုအပ်တဲ့ ပမာဏကို ချိန်ဆပြီး တင်သွင်းစေခဲ့တယ်လို့ သိရပါတယ်။ အင်အားကြီးနိုင်ငံများလည်း ဆီတင်သွင်းမှုကို ကိုင်တွယ် ထိန်းကျောင်း                          ကမ္ဘာမှာ စားဆီတင်သွင်းမှုအများဆုံးနိုင်ငံများဖြစ်တဲ့ တရုတ်နဲ့ အိန္ဒိယနိုင်ငံတို့ရဲ့ စားအုန်းဆီတင်သွင်းမှုကို လေ့လာကြည့်မယ်ဆိုရင် ပြည်တွင်းဆီထွက်သီးနံှစိုက်ပျိုးထုတ်လုပ်သူများကို အကာအကွယ် ပေးဖို့၊ ပြည်တွင်းရောင်းချမှု ပြတ်လပ်ပြီး ဈေးနှုန်းမကြီးမြင့်ဖို့ ဆိုတဲ့ ကြားနှစ်ခုကို တင်သွင်းခွန်နဲ့ အတိုးအလျော့ပြု လုပ်တယ်လို့ သိရပါ တယ်။ ပြည်တွင်းဆီထုတ်လုပ်မှု မြင့်တက်ချိန်မှာ တင်သွင်းမှု လျှော့ချ ဖို့ အခွန်တိုးမြှင့် ကောက်ခံပြီး ပြည်တွင်းဈေးကြီးမြင့်ချိန် ဆီလိုအပ်ချိန် မှာ တင်သွင်းခွန်ကို အနည်းဆုံးဖြစ်အောင် လျှော့ချပေးတယ်လို့ သိရပါတယ်။ အိန္ဒိယနိုင်ငံအနေနဲ့ စားအုန်းဆီတင်သွင်းမှုကို အများအားဖြင့် နိုင်ငံပိုင် အေဂျင်စီများ ဖြစ်တဲ့ MMTC, STC နဲ့ PEC တို့က တင်ဒါစနစ်နဲ့ ဝယ်ယူတင်သွင်းတာတွေ့ရပြီး အများအားဖြင့် စားအုန်းဆီကြမ်းကိုInbulkနဲ့ သွင်းတာလေ့လာ သိရှိရပါတယ် ထိုင်းနိုင်ငံမှာ စားအုန်းဆီကို ကုန်တိုက်များမှ တစ်ဆင့်ဖြန့်ဖြူး ပြည်တွင်းမှာ စားအုန်းဆီထုတ်လုပ်မှုရှိပေမဲ့ လိုအပ်တဲ့ ဆီကို ပြည်ပက တင်သွင်းနေရတဲ့ အိမ်နီးချင်း ထိုင်းနိုင်ငံမှာလည်း အစိုးရက စားသုံးသူအများပြည်သူကို အထောက်အပံ့ ( Subsidy )  ပြုတဲ့အနေ နဲ့ တင်သွင်းစားအုန်းဆီကို ကုန်တိုက်များမှ တစ်ဆင့် သတ်မှတ်ဈေးနဲ့ ဖြန့်ဖြူးပေးပါတယ်။ လျှော့ဈေးနဲ့ ရောင်းချပေးလို့ ပစ္စည်းရောင်းချမှု ပြတ်လပ်လျော့နည်းချိန်မှာ လူတစ်ဦးကို ၂ လီတာ ထက်ပိုပြီး ဝယ်ယူ ခွင့်မရှိဘူးဆိုတာ သတ်မှတ်ထားတယ်လို့ ဆီတင်သွင်းသူ လုပ်ငန်းရှင်ကြီးတစ်ဦးက ပြောကြားပါတယ်။ စက်မှုကုန်ကြမ်းသုံး စားအုန်းဆီ ကြမ်းကိုတော့ နိုင်ငံတကာပေါက်ဈေးအတိုင်း လွတ်လပ်စွာ ဝယ်ယူ ခွင့်ပြုထားတယ်လို့လည်း ဆိုပါတယ်။                ဈေးကွက်စီးပွားရေးနဲ့ ပြည်သူအကျိုးပြု ကြပ်မတ်မှု နိုင်ငံတကာ ဆီတင်သွင်းဖြန့်ဖြူးမှုကို ကြည့်တဲ့အခါမှာ ဘယ် လောက်ပဲ ဈေးကွက်စီးပွားရေးစနစ် ဖွင့်ထားတယ်ဆိုတဲ့ အစိုးရ ပင် ဖြစ်စေ မိမိတို့ပြည်တွင်းမှာ လုံလုံလောက်လောက်ရောင်းချနိုင် အောင် ၊ ဈေးမတက်အောင်နဲ့ ပြည်တွင်းထုတ်လုပ်သူများရဲ့ အကျိုး မထိခိုက်အောင် တစ်နည်းနည်းနဲ့ ကြပ်မတ်ဆောင်ရွက်နေတာ တွေ့ရပါတယ်။                 တင်သွင်းမှုသာမက ဖြန့်ဖြူးမှုအပိုင်းပါ ချောမွေ့အောင် ပူးပေါင်း မြန်မာနိုင်ငံအနေနဲ့လည်း မြေပဲ၊ နှမ်း ၊ နေကြာ၊ ပဲပုပ်နဲ့ ဆီအုန်း အစရှိတဲ့ ပြည်တွင်းဆီထွက်သီးနံှများကို ပိုမိုတိုးတက်ထွက်ရှိလာ အောင် သက်ဆိုင်ရာဌာနအသီးသီး၊ အဖွဲ့အစည်း အသီးသီးနဲ့ ဒေသ ဆိုင်ရာ အာဏာပိုင်များ ပူးပေါင်းပြီး ဆောင်ရွက်နေသလို တစ်ဖက် ကလည်း အခြေခံလူတန်းစားများရဲ့ ဈေးနှုန်းဖိစီးမှုမဖြစ်စေဖို့လည်း ဈေးနှုန်းအသက်သာဆုံးနဲ့ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ ဆီတွေ ဖူလုံစွာရောင်းချနိုင်ဖို့ တင်သွင်းဖြန့်ဖြူးစေတာ ဖြစ်ပါတယ်။ ယခု