Main menu

Background

Friday, 21 May 2010

ဆစ်(ခ်)  ဘုရားကျမ်းစာအုပ်ဖြစ်တဲ့ ဂရန်သ်ဆာဟစ်(ဘ်)ထဲပါတဲ့ "လေဟာကျွနု်ပ်တို့ ရဲ့ ဆရာသခင်ဖြစ်ပြီး ရေက အဖေ၊ ကမ္ဘာမြေ က အမေဖြစ်ပါတယ်" ဆိုတဲ့ စာပိုဒ်ဟာ အိန္ဒိယ ဆစ်(ခ်)ဘုန်းတော်ကြီး  ဘဲလ်ဘာဆင်းဆီးချီဝေါ ရဲ့ အကြိုက်နှစ်သက်ဆုံး စာပိုဒ်ဖြစ်တယ်လို့ သိရပါ တယ်။ အိန္ဒိယနိုင်ငံမှာ လွန်ခဲ့တဲ့ အနှစ် ၄၀ လောက်ကစပြီး  အကောင်အထည်ဖော်ခဲ့တဲ့ "အစိမ်းရောင် ပြောင်းလဲရေး (Green Revolution) " ကြီးကြောင့် လယ်ယာစိုက်ပျိုးရေးလုပ်ငန်း တွေ ဖွံ့ဖြိုးတိုးတက်လာပြီး ပန်ဂျတ်ပြည်နယ်ဟာ နိုင်ငံရဲ့ စပါးကျီကြီးဖြစ်လာခဲ့ပေမယ့် တစ်ချိန်က သန့်ရှင်းပြီး လှေသင်္ဘောတွေနဲ့ စည်ကားခဲ့တဲ့ မြစ်ချောင်းတွေကတော့ ရေတွေခမ်းခြောက် လာပြီး ညစ်ညမ်းလာခဲ့ရပါတယ်။ စက်မှုနဲ့ စိုက်ပျိုးရေး လုပ်ငန်းတွေက မြေအောက်ရေတွေကို  အမြောက် အမြား တူးဖော်သုံးစွဲခဲ့တာကြောင့် မြစ်ချောင်းတွေ ထဲကရေတွေ လျော့နည်းလာခဲ့ရပါတယ်။ စက်ရုံ အလုပ်ရုံတွေကထွက်ရှိတဲ့ ဘေးထွက် ပစ္စည်းနဲ့အမှိုက်တွေကို မြစ်ချောင်းတွေအတွင်း စွန့်ပစ်ခဲ့ကြတဲ့ အတွက် မြစ်ချောင်းတွေရဲ့ ရေတွေဟာ   ညစ်ညမ်း လာခဲ့ရပါတယ်။ စိုက်ပျိုးရေးလုပ်ငန်းတွေမှာ ဓာတ် မြေသြဇာနဲ့ ဓာတုဗေဒ ပိုးသတ်ဆေးတွေကိုအများ အပြား အသုံးပြုခဲ့တဲ့အတွက် အဲဒီလုပ်ငန်းတွေက ပိုလျှံလို့ထွက်ရှိလာတဲ့  ညစ်ညမ်းတဲ့ ရေတွေက လည်းမြစ် ချောင်းတွေထဲ စီးဝင်ခဲ့ကြပါတယ်။ပန်ဂျတ်ပြည်နယ်က ၉၉ မိုင် ရှည်လျား တဲ့ ကာလီဘိန်မြစ်ဟာ အဲဒီပြည်နယ်မှာ အများ ဆုံးနေထိုင်တဲ့ ဆစ်(ခ်)လူမျိုးတွေက ဘာသာရေး အရ အထွတ်အမြတ်ထားတဲ့ မြစ်တစ်ခုဖြစ်ပါ တယ်။ လွန်ခဲ့တဲ့ဆယ်စုနှစ် အနည်းငယ်အတွင်း အဲဒီမြစ်တစ်လျှောက်မှာရှိတဲ့ မြို့ပေါင်း ၆ မြို့နဲ့ ကျေးရွာပေါင်း ၄၀ ကနေ စည်းကမ်းမဲ့ အမှိုက် သရှိုက်တွေကို စွန့်ပစ်ခဲ့တာကြောင့် ရေညစ် ညမ်းတဲ့ မြောင်းကြီးတစ်ခုလို ဖြစ်လာခဲ့ရပါ တယ်။ တချို့ မြစ်ရဲ့ အစိတ်အပိုင်းတွေမှာ ရေ နည်းလာပြီး အနီးတစ်ဝိုက်က လယ်မြေတွေကို ခမ်းခြောက်စေခဲ့ပါတယ်။  ညစ်ညမ်းတဲ့ရေတွေ ဟာ မြေအောက်ကိုစိမ့်ဝင်ပြီး မြေအောက်ရေ အလွှာကိုပါ ညစ်ညမ်းစေတဲ့အတွက် သောက် သုံးရေကို အန္တရာယ်ပြုကာ လူတွေကို ရောဂါ အမျိုးမျိုး ဖြစ်ပွားစေခဲ့ပါတယ်။၂၀၀၀ ပြည့်နှစ်ရောက်တော့ ဆစ်(ခ်)ဘုန်း တော်ကြီး ဆီးချီဝေါဟာ မနေနိုင်တော့ဘဲ အဲဒီမြစ် ကို သန့်ရှင်းရေးပြုလုပ်ဖို့ စတင်ကြိုးစားခဲ့ပါတယ်။ဆစ်(ခ်)လူမျိုးရဲ့ ဓလေ့ထုံးစံဖြစ်တဲ့ ကာဆီဝါလို့ ခေါ်တဲ့ လုပ်အားပေးလှူခြင်းကို အခြေခံပြီး သူနဲ့ သူ့ရဲ့နောက်လိုက်တွေဟာ  အဲဒီမြစ် တစ်လျှောက် မှာ နေထိုင်ကြသူတွေကို ဘာကြောင့် ကာလီဘိန် မြစ်ကို သန့်ရှင်းရေးလုပ်ဖို့ လိုကြောင်း ဟောပြော စည်းရုံးခဲ့ပါတယ်။  လုပ်အားပေးမယ့်သူတွေကို စုစည်းပြီး လိုအပ်တဲ့ ပစ္စည်းကိရိယာတွေ ဝယ်ယူဖို့ ရန်ပုံငွေ ထူထောင်ပေးခဲ့ပါတယ်။ သူ့ရဲ့စည်းရုံးမှု ကြောင့် ရွာပေါင်း ၂၀ ကျော်မှ ရွာသားတွေဟာ သူရဲ့လုပ်ငန်းမှာ ပါဝင်လုပ်ကိုင်လာခဲ့ကြပါတယ်။စေတနာ့ဝန်ထမ်း လုပ်အားပေးသူတွေဟာ မြစ်ထဲမှာရှိတဲ့ ဗေဒါပင်နဲ့ နှုန်းမြေအားလုံးကို ဖယ် ရှင်းလင်းခဲ့ကြပါတယ်။ မြစ်နံရံတွေတည်ဆောက် ပြီး မြစ်ကြောင်းဘေးတစ်လျှောက်မှာလည်း လမ်း တွေကို ဖောက်လုပ်ခဲ့ပါတယ်။ ဘုန်းတော်ကြီး ဆီး ချီဝေါဟာ ပြည်နယ်အစိုးရနဲ့ မြူနီစီပါယ် အုပ်ချုပ် ရေးအဖွဲ့တွေကို မြစ်အတွင်း ညစ်ညမ်းတဲ့ရေတွေ မဝင်ရောက်နိုင်အောင် တားမြစ်ပေးဖို့ မေတ္တာရပ် ခံပြီးနောက် မြစ်ချောင်းတစ်လျှောက် နေထိုင်ကြ သူတွေကို အမှိုက်သရှိုက်တွေ မြစ်ချောင်းအတွင်း မစွန့်ပစ်ဖို့၊ မိမိတို့ရဲ့ အမှိုက်သရှိုက်တွေကို ယခင် အသုံးပြုခဲ့တဲ့ မိရိုးဖလာ အမှိုက်စွန့်ပစ်တဲ့ စနစ်တွေ ကိုဖော်ထုတ်ပြီး ဆောင်ရွက်သွားကြဖို့ ဟောပြော စည်းရုံးခဲ့ပါတယ်။ ပြည်နယ်အစိုးရကလည်း အနီး မှာ ဖောက်လုပ်ထားတဲ့ တူးမြောင်းထဲက ရေတွေ မြစ်အတွင်း မဝင်ရောက်နိုင်အောင်လမ်းလွှဲပေးခဲ့ပါ တယ်။ ဒီလိုဆောင်ရွက်ခဲ့တဲ့အတွက် ယခုအခါ ကာလီဘိန်မြစ်ရဲ့ အောက်ခြေဟာ သန့်ရှင်းသွားပြီး စိမ့်စမ်းရေတွေ ပြန်လည်ဝင်ရောက်လာတဲ့ အတွက် ယခင်လိုပြန်ပြီး ရေတွေပြည့်လာပါတယ်။ မြစ်ကမ်း တစ်လျှောက် သစ်ပင်တွေ စိုက်ပျိုးထားတဲ့ အတွက် လည်း စိမ်းလန်းစိုပြည်လာပါတယ်။ ငါးမျှားခွင့်ကို လည်း ပိတ်ပင်ထားတဲ့အတွက် ဇီဝမျိုးစိတ်တွေကို လည်း စောင့်ရှောက်ရာရောက်ပါတယ်။ယခုအခါ မြစ်ကမ်းတစ်လျှောက် အပန်းဖြေအနားယူသူတွေ ပျော်ပွဲစားထွက်တဲ့ မိသားစုတွေနဲ့ စည်ကားလာ ပါတယ်။  ဘာသာရေးပွဲတွေမှာ  မြစ်အတွင်း တပျော်တပါး ရေဆင်းချိုးလာနိုင်ကြပါတယ်။လောလောဆယ် ဘုန်းတော်ကြီး ဆီးချီဝေါ ဟာ ပန်ဂျတ်ပြည်နယ်တစ်ခုလုံးမှာရှိတဲ့ သားရေ နယ်စက်ရုံတွေနဲ့ စက်မှုလုပ်ငန်းတွေက မိမိတို့ရဲ့ အမှိုက်သရှိုက်တွေကို မြစ်ချောင်းတွေအတွင်း မစွန့် ပစ်ကြဖို့ လှုံ့ဆော်စည်းရုံးနေပါတယ်။ ကာလီဘိန် မြစ်ကို စံနမူနာယူပြီး တခြား မြစ်ချောင်းတွေလည်း သန့်ရှင်းရေးပြုလုပ်ဖို့ တိုက်တွန်းနေပါတယ်။သူက "ကာလီဘိန်မြစ်ရဲ့ သန့်ရှင်းရေး ဆောင်ရွက်မှုကို ကြည့်ရင် ညီညွတ်ပြီး စုပေါင်းလုပ်ကိုင်ကြရင် ကျွနု်ပ်တို့နိုင်ငံရဲ့ မြစ်ချောင်းတွေဟာ စက်မှုလုပ်ငန်း တွေမပေါ်ပေါက်မီကရှိခဲ့တဲ့အတိုင်း ပြန်ပြီးသန့်သန့် ရှင်းရှင်းနဲ့ စီးဆင်းအောင် ဆောင်ရွက်နိုင်တာတွေ့ ရမှာဖြစ်တယ်"လို့ ပြောကြားကြောင်းပါခင်ဗျာRef;''Heroes of the Environment'' (Time)မောင်ပုဆိုးကြမ်း