ဆိုရင် တင်သွင်းမှုအပိုင်းမှာ အဆင်ပြေယုံသာမက သိုလှောင်မှုအပိုင်း နဲ့ စားသုံးသူတွေဆီကို ကြားခံအဆင့်မများဘဲ တိုက်ရိုက် ရောင်းချနိုင် အောင်လည်း သက်ဆိုင်ရာဌာန၊ အသင်းနဲ့ တင်သွင်းကုမ္ပဏီများ (Public Private Partnership) ပူးပေါင်းဆောင်ရွက် နေတယ်လို့ လည်း ကြားသိရပါတယ်။               အသင်းနဲ့ သက်ဆိုင်ရာဌာန တာဝန်ရှိသူတွေရဲ့ ပြောကြားချက် အပြင် ဈေးကွက်မှာ တကယ့်အခြေအနေမှန်ကို လေ့လာကြည့်ပြီး တဲ့နောက် နိုင်ငံတကာမှာ ဆောင်ရွက်နေတဲ့ နည်းတူ မြန်မာနိုင်ငံမှာ လည်း ပြည်တွင်းစားသုံးသူအကျိုး၊ စိုက်ပျိုးထုတ်လုပ်သူ၊ လုပ်ငန်းရှင်များနဲ့ တင်သွင်းတဲ့ လုပ်ငန်းရှင်များရဲ့ ရေရှည်အကျိုးကိုပါ နိုင်ငံတော် အနေနဲ့ ထည့်သွင်းစဉ်းစားဆောင်ရွက်နေတာလို့ စာရေးသူ ထင်ဟပ် မိပါတော့တယ်။ CTM   

Tuesday, 7 Jun 2011

သစ်တောသယံဇာတ အလွန်အကံျွ ထုတ်ယူသုံးစွဲခြင်းကြောင့် သဘာဝပတ်ဝန်းကျင် ယိုယွင်းပျက်စီးလာမှု                 ကမ္ဘာကိုပူနွေးလာစေတဲ့ ကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်ငွေ့တွေ များပြားလာတဲ့ အကြောင်း အရင်းကြီးတစ်ခုဟာ သစ်တောတွေကို အမြောက်အမြား ခုတ်ထွင်ခဲ့ခြင်းကြောင့် ဖြစ်တယ်ဆိုတဲ့ အချက်ကို လူတွေသိထားခဲ့ကြတာ နှစ်ပေါင်း ၂၅ဝ လောက်ရှိခဲ့ပါပြီ။ ဒါပေမဲ့ ယနေ့တိုင် သစ်တောတွေကို တရားဝင်ရော၊ တရားမဝင်ရော အမျိုးမျိုး ခုတ်လဲှနေကြပါတယ်။ သစ်တောသဘာဝသယံဇာတ အရင်းအမြစ်ကြီးကို ရေရှည်တည်တံ့ဖွံဖြိုး တိုးတက်အောင် ဆောင်ရွက်ရမယ့်အစား အလွန် အကံျွထုတ်ယူသုံးစွဲနေတာကြောင့် သဘာဝပတ် ဝန်းကျင်ကို ပျက်ယွင်းလာစေခဲ့ပါတယ်။ ဒီလိုသာ သစ်တော သယံဇာတတွေကို ဆက်လက်ပြီး အလွန်အကံျွ ခုတ်ယူသုံးစွဲနေဦးမယ်ဆိုရင် နောက်ထပ် ပိုမိုဆိုးရွားတဲ့ ရာသီဥတုအခြေအနေတွေနဲ့ ကြုံတွေ့လာနိုင်ပါတယ်။                လွန်ခဲ့တဲ့နှစ်ပေါင်း ၈ဝဝဝလောက်က ကမ္ဘာ့ မြေဧရိယာရဲ့ ၅ဝရာခိုင်နှုန်းဟာ သစ်တောတွေနဲ့ ဖုံးလွှမ်းခဲ့ပေမယ့် ယခုအခါ ၃ဝ ရာခိုင်နှုန်းအောက် အထိ လျော့နည်းလာပြီဖြစ်ပါတယ်။ ၁၈၅ဝ ပြည့်နှစ်နောက်ပိုင်း သစ်တောတွေ ပျက်စီးပြုန်းတီးလာ ခဲ့တာကြောင့် ကမ္ဘာ့လေထုအတွင်း ကာဗွန်ဒိုင်အောက်ဆိုက် ဂိုင်ဂါတန် ၁၂ဝ ပိုပြီးရောက်ရှိလာ ပါတယ်။ တစ်ကမ္ဘာလုံးရဲ့ ကာဗွန်ဒိုင်အောက်ဆိုက် ဓာတ်ငွေ့ထုတ်လွှတ်မှုပမာဏ ငါးပုံတစ်ပုံဟာ သစ်တောတွေ ပျက်စီးမှုကြောင့်ဖြစ်ပါတယ်။ အဲ့ဒီပမာ ဏဟာ သယ်ယူပို့ဆောင်ရေးကဏ္ဍက ထုတ်လွှတ် တဲ့ ကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်ငွေ့ ပမာဏ ထက် ပိုမိုများပြားနေပါတယ်။ မက္ကဆီကိုနိုင်ငံမှာဆိုရင် တရားဝင်ရော၊ တရားမဝင်ရော သစ်တောတွေအလွန်အကံျွ ခုတ် လဲှခဲ့မှုကြောင့် သစ်တောဧရိယာ သုံးပုံတစ်ပုံဟာ ပျောက်ကွယ်သွားခဲ့ရပါတယ်။ မက္ကဆီကိုနိုင်ငံမှာ ၂ဝဝဝပြည့်နှစ်တုန်းက သစ်တောပြုန်းတီမှုဟာ ၃၃ ရာခိုင်နှုန်းသာရှိခဲ့ပေမဲ့ ၂ဝဝ၉ ခုနှစ်ရောက်တော့ ၅၂ ရာခိုင်နှုန်းအထိ ရှိလာပါတယ်။                  ကမ္ဘာပေါ်မှာပေါက်ရောက်နေတဲ့သစ်တော တွေထဲမှာ အပူပိုင်းဒေသသစ်တောတွေဟာ အထူထပ်ဆုံးနဲ့ အကျယ်ဝန်းဆုံးဖြစ်ပါတယ်။ အပူပိုင်းဒေသဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ သစ်တောတွေ ပျက် စီးဆုံးရှုံးမှု အများဆုံးဖြစ်ပေါ်နေပါတယ်။ ၂ဝဝဝ ပြည့်နှစ်ကနေ ၂ဝဝ၅ခု နှစ်အတွင်း တောင်အမေရိကတိုက်မှာ နှစ်စဉ်ဧက ၁ဝ သန်းကျော် ဆုံးရှုံး ခဲ့ရပြီး အာဖရိကတိုက်မှာ ဧက ၉သန်းကျော် ဆုံးရှုံး နေခဲ့ပါတယ်။ ဒီလိုသစ်တောတွေ ပျက်စီးပြုန်းတီး လာရတဲ့ အဓိက အကြောင်းအရင်းကြီးတွေက တော့ သစ်တောတွေကို လယ်ယာစိုက်ပျိုးမြေ အဖြစ် ခုတ်ထွင်ပြောင်းလဲခြင်း၊ တရားမဝင် သစ် ခိုးထုတ် ရောင်းဝယ်ခြင်းနဲ့ တောမီးလောင်ခြင်း တွေကြောင့် ဖြစ်ပါတယ်။                    လွန်ခဲ့တဲ့နှစ်ပေါင်း ၁ဝဝ အတွင်း လူသား တွေဟာ အမေဇုန်သစ်တောကြီးကို ပြောင်တလင်း ဖြစ်လုနီးပါး ခုတ်လဲှခဲ့ကြပါတယ်။ တစ်နည်းအားဖြင့် အမေဇုန်သစ်တောအတွင်း တစ်နာရီတိုင်းမှာ သစ်ပင်သန်းနဲ့ချီပြီး ခုတ်လဲှတာခံခဲ့ရတယ်လို့ ဆိုပါတယ်။ အင်ဒိုနီးရှားနိုင်ငံမှာရှိတဲ့ အပူပိုင်း သစ်တောကြီးဆိုရင် အာရှတိုက်မှာ အကျယ်ဝန်းဆုံး ဖြစ်သလို ကမ္ဘာမှာ တတိယအကြီးဆုံး သစ်တောပဲ ဖြစ်ပါတယ်။ အဲဒီသစ်တောကြီးကနေ သစ်နဲ့ သစ်တောထွက်ကုန်တွေကို ပြည်တွင်းပြည်ပ ကုမ္ပဏီ တွေက ရင်းနှီးမြှုပ်နံှပြီး ထုတ်လုပ်ရောင်းချခဲ့ရာမှာ နှစ်စဉ်ဝင်ငွေ အမေရိကန်ဒေါ်လာ ၅ ဘီလီယံ အထိ ရရှိခဲ့တယ်လို့ သိရပါတယ်။ ဒါကြောင့် သစ်တောဌာန၊ သစ်ခုတ်လဲှတဲ့ လုပ်ငန်း၊ သစ်တော ထွက်ပစ္စည်းရောင်းဝယ်တဲ့ လုပ်ငန်းတွေမှာ ရင်းနှီး မြှုပ်နံှပြီး၊ လုပ်ကိုင်သူတွေ ထောင်ပေါင်းရာနဲ့ချီပြီး ရှိခဲ့ပါတယ်။ ၁၉၆ဝ ပြည့်နှစ် ပတ်ဝန်းကျင်မှာ အင်ဒိုနီးရှားနိုင်ငံ မြေဧရိယာရဲ့ ၈၂ ရာခိုင်နှုန်းဟာ သစ်တောတွေနဲ့ တည်ရှိခဲ့ပေမဲ့ ၂ဝဝ၉ ခုနှစ် ရောက်တဲ့အခါ ၄၉ရာခိုင်နှုန်းသာ ရှိပါတော့တယ်။ ၁၉၉ဝ ပြည့်နှစ်နဲ့ ၂ဝဝ၅ခုနှစ်အကြား အင်ဒိုနီးရှား နိုင်ငံမှာ သစ်တောဟက်တာပေါင်း ၂၈ သန်း ပျက် စီးသွားခဲ့ရပါတယ်။ သစ်တောဧရိယာတွေထဲမှာ ဆီအုန်းပင်တွေ အစားထိုးစိုက်ပိုျးခဲ့ခြင်းနဲ့ စက္ကူ ပျော့ဖတ်ထုတ်လုပ်တဲ့ စက်ရုံတွေတည်ထောင်ခဲ့တဲ့ အတွက်ကြောင့် သစ်တောတွေ အများအပြား ခုတ်လဲှရှင်းလင်းတာ၊ ကုန်ကြမ်းအဖြစ် အသုံးပြုတာ ခံခဲ့ရပါတယ်။ ၂ဝဝ၈ ခုနှစ်လောက်ကစပြီး အင်ဒိုနီးရှားနိုင်ငံက ရင်းနှီးမြှုပ်နံှသူတွေဟာ စားအုန်းဆီရောင်းရငွေ တစ်နှစ်ကို အမေရိကန် ဒေါ်လာ ၁ဝ ဘီလီယံကျော် ရရှိခဲ့ပေမဲ့ သူတို့ရဲ့ သဘာဝပတ်ဝန်းကျင်ဟာ ပျက်စီးယိုယွင်းလာခဲ့ရပါတယ်။ တောမီးတွေ၊ မီးခိုးမြူတွေကြောင့် ရာသီဥတုပြောင်းလဲလာပြီး ရေလွှမ်းမိုးတာ၊ မြေပြိုတာ၊ ငလျင်နဲ့ ဆူနာမီစတဲ့ သဘာဝဘေးအန္တရာယ် ကပ်ဆိုးအမျိုးမျိုးနဲ့ ကြုံတွေ့လာခဲ့ရကြောင်းပါခင်ဗျာ။ ွRef:''Giving the chop toDeforestation'' (The Strait Times)

Tuesday, 7 Jun 2011

တန်ဖိုးငယ်ငွေစက္ကူများ ဖြန့်ဖြူးလဲလှယ်ပေးလျက်ရှိ                မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် ပြည်သူများငွေကြေးသုံးစွဲမှု လွယ်ကူ ချောမွေ့စေရန်အတွက် ၁ိ/-တန်မှ ၅ဝဝဝိ/-တန်အထိ ငွေစက္ကူများထုတ်ဝေလျက်ရှိရာ၊ ယင်းအနက်၁ိ/-၊ ၅ိ/-၊ ၁ဝိ/-၊ ၂ဝိ/-၊ ၅ဝိ/-၊ ၁ဝဝိ/-၊ ၂ဝဝိ/- နှင့် ၅ဝဝိ/- တန် တန်ဖိုးငယ်ငွေစက္ကူများအားလွယ်လင့်တကူသုံးစွဲနိုင်ရန် စဉ်ဆက် မပြတ် ဖြန့်ဖြူးလဲလှယ်ပေးလျက်ရှိကြောင်းသိရှိ ရပါသည်။                    မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် ၂ဝဝ၅-၂ဝဝ၆ ဘဏ္ဍာရေးနှစ်မှ ၂ဝ၁ဝ- ၂ဝ၁၁ ဘဏ္ဍာရေးနှစ်အထိ ၆ နှစ်တာကာလအတွင်း တန်ဖိုးငယ်ငွေစက္ကူများအား အောက်ဖော်ပြပါအတိုင်း ဖြန့်ဖြူးလဲလှယ်ပေးခဲ့ကြောင်း သိရှိရပါသည် ဘဏ္ဍာရေးနှစ်               ကျပ်သန်းပေါင်း၂ဝဝ၅-၂ဝဝ၆                 ၇၆၆၆.၁၈ဝ၂ဝဝ၆-၂ဝဝ၇                 ၄၄၃၇.၈၈ဝ၂ဝဝ၇-၂ဝဝ၈                 ၁၁၁၅.၄ဝဝ၂ဝဝ၈-၂ဝဝ၉                 ၄၄၇ဝ.၇၆ဝ၂ဝဝ၉-၂ဝ၁ဝ                 ၁ဝ၂၆၇.ဝ၄ဝ၂ဝ၁ဝ-၂ဝ၁၁                 ၅၈ဝ၈၆.၈ဝဝ                   မြန်မာနိုင်ငံတော် ဗဟိုဘဏ်သည် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ ဈေးများဌာနသို့ ၂၂.၁.၂ဝဝ၈ ရက်နေ့မှစ၍ တစ်ပတ်လျှင် ကျပ် ၂၆ ဒသမ ၆ဝ သိန်း လဲလှယ်ပေးခဲ့ပြီး၊ ၁၄.၉.၂ဝ၁ဝ ရက်မှစ၍ တစ်ပတ်လျှင် ကျပ် ၆ဝ သိန်းသို့လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီး မော်တော်ယာဉ် လိုင်းပေါင်းစုံ ထိန်းသိမ်းရေး ကော်မတီသို့ ၂၂.၁.၂ဝဝ၈ ရက်နေ့မှစ၍ အပတ်စဉ် ကျပ် ၂၆ ဒသမ ၆ဝ သိန်း လဲလှယ်ပေးခဲ့ပြီး၊ ၂၉.၃.၂ဝ၁၁ ရက်နေ့မှစ၍ တစ်ပတ်လျှင် ကျပ်သိန်း ၂ဝဝ သို့လည်းကောင်း တိုးမြှင့်လဲလှယ်ပေးလျက်ရှိကြောင်း၊ ယင်းသို့ဆောင်ရွက်လျက် ရှိရာမှ ပြည်သူများအတွင်း လည်ပတ်သုံးစွဲနေ သည့် ဟောင်းနွမ်းစုတ်ပြဲ ငွေစက္ကူ လျော့နည်းပပျောက်စေရေးအတွက် ၃.၈.၂ဝဝ၉ ရက်နေမှစ၍ အမှတ်-၁၉၈၊ ဗိုလ်ဆွန်ပက်လမ်းနှင့် ကမ်းနားလမ်းထောင့်၊ ပန်းပဲတန်းမြို့နယ်၊ ရန်ကုန်မြို့တွင် ဖွင့်လှစ်ထားသည့် မြန်မာနိုင်ငံ တော် ဗဟိုဘဏ်၊ ရန်ကုန်ဘဏ်ခွဲ၊ ငွေကြေးဌာန၊ ငွေစက္ကူလဲလှယ်ရေးကောင်တာ နှင့်ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ မြန်မာ့စီးပွားရေးဘဏ်ခွဲ(၃ဝ)တို့တွင် ဟောင်းနွမ်း စုတ်ပြဲ ငွေစက္ကူများကို မိမိလဲလှယ်သည့် ငွေစက္ကူအမျိုးအစားအတိုင်း တန်ဖိုးတူ ငွေစက္ကူသစ်များဖြင့် နေ့စဉ် လဲလှယ်ပေးလျက်ရှိကြောင်း သိရပါသည်။ နေပြည်တော်ရှိ မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ နေပြည်တော် စည်ပင်သာယာရေး ကော်မတီဈေးများဌာနသို့ ၈.၈.၂ဝဝ၈ ရက်နေ့မှစ၍ အပတ်စဉ် ကျပ် ၂၄ သိန်း လဲလှယ်ပေးခဲ့ပြီး ၁ဝ.၅.၂ဝ၁ဝ ရက်နေ့မှစ၍တစ်ပတ်လျှင် ကျပ် ၇၅ သိန်း အထိ တိုးမြှင့်လဲလှယ်ပေးလျက်ရှိကြောင်း သိရှိရပါသည်။                   မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ မန္တလေးဘဏ်ခွဲမှလည်း မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီ ဈေးများဌာနသို့ ၈.၁ဝ.၂ဝဝ၈ ရက်နေ့မှစ၍ တစ်ပတ်လျှင် ကျပ် ၃၁ ဒသမ ၈ဝ သိန်းလဲလှယ်ပေးခဲ့ပြီး ၇.၁.၂ဝ၁၁ ရက်နေ့မှစ၍ တစ်ပတ်လျှင် ကျပ် ၃၁ ဒသမ ၇ဝ သိန်းအထိလည်းကောင်း၊ ၁၇.၈.