Friday, 21 May 2010

ဂရိနိုင်ငံ၏ ဘဏ္ဍာရေးပြဿနာသည် ယမန် နှစ် အောက်တိုဘာလကတည်းက အစပျိုးခဲ့ခြင်း ဖြစ်သည်။ တိုင်းပြည်၏ အမျိုးသားဝင်ငွေစာရင်းကို ယခင်အစိုးရအဖွဲ့က လိမ်လည်ဖော်ပြ ခဲ့ကြောင်း နောက်တက်လာသည့် အစိုးရက ထုတ်ဖော်ဝန်ခံ လိုက်ရာမှ စတင်ခဲ့ခြင်းဖြစ်သည်။  ပြည်တွင်း ထုတ် လုပ်မှုတန်ဖိုး(ဂျီဒီပီ)၏ ၁၃.၆ ရာခိုင်နှုန်း အထိ ရှိနေသည့် ဘတ်ဂျက်လိုငွေနှင့် ဂျီဒီပီ၏ ၁၁၅ ရာခိုင်နှုန်းနှင့်ညီမျှသော ေ<ကးမြီပမာဏတို့ကြောင့်  လက်ရှိအစိုးရအဖွဲ့တွင် အကျပ်တွေ့နေရသည်။ တိုင်းပြည်ဘဏ္ဍာရေးမှာ မလှုပ်သာ မရှားသာ ဖြစ် နေရသည့်အထဲတွင် ပြည်ပပို့ကုန် တင်ပို့ရောင်းချ နိုင်စွမ်းလည်းမရှိသဖြင့်  အကျပ်အတည်းမှ ရုန်း ထွက်နိုင်မည့်လမ်းစ ပျောက်နေသည်။ ယူရိုငွေ ကြေးနယ်ထဲ ဝင်ထားပြီးဖြစ်နေသဖြင့် ငွေတန်ဖိုး ချခြင်းဖြင့် ဖြေရှင်းနိုင်မှာလည်း မဟုတ်ချေ။ဥရောပသမဂ္ဂအတွင်း ဂရိနိုင်ငံကို ဘဏ္ဍာ ရေး အကူအညီပေးရေးနှင့်ပတ်သက်၍ သုံးလ ကျော် အငြင်းပွားနေခဲ့ရာမှ ယခုနှစ် မေလနှစ်ရက် နေ့မှာတော့ ကူညီကယ်တင်ရန် ဆုံးဖြတ်နိုင်ခဲ့ကြ သည်။ ဘရပ်ဆဲလ်မြို့တွင် ကျင်းပသည့် ယူရိုငွေ ကြေးနယ်ဝင် ၁၆ နိုင်ငံမှ ဘဏ္ဍာရေးဝန်ကြီး များက ယူရိုငွေ ၁၁၀ ဘီလျံကျော်ဖြင့် သုံးနှစ်ကာလအထိ ကူညီကယ်တင်သွားရန် ဆုံးဖြတ် ခဲ့ကြသည်။ ထို ကယ်တင်ရေးရန်ပုံငွေတွင် ယူရိုငွေကြေးနိုင်ငံများမှ ထုတ်ချေးငွေ ယူရို ၈၀ ဘီလျံနှင့် နိုင်ငံတကာငွေ ကြေး ရန်ပုံငွေအဖွဲ့(IMF)မှ ချေးငွေ ယူရို ၃၀ဘီလျံ တို့ပါဝင်မည်ဖြစ် သည်။ ယင်းအစီအစဉ်မှာ ဥရောပ သမိုင်းတွင် အကြီးမားဆုံးသော နိုင်ငံအစိုးရ ကယ် တင်ရေး(Sovereign bail out)အစီအစဉ် ဖြစ်နေ သည်။  ဂရိအစိုးရက  ရှေ့လာမည့် လေးနှစ်တာ အတွင်း အမျိုးသားဝင်ငွေ၏ ၁၃ရာခိုင်နှုန်းနှင့် ညီမျှ သော ခြိုးခြံချွေတာရေး အစီအစဉ်များကို ဆောင် ရွက်သွားရန် လက်ခံသဘောတူခဲ့ရသည်။သို့ဖြစ်လျှင် အဖွဲ့ဝင် ချမ်းသာနိုင်ငံများက မိမိတို့ထက် နွမ်းပါးသော အဖွဲ့ဝင်နိုင်ငံသို့ ငွေကြေး အမြောက်အမြား ကူညီခဲ့ခြင်းသည် ယူရိုငွေကြေး နှင့် အီးယူနိုင်ငံများ အားလုံး၏ အကျိုးစီးပွား အတွက်   ဟုတ်ပါရဲ့လားဟု သံသယဖြင့် မေးခွန်း ထုတ်နေကြသည်။  လွန်ခဲ့သည့် သုံးလအတွင်းက နိုင်ငံရေးအရထိခိုက်လာမှာကို အီးယူခေါင်းဆောင် များက စိုးရိမ်ခဲ့ကြသည်။ ဂရိနိုင်ငံသားတွေ ဖော ဖောသီသီ သုံးဖြုန်းပစ်ခဲ့သည့်အတွက် ဖြစ်ပေါ် လာရသောပြဿနာကို မိမိတို့နိုင်ငံသား၏ ဘဏ္ဍာ ငွေဖြင့် ကယ်တင်ရကောင်းလားဟု မြင်သွားမှာ စိုးရိမ်ကြခြင်း ဖြစ်သည်။ အထူးသဖြင့် ယူရိုငွေကြေး နယ်တွင်စီးပွားရေးအင်အား အကောင်းဆုံးဖြစ်နေ သည့် ဂျာမနီနိုင်ငံ၏ ခေါင်းဆောင်ပိုင်းက စိုးရိမ် သည်။ ဂျာမနီတွင် ဒေသဆိုင်ရာ ရွေးကောက်ပွဲ များကို မေလအစောပိုင်းမှာပင် ကျင်းပရန်ရှိနေသ ဖြင့် မဲဆန္ဒရှင်များ မကျေမနပ်ဖြစ်မှာကို ပူပန်စရာ ရှိနေသည်။IMF ၏ ခြိုးခြံချွေတာရေး စီမံကိန်းအရ ဂရိအစိုးရအနေဖြင့်  ပြည်တွင်းထုတ်လုပ်မှုနှင့် ဝန်ဆောင်မှု လုပ်ငန်းများအပေါ် ကောက်ခံသည့် တန်ဖိုးဖြည့်အခွန် (VAT)ကို လက်ရှိ ၂၁ရာခိုင်နှုန်း မှ ၂၃ရာခိုင်နှုန်းသို့ တိုးမြှင့်ကောက်ခံရမည်ဖြစ်ပြီး၊  လောင်စာဆီ၊  အရက်နှင့် ဆေးလိပ်တို့အပေါ် ကောက်ခံသည့်အခွန်ကို နောက်ထပ် ၁၀ရာခိုင်နှုန်း တိုးမြှင့်ရမည်ဖြစ်သည်။ ထို့ပြင် လစာ၊ လုပ်ခနှင့် ပင်စင်ခံစားခွင့်များအပါအဝင် အစိုးရ အသုံးစရိတ် များကိုလည်း သိသိသာသာ လျှော့ချရဦးမည်ဖြစ် သည်။ ဂရိနိုင်ငံအား ကူညီကယ်တင်ရန် ကြေညာ ပြီးစအချိန်မှာပင် ဥရောပ စတော့ဈေးကွက်ညွှန်း ကိန်းများ တစ်ရက်အတွင်း ၂ရာခိုင်နှုန်းမှ ၃ ရာခိုင်နှုန်းအထိ ကျဆင်းခဲ့ပြီး၊ ယူရိုငွေတန်ဖိုးသည် လည်း ဒေါ်လာနှင့်လဲရာတွင် တစ်နှစ်တာအတွင်း အနိမ့်ဆုံးအဆင့်အထိ ထိုးကျသွားသည်။ သို့ရာ တွင် ထိုကယ်တင်ရေး အစီအစဉ်ကြောင့် ဂျာမနီ အခွန်ထမ်းပြည်သူများအပေါ် ရေရှည်တွင် ထိခိုက် နစ်နာစရာမရှိကြောင်းနှင့်IMF၏ ခြိုးခြံချွေတာ ရေး အစီအစဉ်အတိုင်း အောင်မြင် သွားမည် ဆို လျှင်  ကယ်တင်ရေးရန်ပုံငွေ  ထုတ်ချေးသည့် အတွက် ဂျာမနီနိုင်ငံတွင် အမြတ်ရလာနိုင်မှာ ဖြစ် သည်ဟု ဂျာမနီဝန်ကြီးချုပ် အင်ဂျလာမာကဲလ်က ပြောခဲ့သည်။ ဂရိကယ်တင်ရေးအတွက် ထုတ်ချေး ငွေအပေါ် ၅ ရာခိုင်နှုန်း အတိုးရလာနိုင်မည့် အချက်ကို ရည်ညွှန်းခြင်းဖြစ်သည်။တကယ်တော့ နိုင်ငံပိုင်ကဏ္ဍတွင် လုပ်ခ၊ လစာများ  ဖြတ်တောက်လျှော့ချပြီး၊    အခွန် အကောက်များ တိုးမြှင့်ကောက်ခံရမည်မှာ ဂရိ အစိုးရအတွက် အကြီးအကျယ် ထိခိုက်နစ်နာဖွယ် ဖြစ်သည်။ IMF ၏ ဆေးခါးကြီးဟု အမည်တွင်နေ သည့်  ခြိုးခြံချွေတာရေးလမ်းစဉ်မှာ  အင်မတန် ကြမ်းတမ်းခက်ခဲလှသည်။ ဂရိနိုင်ငံ၏ ပြင်းထန် ဆိုးဝါးသော အတွေ့အကြုံသည် ယူရိုငွေကြေး နယ်မှ ေ<ကးမြီပမာဏ များပြားနေသည့် နိုင်ငံများ အတွက် သင်ခန်းစာယူစရာဖြစ်နေပြီး၊ ထိုခက်ခဲ ကြမ်းတမ်းသောလမ်းကို ရှောင်လွှဲနိုင်ရန်အတွက် ကျန်နိုင်ငံများက မည်သည့်နည်းဖြင့် မဆို ကြိုးစား ကြလိမ့်မည်ဟုလည်း ခန့်မှန်းကြသည်။ဂရိနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးမှုမှာ ယခုနှစ်တွင် ၄ရာခိုင်နှုန်း ဆုတ်ယုတ်နေပြီး၊ ပြန်လည် တိုးတက် မှုဖြစ်လာနိုင်မည့် ၂၀၁၂ ခုနှစ်မတိုင်မီအထိ ၂.၆ ရာခိုင်နှုန်းခန့် ကျဆင်းနေဦးမည်ဖြစ်ရာ အခွန်တိုး ကောက်ပြီး၊  အသုံးစရိတ်  ဖြတ်တောက်ရမည့် အိုင်အမ်အက်ဖ်၏ အစီအစဉ်အတိုင်း သွားရဦး မည်ဆိုလျှင် အစိုးရအဖွဲ့ ဆက်လက်ရှင်သန်နိုင် ရန်မှာ  အင်မတန်  ခက်ခဲနေလိမ့်မည်ဟု ဆိုပါ သည်။          Ref;The Economistဦးဟန်ထွန်း(အခွန်)

Friday, 21 May 2010

(ယခင်အပတ်မှအဆက်) အခြေခံ အဆောက်အအုံ ပုဂ္ဂလိကကဏ္ဍမှာ ဆန်ကိုပြည်ပမှ တင်သွင်း ဖို့အတွက် အခြေခံ အဆောက်အအုံတွေ မရှိပါ ဘူး။ မနီလာဆိပ်ကမ်းဟာလည်း ကုန်ပစ္စည်းတွေနဲ့ အမြဲတန်း ပြည့်နေတတ်ပါတယ်။ အထူးကောင်းတာ က ပုဂ္ဂလိကပိုင်းက ဆန်တင်သွင်းမှုဟာ ကွန်တိန် နာများ အသုံးပြုပြီး သွင်းကြတာများပါတယ်။ မနီလာကဆိပ်ကမ်း ကွန်တိန်နာ ကိုင်တွယ်ထိန်း သိမ်းမှုဟာ သွက်လက်မြန်ဆန်စွာ ဆောင်ရွက်နိုင် ပါတယ်။ ပြည်တွင်း၌ သယ်ယူပို့ဆောင်ရေး လုပ်ငန်း မှာ အနည်းနှင့်အများဆိုသလို ပြဿနာတွေတော့ ရှိကြပါတယ်။ ကြီးမားတဲ့ ကုန်တင်ကားကြီးတွေ အသုံးပြုပြီး ဆန်စပါးသယ်ယူနိုင်ဖို့က လမ်းခရီး တွေမှာ အမြဲကားတွေနဲ့ ကြပ်နေတော့ ဈေးသက် သာပေမဲ့လည်း အသုံးမပြုနိုင်ကြပါဘူး။ ကားသေး တွေ အသုံးပြုတော့ ကုန်ကျစရိတ်မှာ ပိုလာတာ ပေါ့။ ဆန်စပါးလုပ်ငန်းနှင့် ငွေကြေးအထောက်အပံ့ ဖိလစ်ပိုင်၌ ဆန်စက်အများစုဟာ ကြိတ်ခွဲပြီး ဆန်ကို ချက်ချင်းပဲ ဈေးကွက်မှာ ရောင်းချကြရ တယ်။ ဈေးတက်လာလိမ့်မယ်ဆိုတဲ့ မျှော်မှန်းချက် နဲ့ဆန်ကို မသိုလှောင်ရဲကြပါဘူး။ ဘာကြောင့်လဲ ဆိုတော့ ငွေကြေးရင်းနှီးရမှုဟာ အခြား နိုင်ငံတွေ ထက်နှိုင်းစာရင် အတော်မြင့်မားတာကြောင့် ဖြစ်ပါ တယ်။ ဆန်စက်တွေမှာ ရာသီမရွေး မပြတ်ကြိတ်ခွဲ ထုတ်လုပ်နိုင်ရန်အတွက် ကုန်ကြမ်း ဖြစ်တဲ့ စပါးကို လှောင်ထားဖို့ လိုပါတယ်။ ဒီအတွက် ငွေကြေးဟာ အမြဲလိုအပ်နေ ပါတယ်။ ဆန်စပါး လုပ်ငန်းအတွက် ငွေကြေးလိုအပ် ချက်ကို ဖြည့်ဆည်းပေးနိုင်ဖို့ ဖိလစ်ပိုင်နိုင်ငံမှာ အဖွဲ့အစည်း တစ်ခုရှိခဲ့ဘူးပါတယ်။ Quedan and Rural Credit Guarantee Corporation (Quedancor) လို့ ခေါ်ပါတယ်။ အက်ဖ်အေအို ကမကထ ပြုလုပ်ဖွဲ့စည်းထားတဲ့ Association of Food Markating Agencies (AFMAရဲ့ ဒေသတွင်း လှုပ်ရှားမှုများမှာ ဖိလစ်ပိုင်နိုင်ငံကို ကိုယ်စားပြုပြီး ၂၀၀၄ ခုနှစ် တစ်ဝိုက်က ပါဝင်လာ ခဲ့ဖူးပါတယ်။ ဒီ Quedancor အဖွဲ့အစည်းဟာ ဆန်စက် ပိုင်ရှင်များရဲ့ စပါးအစုအဆောင်းကို အပေါင်အဖြစ် ထားပြီး ဘဏ်က ငွေချေးလို့ရအောင် ဆောင်ရွက် ပေးတဲ့ အဖွဲ့အစည်းဖြစ်ပါတယ်။ ဒီအဖွဲ့အစည်းက ကြားဝင်ပြီး အာမခံပေးတာပဲ ဖြစ်ပါတယ်။ Quedancor ၏ လုပ်ပုံကိုင်ပုံကို ယေဘုယျ အားဖြင့် ဆန်စက်ပိုင်ရှင်များက ကျေနပ်မှုရှိကြပြီး သူ၏ ဝန်ဆောင်မှုများကိုအသုံးချနိုင်ခဲ့ကြပါတယ်။ သို့သော် ဝမ်းနည်းစရာကောင်းတာက Quedancor သည် မကြာခင်က ေ<ကးများစွာဖြင့် ဒေဝါလီ ခံခဲ့ရခြင်း ဖြစ်ပါတယ်။ ေ<ကးဆုံးရှုံးများသည် Quedancor ၏ ချေးငှားသည့် လုပ်ပုံကိုင်ပုံ စနစ် ကြောင့်မဟုတ်ဘဲ ချေးငွေပေးရာတွင် နိုင်ငံရေး သမားက ဝင်ရောက်စွက်ဖက်ပါဝင်မှုကြောင့် ဖြစ် တယ်လို့ လေ့လာသုံးသပ်သူများက ဆိုကြပါတယ်။ ဘဏ်များဘက်ကလည်း စပါးကို အပေါင် ထားချေးသည့် လုပ်ငန်းအတွက် ငွေဆက်လက် မထုတ်ပေးတော့ပါ။ အလွန်ကို ယုံကြည်စိတ်ချ ရသော ပုဂ္ဂိုလ်များမှလွဲ၍ မချေးကြတော့ပါ။ ယခင် က အပေါင်ထားသည့် စပါးသီးနှံတန်ဖိုး၏ ၅၀% ကို ချေးငွေထုတ်ပေးကြပါတယ်။ ရံဖန်ရံခါ Quedancor ၏ အာမခံချက်တောင်မလိုဘဲ ထုတ်ပေး ခဲ့ကြပါတယ်။ ဆန်စက် အငယ်စားများကတော့ Quedancor ဒေဝါလီခံသွားရပေမဲ့ Quedancor ၏ အခန်းကဏ္ဍအပေါ် ယုံကြည်နေဆဲဖြစ်၍ အစိုးရဟာ အလားတူအဖွဲ့အစည်းမျိုး တစ်ခုခုကို ပြန်လည်ပေါ်ထွက် လာအောင်လုပ်ပေးသင့်တယ် လို့ ပြောကြပါတယ်။ တစ်ချိန်တည်းမှာပဲ အသစ် ပေါ်လာတဲ့ အဖွဲ့အစည်းဟာလည်း လာဘ်ပေး လာဘ်ယူ လုပ်ခဲ့တာနဲ့ပဲ ကျဆုံးသွားနိုင်တာကို စိုးရိမ်ကြပါ တယ်။ ဆန်လက်ကား ကုန်သည်ကြီးတွေက ဆန် စက်တွေကို ငွေပေးချေတဲ့အခါ (၁၅)ရက် ဆိုင်းငံ့ ချက်လက်မှတ်များ (15 day post dated cheque) များဖြင့် ပေးချေလေ့ရှိပါတယ်။ ဆန် လက်လီရောင်းသူတွေကိုတော့ ရက် (၃၀)ဆိုင်းငံ့ နဲ့ပဲ ဆန်ကို ရောင်းချပေးခဲ့ပါတယ်။ သို့သော် လည်း နောက်ပိုင်း၌ ငွေပေးငွေချေယူ ကိစ္စများကို လက်ငင်း ပေးချေလာကြတာကို တွေ့ရပါတယ်။ ဆန်စက်ပိုင်ရှင်တစ်ဦးက ပြောတာကတော့ "စူပါ မားကတ်တွေနဲ့ ဆက်ဆံရ တာကို ပိုမိုကြိုက်နှစ် သက်ကြောင်း၊ တစ်နေ့ကျရင် ငွေရမှာ သေချာတာ ကြောင့် ဖြစ်တယ်"လို့ ပြောပါတယ်။ ဆန်လက်လီ ရောင်းချသူတွေကတော့ ငွေကြေးပြတ်လပ်မှုများ မကြာခဏကြုံ ရပြီး ရံဖန်ရံခါ တရားမဝင်တဲ့ ပုဂ္ဂိုလ်တွေဆီက အတိုးနှုန်းမြင့်မားစွာဖြင့် ငွေချေး ယူရလျက် လည်းပဲ ဖြစ်ပါတယ်။ သုံးသပ်ချက် ဖိလစ်ပိုင်နိုင်ငံ၌ ဆန်စပါးလုပ်ငန်းတစ်ခု လုံးကို ခြုံငုံမည့် အသင်းအဖွဲ့အစည်းတစ်ခုကို မကြာခင်က တည်ထောင်ခဲ့ပါတယ်။ အဲဒီအဖွဲ့ အစည်းမှာ လက်သမားကိုယ်စားလှယ်များလည်း ပါဝင်ခဲ့ကြပါတယ်။ အမည်က တော့ "Alliance of Grains Stakeholders of the Philippines" ဖြစ်ပါတယ်။ အဖွဲ့အစည်းရဲ့ရည်ရွယ်ချက်ကတော့ ပါဝင်ပတ်သက်သူ Stakeholderအချင်းချင်း ညှိနှိုင်းနိုင်ကြရန် ဖြစ်ပါတယ်။ ဆန်စပါးမှာ ထုတ် လုပ်သူ၊ သိုလှောင်သူ၊ ကြိတ်ခွဲထုတ်လုပ်သူ၊ သယ် ယူသူနဲ့ အရောင်းအဝယ်လုပ်သူများဟာ သူ့အပိုင်း နှင့်သူ Supply Chain မှာ ပါဝင်ပတ်သက်နေ ကြပါတယ်။ ဖိလစ်ပိုင်မှာ အသစ်ဖွဲ့စည်းလိုက်တဲ့ Allianceကတော့ လယ်သမားများ ပိုမိုအကျိုး အမြတ် ခံစားနိုင်ရေးကို အခြေခံဦးတည်ပါတယ်။ သို့သော် ၂၀၀၉ ခုနှစ်၊ နှစ်လယ်ပိုင်းထိ ဆန်စက် ပိုင်ရှင်အသင်း အသင်းဟာ အဖွဲ့ဝင်မဖြစ်လာသေး ပါ။ အတွင်းရေးမှူးရုံးအဖွဲ့ကတော့ စီဘူး (Cebu) မှာ အခြေခံပါတယ်။ Alliance စိတ်အပူ ပန်ဆုံးကတော့ လယ်ယာမြေတွေ တော်တော်များ များဟာ စီးပွားရေးအခြေခံတဲ့ စက်မှုဇုန်တွေအဖြစ် ပြောင်းလဲကုန်တာပဲ ဖြစ်ပါတယ်။ ဖိလစ်ပိုင်နိုင်ငံမှာ ဆန်စပါးလုပ်ငန်းနှင့် ပတ် သက်ပြီး commodity exchange centre မရှိသေးပါ။ quality standard များနှင့် ပတ် သက်၍လည်း တိတိကျကျသတ်မှတ်ပြဋ္ဌာန်းထား ခြင်းမရှိသေးပါ။ ဆန်ကို နိုင်ငံတကာ၌ ရောင်းဝယ် ကြသည့်အခါ "rice with 25% broken; rice with 5% broken" စသည်ဖြင့်သာ ရောင်းချ ကြပါတယ်။ သို့သော် ထိုင်းပြည်ပပို့သူများက Thail rice with 15% brokens သည် Vietnam rice with 15% broken၏ အရည်အသွေးနှင့် လုံး၀ မတူနိုင်ပါဟုငြင်းဆိုခဲ့ကြပါတယ်။ ဆန်ကို Chicago Board of Tradeမှတစ်ဆင့် အရောင်း အဝယ် ပြုလုပ်ကြပါတယ်။ သို့သော် တစ်နေ့မှာ ပျမ်းမျှ အရောင်းအဝယ် (၂၀၀၀)လောက်ပဲ ရှိပါ တယ်။ပြောင်းမှာ အရောင်းအဝယ်ဈေး(၂၀၀၀၀၀) လောက်ရှိနေပါတယ်။ မောင်တိုင်ပင်