၂ဝဝ၉ မှစ၍ ယနေ့အထိ မော်တော်ယာဉ် လိုင်းပေါင်းစုံထိန်းသိမ်းရေး ကော်မတီသို့ တစ်ပတ်လျှင် ကျပ် ၂၅ ဒသမ ၅ဝ သိန်းအားလည်းကောင်း လဲလှယ်ပေးလျက်ရှိကြောင်း သိရှိရပါသည်။                    ထို့ပြင် မြန်မာနိုင်ငံတော် ဗဟိုဘဏ် နေပြည်တော်၊ ရန်ကုန်ဘဏ်ခွဲနှင့် မန္တလေး ဘဏ်ခွဲတို့မှ ကုန်တိုက်များ၊ ှSupermarket များ၊ စတိုးဆိုင်များ၊ ကုမ္ပဏီများအပြင် လက်ဖက်ရည်ဆိုင်၊ စားသောက်ဆိုင်များသို့လည်း လုပ်ငန်းပမာဏ အပေါ်မူတည်၍ တန်ဖိုးငယ် ငွေစက္ကူများအား လဲလှယ်ပေးလျက် ရှိပါသည်။ ၎င်းအပြင် တစ်နိုင်ငံ လုံးရှိ မြန်မာ့စီးပွားရေးဘဏ်များ အနေဖြင့်လည်း ဟောင်းနွမ်းစုတ်ပြဲ ငွေစက္ကူများ အား လာရောက်လဲလှယ်သည့် ငွေစက္ကူအမျိုးအစားအတိုင်း တန်ဖိုးတူ ငွေစက္ကူ သစ်များဖြင့် ပြန်လည်လဲလှယ်ပေးလျက်ရှိကြောင်း သိရှိရပါသည်။                  မြန်မာနိုင်ငံတော် ဗဟိုဘဏ်သည် ယင်းသို့သာမန်ဟောင်းနွမ်းစုတ်ပြဲ ငွေစက္ကူ အဆင့်ထက် ကျော်လွန်သည့် ချွတ်ယွင်းငွေစက္ကူများ (မီးလောင်၊ ဆွေးမြေ့၊ ပိုးမွှားကိုက်၊ ဓာတ်ဆေး၊ ဆိုးဆေးမိ၊ ဆီစွန်းစသည်များ)ကိုမူ ယခင်က အမှတ်-၁၉၈ ဗိုလ်ဆွန်ပက်လမ်းနှင့် ကမ်းနားလမ်းထောင့်၊ ပန်းပဲတန်းမြို့နယ်၊ ရန်ကုန်မြို့တွင် ဖွင့်လှစ်ထားသည့် မြန်မာနိုင်ငံတော် ဗဟိုဘဏ်၊ ငွေကြေးဌာန၊ ချွတ်ယွင်း ငွေစက္ကူများ တန်ဖိုးလဲလှယ်ပေးရေးဌာနစိတ်တွင် သာ လက်ခံစိစစ်လဲလှယ် ပေးလျက်ရှိရာမှ လုပ်သားပြည်သူများ ပိုမိုအဆင်ပြေစွာ လဲလှယ်နိုင်ရန်အတွက် နေပြည်တော်ခရိုင်၊ ဥတ္ထရသီရိမြို့နယ်၊ ရာဇသင်္ဂဟလမ်း၊ ရုံးအမှတ်(၅၅)၊ မြန်မာနိုင်ငံတော် ဗဟိုဘဏ်၊ ငွေကြေးဌာန၌ ၂ဝ၁ဝခုနှစ် နိုဝင်ဘာ ၁ ရက်မှစ၍လည်းကောင်း၊ မန္တလေးမြို့ ၈၂ လမ်းနှင့် ၂၆ လမ်းထောင့် မြန်မာ့စီးပွားရေးဘဏ်ခွဲ (၁)၊ အဆောက်အအုံ ပထမထပ်ရှိ မြန်မာနိုင်ငံတော် ဗဟိုဘဏ် မန္တလေးဘဏ်ခွဲ၌ ၂ဝ၁၁ ခုနှစ် ဇန်နဝါရီလ ၃ရက်မှစ၍ လည်းကောင်း ချွတ်ယွင်း ငွေစက္ကူများတန်ဖိုး လဲလှယ်ပေး ရေး ဌာနစိတ် ဖွင့်လှစ်၍ လဲလှယ်ပေးလျက်ရှိကြောင်း သတင်းရရှိပါသည်။

Wednesday, 4 May 2011

ကမ္ဘာ့ဈေးကွက်မှာ ဝယ်လိုအားရှိတဲ့ "ချင်း " ကို တိုးချဲ့စိုက်ပျိုး တင်ပို့သင့်ကမ္ဘာ့ချင်းထုတ်လုပ်နိုင်မှုအခြေအနေ                  တစ်ကမ္ဘာလုံးချင်းထုတ်လုပ်မှုမှာ ၂ဝဝ၈ ခုနှစ်စာရင်းအရ တန်ချိန် ၁၄ သိန်း ၅ သောင်းကျော်ဖြစ်ပြီး အာရှတိုက်မှ ၈၈ ရာခိုင်နှုန်း၊ အာဖရိကတိုက်မှ ၁၂ ရာခိုင်နှုန်း ထုတ်လုပ်ကြကြောင်း၊ အိန္ဒိယနိုင်ငံမှ အများဆုံး ထုတ်လုပ်ပြီး တရုတ်၊ အင်ဒိုနီးရှား၊ နီပေါ၊ နိုက်ဂျီးရီးယား၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့မှာလည်း အများအပြားထုတ်လုပ်ကြကြောင်း သိရှိရပါတယ်။ အိန္ဒိယနိုင်ငံက ကမ္ဘာပေါ်တွင် ချင်းအများဆုံး စိုက်ပျိုးထုတ်လုပ်တဲ့နိုင်ငံဖြစ်ပြီး ထုတ်လုပ် မှုရဲ့ ၉ဝ ရာခိုင်နှုန်းကို ကုန်ကြမ်းအတိုင်း အသုံးပြုကာ ကျန်ပမာဏကို ချင်းခြောက်ပြုလုပ်ကြောင်း၊ ပျမ်းမျှအနေနဲ့ အိန္ဒိယနိုင်ငံရဲ့ ချင်းတင်ပို့မှုက ပြည်တွင်း ထုတ်လုပ်မှုရဲ့ ၁ဝ ရာခိုင်နှုန်းသာဖြစ်ပြီး ကျန် ၉ဝ ရာခိုင်နှုန်းကို သုံးစွဲကြောင်း သိရှိရပါတယ်။ အာဖရိကတိုက်ရှိ နိုက်ဂျီးရီးယားနဲ့ အီသီယိုပီးယားနိုင်ငံတို့မှာ စိုက်ပျိုးမှုလျော့နည်းလာပြီး တရုတ် နိုင်ငံမှာလည်း စိုက်ပျိုးမှုလျော့နည်းလာရာ ထုတ်လုပ်မှုပုံမှန်ထက်ကျဆင်းကာ ဈေးနှုန်းမြင့်မားလာဖွယ် ရှိကြောင်း သတင်းတွေအရ သိရှိရပါတယ်။ မြန်မာ့ချင်းထုတ်လုပ်မှုအခြေအနေ                       မြန်မာနိုင်ငံမှာ ချင်းကို နှစ်စဉ် ဧပြီလနဲ့ မေလတွေမှာ စတင်စိုက်ပျိုးကြပါတယ်။ စိုက်ပြီး ၅ လ ခန့်အကြာ သြဂုတ်လနဲ့ စက်တင်ဘာလတို့မှာ ဥမ (မျိုးဥ) တွေကို တူးဖော်ရပါတယ်။ မျိုးပိဿာ ၆ဝဝ ရှိရင် ဥမပိဿာ ၄ဝဝ တူးဖော်ရနိုင်ကြောင်း သိရပါတယ်။ ချင်းသီးနံှအနေနဲ့ တူးဖော်ချိန်မှာ မတူးဖော် သေးဘဲ နောက်ရာသီတိုင်အောင် ထားလို့ရတဲ့အတွက် ကြိုက်ဈေးစောင့်ပြီး ရောင်းနိုင်တဲ့အနေ အထားရှိကြောင်း သိရှိရပါတယ်။ ချင်းစိုက်ဧက တစ် ဧကမှာ မျိုးပိဿာ (၅ဝဝ မှ ၈ဝဝ) အထိသုံးစွဲကြရပြီး ပိဿာ ၃ဝဝဝ မှ ၅ဝဝဝ ကြားထွက်ရှိတာဖြစ်လို့ မျိုးသုံးစွဲမှုအ ပေါ် ၆ ဆခန့်ရှိကြောင်း၊ ချင်းခြောက်ပြုလုပ်ရာတွင် ချင်းအစိုပိဿာ ၁ဝဝ အခြောက်ခံပါက ချင်းခြောက် ၁၅ ပိဿာမှ ၁၈ ပိဿာထိ ရနိုင်ကြောင်း သိရှိရပါတယ်။                  ၂ဝဝ၇-၂ဝဝ၈ ဘဏ္ဍာနှစ်မှာ ချင်း ၇ဝ၂၇၄ တန်ထွက်ရှိပြီး ၂ဝဝ၈-၂ဝဝ၉ ဘဏ္ဍာနှစ်မှာ ၇၁၆၈၇ တန် ထွက်ရှိကြောင်း သိရှိရပါတယ်။ ဘဏ္ဍာနှစ်အလိုက် ချင်းကို ပင်လယ်ရေကြောင်းမှ တင်ပို့မှုကို သုံးသပ်ကြည့်ပါက အောက်ပါအတိုင်း တွေရှိရမှာဖြစ်ပါတယ်စဉ် ဘဏ္ဍာနှစ်                  တန်ချိန် (ထောင်ပေါင်း)                တန်ဖိုး(ကန်ဒေါ်လာသန်းပေါင်း)၁။ ၂ဝဝ၇-၂ဝဝ၈                             ၂.၈၅                                       ဝ.၈၉၂။ ၂ဝဝ၈-၂ဝဝ၉                              ဝ.၁၁                                      ဝ.၁ဝ၃။ ၂ဝဝ၉-၂ဝ၁ဝ                             ၆.၇၄                                       ၂.၄၆                   ၎င်းဇယားအရ ချင်းပြည်ပတင်ပို့မှုမှရရှိတဲ့ နိုင်ငံခြားငွေမှာ ၂ဝဝ၉-၂ဝ၁ဝ ဘဏ္ဍာနှစ်မှာ ဒေါ်လာ ၂ သန်း ခွဲခန့်နဲ့ အများဆုံးရရှိခဲ့ပါတယ်။ ချင်းဈေးကွက်နိုင်ငံတွေကတော့ ပါကစ္စတန်နိုင်ငံကို အများဆုံး တင်ပို့နိုင်ခဲ့ပြီး စင်ကာပူ၊ မလေးရှား၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ ဗီယက်နမ်၊ တောင်ကိုရီးယားနိုင်ငံတွေကို နှစ်စဉ်ဈေးကွက်မပျက်တင်ပို့နိုင်ခဲ့ ကြောင်း သိရှိရပါတယ်။ ချင်းစိုက်ပျိုးထုတ်လုပ်တိုးမြင့်တင်ပို့နိုင်ရေး                   ချင်းပို့ကုန်လိုင်စင်လျှောက်ထားရာမှာ သီးခြားထောက်ခံချက်တင်ပြဖို့မလိုဘဲ သတ်မှတ် လုပ်ထုံး လုပ်နည်း တွေနဲ့အညီ လွယ်ကူမြန်ဆန်စွာ ဆောင်ရွက်ပေးလျက်ရှိပါတယ်။ ပြည်ပဝယ်လက်ဈေးကွက်တွေ မှာလည်း ပုံမှန်ရှိနေပြီး ဈေးကောင်းရရှိနေတဲ့ ပို့ကုန်အမယ်ဖြစ်တာကြောင့် တိုးခဲျ့စိုက်ပျိုး ထုတ်လုပ်တင်ပို့ သင့်ကြောင်း အကြံပြုလိုပါတယ်။ ချင်းသီးနံှအနေနဲ့ ပြည်ပဝယ်လက်ဈေးကွက်တွေလည်း ပုံမှန်ရှိနေတဲ့ ပို့ကုန်အမယ်ဖြစ်တာကြောင့် တိုးခဲျ့စိုက်ပျိုး ထုတ်လုပ်တင်ပို့သင့်ကြောင်း အကြံပြုလိုပါတယ်။ သက်ဆိုင်ရာ အသင်းအဖွဲ့များ၊ ဌာနဆိုင်ရာများ၊ တောင်သူများနဲ့ ကုမ္ပဏီလုပ်ငန်းရှင်များ တက်ြွကစွာ ပူးပေါင်းပြီး အရည်အသွေးကောင်းမွန်တဲ့ ချင်းတွေ စိုက်ပျိုးထုတ်လုပ်တင်ပို့နိုင်ရေး ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်သင့် ပါကြောင်း တိုက်တွန်းလိုက်ရပါတယ်။ ဝင်းသန်းကျော်