Wednesday, 12 May 2010

ဒီရေတောတွေကို ပတ်ဝန်းကျင် အညစ် အကြေးတွေကို စစ်ထုတ်ပေးတဲ့ သစ်တောတွေနဲ့ သမုဒ္ဒရာတွေလိုပဲ သဘာဝတရားကြီးရဲ့ ရေစစ်ကြီး (Natural Reservoir) တစ်ခုလို့ဆိုကြပါ တယ်။တစ် နည်းအားဖြင့်   လူမှာ  သွေးတွေထဲက အညစ် အကြေးတွေကို  စစ်ပေးတဲ့  ကျောက်ကပ်လိုပဲ ကမ္ဘာ့သဘာဝပတ်ဝန်းကျင် သန့်ရှင်းရေးအတွက် လေထုထဲက အညစ်အကြေးတွေကို စစ်ပေးတဲ့ ကမ္ဘာ့ကျောက်ကပ်ကြီးတစ်ခု ဖြစ်တယ်လို့လည်းဆို နိုင်ပါတယ်။ ပင်လယ်နဲ့ မြစ်ချောင်းက ရေတွေဟာ ဒီရေတောတွေကို  ဖြတ်သန်းစီးဆင်းသွားတဲ့ အခါ အဲဒီရေတွေထဲမှာပါရှိတဲ့ ဓာတ်သတ္တုပစ္စည်းတွေ ဟာ ဓာတ်ကွဲပြီး နုန်းမြေတွေထဲ အနည်ထိုင်သွား ကြပါတယ်။ ဒီရေတောမှာရှိကြတဲ့ အပင်တွေက အဲဒီဓာတ်သတ္တုတွေကို စုပ်ယူကြပါတယ်။ တချို့ အပင်တွေဆိုရင် အဆိပ်ဓာတ်တွေကိုတောင် စုပ် ယူနိုင်ကြပါတယ်။ ညစ်ညမ်းတဲ့ ရေတွေထဲမှာ ပါရှိ တဲ့ နိုက်ထရိုဂျင်နဲ့ ဖော့စဖားရပ်စ်ဓာတ်တွေကို ၇၀ ရာခိုင်နှုန်းကနေ ၉၀ ရာခိုင်နှုန်းအထိ စုပ်ယူဖယ် ရှားပေးကြပါတယ်။လက်ရှိ တရုတ်နိုင်ငံ ပေကျင်းမြို့မှာ ဒီရေ တော ဧရိယာဟက်တာ ၅၁၄၀၀ ခန့်ရှိတဲ့အတွက် မြို့ဧရိယာရဲ့၃ ဒသမ ၁၃ ရာခိုင်နှုန်းခန့် ရှိပါတယ်။အဲဒီ ဒီရေတောဧရိယာတွေကြောင့် ပေကျင်းမြို့ အတွင်း သဲနဲ့ဖုံမှုန့်တွေဝင်ရောက်မှုကို ကာကွယ် ပေးတဲ့အပြင် လေထုထဲက ကာဗွန်ဒိုင်အောက် ဆိုက်ဓာတ်ငွေ့တွေကိုလည်း  စုပ်ယူပေးပါတယ်။ပေကျင်းမြို့တော်  ဧရိယာအတွင်း  ဒီရေတော ဥယျာဉ်ပေါင်း ၆ ခု တည်ထောင်ထားပြီး ၂၀၁၁ ခုနှစ်ရောက်ရင် ၁၄ ခုအထိ တိုးချဲ့တည်ထောင် သွားဖို့ ရည်မှန်းထားတယ်လို့ သိရပါတယ်။ဒီရေတောတွေ ထိန်းသိမ်းကာကွယ်ရေးနဲ့ အကျိုးရှိစွာအသုံးချရေး နိုင်ငံတကာသဘောတူညီ ချက်တစ်ရပ်ကို ၁၉၇၁ခုနှစ် ဖေဖော်ဝါရီလ ၂ ရက် နေ့ကတည်းက အီရန်နိုင်ငံ ရမ်ဆာမြို့မှာ ကျင်းပ ခဲ့တဲ့ အစည်းအဝေးကြီးမှာ အတည်ပြု ပြဋ္ဌာန်းခဲ့ပါ တယ်။ အဲဒီသဘောတူညီချက်ဟာ ၁၉၇၅ ခုနှစ် ဒီဇင်ဘာလ ၂၁ ရက်နေ့ကစပြီး အသက်ဝင်ခဲ့ပါ တယ်။ တရုတ်နိုင်ငံအနေနဲ့ အဲဒီသဘောတူညီ ချက်ကို ၁၉၉၂ ခုနှစ်မှာ လက်မှတ်ရေးထိုးခဲ့ပါ တယ်။ အဲဒီနောက် တရုတ်အမျိုးသား ဒီရေတော ထိန်းသိမ်းကာကွယ်ရေးလုပ်ငန်း  အစီအစဉ်ကို ချမှတ်ခဲ့ပြီး ၂၀၀၀ ပြည့်နှစ် နိုဝင်ဘာလမှ စတင် အကောင်အထည်ဖော် ဆောင်ရွက်လာခဲ့ပါတယ်။လောလောဆယ် တရုတ်နိုင်ငံမှာ ဒီရေ တော ဧရိယာစုစုပေါင်း ဟက်တာ ၃၈ သန်းကျော် ရှိတယ်လို့ သိရပါတယ်။ တစ်နိုင်ငံလုံးမှာ ဒီရေ တော ဥယျာဉ်ပေါင်း ၈၀ ခုကို တည်ထောင်ခဲ့ပြီး ဒီရေတောပေါင်း ၅၅၀ ကျော်ကို သဘာဝဘေးမဲ့ တောတွေအဖြစ် ကာကွယ်စောင့်ရှောက် ထားရှိပါ တယ်။ အဲဒီတောတွေထဲက ၃၆ ခုဟာ နိုင်ငံတကာ မှာ အရေးပါတဲ့ ဒီရေတောကြီးတွေအဖြစ် သတ် မှတ်ထားပါတယ်။ ဥပဒေအရ ကာကွယ်စောင့် ရှောက်ထားတဲ့ ဒီရေတော ဧရိယာ စုစုပေါင်းဟာ ဟက်တာ ၁၇ ဒသမ ၉ သန်းအထိရှိတယ်လို့ သိရ ပါတယ်။ကျဲကျန့်ပြည်နယ်၊ ဟန်ကျိုးမြို့မှာရှိတဲ့ ရှီးရှီး အမျိုးသား  ဒီရေတောဥယျာဉ်ဆိုရင်  ယခင်က စတုရန်းကီလိုမီတာ  ၆၀ ရှိတဲ့ ဒီရေတောကြီး ရှိခဲ့တဲ့နေရာ ဖြစ်ခဲ့ပေမယ့်လွန်ခဲ့တဲ့အနှသ် ၂၀ ကစ ပြီးမြို့ပြလူနေအိမ်တွေ တိုးချဲ့တည်ဆောက်လာခဲ့မှု ကြောင့်  ယခုအခါစတုရန်းကီလို မီတာ ၁၀ ဒသမ ၀၈ပဲ ကျန်ရှိပါတယ်။ ဒါကြောင့် ဟန်ကျိုးဒေသန္တရ အစိုးရဟာ လွန်ခဲ့တဲ့ ၆ နှစ်ကစပြီး ယွမ်ငွေ ၁၀ ဘီလီယံအသုံးပြုကာ ရှီးရှီးဒီရေတောကြီးထိန်းသိမ်း ရေးလုပ်ငန်းတွေကို ဆောင်ရွက် လာခဲ့ရပါတယ်။ရှန်တုန်းပြည်နယ်၊ တုန်း ယင်းဒေသမှာ ရှိတဲ့ မြစ်ဝါ မြစ်ဝကျွန်းပေါ်ဒေသ ဒီရေတောကြီးရဲ့ ဧရိယာဟာ ဟက်တာပေါင်း ၁၅၃၀၀၀ ကျော်ရှိပါ တယ်။ ၁၉၈၀ ပြည့်နှစ်လောက်ကတည်းက ပြည် တွင်း၊ ပြည်ပမှ ကျွမ်းကျင်သူတွေဟာ အဲဒီ ဒီရေ တောကြီးကို လေ့လာသုတေသနပြုခဲ့ပြီး အကြံပြု စာတမ်းတွေ တင်ပြခဲ့ပါတယ်။ အဲဒီအကြံပြုချက် တွေအပေါ် အခြေခံပြီး တုန်းယင်းဒေသန္တရ အစိုးရ ဟာ မြစ်ဝါမြစ်ဝကျွန်းပေါ်ရှိ ဒီရေတောတွေကို အရေးကြီးတဲ့  သဘာဝဘေးမဲ့တောတွေအဖြစ် သတ်မှတ်ထားရှိဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ယခုအခါ အဲဒီ ဒီရေတောကြီးမှာ တောရိုင်းတိရစ္ဆာန် မျိုးစိတ် ပေါင်း ၁၅၅၅ မျိုးရှိလာပြီး ငှက်တစ်မျိုးတည်း မျိုး စိတ်ပေါင်း ၂၉၆ မျိုး ရှိလာတယ်လို့ သိရပါတယ်။လာမယ့် ၁၀ နှစ်အတွင်း အဲဒီ မြစ်ဝါမြစ်ဝကျွန်း ပေါ်ဒေသမှာ ဒီရေတောတွေ ထိန်းသိမ်းစောင့် ရှောက်ရေးအတွက် ယွမ်ငွေ ဘီယီယံပေါင်း ၆၀ သုံးစွဲသွားဖို့ ရန်ပုံငွေ ချမှတ်ထားတယ်လို့ သိရ ပါတယ်။ အဲဒီစီမံကိန်းမှာ  ကမ္ဘာလှည့်ခရီးသည် တွေ ကြည့်ရှုလေ့လာနိုင်တဲ့ ဧရိယာ ၉ ခု ပါရှိပါ တယ်။ လက်ရှိမှာ အဲဒီဒေသကို တစ်နှစ်မှာ ကမ္ဘာ လှည့်ခရီးသည် တစ်သိန်းခန့် လာရောက်လည်ပတ် နေပြီး ၂၀၁၅ ခုနှစ်ရောက်ရင် ၁ ဒသမ ၁ သန်း ကျော်အထိ  လာရောက်အောင် ဆောင်ရွက်နေ ကြောင်းပါခင်ဗျား။ ။Ref: "The Making of an Eco-city" by LuRucai (China Today)မောင်ပုဆိုးကြမ်း

Wednesday, 12 May 2010

ဝယ်ယူနိုင်စွမ်းကို အခြေခံသည့် တွက်ချက်မှု အရ ကမ္ဘာ့ကုန်ထွက် ပမာဏသည် ယခုနှစ်တွင် ၄.၂ ရာခိုင်နှုန်း တိုးတက်လိမ့်မည်ဟု ယခုနှစ် ဧပြီလ ၂၁ ရက်နေ့က ထုတ်ပြန်သည့် နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF)၏ အစီရင်ခံစာ တွင် ဖော်ပြထားသည်။ လွန်ခဲ့သောခြောက်လက ခန့်မှန်းခဲ့သည်ထက် ရာနှုန်းမှတ်တစ်မှတ်အပြည့် တိုးလာခြင်းဖြစ်သည်။ အခြား လေ့လာ သုံးသပ်သူများက  ကမ္ဘာ့စီးပွားရေး  ကျဆင်းသည့်ကာလ မတိုင်မီ စီးပွားရေးကောင်းခဲ့သည့် နှစ်များ၏ ပျမ်းမျှ တိုးတက်မှုနှုန်း နီးပါးဖြစ်သည့် ၄.၅ ရာခိုင်နှုန်း အထိပင် ဖြစ်လာလိမ့်မည်ဟု ခန့်မှန်းကြသဖြင့် ပိုပြီးအားရဖွယ်ကောင်းနေသည်။ပြီးခဲ့သည့် ဘဏ္ဍာ ရေး အကျပ်အတည်း၏ အတိုင်းအဆနှင့်စာလျှင် ပြန်လည် နာလန်ထလာသည့်နှုန်းမှာ အံ့လောက် ဖွယ် မြန်ဆန်နေပါ သည်။ တစ်ကမ္ဘာလုံး စီးပွားရေး တွင် ရင်းနှီးမြှုပ်နှံမှု အရှိန်မြင့်လာပြီး၊ စားသုံးသူ ဝယ်ယူသုံးစွဲနိုင် စွမ်းလည်း  အားကောင်းလျက်ရှိ သဖြင့် ကမ္ဘာ့စီးပွားရေး နာလန်ထူလာသည်မှာ စိတ်ချရသည့် အနေအထားသို့ ရောက်လာပြီဟုပင် ဆိုကြပါသည်။   ယင်းသို့ အကောင်းဘက်သို့ ရှုမြင်မျှော် မှန်းနေကြသည်ကို  ဆန်းစစ်ကြည့်သင့်ပါသည်။ ကမ္ဘာ့စီးပွားရေးကျဆင်းမှုသည် ဘဏ္ဍာရေးအကျပ် အတည်းကြောင့် အခြေအနေ ပိုဆိုးသွား ရခြင်းဖြစ် သည်။ သို့ကြောင့်ပင် ယခု ဘဏ္ဍာရေးဈေးကွက် ကျန်းမာသန်စွမ်းလာခြင်းကြောင့်  စီးပွားရေး နာလန်ထူရာတွင် ပိုမိုမြန်ဆန်အောင်အထောက် အကူပြုခဲ့သည်ဟု  ဆိုနိုင်သည်။ ရပိုင်ခွင့်များ (Assets) ၏ ဈေးနှုန်း မြင့်တက်လာခြင်းကြောင့် စားသုံးသူ ဝယ်ယူစားသုံးမှုကို အထောက်အကူဖြစ် စေပြီး ကော်ပိုရေးရှင်းများက ထုတ်ရောင်းသည့် ငွေချေးဘွန်းစာချုပ် ဝယ်ဈေး-ရောင်းဈေး ခြားနား မှု (Corporate bond spreads) နည်းလာ သဖြင့် ကုမ္ပဏီများအနေဖြင့် ချေးငွေအပေါ် ပေးရ သည့် အတိုးနှုန်းလည်း သက်သာခဲ့သည်။  စီးပွား ရေး နာလန်ထူလာခြင်းကြောင့် အပြန်အလှန်အား ဖြင့် ဘဏ္ဍာရေးနစ်နာဆုံးရှုံးမှုများကို သက်သာရာ ရစေခဲ့သည်။သို့သော်လည်း သမိုင်းစဉ်လာအရ စီးပွား ရေးကျဆင်းမှု နက်ရှိုင်းသည်နှင့်အမျှ ပြန်လည် နာလန်ထူရာတွင်လည်း ပိုမိုမြန်ဆန်အားကောင်းခဲ့ သည့်ဖြစ်စဉ်များကို တွေ့နိုင်သည်။ ယခုတစ်ကြိမ် မှာတော့  ကမ္ဘာ့စီးပွားရေး ကျဆင်းမှုဒဏ်ကို အနည်းဆုံးခံခဲ့ကြရသည့်  စီးပွားထွန်းသစ်စနိုင်ငံ များတွင် အမြန်ဆုံး နာလန်ထူလာကြပြီး၊ စီးပွား ရေး ကျဆင်းမှုဒဏ် အများဆုံးခံခဲ့ကြသည့် နိုင်ငံ များမှာ နာလန်ထူလာရာတွင် အားပျော့ နှေးကွေး လျက်ရှိသည်။ စီးပွားထွန်းသစ်စနိုင်ငံများဖြစ်ကြ သည့် တရုတ်နိုင်ငံ၏ ဖွံ့ဖြိုးမှုနှုန်းသည် ဆယ် ဂဏန်းနှင့်ပြ နေပြီး၊ အိန္ဒိယ၏ ယခုနှစ် အတွက် ဂျီဒီပီတိုးတက်နှုန်းကို ၉ ရာခိုင်နှုန်းအထိ ရှိလိမ့် မည်ဟု IMF က ခန့်မှန်းထားသည်။ အလားတူပင် ဘရာဇီးနိုင်ငံ၏ ဖွံ့ဖြိုးမှုနှုန်းသည် ၂၅ နှစ် အတွင်း အမြန်ဆုံးနှုန်းဖြစ်သည့်  ၇ ရာခိုင်နှုန်းသို့ ရောက် လိမ့်မည်ဟု ခန့်မှန်းကြသည်။ တစ်ဖက်တွင် ယူရို ငွေကြေးနယ်ပယ်တွင်ပါဝင်သည့် နိုင်ငံများ၏ ယခု နှစ် ကုန်ထွက်တိုးတက်မှုနှုန်းသည် တစ်ရာခိုင်နှုန်း သာ ရှိမည်ဖြစ်ပြီး၊ ဗြိတိန်နိုင်ငံက ၁.၃ ရာခိုင်နှုန်း နှင့် အမေရိကန်နိုင်ငံတွင် ၃ရာခိုင်နှုန်းကျော် ရှိနိုင် သည်ဟု IMF ၏ အစီရင်ခံစာတွင် ခန့်မှန်းထား သည်။တိုတက်မှုနှုန်း မညီမျှနိုင်ကြခြင်းမှာ ဘဏ္ဍာ ရေး အကျပ်အတည်း၏ ကြီးမားပြင်းထန်သော ရိုက်ခတ်မှုဒဏ်ကြောင့်   ချမ်းသာနိုင်ငံများတွင် နာလန်ထ နှေးကွေးရခြင်းဖြစ်သည်။  ဥရောပနှင့် အမေရိကတို့အကြား  ဖွံ့ဖြိုးမှု ကွာဟနေခြင်းမှာ ဘဏ္ဍာရေးဖွဲ့တည်ပုံ (Financial Structure) အပေါ် အဓိကမူတည်လျက်ရှိသည်။ ဥရောပနိုင်ငံ များသည် ဘဏ်များအပေါ် ပိုမိုအမှီပြုထားကြပြီး၊ နိုင်ငံစီးပွားရေး ပြင်လွယ်ပြောင်းလွယ် ဖြစ်မှုသည် လည်း ဘဏ်များအပေါ် တည်မှီနေသည်။ ထို့ ကြောင့်ပင် အမေရိကတွင် ကုန်ထုတ်လုပ်မှု တိုး တက်လာသော်လည်း ဥရောပတွင် ကျဆင်းနေ ခြင်းဖြစ်သည်။  နောက်တစ်ချက်မှာ စီးပွားရေး တွန်းအားပေး ပေါ်လစီအပေါ် ရှုမြင်ကြပုံ မတူကြ သလို တွန်းအားပေးအစီအစဉ် အကောင်အထည် ဖော်ရာတွင်လည်း ထိရောက်မှုချင်း ကွဲပြားလျက် ရှိသည်။စီးပွားထွန်းသစ်စ နိုင်ငံကြီးများတွင် ေ<ကးမြီ တာဝန် ပေါ့ပါးကြသဖြင့် စီးပွားရေးတွန်းအားပေး မှုကို  အင်တိုက်အားတိုက်  ထိရောက်အောင် ဆောင်ရွက်နိုင်ခဲ့ကြသည်။ အမေရိကတွင် ဖက် ဒရယ်ရီဇာ့ဗ်(ဗဟိုဘဏ်)က စီးပွားရေး တွန်းအား ပေးရန်ပုံငွေကို ပုံအောသုံးစွဲခဲ့ပြီး ဒေါ်လာငွေကြေး သည်လည်း သီးသန့်ငွေကြေး အဆင့်အတန်းတွင် ရှိနေသဖြင့် ဘဏ္ဍာရေးအရ လုပ်သာ ကိုင်သာ အခွင့်အရေး ပိုရလျက်ရှိသည်။ ဥရောပနိုင်ငံများ တွင်မူ  တစ်နိုင်ငံချင်း အလိုက် သီးခြားငွေကြေး ပေါ်လစီ မရှိကြသည့်ပြင်၊ ေ<ကးမြီ ပမာဏလည်း များပြားနေသဖြင့် တိုင်းပြည်စီးပွားရေး ချည့်နဲ့နေ သည့်တိုင် ဘဏ္ဍာရေးအရ အထောက်အကူပြုရန် မတတ်နိုင်ကြ ပေ။စိုးရိမ်စရာရှိနေသည်မှာ ဥရောပတွင် ထုတ် လုပ်မှု နှေးကွေးလာပြီး၊ အစိုးရ ေ<ကးမြီအတွက် စိုးရိမ်မှုကြောင့် ဘဏ္ဍာရေးပေါ်လစီ တင်းကျပ်မှု များ ဖြစ်ပေါ်လာနိုင်သည်။ ထွန်းသစ်စနိုင်ငံကြီး များတွင်မူ ငွေဖောင်းပွနှုန်းမြင့်တက်လာပြီး၊ ရပိုင်ခွင့် ဈေးနှုန်း ပူဖောင်းများ (Asset bubbles) ဖြစ် ပေါ်လာနိုင်သည်။  ကမ္ဘာ့စီးပွားရေး နာလန်ထူရာ တွင် အနှေးအမြန် မတူကြခြင်းသည် ကမ္ဘာ့စီးပွား ရေး တည်ငြိမ်မှုအတွက်  စိုးရိမ်ဖွယ်ဖြစ်သည်။ ချမ်းသာနိုင်ငံများတွင် ဘဏ္ဍာရေးပေါ်လစီ ပိုမို တင်းကျပ်လာပြီး၊ အတိုးနှုန်းများလည်း ကာလကြာ ရှည်စွာ နိမ့်ကျနေမည်ဆိုပါလျှင် ထွန်းသစ်စနိုင်ငံ များသို့ အရင်းအနှီးများ ပြောင်းရွှေ့သွားနိုင်သည်။ ယင်းပြောင်းရွှေ့မှုသည်  ထွန်းသစ်စနိုင်ငံများတွင် စီးပွားရေးအပူလွန်မည့် အန္တရာယ်ကြုံတွေ့လာရ နိုင်သည်။ ယင်းအစွန်းနှစ်ဖက်ကို ကြိုတင်ကာကွယ် ရန် နှစ်ဖက်စလုံးမှ ပေါ်လစီ ချမှတ်သူများက ပိုမိုကြိုးပမ်းရန် လိုအပ်ပါလိမ့်မည်ဟု ဆိုပါသည်။Ref: The Economistဦးဟန်ထွန်း(အခွန်)