Wednesday, 9 Feb 2011

တစ်နိုင်ငံလုံး ကြက်သွန်နီစားသုံးမှုကို အထောက်အပံ့ပြုတဲ့ မကွေးကြက်သွန် ဒီနှစ်ပိုစိုက်လာ                        မကွေးတိုင်းဒေသကြီးမှာ မြေပြန့်လွင်ပြင်လည်း ပါသလို ကုန်းမြင့်ချိုင့်ဝှမ်းတွေလည်း ရှိတာကြောင့် မိုးတွင်းမှာ မိုး ရွာတုန်း ခဏရေစီးဆင်းပြီး တစ်နှစ်ပတ်လုံး ရေကလေးစပ်စပ်နဲ့ သဲသောင်ခုံ တွေ ကျန်ရစ်ခဲ့တဲ့ ပင်းချောင်း၊ ယင်းချောင်း၊ ယောချောင်းဆိုတဲ့ သဘာဝအရ ဖြစ်ထွန်းနေတဲ့ ချောင်းကြီးတွေရှိကြပါတယ်။ ဒီချောင်းကြီးတွေ ရေကျအပြီး တန်ဆောင်မုန်းလလောက်ဆိုရင် ဒူး ပေါင်လယ်လောက်ရှိတဲ့ ရေစီးကြောင်း ကလေးနဲ့ ဘေးဝဲယာ တစ်ဖက်တစ်ချက်မှာစားဖိုဆောင်သီးနံှကြက်သွန်နီကို မျက်စေ့တစ်ဆုံး စိုက်ကြပါတယ်။ သဘာဝက ပေးလာသော ချောင်းပြင်၊ ချောင်းစပ်၊ သောင်ခုံတွေမှာ ဒေသ၊ ရာသီနဲ့ ရေမြေအနေအထားအလိုက် ထိပ်ဆုံးက နှစ်စဉ်ဝတ်မပျက် စိုက်ပျိုးခဲ့တဲ့ ကြက်သွန်နီသီးနံှဖြစ်ပါတယ်။ ကြက်သွန်နီစိုက်ခြင်း၊ မစိုက်ခြင်းဟာ ဈေးနှုန်းတက်တာ ကျတာနဲ့လည်း မပတ်သက်လှပါဘူး။ ဒီနှစ်ကြက် သွန်ဘယ်ဈေးပဲ ဖြစ်ဖြစ် ဒီချောင်းတွေမှာ ကြက်သွန်စိုက်နေကြ တောင်သူတွေ အချိန်တန်ရင် စိုက်တာပါပဲ။                             ဒါကြောင့်ဒီနှစ်လည်း မကွေးတိုင်းဒေသကြီးအတွင်းမှာ မိုးရာသီ ကင်းလွတ် ပွင့်လင်းလာပြီဆိုတာနဲ့ စက်တင်ဘာလကုန်လောက်က စပြီး ဇော်မွှားစိုက်၊ ကုန်းစိုက်၊ ဥစိုက်တွေ စိုက်လာကြတယ်။ ဒီဇင်ဘာ လလောက်မှာ ကြက်သွန်မျိုးစေ့တွေ ပျိုးထောင်ပြီး သဲသောင်စိုက် ဆိုပြီး စိုက်ကြတယ်။ နှစ်စဉ်မကွေးတိုင်းဒေသကြီးအ တွင်းမှာ ကြက်သွန်နီဧက (၄ သောင်း ကျော်)စိုက်ထားတာကြောင့် တစ်နိုင်ငံ လုံးစိုက်ပျိုးမှုရဲ့ (၂၈ ရာခိုင်နှုန်း)ရှိတာ တွေ့ရပါတယ်။ ဒါကြောင့် နိုင်ငံတော်ရဲ့ စားဖိုဆောင်သီးနံှကြက်သွန်နီဖူလုံရေး မှာ မကွေးတိုင်း ဒေသကြီးက ရှေ့တန်းမှာ တာဝန်ယူဆောင်ရွက်နေတယ်လို့ ပြောလို့ ရပါတယ်။                              ဒီလိုတောင်သူတွေ ပုံမှန်စိုက်ရုံတင် မကပါဘူး။ တောင်သူတွေ လက်လှမ်းမမီတဲ့ သောင်ခုံအပြင်ပိုင်းနှင့် တိုင်းအတွင်း မြေလွတ်၊ မြေရိုင်းတွေကို စက်ယန္တရားတွေနဲ့ ပြုပြင်ပြီး စိုက်ပျိုးမြေတွေအဖြစ် အရင်းအနှီးတတ်နိုင်တဲ့ ကုမ္ပဏီတွေကို ကြက်သွန်နီတွေစိုက်ပျိုးစေခဲ့ တာကလည်း ၂ဝဝ၄-၂ဝဝ၅ ခုနှစ်ကတည်းကပါ။ အဲဒါကြောင့် မကွေးတိုင်းဒေသကြီးအတွင်းက တောင်သူတွေ ပုံ မှန်စိုက်ပိုျး ထုတ် လုပ်မှုအပြင် ကုမ္ပဏီတွေရဲ့မြေလွတ်မြေရိုင်းကြက်သွန်နီစိုက် ဧက တွေနဲ့ဆိုတော့ ကြက်သွန်နီတွေ တိုင်းဒေသကြီးအတွင်းမှာ ထွက်ချင် တိုင်း ထွက်နေတော့တာပေါ့။              ဒါပေမယ့် ကြက်သွန်ဆိုတာ တောင်သူကစိုက်ပျိုးပြီး ကုန်သည် လက်ထဲရောက်ရတာပါလား။ အများအားဖြင့် ကုန်သည်အများစုဟာ ကြက်သွန်ထွက်ဒေသက တောင်သူတွေပို့ပေးတာကို ဝယ်တယ်။ လှောင်ထားပြီး ကြက်သွန် မထွက်တဲ့တိုင်းနှင့် ပြည်နယ်တွေကို ပုံ မှန်အတိုင်း