Wednesday, 12 May 2010

ကမ္ဘာကြီး ပူနွေးလာမှုနဲ့ ရာသီဥတု ပြောင်းလဲဖြစ်စဉ်တွေ ကြောင့် အပူဒဏ်ကို တစ်နှစ်ထက် တစ်နှစ် ပိုခံစားရလာပါတယ်။ နာဂစ်မုန်တိုင်းဒဏ်ကြောင့် သစ်ပင်ကြီးတွေလဲ ပြိုပျက်စီး ကုန်တော့ အပူဒဏ်ကိုတိုက်ရိုက် ခံစားလာရသလို အရိပ်နားခိုစရာတွေ လည်း နည်းပါးသွားခဲ့ ပါတယ်။ ဒီအပူဒဏ်ကို လိုက်လျောညီထွေ အောင် နေနိုင်ဖို့အတွက် လူတွေလည်း ဝတ်စား ဆင်ယင်မှု၊ နေထိုင် မှု၊ စားသောက်မှုတွေမှာ ပုံစံပြောင်းလဲလာတာ တွေ့ရပါတယ်။ချည်ထည်နဲ့ အပွပုံစံတွေ ဝတ်ဆင်လာယခုရာသီမှာ အပူဒဏ်ကြောင့် ပိုး၊ ဖဲ၊ နိုင်လွန်လို အပူဓာတ် များတဲ့ အဝတ်အစားတွေကို ဝတ်ဆင်မှုနည်းသွားပြီး မဖြစ်မနေဝတ် ဆင်ရမယ့်  အလှူမင်္ဂလာဆောင်  အခမ်းအနားပွဲတွေ လောက်ပဲ ဝတ်ဆင်ကြတာတွေ့ရပါတယ်။ လူတန်း စားမရွေး  ဝတ်ဆင်ကြတာ ကတော့ ချည်ထည်၊ စပန့်ထည်တွေပါပဲ။ အိမ်နေရင်းလည်း ဝတ်၊ အပြင်သွားလဲ ဝတ်ဆင်ကြပါတယ်။ လွတ်လပ်ပေါ့ပါးတဲ့ ဂါဝန်၊ ဘောင်းဘီတိုတွေကို အသက်အရွယ်မရွေး၊ ချည်ထည်တွေနဲ့ အိမ်နေရင်း၊ ဈေးသွားဈေးလာ တွေ့နေရပါတယ်။ အပြင်သွား၊ အလုပ်သွား ရာမှာတော့ ချည်သားတွေ ချုပ်ဝတ်တာ ချည် Ready Madeတွေ ဝတ်ဆင်ကြပါတယ်။စူပါမားကက်တွေ၊ ပလာဇာတွေ၊ ဈေးတွေမှာရှိတဲ့ အဝတ် အထည် အရောင်းဆိုင်တွေမှာလည်း ချည်သားပိတ်စတွေ၊ ချုပ်ပြီး သား အင်္ကျီတွေ၊ ဘောင်းဘီတွေ၊ ဂါဝန်တွေ၊ စကတ်တွေ ပိုရောင်း နေရတယ်လို့ သိရပါတယ်။ယုဇနပလာဇာရှိ ပြည်တွင်းဖြစ်၊ ပြည်ပဖြစ် အဝတ်အထည် ရောင်းသူတစ်ဦးက "အခုရာသီမှာ အေးတဲ့ အဝတ်အထည်တွေ အရောင်းသွက်တယ်။ အိမ်နေရင်းဝတ်ကြတဲ့ချည် အင်္ကျီနဲ့ ဘောင်းဘီ တို ဝမ်းဆက်တွေ၊ ဂါဝန်တွေပိုဝယ်ကြတယ်။ ချည်ရယ်ဒီမိတ်တွေ လည်း ဝတ်ကြတယ်။ ချည်သား ရယ်ဒီမိတ်အင်္ကျီလေးတွေကလည်း လှတယ်။ ဒီဇိုင်းလှသလို ဈေးနှုန်းကလည်း အမျိုးမျိုးပဲ၊ လူတန်းစား မရွေး ဝတ်နိုင်တာတွေ များပါတယ်။ ကလေးကနေ လူကြီးအထိ အစုံရှိတော့ ဒီရာသီမှာ အရောင်းသွက်ပါတယ်"လို့ ပြောပါတယ်။စပန့်ထည်ဈေးကွက်မှာ တရုတ်နဲ့ထိုင်း နှစ်နိုင်ငံလုံးက ဝင်ပေ မယ့် ဈေးသက်သာတဲ့  တရုတ်စပန့်တွေ ပိုအရောင်းသွက်ကြောင်း သိရပါတယ်။ အရည်အသွေးကောင်းကြိုက်သူ တချို့ကသာ ထိုင်းစပန့်တွေကို ဝယ်ယူကြကြောင်း စပန့်ထည် လက် လီလက်ကား ရောင်းသူတစ်ဦးက ပြောပါတယ်။ရယ်ဒီမိတ်အင်္ကျီတွေ   ချုပ်လုပ်နေသူ တစ်ဦးကလည်း "ဆောင်းရာသီထဲက နွေရာသီ အတွက် အဆင်ပြေမယ့် ဒီဇိုင်းလေးတွေနဲ့ အေးတဲ့ အသားတွေကို  ကြိုတင်စုဆောင်း ချုပ်ရတယ်။ ဒါမှ ဆောင်းကုန်တာနဲ့ ဈေး ကွက်ထဲ ရောက်လာမယ်။ ရာသီဥတု က  ပူတော့  ဖောက်သည်တွေက လည်း  အေးတဲ့ အဝတ်အစားကိုပဲ နှစ်သက်ကြတယ်။ အခုလို ပူတဲ့ ကာလများကတော့  ဒီဇိုင်း သစ်တွေ ထပ်ထုတ်ရတယ်" လို့ ဆိုပါတယ်။လူကြီးလူငယ်တွေရဲ့ ဝတ်စားဆင်ယင်မှုပုံစံကလည်း အပူဒဏ် ကြောင့် ပြောင်းလဲဝတ်ဆင်လာတာ တွေ့ရပါတယ်။ အရင်က ကျပ် ကျပ်ကပ်ကပ်လေးတွေ ဝတ်ဆင်ကြပေမယ့် အခုတော့ ပွပွချောင် ချောင်လေးတွေဝတ်လာကြပါတယ်။ တက္ကသိုလ်ဝင်တန်းဖြေထားတုန်း သင်တန်းတွေတက်နေတဲ့ ကျောင်းသူတစ်ဦးက "အရမ်းပူတော့ သင်တန်းသွားရင် အရင်လို ဒီဇိုင်းအဆန်းလဲ မဝတ်နိုင်ဘူး၊ တချို့အထည်တွေက အရမ်းပူတယ်။ မလှလဲရှိပါစေတော့၊ အေးတဲ့ အင်္ကျီတွေပဲ ဝယ်ဝတ်နေရတယ်"လို့ ပြောပါတယ်။Capital Hyper Market  မှ တာဝန်ရှိသူတစ်ဦးကလည်း "အခုချိန်မှာ ချည်ထည်၊ စပန့်ထည်တွေ အရောင်းသွက်ပါတယ်။ အဲဒီအဝတ်အထည်တွေက ရာသီဥတုနဲ့ လိုက်လျောညီထွေတော့ အများစုက နှစ်သက်ကြတယ်။ ဈေးနှုန်းကလည်း အမျိုးမျိုး၊ ဒီဇိုင်းက လည်း အမျိုးမျိုးပါပဲ။ အများဆုံးရောင်းရတာက ၃၀၀၀ ကျပ် လောက်ကနေ တစ်သောင်းကျပ်လောက်အတွင်းပေါ့" လို့ ဆိုပါ တယ်။ ကျန်းမာရေးဝန်ကြီးဌာနကလည်း အပူဒဏ်ကို ကာကွယ်ဖို့ နည်းလမ်းတွေကို ရုပ်မြင်သံကြား၊ မြန်မာ့အသံ၊ ရေဒီယို၊ သတင်းစာ စတဲ့မီဒီယာတွေကနေ ထုတ်ပြန်ပေးနေပါတယ်။ အဲဒီထုတ်ပြန်ချက် တွေထဲမှာလည်း  အလင်းရောင်ပြန်တဲ့  အဖြူရောင် သို့မဟုတ် အရောင်ဖျော့ဖျော့ အဝတ်အထည်တွေဝတ်ဆင်ဖို့ ပွပွချောင်ချောင် ချည်ထည်တွေ ဝတ်ဆင်ဖို့ပါဝင်ပါတယ်။နေကာမျက်မှန်တွေလည်း တပ်ဆင်လာကြနေပူဒဏ်ကြောင့်မျက်စိနာခြင်း၊ မျက်လုံးအောင့်ခြင်း၊ မျက်စိ ကျိန်းစပ်ခြင်း မဖြစ်ရအောင် စတိုင်ကျလှပတဲ့ မျက်မှန်လှလှ လေးတွေကို တပ်ဆင်ပြီးသွားလာနေကြတာ တွေ့ရပါတယ်။နေကာမျက်မှန်ဆိုတာ အရင်ကတော့ လူတိုင်းမတပ်ကြပါဘူး။ အခုတော့ နေပူထဲသွားလာလှုပ်ရှားနေကြတဲ့ အများစုက တပ်ဆင် ကြပါတယ်။ အရိပ်ထဲမှာ အလုပ်လုပ်ရင်း အိမ်မှာနေရင်း အပြင်ခဏ ထွက်သူတွေလည်း နေကာမျက်မှန် တပ်ဆင်လာကြပါတယ်။အနော်ရထာလမ်းပေါ်ရှိ  မျက်မှန်အရောင်းဆိုင် တစ်ဆိုင် ကတော့ "နေကာမျက်မှန်တွေ အရောင်းသွက်ပါတယ်။ ဧပြီ၊ မေမှာ ပိုအရောင်းသွက်တယ်။ ဈေးနှုန်းကတော့ အစားစားပေါ့၊ လူတန်းစား အလွှာပေါ်မူတည်ပြီး ဝယ်တဲ့ပစ္စည်းနဲ့ ဈေးနှုန်းကတော့ ကွာ တာပေါ့၊ လတ်တလော အရောင်းသွက်နေတာက ၂၀၀၀ ကျပ်ကနေ ၈၀၀၀  ကျပ်လောက်တွေပဲ"လို့ ပြောပါတယ်။ ဘာပဲဖြစ်ဖြစ် အပူဒဏ်ကြောင့် လှုပ်ရှားလာတဲ့ စီးပွားရေးမှာမျက်မှန်ဆိုင်တွေလည်း အပါအဝင်ပါဘဲ။UVထီးတွေလည်း အရောင်းသွက်နေရေဘူးနဲ့ဖိနပ်မပါရင် နွေအခါမှာသိမယ်ဆိုတဲ့ အခုချိန်မှာတော့ ရေဘူးနဲ့ဖိနပ်အပြင်  ထီးမပါရင်လည်း အပူဒဏ်ကို သိသွားမှာပါ။ ဒါ့ကြောင့် အခုချိန်မှာ ထီးဆိုင်တွေအရောင်းသွက်နေကြောင်း သိရပါ တယ်။ အရင်ကတော့ နွေအကုန်ဆို မိုးရာသီအတွက် ထီးအဝယ်များ တယ်ဆိုပေမယ့် ဒီနှစ်မှာတော့ နွေရာသီအစပိုင်းမှာကတည်းက စပြီး ထီးအရောင်းသွက်ခဲ့တာ အခုမေလဆန်းမှာ ပိုရောင်းရတယ်လို့ ထီး အရောင်းဆိုင်အများစုက ပြောပါတယ်။ယုဇနပလာဇာရှိ ထီးအရောင်းဆိုင်တစ်ဆိုင်က "နာဂစ်ဖြစ်ပြီး နောက်ပိုင်းမှာ သစ်ပင်ကြီးတွေ မရှိတော့ ပိုပူလာတယ်။ လမ်းတွေမှာ လည်း အရိပ်ခိုစရာ အပင်ကြီးတွေမရှိဘူး။ ဒီတော့ အပြင်ထွက်ရင် ထီး၊ ဦးထုပ်တွေလိုတယ်။ ဒါကြောင့် နွေရာသီဖြစ်ပေမယ့် ထီး အရောင်းသွက် တယ်။ အထူးသဖြင့် နေပူခံ UV ထီးတွေ ပိုရောင်းရ တယ်"လို့ ပြောပါတယ်။ အခုဆိုရင် နေ့လယ်ခင်း အပြင်သွားကြတဲ့ အခါ ယောက်ျား၊ မိန်းမ လူကြီးလူငယ်မရွေး ထီးရောင်စုံ ဆောင်းပြီး သွားလာနေကြတာ တွေ့ရပါတယ်။ဦးထုပ်တွေလဲ အရောင်းသွက် ပစ္စည်းပါဘဲအပူဒဏ်ကိုကာကွယ်ဖို့ ထီးမဆောင်းလိုတဲ့ သူတွေကတော့ ဦးထုပ်ဆောင်းကြပါတယ်။ အထူးသဖြင့် ယောက်ျားလေးတွေပါပဲ။ ယောက်ျားလေးတွေ အများစုက ထီးကိုင်ဖို့ ဝါသနာမပါကြဘူးလို့ သိရပါတယ်။ ဒါကြောင့် နွေရာသီမှာ ယောက်ကျားဆောင်း ဦးထုပ် တွေ ပိုရောင်းရတယ်လို့ သိမ်ကြီးဈေးက ဦးထုပ်ရောင်းသူတစ်ဦးက ပြောပါတယ်။ဦးထုပ်ကလည်း ပြည်တွင်းဖြစ်၊ ပြည်ပဖြစ် ဒီဇိုင်းမျိုးစုံ ဝင် ရောက်နေပါတယ်။ လမ်းဘေးမှာ ဈေးသက်သက်သာသာနဲ့ ချရောင်း နေတာတွေရှိသလို စတိုးဆိုင်တွေ၊ စူပါမားကတ်တွေမှာလည်း တင် ရောင်းကြပါတယ်။ ပြည်တွင်းဖြစ် ဦးထုပ်တွေ တစ်လုံး ၅၀၀ ကျပ် ကနေ ၂၀၀၀ ကျပ်လောက်လောက်အထိ ရောင်းနေရတာတွေ့ရပြီး ပြည်ပကဝင်လာတွေကတော့ တစ်လုံး ၁၅၀၀- ၂၀၀၀ ကျပ်ကနေ ၄၀၀၀-၅၀၀၀ ကျပ်အထိ ရောင်းနေတာတွေ့ရပါတယ်။ရန်ကုန်မြို့လယ်မှာ  ဦးထုပ်ဆောင်းပြီး သွားလာနေကြတဲ့ ယောက်ျားလေးအများစုနဲ့ အမျိုးသမီးတချို့ကိုလည်း တွေ့ရပါတယ်။စားသောက်မှုပုံစံ ပြောင်းလဲလာရာသီဥတု ပူပြင်းလာမှုကြောင့် လူတွေရဲ့ စားသောက်မှုပုံစံ ပြောင်းလဲလာတာ တွေ့ရပါတယ်။ အပူအစပ် စားသောက်မှုတွေ လျော့နည်းသွားပြီး ချိုချိုအေးအေးအစားအစာတွေကို စားသောက် လာကြပါတယ်။ ထမင်းဟင်းစားသောက်ရာမှာလည်း ဆီပြန်ဟင်း တွေထက် အရည်သောက်ဟင်းတွေ ပိုစားလာတာ တွေ့ရပါတယ်။အိမ်ရှင်မတစ်ဦးက "ရာသီဥတုပူတော့ ဆီပြန်ဟင်းချက်ရင်စား မကောင်းဘူး၊ အရည်သောက်လေးနဲ့  တွဲစားမှရတယ်။ အခုလို ရာသီက ချဉ်ရည်ဟင်းလေးတွေက စားကောင်းတယ်။ တစ်ရက် တစ်ရက် မန်ကျည်းရွက်၊ ကင်ပွန်းချဉ်ရွက်၊ ကန်စွန်းရွက်၊ ချဉ်ပေါင်ရွက် တွေ ချက်စားရတယ်။ အဲဒါတွေက ကျန်းမာရေးနဲ့လည်း ညီညွတ် ပါတယ်"လို့ ပြောပါတယ်။နွေ-ချို၊ မိုး-ခါး၊ ဆောင်း-ချဉ်ဆိုတဲ့ ဓာတ်သဘောအရ အခုရာ သီဟာ ချိုအေးတဲ့ အစားအစာတွေကို ပိုစားသင့်တယ်လို့ တိုင်းရင်း ဆေးဆရာ တစ်ဦးက ပြောပါတယ်။"နွေရာသီမှာ အပူအစပ်လျှော့စားပြီး ချိုတဲ့အစားအစာတွေ စားပေးရမယ်။  ဒါမှ အပူငြိမ်းစေမယ်။ အပူငြိမ်းဆေးတွေလည်း သောက်နိုင်တယ်။ တချို့က အေးတယ်ဆိုပြီး ရေခဲရေ သောက်ကြ တယ်။ ဒါမှားတာပဲ၊ အမှန်က ရေခဲရေဆိုတာ အပူသဘောပဲ၊ ဒီ ရာသီမှာ ရေနွေးသောက်တာအကောင်းဆုံးပဲ" လို့ အထက်ပါဆရာက ထပ်မံ ပြောပါတယ်။ရာသီဥတု ပူပြင်းတာကြောင့် လူတွေဟာ အအေးပိုသောက် လာကြလို့ နွေရာသီမှာအအေးဆိုင်တွေ ပိုများလာပါတယ်။ လမ်း ဘေးမှာ တစ်ခွက်တစ်ရာနဲ့ အော်ရောင်းနေတဲ့ အအေးဆိုင်တွေရှိ သလို ဆိုင်ကန္ဒားနဲ့  ရောင်းချတဲ့ဆိုင်တွေလည်း များလာပါတယ်။ ကော်ဖီ၊ လက်ဖက်ရည်အပူ  သောက်သူတွေလည်း အအေးပြောင်း သောက်လာကြတာ တွေ့ရပါတယ်။လူအများစုကတော့ နေပူထဲ သွားလာလှုပ်ရှားရင်း ရေခဲရေ သောက်လိုက်၊ ဖျော်ရည်သောက်လိုက်ပါပဲ။ ငွေကြေးတတ်နိုင်သူ တွေကတော့  လေအေးစက်တပ်ထားတဲ့  အအေးဆိုင်ကြီးမှာ စား သောက်ရင်း အပူဒဏ်ကို ရှောင်ရှားကြပါတယ်။အပူဒဏ်ကြောင့် အစားအသောက်ပျက်ကြလို့ အသီးအနှံစား သောက်မှုများပြားလာပါတယ်။ အထူးသဖြင့် အရည်ရွှမ်းတဲ့ အသီး (ဖရဲသီး၊ သရက်သီး၊ လိမ္မော်သီး၊ စပျစ်သီး) တွေကို ပိုမိုစားသုံးတဲ့ အတွက် အသီးအနှံရောင်းသူတွေလည်း ရောင်းအားကောင်းနေကြ ကြောင်း သိရပါတယ်။သီရိမင်္ဂလာဈေးမှ အသီးရောင်းသူတစ်ဦးက  "နွေရာသီမှာ အသီးအနှံပိုရောင်းရတယ်။ ရာသီစာကတော့ တစ်မျိုးပေါ့။ ဒါပေမယ့် အရည်ရွှမ်းတဲ့ အသီးတွေပိုရောင်းရတယ်။ အရောင်းရဆုံးက ဖရဲသီးနဲ့ သင်္ဘောသီးဘဲ။ လက်လီဝယ်စားသူတွေရော၊ ဖျော်ရည်လုပ်ပြီး ပြန် ရောင်းမယ့်သူတွေရော ဝယ်ကြတယ်"လို့ ပြောပါတယ်။နေထိုင်သွားလာမှုပုံစံလဲ ပြောင်းလဲလာအရင်က အိမ်ထဲမှာ အခွေကြည့်၊ စာဖတ်အပန်းဖြေကြတဲ့သူ တွေလည်း အပူဒဏ်ကြောင့် အိမ်ခြံဝင်း အေးတဲ့နေရာ၊ အရိပ်ရတဲ့ နေရာတွေကို ထွက်ထိုင်လာကြပါတယ်။ နွေရာသီ ကျောင်းပိတ်ရက် ကာလဖြစ်တာကြောင့် တချို့မိသားစုတွေ အရိပ်ရ၊ လေတိုက်တဲ့ ကန်တော်ကြီး၊ တိရစ္ဆာန်ဥယျာဉ်၊ ပြည်သူ့ရင်ပြင် စတာတွေကို သွား ရောက် အပန်းဖြေကြပါတယ်။အပူဒဏ်သက်သာစေမဲ့ နည်းလမ်းတွေရှာဖွေရင်း တချို့က လေအေးပေးစက်တွေ တပ်ဆင်ထားတဲ့ စူပါမားကတ်တွေ၊ စီးတီး မတ်တွေ၊ ရှော့ပင်းမောတွေ၊ စတိုးဆိုင်ကြီးတွေမှာ ဈေးဝယ်ရင်း၊ မုန့် စားရင်း အပူဒဏ်က ရှောင်ရှားကြပါတယ်။ လူငယ်အများစုကလည်း အရင်ကလို နေပူထဲလျှောက်သွားမဲ့အစား အေးတဲ့အင်တာနက်ဆိုင် မှာ ချက်တင်ဝင်နေကြတာ တွေ့ရပါတယ်။ လက်ဖက်ရည်ဆိုင် ထိုင် တတ်တဲ့ လူကြီးလူငယ်တွေကတော့ သာမန်လက်ဖက်ရည်ဆိုင် အစား ဈေးနည်းနည်းပိုပေးရမယ့် အဲယားကွန်းဖွင့်ထားတဲ့ဆိုင်တွေကို ပိုသွား ကြပါတယ်။ပြီးခဲ့တဲ့ဧပြီလကတော့ ရုံးပိတ်ရက်ရှည်ရှိလို့ တချို့က အအေး ပိုင်း ဒေသတွေကို ခရီးထွက်ရင်း အပူဒဏ် ကသက်သာစေပါတယ်။ မေလထဲမှာ ခရီးရှည်မထွက်နိုင်တော့ ကိုယ့်အိမ်မှာပဲ သက်သက် သာသာ နေနိုင်အောင် ပန်ကာ၊ အဲယားကွန်း၊ မီးစက်တွေတပ်ပြီးနေ ကြပါတယ်။ မတတ်နိုင်သူတွေကတော့ နေရိပ်ရှိရာ၊ လေတိုက်ရာ အရပ်တွေမှာ အဆင်ပြေအောင်နေကြသလို ယပ်တောင်ကိုပဲ အသုံး ပြုကြတာ တွေ့ရပါတယ်။သင်္ဃန်းကျွန်းမြို့နယ်က မသန္တာက "တို့မှာက အဲယားကွန်းလဲ မရှိဘူး၊ ပန်ကာက ကြာကြာဖွင့်ရင် လေပူတွေပဲမို့ မဖြစ်ဘူး။ ပန်ကာ လေ ကြာကြာခံရင်  ကိုယ်လက်တွေကိုက်တယ်။ ဒီတော့  လေတိုက် ပြီး အရိပ်ရတဲ့ခြံထဲမှာပဲ ဆင်းနေရတယ်။ ညအိပ်ရာဝင်ရင်တော့ ယပ်တောင်က မရှိမဖြစ်ဘဲ" လို့ ဆိုပါတယ်။မြက်ယပ်တောင်တွေ ရောင်းကောင်းချိန်သာရေးနာရေးလုပ်ငန်းတွေမှာ အသုံးပြုတဲ့ ပလတ်စတစ်ယပ် တောင်တွေဟာ မြက်ယပ်တောင်လောက် လေမရတော့ အခုချိန်မှာ အရောင်းသွက်တာက မြက်ယပ်တောင်ပါ။မြက်ယပ်တောင်တစ်ခုရဲ့ ထုတ်လုပ်မှုစရိတ်ဟာ ငွေကျပ် တစ်ရာ အောက်မှာပဲရှိပြီး မြို့နယ်၊ ရပ်ကွက် ဈေးတွေမှာတော့ အရွယ်အစားပေါ်မူတည်ပြီး ၂၀၀ကျပ်၊ ၃၀၀ကျပ် စသည်ဖြင့် ရောင်း ချနေတာ တွေ့ရပါတယ်။သုဝဏ္ဏဈေးရှိ ယပ်တောင် ရောင်းသူတစ်ဦးက "နွေရာသီမှ မြက်ယပ်တောင်တွေ အရောင်းသွက်တာပါ။ ကျန်တဲ့အချိန်တွေဆိုရင် ကျွန်တော်တို့ တခြားအလုပ် ပြောင်းလုပ်ရတယ်။ ဒါပေမယ့်လည်း အများအပြားဝယ်ကြတာ မဟုတ်ဘူး။  အိမ်သုံးဆိုတော့ နည်းတာ ပေါ့။ သာရေး နာရေးယပ်တောင်တွေလို အခု ရာချီ၊ ထောင်ချီ မရောင်းရပါဘူး။ ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့တတ်တဲ့ပညာနဲ့ လူတွေ ဈေးသက်သက်သာသာနဲ့ အအေးဓာတ်ဝေပေးနိုင်တာ ဝမ်းသာပါ တယ်" လို့ ဆိုပါတယ်။လူတွေလည်း အပူဒဏ်ကို နည်းမျိုးစုံနဲ့ ကာကွယ်အံတုရင်း မိုးမျှော်နေကြပါပြီ။ မိုးလေဝသကလည်း မုတ်သုံဝင်နောက်ကျမယ် ဆိုတာကြောင့် အပူဒဏ်ကို ခံစားရဦးမှာပါ။ အပူဒဏ်သက်သာ အောင် နေထိုင်ရင်း မိုးရွာ မယ့်ရက်ကို စောင့်နေကြပါတယ်။လွင်လွင်မိုး

Wednesday, 12 May 2010

ဖိလစ်ပိုင် NFA သည် ဆန်ဈေးကွက်တွင် ပြည်တွင်း၌ စပါးဝယ်ယူ သူအနေဖြင့်သာမက ပြည်ပမှ ဆန်တင်သွင်းသူအဖြစ်နှင့် အစိုးရကိုယ် စား စွက်ဖက်ပါဝင်ပါတယ်။ NFA ပါဝင်မှုအတိုင်း အတာဟာ ဖိလစ်ပိုင်ဆန်ဈေးကွက် အခြေအနေ အပေါ် များစွာမူတည်ပါတယ်။ ၂၀၀၈ ခုနှစ်က NFA ကဝယ်ယူတဲ့ စပါးဈေးဟာ တစ်ကီလိုလျှင် ၁၇ ပီဆိုဖြစ်ပြီး ကုန်သည်တွေကတော့ ၂၄ ပီဆို နဲ့ ဝယ်ပါတယ်။ NFA ရဲ့ စပါးဝယ်ဈေးနှုန်းဟာ ဈေးကွက်မှာဖြစ်ပေါ်နေတဲ့ ဈေးနှုန်းထက် များနေ သည့်တိုင်  လယ်သမားများကNFAကို စပါး မရောင်းချင်ကြပါဘူး။   ဘာကြောင့်လဲဆိုတော့ အရောင်းအဝယ်ကို ရော့ပတ္တမြား၊ ရော့နဂါးပဲ ဖြစ် ချင်တယ်။ စာရွက်စာတမ်းတွေနဲ့  မရှုပ်ချင်ဘူး။ ဒါကတော့ ထုံးစံပါပဲ။ (မှတ်ချက်။  ဘယ်နိုင်ငံက လယ်သမားဖြစ်ဖြစ် အစိုးရနဲ့ အရောင်းအဝယ် မလုပ်ချင်ကြဘူး။ စာရွက်စာတမ်းတွေ မဖြည့်ချင် ကြဘူး။  လက်မှတ်မထိုးချင်ကြဘူး။ အစိုးရက လည်း ပြည်သူပိုင်ငွေနဲ့ ဝယ်ရတာ၊ ရောင်းရတာဆို တော့ စာရွက်စာတမ်း အထောက်အထားတော့ အနည်းဆုံးထားရှိ ဆောင်ရွက်ရမှာပဲ။ ဒါက လယ် သမားနဲ့ အစိုးရကြား ဖြစ်ပေါ်လေ့ရှိတဲ့ ဝိရောဓိပဲ) ဖိလစ်ပိုင်မှာ ဆန်နှင့်ပတ်သက်ရင် NFA  မပါလို့ မရပါဘူး။ ၂၀၀၉ ခုနှစ်၊ နှစ်လယ်ပိုင်းလောက် ြၤဗ  ဟာ ၅၀ ကီလိုဆန်တစ်အိတ်ကို  ၁၂၀၀ ပီဆိုနဲ့ ရောင်းချခဲ့ပါတယ်။ သို့သော် ပုဂ္ဂလိကပိုင်း မှာ အရည်အသွေးတူတဲ့ အမျိုးအစားကို ၁၃၅၀ ပီဆိုနဲ့ ရောင်းချနိုင်မှ အရင်းကျေ (break even) မှာ ဖြစ်ပါတယ်။ ၂၀၀၈ ခုနှစ်က ဆန်လှောင်ခဲ့ကြ တဲ့ ဆန်စက်ပိုင်ရှင်တွေ၊ ဆန်ကုန်သည်တွေ အရှုံး ပေါ်ခဲ့ကြပါတယ်။ သူတို့အားလုံးဟာ တက်ရိပ်ပြ နေတဲ့ ဆန်ဈေးအခြေအနေကိုပဲကြည့်ပြီး ဆန်တွေ သိုလှောင်ခဲ့ကြပါတယ်။  ကမ္ဘာပေါ်မှာ စားနပ် ရိက္ခာ ပြဿနာပေါ်နေချိန်ဖြစ်တာမို့ NFA  အနေ ဖြင့် ပြည်ပမှာ ဆန်ဝယ်ရနိုင်လိမ့်မယ် မထင်ခဲ့မိ ကြဘူး။ ဆန်စက်ပိုင်ရှင်နဲ့ ဆန်ကုန်သည်တွေဟာ စပါးကို  အပြိုင်အဆိုင် ဈေးပေးဝယ်ယူခဲ့ကြပြီး ဈေးကို မြှင့်တင်ကြပါတယ်။ ပြည်ပက တင်သွင်း လာခဲ့တဲ့ NFAဆန်တွေ ဈေးကွက်ထဲရောက်တာ နဲ့ ဆန်ဈေးတွေ ပြုတ်ကျသွားတာပါပဲ။ အချို့ဆန် စက်ကြီးများအနေဖြင့် အမေရိကန်ဒေါ်လာ တစ် သန်းလောက် အရှုံးပေါ်ခဲ့ပါတယ်။အစိုးရပါဝင်စွက်ဖက်မှုပေါ် သဘောထားဆန်စပါးလုပ်ငန်း၌ ဖိလစ်ပိုင်အစိုးရမှ ပါဝင် စွက်ဖက်နေမှုကို ပုဂ္ဂလိကပိုင်းမှ မလိုလားကြပါ။ ပြန်လည်  သတ်မှတ်ပြင်ဆင်ဖို့  လိုအပ်တယ်လို့ သူတို့က  ယူဆကြပါတယ်။ ဆင်းရဲတဲ့ ဖိလစ်ပိုင် ပြည်သူအများစုကို ပစ်မှတ်ထားပြီး ပါဝင်ဆောင် ရွက်သင့်တယ်လို့ ယူဆကြပါတယ်။ ဈေးချထားတဲ့ NFA ဆန်တွေကို လက်လီသမားတွေ ရောင်းချ ခိုင်းတဲ့အခါ မကျေလည်မှုတွေ ဖြစ်ခဲ့ပါတယ်။ ရိုး သားပြီး ပြည်သူအပေါ် စေတနာရှိတဲ့ လက်လီ ရောင်းတဲ့ဆိုင်တွေက  ပထမလာ  ပထမစနစ်နဲ့ ဆင်းရဲသားပြည်သူတွေကို ရောင်းချပေးခဲ့ပါတယ်။ အချို့  လက်လီဆိုင်တွေကတော့   အခြားပြင်ပက ဆန်တွေနဲ့ရောပြီး ဈေးကွက်မှာ ဖြစ်ပေါ်နေတဲ့ ဆန်ဈေးအတိုင်း ရောင်းချပေးခဲ့ကြပါတယ်။ပုဂ္ဂလိကပိုင်းအနေနဲ့  ဆန်စက်လုပ်ငန်းမှာ ရင်းနှီးမြှုပ်နှံလိုကြပေမဲ့ ရလာနိုင်မဲ့ အကျိုးအမြတ် က ဆွဲဆောင်မှု သိပ်မရှိလှပါ။ ဆန်စက်သုံး ပစ္စည်း ကိရိယာတွေကို ခေတ်မီတဲ့စက်တွေနဲ့ အစားထိုး ခြင်းဖြင့် ဆန် recovery   တိုးတက်လာရင် အကျိုး အမြတ် အနည်းငယ်  ရရှိလာနိုင်တယ် ဆိုတာ လောက်ပဲ မျှော်လင့်ချက်က ခပ်ပါးပါးလေး ရှိနေ ပါတယ်။ဆန်အရည်အသွေးဖိလစ်ပိုင်သည်အခြားအာဆီယံနိုင်ငံများနှင့် နှိုင်းယှဉ်လျှင် ဆန်အရည်အသွေးမှာ နိမ့်ကျနေဆဲ ဖြစ်ပါတယ်။ ဈေးကွက်ကလည်း အရည်အသွေး ထက် ဈေးနှုန်းက ဦးဆောင်ပါတယ်။ စပါးဝယ်ယူ ရေးကအစ ဆန်စားသုံးတဲ့အထိ Supply Chain မှာ ဈေးနှုန်းကပဲရှေ့ကဦးဆောင်နေပါတယ်။ တိတိ ကျကျ ပြောရရင် အစိုဓာတ်ဟာ အတော်များပါ တယ်။  လယ်သမားတွေကလည်း စပါးခြောက် အောင်လုပ်ပြီး ရောင်းဖို့ စိတ်မဝင်စားကြဘူး။ စပါး ကို ခြောက်အောင်လုပ်ပြီး ရောင်းလည်း ဈေးက ဒီဈေးပဲဆိုတော့  ဘယ်သူမှ  စိတ်မဝင်စားတာ အဆန်းမဟုတ်ပါ။ လက်ကားကော လက်လီဈေး ကွက်မှာ ဈေးနှုန်းကိုပဲ ကြည့်ကြပါတယ်။ ဈေးနှုန်းနဲ့ အရည်အသွေး (Quality)ကို ကန့်သတ်ထားခြင်း မရှိပါ။မောင်တိုင်ပင်