တင်ပို့ရောင်းချတယ်။ ဒါက ပုံမှန်ကုန်သည်အများစုရဲ့ ပုံမှန်လုပ်ငန်းပါ။ အချို့ကြတော့ ဒီလိုမဟုတ်ဘဲ ငါးပွက်ရာ ငါးစာချ တစ်နပ်စားÓဏ်နဲ့ ပုံမှန်လမ်းကြောင်းတွေကနေ သွေဖီပြီး နယ်စပ် ထွက်ပေါက်မြို့တွေကို တရားမဝင် လမ်းကြောင်းကနေ တင်ပို့တတ် တာလည်းရှိတော့ တကယ်လိုအပ်တဲ့ မြို့ကြီးတွေမှာ အရောက် နည်းပြီး ဝယ်လိုအားများလာကာ ဈေးတက်သွားတာ တွေလည်းဖြစ် တတ်ကြပါတယ်။ ဦးစား ပေးမှုကိုစဉ်းစားရင် ပြည်တွင်းစိုက်တဲ့ သီးနံှဟာ ပြည်တွင်းဖူလုံမှုကို ဦးစားပေးရမှာပါ။ ပိုပြီလံျှပြီဆိုမှ ပြည်ပ ပို့ပြီး တရားဝင်နိုင်ငံခြားငွေရအောင် လုပ်ရမှာပေါ့။ ဒါကြောင့် ကြက်သွန် ကုန်သည်များ ရေလိုက်မလွဲကြဖို့ သတိပြုစေလို ပါတယ်။ မြန်မာတို့ရဲ့ စားဖိုဆောင်မှာ ဆန်၊ ဆီ၊ ဆားဆိုတဲ့ အဓိကမရှိ မဖြစ် လိုအပ်ချက်များပြီးရင် ဒုတိယအရေးကြီးဆုံး သီးနံှဖြစ်တယ်လို့ ပြောကြပါတယ်။ စားသုံးသူတိုင်းနှင့် သက်ဆိုင်နေပါတယ်။ စားသုံးသူတိုင်းက စားဖိုဆောင်သီးနံှ ကြက်သွန်ကို ကာလအလိုက်သင့်တင့် လျောက်ပတ်သော ဈေးနှုန်းများနှင့် ဝယ်ယူစားသုံးလိုပါတယ်။ ကြက်သွန် စိုက်တောင်သူဘက်က ကြည့်ရင်လည်း တစ်ပိဿာ၊ တစ်ဧက စိုက်ပိုျးထုတ်လုပ်မှု ကုန်ကျစရိတ်တွေကို အတတ်နိုင်ဆုံး လျှော့ချနိုင် ရမယ့်အပြင် နှစ်စဉ်စိုက်ပိုျး ထုတ်လုပ်တဲ့ တောင်သူ၊ တိုးခဲျ့စိုက်ပျိုး နိုင်ဖို့ ကြိုးပမ်းနေရမှာဖြစ်ပါတယ်။ ဒါမှလည်း အထွက်တွေတိုးပြီး နေ့စဉ်တိုးပွားနေတဲ့ လူဦးရေအတွက် ဖူလုံမှုကိုကျော်လွန်ပိုလံျှပြီး နိုင်ငံခြားဝင်ငွေရနိုင်အောင် ပြည်ပတင်ပို့သွားနိုင်မှာဖြစ်ပါတယ်။ ဒါကြောင့် မကွေးတိုင်းဒေသကြီး အနေနဲ့ ယမန်နှစ်က ကြက်သွန်နီ (၄၈၅၆၇) ဧက စိုက်ပျိုးခဲ့ရာမှ ယခုနှစ် မှာ စုစုပေါင်း(၄၈၈၅၅) ဧက စိုက်ပျိုးထားပြီးလို့ မနှစ်ကထက် (၂၈၈) ဧကပိုမိုပါတယ်။ အခြား ကြက်သွန်စိုက်တိုင်းနှင့် ပြည်နယ်များနှင့် ပေါင်းလိုက်ရင် တစ်နိုင်ငံ လုံးရှိ ပြည်သူတွေစိတ်ပူစရာမလိုဘဲ ဖူလုံပိုလံျှမှာ သေချာလှပါတယ်။ ကြက်သွန်ဟာ သိုလှောင်ပြီးမှ ရောင်း ချရတဲ့ရေဓါတ်နဲ့ ဖွဲ့စည်းထား တဲ့ သီးနံှဆိုတော့ ကာလကြာလာလျှင် အလျော့ များပြီး အရင်းအနှီး က တိုးသွားတတ်တာ သဘာဝပါတဲ့၊ ဒီအလျော့အပေါ်မှာ ဖြစ်ထိုက်တဲ့ ဈေးနှုန်းလည်း အချိုးကျသွားတတ်တာကို နားလည်ကြ ပါတယ်။ ဒါပေမယ့် ကြက်သွန်ကုန်သည်အချို့က ကောလဟာလများ ထုတ်လွှင့်၊ ဈေးကစားပြီး ဈေးကွက်တွေကို ပုံမှန်အတိုင်း တင်ပို့ခြင်း မပြုဘဲ ညှိပြီးပိတ်လှောင်ထားကာ တရားမဝင်နယ်စပ်ဂိတ်ရှိရာ မြို့ကြီးများကို မှောင်ခိုရောင်းချမှုတွေကြောင့် ကြက်သွန်ဈေး ကမောက်ကမ မတည်မငြိမ်ဖြစ်ခဲ့ရဖူးပါတယ်။ ဒီလိုကုန်သည်အချို့အနေနဲ့ မိမိတို့ရဲ့ ကိုယ်ကျိုးစီးပွား တစ်ခုတည်းကိုသာကြည့်ပြီး အမျိုး သား အကျိုးစီးပွားစိတ်ဓါတ်ချို့တဲ့နေကြောင်း ပြသတာပါဘဲ။ ဒီလို လုပ်ရပ် ဖြစ်ရပ်တွေကိုသာ အဖက်ဖက်က ကြပ်မတ်ထိန်း သိမ်း နိုင်မယ်ဆိုရင် အရေးပါတဲ့စားဖိုဆောင် သီးနံှကြက်သွန်နီဟာ စီးဆင်း မှု ပုံမှန်နဲ့ ပြည်တွင်းဒေသတိုင်းက စားသုံးသူတွေ ဈေးနှုန်းမှန်မှန်နဲ့ စားသုံးရမှာ ဖြစ်ကြောင်းပါခင်ဗျား။MZoo

Pages