Wednesday, 12 May 2010

လယ်ယာကဏ္ဍသည် မြန်မာနိုင်ငံ၏ အခြေခံ စီးပွားရေးကဏ္ဍဖြစ်သည်။ ၂၀၀၇-၂၀၀၈ ခုနှစ်တွင် နိုင်ငံ၏ ပြည်ပပို့ကုန်တန်ဖိုး စုစုပေါင်း ပမာဏမှာ ၃၅၂၉၇ ကျပ်သန်းပေါင်းရှိသည်။ စိုက်ပျိုးရေး ပြည်ပ ပို့ကုန်များသည် ယင်းစုစုပေါင်း ပမာဏ၏ ၁၃ ရာခိုင်နှုန်းပါဝင်ပြီး ရေထွက်ပစ္စည်းများမှ ၅ ရာခိုင်နှုန်း၊ သစ်တောထွက် ပစ္စည်းများမှ ၈ ရာခိုင်နှုန်းနှင့် ဓာတ်ငွေ့ပို့ကုန်မှ ၃၉ ရာခိုင်နှုန်းပါဝင်ကြောင်း သိရှိရသည်။ ၂၀၀၇ ခုနှစ်တွင် နိုင်ငံ၏ လူဦးရေကို ၅၇.၅၀၄ သန်းရှိမည်ဟု ခန့်မှန်း ထားပြီး ယင်းစုစုပေါင်းလူဦးရေ၏ ၆၉ ရာခိုင်နှုန်းမှာ စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်း များကို လုပ်ကိုင်ကြသည်ဟု သိရသည်။ဗဟိုစီးပွားရေးစနစ် (Centrally planned economic system) ကို ၁၉၆၂ ခုနှစ်မှ ၁၉၈၈ ခုနှစ်ထိ လက်ခံကျင့်သုံးခဲ့ပြီး နိုင်ငံ၏ ပြည်ပပို့ကုန်၊ ပြည်ပမှတင်သွင်းမှုများကို နိုင်ငံတော်ပိုင်း မှသာ ဆောင်ရွက်ခဲ့သည်။ ထို့ကြောင့် ပုဂ္ဂလိကပိုင်းအနေဖြင့် ပြည်ပကုန်သွယ်မှုကို လုပ်ဆောင်ခွင့် မရှိခဲ့ပေ။ထို့နောက် ဈေးကွက်စီးပွားရေးစနစ်ကို ၁၉၈၈ ခုနှစ်တွင် စတင်လက်ခံ ကျင့်သုံးခဲ့သည်။ ဤသို့ ပြောင်းလဲဆောင်ရွက်မှုကြောင့် ပဲမျိုးစုံတင်ပို့ရောင်းချမှုကို ပုဂ္ဂလိကပိုင်းမှ လွတ်လပ်စွာ ပါဝင်ဆောင်ရွက် ခွင့်ပြုခဲ့သည်။ သို့သော် အခြေခံအစားအစာ (Basic Staple Food)  ဖြစ်သော ဆန်စပါးကို ပြည်ပ တင်ပို့ရောင်းချမှုနှင့်ပတ်သက်၍ နိုင်ငံတော်ပိုင်းမှ ဆက်လက်ဆောင်ရွက်ခဲ့ပြီး ၂၀၀၃ ခုနှစ်တွင် ပုဂ္ဂလိက ကဏ္ဍမှ လွတ်လပ်စွာဆောင်ရွက်ရန် စတင်ခွင့်ပြုခဲ့သည်။ထို့ကြောင့် ပဲမျိုးစုံစိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချမှု (Pulses supply chain) တွင် ပါဝင်သူများ သည် ၁၉၈၈ ခုနှစ်မှ ၂၀၁၀ခုနှစ်ထိ လွတ်လပ်စွာ ဆောင်ရွက်ခွင်ဲ့ရရှိခဲ့ပြီးနှစ်ပေါင်းအားဖြင့် ၂၃ နှစ်တာ ကာလ ရှိလာပြီဖြစ်ပါသည်။ ယင်း ၂၃ နှစ်တာကာလအတွင်း မြန်မာနိုင်ငံ၏ ပဲမျိုးစုံ စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချမှုမှာ အောက်ပါအတိုင်း ပြောင်းလဲတိုးတက်လာခဲ့သည်။- နိုင်ငံ၏ ပဲမျိုးစုံ စိုက်ဧရိယာမှာ ၁၉၈၈-၁၉၈၉ ခုနှစ်တွင် ဧက ၁.၈ သန်းရှိခဲ့ရာမှ ၂၀၀၈-၂၀၀၉ ခုနှစ်တွင် ဧက ၁၀.၆ သန်းထိ တိုးတက်စိုက်ပျိုးလာကြသည်။- ပဲမျိုးစုံ စုစုပေါင်းအထွက်မှာ ၁၉၈၈-၁၉၈၉ ခုနှစ်တွင် တန်ချိန် ဝ.၄ သန်းမှ ၂၀၀၈-၂၀၀၉ ခုနှစ်တွင် တန်ချိန် ၅.၂ သန်းထိ ထွက်ရှိလာကြောင်း သိရသည်။- ပဲမျိုးစုံ ပြည်ပသို့ တင်ပို့ရောင်းချမှုမှာ ၁၉၈၈-၁၉၈၉ ခုနှစ်တွင် တန်ချိန် ဝ.၀၁၇ သန်း ရှိခဲ့ရာမှ ၂၀၀၈-၂၀၀၉ ခုနှစ်တွင် ၁.၄၅၀ သန်းထိ တင်ပို့ရောင်းချခဲ့သည်။- ပဲမျိုးစုံ စားသုံးသောနိုင်ငံ၏ လူဦးရေမှာ ၁၉၈၈-၈၉ ခုနှစ်တွင် ၃၉.၂၉ သန်းရှိမည်ဟု ခန့်မှန်းခဲ့ သည်။ ၂၀၀၈-၂၀၀၉ ခုနှစ်တွင် လူဦးရေ သန်းပေါင်း ၅၈.၃၈ သန်းရှိမည်ဟု ခန့်မှန်းကြ သည်။ နိုင်ငံ၏ လူဦးရေမှာ တိုးတက်လာသော်လည်း ပြည်ပတင်ပို့ရောင်းချမှု ပမာဏမှာ တိုးမြှင့် လာသဖြင့် နိုင်ငံ၏ ပဲမျိုးစုံစိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချမှုမှာလည်း တိုးမြှင့်လာခဲ့သည်။- ထို့ကြောင့် မြန်မာနိုင်ငံ၏ ပဲမျိုးစုံ စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချမှုမှာ သိသာစွာ တိုးမြှင့် လာသဖြင့် အာဆီယံအဖွဲ့ဝင် နိုင်ငံများတွင် မြန်မာနိုင်ငံ၏ပဲမျိုးစုံ စိုက်ပျိုးထုတ်လုပ်တင်ပို့ ရောင်း ချမှုနှင့်ပတ်သက်၍ ဦးဆောင်ဦးရွက် (Lead Country ) အဖြစ် ရပ်တည်လာခဲ့သည်။မြန်မာနိုင်ငံ၏ ပဲမျိုးစုံ စိုက်ပျိုးထွက်ရှိမှု ပြည်ပသို့ တင်ပို့ရောင်းချမှုနှင့် နိုင်ငံ၏လူဦးရေ(၁၉၈၈-၁၉၈၉ မှ ၂၀၀၈-၂၀၀၉ ခုနှစ်ထိ)  မြန်မာနိုင်ငံ၏ ပဲမျိုးစုံ စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချမှု မည်သည့်အတွက်ကြောင့် သိသာစွာ ပြောင်းလဲတိုးတက်ရပါသနည်းဟု စိစစ်သုံးသပ်ချက်ကို အောက်တွင် ဖော်ပြထားပါသည်။- ပဲမျိုးစုံ စိုက်ပျိုး ထုတ်လုပ်တင်ပို့ရောင်းချမှုကို ပုဂ္ဂလိကပိုင်းမှ လွတ်လပ်စွာ ပါဝင်ဆောင်ရွက်ခွင့် (Trade Liberalization) ပြုခြင်းသည် အဓိကကျသော (Main driven force)  အချက်ဖြစ်ခြင်း၊- စိုက်ပျိုးသူ ရှုထောင့်မှကြည့်ရှုပါက ပဲမျိုးစုံစိုက်ပျိုးထုတ်လုပ်မှုသည် စိုက်ပျိုးထုတ်လုပ်မှု ကုန်ကျ စရိတ်သက်သာပြီး ထိုက်သင့်သော အကျိုးအမြတ်ရရှိကြသဖြင့် ပဲမျိုးစုံ စိုက်ပျိုးထုတ်လုပ်မှု လုပ် ငန်းမှ စီးပွားရေးအရဆွဲဆောင်မှု ဖြစ်ပေါ်စေခြင်း၊- ပဲမျိုးစုံသည် ဆန်ကဲ့သို့ အစားအစာ (Basic Staple Food) မဟုတ်ခြင်း၊ ပဲမျိုးစုံ (vegetable protein) အဖြစ်သာ စားသုံးခြင်းကြောင့် ဆန်စပါးကဲ့သို့ ပြည်တွင်းဈေးကွက်တွင် ဈေးသိ သာစွာ မြင့်မားလာမှုမရှိစေရန် စားသုံးသူများအတွက် ကာကွယ်ပေးရန်(Consumer protection) မလိုအပ်ခြင်း၊- ၂၀၀၆ ခုနှစ်တွင် စစ်တမ်းများအရ လစဉ်အိမ်ထောင်စုများ၏ သုံးစွဲမှု (Monthly house hold expenditure)မှာ ၉၇၁၄၅.၆၇ ကျပ်ရှိပြီး အစားအစာ (food) အတွက် ၇၀.၆၃ ရာခိုင် နှုန်း၊ အစားအစာမဟုတ်သော ပစ္စည်း (Non-food) အတွက် ၂၉.၃၇ ရာခိုင်နှုန်း ပါဝင်ခြင်း၊ အစားအစာအတွက် သုံးစွဲမှုမှ ပဲမျိူးစုံအတွက်သုံးစွဲမှုမှာ ၁.၉၀ ရာခိုင်နှုန်း ပါဝင်ခြင်း၊- ပဲမျိုးစုံ ဖြစ်ပေါ်သော ဈေးသည် စိုက်ပျိုးထုတ်လုပ်မှု ရောင်းဝယ်သူများအတွက် စီးပွားရေး တွက်ချေကိုက်မှု ရှိ၊ မရှိဆိုသော အချက်ကိုသာ အလေးထားရခြင်း၊- မူဝါဒချမှတ်သူများအနေဖြင့် ပဲမျိုးစုံ စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချမှု တိုးတက်ရေး    အတွက်  (public sector) နှင့် (private sector) ပူးပေါင်းဆောင်ရွက်ရေးကို အားပေးခဲ့ခြင်း များကြောင့် ဖြစ်သည်။ မြန်မာနိုင်ငံ၏ ပဲမျိုးစုံ စိုက်ပျိုးထုတ်လုပ်မှုမြန်မာနိုင်ငံအတွင်း ပဲမျိုးစုံစိုက်ပျိုးထုတ်လုပ်မှုနှင့် ပတ်သက်သော လေ့လာ ချက်ကို ဖော်ပြထားပါသည်။ မြန်မာနိုင်ငံကို မြန်မာနိုင်ငံ အောက်ပိုင်းနှင့် မြန်မာနိုင်ငံ အထက်ပိုင်းဟူ၍ ခွဲခြားနိုင်ပါသည်။ မြန်မာနိုင်ငံအောက်ပိုင်းဒေသတွင် မြစ်ဝကျွန်း ပေါ်ဒေသ (Delta region) ပင်လယ်ကမ်းရိုးတန်းဒေသ (Coastal region) တို့ ပါဝင်ပြီး၊ မြန်မာနိုင်ငံ အထက်ပိုင်းဒေသတွင် အလယ်ပိုင်း မိုးနည်းရပ်ဝန်းဒေသ (Central dry zone region) နှင့် တောင်တန်းဒေသ (Hilly region) တို့ ပါဝင် ကြပါသည်။မြန်မာရေမြေသဘာဝ၏ ထူးခြားချက်မှာ သီးနှံတစ်မျိုးကို ရာသီကာလအမျိုး မျိုးတွင် စိုက်ပျိုးနိုင်ခြင်းပင် ဖြစ်ပါသည်။ ထင်ရှားသော ဥပမာအဖြစ် ပဲတီစိမ်းကို မြန်မာနိုင်ငံအလယ်ပိုင်း မိုးနည်းရပ်ဝန်းဒေသတွင် မိုးရာသီကာလအတွင်း စိုက် ပျိုးကြပြီး မြန်မာနိုင်ငံအောက်ပိုင်းဒေသတွင် ဆောင်းရာသီ (cool season) ကာလ တွင် မိုးစပါးရိတ်သိမ်းအပြီး သီးထပ်အဖြစ် အများအပြား စိုက်ပျိုးကြသည်။- ကုလားပဲကို မြန်မာနိုင်ငံအလယ်ပိုင်း မိုးနည်းရပ်ဝန်းဒေသတွင် ဆောင်း ရာသီ ကာလအတွင်းသာ အများအပြား စိုက်ပျိုးကြသည်။ တစ်နှစ် တစ်ကြိမ် သာ စိုက်ပျိုးထွက်ရှိသည်။- ပဲစင်းငုံကို မြန်မာနိုင်ငံအလယ်ပိုင်း မိုးနည်းရပ်ဝန်းဒေသတွင် မိုးရာသီ ကာလတွင်သာ စိုက်ပျိုးသည်။ တစ်နှစ်တစ်ကြိမ်သာ စိုက်ပျိုးထွက်ရှိသည်။- မြေထောက်ပဲ၊ ထောပတ်ပဲ၊ ပဲယင်း စသည့် သီးနှံများကို မြန်မာနိုင်ငံ အထက်ပိုင်းဒေသတွင် ဆောင်းသီးနှံအဖြစ် အများအပြား စိုက်ပျိုးကြသည်။- မြစ်ဝကျွန်းပေါ်ဒေသတွင် မတ်ပဲ၊ ပဲတီစိမ်းနှင့် ပဲလွမ်းဖြူကို မိုးစပါး ရိတ်သိမ်းပြီး သီးထပ်သီးနှံအဖြစ် စိုက်ပျိုးကြသည်။မြန်မာနိုင်ငံတွင် ပဲမျိုးစုံ စုစုပေါင်း စိုက်ဧက၏ ၃၅ ရာခိုင်နှုန်းကို မိုးရာသီတွင် စိုက်ပျိုးပြီး ၆၅ရာခိုင်နှုန်းကို ဆောင်းရာသီ (cool season or post monsoon) တွင် စိုက်ပျိုးကြသည်။ ဒေသအလိုက် ပဲမျိုးစုံစိုက်ပျိုးမှုကိုလေ့လာပါက မြန်မာနိုင်ငံ အလယ်ပိုင်းဒေသသည် တစ်နိုင်ငံလုံး ပဲမျိုးစုံစုစုပေါင်း စိုက်ဧရိယာ၏ ၅၄ ရာခိုင် နှုန်းကို စိုက်ပျိုးသည့် ဒေသဖြစ်ပြီး၊ တစ်နိုင်ငံလုံး ပဲမျိုးစုံစုစုပေါင်း စိုက်ဧရိယာ၏ ၃၉ ရာခိုင်နှုန်းကို မြစ်ဝကျွန်းပေါ်ဒေသတွင် စိုက်ပျိုးကြသည်။ ထို့ကြောင့် မြန်မာ နိုင်ငံ ပဲမျိုးစုံ စိုက်ပျိုးမှုကို လေ့လာပါက-- မိုးရာသီကာလ (Monsoon season) တွင် မြန်မာနိုင်ငံ အလယ်ပိုင်း ဒေသည် ပဲမျိုးစုံစိုက်ပျိုး ထုတ်လုပ်မှုတွင် အရေးပါပြီး တောင်တန်းဒေသသည် လည်း မိုးရာသီတွင် ပဲမျိုးစုံစိုက်ပျိုးမှုနှင့် ပတ်သက်၍ အရေးပါသည်။- မြစ်ဝကျွန်းပေါ်ဒေသသည် ဆောင်းရာသီ (cool season or post monsoon)တွင် ပဲမျိုးစုံ စိုက်ပျိုးမှုနှင့်ပတ်သက်၍ အရေးပါသည်ကို တွေ့ရ သည်။မြန်မာနိုင်ငံတွင် ဒေသအလိုက် ပဲမျိုးစုံ စိုက်ပျိုးထုတ်လုပ်မှု ဒေသ                                      မိုးရာသီ     ဆောင်း(မိုးနှောင်း)ရာသီ         စုစုပေါင်း                                                         ----- ဧကထောင်ပေါင်း ------ ပင်လယ်ကမ်းရိုးတန်း                       ၄                    ၁၈၆                       ၁၉၀ တောင်တန်းဒေသ                        ၃၅၉                  ၂၂၀                        ၅၇၉ မြစ်ဝကျွန်းပေါ်ဒေသ                      ၇၃                   ၄၀၆၂                      ၄၁၃၅ အလယ်ပိုင်း မိုးနည်းရပ်ဝန်းဒေသ     ၃၂၇၈               ၂၃၈၆                       ၅၆၆၄ စုစုပေါင်း                                 ၃၇၁၄              ၆၈၅၄                ၁၀၅၆၈ ရာခိုင်နှုန်း                                   ၃၅                    ၆၅                         ၁၀၀ကျော်မြင့်

Wednesday, 5 May 2010

အဆင့်မြင့်   နည်းပညာ  ကုမ္ပဏီတစ်ခုရဲ့ မန်နေဂျာတစ်ဦးဖြစ်တဲ့ ဟန်ဂျန်ကြူဟာ မိမိကိုယ် ကို ကာဗွန်လျော့နည်းရေး မိသားစုအဖွဲ့ဝင် (Low-carbon tribe) အဖြစ် ခံယူပြီး ၁၂ ထပ်မှာရှိတဲ့ မိမိရဲ့အိမ်ခန်းကို တက်ရာမှာ ဓာတ်လှေကားကို အသုံးမပြုဘဲ ခြေထောက်နဲ့ပဲ ဆင်းတက်ခဲ့ပါ တယ်။ ဈေးဝယ်ထွက်ရင် ကိုယ်ပိုင်ကားကိုမသုံးဘဲ ဘတ်စ်ကားနဲ့ သွားပါတယ်။ အိမ်မှာ မီးသွယ်ရာမှာ လည်း လျှပ်စစ်ဓာတ်အားသက်သာတဲ့ မီးလုံးမျိုး တွေကိုသာ အသုံးပြုတယ်လို့ သိရပါတယ်။ပေကျင်းတက္ကသိုလ်က ကျောင်းသားတစ်ဦး ဖြစ်တဲ့ ချွီအယ်ဝယ်ယူအသုံးပြုတဲ့ Changhong Electric ကုမ္ပဏီမှထုတ်လုပ်တဲ့ ဆဲလ်ဖုန်း တစ်မျိုး ဟာ တစ်နှစ်ကိုလျှပ်စစ်ဓာတ်အား တစ်ကီလိုဝပ် နာရီ (1kwh) လျော့နည်းပြီး အသုံးပြုနိုင်ပါတယ်။ ချွီအယ်က "လျှပ်စစ်ဓာတ်အား တစ်ကီလိုဝပ် နာရီ လျော့နည်းအသုံးပြုတဲ့အတွက် ကာဗွန် ဒိုင်အောက်ဆိုက်ဓာတ်ငွေ့တစ်ကီလိုဂရမ် လျော့ နည်းထုတ်လွှတ်စေတာပဲ ဖြစ်ပါတယ်" လို့ ပြော ပါတယ်။ Changhong ဆဲလ်ဖုန်းတွေကိုသာ ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုလာရင် တစ်နှစ်ကို စုစုပေါင်းဓာတ်အား ကီလိုဝပ်နာရီ ၅၂၂ သန်းသက် သာစေတဲ့အတွက် အဲဒီဓာတ်အားတွေကို ထုတ် လုပ်ပေးတဲ့ ကျောက်မီးသွေးတန်ချိန် နှစ်သိန်းကျော် အသုံးပြုစရာမလိုတော့ဘဲ လေထုအတွင်း ကာဗွန် ဒိုင်အောက်ဆိုက်ဓာတ်ငွေ့ ကုဗမီတာသန်း ၄၁၀ လျော့နည်းထုတ်လုပ်မှုကနေ ကာကွယ်ပေးစေပါ တယ်။ တရုတ်နိုင်ငံ သိပ္ပံနဲ့နည်းပညာဌာန ဝန်ကြီး ဝမ်ကန်းက "ရာသီဥတု ပြောင်းလဲမှုပြဿနာကို ဖြေရှင်းရာမှာ  ကာဗွန်လျော့နည်းထုတ်လွှတ်တဲ့ စီးပွားရေးလုပ်ငန်းတွေ ဖွံ့ဖြိုးတိုးတက်လာရေးမှာ သိပ္ပံနဲ့ နည်းပညာရပ်တွေဟာ အဓိကအခန်းကဏ္ဍ ကနေ ပါဝင်နေပါတယ်။ လောလောဆယ် အဲဒီ ပညာရပ်တွေ တိုးတက်လာရေးအတွက် တရုတ် နိုင်ငံဟာ  ယွမ်ငွေ ၁၀  ဘီလီယံ (အမေရိကန် ဒေါ်လာ ၁ ဒသမ ၅ ဘီလီယံ) ရင်းနှီးပြီး ဆောင် ရွက်နေပါ တယ်" လို့ ပြောကြားပါတယ်။ကာဗွန်လျော့နည်းထုတ်လွှတ်ရေး မိသားစု အဖွဲ့ဝင်လို့ ခံယူထားတဲ့ ပေကျင်းမြို့တော်သား လင်ကျီဖန်က "ကာဗွန် လျော့နည်းရေးအတွက် လူတွေရဲ့ နေ့စဉ်ဘဝလုပ်ငန်းတွေကနေ စတင် နိုင်ပါတယ်။ လျှပ်စစ်ဓာတ်အား အသုံးပြုရာမှာ ချွေချွေတာတာ၊ ချက်ပြုတ်တဲ့နေရာမှာ ထိထိ ရောက်ရောက် အသုံးချတာနဲ့ မော်တော်ယာဉ် တွေနဲ့သွားလာရာမှာ လောင်စာဆီကို အနည်း ဆုံး အသုံးပြုတာတွေ ကျင့်သုံးသွားနိုင်ပါတယ်။ ကာဗွန်လျော့နည်းထုတ်လွှတ်ရေး မိသားစု အဖွဲ့ ဝင်ဖြစ်လာပြီးတဲ့နောက်  ကျွန်တော်ဟာ အဲဒီ အသိစိတ်ဓာတ်ကို ပိုပြီးဂရုပြု လုပ်ဆောင်လာမိ ပါတယ်"လို့ ပြောပါတယ်။ ပေကျင်းမြို့တော် ချန်ပန်ခရိုင်မှာ ကမ္ဘာ့ပထမဆုံး ကာဗွန်လျော့နည်း ရေး စီးပွားရေးဇုန်တစ်ခု တည်ဆောက်မယ်လို့ ကြေညာထားတာ သိရပါတယ်။ပေကျင်းတက္ကသိုလ် ကျောင်းသူတစ်ဦး ဖြစ် တဲ့ အိုင်းကျင်းကျင်းပြုစုထားတဲ့ ကာဗွန်ဒိုင်အောက် ဆိုက်ဓာတ်ငွေ့ ထုတ်လွှတ်မှုစာရင်းမှာ ကားတစ်စီး ကို ၂၅ ဒသမ ၆ ကီလိုမီတာ မောင်းရင် ကာဗွန် ဒိုင်အောက်ဆိုက် ဓာတ်ငွေ့ ၄ ဒသမ ၇၂ ကီလို ဂရမ်၊ ကွန်ပျူတာတစ်လုံးကို ၁၀ နာရီ အသုံးပြုရင် ကာဗွန်ဒိုင်အောက်ဆိုက် ဓာတ်ငွေ့ ၀ ဒသမ ၁၈ ကီလိုဂရမ် အဝတ်လျှော်စက်တစ်လုံးကို မိနစ် ၄၀ အသုံးပြုရင် ကာဗွန်ဒိုင်အောက်ဆိုက် ဓာတ်ငွေ့ ၀ ဒသမ ၁၁၇ ကီလိုဂရမ်  ထုတ်လွှတ်တယ်လို့ သိရပါတယ်။ အိုင်ကျင်းကျင်းရဲ့ ပြောကြားချက် အရ တရုတ်နိုင်ငံရဲ့  မြို့ကြီး  ၁၆ မြို့မှာရှိတဲ့ တက္ကသိုလ် ကျောင်းသားပေါင်း ၁၃၀၀၀၀ ဟာ ကာဗွန်လျော့နည်းထုတ်လုပ်ရေး မိသားစုဝင်အဖြစ် ခံယူလာကြတယ်လို့ ဆိုပါတယ်။ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ကျွမ်းကျင်သူ များ ကော်မတီအဖွဲ့ဝင် ကျိုးဒါဒီက "ကာဗွန် လျော့နည်း ထုတ်လွှတ်တဲ့ လူအဖွဲ့အစည်း  ထူ ထောင်ရာမှာ လူတွေအနေနဲ့ သူတို့ရဲ့ဘဝစတိုင် (Lifestyle) တွေ ပြောင်းလဲမှုအပေါ်မှာ မူတည် နေပါတယ်" လို့ ပြောပါတယ်။ ယခုအခါ ပြည်သူ များ သူတို့ရဲ့ဘဝစတိုင်ကို  ပြောင်းလဲကျင့်သုံးနိုင်ဖို့ တရုတ်နိုင်ငံမှာ အမျိုးသားစွမ်း အင်ချွေတာရေးနဲ့ ကာဗွန်ဒိုင် အောက်ဆိုက်ဓာတ်ငွေ့  လျော့နည်း ထုတ်လွှတ်ရေး  နည်းလမ်း  လက်စွဲစာစောင်ကို ထုတ်ဝေထားရှိတယ်လို့ သိရကြောင်းပါခင်ဗျား။Ref: Putting the  Brakes on Carbon (bjreview.com)မောင်ပုဆိုးကြမ်း    

Wednesday, 5 May 2010

မော်တော်ကားထုတ်လုပ်ရေးတွင် ဂျပန် နိုင်ငံက ဦးဆောင်နေပြီဖြစ်ကြောင်း သိရသဖြင့်  လွန်ခဲ့သောနှစ်ပေါင်းသုံးဆယ်က အမေရိကန် မော်တော်ကားလုပ်ငန်းရှင်ကြီးများ တုန်လှုပ်သွား ခဲ့ရဖူးသည်။ ဂျပန်ကားကုမ္ပဏီတို့၏ အောင်မြင် ရေးလျှို့ဝှက်ချက်မှာ လုပ်ခသက်သာခြင်း၊ အစိုးရ ထံမှ ထောက်ပံ့ကြေးများ ပုံအောရရှိနေခြင်းတို့ ကြောင့်သာမဟုတ်ဘဲ၊ လေလွင့်ဆုံးရှုံးမှု အနည်းဆုံး နှင့်အကျိုးအဖြစ်ဆုံးထုတ်လုပ်ရေး (Lean manufacturing)နည်းလမ်းကြောင့် ဖြစ်ကြောင်း တွေ့ရ ပြန်သောအခါ အမေရိကန်လုပ်ငန်းရှင်တို့ နောက် ထပ်တစ်ဖန် တုန်လှုပ် ချောက်ချားရပြန်သည်။ ဒက် ထရွိုက်မြို့မှ အမေရိကန်မော်တော်ကားထုတ်လုပ် သူများ အိပ်မောကျနေချိန်မှာ လုပ်ခသက်သာမှု အပေါ် အားပြုနေရသည့် စီးပွားရေးကို စီမံခန့်ခွဲ မှုတီထွင်ဆန်းသစ်သည့်စီးပွားရေးဖြစ်လာစေရန် ဂျပန်တို့က ပြောင်းလဲပစ်နိုင်ခဲ့ခြင်းဖြစ်သည်။ သို့နှင့် ပင် ဂျပန်တို့၏ တီထွင်ဆန်းသစ်သော လုပ်ငန်း စီမံခန့်ခွဲမှုနည်းနာကို တစ်ကမ္ဘာလုံးမှ အတုယူကြရ တော့သည်။ ကမ္ဘာ့စီးပွားရေး ဗဟိုချက်သည် ထွန်းသစ်စ ဈေးကွက်များဆီသို့ ပြောင်းရွှေ့နေပြီဆိုခြင်းမှာ သတင်းထူးမဟုတ်တော့ပေ။ လွန်ခဲ့သည့် ငါးနှစ် တာတွင် တရုတ်နိုင်ငံ၏ စီးပွားဖွံ့ဖြိုးမှုနှုန်းသည် နှစ်စဉ် ၁၀% အထက်မှာရှိခဲ့ပြီး၊ အိန္ဒိယ၏ဖွံ့ဖြိုးမှု နှုန်းသည် နှစ်စဉ် ၈% ကျော်ရှိခဲ့သည်။ သို့တိုင် အောင် ထိုကိန်းဂဏန်းတို့သည် အမှန်တကယ် တိုး တက်ပြောင်းလဲနေသည့် အခြေအနေကို လျှော့ လျှော့ပေါ့ပေါ့ ဖော်ပြနေခြင်းသာဖြစ်သည်။ စီးပွား ထွန်းသစ်စနိုင်ငံတို့အနေဖြင့် လုပ်ခ ဈေးချိုချို၊ ဉာဏ်ရည် နိမ့်နိမ့်အလုပ်သမားများ ပေါများရာ ဒေသများအဖြစ်သာ ရောင့်ရဲနေလိုကြ သည် မဟုတ်ပေ။ သူတို့နိုင်ငံများကိုလည်း တီထွင် ဆန်းသစ်မှုတို့ပွင့်လန်းရာ မြေဆီသြဇာ<ကယ်၀ သော ရေခံမြေခံကောင်းသည့် နည်းပညာဥယျာဉ် ကြီးများ ဖြစ်စေချင်ကြသည်။  အဝေးဆက်သွယ်ရေးနည်းပညာမှအစ မော် တော်ကားထုတ်လုပ်ရေး၊ ကျန်းမာရေး စောင့် ရှောက်မှုတို့အထိ အရာရာတိုင်းကို တီထွင် ဆန်း သစ်သောထုတ်ကုန်များအဖြစ် ထုတ်လုပ် ချင်ကြ သည်။ သူတို့က ထုတ်ကုန်များကို ကုန်ကျစရိတ် ၁၀%လောက်လျှော့ချ နိုင်ဖို့သာ မဟုတ်ဘဲ ၉၀% အထိပင် လျှော့ချနိုင်ရန်အတွက် ထုတ်လုပ်မှု ဒီဇိုင်း ပုံစံကို ပြန်လည်ပြင်ဆင် လျက်ရှိကြသည်။ ကုန်ကျ စရိတ်လျော့နည်းစေရုံသာမဟုတ်သေး။ အနောက် နိုင်ငံများမှ ပြိုင်ဖက်ထုတ်လုပ်သူတို့ထက် ပိုပြီးမြန် ဆန်စွာ ထုတ်လုပ်နိုင်ရန်လည်း အားထုတ်နေကြ သည်။ ကမ္ဘာကြီးပြားနေပြီဆိုတာ မေ့ထားလိုက် စမ်းပါ။ စီးပွားရေးကမ္ဘာကြီးကို ပြောင်းပြန်ဖြစ် အောင် လှန်ပစ်လိုက်ပြီဟုပင် ဆိုကြသည်။ စက်မှုလုပ်ငန်းများကို အသွင်ပြောင်းလဲ သွားစေမည့် ထူးခြားပြောင်မြောက်သော စိတ်ကူး အိုင်ဒီယာမျိုး ထုတ်လုပ်ရာတွင် ချမ်းသာ ကမ္ဘာမှ နိုင်ငံများ နောက်တန်းရောက်သွားကြလေပြီ။ ချမ်းသာကမ္ဘာမှကုမ္ပဏီကြီးများက သုတေသနနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများကို ထွန်းသစ်စ ဈေးကွက် များတွင် တိုးချဲ့ ဆောင်ရွက်လာကြခြင်းက အကြောင်းရင်းတစ်ရပ်ဖြစ်နေသည်။ အမေရိကန် မှထိပ်တန်းစက်မှုလုပ်ငန်း ၅၀၀ ထဲတွင် စာရင်း ဝင်နေသည့်ကုမ္ပဏီများထဲမှ သုတေသနနှင့်ဖွံ့ဖြိုး ရေး (R&D)လုပ်ငန်းရပ် ၉၈ ခုသည် တရုတ်နိုင်ငံ တွင်ရှိနေပြီး၊ အိန္ဒိယနိုင်ငံ တွင် ၆၃ ခု ဆောင်ရွက် လျက်ရှိသည်။ ထွန်းသစ်စ ဈေးကွက်များတွင် ကုမ္ပဏ ီလုပ်ငန်းများနှင့် စားသုံးသူများသည်  အရေ အတွက်အားဖြင့်လည်းကောင်း၊ ဝယ်ယူစားသုံးမှု တန်ဖိုးအရ လည်းကောင်း တောက်လျှောက် တိုး တက်ရွေ့လျားနေခြင်းကြောင့် အတက်ဈေးကွက် (Upmarket) ဖြစ်နေသည်။ ၂၀၀၈ခုနှစ်တွင် နိုင်ငံတကာမူပိုင်ခွင့် မှတ်ပုံတင်လျှောက်ထားသည့် အရေအတွက်အများဆုံးကုမ္ပဏီသည် တရုတ်ပြည် မှ  Huawei ဆက်သွယ်ရေး ကုမ္ပဏီဖြစ်နေ သည်။ တရုတ်ပြည်မှ အသက်နှစ်ဆယ်ကျော် အရွယ် လူငယ်တို့သည် အမေရိကန်မှသူတို့နှင့် ရွယ်တူ လူငယ်များထက် အင်တာနက် အသုံးပြုချိန် ပိုပြီး များကြသည်။ တကယ်မလိုအပ်ဘဲ အပိုထည့်ထားသည့် ပစ္စည်းတွေ ချန်ထားသဖြင့် ဒေါ်လာ ၃၀၀၀ သာ ကျသင့်မည့် မော်တော်ကား၊ ဒေါ်လာ ၃၀၀ တန် ခရီးဆောင်ကွန်ပျူတာ(Laptop)တို့ တီထွင်ထုတ် လုပ်ခြင်းသည် အိတ်ဆောင်ကွန်ပျူတာ (iPad) ပုံစံသစ်တီထွင် ထုတ်လုပ်သလောက် စိတ်လှုပ်ရှား ဖွယ်မဖြစ်စေနိုင်သော်လည်း လူထုအများ၏ နေ ထိုင်မှုဘဝကို ပြောင်းလဲသွားစေနိုင်သည်။  ခြိုးခြံ တီထွင်ဆန်းသစ်မှု (Frugal innovation)ဟု အမည်ပေးထားသည့် ထိုနည်းလမ်းသည် လုပ်ခချို သာမှုအပေါ် အမြတ်ထုတ်ရုံသာမဟုတ်ဘဲ၊ လုပ်ခ ချိုသာမှု၏အထောက်အကူ ပါဝင်နေသော်လည်း အဓိကရည်ရွယ်ချက်မှာ တကယ်မလိုအပ်ဘဲ ကုန် ကျသည့်စရိတ်များကို လျှော့ချနိုင်မည့် ထုတ်ကုန် နှင့်ထုတ်လုပ်ရေးလုပ်ငန်းစဉ်များ ဒီဇိုင်းပုံစံပြန်ထုတ် ခြင်းဖြစ်သည်ဟု ဆိုပါသည်။ Ref: The Economistဦးဟန်ထွန်း(အခွန်)

Pages